တန်ပြန်တိုက်ခိုက်မှု
Vol. 116 Ch. 1731
သက်ဆိုင်ရာ ဌာနနှင့် ဆယ်မိနစ်ခန့်ကြာအောင် ဖုန်းပြောပြီးနောက် လင်းရီ ဖုန်းပြန်ချလိုက်သည်။
၎င်းတို့၏ အရည်အချင်းဖြင့် မကောင်းသတင်းများအား အချိန်တိုအတွင်း ဖိနှိပ်နိုင်မည်ကို လင်းရီ ယုံကြည်သည်။
ယခု သူ့ဘက်က မည်သို့ တန်ပြန်တိုက်ခိုက်ရမလဲဆိုတာကို စဉ်းစားရမည့် အချိန်ပင်။
သို့သော် ကွာဝေးသည့် ရေရှည် စီမံမှုများအား မလုပ်မီ လင်းရီသည် ကျီချင်းရန်၏ သဘောထားအား တီးခေါက်ကြည့်ရန်အတွက် သူမထံသို့ ဖုန်းခေါ်လိုက်၏။
အကယ်၍ သူမဘက်က ရွှင်ပြသည့် သဘောထားဖြင့် ဖြစ်နေပါက မည်သည့် ပြဿနာမှ ရှိမနေ၍ပင်။ သူနှင့် လီချူးဟန်အကြောင်း တင်ထားသည့် ဗွီဒီယိုကို သူမ မမြင်လောက်သေးချေ။
မဟုတ်ပါက …..
ဘုန်း …..
မီးသဂြိုဟ်ရုံ၌ တစ်နေရာ ဘွတ်ကင်လုပ်ထားရမည့် အချိန်ပင်။
ဖုန်းက ချိတ်ဆက်သွားခဲ့၏။ လင်းရီ၏ ရင်ဘက်တစ်ခုလုံး ကဆုန်စိုင်း ဝုန်းဒိုင်းဆန်နေသည်။
ဖုန်းတစ်ကော ခေါ်ရသည်က ဤမျှ စိတ်လှုပ်ရှားဖို့ကောင်းသည်ကို သူ ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင်။
“ လူကြီးမင်းလင်း … ရှင် အလုပ်ဆင်းတော့မှာလား …”
ကျီချင်းရန်၏ ရွှင်ပြနေသည့် အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာခဲ့၏။
လင်းရီ စိတ်သက်သာရစွာ သက်ပြင်းချလိုက်မိသည်။ သူမ၏ သဘောထားကို အကဲခတ်ကြည့်ရသလောက်တော့ သူ ဘွတ်ကင်ယူထားစရာ မလိုအပ်တော့သည့်ပုံပင်။
ကျီချင်းရန်က နေ့တိုင်းနီးပါး အလုပ်များနေပြီး ဗွီဒီယို အတိုလေးများ ကြည့်ရန် အချိန်သိပ်မရှိပေ။ ထို့ပြင် သူမက ထိုသို့ ကြည့်ရသည်ကိုလည်း အစကတည်းက ဝါသနာမပါချေ။
ဟော်ယွမ်ယွမ်သည်လည်း စုံစမ်းစစ်ဆေးသင့်သည့် အဓိကလူများထဲမှ တစ်ယောက် ဖြစ်၏။ သို့သော် လင်းရီ သူ့အား ဖုန်းမခေါ်ခဲ့ပေ။
သူမ၏ အကျင့်စရိုက်ဖြင့် ဤအကြောင်း သိသည်နှင့် ချက်ချင်း သူ့ အစ်မကျီထံ ဖုန်းဆက်ပြီး သတင်းပို့မည်မှာ အသိသာကြီးပင်။ ထိုအခါ ကျီချင်းရန်၏ လေသံသည်လည်း ယခုလို ရွှင်ပြနေမှာ မဟုတ်ချေ။
“ ဟယ်လို … ကြားလား ….”
