← Chapters

ကိုယ့်ဘာကိုယ် နှုတ်ထွက်

Vol. 116 Ch. 1727

ကိုယ့်ဘာကိုယ် နှုတ်ထွက်

Vol. 116 Ch. 1727

“ ဟမ် … ကြည့်ရတာ အစ်မရင်းကို သေသေချာချာလေး အချိန်ပေးပြီး သင်ပြပေးဖို့ လိုနေပြီ ထင်တယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါမှ တစ်နှစ်လောက်အထိ အကြောင်း မဟရဲတော့မှာ …”

ဝမ်ရင်း လင်းရီအား ကျီစယ်လိုသည့် အပြုံးလေးဖြင့် ကြည့်၍ “ မောင်လေးရီက တကယ် လုပ်မယ်ဆိုရင် အစ်မလည်း ရွေးချယ်စရာတော့ မရှိဘူး … ဒါပေမယ့် …. “

“ ဒါပေမယ့် ဘာလဲ ….”

“ မောင်လေးရီကို ရင်ဘက်ဖွင့်ပြီး ကြိုဆိုနေဖို့ပဲပေါ့ …”

“ တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ဆိုးသွမ်းလာနေပါလား …”

ပြင်းထန်သည့် တိုက်ပွဲ ပြီးဆုံးသည့်နောက် နှစ်ယောက်သား စကား ခေတ္တ ပြောနေခဲ့ကြသည်။

၎င်းနောက် လင်းရီသည် ကျီချင်းရန်အတွက် ကောက်ညင်းလုံးများ သွားဝယ်ပေး၍ ဓာတ်ဘူးနဲ့ ဘယ်ရီသီးများကိုတော့ ကားထဲတွင် ပြန်ထားလိုက်၏။

အလုပ်ပြီးနောက် နှစ်ယောက်သား အတူ ဈေးဝယ်ထွက်ကြသည်။ ကျီချင်းရန်က လင်းရီအတွက် မျက်နှာ အသားအရေ ထိန်းသိမ်းသည့် မာ့စ်တစ်ချို့ ဝယ်ပေး၏။

ကောင်းသည့်ဘက်က ပြောရမည်ဆိုပါက အမျိုးသားများကလည်း မိမိတို့၏ အသားအရေကို မပေါ့ဆသင့်ပေ။ သေချာလေး ဂရုစိုက်ပေးသင့်၏။

လက်ဆေးဆပ်ပြာခဲ တစ်ခုတည်းဖြင့် မျက်နှာသစ် ခေါင်းလျှော် ဘက်စုံသုံးနေ၍လည်း မဖြစ်သေးချေ။

ပစ္စည်းများ ဝယ်ခြမ်းပြီးနောက် နှစ်ယောက်သား ဟော့ပေါ့စားကာ အိမ်သို့ ပြန်လာခဲ့ကြသည်။

……

မန်ကျန်း အဆောက်အအုံသည်ကား ကျိုးဟိုင်တွင် အတော် နာမည်ကြီးသည့် စားသောက်ဆိုင် တစ်ဆိုင်ပင်။ ၎င်းက ဟွမ်ဖူမြစ်၏ နံဘေးတွင် တည်ရှိပြီး စီချွမ် စားသောက်ဖွယ်ရာများ အထူးရောင်းချသည့် ဆိုင်ဖြစ်၏။

မီချယ်လင်း ကြယ်ပွင့်တို့ မရရှိထားသော်လည်း ဤဆိုင်တွင် စားသောက်လိုသည်ဆိုပါက အဆက်အသွယ် တစ်ချို့ ရှိနေဖို့တော့ လိုသည်။ မဟုတ်ပါက တစ်ပတ်အလိုကပင် ကြိုပြီး ဘွတ်ကင်ပေးမှ အဆင်ပြေပါသည်။ အဘယ်ကြောင့်ဆိုသော် စားသောက်ဆိုင် တစ်ဆိုင်လုံး၌ စားပွဲက ခြောက်လုံးမျှသာ ရှိပြီး ဝမ်းနည်းဖို့ကောင်းလောက်အောင် နည်းပါးလွန်းလှ၏။

စားသောက်ဆိုင်၏ အတွင်းဘက်ကျဆုံး ဝိုင်းတွင် လူနှစ်ယောက် ထိုင်နေလျက် ရှိသည်။

နှစ်ယောက်လုံးက လေးဆယ် အရွယ်များ ဖြစ်ကြပြီး ရှပ်နှင့် ဘောင်းဘီရှည်များ ဝတ်ဆင်ထားကာ သန့်ပြန့်နေကြ၏။

