တစ်ယောက်ယောက်ကို ကူပေးဖို့ ရှာလိုက်
Vol. 116 Ch. 1740
လင်းရီသည် ကျောက်ဖုန်းဟွာနှင့် စကားပြောရင်း အချိန်ဖြုန်းမနေတော့ဘဲ ချက်ချင်း ဖုန်းချပစ်လိုက်တော့သည်။
ရန်ထျန်းနန်၏ ရုံးခန်းမှာ အလွန်အမင်း တိတ်ဆိတ်နေလျက် ရှိ၏။
လင်းရီဘက်က တိတိကျကျ မပြောဆိုခဲ့သော်လည်း သူတို့ အကုန်လုံးမှ ဆိုးရွားသည့် ခံစားချက်တို့ ရရှိနေကြ၏။ သူ့ကြည့်ရသည်မှာ ဤကိစ္စနောက်ကွယ်ရှိ လက်မည်းကြီး ဖြစ်နေသည့်ဟန်ပင်။
“ ဥက္ကဌရန်…. ကျုပ်တို့အခု ဘာလုပ်ကြမလဲ ….”
“ သူ့ကို အခုလောလောဆယ် လျစ်လျူရှုထားလိုက် …” ရန်ထျန်းနန် ပြောလိုက်ပြီး “ ငါတော့ ဒီတိုင်း တိုက်ဆိုင်သွားတယ်လို့ပဲ ထင်တယ်…. တကယ်လို့ သူ့မှာသာ ဒီလောက် အဆက်အသွယ်ကောင်းတွေ ရှိနေတယ်ဆိုရင် ဒီလို အခြေခံ ရဲအရာရှိ တစ်ယောက် ဖြစ်နေမှာ မဟုတ်ဘူး … အခု လောလာဆယ် ဒီကိစ္စ ဖြေရှင်းနိုင်မယ့် နည်းလမ်းပဲ စဉ်းစားကြမယ်….”
ကလင် ကလင် ကလင်
ရန်ထျန်းနန် ကြံရာမရ ဖြစ်နေစဉ်မှာပဲ စားပွဲပေါ် တင်ထားသည့် သူ့ဖုန်းမှာ အသံမြည်လာသည်။
စိတ်တွေ ကယောက်ကယပ် ဖြစ်နေသည့် ရန်ထျန်းနန်မှာ ဖုန်းကိုင်ချင်စိတ်တို့ ပျောက်ဆုံးနေသော်လည်း ခေါ်ဆိုလာသူ၏ အမည်ကို မြင်တော့ ချက်ချင်းဆိုသလို အလေးအနက် ဖြစ်သွားခဲ့တော့သည်။
ခေါ်ဆိုလာသူက ဟာဘာ ဖြစ်ပြီး ရုံးချုပ်၏ ဒုဥက္ကဌတစ်ဦး ဖြစ်၏။
တစ်ချိန်တည်းတွင် ကျောက်ဖုန်းဟွာလည်း ခေါ်ဆိုလာသူ၏ အမည်ကို မြင်တွေ့သွားခဲ့ပြီး နှလုံးခုန်နှုန်းတို့ မြန်ဆန်သွားခဲ့၏။
“ ဘာမှ မပြောသေးနဲ့ …”
သတိပေးပြီးနောက် ရန်ထျန်းနန် ဖုန်းကိုင်လိုက်သည်။
“ မစ္စတာ ဟာဘာ ….”
