အဆင့်မြင့် ကိုင်တွယ်မှုများ
Vol. 46 Ch. 687
နိုရီရို အိုဂါ နှုတ်ထွက်ရန် ငြင်းဆိုလိုက်သည်။ ဥက္ကဋ္ဌ သည် မည်သည့်စကားမှ မပြောသေးချေ။ ဥက္ကဋ္ဌသည် သူ့အား ဆိုနီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်စဉ်က ထောက်ခံပေးခဲ့ပေသည်။
ထိုညတွင် နိုရီရိုအိုဂါနှင့် ကျန်လူများသည် နယူယောက် စတော့ဈေးကွက်ကို စောင့်ကြည့် ခဲ့ကြသည်။ ဤသည်က ဆိုနီအတွက် ဘဏ္ဍာရေး တိုက်ပွဲပင်။ ၎င်းတို့၏ ရှယ်ယာများ ကျဆင်းသွားပါက ဆုံးရှုံးမှု ကြီးကြီးမားမား ကြုံတွေ့ ရမည်သာပင်။
ဆိုနီသည် ၎င်းတို့၏ အစုရှယ်ယာများကို တိုးမြှင့်ကာ ယခုနှစ်အတွက် အမြတ်ဝေစုများ ထုတ်ပြန်ကြေငြာမည် ဖြစ်ကြောင်း ရှယ်ယာရှင်များထံ တရားဝင်ကြေငြာခြင်းကဲ့သို့ အစီအမံများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပေသည်။ အစုရှယ်ယာရှင်များသည် ၎င်းတို့၏ ရှယ်ယာများ စွန့်လွှတ်မည် မဟုတ်ဟုသာ မျှော်လင့်နေရတော့သည်။ ထိုနည်း ဖြင့် ၎င်းတို့၏ ရှယ်ယာဈေးများ သိသိသာသာ ကျဆင်းသွားမည် မဟုတ်ချေ။
သို့ရာတွင် ဈေးကွက်ဖွင့်သည့်အခါ ဆိုနီ၊ တိုရှီဘာနှင့် ကျန်ကုမ္ပဏီ (၂)ခု၏ ရှယ်ယာများ ထိုးကျသွားသည်။ (၁၀)မိနစ် အပြည့်မှီမှာပင် ရှယ်ယာဈေးများ (၅)ရာခိုင်နှုန်း ကျဆင်းကာ ဆက်လက် ကျဆင်းနေမြဲပင်။
ဤဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ သတင်းများကို အမေရိကန်တွင် ဖော်ပြထားပေသည်။ ဆိုနီ၊ တိုရှီဘာနှင့် တရုတ်နိုင်ငံရှိ အခြား ကုမ္ပဏီ(၂)ခု၏ စက်ရုံများကို ကန့်သတ်လိုက်ကြောင်း လူတိုင်း သိနေပေသည်။
ထိုသတင်း ထွက်လာသည့်အခါ ရှယ်ယာရှင်များ အားလုံးသည် ဆိုနီ၊ တိုရှီဘာနှင့် ကျန်ကုမ္ပဏီ(၂)ခု၏ ကုန်ကျစရိတ် များ တဟုန်ထိုး တက်လာလိမ့်မယ်ဟု ခံစားမိကြသည်။ အမြတ်ဝေစု မည်သို့ ရနိုင်တော့မည်နည်း။
အမေရိကန် ဈေးကွက်သည် ကောင်းမွန်ကာ ရင်းနှီးမြုပ်နှံရန် ထိုက်တန်သော ကုမ္ပဏီများစွာ ရှိနေပေသည်။ ရင်းနှီး မြုပ်နှံသူများသည် ဤကုမ္ပဏီများ၏ အစုရှယ်ယာများကို ဆွဲကိုင်ထားရန် အကြောင်းမရှိချေ။
ထိုသတင်းကို ဖူရုံချီ ၏လူများမှ သတင်းဖြန့်လိုက်သည်။ ထိုအကြပ်အတည်း ပိုမိုပြင်းထန်လေလေ ရှယ်ယာဈေးများ ကျဆင်းလေလေပင်။
မှန်ပေ၏။ ဆိုနီ၊ တိုရှီဘာနှင့် ကျန်ကုမ္ပဏီ(၂)ခုမှလည်း အမေရိကန်ရှိ အခြေအနေကို ကယ်တင်နိုင်ရန် ကြိုးစားခဲ့ကြ သေးသည်။ အဆိုးမြင်စိတ်များ ဖုံးကွယ်ကာ အပြုသဘောဆောင်သည့် သတင်းများ ဆက်တိုက် ကြေငြာကြသည်။ ၎င်းတို့၏ ရှယ်ယာဈေးနှုန်းများသည် အတက်အကျရှိသော်လည်း ဆက်လက် ကျဆင်းနေမြဲပင်။ ထိုသို့ဖြင့် အထိတ် တလန့်ဖြင့် ရှယ်ယာရောင်းချမှုများ ရပ်တန့်မသွားတော့ချေ။
