ကျုပ် ထပ်လေ့ကျင့်ဖို့ မလိုဘူး …
Vol. 116 Ch. 1728
“ နှုတ်ထွက်ရမယ် ဟုတ်လား ….”
“ မင်း နားကြား မမှားဘူး … ဒီနေရာက မင်း ရှိနေသင့်တဲ့ နေရာမဟုတ်ဘူး …”
မူလတုန်းက လုချွင်သည် ချောင်ကျန့်၏ စီစဉ်မှုကို နာခံ၍ လင်းရီအား သင်ခန်းစာ ပေးချင်ခဲ့၏။ သို့သော် တစ်ဖက်လူကို မြင်လိုက်သည်နှင့် ထိုအကြံအား ချက်ချင်း လက်လျှော့လိုက်တော့သည်။
သူ၏ အဆင့်ဖြင့် လင်းရီအား သင်ခန်းစာပေးနေမည်ဆိုပါက အများအမြင်တွင် အနိုင်ကျင့်နေသည်မှာ သိပ်ကို သိသာလွန်းသွားလိမ့်မည်။
အတန်းကြီး ကျောင်းသားက သူငယ်တန်း ကလေးကို အနိုင်ကျင့်နေသကဲ့သို့ ဖြစ်သွားမှာ ဖြစ်၏။ အကယ်၍ ဤဖြစ်ရပ်သာ အပြင်သို့ ပေါက်ကြားသွားမည်ဆိုပါက သူလည်း မျက်နှာလှစရာ အကြောင်းမရှိချေ။
“ ကျုပ်ဘက်က စတောင် မစရသေးတာကို ခင်များက ဘာလို့ ကျုပ် မလုပ်နိုင်ပါဘူးဆိုပြီး မှတ်ချက်တွေ လာပေးနေတာလဲ …”
လျိုကွမ်းရှန်နှင့် လီရှန်းဟွေ့တို့၏ ပံ့ပိုးပေးထားမှုကြောင့် လင်းရီသည် ဤနေရာ၌ ထရိန်နင်ဆင်းဖို့ ရည်ရွယ်ချက် မရှိပေ။ သူက ဤနေရာသို့ ခေတ္တ မျက်နှာ လာပြရုံသာ ဖြစ်ပြီး စုန့်တဲယွမ်၏ အမှုအား ဆက်လက် ကိုင်တွယ်ရန်အတွက် ရဲစခန်းသို့ ပြန်သွားမှာ ဖြစ်၏။
ယခုတော့ ကောင်းနေချေပြီ။ သူ့ဘက်က ဘာတစ်ခွန်းမျှပင် မပြောရသေးသော်လည်း ဤကောင်က သူ့အား နှုတ်ထွက်ရန် ဖိအားပေးနေသည်။
“ မင်းကိုယ်မင်းနဲ့ ဒီက သင်တန်းသားတွေရဲ့ ဘော်ဒီချင်းပဲ တစ်ချက် ယှဉ်ကြည့်လိုက် … ဒီလို ပြင်းထန်တဲ့ တောင်းဆိုချက်တွေ ရှိတဲ့ အလုပ်နဲ့ မင်းက မကိုက်ဘူး … သွားပြီး မော်ဒယ်ဖြစ်ဖြစ် တခြား မျက်နှာနဲ့ လုပ်စားရတဲ့ အလုပ် သွားလုပ် … ဒီမှာလာပြီး လေ့ကျင့်နေရင် အချိန်ဖြုန်းတာပဲ အဖတ်တင်မယ်….”
“ ညီကို … မင်း ထွက်သွားသင့်တယ် … ငါတို့ ထရိန်နင်က သောက်ရမ်း ပြင်းထန်တာ … မင်း ကိုယ့်နေရာကိုယ် သိတာ အကောင်းဆုံးပဲ ….”