တစ်ယောက်က လင်းရီနှင့် နေ့ခင်းဘက်လေးတင် ဆုံတွေ့ခဲ့သည့် ကျောက်ဖုန်းဟွာပင်။

သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် အမျိုးသားမှာမူ မျက်မှန် တပ်ထားပြီး ကျောက်ဖုန်းဟွာထက် နည်းနည်းပိုပိန်သည်။ အသားလည်း ပိုညိုပြီး ပါးရည်နပ်ရည် ရှိသည့် လူတစ်ယောက် ဖြစ်မည့် ခံစားချက်မျိုးအား ပေးစွမ်းနေလျက် ရှိသည်။

ထိုအမျိုးသား၏ နာမည်က ရန်ထျန်းနန်ပင်။ သူက Tesla ၏ အာရှပစိဖိတ် ဒေသ တာဝန်ရှိသူ တစ်ဦးဖြစ်ပြီး ကုမ္ပဏီ၏ အရေးကိစ္စများအားလုံးကို ကိုင်တွယ်ဆောင်ရွက်နေသူ တစ်ဦးဖြစ်ကာ အာဏာကလည်း အတော်ကြီးသည့် လူတစ်ယောက်ဖြစ်သည်။

“ ဥက္ကဌရန် … လင်းရီကို ဂရုစိုက်ပေးဖို့ ကျုပ်လူတွေကို ပြောထားပြီးပြီ… ဘာတွေ ဖြစ်နေလဲဆိုတာ သူတောင် သိသေးဦးမယ် မထင်ဘူး …” ကျောက်ဖုန်းဟွာ အပြုံးလေးဖြင့် ပြောလိုက်၏။

“ အရင်ဆုံး သူ့ရဲ့ ရာထူးကို ဖယ်မယ်… ပြီးရင် အွန်လိုင်းမှာ သူ့ မကောင်းကြောင်း သတင်းတွေ ရှိလား စုံစမ်းလိုက် … ပြီးရင် သူ့ကို ဖော်လိုက် …”

ကျောက်ဖုန်းဟွာ ခေါင်းညိမ့်လိုက်၏။ “ လုပ်ခိုင်းလိုက်မယ် … ဒါပေမယ့် ရန်ပင်းဆိုတဲ့ အမျိုးသမီးကတော့ ကျုပ်တို့ကို အခုထိ တရားစွဲမယ် လုပ်နေတုန်းပဲ … အွန်လိုင်းမှာလည်း မကောင်းတဲ့ မှတ်ချက်တွေက တော်တော်လေး ပလူပျံနေတာ … ကျုပ်တို့ကိုတောင် ဆိုးဆိုးရွားရွား ထိခိုက်လာနေပြီ….”

“ ပြဿနာ မရှိဘူး … blogger တချို့နဲ့ short video creator တစ်ချို့ ငှားပြီး ပြည်သူတွေရဲ့ အမြင်ကို ပြောင်းပစ်လိုက်လို့ရတယ် … မင်း လုပ်စရာရှိတာကိုပဲ လုပ် …”

“ နားလည်ပါပြီ ဥက္ကဌရန် …”

ရန်ထျန်းနန် သူ၏ ပါးစပ်အား သုတ်၍ ပြုံးလိုက်သည်။

ငါနဲ့ တိုက်ခိုက်ချင်တယ်ဆိုလည်း ကိုယ့်မှာ အဲ့လိုအစွမ်းအစရှိလား အရင်သိသင့်တာပေါ့ … ငါ့ဘက်က မင်းကို မျက်နှာသာပေးပြီးပြီ .. ဒါတောင် သူတော်ကောင်းကြီး လုပ်ပြီး အရာရာကို ဝင်စွက်ဖက်ချင်နေတယ်ဆိုတော့ ငါ့အဆိုး မဆိုနဲ့ပေါ့ …

…….

နောက်တစ်နေ့ နံနက်ခင်းတွင် လင်းရီသည် အစီရင်ခံရန် အတွက် မြို့ပြ စီမံရေးရုံးသို့ ရောက်ရှိလာခဲ့သည်။

သူ ဌာနထဲသို့ ဝင်သည်နှင့် လေထုက သိပ် မူမမှန်နေတာကို သတိထားမိလိုက်သည်။

“ မင်းက လင်းရီလား ….”

