နောက်ဆုံး အကြိမ် စစ်ဆေးမေးမြန်းခြင်း
Vol. 116 Ch. 1733
သက်သေအား ယူဆောင်ပြီးနောက် နှစ်ယောက်သား အခန်းထဲမှ ထွက်ကာ ရဲဌာနသို့ မောင်းထွက်လာခဲ့ကြသည်။
သူတို့ ပြန်ရောက်သည့် အချိန်၌ လီရှန်းဟွေ့၏ စားပွဲတွင် စာရွက်စာတမ်းတို့က အပုံလိုက်ကြီး ရှိနေသည်ကို မြင်တွေ့လိုက်ရလေသည်။ စာရွက် အပုံများ၏ အောက်တွင်တော့ အကြောင်းအရာတို့အား အာရုံစူးစိုက်စွာ အကဲဖြတ်နေသည့် လီရှန်းဟွေ့အား မြင်တွေ့လိုက်ရ၏။
နှစ်ယောက် ပြန်ရောက်လာသည်ကို မြင်တော့ လီရှန်းဟွေ့ စာရွက်အား အောက်သို့ချပြီး မေးလိုက်သည်။
“ တစ်ခုခု ရှာတွေ့ခဲ့ကြသေးလား …”
“ လင်းရီ ပြောတာ မှန်တယ်…” ကူရိရန် ပြောလိုက်ပြီး “ ကင်မရာက တကယ်ပဲ အဆီးအတား မရှိ လည်ပတ်နိုင်တယ်… ပြီးတော့ ကင်မရာအပေါ်မှာ ငါးမျှားကြိုးရာလည်း မြင်နေရတယ်… ဒီဥစ္စာကို သုံးပြီးမှ တိပ်ကိုခွာဖို့က တကယ်ပဲ ဖြစ်နိုင်တယ်… ဒါက အပေါ်ထပ်မှာ ရှိတဲ့ လူကို သတ်တဲ့ နောက်ဆုံး အဖြေ ဖြစ်သင့်တယ်…”
“ အရမ်း ကောင်းတယ်…” လီရှန်းဟွေ့ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး “ ငါတို့ဘက်မှာလည်း ဘဏ်ကတ်ထဲ ဝင်တဲ့ ငွေစီးဆင်းမှုနဲ့ ပတ်သက်ပြီး သဲလွန်စတစ်ချို့တော့ ရှာတွေ့ထားတယ်… ဝမ်ကျားနဲ့ ကျန်းဟောက်က ဆက်စပ်နေတာတော့ ငါတို့ အတည်ပြုနိုင်ပြီ…”
“ ကျုပ်အထင် လက်ရှိ ကျုပ်တို့မှာ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ဆိုရင် သူတို့နှစ်ယောက်ကို စစ်မေးလို့ ရနေပြီ ထင်တာပဲ …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် အခန်းခွဲပြီး စစ်မေးဖို့တော့ အကြံပြုချင်တယ်… ဒီလိုဆို ကျုပ်တို့တွေ အချက်အလက်တွေ ပိုပြီး ရတာလည်း ဖြစ်နိုင်တာပဲလေ…”
“ အတူသွားကြတာပေါ့ …”
ငါးယောက်သား စစ်ကြောရေး အခန်းသို့ ရောက်လာခဲ့ကြသည်။ မကြာမီ ဝမ်ကျား အထဲသို့ ခေါ်ဆောင်လာခြင်းခံခဲ့ရ၏။
ပထမ အကြိမ်နှင့် ယှဉ်ကြည့်မည်ဆိုပါက သူမ၏ စိတ်အခြေအနေမှာ အများအပြား ဆိုးရွားနေသည်။ သူမ၏ ဖြူဖျော့နေသည့် မျက်နှာထားက ပိုမိုဆိုးရွားအောင် ပြုလုပ်နေလျက် ရှိတော့သည်။
သို့သော် သူမ၏ ကောင်းမွန်သည့် အုတ်မြစ်ကြောင့်ပဲ အနည်းငယ် ရုပ်ပျက်နေစေကာမူ ကြည့်ကောင်းသည့်အထဲတွင်တော့ ပါသည်။
“ ရှင်တို့ ဘာလို့ ဒီလောက် ရက်တွေအများကြီး ကျွန်မကို နှောင့်ယှက်နေကြတာလဲ .. ကျွန်မဘက်က ပြောဖို့လိုအပ်တာတွေ အကုန်ပြောပြီးသွားပြီ… ဘာလို့ ကျွန်မကို အခုထိ သွားခွင့် မပေးသေးလဲ….”
