အချိန်ကိုက်ဖြစ်ခြင်း
Vol. 14 Ch. 210
လျန်ယို့ရှောင်က ဒီကိစ္စကို စိတ်မပူပေ။
"ဒီကိစ္စကိုလုပ်ခဲ့တဲ့လူက သူပဲမလို့ တော်ဝင်မိသားစုကို အရှက်ရစေတဲ့လူက သူကိုယ်တိုင်ပဲလေ၊ ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ။"
လျန်မင်ချန်က ကြာပွတ်ယူဖို့ပြင်ခဲ့လေသည်။ "မျိုးမစစ်လေး မင်းကို ဒီနေ့ရိုက်ပစ်ဦးမယ်။"
သူ့သားက သူ့သူငယ်ချင်းကို ကူညီတာကို ပြောတာမဟုတ်ဘဲ သူ့သားက အကျိုးအကြောင်း မစဥ်းစားတတ်တာကို ပြောနေတာ ဖြစ်သည်။
လျန်ယို့ရှောင်က ပြန်ပြောရဲသည်အထိ ရဲရင့်နေသည်။ "ရိုက်ချင်ရင်ရိုက်ပါ၊ သေအောင် ရိုက်ပစ်လိုက်၊ ကျွန်တော်က သူများတွေနဲ့မတူဘူး သစ္စာရှိတယ်၊ ကျွန်တော့်သူငယ်ချင်းကို အနိုင်ကျင့်တဲ့လူတိုင်းက ကျွန်တော့်ကို အနိုင်ကျင့်တာပဲ၊ အဖေ ကျွန်တော်တို့မိသားစုရဲ့ မျိုးရိုးနာမည်က အရှင်မင်းကြီး ချီးမြှင့်ထားတာပါ၊ လိုအပ်ရင် သိုသိုသိပ်သိပ်နေလို့ရပေမယ့် လျန်မိသားစုရဲ့မြေးတွေအနေနဲ့တော့ ဟန်ဆောင်မနေနိုင်ဘူး။"
လျန်မင်ချန်က အလွန်ဒေါသထွက်နေကာ သူ့ကို လက်ဖက်ရည်ခွက်ဖြင့် ကောက်ပေါက်ခဲ့သည်။ "မသိတတ်တဲ့သား။"
လျန်ယို့ရှောင်က သတ္တိမကြောင်ဘဲ စကားလမ်းကြောင်းလွှဲခဲ့သည်။ "အဖေက မငယ်တော့ဘူး၊ ဘာလို့ ဒီလောက် ဒေါသထွက်နေတာလဲ။"
သူ့ရဲ့ သားစုတ်လေးက သူ့ကိုဒေါသထွက်အောင် လုပ်နေတာကြောင့် လျန်မင်ချန်က သေတော့မလို ခံစားနေရလေသည်။
ကျန်သည့်လူတွေက သားအဖနှစ်ယောက်ရဲ့ ပြင်းပြသည့် စကားဝိုင်းကို အာရုံစိုက်နေကြသည်။
သူငယ်ချင်းတွေကို သစ္စာရှိတာအပြင် လျန်ယို့ရှောင်က အပျော်အပါးမက်ပြီး အကျိုးဆက်ကို မတွေးတောတတ်ဘူးဟု ကျန်သည့်လူတွေက တွေးနေလေသည်။
လျန်သခင်ကြီးက ရုတ်တရက် ထပြောလိမ့်မည်ဟု မည်သူမှ မထင်မိခဲ့ပေ။ "ပေးသွားလိုက်၊ သူက သူ့သူငယ်ချင်းအတွက် ရပ်တည်ပေးနေတာလေ၊ လျန်မိသားစုကို တော်ဝင်မိသားစုကို ဆန့်ကျင်ခိုင်းနေတာမှ မဟုတ်တာ၊ ယို့ရှောင်ပြောတာ မှန်တယ်၊ ငါတို့က ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ်မှာ နေနေတာ၊ ငါတို့ လုပ်လို့ ရတယ်၊ ဘာမှ ကြောက်စရာ မလိုဘူး။"
ဘုရင်ကြီးရဲ့အမြင်အရ အရာရှိတွေနှင့် တေယ်ဝင်ခုံရုံးမှာနေသည့် သူတို့မိသားစုမှာ ချို့ယွင်းချက်တွေ ရှိနေတာက မကောင်းသည့်အရာတော့ မဟုတ်ပေ။