ပြောလာခဲ့သူက ချောင်ကျန့် အမည်ရသည့် ဌာန ခေါင်းဆောင်ပင်။ သူ၏ လေးတိလေးကန် မျက်ခွံများဖြင့် လင်းရီအား ပေါ့သေးသေး ကြည့်နေလျက်ရှိ၏။

“ ကျုပ်ပဲ …” လင်းရီ သာမန်လေသံဖြင့် ပြန်ဖြေလိုက်သည်။

ချောင်ကျန်း၏ သဘောထားက သူမျှော်လင့်ထားသည့် အတိုင်းအတာအတွင်း၌သာ ရှိသည်။ သူက ဤနေရာသို့ စေလွှတ်ခြင်း ခံလိုက်ရသည်ဖြစ်ရာ ဆိုရိုးဟောင်းများအတိုင်း သူက ပထုတ်ခံလိုက်ရခြင်း ဖြစ်၏။

ကျန်းလင် ဆိုသည့် လူကလည်း သူ့အကြောင်းကို ဌာနခေါင်းဆောင်ဆီသို့ သီးသန့်စကားများ ပြောထားမည်မှာ ကျိန်းသေသလောက်ပင်။

ထို့ကြောင့် သူ့အား ယခုလို အပြုအမူမျိုးဖြင့် ဆက်ဆံလာသည်က သဘာဝပင်။

“ မင်း အရင် ထရိန်နင် သွားဆင်းချည် … တစ်ပတ်ပြီးရင် အလုပ် စဆင်းရမယ်…” ချောင်ကျန့် ပြောလိုက်၏။ “ စံနှုန်း မမီဘူးဆို အလုပ် ဖြုတ်ခံရမယ် … အကဲဖြတ် စစ်ဆေးမှု အောင်တယ်ဆို သုံးလ အစမ်းခန့် သက်တမ်း ရှိမယ်… လစာ မရှိဘူး … မင်း သေချာစဉ်းစား …”

“ ကျုပ်က ဒီကို အထူးအမိန့်နဲ့ ရောက်လာခဲ့တာ ထရိန်နင်ဆင်းဖို့ လိုသေးတာလား …”

ချောင်ကျန့် မျက်ခုံးပင့်၍ လင်းရီအား မော့ကြည့်လာခဲ့၏။

“ ဘာလို့ ထရိန်နင် မဆင်းရမှာ … မင်းကိုယ်မင်း သောက်ရမ်း ထူးခြားနေတဲ့ ကောင်လို့များ ကိုယ့်ကိုယ်ကို ထင်နေတာလား …”

“ မဟုတ်ပါဘူး … ဒီတိုင်း မေးကြည့်ရုံပါပဲ …”

လင်းရီ ခပ်သာသာ ရယ်သွမ်း၍ သူနှင့် ငြင်းခုန်မနေတော့ချေ။

သူ့ ရင်ဘက်ထဲတွင် အမှန်တရားအား သိရှိထားပြီး ဖြစ်သည်။ ဤအတိုင်း အတွေ့အကြုံ အသစ် တစ်ခု ရသည်ဟုသာ သဘောထားလိုက်၏။

“ အနောက်က ကွင်းထဲမှာ လူသစ် တစ်သုတ်ရှိတယ်… နည်းပြနာမည်က လုချွင် … မင်း သူ့ကို အသေးစိတ် တင်ပြလိုက် …” ချောင်ကျန့် သူ၏ လက်အား စိတ်မရှည်စွာ ဝှေ့ရမ်းပြီး ပြောလိုက်သည်။

“ ဟုတ်ကဲ့ …”

လင်းရီ နောက်သို့ လှည့်ပြီး ထွက်လာခဲ့လိုက်သည်။ ချောင်ကျန့် ခြေတင်ချိတ်လျက်သားဖြင့် သူ့အား တစ်ချက် ကြည့်လိုက်၏။

“ ဘာမှ မသိတဲ့ကောင် … မင်းက အရှင်သခင် တစ်ယောက်ကို အပြစ်ပြုထားမိတာတောင် ဘာတွေ ဖြစ်နေမှန်း ခုထိ နားမလည်သေးဘူးတဲ့ …. သနားဖို့ ကောင်းလိုက်တာ …”

ရုံးအဆောက်အဦးနောက်ဘက်တွင် ပြိုင်ပွဲကွင်း အသေးလေး တစ်ခု ရှိသည်။

ညှိနှိုင်းဆွေးနွေးပြီးသည့်နောက် သူတို့အားလုံး တစ်ပတ်တိတိ ဤနေရာတွင် လေ့ကျင့်နိုင်ရန်အတွက် ကိရိယာ ပစ္စည်းများအား အသုံးပြုခွင့် ရရှိခဲ့လေသည်။

