← Chapters

လင်းရီရဲ့ ရှေ့သွားနှစ်ချောင်းကို ချိုး

Vol. 116 Ch. 1729

လင်းရီရဲ့ ရှေ့သွားနှစ်ချောင်းကို ချိုး

Vol. 116 Ch. 1729

“ ၁၇ မိနစ် … ၁ စက္ကန့် ….”

ဤ ရလဒ်ကို ကြားတော့ ရှိနေကြသည့် လူတိုင်း ကြက်သေသေကုန်ကြသည်။

သူတို့အားလုံး လင်းရီ တော်တော်မြန်မြန် ပြေးနိုင်ခဲ့သည်ကို သိကြသည်။ အဘယ်ကြောင့်ဆိုသော် မာလေ့အား နှစ်ပတ်အသာစီးဖြင့် ဦးဆောင်ခဲ့သည်မှာ လူတိုင်း အမြင်ဖြစ်၏။

သို့သော် ဤသို့သော စံချိန် ထွက်လာလိမ့်မည်လို့တော့ အမှန်ပင် ထင်မှတ်မထားခဲ့ကြချေ။

အဘယ်ကြောင့်ဆိုသော် သူတို့၏ နည်းပြသည်ပင် မိနစ် ၂၀ ထက်ပိုပြီး အမြန် မပြေးနိုင်ခဲ့သောကြောင့် ဖြစ်၏။

သို့တိုင်အောင် လင်းရီသည် ၁၇ မိနစ် ၁ စက္ကန့်ဖြင့် ငါးကီလိုမီတာကို ပြေးပြသွားခဲ့သည်။

ဤကဲ့သို့သော စံချိန်နှုန်းထားဖြင့် ဆိုပါက ပရော်ဖက်ရှင်နယ် အပြေးသမား အဖြစ်အသက်မွေးဝမ်းကြောင်းပြု၍ နိုင်ငံကိုယ်စားပြုပြီး အိုလံပစ်ပင် ဝင်ပြိုင်၍ ရနေပြီ ဖြစ်၏။

“ ဒီ အချိန်ရလဒ်လောက်ဆို ပြဿနာ မရှိဘူးမလား …” လင်းရီ မေးမြန်းလိုက်ပြီး “ ကျုပ် ဆက်ပြီး လေ့ကျင့်သင့်တယ်လို့ ခင်များတို့ ထင်သေးလား ….”

လူတိုင်း၏ အမူအရာမှာ ကိုးရို့ကားယား ဖြစ်ကုန်ကြ၏။ အထူးသဖြင့် လုချွင်ပင်။ သူ၏ မျက်နှာမှာ နီတစ်ခါ ဖြူတစ်လှည့် ဖြစ်နေပြီး ဆိုးဆိုးရွားရွား မျက်နှာဖြတ်ရိုက်ခံလိုက်ရသည့်နှယ် ခံစားနေရတော့သည်။

သို့သော် ချောင်ကျန့်က ပြောလာခဲ့ပြီး ဖြစ်၏။ သူ လင်းရီအား သင်ခန်းစာ ပေး၍ ဤနေရာတွင် မနေနိုင်အောင် မောင်းထုတ်ရမည်။ မဟုတ်ပါက သူ အလုပ်ပြုတ်မှာ ဖြစ်၏။

“ မင်းထင်နေတာ ဒီ ပြေးတာလေးကပဲ ငါတို့ရဲ့ ထရိန်နင်လို့ ထင်နေတာလား ….” လုချွင်သည် လင်းရီအား ထူးမခြားနား အမူအရာဖြင့် ကြည့်၍ “ မင်းထင်နေတာ အပြေးမြန်တာနဲ့ အားလုံး ပြီးပြည့်စုံပြီ ထင်နေတာတော့ မဟုတ်ဘူးမလား ….”

