တိုက်တိုင်းအောင်ဗုဒ္ဓ
Vol. 97 Ch. 1364
အခန်း (၁၃၆၄) တိုက်တိုင်းအောင်ဗုဒ္ဓ
တာအိုဝါဒ၏ ကောင်းကင်နတ်ဘုရားတစ်ပါးအား ဘုရားလောင်း သို့မဟုတ် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်တို့က အတင်းအကျပ် ယုံကြည်ခြင်းအလင်းထဲသို့ သွပ်သွင်းနိုင်သည်လား ရန်ကျောက်ကဲ သေချာ မသိရှိပေ။
အကျိုးခံစားခွင့်ရှုထောင့်မှကြည့်မည်ဆိုလျှင်တော့ ကောင်းကင်နတ်ဘုရားတစ်ပါးအနေဖြင့် ပြင်ပကျင့်ကြံသူ အင်အားစုထဲသို့ ဝင်ရောက်ရန် မလိုအပ်ပေ။
ထိုသို့ပြုလုပ်ခြင်းက ရရှိမည့်အကျိုးအမြတ်နှင့် စွန့်လွှတ်ရမှုက လုံးဝ ထိုက်တန်မည် မဟုတ်ပေ။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကိုတွေ့မြင်သည့်အခါ အစပိုင်းတွင် ရန်ကျောက်ကဲ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သို့သော် ပိုမိုနီးကပ်စွာ ကြည့်ရှုပြီးသည့်နောက် သူ သဘောပေါက်သွားခဲ့သည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓသည် ယခင်က ကပ်ဘေးတစ်ခုခံစားခဲ့ရပြီး ကျင့်ကြံခြင်းအဆင့် ဆုတ်ယုတ်သွားကာ ကောင်းကင်နတ်ဘုရားအဆင့်သို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားဟန် ရှိသည်။
ထို့ကြောင့် သူက ပြင်ပကျင့်ကြံသူများထံသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်နိုင်၏။
သူကဲ့သို့အဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်သည် လောကနိယာမများကို နားလည်နေပြီဖြစ်ပြီး ပြင်ပရုပ်ခန္ဓာနှင့်မိုးမြေပေါင်းစပ်ကာ အတွင်းအပြင် အရာအားလုံး တစ်သားတည်းအဖြစ်ပေါင်းစပ်နေပြီး ကွဲပြားမှု မရှိတော့ပေ။
မည်သို့ပင်ဖြစ်စေ ယခင်က သူ၏ကိုယ်ပိုင်အရည်အချင်းဖြင့် ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်ရောက်ခဲ့သည့်တိုင် ယခု တူညီသောနည်းလမ်းဖြင့် အဆင့်တက်နိုင်ခြင်းမရှိဘဲ ယုံကြည်ခြင်းအလင်းတန်း၏ အကူအညီကိုယူခဲ့သဖြင့် ယခင်က ကောင်းကင်နတ်ဘုရားတစ်ပါးကဲ့သို့ အားကောင်းခြင်း မရှိတော့ပေ။
သူ၏တန်ခိုးစွမ်းအားက အဖြူရောင်ကြာပန်းသုခဘုံမှ အခြားသောဗုဒ္ဓများနှင့် နီးစပ်ရုံသာရှိလေသည်။
သို့ပေသိ သူက ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ခိုင်မာသူတစ်ယောက်ဖြစ်ပြီး အားနည်းသူတစ်ယောက်မဟုတ်ပေ။ သို့ရာတွင် ယခုတော့ သူက ရန်သူကို ရင်ဆိုင်နိုင်စွမ်း ကင်းမဲ့နေခဲ့သည်။
နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် ချက်ချင်းပင် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ ရှုံးနိမ့်သွားခဲ့ပြီး ဆုတ်ခွာရန် ဖိအားပေးခံခဲ့ရသည်။
သူ ဆုတ်ခွာသွားသည်နှင့် အဖြူရောင်ကြာပန်းသုခဘုံဘက်မှ တည်ဆောက်ထားသော ခံစစ်စွမ်းအားသည်လည်း ပြိုကျသွားတော့၏။
ရွှေရောင်မီးအိမ်များနှင့် အစိမ်းရောင်ကြာပန်းများက အရှိန်အဟုန်ဖြင့် ရှေ့ဆက်တိုးလာပြီး သုခဘုံတစ်ခုလုံးကိုလွှမ်းခြုံကာ စကြာဝဠာတစ်ခုလုံးအား ပြောင်းလဲပစ်တော့မည့်ပမာ ထင်မှတ်ရသည်။
ဘုရားလောင်းနှင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်တို့က ပိုမိုမြင့်မားသည့်တိုက်ပွဲနယ်မြေတွင် တိုက်ခိုက်နေကြပြီး အချင်းချင်း ဟန့်တားထားကြသည်။
ထိုသို့သောအချိန်တွင် လမ်းမှန်ဗုဒ္ဓဘာသာဘက်မှ ကောင်းကင်နတ်ဘုရားအဆင့်နှင့်ညီမျှသော တန်ခိုးစွမ်းအားရှင်တစ်ယောက်က အဖြူရောင်ကြာပန်းသုခဘုံအား မတွန်းလှန်နိုင်အောင် လာရောက်ဖိနှိပ်တိုက်ခိုက်လေသည်။
သို့သော် အဖြူရောင်ကြာပန်းသုခဘုံက ဘုရားလောင်း၏နယ်မြေဖြစ်လေရာ မည်မျှစွမ်းအားမြင့်မားသော လမ်းမှန်ဗုဒ္ဓဘာသာကျင့်ကြံသူများဖြစ်ပါစေ ဤနယ်မြေသို့ခြေချလိုပါက သတိကြီးစွာ ထားရပေမည်။
ယုံကြည်ခြင်းစွမ်းအားပါဝင်သော ဗုဒ္ဓအလင်းတန်းများက သုခဘုံ ဗုဒ္ဓနယ်မြေ၏ အရပ်ရပ်မှထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ဖွဲ့စည်းယှက်နွယ်ကာ ကွန်ယက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုအလင်းကွန်ယက်က အစိမ်းရောင်ကြာပန်းများကို လွတ်လပ်စွာ လှုပ်ရှားခွင့်မပေးတော့ပေ။
ဘုရားလောင်းကိုယ်တိုင် သူတို့ကို ရုတ်တရက် တိုက်ခိုက်လာခြင်းမရှိဟု မည်သူ အာမခံနိုင်ပါမည်နည်း။
ထိုအချိန် အဖြူရောင်ကြာပန်းသုခဘုံ၏အပြင်ဘက်တွင် နတ်မိစ္ဆာလေပြင်းများ တိုက်ခတ်လာသည်။
နတ်မိစ္ဆာလေပြင်းများက အနက်ရောင်မြူခိုးများပမာဖြစ်ပြီး ကောင်းကင်တစ်ခွင်လုံးဖုံးလွှမ်းသွားကာ ရွှေရောင်မီးအိမ်များနှင့် အစိမ်းရောင်ကြာပန်းများမှ ထွက်ပေါ်လာသော အလင်းတန်းများကို မှေးမှိန်သွားစေသည်။
“နတ်မိစ္ဆာမျိုးနွယ်... မဟာသူတော်စင်...”