“ ဟွာရှမှာ ဘယ်လိုတွေ ဖြစ်နေတာ … မင်းတို့ စီးပွားရေးကို ဘယ်လိုတွေ စီမံနေကြတာ …. ခုထိ ဖြေရှင်းလို့ မပြီးသေးဘူးလားကွ …”
“ မစ္စတာဟာဘာ … ကျုပ် တောင်းပန်ပါတယ်… ကျုပ်တို့လည်း ဒီကိစ္စကို အကောင်းဆုံး ကိုင်တွယ်နေပါတယ်.. မကြာခင် ဖြေရှင်းနိုင်တော့မယ်ဆိုတာ ယုံကြည်ပါတယ်…”
“ ဒီ ဘာမဟုတ်တဲ့ ဘရိတ်လေး ပြဿနာကို ဒီလောက်ထိ ကြီးကြီးကျယ်ကျယ် ဖြစ်အောင် လုပ်နေကြတယ် … မင်းလည်း သေချာ ကိုင်တွယ်မယ် မရှိဘူး … ဟွာရှ အစိုးရကိုတောင် ရှေ့ထွက်လာအောင် လုပ်လိုက်သေးတယ်… ငါ မင်းရဲ့ စကားကို ဘယ်လို ယုံကြည်ပေးရမှာ …”
“ ဟွာရှဈေးကွက်မှာ ဖြစ်နေတဲ့ ပြဿနာတွေ အတွက် ကျုပ် တကယ်တောင်းပါတယ် … ဒါပေမယ့် ကျုပ်ကို အချိန် ခဏလောက်တော့ ပေးပါ .. ကျုပ် ကျိန်းသေပေါက် ဖြေရှင်းပေးနိုင်ပါတယ်….”
“ ငါ စိတ်မရှည်တော့ဘူး … ငါ ကိုယ်တိုင်လာပြီး ဒီကိစ္စ ကူကိုင်တွယ်ပေးမယ်…”
“ အာ … ဟုတ်ကဲ့ . ကျုပ်တို့ မစ္စတာ ဟာဘာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေမှာပါဗျ…”
ဟာဘာက ရန်ထျန်းနန်အား ကူညီပေးရန် လာခဲ့မည် ဆိုသော်လည်း အမှန်တော့ ဤသည်က ကောင်းသည့် ကိစ္စရပ်တော့ မဟုတ်ချေ။ သူ၏ လက်ရှိ အဆင့်အတန်းအတွက် ခြိမ်းခြောက်မှုပင် ဖြစ်လာနိုင်သည်။
ထို့ကြောင့် ရန်ထျန်းနန်သည် အမှန်အတိုင်း ပြောရမည် ဆိုပါက သူ့အား မလာစေချင်ခဲ့ပေ။
“ ဥက္ကဌရန် … မစ္စတာ ဟာဘာက လာမှာဆိုတော့ … ဒါ ကျုပ်တို့ဖို့ အတော်လေး မကောင်းဘူးနော်….”
“ ငါ သိတယ်… သူ အခုချိန် အမေရိကားက ထွက်လာမယ်ဆိုရင်တောင် အနည်းဆုံးတော့ ကျိုးဟိုင်ရောက်ဖို့ ၁၂ နာရီလောက် ကြာမှာပဲ .. ဒါက နောက်ဆုံး အခွင့်အရေးပဲ … ဒီ အချိန်ကို ကောင်းကောင်း အသုံးချပြီး ပြဿနာ ဖြေရှင်းရမယ်…”
“ ဒါပေမယ့် ပြဿနာက အစိုးရ အရာရှိတွေပါ ဝင်စွက်ဖက်လာပြီဆိုတော့ ကျုပ်တို့ ဘယ်လိုလုပ်ကြမှာ … ကျုပ်တော့ လွတ်လမ်း မမြင်မိဘူး …”
“ နောက်ထပ် တစ်လမ်း ထပ်ရှိသေးတယ်…” ရန်ထျန်းနန် ပြောလိုက်ပြီး “ Tesla ဟွာရှကို လာပြီး စက်ရုံဆောက်တုန်းက ပရောဂျက်ကို အထဲခေါ်လာခဲ့တာ အရင် ကျိုးဟိုင်ရဲ့ မြို့တော်ဝန်ပဲ … သူက အခု အနားယူသွားပြီဆိုပေမယ့် အဆက်အသွယ်တွေကတော့ ရှိနေသေးတုန်းပဲ … သူတို့နဲ့ ဒီကိစ္စ ဆွေးနွေးတာက ငါတို့ကို အကြံတစ်ချို့တော့ ရလာစေလောက်တယ်….”