“ ဒါပေါ့ … ကျိန်သေပေါက် ဘယ်ဟုတ်မှာ … ခင်များမှာ တခြား လေ့ကျင့်ရေးတွေ ရှိသေးတယ်ဆိုလည်း ကျုပ်တို့ ဆက်ပြီး လေ့ကျင့်လို့ရတယ် …”

“ အရေးကြီးဆုံး လေ့ကျင့်ရေးက သတ်ပုတ်တဲ့ လေ့ကျင့်ရေးပဲ … ဘာလို့ဆို ရာဇဝတ်မှု နှိမ်နင်းတဲ့ အခါမှာ မင်းတို့က မတူကွဲပြားတဲ့ အခြေအနေအမျိုးမျိုးနဲ့ ရင်ဆိုင်ရတတ်တယ်… ဒီ အပိုင်းကို ကျော်ဖြတ်နိုင်ဖို့ဆို ဒီလေ့ကျင့်ရေးမှာ ကျရှုံးခွင့်ဆိုတာ မရှိဘူး …”

ဤသည်က လုချွင်၏ ဝှက်ဖဲပင်။ လင်းရီ ကျော်ဖြတ်နိုင်ခြင်း ရှိမရှိက သူ့အပေါ်တွင် အန္တိမ မူတည်နေပြီး သူ့ဘက်ကလည်း လင်းရီအား ချေမှုန်းနိုင်မည်ဟူ၍ လုံးဝဥဿုံ ယုံကြည်ပါသည်။

“ ဒါဆိုလည်း ကောင်းပြီလေ… ခင်များကိုယ်တိုင် လာမှာလား … ဒါမှမဟုတ် တခြားတစ်ယောက်ကို လွှတ်မှာလား ….”

“ ဒါပေါ့ … သင်တန်းသားတွေပဲပေါ့ … ငါ့စကေးတွေနဲ့သာ မင်းကို တိုက်ခိုက်ရလို့ကတော့ ဒီနေ့လည်တင် မင်း ဆေးရုံမှာ ဆန်ပြုတ်သောက်နေရမယ်….”

လူတိုင်း မရယ်မောဘဲ မနေနိုင်ကြချေ။

ဤကောင်လေးက နည်းနည်းတော့ မောက်မာလွန်းလှ၏။ သူ့ဘက်က ပြေးတာ မြန်သည်ဆိုသော်လည်း ယုံကြည်မှု လွန်ကဲနေသည်ကတော့ မဖြစ်သင့်ပေ။ သူ့ဘက်က နည်းပြကိုပင် လက်ရည်ချင်း ယှဉ်ချင်နေသည်။ သူ ဘာတွေ စဉ်းစားနေလဲဆိုတာ သူတို့ တကယ် မစဉ်းစားတတ်တော့ချေ။

လုချွင် လူအုပ်ကြီးအား ကြည့်၍ အရပ်ရှည်ဆုံး တစ်ယောက်အား လက်ညိုးထိုးလိုက်သည်။

“ လျိုမုန့် … မင်းထွက်လာပြီး သူနဲ့ လက်ရည်စမ်းပေးလိုက် … သူ့ စကေးတွေကို ဆန်းစစ်မယ်… မင်းမှာ ယုံကြည်မှု ရှိတာ ကောင်းတယ်… ဒါပေမယ့် လွန်ကဲနေရင်တော့ မင်း ခံရမှာပဲ …”

“ နည်းပြက လျိုမုန့်ကို တကယ်ကြီး လွှတ်လိုက်တယ်…”

လူတိုင်း တိတ်တဆိတ် အံ့အားသင့်ကုန်ကြ၏။ ကြည့်ရသည်မှာ နည်းပြလုက ထိုကောင်အား အမှန်တကယ် မောင်းထုတ်ချင်နေသည့် ပုံပင်။

ရှိနေသည့် သင်တန်းသားများ အားလုံးထဲ၌ လျိုမုန့်သည်ကား ခြွင်းချက် တစ်ခုနှင့် လူပင်။ နည်းပြပြီးလျှင် သူက အကောင်းဆုံး တိုက်ခိုက်ရေး သမားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လက်ဝှေ့အား လေ့ကျင့်ဖူးပြီး ခရိုင်အဆင့်ထိ တက်၍လည်း ဆုများဆွတ်ခူးခဲ့သူ ဖြစ်သည်။ သူ၏ အဆင့်က အခြားသူတို့ထက် အများကြီး ပိုမြင့်လေသည်။