လီရှန်းဟွေ့နှင့် လင်းရီ၏ အသင်းသားများ ဝင်လာသည်ကို မြင်တော့ ဝမ်ကျား၏ အမူအရာမှာ စိတ်လှုပ်ရှားလာခဲ့ပြီး ပထမ တစ်ကြိမ် ဝင်လာစဉ်ကကဲ့သို့ တည်ငြိမ်နေခြင်း မရှိတော့ချေ။
“ ကျုပ်တို့ဘက်က ခင်များကို ထိန်းသိမ်းထားတယ်ဆိုတာလည်း အကြောင်းပြချက် ရှိတယ်… မဟုတ်ရင် ခင်များကို အလုပ်ရှုပ်ခေါ်ပြီး ခေါ်ထားမနေဘူး …. ဘာကြောင့်လဲဆိုတာကိုတော့ ခင်များက ကျုပ်တို့ထက်ပိုပြီး သိနေမယ်လို့ ယုံကြည်တယ်….”
“ ရှင် ဒါဘာသဘောပြောတာ … ကျွန်မက တူကျွမ့်ရဲ့ ဝမ်းကွဲဆိုတိုင်း ကျွန်မကို ဒီမှာ ခေါ်ထားလို့ ရမလား …”
“ ခင်များတို့နှစ်ယောက်က ရင်းနှီးကြတာ အမှန်ပဲ … ဒါပေမယ့် ခင်များကို ဒီမှာ ထိန်းသိမ်းထားရလောက်တဲ့ တခြား အကြောင်းအရင်းတွေလည်း ရှိတာပေါ့….”
လီရှန်းဟွေ့ တည်တင်းသည့် မျက်နှာထားဖြင့် ဝမ်ကျားအား တည့်တည့်ကြည့်၍ ပြောလိုက်ပြီး “ အခုကစပြီး ကျုပ်တို့ မေးတာတွေကို သေချာလေး ဖြေပါ … ခင်များဘက်က ကောင်းကောင်းမွန်မွန် ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ်….”
“ ကျွန်မ ပြောဖို့ လိုအပ်တာတွေ အကုန်ပြောပြီးပြီကို ဘာထပ်ပြောစေချင်သေးတာလဲ …… “
“ ကျန်းဟောက်ဆိုတဲ့ အမျိုးသားကို ခင်များသိလား ….”
“ ကျန်းဟောက် …..” ဝမ်ကျား ရေရွတ်လိုက်ပြီး “ နာမည်ကြားရတာ ရင်းနှီးသလိုတော့ ရှိတယ်… ကျွန်မတို့ သူဌေးက လတ်တလော ပရောဂျက် အသစ်ကို လုပ်နေတာလေ… သူ့ ပါတနာ နာမည်က ကျန်းဟောက်လို့ ထင်တာပဲ ….”
“ ဒါဆိုရင် သူ့အကြောင်း ခင်များသိသလောက် ကျုပ်တို့ကို အကုန်ပြောပြ …..”
“ ကျွန်မ ဘာမှမသိဘူး … ကျွန်မက ဒီတိုင်း အရောင်းဝန်ထမ်း တစ်ယောက်ပဲ … ကုမ္ပဏီရဲ့ မန်နေဂျာမှ မဟုတ်တာ …. ဒီလို အကြောင်းအရာမျိုးတွေ သိရဖို့ ကျွန်မက အရည်အချင်း ပြည့်မီတာ မဟုတ်ဘူး ….”
“ ခင်များ သိသမျှ အကုန် ပြောရင် ကောင်းမယ်လို့ ကျုပ် အကြံပေးချင်တယ် … ကျုပ်တို့မှာသာ လုံလောက်တဲ့ သက်သေ အထောက်အထားတွေ ရှိမနေရင် ခင်များကို ခုချိန်ထိ ဖမ်းထားနေမှာတောင် မဟုတ်ဘူး ….”