“ အင်း … ဒီဘက် လိုင်းသိပ်မကောင်းလို့ …” လင်းရီ ပုံမှန်ပြန်ဖြစ်သွားပြီး “ ငါ အလုပ်တော့ မဆင်းသေးဘူး … ဒါမေပယ့် အခုက အားတုန်းမို့ မင်းဆီ ဖုန်းခေါ်လိုက်တာလေ….”
“ အဲ့လိုလား ….” ကျီချင်းရန် တခစ်ခစ် ရယ်မော၍ “ လူကြီးမင်းလင်း လုပ်တာ မဆိုးဘူး … ဒီနေ့ညကျ ဆုချမယ်…”
“ ကောင်းပါပြီဗျ… ကျွန်တော်ကလည်း မျှော်နေပါ့မယ်….”
ရိုးရှင်းစွာ စကားပြောဆိုပြီးနောက် လင်းရီ ဆင်ခြေတစ်ခုရှာ၍ ဖုန်းချလိုက်လေသည်။
ကျီချင်းရန်က အဆင်ပြေနေသည်ဖြစ်ရာ သူ Tesla အမှုအား အာရုံစိုက်ရမည့် အချိန်အခါ ဖြစ်၏။
ကလင် ကလင် ကလင် …
ထိုအချိန်တွင် လင်းရီ၏ ဖုန်းသံ တစ်ဖန် မြည်ဟည်းလာခဲ့၏။
အမည်မသိ နံပါတ်တစ်ခုပင်။
“ လူကြီးမင်းလင်း … “
ဖုန်းကိုင်လိုက်သည်နှင့် လင်းရီ ရင်းနှီးနေသည့် အသံအား ကြားလိုက်ရလေသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် တစ်ဖက်သူက ကျောက်ဖုန်းဟွာ ဖြစ်ကြောင်းကို လင်းရီ မှတ်မိသွားခဲ့သည်။
“ ကျောက်ဖုန်းဟွာ ….”
“ လူကြီးမင်းလင်းက ငါ့ကို မမေ့ဘူးဆိုတော့ အံ့ဩဖို့ကောင်းတဲ့ မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားတာပဲ ….”
“ မင်းမှာ ပြောစရာ ရှိတယ်ဆိုပြော ….”
“ ထွေထူးတော့ မဟုတ်ပါဘူး … ဒီတိုင်း လူကြီးမင်းလင်းနဲ့ မနေ့က ကိစ္စလေး ဆွေးနွေးချင်လို့ပါ …” ကျောက်ဖုန်းဟွာ ပြောလိုက်ပြီး “ ငါတို့ဘက်က စိတ်ရင်းနဲ့ လူကြီးမင်းလင်း ရန်ပင်းဆိုတဲ့ အမျိုးသမီးကို သူ့သဘောနဲ့သူ အယူခံဝင်ထားတာကို ပြန်ရုတ်သိမ်းပေးဖို့ ဖြောင်းဖျပေးစေချင်တယ်… ပြီးတော့ စိတ်ချပါ … ကတိပေးထားတာတွေ အားလုံးကို ငါတို့ဘက်က အကုန် ဖြည့်ဆည်းပေးသွားမှာ … လူကြီးမင်းလင်းရဲ့ ကျိုးဟိုင်က အဆင့်အတန်းလည်း ပြောထားတဲ့အတိုင်း တစ်ဆင့် မြင့်သွားစေရမယ်…”
“ မင်းတို့ လူတွေက တစ်ခုခုတော့ တစ်ခုခုပဲ … ငါ့နောက်ကွယ်မှာ မကောင်းကြံထားပြီးတော့ အခုကျတော့ ဒါတွေ လာပြောနေတယ်… မင်းတို့ ဟာသလုပ်လို့ ကောင်းတယ်လို့ ထင်နေလား ….”