ကွင်းထဲတွင် လေ့ကျင့်နေသည့် လူများလည်း ဘေးမှ နေ၍ အေးတိအေးစက် ကြည့်နကြ၏။ မည်သူကမျှ အားတက်သရော ကြိုဆိုလိုသည့် အရိပ်အယောင်များ ပြသမနေကြချေ။
ဤသို့သော ခံစားချက်က လင်းရီ ယခင် ထရိန်နင်တွင် ရရှိခဲ့သည့် ခံစားချက်နှင့် အတော်လေး ကွဲပြားနေသည်။
အဓိက အကြောင်းအရင်းမှာတော့ လင်းရီနှင့် ကျန်သူများက မိမိတို့၏ ရလဒ်မှာ လုံလောက်အောင် ကောင်းမွန်သည်နှင့် ကျန်နေရစ်နိုင်သောကြောင့်ပင်။
သို့သော် လက်ရှိ သူ့အရှေ့တွင် ရှိနေသည့် လူများကတော့ ကွဲပြား၏။ စုစုပေါင်း ၂၆ ယောက် ရှိပြီး နောက်ဆုံးတွင် အရွေးချယ်ခံရမည့် လူက ၁၃ ယောက်သာလျှင် ရှိ၏။ ပြိုင်ဆိုင်မှုက အတော်လေး ပြင်းထန်သည်။
ဝင်လာသည့် လူ အရေအတွက်က ပိုများလေ၊ သူတို့ယှဉ်ပြိုင်နိုင်သည့် နေရာလွတ်က ပိုပြီး နည်းပါးလာလေ ဖြစ်၏။
လင်းရီ၏ ခန္ဓာကိုယ်က သူတို့ အတွက် ခြိမ်းခြောက်မှု ရှိသည်ဟု မခံစားရလျှင်ပင် သူတို့အတွက်တော့ အန္တရာယ် ရှိနေဆဲပင်။
လင်းရီ နှုတ်ထွက်သွားမှသာလျှင် ရတက်အေးရမည် ဖြစ်၏။
“ ကျုပ် နှုတ်ထွက်လိုက်ရင် ကျုပ်ရဲ့ အလုပ်လည်း ဆုံးရှုံးသွားရမှာ မဟုတ်လား ….”
“ မေးနေစရာ လိုသေးလို့လား …” လုချွင် ပြောလိုက်ပြီး “ မင်းက ထရိန်နင်တောင် မကျော်ဖြတ်နိုင်တာ ဒီမှာ အလုပ်ဆက်လုပ်ချင်သေးတယ်ပေါ့ ….”
“ ဒါဆို ကျုပ်ကို စိတ်ပူပေးစရာ မလိုဘူး … ဒီလို ထရိန်နင် အဆင့်လေးက ကျုပ်အတွက် ဘာပြောပလောက်တဲ့ အရာလေးမှ မဟုတ်ဘူး … ဒါကြောင့်မို့ ကျုပ် လေ့ကျင့်ရေး မဆင်းဘူး … ခင်များတို့ပဲ ကိုယ့်ဘာကိုယ် လေ့ကျင့်ကြ ….”
“ ခဏလေး …” လုချွင် စကားဖြတ်ပြောလိုက်ပြီး “ မင်း ပြောတာ မင်းက လေ့ကျင့်ရေးကို ဖြတ်ကျော်နိုင်တယ်ပေါ့ ဟုတ်လား ….”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ ဒါကြောင့်မို့ပဲ ကျုပ်က နောက်ဆက်တွဲ ထရိန်နင်တွေမှာ ဝင်ပါမှာ မဟုတ်တာဘဲ …..”
“ ဖူး … ဟားဟား …..”
၂၀ ကျော်သော သင်တန်းသားများအားလုံး အူနှိပ်၍ တဟားဟား ရယ်မောမိသွားခဲ့ကြသည်။
“ ညီကို … မင်း ဘာစကားတွေ လျှောက်ပြောနေတာလဲ … မင်းပြောတာ မင်းက လေ့ကျင့်ရေးကို ဖြတ်ကျော်နိုင်တယ် … ငါတို့ လေ့ကျင့်ရေးကို မပြောပလောက်ဘူးပေါ့ ဟုတ်လား … မင်း နောက်နေတာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်နော်… ဒီ ထရိန်နင်က ဘယ်လောက်တောင်မှ ပြင်းထန်လဲဆိုတာ မင်း တကယ်ကြီး မသိတာလား ….”
လင်းရီ ငိုရအခက် ၊ ရယ်ရအခက် ဖြစ်နေတော့၏။ ဤလူများက တော်တော်လေး ချစ်စရာ ကောင်းလှသည်။
“ မင်းတို့ရဲ့ ထရိန်နင်က ဘယ်လောက် ပြင်းထန်လဲ ငါ မသိဘူး … ဒါပေမယ့် ငါ ဖြတ်ကျော်နိုင်တာတော့ သေချာတယ်….”
“ လာခဲ့ … မင်း ဘယ်မှ မသွားသေးနဲ့ ….”