ယခင် သုံးယောက် တစ်ယောက် ပေး၍ တိုက်ခိုက်ဖူးသည့်တိုင် သုံးယောက်လုံးက လွယ်လင့်တကူ အနိုင်ယူခြင်း ခံလိုက်ရ၏။ ယခု သူတို့၏ ရှေ့မှောက်၌ လင်းရီအား ထိုးကြိတ်တော့မည်ဆိုတော့ တစ်ဖက်သူက မိနစ်ပိုင်းအတွင်း သွေးအန်သွားနိုင်သည် မဟုတ်ပါလား။

လျိုမုန့်က လင်းရီနှင့် အရပ်အတူတူ ရှိသည်။ သို့သော် ဘော်ဒီချင်း ယှဉ်မည်ဆိုပါက လျိုမုန့်က ပိုထွား၏။

သူ၏ ကိုယ်အလေးချိန်က ခန့်မှန်းချေ ပေါင် ၂၀၀ ခန့် ရှိမည်ဟု ထင်ရသည်။ ဘေးချင်းယှဉ်ပြီး မတ်တပ်ရပ်ကြည့်မည်ဆိုပါက မည်သူက မည်သူ့ထက် ပို၍ သန်မာအားကောင်းလဲဆိုတာ သိသာနေသည်။ အမှန်လည်း နှိုင်းယှဉ်ရက်စရာကို မရှိပေ။

“ ညီကို … ငါ အကြံပေးတာကို နားထောင် … မင်း ဒီလောက်ဆို တော်သင့်ပြီ… မင်းက လျိုမုန့်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး … မင်း ဒဏ်ရာတွေ ရသွားရင် ကောင်းမှာ မဟုတ်ဘူးနော်…” လူအုပ်ထဲမှ တစ်စုံတစ်ယောက်က လှမ်းအော်လိုက်၏။

“ မင်းတို့ကောင်တွေ စောနတုန်းကလည်း ဒီအတိုင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား … ဒါပေမယ့် ရလဒ်ကရော တူလို့လား …”

“ အဲ့နှစ်ခုက မတူတဲ့ ကိစ္စတွေ … ပြေးတယ်ဆိုတာ ပါရမီနဲ့ ဆိုင်တယ်… မင်းက ဝလည်း မဝဘူး .. ပြီးတော့ အရင်ကလည်း လေ့ကျင့်ထားတယ်နဲ့တူတယ်… မင်း ဒီအဆင့်ထိ ပြေးနိုင်တယ်ဆိုတာ ဘာအံ့ဩစရာမှ မရှိဘူး … ဒါပေမယ့် လျိုမုန့်က တကယ် ကျွမ်းကျင်တဲ့လူ … ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖူးရုံတင် မကဘူး … ချန်ပီယံတောင် ဖြစ်ခဲ့ဖူးတဲ့သူ … မင်း စိတ်ကို ပြင်ဆင်ထားရင် ကောင်းမယ်….”

“ ကိစ္စ မရှိဘူး …”လင်းရီ ပခုံးတွန့်လိုက်ပြီး လျိုမုန့်အား ကြည့်လိုက်သည်။

“ မင်း အဆင်သင့်ဖြစ်ရင် စတော့ …”

“ ငါ့ကို အရင်စစေချင်တာ မင်း သေချာလား ….” လျိုမုန့် အထင်တသေး ခနဲ့ပြီး ပြောလိုက်၏။

“ ငါတစ်ချက် ထိုးပြီးသွားရင် မင်း ဘာရုပ်ပေါက်သွားမလဲ ငါမသိဘူး .. ဒါကြောင့်မို့ ကိုယ့်အကန့်အသတ်ကိုယ် သိ….”