“ ဒါပေမယ့် အခု ပြဿနာက အစိုးရဌာနတွေတင် မကဘူး .. ဟွာရှရဲ့ အဓိက စီးပွားရေး လုပ်ငန်းတွေကပါ ဒါကို ရေးကြီး ခွင်ကျယ် လုပ်နေကြတာပဲ … သူတို့ကြောင့်သာ မဟုတ်ရင် တိုးတိုးတိတ်တိတ် ပြီးသွားရမယ့် ဒီကိစ္စက ဒီလောက် အတိုင်းအတာအထိတောင် ရောက်လာခဲ့မှာ မဟုတ်ဘူး …”
“ ဆိုတော့ … ပြဿနာရဲ့ မိန်းပွိုင့်က လင်းယွင်အုပ်စုမှာပဲ …” ရန်ထျန်းနန် ဆက်လက်၍ “ သူတို့က ဟွာရှ Semiconductor နယ်ပယ်ရဲ့ ဦးဆောင်သူတွေ … ဂုဏ်သတင်းကလည်း အတော်ကြီးတယ်ဆိုတော့ .. သူတို့ကိုသာ ငါတို့ဘက်ရောက်အောင် ဆွယ်နိုင်ခဲ့ရင် ဒီပြဿနာကို အေးဆေးလေး ဖြေရှင်းလိုက်လို့ရတယ်….”
“ ဒါပေမယ့် အဲ့ မိန်းမနှစ်ယောက်က စက်ဆုပ်စရာ ကောင်းလွန်းတယ်… ငါတို့ကို အရေးတယူတောင် မလုပ်ကြဘူး ….”
ရန်ထျန်းနန် သူ၏ မျက်လုံးအား ကျဉ်းမြောင်း၍ အသံနိမ့်လိုက်ပြီး “ ငါ့ဘက်က ခု အခြေအနေနဲ့ သူတို့ကို မကိုင်တွယ်နိုင်သေးဘူးဆိုရင်တောင် အရင်ခေါင်းဆောင်ကို အကူအညီ တောင်းလို့ရတယ် … လက်မောင်းတစ်ဖက်က ပေါင်တစ်ချောင်းကို ဆန့်ကျင်လို့ မနိုင်ပါဘူး .. သူတို့ ဘယ်လောက်ထိ လုပ်နိုင်စွမ်းရှိလဲဆိုတာ ငါကြည့်စမ်းဦးမယ်…”
“ ဥက္ကဌရန်က ပြောလာပြီ ဆိုမှတော့ ကျုပ် ဒီကိစ္စမှာ ပိုပြီး ယုံကြည်ချက် ရှိသွားပြီ …” ကျောက်ဖုန်းဟွာ အပြုံးလေးဖြင့် ပြောလိုက်သည်။
ရန်ထျန်းနန် ခေတ္တ အတွေးနက်သွားခဲ့၏။ ထို့နောက် ဖုန်းကိုင်၍ ခေါ်ဆိုမှု တစ်ခုအား ပြုလုပ်လိုက်သည်။
“ အကြီးအကဲချိန် … ကျုပ် ရှောင်ရန်ပါ … အလုပ်ရှုပ်နေလား မသိဘူး ….”