“ ကျွန်မ သူ့ကို တကယ်ကြီး မသိတာ … ဘာပြောစရာမှ မရှိဘူး …”
“ ဒါပေမယ့် ကျုပ်တို့ စစ်ဆေးကြည့်တာတော့ ခင်များ ကျန်းဟောက်ဆီကနေ ငွေပို့တာကို နှစ်ကြိမ် လက်ခံထားတယ် … တစ်ခေါက်က ယွမ် ခြောက်သောင်း … နောက်တစ်ခေါက်က ယွမ် ကိုးသောင်း … ခင်များ ဒါကို ဘယ်လို ရှင်းမလဲ ….”
“ ကုမ္ပဏီနှစ်ခုကြားမှာ နောက်ထပ် စီးပွားရေး အပေးအယူ နှစ်ခု ရှိသေးလို့ ကျွန်မတို့ သူဌေးက သူ့ကို ကျွန်မအကောင့်ထဲ ငွေလွှဲခိုင်းပြီး အခွန်ရှောင်လိုက်တာ … အဲ့ဒီ ပိုက်ဆံတွေကိုလည်း ကျွန်မတို့ သူဌေးဆီ ပြန်အပ်ရတာပဲ ….”
“ ခင်များဆိုလိုချင်တာ နောက်ထပ် အပေးအယူ နှစ်ခုကို ခင်များက ညှိနှိုင်းဆွေးနွေးခဲ့တယ်… ဒါကြောင့်မို့ သူတို့က ခင်များရဲ့ ဘဏ်အကောင့်ဆီ ငွေလွှဲခဲ့တယ် ဟုတ်လား ….”
“ ဟုတ်တယ် … အဲ့လိုပဲ ….”
“ ဒါဆို မင်းနဲ့ ကျန်းဟောက်က လုံးဝ သူစိမ်းတွေပေါ့ ….” လင်းရီ မေးမြန်းလိုက်၏။
“ သူက သူဌေးကြီးလေ … ကျွန်မက ဒီတိုင်း အရောင်းဝန်ထမ်းပဲကို ကျွန်မတို့နှစ်ယောက်ကြားမှာ အလုပ်သဘောအရ ပတ်သက်မှု ရှိတယ်ဆိုရင်တောင် ထိတွေ့ဆက်ဆံဖြစ်တာက သိပ်မရှိဘူး .. ကျွန်မတို့ချင်းလည်း အရမ်း ရင်းနှီးနေတာ မဟုတ်ဘူး ….”
“ ငါတို့ကို ဘာမှ မသိဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား …” လင်းရီ မေးမြန်းလိုက်ပြီး “ မင်းတို့နှစ်ယောက်က ဒီတိုင်း သာမန် အလုပ်သဘော ဆက်ဆံရေးပဲ ရှိတယ်ဆိုရင်တောင်မှ … မင်းတို့သူဌေးက အခွန်ရှောင်ချင်တယ် ဆိုရင်တောင်မှ … မင်းတို့မှာ သီးသန့် ကိုယ်ပိုင် အကောင့်သပ်သပ် မရှိဘူးလား .. ဘာလို့ ကျန်းဟောက်ရဲ့ အကောင့်က မင်းရဲ့ ဘဏ်ကတ်ထဲကို တိုက်ရိုက် ရောက်လာခဲ့လဲ ….”
“ ပြီးတော့ စုန့်တဲယွမ်ရဲ့ စီးပွားရေး လုပ်ငန်းနဲ့ဆိုရင် ဒီ ယွမ် ၁၅၀,၀၀၀ က ပါမွှားလေးပဲ … သူ့ကုမ္ပဏီက အခွန်လည်း သန်းနဲ့ချီ ပုံမှန်ဆောင်နေတာကို ဒီ ငွေလေးနည်းနည်းလောက်ကို ဘာကိစ္စ အခွန်ရှောင်ရမှာ ….”
“ အဲ့တာက ……..”
ဝမ်ကျား၏ မျက်နှာထက်တွင် စိုးရိမ်ကြောင့်ကြသည့် အမူအရာတို့ ဖြစ်ပေါ်လာသည်။ လင်းရီမှာ ဤမျှ အနုစိတ်လိမ့်မည်လို့ သူမ ထင်မှတ်မထားခဲ့ချေ။
“ မင်း ငါတို့ရဲ့ အချိန်ကို ထပ်မဖြုန်းနဲ့တော့ … ပြီးတော့ မင်း ရုန်းကန်နေလို့လည်း အလကားပဲ .. ကျန်းဟောက်က အကုန်ဝန်ခံသွားပြီးပြီ …”
“ သူ ဟောက်ကျန်းကို သွားခဲ့တာက ဒီတိုင်း အလီဘိုင် တစ်ခု ဖန်တီးဖို့ပဲ … အဲ့ဒီနောက်မှာ သူ့ဘက်က ကြိုတင်စီစဉ်ထားတဲ့ အချက်တွေနဲ့ တူကျွမ့်ကို သတ်လိုက်တယ်….”