“ မင်း အဲ့တာတွေ ပူနေစရာမလိုဘူး … လာခဲ့ … ငါဆေးရုံ ရောက်သွားခဲ့ရင်တောင် ကိုယ့်စရိတ်ကိုယ်ရှင်းမယ်…”

လျိုမုန့်၏ နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားခဲ့ပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာကာ “ မင်းကတောင် ပြောနေပြီဆိုမှတော့ ငါလည်း ထိန်းထားမနေတော့ဘူး ….”

ပြောပြီးနောက် လျိုမုန့်သည် သူ၏လက်သီးအား ဝှေ့ရမ်း၍ လင်းရီထံသို့ တိုးဝင်လာခဲ့သည်။

လူတိုင်း ဘေးမှ ရပ်ကြည့်နေလျက် ရှိကြပြီး ဤလက်သီးက လင်းရီအား သွေးအန်သွားလောက်စေသည်ဟု စိတ်ထဲတွင် တွေးတောနေခဲ့ကြသည်။

လုချွင် လက်ပိုက်လျက် ကြည့်နေရင်း မျက်နှာထက်တွင်တော့ ခပ်ဖျော့ဖျော့ အပြုံးတစ်ခုက စိုးမိုးထားလျက် ရှိ၏။

“ ဒီကောင် တကယ်မဆိုးဘူး .. ရက်ဘယ်လောက်မှ မကြာသေးတာကို ထပ်ပြီး တိုးတက်လာပြန်ပြီ … တကယ်ကောင်းတဲ့ အလားအလာတွေ ရှိတယ်…”

ထို့နောက် ….

ထင်မှတ်မထားသည့် မြင်ကွင်းက ဖြစ်ပျက်လာခဲ့၏။

နာကျင်သည့် ညည်းညူသံ တစ်ခု ထွက်ပေါ်လာပြီး လျိုမုန့်၏ ခန္ဓာကိုယ် လွင့်ထွက်သွားသည်ကို လူတိုင်းမြင်တွေ့လိုက်ကြရလေသည်။

တိတ်ဆိတ်မှု …

ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်လူတိုင်း မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားများ ဖြစ်နေကြပြီး မိမိတို့ မျက်လုံးကိုပင် မယုံကြည်နိုင် ခံစားနေကြရ၏။

သူတို့ထဲမှာ တိုက်ရည်ခိုက်ရည် အတော်ဆုံး ဆိုတဲ့ လျိုမုန့်က ….

ဒီလိုနဲ့ပဲ လွင့်အောင် ကန်ခံလိုက်ရတယ်ပေါ့ …

သူတို့ အမြင်တွေ မှားနေတာများလား …

“ ညီကိုလျို …. မင်း အဆင်ပြေလား …”

လျိုမုန့် လဲကျသွားသည်ကို မြင်တော့ တခြား သင်တန်းသားများမှ အလျင်စလို ပြေးလာပြီး သူ့အား ကူညီပေးကြ၏။

“ အဟွတ် အဟွတ် အဟွတ် ….”

ရင်ဘက်အား ဖိနှိပ်ထားရင်း လျိုမုန့် အကြိမ်ရေ အနည်းငယ်ခန့် ချောင်းဆိုးလိုက်သည်။ တခြားသူများ၏ အကူအညီကို အားပြု၍ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်၏။

“ မင်း ဘာတွေ ဖြစ်နေတာ … မင်း အခြေအနေကို နားမလည်ဘူးလားကွ ဟမ် … ဘာလို့ သူ့ကို အလျော့ပေးလိုက်တာလဲ ….”

