ထပ်ပြီး ထုတ်ဖော်လိုက်ပြီ
Vol. 116 Ch. 1730
လင်းရီ အားသိပ်မသုံးထားချေ။ သို့သော် ဤပါးရိုက်ချက်က လုချွင်၏ ရှေ့သွားများအား နဲ့သွားစေပြီး သွားနှစ်ချောင်းခန့် ကျွတ်ထွက်သွားခဲ့စေသည်။
လုချွင်၏ မျက်နှာထက်၌ လျင်မြန်စွာ နီရဲတက်လာနေသည့် လက်ဝါးရာကြီးကိုပင် လူတိုင်း အထင်းသား မြင်တွေ့နေကြရသည်။
“ ဘယ်လို … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….”
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် လူတိုင်း အံ့အားသင့်ကုန်ကြပြီး မေးရိုးကြီးများ အောက်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့လေသည်။
လျိုမုန့်အား လင်းရီ အနိုင်ယူလိုက်နိုင်သည်ကို သူတို့ လက်ခံနိုင်သေးသည်။ မည်သို့ပင်ဆိုစေ နှစ်ယောက်က ရွယ်တူများ ဖြစ်ကြ၏။
သို့သော်လည်း
နည်းပြကတော့ မတူညီချေ။ သူက အစစ်အမှန် ကျွမ်းကျင်သူ ဖြစ်၏။ ထို့ပြင် လက်ဦးမှု ရယူ၍ တိုက်ခိုက်သည့်လူဖြစ်သည့်တိုင် တစ်ဖက်သူ၏ သာမန်လျှံကာ ပါးဖြတ်ရိုက်ခြင်းကို ခံလိုက်ရလေသည်။
ဤသည်က လူတိုင်း လက်သင့်မခံနိုင်ခဲ့သည့် တစ်စုံတစ်ရာ ဖြစ်နေခဲ့၏။
သူတို့၏ အမြင်တွင် ယခုလို ဖြစ်ရပ်မျိုးက လုံးဝ ဖြစ်လာ၍ မဖြစ်ပေ။
“ ခင်များရဲ့ နည်းပြ စံနှုန်းကလည်း သိပ်မကောင်းတဲ့ပုံပဲ .. ခင်များက ကျုပ်ကို လေ့ကျင့်ပေးဖို့ အရည်အချင်း မမီဘူး … ဒီတော့ ….. နှုတ်ဆက်ပါတယ်….”
လင်းရီ နောက်သို့လှည့်၍ လက်ဝှေ့ရမ်းပြကာ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
“ ချီးပဲ … မင်း နေရာမှာ ရပ်နေစမ်း …”
လုချွင် ဒေါသတကြီး ကျိန်ဆဲ၍ အခြား မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ချေ။ သူ အားကုန်ထုတ်၍ ပြေးထွက်လာပြီး လင်းရီအနားသို့ ရောက်သည်နှင့် လေထဲသို့ ခုန်တက်ကာ ပျံသန်းနေသည့် ခြေကန်ချက် တစ်ခုအား ထုတ်ဖော်လိုက်သည်။
လင်းရီ နောက်သို့ပင် လှည့်မကြည့်ဘဲ ကိုယ့်ကို နိမ့်၍ လုချွင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုကသ်ည။
ထို့နောက် သူ၏ ခါးနှင့် ဝမ်းဗိုက်မှ အားကို ညှစ်ထုတ်၍ ကိုယ်ကို အတင်းအကြပ် တွန်းအားပေး လှည့်လိုက်ကာ လုချွင်သို့ ဘေးတိုက်ကန်ချက်တစ်ခု ထုတ်ဖော်လိုက်၏။
