← Chapters

ထူးဆန်းသောနယ်ခြားတောင်

Vol. 97 Ch. 1363

ထူးဆန်းသောနယ်ခြားတောင်

Vol. 97 Ch. 1363

အခန်း (၁၃၆၃) ထူးဆန်းသောနယ်ခြားတောင်

ပြင်ပကျင့်ကြံသူအုပ်စု (၂)ခုဖြစ်သော အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့က ယုံကြည်ခြင်းစွမ်းအားစုဆောင်းရန်နှင့် သူတို့၏ ယုံကြည်ခြင်း အခြေခံအုတ်မြစ်ခိုင်မာစေရန် နှစ်ပေါင်းမရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ကြသည်။

ထို့နောက် အမတခုံရုံးမှ နတ်ဘုရားများမှာ စောမင်ကျန့်လက်ချက်ဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပြီး အုပ်စု(၂)ခုကြား အင်အားမျှခြေ ပျက်သွားခဲ့သည်။ ထို့ကြောင့် အဖြူရောင်ကြာပန်းသုခဘုံက အခြေအနေကို အခွင့်ကောင်းယူပြီး အမတခုံရုံးကို အလုံးအရင်းနှင့် ကျူးကျော်ခဲ့ကြသည်။

အဆုံးသတ်မှာ‌တော့ နှစ်ဖက်လုံးက စစ်ကူများ ရယူခဲ့ကြရလေသည်။

လမ်းမှန်ဗုဒ္ဓဘာသာအဖွဲ့အစည်းဖြစ်သော အနောက်ဘက် သူတော်စင်ဘုံက ပြင်ပဗုဒ္ဓဘာသာဖြစ်သော သုခဘုံနှင့် ရန်သူများဖြစ်သည်မှာ သဘာဝကျသည်။

ထို့ကြောင့် သူတို့က အမတခုံရုံးဘက်မှ ကူညီတိုက်ခိုက်ပေးခဲ့ခြင်းပင်။

တစ်ဖက်မှာတော့ နတ်မိစ္ဆာမျိုးနွယ်များက အဖြူရောင်ကြာပန်းသုခဘုံနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

နှစ်ဦးနှစ်ဖက် တိတ်တဆိတ် နားလည်မှုရယူထားသလား မပြောတတ်ပေ။ အဖြူရောင်ကြာပန်းသုခဘုံက သူတို့၏ ခေတ်အဆက်ဆက်ရန်သူဖြစ်သော အမတခုံရုံးနှင့် တိုက်ခိုက်ခဲ့ပြီး အနောက်ဘက် သူတော်စင်ဘုံက နတ်မိစ္ဆာမျိုးနွယ်များနှင့် တိုက်ခိုက်ခဲ့ကြသည်။

သူတို့တိုက်ပွဲတွင် အဖွဲ့အစည်းများအချင်းချင်း စည်းကျော်သည်ဆိုသည်မှာ ရှားပါးသည်။

စစ်ပွဲတွင် အဖြူရောင်ကြာပန်းသုခဘုံက အသာစီးရထားသည့်အတွက် တိုက်ပွဲအများစုက အမတခုံရုံးနယ်မြေဘက်တွင် အများဆုံးဖြစ်ပွားခဲ့သည်။

ရန်ကျောက်ကဲသိသလောက်ဆိုလျှင် ဤသည်က အနောက်ဘက် သူတော်စင်ဘုံမှ လမ်းမှန်ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက် အဖြူရောင်ကြာပန်းသုခဘုံသို့ ပထမဆုံးအကြိမ် ခြေချလာခြင်း ဖြစ်နိုင်၏။

“ဒါက သူတို့ဘက်က တန်ပြန်တိုက်စစ်ဆင်တာလား ၊ ဒါမှမဟုတ် စစ်ပွဲ ပိုမိုပြင်းထန်လာတဲ့လက္ခဏာလား”

