← Chapters

အမှန် တရား ပေါ်ထွက်လာပြီ

Vol. 116 Ch. 1732

အမှန် တရား ပေါ်ထွက်လာပြီ

Vol. 116 Ch. 1732

လင်းရီ၏ ဆိုလိုရင်းကို ရန်စီ နားလည်သဘောပေါက်သွားခဲ့သည်။

“ နင်က ဒီကိစ္စကို ချဲ့ကားစေချင်နေတာလား ….”

“ အမှန်ပဲ … မင်းမှာ ရှိတဲ့ အရင်းအမြစ်တွေ အကုန် စုစည်းပြီး ဒီကိစ္စကို မွှေနှောက်ပေးလိုက် … ပြဿနာက ကြီးလေ ကောင်းလေပဲ .. ဘာမှ ထိန်းထားနေစရာ မလိုဘူး …”

“ Tesla ကလူတွေ နင့်ကို ရန်လာစနေလို့လား ဟုတ်လား ….”

“ စရုံတင် မကဘူး … ခေါင်းပေါ်ထိ တက်ပြီး မစင်လာစွန့်နေလို့...."

“ ငါအခု ဘာလုပ်ရမလဲ နားလည်ပြီ… နောက်ပိုင်းကျရင် သတင်းကြည့်လိုက် … နင့်ဖို့ ဒီကိစ္စကို ရှင်းလင်းနေအောင် လုပ်ပေးထားမယ်…”

“ အင်း .. လုံးဝ ထိန်းထားနေစရာ မလိုဘူးနော်… ရဲရဲတင်းတင်းသာလုပ် …”

“ အင်း .. နားလည်ပြီ…”

ဖုန်းချပြီးနောက် လင်းရီ ဆိုဖာပေါ်တွင် ဇိမ်ကျစွာ ထိုင်နေလျက် ရှိ၏။

အရင်ဆုံး ၊ ဟောင်ကောင်က ဟွမ်ဟိုင်အုပ်စု၊ အခုကျတော့ Tesla …

ဒီလူတွေ ဘာလို့ ငါ့အရှေ့မှာပဲ လာပြီး ဇောင်းကြွချင်နေကြရတာလဲ ဟမ် ….

တစ်ချိန်တည်းတွင် အပြင်ဘက်မှ ခြေလှမ်းသံများ ထွက်ပေါ်လာပြီး လီရှန်းဟွေ့နှင့် ကျန်သူများ ပြန်ရောက်လာခဲ့ကြ၏။

“ မြို့ပြစီမံရေး ရုံးကို သွားတော့ ဘယ်လိုနေလဲ …”

ရုံးခန်းထဲ ပြန်ရောက်တော့ လီရှန်းဟွေ့မှ အပြုံးလေးဖြင့် မေးလာသည်။

“ ကောင်တွေက တော်တော်လေး ဟိတ်ဟန်များတယ်… ကျုပ်ကို သင်ခန်းစာ ပေးရအောင် လုပ်ပြီးတော့ အပိုးကျိုးသွားပြီ … ကျုပ် ရှုပ်ထားခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကူညီပေးဦး …”

“ အသေးမွှားလေးပါ … ခေါင်းဆောင်ကလည်း မင်းဘက်မှာ ရှိနေတာဆိုတော့ မင်း အလုပ် မပြုတ်အောင်တော့ အသာလေး ကာကွယ်ပေးလို့ရတယ်….”

“ အဲ့လိုကြားရတယ် ဆိုရင်ကိုပဲ စိတ်ချပါပြီ….”