ကျောက်ဖုန်းဟွာ ရယ်မောလိုက်၏။ သူ၏ ရယ်လိုစိတ်အား ဖုံးကွယ်ထားလိုစိတ် မရှိပါဘဲ အနည်းငယ် မတူမတန်သည့် လေသံဖြင့် “ လူကြီးမင်းလင်း … မင်း ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ …… ငါတို့လည်း ဒီလိုလုပ်ဖို့ တွန်းအားပေးခံရတာကြောင့်ပါ … လူတိုင်းက ထမင်းစားဖို့ လိုတယ်လေ … မင်းဘက်က ဒီတိုင်းလေး ငါတို့ တောင်းဆိုတာတွေ သဘောတူပေးဖို့ပဲကို ဘာများ ခက်ခဲနေလို့လဲ ဟုတ်တယ်မလား …” ကျောက်ဖုန်းဟွာ ပြောလိုက်ပြီး “ ဒါပေမယ့် ငါတို့က စိတ်ရင်းအမှန်နဲ့ လာခဲ့တာ ဆိုတော့ လူကြီးမင်းလင်းကလည်း ကိုယ့်အခြေအနေကိုယ် အကောင်းဆုံး သိမယ်လို့ မျှော်လင့်တယ် … ငါတို့ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ မဖြစ်ချင်ဘူး ….”
“ ဒါက လူကို ခြိမ်းခြောက်နေတာလား …”
“ မဟုတ်ပါဘူး … ဒီတိုင်း ထောက်ပြရုံပါပဲ ….” ကျောက်ဖုန်းဟွာ ဆက်ပြောလိုက်၏။
“ ဘာပဲဆိုဆို ငါတို့က နာမည်ကြီး နိုင်ငံခြား ကော်ပိုရေးရှင်း တစ်ခုပဲလေ… ပြီးတော့ ငါတို့ရဲ့ စီအီးအိုကလည်း ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး တစ်ယောက် … မင်းဘက်က ငါတို့နဲ့ ထိပ်တိုက် ရင်ဆိုင်စရာ အကြောင်းကို မရှိတာ … လူတိုင်း ကိုယ့် ထမင်းပန်းကန်လုံးနဲ့ကိုယ် စားကြတာက ပိုမကောင်းဘူးလား …. ဘယ်လိုသဘောရလဲ ….”
“ ဟင်းဟင်း …..”
လင်းရီ နှာမှုတ်လိုက်ပြီး “ ဒါဆိုလည်း ငါမင်းကို ဒီနေ့ ပြောလိုက်မယ်… ငါက မင်းတို့ရဲ့ ပန်းကန်လုံးကို ရိုက်ခွဲရုံတင် မကဘူး … ထမင်းအိုး တစ်ခုလုံးပါ ရိုက်ခွဲပစ်ဦးမှာ ….”
လင်းရီ ဖုန်းချပြီး ဟော်ယွမ်ယွမ်ထံသို့ ဆက်သွယ်လိုက်၏။
သို့သော် နှစ်ကြိမ် တိုင်တိုင် ခေါ်နေသည့်တိုင် တစ်ဖက်က ဖုန်းကိုင်မလာချေ။
သေစမ်း …. ကုမ္ပဏီ ရန်ပုံငွေတွေနဲ့ ရှော့ပင် ထွက်နေပြန်ပြီတူတယ်…
ကူကယ်ရာမဲ့စွာနဲ့ပဲ လင်းရီ ထျန်းရန်ထံသို့ ဖုန်းခေါ်လိုက်ရသည်။
“ ဥက္ကဌလင်း …”
“ ဟော်ယွမ်ယွမ် ဘယ်မှာလဲ ….”
“ အမ်… ရှင် အမှန်အတိုင်း ပြောတာ ကြားချင်လား … လိမ်ညာပြီး ပြောတာ ကြားချင်လား …”
“ ညာပြီးပြော …. ငါ့စိတ်ငါ ပြင်ဆင်ထားရအောင်လို့ ….”
“ ဥက္ကဌဟော်က ရုံးခန်းထဲမှာပဲ အလုပ်ကြိုးစားနေပါတယ်….”
“ အမှန်တရားကရော ….”
“ သူ ရှော့ပင် ထွက်နေတယ်….”
“ သေစမ်း ….”
လင်းရီ ကျိန်ဆဲလိုက်မိ၏။ ယွမ်ယွမ်အကြောင်းကို သူသာ အသိဆုံးပင်။
“ ဥက္ကဌလင်း … ကိစ္စရှိလို့လားဟင် …”
“ Tesla ရဲ့ ဘရိတ်ပြဿနာကို မင်းလည်း သတင်းတွေမှာ မြင်တယ်မလား ..”