ရန်ကျောက်ကဲစိတ်ထဲ အတွေးပေါင်းများစွာ ချက်ချင်းပင် ဖြတ်သန်းသွားသည်။

“အနောက်ဘက် သူတော်စင်ဘုံနဲ့ နတ်မိစ္ဆာမျိုးနွယ်တွေက စစ်ပွဲထဲကို တန်ခိုးစွမ်းအားရှင်တွေ ထပ်ပို့ပေးနေတာလား”

ရန်ကျောက်ကဲက စိတ်ကတွေးနေသည့်တိုင် လှုပ်ရှားမှုကလည်း နှောင့်နှေးခြင်းမရှိပေ။ သူက ကျဲရှင်ကမ္ဘာသို့ အမြန်ပင် ခရီးနှင်နေခဲ့သည်။

ကျဲရှင်ကမ္ဘာအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ယခင်က တွေ့မြင်ခဲ့ဖူးသော ရှုမျှော်ခင်းများကိုပင် ရန်ကျောက်ကဲ ထပ်မံမြင်တွေ့လိုက်ရသည်။

သို့သော် ရန်ကျောက်ကဲ ဤနေရာသို့ ပထမဆုံးအကြိမ်လာရောက်ခြင်းကနှင့် မတူညီစွာ ရှေးခေတ်အဆက်ဆက်ကို ဖြတ်သန်းလာပုံရသည့် ပြင်းထန်သော ကြုံးဝါးအော်ဟစ်သံတစ်သံကို ကြားလိုက်ရ၏။

“ဆရာတော်...”

ထိုအသံက ဒေါသ ၊ မလိုလားခြင်း ၊ အံ့အားသင့်ခြင်း ၊ ဝမ်းနည်းခြင်း ၊ သံသယ ၊ စိတ်ပျက်မှု အစရှိသော ခံစားချက်မျိုးစုံပေါင်းစပ်နေကာ အချိန်နှင့်နေရာကို ဖြတ်ကျော်လာပြီး ဤနေရာတွင် ထာဝရတည်ရှိနေသည့်ပမာ ခံစားရစေသည်။

ရန်ကျောက်ကဲ ကျဲရှင်ကမ္ဘာသို့ ပထမဆုံးရောက်လာစဉ်ကနှင့် နှိုင်းယှဉ်ပါက ဤအသံက အဆပေါင်းများစွာ ပိုမိုအားကောင်းလာသည်။

ထိုအသံက အလွန်အမင်း ဒေါသထွက်နေဟန် ပိုမိုကျယ်လောင်နေသည်ဖြစ်ရာ သူ၏နားစည်များပင် အက်ကွဲလုမတတ် ဖြစ်သွားရသည်။

ထို့ပြင် ထိုအသံက လူတစ်ယောက်၏ စိတ်ခံစားချက်ကိုလည်း လှုပ်ခါနိုင်စွမ်းရှိသည်။ အလွန်ကြမ်းတမ်းပြီး ရက်စက်သောခံစားချက်များက ရန်ကျောက်ကဲနှလုံးသားကို ရိုက်ခတ်လာကာ စိတ်မတည်မငြိမ် ဖြစ်သွားစေသည်။

“ဟုတ်ပြီ... တန်ခိုးစွမ်းအားမြင့်မားလာလို့ အသံကို ပိုပြီးကျယ်ကျယ်ကြားရတာများလား”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ထို့နောက် ဖန်းယွင်ရှန်းကိုလှည့်ကြည့်လိုက်တော့ သူမက ဘာမှမသိသလို မျက်နှာအမူအရာဖြင့် ရန်ကျောက်ကဲအား ပြန်ကြည့်လာသည်။

ရန်ကျောက်ကဲ သူမကို မေးမြန်းကြည့်လိုက်တော့ ဖန်းယွင်ရှန်းလည်း အဓိပ္ပါယ်ကို နားလည်သွားသည်။

သို့သော် သူမ၏စိတ်ရှုပ်ထွေးမှုက ပိုမိုထင်ရှားလာပြီး...