တရုတ်အစိုးရသည် ထိုကုမ္ပဏီများအား ဒဏ်ခတ် အရေးယူမည်ဖြစ်ကာ ထိုကုမ္၌ဏီများအတွက် ပြဿနာများ ပိုဖြစ်လာမည်ဟု လူအများ ယူဆခဲ့ကြသည်။
လူတိုင်း၏ ခန့်မှန်းချက်မှာလည်း မှန်ကန်ပေသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်အစိုးရမှ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ ပထမဆုံး ထုတ်ဖော် ပြောဆိုသူမှာ မြို့တော်ဝန်ဖြစ်ပြီး ထိုစက်ရုံများကို ထိန်းညှိရန် ပျက်ကွက် ခဲ့သည့်အတွက် တောင်းပန်လာလေသည်။ ထို့တောက် ထိုစက်ရုံများ၏ လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းထားပြီး အလုပ်သမားများအားလုံးကို ဆေးစစ်ရန် စီစဉ်ခဲ့သည်။ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုမှ ကယ်တင်ရန် သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ဌာနအားလုံး စေလွှတ်လိုက်သည်။
ထို အစီအစဉ်မှ ကုန်ကျစရိတ်အားလုံးကို တိုရှီဘာမှ ကျခံရမည်ဖြစ်သည်။ တိုရှီဘာသည် အလုပ်သမားများ၏ ဆေးကုသမှုအားလုံးကို ရှင်းရပေမည်။ မြို့တော်မှ တိုရှီဘာသည် ၎င်းတို့၏ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုအတွက် တရားရုံးသို့ ခေါ်သွားပေလိမ့်မည်။ လတ်တလော တရုတ်နိုင်ငံအတွင်းရှိ တိုရှိဘာ၏ ငွေအကောင့်များအားလုံး ပိတ်ထားပေသည်။
ဤသည်က ပထမအဆင့်သာ ရှိသေးသည်။ တရုတ်အစိုးရသည် တရုတ်နိုင်ငံရှိ ဂျပန်စက်ရုံများအားလုံးကို စုံစမ်း စစ်ဆေးရန် အဖွဲ့များ စေလွှတ်လိုက်သည်။ စက်ရုံများတွင် လျှပ်စစ် စက်ရုံများ၊ ဓာတုစက်ရုံများနှင့် အခြားသော စက်ရုံကြီးများ ပါဝင်ပေသည်။ တရုတ်နိုင်ငံရှိ ဂျပန်ကုမ္ပဏီများအတွက် ယုံကြည်မှု မရှိတော့ချေ။
စုံစမ်း စစ်ဆေးရေးအဖွဲ့များ စေလွှတ်ခြင်းသည် တရုတ်အစိုးရ၏ သဘောထားကို ပြသခဲ့သည်။ ၎င်းတို့သည် ထိုအဖြစ်အပျက်ကို လက်လွတ်စပယ် မဟုတ်ဘဲ လေးလေးနက်နက် ကိုင်တွယ်နေပေသည်။
တရုတ်နိုင်ငံ ဝန်ကြီးဌာန အသီးသီးမှ ခေါင်းဆောင်များသည် ထိုကိစ္စကို ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ထိုစက်ရုံများကို လည်ပတ်ခွင့်ပေးခဲ့သည့် အရာရှိများအား စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမည်ဖြစ်ကြောင်း သူသိရှင်ကြား ကြေငြာခဲ့သည်။