တစ်ဖက်သူမှာ အော်ဟစ်သံတစ်ချက် ပေး၍ ခန္ဓာကိုယ်သည်လည်း ထိန်းချုပ်၍ မရနိုင်စွာ အဝေးသို့ လွင့်ပျံသွားခဲ့သည်။ ထို့နောက် မြေပြင်သို့ ကြမ်းတမ်းစွာ ပြုတ်ကျသွားခဲ့၏။ သူ၏ အခြေအနေက လျိုမုန့်ထက်ပင် ဆိုးရွားနေပါသည်။
ကွင်းပြင်တစ်ခုလုံး ငြိမ်ကျသွားခဲ့၏။ လုချွင်၏ မြင်မကောင်းသည့် အခြေအနေကို မြင်တေသာ်လည်း လူတိုင်းက ကူညီပေးရန် မေ့လျော့နေခဲ့ကြ၏။
စက္ကန့်အတော်ကြာတော့မှ သတိပြန်ဝင်လာခဲ့ကြလေသည်။
“ နည်းပြ ……. “
လူတိုင်း လုချွင်ထံသို့ ပြေးကာ သူ့အား ထူမပေးလိုက်ကြသည်။
သို့သော် သူတို့၏ မျက်လုံးတို့ကတော့ အဆိပ်ပြင်းသည့် အမုန်းတရားတို့ဖြင့် ပြည့်နှက်နေလေသည်။
“ နည်းပြတစ်ယောက်ဖြစ်ပြီး လူကို အနောက်ကနေ ပုန်းလျှိုးကွယ်လျှိုးနဲ့ တိုက်ခိုက်တယ် … ခင်များမှာ ကိုယ်ကျင့်တရားကို မရှိဘူး ….”
“မင်းတို့ … အဟွတ် အဟွတ် အဟွတ် …..”
လုချွင် တုံ့ပြန်ချင်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း နာကျင်နေခဲ့၏။ သူ စကားပြောလိုက်သည့်အခါ၌ အတွင်းအင်္ဂါတို့ပင် နာကျင်လာသည်။
“ ကျုပ်ကတော့ လစ်ပြီ … ဘိုင့်ဘိုင် ….”
လင်းရီ လက်ဝှေ့ရမ်း၍ ထွက်ခွာသွားခဲ့၏။
ဤတစ်ကြိမ်တွင်တော့ မည်သူကမျှ သူ့အား မဟန့်တားရဲကြတော့ချေ။
သူတို့အားလုံး ယခုလေးတင်ပဲ လင်းရီ၏ လယ်ဗယ်အား မျက်မြင်ကြုံတွေ့သွားခဲ့ကြချေပြီ။ နည်းပြပင် သူ့အား အနိုင်မယူနိုင်လေရာ အကယ်၍ တစ်စုံတစ်ယောက်က အတင်း ခေါင်းမာနေမည်ဆိုပါက ကိုယ့်ဒုက္ခကိုယ် ရှာသည့်လူ ဖြစ်၏။
လင်းရီထွက်ခွာသွားပြီးသည့်နောက် လုချွင်လည်း ခေတ္တအနားယူလိုက်သည်။ ထိုအခါမှသာ အနည်းငယ် ပြန်လည်သက်သာလာခဲ့၏။
သို့သော် ကွင်းထဲရှိ လေထုအခြေအနေကတော့ ယခင်ကလောက် သက်တောင့်သက်သာ ရှိမနေတော့ချေ။
လူတိုင်းမှာ ရှက်ရွံ့နေခဲကြ၏။
မာလေ့နှင့် လျိုမုန့်တို့ကတော့ အဆင်ပြေသည်။ မည်သို့ပင်ဆိုစေ သူတို့က သင်တန်းသားများဖြစ်၏။ သူတို့ ရှုံးသွားလည်း ရှက်စရာ မကောင်းပေ။