ဒါ့အပြင် ကိုယ်နှင့် သက်တူရွယ်တူတွေအပေါ် သစ္စာရှိသည့် ကလေးက ရှားပါးသည်။
ဒါက တော်တော်လေး ကောင်းမွန်သည်။
လျန်ယို့ရှောင်က ပြုံးပြီး လက်မထောင်ပြခဲ့သည်။ "မြက်ခြောက်နဲ့ ငှက်အိုကြီးကိုဖမ်းလို့မရဘူးဆိုတဲ့အတိုင်းပဲ အဖိုးက သိပ်လုပ်နိုင်စွမ်း ရှိတာပဲ။"
လျန်သခင်ကြီးက ကြိတ်ရယ်ကာ ပြောခဲ့သည်။ "မြန်မြန်သွားစမ်းပါ။"
လျန်ယို့ရှောင်က တခစ်ခစ်ရယ်ကာ ထွက်သွားခဲ့သည်။
သူထွက်သွားပြီးနောက် လျန်မင်ချန်က လျန်သခင်ကြီးကို ကူကယ်ရာမဲ့စွာ ကြည့်ခဲ့သည်။ "အဖေ ယို့ရှောင်ကို သိပ်အလိုလိုက်လွန်းနေပြီ။"
ကျန်သည့်လူတွေလည်း ထိုအတိုင်း ခံစားရသည်။ လျန်သခင်ကြီးက သိပ်ကို ဘက်လိုက်လွန်းသည်။
သူက သူ့သားတွေကို စိုက်ကြည့်ခဲ့သည်။ "စစ်မှန်တဲ့ဆက်ဆံရေးမှာ အပြန်အလှန် စစ်မှန်ရမယ်ဆိုတာ မင်းတို့ နားမလည်ဘူး။"
သူ့သားတွေက သက်ပြင်းချခဲ့သည်။ သူက ဘက်လိုက်တာပဲ။ သူတို့နားမလည်ဘူးဆိုတာ ဘာကို ဆိုလိုတာလဲ။
သူ့သားအငယ်ဆုံး ပျက်စီးနေတာဟာ သူ့မိဘတွေ သိပ်အလိုလိုက်လို့ဟု လျန်မင်ချန်က ယုံကြည်နေသည်။
သူက ကူကယ်ရာမဲ့နေပေမယ့် တစ်ချိန်တည်းမှာ ကျေးဇူးလည်းတင်နေမိသည်။
သူ့သားက စိတ်နေစိတ်ထား မမှန်သော်လည်း သူ့မှာ သန့်စင်သော နှလုံးသားတစ်ခု ရှိနေသေးတာ မဆိုးပေ။
ဖေးမိသားစုတွင် ဖြစ်သည်။
ဖေးသခင်ကြီးက အစိုးရ အရာရှိဖြစ်ကာ မာကျောက်ကစားရတာ မကြိုက်တာကြောင့် သူတို့မိသားစုက ကိုယ့်အဆောင်ထဲမှာ ကိုယ်ရှိနေကြသည်။
ဖေးယွီကျယ်က သတင်းကြားပြီးနောက် ချက်ချင်း အဆောင်ကနေ ထွက်သွားခဲ့သည်။
သူက သူ့စာသင်သား အသိုင်းအဝိုင်းဆီသွားပြီး ထိုကိစ္စကို ဒေါသကြီးစွာ ပြောပြခဲ့သည်။
ထိုအရွယ် ပညာတတ်လူငယ်လေးတွေက အလွန်ဂုဏ်ယူတတ်ကာ ခေါင်းမာကြသည်။
ထိုသို့သောအရာတွေကို သူတို့ အလွန်ရွံရှာအထင်သေးသည်။
ထို့ကြောင့် ဒီကိစ္စကို လှောင်ပြောင်ဖို့ စာစောင်တွေ ရေးခဲ့ပြီး မြန်မြန်ဆန်ဆန်ပဲ ထိုကိစ္စက စာသင်သားတွေကြားမှာ ပြန့်သွားခဲ့သည်။
တတိယမင်းသားရဲ့ ကိုယ်လုပ်တော်၊ ဖူမိသားစုနှင့် တတိယမင်းသားရဲ့ ဂုဏ်သတင်းက ပျက်စီးသွားခဲ့သည်။
ထိုအချိန်မှာ ရှောင်ဟန်ကျန့်က သူ့ဆရာနှင့်အတူ စံအိမ်ကို ပြန်ရောက်နေပြီ ဖြစ်သည်။
ဆရာဟုန်ရဲ့ လူတွေက ဒီကိစ္စကို လာတင်ပြခဲ့သည်။