လုချွင်သည် လင်းရီအား ဟန့်တား၍ “ မင်းပြောတာ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်တယ် ပြောတယ်နော်…. ငါတို့ လူတွေနဲ့ အရင် လေ့ကျင့်လိုက် …”
ချောင်ကျန့်သည် လင်းရီအား သင်ခန်းစာ တစ်ခုပေးချင်နေသည်။ သို့သော် လုချွင်ကတော့ လျစ်လျူရှုထား၏။
ကနေဦးတုန်းက သူ့ဘက်မှ သက်ညှာပေးထားပြီး လင်းရီအား အသာတကြည် ထွက်သွားခိုင်းဖို့ စဉ်းစားထားခဲ့သည်။ သို့သော် တစ်ဖက်ကောင်က ပေါက်တတ်ကရ စကားများ ပြောလာသဖြင့် သူ့ဘက်က မှတ်သားလောက်သည့် သင်ခန်းစာ မပေးဘဲ ပြန်လွှတ်လိုက်မည်ဆိုပါက သူ့နေရာသူ နားလည်တော့မှာ မဟုတ်ချေ။
လင်းရီ သူ့နာရီကို တစ်ချက် ငုံ့ကြည့်လိုက်ပြီး အချိန်တစ်ချို့ ရှိသေးသည်ဟု ခံစားလိုက်ရ၏။ ထို့ကြောင့် သူ ပြန်ဖို့ အလျင်မလိုတော့ချေ။
“ ကောင်းပြီလေ… ခင်များတို့ဘယ်လိုတွေ လေ့ကျင့်ကြလဲ ကျုပ်ကိုပြော ….”
“ အရင်ဆုံး ငါးကီလိုမီတာ အရင်ပြေးကြတာပေါ့ …” လုချွင် ပြောလိုက်ပြီး “ မင်းဘက်က ဒီလိုအပ်ချက်လေးကိုတောင် မပြည့်မီဘူးဆိုရင် ဒီကနေ ချက်ချင်း ထွက်သွားလိုက်တော့ ….”
“ ပြဿနာ မရှိဘူး … “
“ နည်းပြလု … ခင်များရော ကျုပ်နဲ့ အတူလိုက်ပြီး စမ်းကြည့်ဦးမလား …”
“ ဟားဟား ……. “
ဝါးလုံးကွဲ ရယ်မောသံတို့ တစ်ဖန် ဆူညံသွားခဲ့သည်။
“ နောက်နေတာတွေ တော်လိုက်တော့ … နည်းပြရဲ့ အကောင်းဆုံး မှတ်တမ်းက ၂၀ မိနစ်နဲ့ ၈ စက္ကန့် … ငါတို့ဆီမှာ ရှိတဲ့ အမြန်ဆုံး ဆိုတဲ့ လူထက်ကို ၁ မိနစ် ပိုသာတယ်… မင်းက နည်းပြနဲ့ ပြိုင်ချင်သေးတယ်ပေါ့ ဟုတ်လား … ကိုယ့်သေတွင်းကိုယ် တူးတာပဲ …”
“ ငါတော့ စိတ်မရှိဘူး … မင်းတို့ဘက်က နောက်ဆုံးရလဒ်ကို လက်ခံနိုင်တယ်ဆိုရင် ရပြီ … မင်းတို့ရဲ့ ဘယ်သူနဲ့ပဲ ယှဉ်ပြိုင်ရ ယှဉ်ပြိုင်ရ ကိစ္စမရှိဘူး …” လင်းရီ ပြောလိုက်ပြီး “ ကြိုက်တဲ့ တစ်ယောက် ရွေးလိုက် ….”
“ ငါ မင်းနဲ့ ပြိုင်ရင် အနိုင်ကျင့်သလို ဖြစ်မှာစိုးလို့ ငါ့ သင်တန်းသားတွေထဲက ကျပန်းတစ်ယောက်ကိုပဲ ရွေးလိုက်မယ် …”
ပြောပြီးနောက် လုချွင် လူအုပ်ကြီးထဲသို့ ကြည့်လိုက်ပြီး “ မာလေ့ … ဒီ ခဏထွက်ခဲ့စမ်းပါဦးကွ … သူနဲ့ အတူ ငါး ကီလို ပြေးပေးလိုက် …”
“ ဟုတ်ကဲ့ ….”