“ အဓိပ္ပာယ် မရှိတာ ….” ဝမ်ကျား ကယောင်ချောက်ချား အော်ဟစ်လိုက်ပြီး “ သူက ကျွန်မရဲ့ ဝမ်းကွဲ … ကျွန်မကို ကျိုးဟိုင် ခေါ်လာခဲ့ပေးတာလည်း သူပဲ…. သူသာ မရှိရင် ကျွန်မ အခု ဒီလိုတောင် နေနိုင်မှာ မဟုတ်ဘူး … ကျွန်မက ဘာကိစ္စ အဲ့လိုလုပ်ရမှာလဲ ….”
“ လူတွေက ငွေနောက်လိုက်ရင်း သေကြတယ်… ငှက်တွေက အစာနောက်လိုက်ရင်း သေကြတယ်…. လူတွေက ငွေအတွက်ဆို ဘာမဆို လုပ်ဝံ့ကြမယ်လို့ ငါတော့ ယုံတယ်… မှန်တယ်မလား ….”
“ ကျွန်မကို လာပြီး မစော်ကားနဲ့ … ကျွန်မက အဲ့လို လူစားမျိုး မဟုတ်ဘူး ….”
အနာပေါ် တုတ်ကျသွားသဖြင့် ဝမ်ကျား ပို၍ ပို၍ ကယောင်ချောက်ချားတွေ ဖြစ်လာနေသည်။
“ ကျွန်မရဲ့ ဝမ်းကွဲ သေသွားတုန်းက ကျွန်မက ကုမ္ပဏီမှာပဲ ရှိသေးတယ်… တခြား ဝန်ထမ်းတွေက ဒီအတွက် သက်သေခံပေးနိုင်တယ်… အဲ့တာကို ကျွန်မက ဘယ်လိုသတ်ရမှာ … ကျွန်မက ကိုယ်ပွားနိုင်တာလား ….”
“ ဒါပေါ့ … မင်းက ကိုယ်တော့ မပွားနိုင်ဘူး … ဒါပေမယ့် သူ့ကို သတ်နိုင်တဲ့ အစွမ်းအစတော့ ရှိတယ်…” လင်းရီ တည်ငြိမ်စွာ ပြောလိုက်သည်။
“ မင်းမှာ သူ့ အိမ်သော့အပို ရှိတယ်မလား … တူကျွမ့် ဒီက မလွတ်ခင် မင်းက သူ့အိမ်ကို သွားပြီး ဂက်စ်ပိုက်ကို ဖျက်ဆီးခဲ့တယ်… အဲ့ဒီမှာ အပေါက်သေးသေးလေး ဖောက်ပြီး တိပ်နဲ့ ပြန်ပိတ်ထားခဲ့တယ်… အဲ့ဒီနောက် ငါးမျှားကြိုးကို သုံးပြီး အောက်ထပ် ကျန်းဟောက်ရဲ့ မိဘအိမ်မှာ ရှိတဲ့ လည်ပတ်နိုင်တဲ့ ကင်မရာမှာ ချိတ်ဆက်ထားလိုက်တယ် … အဲ့လိုနည်းလမ်းနဲ့ မင်းက ကြိုးကို အဝေးထိန်းစနစ်နဲ့ထိန်းချုပ်ပြီး တိပ်ကို ခွာလို့ ရမယ် … တူကျွမ့်ကိုလည်း ဓာတ်ငွေ့ အဆိပ်သင့်ပြီး သေခိုင်းလိုက်နိုင်မယ် … ငါပြောတာ မှန်လား …”
“ အဓိပ္ပာယ်မရှိတာတွေ … ဘာ တစ်ခုမှ အဓိပ္ပာယ် မရှိဘူး … ကျွန်မ အဲ့လို မလုပ်ခဲ့ဘူး …” ဝမ်ကျား အော်ဟစ်ပြီး အကြောက်အကန် ငြင်း၏။
“ ပြီးတော့ ကျွန်မ သူ့ကို သတ်တယ်ဆိုရင်တောင် အချိန်ကိုက် ဘယ်လိုကြည့်နိုင်မှာလဲ …”