“ရှင် အဲဒီအသံကို ထပ်ကြားနေရတာလား”

ရန်ကျောက်ကဲက အံ့အားသင့်စွာဖြင့်...

“မင်းရော... မကြားရဘူးလား”

ဖန်းယွင်ရှန်းက ခေါင်းခါယမ်းရင်း...

“မကြားဘူး...”

ထို့နောက် သူမက ခေါင်းညိတ်လိုက်ရင်း....

“ကျွန်မတို့ ဒီကို ရောက်ရောက်ချင်းပဲ ရှင် အဲဒီအသံအကြောင်း ပြောပြဖူးတယ်လေ ၊ ဒါကြောင့် အဲဒီအသံကို နားစွင့်ကြည့်လိုက်သေးတယ် ၊ ဒါပေမဲ့ ဘာသံမှမကြားရဘူး ၊ အဲဒါကြောင့် ကျွန်မ ဇဝေဇဝါ ဖြစ်နေတာ”

လက်ရှိတွင် သူမ၏ကျင့်ကြံခြင်းက နိမ့်ပါးခြင်းမရှိပေ။

တကယ်တော့ ရန်ကျောက်ကဲထက်ပင် ကျင့်ကြံခြင်းအဆင့် မြင့်မားနေသေးသည်။ သို့တိုင် သူမ မည်သည့်အသံကိုမှ ကြားရခြင်း မရှိပေ။

ဖန်းယွင်ရှန်းက နယ်ခြားတောင်မှအသံက ပျောက်ကွယ်သွားပြီလား သို့မဟုတ် အသံပိုင်ရှင် မရှိတော့ဘူးလားဟုပင် တွေးတောနေခဲ့မိသည်။

သို့သော် ရန်ကျောက်ကဲ၏မျက်နှာအမူအရာကိုတွေ့ရသည့်အခါ သူမ၏နှလုံးသား တုန်လှုပ်သွားရသည်။

ဖန်းယွင်ရှန်းက မျက်ခုံးများတွန့်ချိုးလိုက်ရင်း...

“ဘာတွေဖြစ်နေတာလဲ... ဒါက တကယ့်ကို ထူးဆန်းတဲ့ အဖြစ်အပျက်ပဲ”

ရန်ကျောက်ကဲသည်လည်း နယ်ခြားတောင်ဘက်သို့ လှမ်းမျှော်ငေးကြည့်ရင်း အတွေးထဲ နစ်မျောသွားလေသည်။

ထို ရက်စက်ကြမ်းတမ်းသောအသံက အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အားလုံးမှာ တည်ရှိနေသလို ခံစားရသည်။ တဒင်္ဂတိုင်းတွင် ရန်ကျောက်ကဲ၏နားထဲ၌ ပဲ့တင်ထပ် ထွက်ပေါ်နေသည်။

ရန်ကျောက်ကဲ စဉ်းစားနေချိန်မှာပင် သူရော ဖန်းယွင်ရှန်းပါ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး နှစ်ယောက်လုံး အနောက်သို့ လည်ပြန်လှည့်ကြည့်လိုက်ကြသည်။

သူတို့၏အကြည့်များက ကျဲရှင်ကမ္ဘာ၏နယ်နိမိတ်ကိုဖြတ်ကျော်ကာ စကြာဝဠာအစွန်း ဗလာနယ်ထဲသို့  ရောက်ရှိသွားကြသည်။

ထိုနေရာမှ အလွန်အံ့သြစရာကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ရွှေရောင်မီးအိမ်များစွာ၏ တောက်ပသောအလင်းရောင်အောက်တွင် အစိမ်းရောင်ကြာပန်း အရိပ်များစွာထွက်ပေါ်လာသည်။

ထို့နောက် အနောက်ဘက် သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာတန်ခိုးစွမ်းအားရှင်များ တဖြည်းဖြည်းထွက်ပေါ်လာသည်။