“ မရှုပ်ပါဘူးကွာ .. အခုက သတင်းစာ ဖတ်နေတာ….” ဖုန်းတစ်ဖက်ခြမ်းရှိ ပျူငှာသည့် အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာသည်။
သိသာစွာဖြင့် တစ်ဖက်သူမှာလည်း ရန်ထျန်းနန်၏ ဖုန်းအား လက်ခံဖြေဆိုရသည်ကို ပျော်ရွှင်နေဟန် ရှိလေသည်။
“ အကြီးအကဲချိန် … ခင်များ အခုအားတယ်ဆိုရင် ကျုပ် ကိစ္စလေး တစ်ခုလောက် တိုင်ပင်ချင်လို့ပါ …” ရန်ထျန်းနန် အပြုံးလေးဖြင့် ပြောလိုက်သည်။
ဖုန်းတစ်ဖက်ခြမ်းရှိ လူအိုကြီးမှာ တစ်စက္ကန့်မျှ ရပ်တန့်သွားခဲ့ပြီး “ ခဏစောင့် … ငါ အခန်းထဲ သွားလိုက်ဦးမယ်…”
“ ဟုတ်ကဲ့ … ဒုက္ခပေးမိပြီ အကြီးအကဲချိန် …”
မကြာမီ တံခါးဖွင့်သံအား ကြားလိုက်ရပြီး အနိမ့်သံတစ်ခုက ကပ်လျက် လိုက်ပါလာခဲ့၏။
“ ငါ့ကိုပြောတော့ … အခု ဘာကိစ္စလဲ …”
“ အကြီးအကဲချိန် … လတ်တလော Tesla မှာ ကိစ္စလေးတစ်ချို့ ရှိနေလို့ အဲ့ဒါ အကြီးအကဲလည်း သိမယ်ဆိုတာ ကျုပ် သိပါတယ်…”
“ ငါ နည်းနည်းတော့ သိထားတယ်… မသိရအောင်လည်း အွန်လိုင်းမှာ ဗွက်ပေါက်နေတာကို မမြင်ချင်တောင် မြင်နေရတာ … မင်းတို့ ဒီကိစ္စ မြန်မြန် မလုပ်ဘူးဆိုရင် ဟွာရှ ဈေးကွက်ထဲမှာ ဆက်ပြီး ရှင်သန်နိုင်ဖို့ဆိုတာ တော်တော် ခက်ခဲသွားတော့မှာပဲကွ….”
“ အမှန်ပဲ … ကျုပ် အခု အဲ့ဒီ ကိစ္စနဲ့ တော်တော်လေး ကြံရာမရ ဖြစ်နေလို့ …” ရန်ထျန်းနန် ပြောလိုက်ပြီး “ ကျုပ် အစကတော့ အကြီးအကဲကို ဒုက္ခမပေးချင်ပါဘူး … ဒါပေမယ့် ကျုပ်မှာလည်း ရွေးချယ်စရာက ရှိမနေတော့လေ… အကြီးအကဲက ကျုပ်တို့ကို ဒီရောက်အောင် ခေါ်လာပေးတဲ့လူဆိုတော့ ကျုပ်တို့ကို အုတ်မြစ်ချနိုင်အောင် ကူညီပေးခဲ့တဲ့လူလို့ ပြောလို့ရတယ် … တကယ်လို့ အကြီးအကဲသာ မကူညီပေးဘူးဆိုရင် ကျုပ်တို့တော့ ဒီခု ကပ်ဘေးမှာ ဆက်ရှင်သန်နိုင်မှာ မဟုတ်တော့ဘူး …”
ဟာဘာ၏ ရောက်လာခဲ့မည် ဆိုသည့် စကားက ရန်ထျန်းနန် အပေါ် အတော်လေး ဖိအားများသွားစေသည်။
မဟုတ်ပါက တစ်ဖက်သူအား ဤသို့ ခခယယနှင့် မျက်နှာအပူခံပြီး အကူအညီတောင်းနေမှာ မဟုတ်ချေ။
“ ငါ နားလည်တယ်… ဒါပေမယ့် အခြေအနေတွေက ဒီခု အတိုင်းအတာထိတောင် ရောက်လာခဲ့ပြီဆိုတော့ နည်းနည်း ခက်တာတော့ အမှန်ပဲ … ငါ့ဘက်က အကောင်းဆုံး ကြိုးစားပေးဖို့ပဲ တတ်နိုင်တော့မှာ …”
“ အဲ့လိုဆိုရင်ကိုပဲ ကျုပ် ကျေနပ်ပါတယ်…” ရန်ထျန်းနန် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် စိတ်ချပါ အကြီးအကဲချိန် … အကြီးအကဲရဲ့ အားထုတ်မှုတွေကို အလကား မဖြစ်စေရဘူး … ကျေးဇူးပြုပြီး လုပ်စရာ ရှိတာသာ လုပ်ပေးပါ .. ကျုပ်တို့ဘက်က အားလုံး အဆင်ပြေစေရမယ်…”
“ မင်းကတော့ မဟုတ်တာတွေ လာပြောနေပြန်ပြီ … Tesla ကို စက်ရုံတည်ဆောက်နိုင်အောင် ငါကပဲ ကူညီပေးခဲ့တာပါကွ … ဒီလို ကိစ္စမျိုးတွေ ဖြစ်လာပြီဆိုတော့ ငါ့ဘက်က ကူညီပေးသင့်တာ ပုံမှန်ပါပဲ …” အဘိုးကြီးမှ ပြောလိုက်ပြီး “ အခု အခြေအနေ အတိအကျကို ငါ့ပြောပြ … ဒါမှ အဓိက အချက်ကို သိပြီး ကူညီပေးလို့ရမှာ ..”