“ ဘာလို့ဆို တူကျွမ့်ရဲ့ အိမ်ထဲမှာ ကင်မရာ အသေး လေးလုံး ရှိနေတယ်.. တပ်တာကတော့ စုန့်တဲယွမ်ပါပဲ … ဒါပေမယ့် မင်းက အရောင်းဝန်ထမ်းဆိုတော့ ဒါတွေကို စုန့်တဲယွမ်ရဲ့ ကွန်ပျူတာထဲမှာ ရှာတွေ့ဖို့ ဘယ်ခက်မှာ … ဒါက မင်း အချိန်နဲ့ တစ်ပြေးညီ ဘယ်လိုသိလဲဆိုတဲ့ အချက်ပဲ …”
ဝမ်ကျား၏ မျက်နှာ ဖြူလျော်သွားခဲ့ပြီး အပြင်းအထန် ဖျားနာနေသည့် လူမမာရုပ် ပေါက်သွားစေသည်။
လင်းရီသည် ဤသဲလွန်စများအားလုံးကို ရှာဖွေနိုင်လိမ့်မည်လို့ သူမ ထင်မထားခဲ့ချေ။
“ ပြီးတော့ မင်းနဲ့ စုန့်တဲယွမ်ကြားမှာ ထုတ်ပြောလို့ မရတဲ့ ဆက်ဆံရေးတွေ ရှိနေမယ်ဆိုတာ ငါယုံတယ်… မင်းက သူ့ကို တားမြစ်ပစ္စည်းတွေ သုံးအောင် လှုံ့ဆော်ခဲ့တယ်လို့လည်း ငါတို့ သံသယ ရှိတယ်… ငါ နောက်ထပ် အသေးစိတ် တစ်ခုပြီးတစ်ခု ရှင်းပြပေးသွားရဦးမလား … မလိုအပ်တဲ့ ရုန်းကန်မှုတွေ လုပ်မနေပါနဲ့ … ဒါက မင်းအတွက် အကျိုးရှိစေမှာ မဟုတ်ဘူး …”
ဝမ်ကျား အချိန်အတော်ကြာသည်ထိတိုင်အောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး စကားတစ်လုံးမျှ ပြောထွက်မလာချေ။
ရှိနေကြသည့် လူတိုင်း … လင်းရီမှလွဲ၍ လူတိုင်းက အတွေ့အကြုံ ရှိထားပြီးသည့် စုံထောက်များ ဖြစ်သဖြင့် သူမက နောက်ဆုံး စိတ်အတားအဆီးနှင့် ရင်ဆိုင်နေရမှန်း နားလည်ကြသည်။ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုက ဤအခိုက်အတန့်လေးပေါ်တွင် မူတည်နေသည်။
“ ကျန်းဟောက်က မင်းအတွက် အသက်ပါ ရင်းရလောက်အောင် ဘာတွေများ ဆွဲဆောင်မှု ရှိနေလဲ ငါမသိဘူး … ဒါပေမယ့် မင်း အခုနေ ဝန်ခံမယ်ဆိုရင် တရားအပြစ်ဒဏ်က ပေါ့လျော့ပေးဖို့ အာမခံနိုင်တယ်… ကိုယ့်အနာဂတ်ကိုယ်လည်း ထည့်စဉ်းစားဦး … ဘာလို့ဆို စုန့်တဲယွမ်ဆီက ငွေလိမ်တာ သူနဲ့ပဲ ဆိုင်တယ်… မင်းနဲ့ ဘာမှ မဆိုင်ဘူး …. မင်းရဲ့ ရုပ်ရည်နဲ့ အဲ့လို ကိစ္စတွေမှာ ဝင်ပတ်သက်တယ်ဆိုတာ တအား ရင်းရလွန်းတယ်… မထိုက်တန်ပါဘူး …”
အချိန်တို့ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ငါးမိနစ် ၊ ခြောက်မိနစ်ခန့်ကြာတော့ ဝမ်ကျား နောက်ဆုံး၌ ဖြည်းဖြည်းချင်း စကားပြောလာခဲ့၏။
“ ကျွန်မ … ကျန်းဟောက်နဲ့ ပေါင်းပြီး .. စုန့်တဲယွမ်နဲ့ တူကျွမ့်ကို သတ်ခဲ့တယ်……”