အုပ်စုကိုဦးဆောင်လာသူက ရွှေရောင်အလင်းတန်းများနှင့် လွှမ်းခြုံလျှက် သူ၏ပုံပန်းသွင်ပြင်ကို ဖုံးကွယ်ထားသည်။ သို့သော် အဆုံးမရှိသည့် ဘုရားစာရွတ်ဆိုသံများကိုနားထောင်ကြည့်ခြင်းအားဖြင့် ထိုသူမှာ တာအိုဝါဒမှ ‘ကောင်းကင်ဘုံအရှင်’ တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်သော ဗုဒ္ဓဘာသာထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ညွှန်ပြနေသည်။

အဖြူရောင်ကြာပန်းသုခဘုံကလည်း လျှင်မြန်စွာပင် တုံ့ပြန်လာလေသည်။

မကြာမီ ဗလာနယ်ထဲတွင် အဖြူရောင်ကြာပန်းများ အများအပြားပွင့်လန်းလာပြီး အစိမ်းရောင်ကြာပန်းများကို မှေးမှိန်သွားစေသည်။

အဖြူရောင်ကြာပန်းများ၏အလင်းရောင်က အစိမ်းရောင်ကြာပန်းများလောက် တောက်ပခြင်းမရှိသည့်တိုင် သူတို့က အရေအတွက် သာလွန်လေသည်။

သူတို့ဘက်မှ ဦးဆောင်သူသည်လည်း တာအိုဝါဒ၏ ကောင်းကင်ဘုံအရှင်တစ်ပါးနှင့် ယှဉ်နိုင်သော ဗုဒ္ဓဘာသာသူတော်စင် တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်၏။

သို့သော် သူ၏တန်ခိုးစွမ်းအားက အနောက်ဘက် သူတော်စင်ဘုံမှ ဦးဆောင်လာသူထက် များစွာအားနည်းနေသည်။

နှစ်ဦးနှစ်ဖက် တိုက်ခိုက်ခြင်းးမပြုမီမှာပင် အစိမ်းရောင်ကြာပန်းများဆီမှ ဘုရားစာရွတ်ဆိုသံများက အဖြူရောင်ကြာပန်းများဆီမှ ဘုရားစာရွတ်ဆိုသံများကို ဖိနှိပ်ထားလိုက်ပြီ ဖြစ်လေသည်။

ဗုဒ္ဓအလင်းတန်းက အလွန်ပင် သိမ်မွေ့သည်။

ထိုအလင်းတန်း တောက်ပသွားသည်နှင့် အထဲတွင်ပါဝင်သည့် ရည်ရွယ်ချက်ကို အခြားသူများ အဓိပ္ပါယ်ဖော်နိုင်ခြင်း မရှိပေ။ ထိုအရာက ဆန့်ကျင်ဘက်ဟုထင်ရသော်လည်း နက်နဲသောအဓိပ္ပါယ်များပါရှိပြီး မိုးကောင်းကင်လမ်းစဉ်၏ဥပဒေများနှင့် လျှို့ဝှက်စွာ ပေါင်းစည်းထားသည်။

သို့သော် နှစ်ဖက်တိုက်ပွဲဖြစ်သည်နှင့် အားနည်းသောဘက်က ဖိနှိပ်ခံရပြီး ထိုအလင်းတန်းထဲတွင်ပါဝင်သော နက်နဲမှုများ တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။

အဖြူရောင်ကြာပန်းသုခဘုံမှ ဗုဒ္ဓအလင်းတန်းများအလယ်တွင် ဗုဒ္ဓတစ်ပါး၏ပုံရိပ် ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက သူ၏ခန္ဓာကိုယ်တွင်းမှ မငြိမ်သက်မှုများကို ထိန်းချုပ်လိုက်ပြီး ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို လှည့်ပတ်ရင်း သူတွေ့မြင်ရသည့်မြင်ကွင်းမှ မသန့်စင်မှုများအားလုံးကို ရှင်းလင်းပစ်လိုက်သည်။