ရှောင်ဟန်ကျန့်ရဲ့ မျက်လုံးက ချက်ချင်းပင် အေးခဲမှုတစ်လွှာ ဖုံးအုပ်သွားခဲ့သည်။
စောက်ရူးမက သူ့ဇနီးကို တကယ်ပဲ ဒီလို ကြံစည်ရဲတယ်ပေါ့။
ဒါက ပြဿနာကြီး ဖြစ်သည်။
သူက ဆရာဟုန်ကို မေးခဲ့သည်။ "စိစစ်ဆေးအရာရှိဝူက နေမကောင်းဖြစ်နေလို့ ရုံးမတက်တာကြာပြီဆို။"
ဆရာဟုန်က ကြက်သေသေသွားခဲ့ပေမယ့် သူက သူ့တပည့်ကို မြန်မြန် တုံ့ပြန်လိုက်သည်။ "တကယ်တော့ မကြာခဏဖြစ်တတ်တဲ့ရောဂါပါ၊ ရာသီဥတု အေးတိုင်း သူ့ချောင်းဆိုးရောဂါက ပြင်းထန်တယ်လေ။"
သူက အဓိပ္ပာယ်ပါပါ ပြောခဲ့သည်။ "အကယ်၍ သူ့ရောဂါကို ပျောက်အောင် ကုသပေးနိုင်တဲ့လူကိုဆိုရင် သေချာပေါက် ကျေးဇူးပြန်ဆပ်မှာပဲ။"
စိစစ်ရေးအရာရှိကြီးဝူက ဘုရင်ကြီး စတင်အုပ်ချုပ်ကတည်းက အမှုထမ်းခဲ့သည့် အရာရှိအိုကြီး ဖြစ်သည်။
သူက ခေါင်းမာပြီး ဖြောင့်မတ်သည်။
အရင်ဘုရင်ကြီး နယ်စပ်က နယ်မြေမှာ နေထိုင်သည့် ကျင်းမင်းသားကို အလွန်အလိုလိုက်ခဲ့ကာ အိမ်ရှေ့စံမင်းသား တင်မြှောက်ဖို့ ရည်ရွယ်ခဲ့သည်။
စိစစ်ရေးအရာရှိကြီးဝူက ပြင်ပြင်းထန်ထန်ပင် အရင်ဘုရင်ကြီးကို ဝေဖန်ခဲ့သည်။
သူက ထီးနန်းဆက်ခံဖို့ တရားဝင်ဆက်ခံသူကို ရှေးရိုးအတိုင်း ဆက်လက် ထိန်းသိမ်းဖို့ ဆုံးဖြတ်ခဲ့သည်။
ထိုကိစ္စကြောင့် နန်းတော်ရဲ့ အတိုင်ပင်ခံဘဝကနေ ကိုယ့်သေတွင်းကိုယ် တူးသလို ဖြစ်သွားခဲ့သည်။
သို့ပေမယ့် သူက ဒဏ်ရာတွေကြားမှ အသက်ရှင်ဖို့အထိ ကံကောင်းခဲ့သည်။
ထိုကိစ္စက အရင်ဘုရင်ကြီးကို ခေါင်းကိုက်သွားစေခဲ့သည်။
ဘုရင်အသစ် ထီးနန်းတက်ပြီးနောက် သူက စိစစ်ရေးအရာရှိကြီးဝူကို အရမ်း လေးစားခဲ့သည်။
အကယ်၍ တစ်ယောက်ယောက်သာ ဒီကိစ္စကို တော်ဝင်ခုံရုံးကို တင်ပြခဲ့ပါက စိစစ်ရေးအရာရှိကြီးဝူက အလျော့ပေးမည် မဟုတ်ပေ။
ရှောင်ဟန်ကျန့်က ရင်ထဲက ခက်ထန်မှုတွေကို ဖိနှိပ်ပြီး တည်ငြိမ်စွာ ပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါဆိုရင် ကျွန်တော် စိစစ်ရေးအရာရှိကြီးဝူရဲ့ စံအိမ်ကို သွားလည်လိုက်ပါဦးမယ်။"
ဆရာဟုန်က ခေါင်းငြိမ့်ပြခဲ့သည်။ "သွားလေ၊ တော်ဝင်ခုံရုံးက မနက်ဖြန်ဆိုရင် သက်ဝင်လှုပ်ရှားနေတော့မှာပဲ။"
တတိယမင်းသားရဲ့ ကြင်ယာတော်၏ လုပ်ရပ်က သိပ်လွန်သွားပြီဖြစ်သည်။
သူမက သူ့တပည့်ရဲ့ အပြစ်ကင်းတဲ့ဇနီး၏ ဂုဏ်သိက္ခာကို ဖျက်စီးချင်ခဲ့သည်။