ကွင်းထဲတွင်တော့ လူ အယောက်နှစ်ဆယ်ကျော် မတ်တပ်ရပ်နေလျက် ရှိပြီး အကုန်လုံးက အမျိုးသားများ ဖြစ်ကြ၏။ ပြောက်ကျားဘောင်းဘီနှင့် စစ်ရောင် တီရှပ်ကို ဝတ်ဆင်ထားကြပြီး နေပူကျဲတဲကြီးအတွင်း၌ ကျောကို တန်းမတ်စွာ မတ်တပ်ရပ်နေလျက် ရှိကြသည်။

၎င်းတို့၏ ရှေ့တည့်တည့်တွင်တော့ အရပ်ရှည်ရှည်နှင့် အမျိုးသား တစ်ဦး ရှိသည်။

သူက ၃၅ ၊ ၃၆ ဟု ထင်ရပြီး ညိုညစ်သည့် အသားအရေနှင့် ကျန်လူများနည်းတူ ဝတ်ဆင်ထားလေသည်။ သို့သော် တင်းကြပ်သည့် ရှပ်ကြောင့် လက်မောင်းနှင့် ရင်အုံကြွက်သားကြီးတို့က ဖောင်းထွက်နေကာ ပိုပြီး ကြံ့ခိုင်သည့် အသွင်သို့ ရောက်စေသည်။

ထိုအမျိုးသား၏ နာမည်က လုချွင်ဖြစ်ပြီး လက်ဝှေ့နည်းပြ တစ်ဦးပင်။ ချောင်ကျန့်နှင့် အမျိုးမကင်းသဖြင့် ဤနေရာသို့ အချိန်ပိုင်း နည်းပြ တစ်ယောက်အဖြစ် အလုပ်ခန့်အပ်ခြင်း ခံရကာ ငွေပိုငွေကြေး တစ်ချို့ ရှာဖွေနိုင်ခဲ့၏။

အနောက်တံခါးသုံး၍ ဝင်လာခဲ့သည်ဆိုသော်ငြားလည်း လုချွင်၏ အရည်အချင်းတို့ကတော့ အမှန်ပင် မဆိုးလှချေ။ တစ်ချိန်က ကျိုးဟိုင် လက်ဝှေ့ချန်ပီယံ တစ်ဦးဖြစ်ခဲ့၏။ မဟုတ်ပါက သူ၏ အဆက်အသွယ်တို့ မည်မျှ ကောင်းနေစေကာမူ ဤနေရာ၌ အလုပ်ရရန်က ထင်သလောက် လွယ်ကူလိမ့်မှာ မဟုတ်ချေ။

“ သက်သာ … အားလုံး မိနစ် ၃၀ နားချိန်ရမယ်…”

လုချွင် လူတိုင်း၏ အရှေ့တွင် ရပ်၍ အမိန့်ပေးလိုက်၏။

သို့သော် လူတိုင်းမှာ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်မိသွားခဲ့ကြသည်။ ပုံမှန်ဆိုပါက ဤအချိန်သည် နားရမည့် အချိန်မဟုတ်သေးချေ။ အဘယ်ကြောင့် ယခု နားခွင့်ရနေသနည်း။

ထို့ပြင် နားခွင့်ရသည့် အချိန်ကလည်း နာရီဝက်တိတိဖြစ်၏။ သူတို့အားလုံး ထူးထူးခြားခြား ဆက်ဆံခံလိုက်ရသည့်နှယ် ခံစားသွားခဲ့ကြရသည်။

“ နည်းပြ … တစ်ခုခု ကောင်းတာ ရှိလို့များလား … ကျုပ်တို့ကို ဒီလောက်ထိ နားချိန် အရှည်ကြီး ပေးနေတယ်ဆိုတော့ …..”

“ လူသစ် တစ်ယောက် လာဖို့ ရှိတယ်…. သူ ဘယ်လို ပုံစံမျိုးလဲဆိုတာ ငါ ကြည့်ချင်လို့ ….”

ထို မနက်ခင်းတွင် ချောင်ကျန့်သည် လုချွင်ထံသို့ ဖုန်းခေါ်၍ လင်းရီဆိုသည့် တစ်စုံတစ်ယောက် တာဝန်အတွက် အစီရင်ခံရန် လာမည်ကို ကြိုတင် အကြောင်းကြားလာခဲ့၏။ ထို့ပြင် အထုပ်အပိုး ပြင်ပြီး မထွက်ခွာနိုင်မီ လှည့်ကွက်သုံး၍ သင်ခန်းစာ ကောင်းကောင်း တစ်ခု ပေးရန်လည်း သူ့အား ညွှန်ကြားလာခဲ့သေး၏။

ထို့ကြောင့် လုချွင်သည် သူ၏ အချိန်တစ်ချို့အား ဘေးချိတ်၍ လူသစ်အား သင်ခန်းစာ ကောင်းကောင်းပေးရန် စိုင်းပြင်းနေလျက် ရှိလေတော့သည်။

“ လူသစ်တဲ့လား … ငါတို့ လေ့ကျင့်ရေး ဆင်းနေတာတောင် သုံးရက် ရှိနေပြီကို ဘယ်နားက လူသစ် ရောက်လာခဲ့တာ ….”