ထို့နောက် သူက ထွက်ပေါ်လာသည့် ဗုဒ္ဓဆီသို့ အာရုံစူးစိုက်ကာ ကြည့်လိုက်သည်။

ထိုဗုဒ္ဓနှင့် ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားက အတော်လေး ကွာခြားသည်ဖြစ်ရာ ပုံမှန်ဆိုလျှင် ရန်ကျောက်ကဲ ထိုဗုဒ္ဓကို စူးစိုက်ကြည့်ပါက သေချာပေါက် သတိထားမိသွားပေမည်။

သို့သော် အဖြူရောင်ကြာပန်းသုခဘုံဘက်မှ အဆိုပါဗုဒ္ဓသည် ရန်သူ၏တိုက်ခိုက်မှုကြောင့် ဆိုးရွားသည့်အခြေအနေထဲ ကျရောက်နေသည်ဖြစ်ရာ ကျဲရှင်ကမ္ဘာမှနေပြီး သူ့ကို စူးစိုက်ကြည့်‌နေသော ရန်ကျောက်ကဲကို သတိထားမိခြင်း မရှိပေ။

ဖန်းယွင်ရှန်း၏ ကျင့်ကြံခြင်းက ဗုဒ္ဓဘာသာဖြင့် ပိုမိုနီးစပ်သည်။ သို့တိုင် သူမက စူးစိုက်ကြည့်မည်ဆိုလျှင်တောင် အာရုံထွေပြားနေသည့် အဆိုပါ ဗုဒ္ဓအနေဖြင့် သူမကို သတိထားမိမည် မဟုတ်ပေ။

ထိုဗုဒ္ဓ၏ပုံပန်းသဏ္ဌန်ကို တွေ့မြင်ပြီးနောက် ရန်ကျောက်ကဲမျက်နှာထက် ထူးဆန်းသောအမူအရာ ထွက်ပေါ်လာသည်။

ဖန်းယွင်ရှန်းက သူ့ကိုလှမ်းကြည့်လိုက်ပြီး...

“သူ့ကို သိလို့လား”

ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်တွန့်လိုက်ရင်း...

“သိပ်တော့မသေချာဘူး ၊ အရင်က သူ့ပုံတူကို မြင်ဖူးတယ် ၊ အခု သူ့ပုံစံက အဲဒီပုံတူနဲ့ အတော်တူတယ်”

သူက ဆက်ပြောလိုက်သည်။

“သူက နာမည်ကြီးတစ်ယောက်လို့ ပြောလို့ရတယ် ၊ အရင်တုန်းက သူ့ကို နားရွက်ရှည်တင်ကွမ်းနတ်ဘုရားလို့ ခေါ်တယ် ၊ သူ ဗုဒ္ဓဘာသာဘက်ကိုရောက်သွားတော့ သူ့ကိုယ်သူ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓလို့ ခေါ်ခဲ့တယ်”

ဖန်းယွင်ရှန်းက စိတ်ရှုပ်ထွေးသွားဟန်ဖြင့်...

“အဲဒီလူက... အဖြူရောင်ကြာပန်းသုခဘုံထဲကို ဝင်သွားတာလား”

ရန်ကျောက်ကဲက  သူ့အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး...

“ဟုတ်မယ်ထင်တာပဲ ၊ ဒါပေမဲ့ တစ်ခုခုထူးဆန်းနေသလိုပဲ”

သူက ဆက်ရှင်းပြသည်။

“အရင်တုန်းက သူ့လုပ်ရပ်တွေကို မပြောနဲ့ဦး ၊ နားရွက်ရှည်တင်ကွမ်းနတ်ဘုရားက ရှေးခေတ်အချိန် နတ်ဘုရားများအုပ်စိုးတဲ့ကာလတုန်းကတောင် ကောင်းကင်နတ်ဘုရားအဆင့်ကိုရောက်နေပြီ ၊ ဒါပေမဲ့ အခုတော့ သူ့ပုံစံက ပြင်ပတာအိုကျင့်ကြံသူတွေဘက်က ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ သွားတူနေတယ်”