ဆံပင်အတို၊ မော်ဒယ်လ်ကိုယ်လုံးနှင့် လူတစ်ယောက်က လူအုပ်ကြီးထဲမှ ထွက်လို့လာသည်။
မာလေ့ကို မြင်တော့ လူတိုင်း မနေနိုင်ဘဲ နှာကစ်မိကုန်ကြ၏။
မာလေ့သည်ကား သူတို့ထဲ အမြန်ဆုံးလူပင်။
ယခင် စစ်ဆေးမှု၌ ငါးကီလိုမီတာကို ၂၁ မိနစ် ၃၄ စက္ကန့်ဖြင့် ပြေးပြခဲ့ပြီး ရလဒ်က တော်တော်လေး ကြောက်စရာကောင်းလှ၏။
ယခု ဤကောင်လေးနှင့် ယှဉ်ပြိုင်ရမည်ဆိုတော့ သူ့ဖို့ ငှက်ပျောသီး အခွံနွှာစားရသလောက် ဖြစ်လို့နေပေမည်။
“ သူလား …”
“ သူပဲ …” လုချွင် ပြောလိုက်ပြီး “ အချိန်မှတ်ဖို့ နောက်ထပ် လူနှစ်ယောက်လောက် …”
“ ကျွန်တော်တို့ လုပ်မယ်….”
မာလေ့ဘေးတွင် ရပ်နေသည့် လူနှစ်ယောက်မှ လက်မြှောက်လာခဲ့၏။
နှစ်မိနစ်အတွင်း၌ အရာအားလုံး အဆင့်သင့်ဖြစ်သွားခဲ့ပြီး လင်းရီနှင့် မာလေ့တို့နှစ်ဦး ပြေးလမ်းကိုယ်စီတွင် အသင့်အနေအထားဖြင့် ရှိကာ မာလေ့မှ ပြုံး၍ “ ညီကို … မင်း ဘာလို့ ဒီလိုတွေ ခက်ခဲအောင် လုပ်နေရတာလဲ …”
“ ငါ ဘာလုပ်လို့ ….”
“ ငါတို့ မင်းကို ညာပြောနေတာ မဟုတ်ဘူး … ထရိန်နင်က တကယ်ကြမ်းတာ … မင်း ၂၄ မိနစ် အတွင်း မပြေးနိုင်ရင် အထုတ်ခံရမှာ … အရင်က ဒီထရိန်နင်မှာ လူအယောက် တစ်ရာကျော် ရှိတယ်… အခု မင်းမြင်တဲ့ အတိုင်း ဒီလူတွေလောက်ပဲ ကျန်တော့တယ် .. မင်းကိုယ့်အရှက်ကိုယ် ခွဲစရာ မလိုပါဘူးကွာ …”
“ မင်း မကြုံဖူးသေးဘဲ မင်း မသိပါဘူး …” လင်းရီ ပြောလိုက်သည်။
“ ငါ့အတွက် ကိစ္စ မရှိဘူး … ငါက ပုံမှန် ငါးကီလို မီတာ ပြေးနေကျ … အခုက ဒီတိုင်း မင်းနဲ့ ကစားပေးရုံလောက်ပဲ … ဘာပဲပြောပြော ထရိန်နင်ထက်တော့ လွယ်တယ်….”
“ ကောင်းပြီ… နှစ်ယောက်လုံး စကား မပြောနဲ့တော့ … မင်းတို့ အသင့်ဖြစ်ရင် စကြတော့ …” လုချွင် ပြောလိုက်သည်။
“ အသင့်ပဲ …”
ထိုအချိန်တွင် အချိန် မှတ်ရန် တာဝန်ယူထားသည့် လူတစ်ဦးမှ အမှတ်စဉ် ရေတွက်သည်။
“ သုံး ၊ နှစ် ၊ တစ် …. စ “
စကားဆုံးသည်နှင့် နှစ်ယောက်သား ပြိုင်တူ တာထွက်ကြသည်။
လင်းရီဘက်က ဦးဆောင်မှုရယူ၍ မာလေ့ကို ဦးဆောင်နေသည်။
“ ဒီကောင် အပြေးတော့ တော်တော်မြန်သားပဲ … မာလေ့ထက်ကို ရှေ့ကြိုရောက်နေတယ်…”
“ အစမှာ ပေါက်ကွဲပြီး ပြေးတဲ့လူက နောက်ပိုင်းကျရင် ဒီလို အရှိန်အတိုင်း ကြာရှည် မထိန်းထားနိုင်ပါဘူးကွာ ….”
