← Chapters

ကိုယ့်သေတွင်းကိုယ်တူးတဲ့ စစ်ဆင်ရေး

Vol. 116 Ch. 1736

ကိုယ့်သေတွင်းကိုယ်တူးတဲ့ စစ်ဆင်ရေး

Vol. 116 Ch. 1736

“ လင်းယွင်အုပ်စု …”

ထိုစကားကြားတော့ ရှိနေကြသည့် လူတိုင်း ငြိမ်ငြိမ် ထိုင်မနေနိုင်ကြတော့ချေ။

သူတို့အားလုံးက ရုံးဝန်ထမ်းများ ဖြစ်ကြသော်လည်း အစည်းအဝေးခန်းတွင်းရှိ လူများအားလုံးက ရွှေရောင်ကော်လာ ပုံရိပ်ရှိသူများ ဖြစ်ကြသည်။

သူတို့ အကုန်လုံးက ကျိုးဟိုင်တွင် financial freedom ဖြစ်ထားပြီးသည့် လူများ ဖြစ်ကြ၏။ ထို့ကြောင့် အကုန်လုံးကလည်း လင်းယွင်အုပ်စုအကြောင်းကို သိကြလေသည်။

၎င်းက ကျိုးဟိုင်ရှိ နာမည်ကြီး ကုမ္ပဏီ တစ်ခုဖြစ်ပြီး Semiconductor နယ်ပယ်အတွင်း ဒိတ်ဒိတ်ကျဲ ဂျိုင်းရက်ကြီး ဖြစ်သည်ဟုတောင် ပြောနိုင်သည်။

သို့သော် … အဆိုပါ ကုမ္ပဏီက အဘယ်ကြောင့် ရုတ်တရက်ကြီး Tesla အား ခက်ခဲအောင် ပြုလာရသနည်း။ မည်သို့ပင် ကြည့်ကြည့် ကြောက်မက်ဖွယ်ရာပင်။

၎င်းတို့၏ အမှုဆောင် အသင်းထဲတွင် ချီရှန်းကျောက် သို့မဟုတ် ဟော်ယွမ်ယွမ်ပင် ဖြစ်စေ ၊ ယုတ်စွအဆုံး ရင်းနှီးမြုပ်နှံမှုဘက်ခြမ်းကို တာဝန်ယူထားသည့် ထျန်းရန်ပင်ဖြစ်စေ ၊ မည်သူကမျှ သွားရှုပ်၍ ကောင်းသည့် လူများ ဟုတ်မနေချေ။

“ ဘာတွေ ဖြစ်နေတာလဲ … ငါတို့နဲ့ လင်းယွင်အုပ်စုက အကျိုးစီးပွား ကိစ္စနဲ့ ဘာ အထိကရုဏ်းတွေ ဖြစ်ခဲ့ဖူးလို့ … ဘာလို့ ဒီလိုတွေ လာပြီး ဖြစ်နေတာ …” ရန်ထျန်းနန် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

“ ကျွန်မတို့လည်း အကြောင်းအရင်းကို အခုထိ မသိရသေးပါဘူး … ဒါပေမယ့် လင်းယွင်အုပ်စု ထုတ်ပြန်လာတဲ့ ကြေညာချက်ကတော့ အတော်လေး ပြင်းထန်တယ်… ဒီတစ်ကြိမ်မှာ ဘရိတ်အဆင်မပြေတဲ့ ပြဿနာကို ထောက်ပြလာပြီး နယ်ပယ်ထဲမှာ‌ တော်တော်လေးကို ပွက်လောရိုက်သွားစေခဲ့တယ်… မနက်ဖြန် ဈေးကွက်ဖွင့်တဲ့အချိန်ကျရင် ကျွန်မတို့ရဲ့ ရှယ်ယာဈေးတွေ ကျရင်ကျနိုင်လောက်တယ်….”