သူက ဒေါသကို မထိန်းချုပ်ထားနိုင်ပေ။
ခဏနေပါက သူ့မိတ်ဆွေဟောင်းကြီးတွေဆီ သွားလည်ရမည်။
ရှောင်ဟန်ကျန့်က စံအိမ်က ထွက်သွားပြီးနောက် မြို့တော်က သူ့လူတွေဆီကို အရင်သွားပြီးမှ အံ့ဖွယ်သမားတော်၏ တပည့်ဟူသော အမည်ဖြင့် စိစစ်ရေးအရာရှိကြီးဝူရဲ့ အိမ်တော်ကို သွားလည်ခဲ့သည်။
ပြဿနာအသေးလေးက ဒီလောက်ထိ ဗြောင်းဆန်သွားလိမ့်မည်ဟု မြို့တော်က မိသားစုတွေက မထင်မိခဲ့ပေ။
သာမာန်စာသင်သားနှင့် တောသူမတစ်ယောက်အတွက် လူတွေအများကြီးက သူတို့ဘက်က ရပ်တည်ခဲ့သည်။
သူမအတွက်ကြောင့် လူအများစုက ပြဿနာရှာကြတာကို ရှစ်ချင်းလျို့က မသိခဲ့ပေ။
သူမက ရှီရုံရဲ့ အိပ်ခန်းထဲမှာ ထိုင်နေရင်း လက်ဖက်ရည် သောက်လို့ မပြီးသေးခင်မှာပဲ ဘုရင်ကြီးကိုတွေ့ဖို့ သူမ အလှည့်ရောက်ပြီဖြစ်သည်။
စီမံအုပ်ချုပ်ရေးခန်းမတွင် ဖြစ်သည်။
ရှစ်ချင်းလျို့က ဝင်သွားပြီးနောက်အရင်ဆုံး အရိုအသေပေးခဲ့သည်။ "အရှင်မင်းကြီးကို ကျွန်တော်မျိုးမ အရိုအသေပေး နှုတ်ခွန်းဆက်သပါတယ် ဘုရား။"
ဘုရင်ကြီးက ပြောခဲ့သည်။ "ထုံတမ်းအစဥ်အလာအတိုင်း လုပ်နေစရာ မလိုပါဘူး။"
အစောပိုင်းက ဖြစ်ခဲ့သမျှကို လူအများစုက သိပြီးပြီဖြစ်တာကြောင့် ဘုရင်ကြီးကလည်း သတိထားမိပြီးသား ဖြစ်သည်။
ရှီရုံနန်းတော်ထဲ ဝင်လာတုန်းက သူမက ရှစ်ချင်းလျို့ကိုယ်စား လာရောက်တိုင်တန်းသည်ဟု ထင်မိခဲ့သည်။
သို့ပေမယ့် ရှစ်ချင်းလျို့ ကိုယ်တိုင် သူ့ကို တွေ့ချင်မည်ဟု မထင်မိခဲ့ပေ။
ရှစ်ချင်းလျို့က မျိုးစေ့ဆက်သတာကို အခွင့်ကောင်းယူကာ သူ့ချွေးမကို အပြစ်ပေးဖို့ တောင်းဆိုလိမ့်မည်ဟု ဘုရင်ကြီးက ထင်ခဲ့သည်။
တကယ်တော့ သတင်းစစကြားတုန်းက သူ တကယ် ဒေါသထွက်ခဲ့သည်။
သူ့ရဲ့ တတိယချွေးမက တကယ်ကို တရားလွန်လွန်းသည်။
ရှစ်ချင်းလျို့က မျိုးစေ့တွေ လာရောက်ဆက်သခဲ့ပေမယ့် သူတစ်ပါးရဲ့ စော်ကားခြင်းကို ခံခဲ့ရသည်။
အရာရှိတွေနှင့် သာမာန်ပြည်သူတွေ မည်သို့ထင်ကုန်မည်နည်း။
ဒါ့အပြင် သူမက မျိုးစေ့ဆက်သသည့်လူ မဟုတ်ရင်တောင် သူ့ရဲ့ တတိယချွေးမက ဤသို့သော ရက်စက်သည့် လုပ်ရပ်ကို မလုပ်သင့်ပေ။
သို့ပေမယ့် တော်ဝင်မိသားစု ထပ်ပြီး အရှက်မကွဲစေဖို့အတွက် ဒီကိစ္စကို လူထုရှေ့ မထုတ်ပြဖို့ လုပ်ထားသော်လည်း ဖူဝန်ကျန်းကို အပြစ်ပေးဖို့ ရည်ရွယ်ထားသည်။