“ အင်း …” ထျန်းရန် ပြောလိုက်ပြီး “ ဒါက ကျွန်မတို့အတွက် သတင်းကောင်းပဲ … ကုမ္ပဏီက ရင်းနှီးမြုပ်နှံထားတဲ့ လျှပ်စစ်ကား ကုမ္ပဏီတွေကလည်း ခုတလော တိုးတက်မှုတွေက မဆိုးဘူး ….”
“ ဒီအခွင့်အရေးကို ဖမ်းဆုပ်ပြီး သူတို့အပေါ် လူထုရဲ့ အမြင်ကို မွှေနှောက်လိုက်ကြစို့ … ကြီးလေ ကောင်းလေ … ဖြေရှင်းလို့ မရတော့တဲ့ထိ ရောက်သွားရင် အကောင်းဆုံးပဲ …”
“ ရှင်ဖြစ်စေချင်တာ …. ကျွန်မတို့ကို တိတ်တိတ်လေး ဓာတ်ဆီလောင်းဖို့ပေါ့ ဟုတ်လား ….”
“ ဘာကို တိတ်တိတ်လေးတုန်း … ပေါ်တင်လောင်းခိုင်းနေတာ … ဘာမှဂရုစိုက်မနေနဲ့ … ပေါ်ပေါ်ထင်ထင်ပဲ ဆန့်ကျင် ….”
“ ကောင်းတဲ့ အကြံတော့မဟုတ်ဘူးနော် … Tesla က တအား ကြီးလွန်းတယ်… သူတို့နဲ့ သူသေကိုယ်ကျေ တိုက်ခိုက်ရင် ကောင်းမှာ မဟုတ်ဘူး … နှစ်ဖက်လုံးက ထိခိုက်ဆုံးရှုံးရဖို့ များတယ်….”ထျန်းရန် ပြောလိုက်ပြီး “ ကျွန်မတို့မှာလည်း စွန့်ဦး လျှပ်စစ်ကားနယ်ပယ်တွေ ရှိတယ်ဆိုပေမယ့် ကျွန်မတို့ အခု လိုအပ်နေတာက မျှတတဲ့ ယှဉ်ပြိုင်မှု … နှစ်တွေအကြာကြီး development ပိုင်းကို အာရုံစိုက်ပြီးရင် Tesla က ကျွန်မတို့ရဲ့ ပြိုင်ဘက်ဖြစ်တော့မှာ မဟုတ်ဘူး … ကျွန်မကတော့ သူတို့ကို ဖိနှိပ်နိုင်မယ်ဆိုတာ ယုံကြည်ချက် အပြည့်ရှိတယ်….”
“ တရားဝင် နည်းလမ်းနဲ့ သူတို့ကို ဖြုတ်ချတာက အားစိုက်ကြိုးပမ်းမှုတွေ အများကြီး လိုတယ် … အခု အခွင့်အရေးက သူ့ဟာနဲ့သူ ထွက်လာတာ … ရေနစ်ရင် လူတိုင်းက ဝါးကူထိုးကြမှာပဲ … သူတို့ရဲ့ အောက်ဆီဂျင်ဘူးကို အရင်ဖြုတ်ပြီး ကျန်တာ နောက်မှ ထပ်ဆွေးနွေးတာပေါ့ ….”
ထျန်းရန် တွေးတောကြည့်လိုက်၏။ သူမကတော့ မည်သို့ပဲ စဉ်းစား စဉ်းစား ဤသည်က အတော်လေး အန္တရာယ်များသည့် အစီအစဉ်ပင်။
သူမကို မဆိုထားနှင့် ဥက္ကဌချီပင် သဘောတူဝံ့လိမ့်မည်လို့ သူမ မထင်ပေ။
“ ကျွန်မ အမှုဆောင် အစည်းအဝေးခေါ်ပြီး အစီအစဉ် တစ်ခု ဆွဲလိုက်မယ်…”
“ ယွမ်ယွမ် ပြန်လာရင် သူ့ကို ဒီကိစ္စပြောပြီး တာဝန်ယူခိုင်းလိုက် …”
“ ရှင်က ဒါရိုက်တာဟော်ကို တာဝန်ပေးချင်တာလား …” ထျန်းရန် ပြောလိုက်ပြီး “ ဒါရိုက်တာဟော်က CFO လေ … ဒီကိစ္စ ကျွန်မ သိသလောက်တောင် သိမှာ မဟုတ်ဘူး ….”