သို့သော် လုချွင်ကတော့ မတူညီချေ။ သူက နည်းပြတစ်ယောက် ဖြစ်သည့်တိုင် လင်းရီ၏ လှုပ်ရှားမှုများအား မခုခံနိုင်ခဲ့ချေ။ ဤသင်တန်းသားများအား မည်သို့ မျက်နှာချင်းဆိုင်ရမှန်း မသိသဖြင့် သူ လျစ်လျူရှုရန်သာ ဆုံးဖြတ်လိုက်တော့၏။
ထရိန်နင် အဖို့ကတော့ …. သူ ညနေကျမှပဲ ထပ်စဉ်းစားတော့မည်။
ထို့ပြင် သူ၏ သွားနှစ်ချောင်းကလည်း ကျွတ်ထွက် ပျောက်ရှသွားခဲ့ပြီ ဖြစ်၏။ ဆေးရုံသို့သွား၍ အသစ်စိုက်သင့်က စိုက်ရပေမည်။
သို့သော် ထိုအချိန်တွင် ချောင်ကျန့်သည် အဆောက်အဦးထဲမှ လက်နောက်ပစ်လျက် ထွက်လာခဲ့၏။ သူ၏ သွင်ပြင်က စစ်ဆေးရန် ရောက်လာသည့် ခေါင်းဆောင်တစ်ယောက်နှယ်ပင်။
ဤနေရာသို့ လာရင်းဖြင့် ချောင်ကျန့် လူအုပ်ကြီးအား မျက်လုံးဝှေ့ကြည့်လိုက်ပြီး လင်းရီကို မမြင်တော့ ကျေနပ်အားရစွာ ခေါင်းညိမ့်လိုက်မိသည်။
လုချွင် လုပ်တာ မဆိုးဘူးပဲ … ဒီလောက် မြန်မြန်ပဲ မောင်းထုတ်လိုက်နိုင်တယ်….
“ သူတို့တွေက ဘာလို့ အားနေကြတာ …”
ချောင်ကျန့် ရောက်လာပြီး လုချွင်အား မေးလိုက်၏။
“ ကျုပ် အနားပေးထားတာ …”
လုချွင်၏ အသံက အနည်းငယ် အက်နေပြီး မျက်နှာ တစ်ဝက်လောက်က ဖူးယောင်နေသည်ကို မြင်တော့ ချောင်ကျန့် တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိလိုက်သည်။
“ နေစမ်းပါဦး … မင်း မျက်နှာက ဘာဖြစ်ထားတာ ….”
လုချွင်၏ မျက်လုံး ဂနာမငြိမ် ဖြစ်သွားခဲ့ပြီး အထစ်ထစ် အငေါ့ငေါ့ လေသံဖြင့် “ ဟမ် … ဪ … ဒါလား … ကျုပ် …. လမ်းလျှောက်ရင်း သတိမထားမိလို့ ချော်လဲထားတာ …”
“ ချီးကို ချော်လဲထားတာ … ပေါက်တတ်ကရ မပြောစမ်းနဲ့ … ချော်လဲထားရင် ဒီလို ဖူးယောင်နေပါ့မလားကွ …” ချောင်ကျန့် ပြောလိုက်ပြီး “ ဘာတွေ ဖြစ်နေလဲ ငါ့ကို ပြောစမ်း …”
“ ကျုပ် အရိုက်ခံလိုက်ရတယ် ….”
“ မင်းက အရိုက်ခံလိုက်ရတယ် ….” ချောင်ကျန့် ရှော့ခ်ရသွားခဲ့၏။
သူ လုချွင်၏ အရည်အချင်းအား မသိဘဲ ဘယ်နေပါမည်နည်း။ ထိုသို့သော လူက အရိုက်ခံလိုက်ရသည်ဟု စကားထွက်လာ၍ သူ တော်တော်လေး ရှော့ခ်ရမိသွာခဲ့သည်။
“ ဒီတိုင်း ထရိန်နင် လုပ်တာကို ဘယ်သူက မင်းလာပြီး ရိုက်သွားတာ …”
“ လင်းရီ … သူ့ လယ်ဗယ်က တအား မြင့်တယ် … ကျုပ်က သူ့ ပြိုင်ဘက် မဟုတ်တော့ ခုလိုမျိုး ဖြစ်အောင် အရိုက်ခံလိုက်ရတာပဲ ….”