“ ကောင်းပြီ … အဲ့တာတွေ ဘေးချိတ်ထားပြီး အခု အလုပ်ကိစ္စ ဆွေးနွေးကြစို့ …”

အကုန်လုံး ထိုင်ချလိုက်ကြပြီး လီရှန်းဟွေ့မှ သူ ရရှိထားသည့် သတင်းအချက်အလက်များအား စုစည်း၍ လင်းရီထံသို့ ပြောလိုက်သည်။

“ ကျန်းဟောက်ရဲ့ မိဘတွေက တူကျွမ့်ရဲ့ အိမ်အောက်မှာ အိမ်တစ်လုံး ရှိတယ်… ငါတို့ လက်တွေ့စမ်းသပ်ချက် တစ်ချို့လည်း လုပ်ထားပြီးပြီ … အရင် ထင်ကြေးတွေ အတိုင်းဆို လူသတ်သမားက ပြတင်းပေါက်ကို သုံးပြီး ပိုက်က တိပ်ကို တကယ် ခွာလို့ ရတယ် …”

“ ဒါပေမယ့် ပြဿနာက သံသယ တရားခံတွေ အားလုံးမှာ အမှုဖြစ်ခဲ့တဲ့အချိန် အလီဘိုင် ကိုယ်စီ ရှိနေခဲ့တာပဲ … ဒါက သူတို့ကို ဆန့်ကျင်ဖို့ သက်သေ အချက်အလက်အနေနဲ့ သုံးလို့ မရနိုင်ဘူး …”

“ smart device တွေကနေတဆင့် လှုပ်ရှားသွားတာရော မဖြစ်နိုင်ဘူးလား ….”

“ အိမ်အဟောင်းကြီးမှာ ဘယ်နားက smart device သွားသုံးလို့ရမှာလဲကွာ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ အကုန်လုံးက သာမန် ပရိဘောဂတွေချည်း … ထွေထူး ဘာမှ မရှိဘူး …”

လင်းရီ၏ အမူအရာမှာ ရပ်တန့်သွားခဲ့၏။ ထွက်ပေါ်လာသည့် ရလဒ်က သူ မှန်းထားသည့် နှမ်းထွက်နှင့် ကိုက်ညီမနေချေ။

လီရှန်းဟွေ့မှ ပရိုဂျက်တာ တစ်ခုအား သုံး၍ အခင်းဖြစ်ပွားသည့် နေရာရှိ မြင်ကွင်းဓာတ်ပုံများအား ပြလိုက်သည်။

လင်းရီ ဆိုဖာပေါ်တွင် ထိုင်နေရင်း ဂရုတစိုက် ကြည့်ရှုနေလျက် ရှိ၏။

အိမ်၏ အပြင်အဆင်က တူကျွမ့်၏ အိမ်နှင့် အတူတူပင်။ သို့သော် အတွင်းပိုင်း ဒီဇိုင်းကတော့ ကွဲပြား၏။ ထို့ပြင် အိမ်က အတော်လေးလည်း ‌ဟောင်းနွမ်းနေပြီး ပရိဘောဂဖြစ်စေ ၊ ကြမ်းခင်းတွေပဲ ဖြစ်စေ ၊ အချိန်၏ တိုက်စားမှုဒဏ်ကို ကောင်းစွာ ခံစားထားရပြီး ဖြစ်ကြောင်း ဖော်ပြနေသည်။

“ ငါတို့ သေချာ ဂရုတစိုက်နဲ့ စစ်ဆေးပြီးသား … အိမ်မှာ မှတ်မှတ်ရရ ပြောထွက်စရာဆိုလို့ တကယ် ဘာမှကို မရှိတာ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ သူ့မိဘတွေပိုင်တဲ့ အိမ်မှန်း ငါတို့ သိတောင် အသုံးမဝင်ဘူး … ဘာလို့ဆို သူ့ မိဘတွေ အဲ့အိမ်ကို ပြန်မလာတာ အတော်လေး ကြာနေပြီ…”

လင်းရီ ဘာမျှ ပြန်မပြောချေ။ ပြသနေသည့် စလိုက်များအား အပြည့်အဝ အာရုံစူးစိုက်နေသည်။

သဲလွန်စ တစ်ခုလေးတောင် မချန်ထားရစ်ခဲ့ဘူးဆိုတာကို သူ မယုံကြည်ချေ။ သူတို့ ရှာမတွေ့သေးသည့် အသေးစိတ်တစ်ချို့တော့ ရှိကို ရှိရဦးမည် ဖြစ်၏။