လုချွင် အေးစက်စွာ ကြိမ်းမောင်းလာခဲ့သည်။

“ နည်းပြ …. ကျွန်တော်….. “

လျိုမုန့် အချိန်အတော်ကြာသည်ထိအောင် ဆွံ့အနေမိခဲ့သည်။ သူ ဤကိစ္စအား မည်သည့်နေရာကစ ရှင်းပြရမှန်း မသိအောင် ဖြစ်နေသည်။

ယခုလေးတင် တိုက်ခိုက်ခဲ့သည့် အချိန်တုန်းက သူ့ဘက်က ညှာတာမှုဟူ၍ တစ်စက်လေးမျှ ထည့်သွင်းမထားခဲ့ချေ။ လက်သီးထဲ၌ ခွန်အားကုန် အသုံးပြုထားခဲ့၏။

သို့တိုင်အောင် တစ်ဖက်သူက မည်သည့်အချိန်၌ လှုပ်ရှားလိုက်၍ သူ လွင့်ထွက်သွားခဲ့လဲဆိုတာကို ကိုယ်တိုင်က သတိမထားမိခဲ့ချေ။

သူ သတိဝင်လာသည့် အချိန်၌ ရင်ဘက်နေရာက နာကျင်နေပြီး လူလည်း အနောက်သို့ လွင့်စင်နေခဲ့ပြီး ဖြစ်၏။

သူ့တစ်ကိုယ်လုံး ကားဝင်တိုက်ခံထားရသည့်နှယ် နာကျင်ခံစားနေရလေသည်။

သူ ဘယ်လိုလုပ်သွားခဲ့တာ … ကံကောင်းသွားခဲ့တာလား ..

ဒါမှမဟုတ် တိုက်ဆိုင်သွားခဲ့တာများလား …

“ ကျုပ်တော့ ဒီခုအချိန်က ကပ်တွက်နေရမယ့် အချိန်မဟုတ်ဘူးလို့ ထင်တာပဲ …” လင်းရီ ပြောလိုက်ပြီး “ ကျုပ်ဘက်က ခင်များ စေလွှတ်လာတဲ့ လူနှစ်ယောက်လုံးကို အနိုင်ယူထားပြီးပြီ … တခြား ဘာမှ မရှိတော့ဘူးမလား …”

“ မင်းကိုယ်မင်း လေ့ကျင့်ရေးမဆင်းဘဲ ဒီကနေ ကောင်းကောင်းမွန်မွန် ထွက်သွားနိုင်မယ်လို့ ထင်နေတာလား ဟုတ်လား ….”

“ ခင်များက ဘာဖြစ်ချင်သေးလို့ …”

“ လျိုမုန့်က မင်း သောက်ရမ်း အားနည်းနေတာကို လျှော့တွက်ပြီး ခွန်အားကုန် မသုံးခဲ့ဘူး … ဒါကြောင့်မို့ မင်းက အခွင့်အရေး ရသွားပြီး သူ့ကို အနိုင်ယူလိုက်နိုင်တာ … ဒီခု … ငါမင်းနဲ့ အတူ ကစားပေးပြီး တကယ့် လယ်ဗယ် အစစ်အမှန်က ဘာလဲ ဆိုတာ ပြပေးမယ်….”

ဟစ် ------

ဤစကားကို ကြားတော့ ရှိနေကြသည့် လူတိုင်း ပင့်သက်ရှိုက်မိလိုက်ကြသည်။

အကယ်၍ နည်းပြလုက ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာမည်ဆိုပါက ရလဒ်သည် ထူးခြားကွဲပြားသွားမှာ ဖြစ်၏။

လျိုုမုန့်က အတော်လေး သန်မာသော်လည်း သူတို့၏ နည်းပြနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုလျှင်တော့ အတော်လေး လိုအပ်နေပါသေးသည်။ နှစ်ယောက်က မတူညီသည့် လယ်ဗယ်ကိုယ်စီ၌ ရှိနေသည်ဟုတောင် ပြော၍ ရလေသည်။

အကယ်၍ သူတို့နှစ်ယောက်သာ တိုက်ခိုက်ကြမည်ဆိုပါက ရှုံးမည့်သူက လင်းရီဖြစ်မည်မှာ သံသယ ဖြစ်ရန်ပင် မလိုချေ။ ဤသည်ကိုတော့ သူတို့ လုံးဝယုံကြည်သည်။

“ ခင်များတို့ကောင်တွေ မပြီးနိုင်သေးဘူးလား … တစ်ယောက်ပြီး တစ်ယောက်နဲ့ ကျုပ်ကို အတော် အားလပ်နေတဲ့ ကောင်လို့များ ထင်နေလား ….”