“ မင်း ဘာပြောလိုက်တယ် .. လင်းရီက မင်းကို ရိုက်ခဲ့တာ ဟုတ်လား …”
သူ ဝန်မခံချင်လိုသော်လည်း ဤသည်က အမှန်တရား ဖြစ်နေသဖြင့် လုချွင် ခေါင်းညိမ့်ရုံသာ တတ်နိုင်တော့သည်။
ချောင်ကျန့်၏ အမူအရာမှာ အလွန်အမင်း အကျည်းတန်သွားခဲ့သည်။
လင်းရီ၏ လယ်ဗယ်က သူ မျှော်မှန်းထားသည်ထက်ပင် ကျော်လွန်နေလေသည်။
“ သူ အခု ဘယ်မှာ ….”
“ သူ ထွက်သွားတာပဲ … သူပြောတာ ဒီထရိန်နင်လည်း ဝင်ပါမှာ မဟုတ်သလို စစ်ဆေးတဲ့ အခါကျရင်လည်း လာမှာ မဟုတ်ဘူးတဲ့ …”
ချောင်ကျန့်၏ မျက်လုံးတို့ ကျဉ်းမြောင်းခဲ့သည်။
“ ဟမ့် … ထရိန်နင်က ကလေးကစားစရာလား … “
လင်းရီ၏ အရည်အချင်းက ထင်မှတ်မထားလောက်သည်အထိ ဖြစ်နေသော်လည်း သူက ထရိန်နင်တွင် ပါဝင်ချင်း မရှိပါဘဲ စည်းမျဉ်းစည်းကမ်းတို့အား ဖောက်ဖျက်ခဲ့သည်။
ဤသည်က ထုတ်ပယ်ရန် လုံလောက်သည့် အကြောင်းပြချက် ဖြစ်နေပြီး ဖြစ်၏။
“ ဒီက ကိစ္စ မင်းဘာမင်း ရှင်းထား … ငါ သူ့ဆီ သွားပြီး မင်းဖို့ တရားမျှတမှု ရှာပေးမယ်….”
“ ခေါင်းဆောင် ခင်များ သူ့ကို ထုတ်လိုက်နိုင်ရင် အကောင်းဆုံးပဲ … ကျုပ်တော့ သူ့ကို ထပ်မမြင်ချင်တော့ဘူး …”
“ မပူနဲ့ … ငါလုပ်နေတာ ငါသိတယ်…” ချောင်ကျန့် အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။
……………..
ကွင်းပြင်ထဲက ထွက်လာခဲ့ပြီးသည့်နောက် လင်းရီသည် အပြင်တွင် နေ့လည်စာ စား၍ ရဲစခန်းသို့ ပြန်လာခဲ့၏။ သူ လီရှန်းဟွေ့၏ ရုံးခန်းထဲသို့ ရောက်သည့်အချိန်၌ မည်သူမှ ရှိမနေသည်ကို သတိထားမိလိုက်လေသည်။
“ အစ်ကိုလီ… ခင်များတို့ အကုန် ဘယ်ရောက်နေကြတာ ….”
“ မင်း ပြန်လာပြီပေါ့ …. ဟိုက လူတွေ မင်းကို ခက်ခဲအောင် လုပ်ကြသေးလား ….”
“ နည်းပြရဲ့ ကျုပ်အပေါ် သဘောထားကတော့ သိပ်မကောင်းဘူး … ကျုပ်ကို မောင်းတောင် ထုတ်ချင်နေသေးတာ … ဒါပေမယ့် ကျုပ် ဆော်ပလော်တီးပေးလိုက်တော့ အပိုးကျိုးသွားပါပြီ….”
လီရှန်းဟွေ့ မရယ်မောဘဲ မနေနိုင်ခဲ့ချေ။
“ ကောင်လေး … မင်းတော်တော် တည့်တိုးဆန်တဲ့ကောင်ပါလား….”
“ မြန်မြန် အဆုံးသတ်လိုက်တာ အကောင်းဆုံးပဲလေ….”
“ အမှန်ပဲ …” လီရှန်းဟွေ့ ရယ်မောလိုက်ပြီး “ ငါတို့ကို ရုံးခန်းထဲမှ ခဏစောင့်နေ … အခု လာနေတဲ့ လမ်းမှာ … နာရီဝက်ဆို ပြန်ရောက်ပြီ…”
“ အိုကေ ….”