“ ငါ ကျောင်းတုန်းကလည်း စစချင်းဆို ဒီလိုပဲ အသားကုန်ပြေးတာ … ဒါပေမယ့် တစ်ပတ်လောက် ပြီးသွားရင် လူက မရတော့ဘူး … ကြည့်ရတာ သူလည်း ငါ့အတိုင်းပဲ နေမှာ …”
“ စောင့်ကြည့်ကြတာပေါ့ … တစ်ပတ်ပြီးရင် မာလေ့က သူ့ကို အသာလေး ကျော်တက်သွားလိမ့်မယ်….”
“ ဟီးဟီး … ပွဲကြီးပွဲကောင်းပဲ ….”
လူတိုင်း လှောင်ပြောင်ထေ့ငေါ့နေကြစဉ် ရုတ်တရက်ဆိုသလို သူတို့အားလုံး လင်းရီ ပထမ အပတ် ပြေးပြီးသွားခဲ့သည်ကို သတိထားမိလိုက်ကြ၏။ မာလေ့မူကား နောက်တွင် မီတာဒါဇင်ခန့်မျှ ပြတ်ကျန်နေရစ်ခဲ့သေည်။
“ ဒီကောင် မဆိုးဘူးပဲ … တစ်ပတ်တော့ ခံနိုင်သားပဲ ….”
“ တစ်ပတ်လေးပဲ ရှိပါသေးတယ်… သုံးပတ်အတွင်းမှာ ငါတို့ အမှန်တရားကို မြင်ရတော့မှာ …”
အချိန်တို့ ကုန်ဆုံးလာသည်နှင့်အမျှ လင်းရီသည် သုံးပတ် ပြေးပြီးသွားခဲ့ပြီး မာလေ့အား တစ်ပတ်ခွဲ အသာစီးဖြင့် ဦးဆောင်နေသည်။
ဤအချိန်တွင်တော့ လူတိုင်း တစ်စုံတစ်ရာ မှားယွင်းနေသည်အား သတိထားမိလာခဲ့ကြသည်။
သုံးပတ် ပြေးပြီးသည့်တိုင် နှစ်ယောက်ကြားရှိကွာဟမှုက တိုတောင်းလာရမည့်အစား အကွာအဝေးက ပို၍ပင် ကြီးမားလာနေခဲ့၏။
ဒါ ဘာတွေ ဖြစ်နေတာလဲ ….
“ မာလေ့ … မင်းဘာတွေ လုပ်နေတာလဲ … မင်း တမင်တကာ သူ့ကို အလျှော့ပေးနေတာလားကွ ဟမ် …”
လုချွင် ဘေးမှနေပြီး အော်ဟစ်လိုက်၏။
မာလေ့ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ပြီး “ နည်းပြ … ကျုပ် တော်တော်မြန်အောင် ပြေးနေပြီးသား … ဒါပေမယ့် ဒီကောင်ကိုက ပြေးတာ တော်လွန်းနေတာ …”
“ ဆက်ပြေးထားစမ်း … မင်း သူ့ကို မနိုင်လို့ကတော့ ဘယ်လို ကိုင်တွယ်မလဲဆိုတာ စောင့်နေလိုက် ….”
မာလေ့ ရွေးချယ်စရာမရှိချေ။ သူ့ဘက်က မျက်လုံးမှိတ်ပြီး ရှိသည့်ခွန်အား ၊ အသားကုန် ညှစ်ထုတ်၍ ဆက်ပြီးပြေးသည်။ သို့သော် လင်းရီအား မည်သို့မျှ လိုက်လို့ မမီချေ။
ငါးကီလိုမီတာ ပြေးပြီးသည့်အချိန်၌ လင်းရီသည် နှစ်ပတ် အသာစီးဖြင့် ဦးဆောင်နိုင်ခဲ့၏။ ထို့နောက် သူ အချိန်မှတ်နေသည့် လူအား သာမန်လျှံကာ တစ်ချက်ကြည့်၍ “ ငါ့ စံချိန် ဘယ်လိုနေလဲ … အဆင်ပြေတယ်မလား….”
အချိန်မှတ်သည့်လူမှာ လက်ထဲရှိ စောင့်ကြည့်နာရီအား ကိုင်လျက် ကြက်သေသေနေခဲ့၏။
“ ၁၇ မိနစ် … ၁ စက္ကန့် ….”