“ မင်းမှာ အစွမ်းအစ မရှိဘူးဆိုလည်း ပါးစပ်က ထုတ်ပြောလိုက်လေ … မင်းကိုလည်း ဒီနေရာက မကြိုဆိုဘူး ….”

လုချွမ် ယုံကြည်ချက် အပြည့်ဖြင့် ဖြစ်နေခဲ့၏။ မည်သို့ပင် ဖြစ်စေကာမူ လင်းရီသည် သူ၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။

သူတို့နှစ်ဦး နောက်ပိုင်း လက်သီးချင်း ယှဉ်ထိုးသည့် အချိန်၌ သူ့ဘက်က အခွင့်ကောင်းယူပြီး သင်ခန်းစာ တစ်ခု ပေး၍ လင်းရီ၏ အဆင့်က မပြည့်မီဟု ဆိုကာ အလုပ်မှ ထုတ်ပစ်လိုက်မည်။

ဤသည်က ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် သတ်ဖြတ်လိုက်ခြင်းပေတည်း။

လင်းရီ ပြုံးလိုက်၏။ “ ခင်များဘက်က ယုံကြည်ချက်တွေ လွန်ကဲနေတော့လည်း …. ကဲပါ …. စလိုက်ကြတာပေါ့ ….”

လုချွင် သူ၏ လက်ညိုးအား ကွေး၍ လင်းရီအား စိန်ခေါ်လိုက်သည်။

“ ငါက ဒီမှာ နည်းပြပဲ … လူတိုင်းလည်း ငါ့ လယ်ဗယ်ကို သိထားတယ်… ငါ့ဘက်က စပြီး တိုက်ခိုက်မယ်ဆိုရင် မင်းကို အနိုင်ကျင့်တယ်လို့ ပြောနေကြလိမ့်မယ်… ဒါကြောင့်မို့ မင်း ရယ်ဒီ ဖြစ်ရင် တက်လာခဲ့ ….”

“ မကောင်းဘူးထင်တယ်နော… ခင်များ ရှုံးသွားရင် ကျုပ်က ချုံခိုတိုက်ခိုက်တယ် ဖြစ်နေဦးမယ် …. နည်းပြပဲ အရင်လာခဲ့လိုက်ပါ ….”

ဒေါသကြောင့် လုချွင်၏ နဖူးကြောတို့ ထောင်ထလာခဲ့၏။

“ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေပြီ ကောင်လေး … ဒါဆိုလည်း ဒီနေ့ မင်းကို ဘယ်လိုနှိမ့်ချရမလဲဆိုတာ သင်ပြပေးသွားမယ်….”

ပြောပြီးသည်နှင့် လုချွင်သည် လင်းရီထံသို့ တည့်လက်သီးဖြင့် ဝင်လာခဲ့သည်။

သူ၏ အစီအစဉ်က ရိုးရှင်းပါသည်။ လင်းရီအား တုံ့ပြန်ရန် အခွင့်အရေး မပေးဘဲ တစ်ချက်တည်းနှင့် ပွဲသိမ်းရန် ဖြစ်၏။

ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရသည်ကို ခွင့်မပြုထားသော်လည်း ရှေ့သွားနှစ်ချောင်းလောက်ကိုတော့ ချိုးပေးရလိမ့်မည်။

သို့တိုင် စိတ်ကူးက စိတ်ကူးသာ ဖြစ်၏။ လက်တွေ့က စိတ်ကူးနှင့် တစ်ထပ်တည်း ဖြစ်လာသည်က ခပ်ရှားရှားပင်။

လုချွင် တိုးဝင်လာပြီး လင်းရီအား တိုက်ခိုက်သည်နှင့် သူ၏ မျက်နှာထက်တွင် နာကျင်မှုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးလည်း ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားခဲ့၏။

လင်းရီ သူ့အား ပါးဖြတ်ရိုက်လိုက်ခြင်းပင်။

All Chapters