လီရှန်းဟွေ့နှင့် ဖုန်းပြောပြီးနောက် လင်းရီသည် ဆိုဖာနောက်သို့ မီ၍ ဂိမ်းကစားနေလိုက်၏။
သူ ပွဲမစရသေးခင်မှာပဲ ချောင်ရှင်းထံမှ ဖုန်းဝင်လာသည်။
“ အမှုက ပိတ်တော့မယ်… အချိန်ရရင် မင်းကို သေချာလေး ပြောပြမယ် သိလား … တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်….”
“ ညီမ ခေါ်လိုက်တာ အဲ့ကိစ္စကြောင့် မဟုတ်ဘူး …” ချောင်ရှင်း ထိတ်ထိတ်ပျာပျာ ဖြစ်နေသည့် လေသံဖြင့် “ အစ်ကိုရီ … ရှင် အစ်မလီနဲ့ အင်တာနက်ပေါ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို သတိရသေးလား …”
“ ငါတို့ကြားမှာ ဖြစ်ခဲ့တာလား ….”
လင်းရီ၏ ဦးနှောက်မှာ တရစပ် အလုပ်လုပ်သွားခဲ့ပြီး “ ငါနဲ့ လီချူးဟန် ပေချောင်မြို့က ပြန်လာတော့ တိတ်တိတ်လေး ဓာတ်ပုံချောင်းရိုက်ခံလိုက်ရတဲ့ ကိစ္စကို ပြောတာလား …”
“ ဟုတ်တယ် ဟုတ်တယ် … အဲ့တာ …” ချောင်ရှင်း ပြောလိုက်ပြီး “ ဘာတွေ ဖြစ်နေလဲတော့ ညီမလည်း မသိဘူး …. ဒါပေမယ့် အခု အဲ့ဒီ သတင်းက ပြန်ပြီး ပေါ်လာလို့ … အကျိုးသက်ရောက်မှုကလည်း တော်တော်ဆိုးနေပြီ….”
“ ချီးပဲ …”
လင်းရီ ကျိန်ဆဲလိုက်မိ၏။ မည်သူ့ စနက် ဖြစ်ကြောင်းကို သူ ကောင်းကောင်း သိနေသည်။
ယခင် ကျောက်မိုမှ DIDI ၏ စတော့ရှယ်ယာဈေးများ ထိုးကျစေချင်စဥ်အခါက Muddy waters မှ လူများအား ငှား၍ သူ့အကြောင်း မကောင်းသတင်းများအား အင်တာနက်ပေါ်တွင် မွစာကျဲခဲ့သည်။
အဆိုပါ ကစားပွဲ၌ လီချူးဟန်က အလကား ဒုက္ခရောက်သွားခဲ့သည့်လူဖြစ်၏။
သူ ထင်မှတ်မထားခဲ့သည်က အဆိုပါ ပြဿနာမှာ ယနေ့တွင် ပြန်ပြီး အစဖော်ခံလာခဲ့ရသည်ကိုပင်။
“ ကောင်းပြီ.. ငါနားလည်ပြီ … အလုပ် ဆက်လုပ်လိုက်ဦး … တကယ်လို့ တစ်ခုခုဆို ငါ့ဆီ ဖုန်းဆက်လိုက် …”
“ အစ်ကိုရီ … ရှင် ဒီကိစ္စကို မြန်မြန် ဖြေရှင်းသင့်တယ်နော်… ခု လူတွေ အများကြီး အစ်မလီအကြောင်း ပြောနေကြပြီ….”
“ ငါသိပြီ….” လင်းရီ တည်တင်းသည့် မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
ဖုန်းချပြီးနောက် လင်းရီသည် အင်တာနက် လေ့လာစောင့်ကြည့်ရေး ဌာနသို့ ဖုန်းခေါ်လိုက်၏။
အင်တာနက်ပေါ်ရှိ အများပြည်သူ၏ အမြင်ကို ထိန်းချုပ်ဖို့က တခြားနိုင်ငံများအား ရန်စပေးပြီး အာရုံလွှဲလိုက်ခြင်းပင်။
ဤသည်က အစစ်မှန်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်၏။