ဗုဒ္ဓဘာသာတွင် ကျင့်ကြံခြင်းအဆင့်အတိုင်း ခွဲခြားသတ်မှတ်မှုများ ရှိလေသည်။

သို့သော် များသောအားဖြင့် ဗုဒ္ဓ ၊ ဗောဓိသတ္တ ၊ သစ္စာတရားသိမြင်သူ စသည်များမှာ တရားဝင်အခေါ်အဝေါ်များ ဖြစ်ကြပြိး ကျင့်ကြံခြင်းအဆင့်နှင့် ခွဲခြားထားခြင်းမျိုး မဟုတ်ပေ။

တာအိုကျင့်ကြံသူများကတော့ ကိုယ်ပိုင်နည်းလမ်းဖြင့် ကျင့်ကြံခြင်းအဆင့် ခွဲခြားရသည်ကို ပိုပြီးအသားကျသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်ကို ကောင်းကင်နတ်ဘုရားအဆင့် ၊ ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ၊ နက်ရှိုင်းနတ်ဘုရားအဆင့် ၊ အစစ်အမှန်နတ်ဘုရားအဆင့်တို့ဖြင့် နှိုင်းယှဉ်ကြည့်ရသည်က ပိုမိုအဆင်ပြေသည်။

ဗုဒ္ဓဘာသာကျင့်ကြံသူများထဲမှ အချို့သော ဗောဓိသတ္တများဆိုလျှင် အချို့သော ဗုဒ္ဓများထက်ပင် တန်ခိုးစွမ်းအား ပိုမိုမြင့်မားကြသည်။

ဥပမာဆိုရသော်...

ဝန်စူးဗောဓိသတ္တ ၊ ဖူရှန်ဗောဓိသတ္တ ၊ ကွမ်းစစ်ယင်ဗောဓိသတ္တ (ကွမ်ယင်မယ်တော်) ၊ တိကျန်ဗောဓိသတ္တ ၊ မဟာဉာဏ်အလင်းဗောဓိသတ္တတို့ဆိုလျှင် အချို့သောဗုဒ္ဓများထက်သာလွန်ရုံသာမက တာအိုဝါဒမှ ထိုက်ရွှီးမူလနတ်ဘုရားများကိုကျော်လွန်ပြီး ကောင်ကင်နတ်ဘုရားများနှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်သူများ ဖြစ်ကြသည်။

တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက ဗုဒ္ဓဘာသာသို့မဝင်ခင်က အမှန်တကယ်ပင် ကောင်းကင်နတ်ဘုရားတစ်ပါးအဆင့် ရှိခဲ့ဖူးသည်။

သို့သော် ယခုအချိန်မှာတော့ သူက ဘုရားလောင်း၏အလင်းရောင်ဝါကိုခံယူပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်မှ ကောင်းကင်နတ်ဘုရားအဆင့်သို့တက်ရောက်လာသည့် ပြင်ပတာအိုကျင့်ကြံသူတစ်ယောက်ပမာ ဖြစ်နေလေသည်။

ပြင်ပကျင့်ကြံသူများအလယ်မှာတော့ ထူးချွန်သူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သော်လည်း ရှေးယခင်အချိန်ကလောက် တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိတော့ပေ။

“သူ အခြေအနေဆိုးတစ်ခုနဲ့ ကြုံခဲ့ရတာများလား”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“ရွှေရောင်မီးအိမ်အောက်က အစိမ်းရောင်ကြာပလ္လင်ပေါ်မှာထိုင်နေတဲ့သူကရော... ဘယ်သူလဲဆိုတာ သိချင်လိုက်တာ”

***

(မှတ်ချက် - ဤ ရှန်းရှစာစဉ်မှ ဗုဒ္ဓ ၊ ဘုရားလောင်း ၊ ဗုဒ္ဓဘာသာဆိုသည့်အသုံးအနှုန်းများမှာ မဟာယာနဗုဒ္ဓဘာသာကို ရည်ညွှန်းခြင်းဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာနှင့်သက်ဆိုင်ခြင်းမရှိပါ - ဘာသာပြန်သူ)

All Chapters