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ တစ်စုံတစ်ခု သဘောပေါက်သွားဟန်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
စစ်ပွဲကိုအားဖြည့်ရန်အတွက် နတ်မိစ္ဆာ ‘မဟာသူတော်စင်များ’ ရောက်ရှိလာကြခြင်းဖြစ်ပြီး ၊ အဆုံးသတ်မှာတော့ အနောက်ဘက် သူတော်စင်ဘုံမှ ကျူးကျော်လာသူများ ရပ်တန့်သွားရသည်။
သူတော်စင်ဘုံဘက်မှ ဦးဆောင်လာသူ ဗုဒ္ဓက ဝင်ရောက်လာသည့် နတ်မိစ္ဆာလေပြင်းများနှင့် ရင်ဆိုင်တိုက်ခိုက်လိုက်သည်။
အဖြူရောင်ကြာပန်းသုခဘုံစကြာဝဠာက တာအိုစကြာဝဠာနှင့် ထျန်းစူးစကြာဝဠာတို့ထက် အဆမတန် ပိုမိုကြီးမားသော်လည်း တာအိုဝါဒ၏ကောင်းကင်ဘုံအရှင်အဆင့်နှင့် တန်ခိုးစွမ်းအားညီမျှသော ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များ၏ တိုက်ခိုက်ခြင်းကိုခံရသည့်အခါ စကြာဝဠာတစ်ခုလုံး တုန်လှုပ်သွားလေသည်။
“ဘယ်လိုဖြစ်တာလဲ”
ရန်ကျောက်ကဲ မေးခွန်းထုတ်လိုက်သည်နှင့် ဖန်းယွင်ရှန်းက ခေါင်းမော့လိုက်ရာ သူမ၏မျက်ဝန်းများက မှိန်ဖျော့သည့် နက်ပြာရောင်အဖြစ် ပြောင်းလဲသွားသည်။
သူမက တိုက်ပွဲကိုလေ့လာလိုက်ရင်း...
“သူတော်စင်ဘုံဘက်က ဦးဆောင်လာတဲ့ဗုဒ္ဓက ဦးခေါင်းအလုံး (၂၀)နဲ့ လက် (၁၈)ဖက်ပါတယ် ၊ လက်တစ်ဖက်စီတိုင်းမှာ မတူညီတဲ့ပစ္စည်းတွေ ကိုင်ဆောင်ထားတယ် ၊ လည်ဆွဲ ၊ ထီးဖြူ ၊ ပုလွေ ၊ ငါးရုပ်... ပြီးတော့ ရွှေလက်နက် ၊ ရွှေခွက် ၊ ရွှေခေါင်းလောင်း ၊ ရွှေလေးမြား ၊ ငွေလှံ ၊ အလံရှည် ၊ ကျောက်မျက်ပန်း ၊ ကြာပန်း ၊ ကျောက်စိမ်းပြား ၊ သပိတ် ၊ လှံ ၊ ဓားရှည် ၊ ဓာတ်တော်တွေနဲ့ ကျမ်းစာတွေလည်းပါဝင်တယ်”
သူမက ဆက်ပြောလိုက်သည်။
“သူ့ရဲ့ ဦးခေါင်းထက်မှာ ရွှေရောင်မီးအိမ်တစ်ခုရှိနေပြီး အဲဒီမီးအိမ်ပေါ်မှာ ဓာတ်တော်တစ်ခု ရှိနေတယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
“သူ့ပုံစံက အတော်ရင်းနှီးနေသလိုပဲ ၊ ဒါပေမဲ့ ဗုဒ္ဓဘာသာဘက်က ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တွေက ပုံစံတူတွေ အများကြီးရှိတတ်တယ် ၊ ဒီတော့ ချက်ချင်း ကောက်ချက်မချနိုင်သေးဘူး”
ဖန်းယွင်ရှန်းက...
“ပြီးတော့ အဲဒီ နတ်မိစ္ဆာ မဟာသူတော်စင်က...”
ပြောရင်း ဖန်းယွင်ရှန်းမျက်နှာထက် ထူးဆန်းသည့်အမူအရာ ထွက်ပေါ်လာသည်။
“အဲဒီ နတ်မိစ္ဆာမဟာသူတော်စင်က... ဒဏ္ဍာရီထဲက ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’ နဲ့ တူသလိုပဲ”
ထိုစကားကြားတော့ ရန်ကျောက်ကဲ အံ့သြတုန်လှုပ်သွားပြီး...
“ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’ ... ဟုတ်လား”
မကြာသေးမီကပင် မဟာအမတ’ရူယိ’ မှာ ရန်ကျောက်ကဲလက်ချက်ဖြင့် သနားစရာကောင်းလောက်သည်အထိ ရိုက်နှက်ခံခဲ့ရသည်။ ယခု မဟာအမတ’ရူယိ’ ၏ အစ်ကိုဖြစ်သူနှင့် လာတွေ့နေရပေပြီ။
သူ အဘယ်မျှ ကံဆိုးလိုက်ပါသနည်းဟုတွေးတောရင်း ရန်ကျောက်ကဲ မရယ်ဘဲ မနေနိုင်တော့ပေ။
ဖန်းယွင်ရှန်း အမှတ်မှားသည်လား မမှားသည်လားကို သူ စိတ်မပူပေ။
လွန်ခဲ့သော နှစ်ပေါင်း (၂၀)က အဂ္ဂိရတ်ခန်းမအတွက် တိုက်ပွဲဝင်ရင်း သူက နွားရိုင်းမိစ္ဆာအုပ်စုနှင့် ရင်ဆိုင်ခဲ့ဖူးသည်။ ပြီးတော့ မကြာခင်ကမှ မဟာအမတ’ရူယိ’ နှင့် ရင်ဆိုင်ခဲ့ရသည်။
သို့ဖြစ်ရာ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာမှလူတိုင်းက နတ်မိစ္ဆာမျိုးနွယ်များ၏နောက်ကွယ်မှ တန်ခိုးစွမ်းအားရှင်များကို သတိထားနေသည်မှာ သဘာဝကျသည်။
ထို့ကြောင့် ဖန်းယွင်ရှန်းသည်လည်း နွားရိုင်းမိစ္ဆာဘုရင်နှင့် မရင်းနှီးသည့်တိုင် သူနှင့်ပတ်သက်သည့် အချက်အလက်များကို သိရှိထားလေသည်။ ပြီးတော့ ရန်ကျောက်ကဲ ရေးဆွဲပြသော နွားရိုင်းမိစ္ဆာ၏ပုံတူကိုလည်း ကြည့်ရှုခဲ့ဖူးသည်။
နွားရိုင်းမိစ္ဆာက တောက်ပသည့် ငွေရောင်သံခမောက်ကိုဆောင်းထားပြီး သိုးမွှေးဖြင့်ပန်းထိုးထားသော ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားသည်။
သံမဏိခြေနင်တစ်စုံကိုစီးထားပြီး ခါးတွင် ခြင်္သေ့သားရေဖြင့်ပြုလုပ်ထားသော ခါးပတ်သုံးခု ဝတ်ဆင်ထားသည်။
သူ၏မျက်ဝန်းအစုံက မှန်သားပမာ ကြည်လင်တောက်ပနေပြီး သူ၏မျက်ခုံးများက နီရဲနေသည်။ ပါးစပ်သည်လည်း သွေးကန်ကြီးပမာ နီရဲနေလျှက် သွားများက ကြေးနီပြားများ စီတန်းထားသည့်ပမာ ဖြစ်၏။
သူ၏ ဟစ်အော်သံသည် တောင်များကို လှုပ်ခတ်စေပြီး နတ်ဘုရားများကိုပင် ကြောက်ရွံ့လာစေရန် လုံလောက်သည်။ လှုပ်ရှားမှုပြုလိုက်တိုင်း သူ၏အမူအရာက ကြီးကျယ်ခမ်းနားလွန်းပြီး နတ်ဆိုးများကိုပင် တုန်လှုပ်သွားစေသည်။