အခုတော့ ရှစ်ချင်းလျို့က နန်းတော်ကို ရောက်လာပြီဆိုမှတော့ သူမက ရုတ်ရုတ်သဲသဲ လုပ်ချင်နေပုံရသည်။
ထိုကိစ္စက သူ့ကို ခံစားချက်တွေ ရှုပ်ထွေးစေသည်။
လူတစ်ယောက် ကိုယ့်လုပ်ရပ်အပေါ် အခွင့်ကောင်းယူတာ သူ တကယ်မကြိုက်ပေ။
သို့ပေမယ့် သူ ရှစ်ချင်းလျို့ကို အပြစ်မတင်မိပေ။
ဘာပဲဖြစ်ဖြစ် သူမက နစ်နာသူ ဖြစ်သည်။
သူမက သာမာန်တောသူမလေးဖြစ်သော်လည်း သူမရဲ့ ရိုးသားဖြူစင်မှုတွေ ဖျက်စီးခံလိုက်ရပါက ဤအရှက်ကွဲစော်ကားခြင်း ခံလိုက်ရပါက သူမ တစ်ဘဝလုံး ချောက်ထဲ ကျသွားလိမ့်မည်။
သို့ပေမယ့် ရှစ်ချင်းလျို့က ထုတ်လုပ်နည်းတစ်ခု ဆက်သချင်လို့လာတာဖြစ်ကြောင်း ရှီရုံက ပြောလာလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။
ထိုကိစ္စက ဘုရင်ကြီးကို အံ့သြသွားစေခဲ့ကာ တစ်ချိန်တည်းမှာပဲ ရှစ်ချင်းလျို့က သာမာန်လူ မဟုတ်ကြောင်း ခံစားမိလိုက်လေသည်။
ထို့ကြောင့် သူက သူမကို စီမံအုပ်ချုပ်ရေးခန်းမကို ဝင်ခွင့်ပေးခဲ့တာဖြစ်သည်။
သူက ရှစ်ချင်းလျို့ကိုကြည့်ပြီး နူးညံ့စွာမေးခဲ့သည်။ "မယ်မင်း ငါကိုယ်တော်ကို တွေ့ချင်လို့ဆို။"
ရှစ်ချင်းလျို့က သူမ အင်္ကျီလက်ထဲက စာရွက်တချို့ကို ထုတ်ခဲ့သည်။ "အရှင်မင်းကြီး ကျွန်တော်မျိုးမရဲ့ ဆရာက သံမဏိသန့်စင်ထုတ်လုပ်နည်း ထားခဲ့ပေးတာကို အမှတ်ရပြီး ကျွန်တော်မျိုးမ အဲ့တာကို ချရေးထားပြီး အရှင်မင်းကြီးဆီ ဆက်သပေးချင်လို့ပါ။"
ဘုရင်ကြီးက ဆွံ့အသွားခဲ့သည်။
သူက စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် ထုတ်လုပ်နည်းဟုထင်ခဲ့ကာ သံမဏိသန့်စင်ထုတ်လုပ်နည်း ဖြစ်နေလိမ့်မည်ဟု မထင်မိခဲ့ပေ။
သူက ရည်မှန်းချက်ကြီးသည့် ဘုရင်ကြီးဖြစ်ကာ သူ့နယ်မြေကို ချဲ့ထွင်ချင်နေတာကြောင့် လက်နက်တွေ မရှိပါက ထိုသို့ မလုပ်နိုင်ပေ။
ဒါ့အပြင် အခု တာ့လျန်က နန်းတွင်း ပြင်ပနဲ့ အတွင်းမှာ ပြဿနာများစွာ ကြုံတွေ့နေကာ နယ်စပ်နားက နယ်မြေက ပုန်ကန်တော့မည်ဖြစ်သည်။
ဒါ့အပြင် ကောနိုင်ငံက သူတို့နိုင်ငံကို တပ်မက်နေတာကြောင့် စစ်ဖြစ်မှာ မလွဲဧကန် ဖြစ်သည်။
လက်နက်တွေလုပ်ဖို့အတွက် သံသတ္တုရိုင်းတွေ ရအောင် တိတ်တဆိတ် လူလွှတ်ထားခဲ့သည်။
ထို့ကြောင့် ရှစ်ချင်းလျို့ရဲ့ သံမဏိသန့်စင်ထုတ်လုပ်နည်း ဆက်သသည့် အချိန်က အချိန်ကိုက် ဖြစ်နေသည်။