“ ဒါက သာမန် စီးပွားရေး အထိကရုဏ်းမဟုတ်ဘူး … မိန်းမချင်း ရန်ဖြစ်ရသလိုပဲ … သူက မင်းထက်ပိုပြီး သင့်တော်တယ်…”
“ အား …. ကျွန်မ နားလည်ပြီ…”
“ ရှင်းရှင်းပြောမယ်… ဒီကိစ္စ သူနဲ့ လွှဲထားလိုက် …”
“ အိုကေ ….”
ညွှန်ကြားချက်များ ပေးပြီးနောက် လင်းရီ ဖုန်းချလိုက်လေသည်။
ဟော်ယွမ်ယွမ်ကသာ ဤသို့သော အငြင်းပွားမှု ပြဿနာအား ကိုင်တွယ်မည်ဆိုပါက မည်သည့် ပြဿနာမှ ရှိမှာ မဟုတ်ချေ။ Tesla ၏ လူများက သူမ၏ ရှေ့မှောက်တွင် အမှိုက်သာသာ လူများ ဖြစ်သွားချေမည်။
ထို့နောက် လင်းရီ ရန်စီထံသို့ ဖုန်းဆက်လိုက်သည်။
“ ဥက္ကဌလင်း … ဘာညွှန်ကြားစရာများ ရှိလို့ပါလဲရှင့် ….”
ဖုန်းဝင်သွားသည်နှင့် ရန်စီ၏ ကျီစယ်သည့် အသံက ထွက်ပေါ်လို့လာသည်။
“ ငါ့မှာ မင်းဖို့ အလုပ်ကြီးကြီး တစ်ခု ရှိတယ်…” လင်းရီ ပြောလိုက်ပြီး “ လတ်တလော ဟစ်ထနေတဲ့ … Tesla ရဲ့ ဘရိတ် ပြဿနာကို မင်းသိတယ်ဟုတ် …”
“ ဒါပေါ့ … ရှေ့ရက်ပိုင်းတွေတုန်းက ဒီလောက် ဟစ်ထနေတာကို … ဒါပေမယ့် ခုတော့ အဲ့လောက်လည် မဟုတ်တော့ပါဘူး ….”
မတူညီသည့် အထောက်အထားများကြောင့် ထျန်းရန်နှင့် ရန်စီသည် ကွဲပြားသည့် အရာများ၌ အာရုံစိုက်ထားကြ၏။
ထျန်းရန်က ဤကိစ္စမှနေ၍ အကျိုးအမြတ် မည်မျှ ရနိုင်သည်ကို အဓိက အလေးထားပြီး ရန်စီကတော့ ဤကိစ္စအား အရင်းအနှီးပြုရန် အခွင့်ကောင်းများ ရှာနေစဉ်တွင် အတန်းရှင်း ဘယ်လောက်များများ ရရှိနိုင်မလဲ ဆိုသည့်အပေါ် အလေးထား၏။
ကိုယ်ထိုင်သည့် နေရာက ကိုယ်ရပ်တည်သည့် နေရာကို ဆုံးဖြတ်ပေးသည်ဟူသည့် စကားက ဤနေရာတွင် ကွက်တိကျနေသည်။
“ ဒါဆို မင်းလက်ထဲမှာ ထရိုးတွေ (Trolls) အများကြီး ရှိထားရောပေါ့ …”
( troll - သူများတင်ထားတဲ့ ပို့စ်အောက်မှာ အကောင့်ပုန်းတွေနဲ့ စိတ်တိုစရာ၊ အငြင်းပွားစရာ ကွန်းမန့်တွေကို ရေးသားသူ၊ )