ပင်လယ် (၄)ခုတွင် သူ့ကို “အန္တရယ်အရှင်” ဟု ခေါ်ဆိုကြပြီး အနောက်ဘက်တွင်တော့ သူ့ကို ရက်စက်ကြမ်းတမ်းသည့် ‘နတ်မိစ္ဆာဘုရင်’ ဟု ခေါ်ဆိုကြသည်။
ဖန်းယွင်ရှန်းက သူ၏ပုံတူကို အချိန်ကြာရှည်စွာ ကြည့်ခဲ့ဖူးသလို သူမကိုယ်တိုင် ပြန်လည်ရေးဆွဲနိုင်သည်အထိ မှတ်မိခဲ့သည်။ သို့ဖြစ်ရာ သူမအနေဖြင့် အမှတ်မှားခြင်း မဖြစ်နိုင်ပေ။
တစ်စုံတစ်ယောက်က နွားရိုင်းမိစ္ဆာအဖြစ် အသွင်ပြောင်းဖန်ဆင်းမထားလျှင် အမှားအယွင်း မရှိနိုင်ပေ။
သို့သော် တစ်စုံတစ်ယောက်က နွားရိုင်းမိစ္ဆာအသွင် ဖန်ဆင်းထားခဲ့လျှင် ဤမျှပြင်းထန်သော တိုက်ပွဲအောက်တွင် သူ၏မူလပုံစံ ထွက်ပေါ်လာမည် ဖြစ်ပေ၏။
ပြီးတော့ ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်များအနက် သစ်သားပလ္လင်ကိုပိုင်ဆိုးသည့်နတ်ဆိုးတစ်ပါးတည်းသာလျှင် ထိုသို့ ပုံတူကူးလုပ်ဆောင်နိုင်စွမ်း ရှိပေသည်။
ဖန်းယွင်ရှန်းက မရေရာဟန်ဖြင့်...
“ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’ နဲ့ အဲဒီဗုဒ္ဓက အချင်းချင်းသိကျွမ်းတဲ့ပုံရတယ် ၊ ပြီးတော့ ရန်ငြိုးလည်း ရှိကြတဲ့ပုံပဲ”
ထိုစကားကြားတော့ ရန်ကျောက်ကဲ၏မျက်နှာအူမအရာက ဖန်းယွင်ရှန်းထက်ပင် ပိုပြီးထူးဆန်းသွားသည်။
“ဦးခေါင်း အလုံး(၂၀) ၊ လက်(၁၈)ဖက် ၊ ပြီးတော့ ဦးခေါင်းထက်က ရွှေရောင်မီးအိမ်ပေါ်မှာ ဓာတ်တော်တစ်ခုရှိနေတယ် ၊ နွားရိုင်းမိစ္ဆာနဲ့ ရန်ငြိုးရှိတဲ့ပုံပေါက်တယ်....”
ဤသည်က ဖန်းယွင်ရှန်းအတွက် ကျဲရှင်ကမ္ဘာ ၊ ဒြပ်စင်ငါးပါးတောင်သို့ ဒုတိယအကြိမ် ရောက်လာခြင်း ဖြစ်သည်။ ဤနေရာသို့မလာခင်ကလည်း သူမက အထူးသုတေသန ပြုခဲ့သေးသည်ဖြစ်ရာ ချက်ချင်းပင် နားလည်သွားတော့၏။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး...
“တိုက်တိုင်းအောင်ဗုဒ္ဓ...”