“ ဟင် … ဒါက ဘာလဲ …”

လင်းရီ၏ သင်္ကာမကင်းဖြစ်သည့် အသံက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့ပြီး ပြသနေသည့် စလိုက်အား မသိစိတ်အလျောက် သေချာ လှမ်းကြည့်မိလိုက်ကြ၏။

လင်းရီ ညွှန်ပြနေသည့် အရာကို မြင်တော့ သူတို့ အကုန်လုံး အံ့အားသင့်သွားခဲ့ကြလေသည်။

“ စောင့်ကြည့်ရေး ကင်မရာလား ….”

“ လူမနေတော့တာကြာတဲ့ အိမ်အဟောင်းကြီးမှာ ဘာလို့ စောင့်ကြည့်ရေး ကင်မရာက ရှိနေလဲ …”

လင်းရီ၏ စကားလုံးတို့က ကျန်သူများကို ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။

“ ငါ ဒါကို တွေ့ခဲ့သေးတယ်…” ကောင်းမင်ကျွင်းပြောလိုက်ပြီး “ အဲ့တုန်းက ငါတို့ အတွင်းပိုင်း စစ်ဆေးနေတုန်း တွေ့ခဲ့တာ … ဒါပေမယ့် ဒီတိုင်း သာမန်ပါပဲ ဆိုပြီး အဲ့တုန်းက ပေါ့သေးသေးနေလိုက်တာ ခု ပြန်ကြည့်ကြည့်တော့မှ တကယ် သံသယ ဖြစ်ဖို့ ကောင်းနေတာပဲ …”

“ မင်း အဲ့ဒီ ကင်မရာကို မြင်တော့ သေချာလေး အသေးစိတ် ကြည့်ခဲ့မိသေးလား … ဖုန်တို့ ဘာတို့ တက်နေလားပေါ့ ….” လင်းရီ မေးလိုက်သည်။

“ အဲ့လိုတော့ သေချာ သတိမထားမိလိုက်ဘူး … ဒါပေမယ့် သိပ်ပြီးမှ ညစ်ညစ်ပတ်ပတ်တော့ ရှိမနေဘူးပဲ …”

လင်းရီ စားပွဲအား ဖြန်းခနဲ ရိုက်၍ “ ဒါဆို ပြဿနာက အဲ့မှာပဲ ….”

“ ဒီကင်မရာက တူကျွမ့်ကို သတ်တဲ့နေရာပါ ကြံရာပါ ပစ္စည်းတစ်ခု ဖြစ်နိုင်လို့လား …” ကူရိရန် မေးလာခဲ့သည်။

“ တခြား ကင်မရာတွေကတော့ မဖြစ်နိုင်ဘူး … ဒါပေမယ့် ဒီတစ်ခုကတော့ လုံးဝနီးပါး သေချာတယ်…”

လင်းရီ ပြောချင်သည်အား လူတိုင်း နားမလည်ကြသေးချေ။ ထို့ကြောင့် ဇဝေဇဝါ မျက်နှာအမူအရာတို့ဖြင့် ဖြစ်နေခဲ့ကြ၏။

“ ခဏလောက် စိတ်ကူးယဉ်ကြည့်လိုက် … တကယ်လို့ ဒီကင်မရာကို ဖုန်းကနေတဆင့် ၃၆၀ ဒီဂရီ ထိန်းချုပ်လို့ ရနေမယ်ဆိုရင် ….. “

ထိုစကားပြောလိုက်သည်နှင့် လူတိုင်း အလင်းပွင့်ကုန်ကြ၏။

အကယ်၍ ဤကင်မရာသာ ၃၆၀ ဒီဂရီ လည်ပတ်၍ ရနေမည်ဆိုပါက ငါးမျှားကြိုးကို ၎င်းနေရာတွင် တပ်ထားပြီး ဆက်တိုက် လှည့်လည်နေခြင်းဖြင့် ဂက်စ်ပိုက်တွင်ရှိ တိပ်အား ခွာ၍ တူကျွမ့်အား သတ်ဖြတ်ရန် ရည်ရွယ်ချက်ကို အောင်မြင်စွာ ပြီးမြောက်နိုင်လေသည်။

“ အဲ့နေရာကို တစ်ချက် ပြန်သွားကြည့်ကြတာပေါ့ ….”