အစိုးရ တာဝန်ရှိသူများ အားလုံးကိုလည်း သတိပေးချက် ထုတ်ပြန်ထားသည်။ နိုင်ငံရေးအမှတ်အတွက် ပြန်ပေးဆပ်သည့်အနေဖြင့် ထိုကုမ္ပဏီများအတွက် ဖုံးကွယ်မထားသင့်ချေ။ မည်သည့် အကြောင်း ကြောင့် ဖြစ်စေ တရုတ်လူမျိုးများ အရင်ဆုံး အထိနာရပေမည်။
မိမိတို့ဒေသ၏ စီးပွားရေးကို မျက်ကန်း တိုးတက်အောင် ကြိုးပမ်းကြသူများ၊ နိုင်ငံသားများနှင့် ပတ်ဝန်ကျင် လုံခြုံရေးကို လျစ်လျူရှုထားသူများကို ၎င်းတို့ရာထူးမှ ဖယ်ရှားသင့်ပေသည်။ ဖွံ့ဖြိုးတိုးတက်ရန် တရုတ်အတွက် ထိုသို့သော ရင်းနှီးမြုပ်နှံမှုမျိုး မလိုအပ်ချေ။
တစ်ချိန်တည်းမှာပင် အခြားဒေသမှ ကုမ္ပဏီများအား သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ကုမ္ပဏီများသည် ၎င်းတို့၏ စက်ရုံများမှ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေကြောင်း တွေ့ရှိပါက ပြင်းထန်စွာ အပြစ်ပေးခံရမည် ဖြစ်သည်။
ဤဇာတ်လမ်းတွင် ပါဝင်နေသည့် ကုမ္ပဏီများ၏ ဘဏ်စရင်းများကို ပိတ်ထားခြင်းအား အစိုးရမှ ထောက်ခံခဲ့သည်။ အစိုးရသည် ၎င်းတို့ကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးပေလိမ့်မည်။ ၎င်းတို့ တရုတ်ပြည်မှ ထွက်သွားလျှင်ပင် တရုတ် အစိုးရထံ နိုင်ငံတကာမှ ကမ်းလှမ်းလာကြပေလိမ့်မည်။
ထိုသတင်းကို CCTV တွင် ထုတ်လွှင့်ပြီးနောက်ပိုင်း တစ်နိုင်ငံလုံးမှ ဝမ်းသာအားရ ဖြစ်သွားတော့သည်။ သတင်းစာကြီးများမှလည်း ထိုအကြောင်း ဖော်ပြကြပြီး လူတော်တော် များများ တရုတ်နိုင်ငံတဝှမ်း လေထုညစ်ညမ်းမှု ဖြစ်စေသည့် စက်ရုံများအကြောင်း သတင်းပေး တိုင်ကြား လာကြတော့သည်။
ဒေသ အာဏာပိုင်များ အထိတ်တလန့် ဖြစ်သွားသည်။ ၎င်းတို့သည် အခကြေးငွေ ယူထားသည့် စက်ရုံများကိုပင် ချက်ချင်း ပိတ်သိမ်းရန် စတင်ရတော့သည်။ စက်ရုံတစ်ရုံတွင် မှားယွင်းမှု တစ်စုံတစ်ရာ တွေ့ရှိပါက စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန်အတွက် ထိုစက်ရုံအား ချက်ချင်း ရပ်ဆိုင်းမည် ဖြစ်ပေသည်။
ဖုန်းယွီသည် ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဗဟို အစိုးရ ဤကဲ့သို့ အလေးအနက်ထား ရှုမြင်လိမ့်မည်ဟု မျှော်လင့် မထားချေ။ သို့ရာတွင် ယခင်အစိုးရလက်ထက်နှင့် မတူသော ကောင်းကွက်များပင်။