ဒဏ္ဍာရီလာအဆိုအရ ‘အနောက်သို့ခရီးသွားမှတ်တမ်း’ ခေတ်ကာလ အလယ်ပိုင်းတွင် ‘ချီထျန်းမဟာသူတော်စင်’ သည် တထာဂတဿဗုဒ္ဓ၏ ဖမ်းဆီးခံခြင်းခံရပြီးနောက် ဘုန်းတော်ကြီး ‘စန်းကျန့်’ ၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။
အဆုံးသတ်တွင် ‘ချီထျန်းမဟာသူတော်စင်’ သည် အနောက်ဘက်ကောင်းကင်ဘုံ ၊ လင်စန်းတောင်ရှိ ဗုဒ္ဓဘာသာနယ်မြေမှ ပိဋကတ်ကျမ်းစာများကို အောင်မြင်စွာသယ်ဆောင်နိုင်ခဲ့သည်။
အနောက်ဘက်မှ ဗုဒ္ဓအဆုံးအမများ အရှေ့ဘက်သို့ ပြန့်ပွားသွားကာ ‘အလယ်ပိုင်းသုခဘုံ’ ကို ဖွံ့ဖြိုးစေခဲ့သည်ဖြစ်ရာ သူသည်လည်း ဗုဒ္ဓအဖြစ်ကိုရရှိပြီး “တိုက်တိုင်းအောင်ဗုဒ္ဓ” ဟူသော ဘွဲ့အမည်ကို ရရှိခဲ့သည်။
ချီထျန်းမဟာသူတော်စင် ‘မျောက်မင်း’ နှင့် ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’ တို့က ယခင်က သွေးသောက်ညီအစ်ကိုများဖြစ်ခဲ့ပြီး နက်ရှိုင်းသောဆက်ဆံရေး ရှိခဲ့ကြသည်။
သို့သော် ဗုဒ္ဓကျမ်းစာများ သွားရောက်ပင့်ဆောင်သည့်ဖြစ်စဉ်တွင် သူတို့နှစ်ယောက် ရန်သူများဖြစ်လာပြီး ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။
ထို့နောက် အလယ်ပိုင်းသုခဘုံ ဖွံ့ဖြိုးလာခဲ့ပြီး ချီထျန်းမဟာသူတော်စင်သည်လည်း ဉာဏ်အလင်းပွင့်ကာ ‘တိုက်တိုင်းအောင်ဗုဒ္ဓ’ ဖြစ်လာခဲ့သည်။
ကောလဟလများအရဆိုလျှင် ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’ ကို အနောက်ဘက်ကောင်းကင်ဘုံ ၊ လင်စန်းတောင်မှ ဖမ်းဆီးသွားပြီး သူ့အကြောင်း ထပ်မံကြားသိရခြင်း မရှိတော့ပေ။
သို့သော် နွားရိုင်းမိစ္ဆာဘုရင် မည်သည့်အချိန်တွင် ပြန်လည်လွတ်မြောက်လာသည်လဲ ရန်ကျောက်ကဲ သိရှိခြင်း မရှိပေ။
သူက ချန်စန်းရှင်းဟိုင်စကြာဝဠာသို့ဝင်ရောက်ခဲ့ပြီး တံခါးပိတ်ကျင့်ကြံနေခဲ့ကာ ယခုမှ သူ၏ ခမ်းနားသောတန်ခိုးစွမ်းအားများကို ပြန်လည်ပြသရန် လောကအလယ် တဖန်ထွက်ပေါ်လာခြင်း ဖြစ်၏။
အစပိုင်းတွင် တိုက်တိုင်းအောင်ဗုဒ္ဓက အလယ်ပိုင်းသုခဘုံတွင် စံမြန်းနေထိုင်ခဲ့သည်။
သို့သော် ယခုတော့ ဘုရားလောင်းက အလယ်ပိုင်းသုခဘုံကိုထိန်းချုပ်လိုက်သည်ဖြစ်ရာ သူက အနောက်ဘက် သူတော်စင်ဘုံသို့ ပြေင်းရွှေ့သွားခြင်း ဖြစ်နိုင်သည်။
ယခု အနောက်ဘက် သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်များ ဤကမ္ဘာလောကတွင် ပြန်လည်ထွက်ပေါ်လာပြီး သူတို့၏ ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားများကို ထုတ်ဖော်ပြသလျှက် ရှိကြလေသည်။