“ မင်းနဲ့ ကူလေးတို့ သွားနှင့် … ငါတို့ ကျန်းဟောက်နဲ့ တူကျွမ့်ရဲ့ ဘဏ်ကတ် အချက်အလက်တွေ စစ်ရဦးမှာ … မင်းတို့ ပြန်လာတဲ့ အချိန်ကျ ဒီ ကိစ္စကို အတူ သုံးသပ်ကြတာပေါ့ ….”

“ အဲ့လိုလည်း ရတယ်လေ….”

ကြီးကြီးမားမား ကိစ္စ မဟုတ်သဖြင့် လူအများကြီး ခေါ်နေစရာ မလိုချေ။

လင်းရီနှင့် ကူရိရန်တို့ ပစ္စည်းများအား သိမ်းဆည်းပြီး ကျန်းဟောက်၏ မိဘအိမ်သို့ ဦးတည်လိုက်ကြသည်။

တစ်နာရီ အတွင်းမှာပဲ သူတို့နှစ်ယောက် ရည်ရွယ်ထားသည့် နေရာသို့ ရောက်ရှိလာသည်။

နေရာကို ရဲတပ်ဖွဲ့က စောင့်ကြပ်နေပြီး တံခါးအား စောင့်ကြပ်နေသူက ရဲဝန်ထမ်း နှစ်ယောက်ပင်။ လင်းရီ သူ၏ အိုင်ဒီကတ်အား တစ်ချက်ပြ၍ အတားအဆီးမရှိ အိမ်ထဲသို့ ဝင်ရောက်လာခဲ့၏။ ၎င်းနောက် အဖြူရောင် ကင်မရာလေး ရှိသည့် နေရာသို့ တန်းမတ်စွာ ဦးတည်လိုက်ကြသည်။

တစ်ချိန်တည်းတွင် ကူရိရန်မှာ လက်အိတ်စွပ်လျက်ထား ဖြစ်နေပြီး ၎င်းအပေါ်ရှိ လက်ဗွေရာအား ဖျက်စီးမိသလို ဖြစ်မှာကို စိုးရိမ်နေသည်။

ကင်ရာအား ဖြုတ်ရန် ဟန်ပြင်လိုက်သည့်အခါ၌ လုံးဝ လှုပ်၍ မရကြောင်းကို သူမ သတိထားမိလိုက်သည်။

အားအနည်းငယ် စိုက်ထုတ်ပြီးသည့်တိုင် တစ်ချက်လေးမျှ တုတ်တုတ်လှုပ်မလာချေ။

" သာမန်ပါပဲ .. အားဆိုတာ အပြန်အလှန်သက်ရောက်တဲ့ သဘောရှိတယ်… ကင်မရာက ငါးမျှားကြိုးကို ဆွဲတဲ့အချိန် ငါးမျှားကြိုးကလည်း ကင်မရာကို ပြန်ဆွဲနေမှာပဲ … TV ခုံနဲ့တာ သေချာ မလုပ်ထားရင် ပြုတ်ထွက်နေလောက်ပြီ … မင်း အလယ်တန်းကျောင်း physics ကို ဘယ်လိုတွေတောင် အောင်ခဲ့တာ ….”

“ ငါလည်း စဉ်းစားမိပါတယ် … နင် ပြောပြနေစရာ မလိုပါဘူး …” ကူရိရန် ပြန်ပက်လိုက်ပြီး မကျေမချမ်းဖြစ်စွာဖြင့် နှာခေါင်းအား ပွစိပွစိ လုပ်လိုက်၏။

“ ပြီးတော့ … ငါက အလယ်တန်းကျောင်းမှာတုန်းက Physics အတန်းရဲ့ ကိုယ်စားပြုပဲ … Physics မှာ နင့်ထက်ပိုတော်တယ်….”