ဖုန်းယွီ၏ ယခင်ဘဝတွင် အစိုးရသည် ငွေရှာရန်အတွက် နိုင်ငံခြား ကုမ္ပဏီများကို ခေါ်ယူခဲ့သည်။ နောက်ဆုံးတွင် ထိုကုမ္ပဏီများကြောင့် ဖြစ်ပေါ်လာသည့် လေထုညစ်ညမ်းမှုကို ဖြေရှင်းရန် အစိုးရမှ ငွေစိုက်ထုတ် သုံးစွဲရပေသည်။ ထိုခေတ်မှ လူများသည် ကုမ္ပဏီများမှ ပေးဆောင်သည့် စီးပွားရေး အကျိုးကျေးဇူးများ ခံစားခွင့် မရကြချေ။ ထို့အပြင် စက်ရုံများ နေရာချထားသည့် ဒေသရှိ လူအများအပြား ကျန်းမာရေး ထိခိုက်ခံကြရသည်။
ဖုန်းယွီသည် ဒေသခံ အရာရှိများကို ကြည့်နေပေသည်။ စက်ရုံ အလုပ်ရုံများသည် ၎င်းတို့၏ အခေကြေးငွေကို မသိနားမလည်ကြောင်း မည်သို့ ဆိုနိုင်မည်နည်း။ ထိုကုမ္ပဏီများသည် ကြီးမားသည့် စက်မှုလုပ်ငန်းကို လုပ်ကိုင်နေပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်ကြောင်း ၎င်းတို့ မသိကြောင်းသာ ငြင်းဆိုနေကြပေသည်။
ဖုန်းယွီသည် ထိုစက်ရုံများ ဆိုင်းငံ့ထားခြင်းသည် မုန်တိုင်းမှ အကာကွယ်ယူသည့် သဘောမျိုး ယာယီသာ ဖြစ်ကြောင်း ခံစားခဲ့ရသည်။ ထိုစက်ရုံများ ဆက်လက် လည်ပတ်ပြီး ဖုန်မှုန့်များ ဆက်လက်ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမည့်အကြောင်း မည်သူသိနိုင်မည်နည်း။ နောက်တစ်ချက်မှာ ဒေသဆိုင်ရာ အဆိုးရ များသည် ထိုစက်ရုံများ၏ အခွန်ငွေအား မှီခိုနေရဆဲဖြစ်ပေသည်။
ဖုန်းယွီသည် ယခုအချိန်၌ ကုမ္ပဏီသူဌေးများ ဘာလုပ်မည်ကို ခန့်မှန်းနိုင်ပေသည်။ ၎င်းတို့နှင့် ညှိနှိုင်းရန် ဒေသဆိုင်ရာ အစိုးရခေါင်းဆောင် ရုံများတွင် ရှိနေလောက်ပေသည်။ ဒဏ်ငွေ (၁)သန်း ပေးဆောင်ရပါက အစိုးရထံ ယွမ်(၅)သိန်းတန် လက်ဆောင်များ ပေးပို့မည်ဖြစ်ပြီး ဆိုင်ငံခြင်းအား ပယ်ဖျက်ရန် အစိုးရက လုပ်ဆောင် ပေလိမ့်မည်။
သတင်းပေးသူများ၏ တိုင်ကြားချက်များကို မည်သို့ ဖြေရှင်းမည်နည်း။ ညစ်ညမ်းခြင်း မရှိကြောင်း သက်သေပြရန် နည်းလမ်းများစွာ ရှိနေပေသည်။ ဒေသန္တရ အစိုးရသည် ထိုစက်ရုံများကို ဒစ်ခတ်အရေးယူမှု ချမှတ်ပြီးနောက် ၎င်းတို့အား ယခင်ကကဲ့သို့ လျှို့ဝှက်စွာ လက်ဆက် လည်ပတ်စေကြသည်။ မည်သူမှ သိမည် မဟုတ်ချေ။
ဤသည်ကို တစ်ယောက်ယောက် သိလျှင်ပင် အရပ်သားများသည် ဒေသခံ အာဏာပိုင်များကို မည်ကဲ့သို့ ဆန့်ကျင် နိုင်မည်နည်း။ ထိုအရပ်သားအား အကျိုးခံစားခွင့် အနည်းငယ်ပေးခြင်းဖြင့် နှုတ်ပိတ်ရန် လုံလောက်ပေသည်။ ထိုဖြိုခွင်းမှုတွင် အရေးအကြီးဆုံးအချက်မှာ အစိုးရ အရာရှိများ၏ သဘောထားနှင့် ပွင့်လင်း မြင်သာမှုတို့ဖြစ်သည်။ ဤသည်က ပြဿနာ၏ ဇစ်မြစ်များ ဖြစ်တော့သည်။