ရန်သူဟောင်းများတွေ့ဆုံသည့်အခါ အတိတ်မှအငြိုးအတေးများ ပြန်လည်ထွက်ပေါ်လာပြိး နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ကြလေသည်။
တိုက်တိုင်းအောင်ဗုဒ္ဓနှင့် ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’။
စကြာဝဠာထဲတွင် ဗုဒ္ဓဘုရားစာရွတ်ဖတ်သံနှင့် နွားရိုင်းအော်သံများက အဆက်မပြတ် ကျယ်လောင်စွာ ထွက်ပေါ်လာနေသည်။
သူတို့နှစ်ယောက်မှ ထုတ်လွှတ်လိုက်သောအသံများက နက်နဲပြီး ရှုပ်ထွေးသည်ဖြစ်ရာ ဘေးမှကြည့်နေသူများအနေဖြင့် နားလည်နိုင်ခြင်းမရှိပေ။
သို့သော် ကျယ်လောင်သည့် နွားရိုင်းအော်သံထဲတွင်တော့ ပြင်းထန်သည့်ဒေါသများ အပြည့်အနက် ပါဝင်နေကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။
နှစ်ဖက်ကြားတိုက်ပွဲက ပိုမိုပြင်းထန်လာသည်။
ဗုဒ္ဓများက အလွန်သတိထားနေကြပြီး မဟာနတ်ဆိုးများကတော့ အဖြူရောင်ကြာပန်းသုခဘုံအတွင်းမှ သက်ရှိအားလုံးကို လျစ်လျူရှုပြီး စကြာဝဠာတစ်ခုလုံးကို ဖျက်ဆီးနိုင်သောအင်အားဖြင့် ရန်သူကို တိုက်ခိုက်လျှက် ရှိကြသည်။
ထိုခဏတွင် ကျဲရှင်ကမ္ဘာတစ်ခုလုံး လှုပ်ယမ်းသွားသည်ဖြစ်ရာ ရန်ကျောက်ကဲသည်ပင် သူ့ကိုယ်သူတည်ငြိမ်စေရန် အလျှင်အမြန် ထိန်းလိုက်ရသည်။
သို့သော် သူက သူကိုယ်တိုင်ဘေးကင်းရေးထက် ကျဲရှင်ကမ္ဘာပြင်ပတွင် ဖြစ်ပွားနေသောစစ်ပွဲအတွက် ပိုပြိးစိုးရိမ်ပူပန်နေမိသည်။
“သူက တကယ်ပဲ တိုက်တိုင်းအောင်ဗုဒ္ဓလား... ပြီးတော့ သူက တကယ်ပဲ အနောက်ဘက် သူတော်စင်ဘုံကို ရောက်နေတာလား”
“ဒါဖြင့်... ချီထျန်းမဟာသူတော်စင်က ဉာဏ်အလင်းရရှိပြီး ဗုဒ္ဓဖြစ်နေပြီဆိုရင်... ဒြပ်စင်ငါးပါးတောင်အောက်မှာ ဖိနှိပ်ခံထားရတဲ့သက်ရှိက ဘယ်သူများလဲ”
***
(မှတ်ချက် - အရင်က ချီထျန်းသာ့စန့်လို့ ရေးထားတာကို ‘ချီထျန်းမဟာသူတော်စင်’ လို့ ပြောင်းရေးထားပါတယ်။
သာ့စန့် - 大圣 ဆိုတဲ့စကားက မဟာသူတော်စင်ဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်လို့ ‘ချီထျန်းသာ့စန့်’ အစား ‘ချီထျန်းမဟာသူတော်စင်’ လို့ပဲ ပြောင်းရေးလိုက်တာပါ ဝူခုန်းကိုပြောတာပါပဲ ၊ အရင်လူတွေကတော့ “ကောင်းကင်နှင့်အညီအရှင်ကြီး” လို့ ဘာသာပြန်ခဲ့ကြပါတယ်__ ဘာသာပြန်သူ)