“ မင်း အထက်တန်း တက်တဲ့ အချိန်ကျ မင်းရဲ့ ပညာရေး အမှတ်တွေ ကြောက်ဖို့ကောင်းလောက်အောင် ဆိုးရွားနေမယ်ဆိုတာ ငါလောင်းရဲတယ်….”

ကူရိရန် အနည်းငယ် ရှက်ရွံ့သွားခဲ့မိ၏။ လင်းရီပြောနေသည်က မှန်နေသောကြောင့်ဖြစ်သည်။

“ နင် ဘယ်လိုလုပ်ပြီး သိလဲ ….”

“ ခန့်မှန်းနေစရာတောင် လိုသေးလို့လား … မင်းသာ အထက်တန်းကျောင်းမှာတုန်းက စာကောင်းကောင်းလုပ်ခဲ့ရင် ရဲအကယ်ဒမီ တက်ခဲ့မှာတောင် မဟုတ်ဘူး …”

ကူရိရန် “ ….. “

“ အပိုလုပ်နေတာတွေ တော်ပြီး အလုပ်လုပ်ကြစို့ ….”

လင်းရီ သူ့ နောက်ကျောမှ စကေဘာကို ထုတ်၍ ကင်မရာကို စားပွဲမှ ဖြည်းဖြည်းချင်း ခွာလိုက်သည်။

နှစ်ယောက်သား အနားသို့ တိုးကပ်လာပြီး ကင်မရာအား သေချာလေ့လာနေကြလေသည်။

“ နင် ပြောတာ မှန်နေတာပဲ …”

အဘယ်ကြောင့်ဆိုသော် ကူရိရန်သည် ကင်မရာ၏ အောက်၌ အဖြူရောင် အမှတ်လေးအား မြင်တွေ့သွားခဲ့သောကြောင့် ဖြစ်၏။

ထို့ပြင် အရာကလည်း သေးပြီး ငါးမျှားကြိုး အရွယ်အစားခန့်မျှသာ ရှိသည်။

လင်းရီ သူ၏ လက်နှင့် ကင်မရာအား လှည့်၍ ကြိုးစားလိုက်သည်။ အနည်းငယ် ကြပ်သော်လည်း အမှန်ပင် ၃၆၀ ဒီဂရီကို အဆီးအတားမရှိ လှည့်ပတ်၍ ရလေသည်။

သူ ခန့်မှန်းထားသည်နှင့် လုံးဝ အံဝင်ဂွင်ကျ ဖြစ်နေခဲ့တော့၏။

လင်းရီ အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး ရုတ်ချည်း စိတ်သက်သာရသလို ခံစားသွားခဲ့ရသည်။

“ လူသတ်သမားရဲ့ နည်းလမ်းကိုလည်း ဖော်ထုတ်ပြီးပြီဆိုတော့ ပြန်ပြီး သူတို့နှစ်ယောက်ကို စစ်မေးရုံပဲ ကျန်တော့တယ်….”

( TL note - မြို့ပြစီမံရေးရုံး ကိုင်တွယ်ရသည်များ - လိုင်စင်မဲ့ ပျံကျဈေးသည်များအား ဖမ်းဆီးခြင်း၊ တရားမဝင် ရေဆိုးရေညစ်စွန့်ထုတ်ခြင်းတို့အား ကြပ်မတ်ခြင်း၊ မြို့ပြပုံရိပ်အား ထိန်းသိမ်း‌စောင့်ကြည့်ခြင်း ( ကြော်ငြာဆိုင်းဘုတ်ထောင်တာတို့ ၊ ဘာတို့ ) တရားမဝင် အဆောက်အဦး ဖြိုဖျက်ခြင်းတို့အား စောင့်ကြည့်ခြင်း ၊ noise complain များအား ဖြေရှင်းခြင်းနှင့် အသေးစား နှောင့်ယှက်မှု ပြဿနာများအား ကိုင်တွယ်ရခြင်း )

All Chapters