“ ငါကြားတာတော့ သူ အမှား တစ်ခုခု ကျူးလွန်မိလို့ ဒီကို ရွေ့ပြောင်းခံလိုက်ရတယ်ဆိုပဲ …. သူ့ လယ်ဗယ်ကြည့်ရတာတော့ ဆိုးမယ့်ပုံ မပေါ်ဘူး … ငါတို့ ခဏနေ စမ်းကြည့်ကြတာပေါ့ ….”

“ လာနောက်နေတာလား … သူက သာမန်လူတွေနဲ့သာ မဆိုးဘူးဆိုပေမယ့် မင်းလို ကောင်ကြီးကိုတော့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ …”

“ အပြောမစောသေးနဲ့ဦး … သူ လာတဲ့ အခါကျရင် ဘယ်လိုရှိလဲ အကုန် မြင်ရမှာပဲ ….”

ထိုအခိုက်အတန့်တွင် လူအုပ်ကြီးထဲမှ အံ့အားတကြီး မြည်တမ်းသံတို့ ထွက်ပေါ်လာသည်။

“ ဟေ့ကောင်တွေ … တစ်ယောက်ယောက် အဆောက်အဦးထဲက ထွက်ခဲ့တယ်ကွ … ကြည့်ရတာ နည်းပြ ပြောတဲ့ လူသစ်ထင်တယ်…..”

“ မဖြစ်နိုင်တာ … လူကောင်ကို ကြည့်စမ်း …. ခပ်ချောချော ကောင်လေးဆိုတာ အရှင်းကြီး .. ငါ့လက်မောင်းတွေတောင် သူ့ပေါင်လုံးလောက် ရှိတယ်… ဒီကောင့် ပုံစံ ကြည့်ရတာ လေ့ကျင့်ထားတဲ့ ပုံလည်း မပေါ်ပါဘူး …”

လုချွင်လည်း လင်းရီအား ကြည့်ပြီးသည့်နောက် ယခုလို အတွေးမျိုး ဝင်လာသည်။

တခြားဥစ္စာတွေကို မစဉ်းစားသေးနဲ့ဦး … ခန္ဓာကိုယ်ချင်း ယှဉ်ရင်ကိုပဲ လင်းရီက သူနဲ့ အဆင့်ကြီး တစ်ခုလောက် ကွာနေပြီ…

သင်တန်းသားတွေ ပြောသလိုပဲ ချောင်ကျန့် ပြောထားတဲ့ လူသစ်တော့ မဖြစ်နိုင်လောက်ဘူး ….

တစ်ချိန်တည်းတွင် လင်းရီသည် အသင်း၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး လုချွင်အား ပြောလိုက်၏။

“ ခင်များက လုချွင်လား ….”

“ ငါပဲ … မင်း ဘာကိစ္စ ရှိလို့လဲ …”

“ ကျုပ်နာမည် လင်းရီ … ကျုပ် ဒီကို အစီရင်ခံဖို့ လာခဲ့တာ …”

လင်းရီ မည်သူမည်ဝါ ဖြစ်သည်ကို သိရှိလိုက်ရပြီးနောက် လူတိုင်း စတင် တီးတိုးသံများ ထွက်ပေါ်လာသည်။ ဤ ခပ်ချောချော ကောင်လေးက အသစ်ရောက်လာသည့် လူသစ် ဖြစ်လိမ့်မည်လို့ သူတို့ ထင်မှတ်မထားခဲ့ကြချေ။

“ မင်းက ….. ဟုတ်လား ….”

လုချွင်သည် လင်းရီအား အထင်သေးသည့် အမူအရာဖြင့် ခြေဆုံး ခေါင်းဆုံး တစ်ချက် ကြည့်လိုက်သည်။

“ မင်းရဲ့ ဒီလို ဘော်ဒီမျိုးနဲ့ဆို ငါတို့ရဲ့ ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေကို သည်းခံနိုင်မှာ မဟုတ်ဘူး … ငါ အကြံပေးတာကို နားထောင်ပြီး ကိုယ့်ဘာကိုယ် နှုတ်ထွက်သွားလိုက် ….”

All Chapters