“ တကယ်တော့ … အဓိက ပြဿနာက လင်းယွင်အုပ်စုပဲ … သူတို့က ဒီကိစ္စမှာ အရင်ဆုံး ရှေ့ထွက်လာတဲ့လူ … ပြီးတော့ ကုမ္ပဏီတွေ တော်တော်များများကလည်း သူတို့ဘက်ခြမ်းမှာ ရပ်တည်နေကြတယ်…” ရန်ထျန်းနန် ဒေါသတကြီးဖြင့် ဆိုလိုက်ပြီး “ အဲ့ဒီ လင်းယွင်အုပ်စုကြောင့်သာ မဟုတ်ရင် ဒီနေ့လို အခြေအနေမျိုးတွေ ဖြစ်လာမှာတောင် မဟုတ်ဘူး … “
“ လင်းယွင်အုပ်စု .. ဟုတ်လား …” တစ်ဖက်သူမှ ရေရွတ်လိုက်ပြီး “ တာဝန်ရှိတဲ့လူက ဘယ်သူလဲတဲ့ … ငါ သူတို့နဲ့ စကားပြောကြည့်လိုက်မယ်…”
“ သူတို့ရဲ့ ဒုဥက္ကဌက ဟော်ယွမ်ယွမ်နဲ့ ထျန်းရန် ..”
“ ကောင်းပြီ .. ငါနဲ့ လွှဲထားခဲ့လိုက် .. ငါ့ဘက်မှာ အကြောင်းထူးရင် မင်းဆီ သတင်းပြန်ပေးမယ်…”
“ ပြီးတော့ ဒီလိုရှိသေးတယ် အကြီးအကဲချိန် … ဒုဥက္ကဌ ထျန်းရန်က အဆင်ပြေတယ် … ဒါပေမယ့် ဟော်ယွမ်ယွမ်ဆိုတဲ့ တစ်ယောက်ကတော့ ပြောလို့ဆိုလို့ သိပ်မလွယ်ဘူး … ကျုပ် ကိုယ်တိုင် သူနဲ့ စကားသွားပြောခဲ့တာတောင် သူ ကစားတာ ခံလိုက်ရတယ် …”
“ ဟမ့် … ဒီတိုင်း ကုန်သည်ပွဲစားလေး တစ်ယောက်ကများ …. သူ ငါ့ရှေ့မှာ ဘယ်လိုဇနဲ့ လုပ်ဝံ့လဲဆိုတာ ငါကြည့်စမ်းဦးမယ်….”
“ ဟားဟား .. ဒါပေါ့ ဒါပေါ့ ဒါပေါ့ … ကျေးဇူးတင်ပါတယ် အကြီးအကဲချိန် … ဒီကိစ္စ ပြီးသွားတဲ့ အခါကျရင် ကျုပ် သေချာပေါက် လာလည်ပါဦးမယ်…”
“ အလျင်လိုစရာ မလိုပါဘူး … ဒီကိစ္စ ဖြေရှင်းပြီးတဲ့ အခါကျ ထိုင်ပြီး အသေးစိတ် စကားထပ်ပြောကြတာပေါ့ …”
“ ဒါပေါ့ ဒါပေါ့ ဒါပေါ့ … ဒါဆိုလည်း ကျုပ် အကြီးအကဲချိန်ဆီက သတင်းကောင်းကို စောင့်နေပါ့မယ်….”
စာစဉ် (၁၁၆) ပြီး၏။