*******
ထိုသတင်းသည် ဆိုနီ၊ တိုရှီဘာနှင့် ကျန်ကုမ္ပဏီများအတွက် အကြပ်ရိုက်စေခဲ့သည်။ အခြား ဂျပန်စက်ရုံများမှ ဓာတု စက်ရုံအချို့ကိုလည်း ဖော်ထုတ်ခဲ့သည်။ ထိုကုမ္ပဏီများ၏ ရှယ်ယာဈေးများ ညတွင်းချင်း ထိုးကျသွားသည်။
ယခု ဂျပန်အစိုးရလည်း ငြိမ်မနေနိုင်တော့ချေ။ စက်ရုံများအားလုံး ရပ်ဆိုင်းကာ ၎င်းတို့၏ ဘဏ်စာရင်းများ ပိတ်ထား လိုက်သည်။ ပါဝင်သည့် ကုမ္ပဏီများသည် ၎င်းတို့၏ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုအတွက် တရုတ်အစိုးရကို လျှော်ကြေးပေးရန် လိုအပ်နေသေးသည်။ ဤသည်က ဂျပန်နိုင်ငံ၏ စီးပွားရေးအပေါ် သိသိသာသာ သက်ရောက်မှု ရှိနေပေသည်။
လျော်ကြေး မပေးမှီကပင် ဂျပန်ကုမ္ပဏီများ၏ ရှယ်ယာဈေးများ ကျဆင်းခဲ့ပြီး ဂျပန်စတော့ဈေးကွက် ပြိုလဲသွားတော့သည်။ နှစ်ရက်အတွင်း စုစုပေါင်း ဆုံးရှုံးမှု ပမာဏမှာ ကန်ဒေါ်လာ ဘီလီယံချီ ရှိခဲ့သည်။
ထိုအတိုင်း ဆက်သွားပါက ဂျပန်အတွက် အကျပ်အတည်း ဖြစ်လာလိမ့်မည်။ ဂျပန်စီးပွားရေးသည် အနည်းငယ် တိုးတက်မှု ပြခဲ့ပြီး အရာအားလုံး အစသို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်သည်။
ယခုအခါ ကမ္ဘာတစ်ဝှမ်းရှိ ဂျပန်စက်ရုံများသည် အကျပ်အတည်းဖြစ်နေပေတော့သည်။ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည့် စက်ရုံများကိုပင် ခေတ္တ ဆိုင်းငံ့ထားရပေသည်။
၎င်းတို့၏ စက်ရုံများကို တစ်ရက် ရပ်ထားရပါက ကုမ္ပဏီအတွက် မည်မျှ နစ်နာမည်နည်း။ ဤသည်ကို မည်သည့် ကုမ္ပဏီကမှ သဘောတူနိုင်မည် မဟုတ်ချေ။ သို့ရာတွင် ယခုအချိန်တွင် ဂျပန်ကုမ္ပဏီများနှင့် ယုံကြည်ခြင်း ဆိုင်ရာ ပြဿနာ ရှိနေပေသည်။ ဂျပန်စက်ရုံများသည် ထိုအပ်သော စံနှုန်းများနှင့် မကိုက်ညီကြောင်း ကမ္ဘာပေါ်ရှိ လူတိုင်း သံသယ ဝင်နေကြပေသည်။ ၎င်းတို့၏ စက်ရုံများမှ စွန့်ပစ် ပစ္စည်းများသည် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး ဆိုးရွားသော လေထုညစ်ညမ်းမှုများကို ဖြစ်စေပေသည်။ လူအများအပြားသည် ၎င်းတို့၏ စက်ရုံများကြောင့် ဖြစ်ပွားသည့် ရောဂါများအတွက် ဂျပန်ကုမ္ပဏီများထံမှ လျော်ကြေးပေးရန် တောင်းဆိုလာကြတော့သည်။
ဂျပန် အစိုးရ ဒုက္ခရောက်နေရပေသည်။ သို့ရာတွင် တရုတ်အစိုးရအား ဆက်သွယ်၍ မရသေးချေ။ တရုတ်အစိုးရသည် ဤဖြစ်ရပ်အား ထပ်မံ ချေမှုန်းချင်ပုံ ရပေသည်။ ဂျပန်သည် တရုတ်အစိုးရအား ဆက်သွယ်ရန် မစောင့်နိုင်တော့ချေ။ ၎င်းတို့ဘက်မှ ချက်ချင်းပင် တရုတ်ပြည်သို့ ဆက်သွယ်ရတော့သည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)