ပြောပြီးနောက် အတွင်းရေးမှူးမှ Ipad တစ်ခုအား ရန်ထျန်းနန် ရှေ့တွင် ချပြလိုက်သည်။

ယင်းက လင်းယွင်အုပ်စု ရေးသားထားသည့် ဆောင်းပါးပင်။

အစည်းအဝေးခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။ ရှယ်ယာဈေးနှုန်းတို့ ကျဆင်းလာမည်ကိုတော့ သူတို့ ရှောင်လွှဲ့လို့ ရမှာ မဟုတ်ချေ။

လင်းယွင်အုပ်စု၏ အဆင့်အတန်းက ကျိုးဟိုင်တွင် လှုပ်ခါ၍ မရချေ။ ယခုလို ဆောင်းပါးမျိုးအား ထုတ်ပြန်ကြေညာပြီးသည့်နောက်တွင် ကန်ရေပြင်ထဲသို့ ဧရာမ ကျောက်ခဲကြီး တစ်လုံး ပစ်ချလိုက်သကဲ့သို့ အဆုံးမရှိသည့် လှိုင်းကြပ်ခွက်လှိုင်းတို့ ပေါ်ပေါက်လာမည်မှာ ကျိန်းသေပေါက်ပင်။

၎င်းက သေချာပေါက် အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေလိမ့်မည်။ အရင်းရှင် သူဌေးကြီးတို့က သူတို့၏ ခြေထောက်များဖြင့် မဲပေးကြပြီး သူတို့ရဲ့ ပိုက်ဆံကို မည်သည့်နေရာ၌ ထားရမလဲဆိုတာ ကောင်းကောင်းသိကြ၏။

“ လင်းယွင်အုပ်စု တစ်ခုတည်းက ဒီလို ဆောင်းပါးမျိုး ထုတ်ပြန်ကြေညာလာတာ မဟုတ်ဘူး … တခြား ကုမ္ပဏီ ၂၀ ကျော်ရဲ့ ကိုယ်ပိုင် မီဒီယာတွေမှာ တစ်ချိန်တည်း ထုတ်ပြန်ကြေညာလာတယ်… သူတို့တွေ အကုန်လုံးက ကျွန်မတို့ကို ပစ်မှတ်ထားနေကြတာပဲ …” ပြောလိုက်သူက PR ဌာန၏ တာဝန်ရှိသူ ကျွမ့်ဝူပင်။

သူမ၏ လက်ချောင်းတို့က ကီးဘုတ်ပေါ်တွင် ဆက်တိုက် ပြေးလွှားနေပြီး ဤကိစ္စအား စုံစမ်း စစ်ဆေးနေသည်။ ထို့နောက် “ ဒီကုမ္ပဏီတွေ အကုန်လုံးက အရင် လင်းယွင်အုပ်စုရဲ့ ရင်းနှီးမြုပ်နှံတာကို လက်ခံထားတဲ့ ကုမ္ပဏီတွေချည်းပဲ … ဒါကြောင့်မို့ ဒီလောက် မြန်မြန် ကူညီပေးလာတာ ဖြစ်မယ်…”

“ သေစမ်း ….”

“ ဘယ်ခွေးမသားက လင်းယွင်အုပ်စုကို အပြစ်ပြုခဲ့တာလဲ ….”

ရန်ထျန်းနန် Ipad အား ကြမ်းပြင်သို့ ပေါက်ခွဲပစ်လိုက်၏။ ရင်ဘက်ထဲရှိ ဒေါသတို့က ပေါက်ကွဲမီးတောင်နှယ် ဆူပွက်မြင့်တက်လာနေသည်။

အစည်းအဝေးခန်းထဲရှိ လူတိုင်း ကြောက်လန့်မှုကြောင့် တိတ်ဆိတ်နေခဲ့ကြ၏။ သူတို့လည်း ဘာဖြစ်နေမှန်း မသိကြချေ။

လင်းယွင်နှင့် Tesla ကုမ္ပဏီနှစ်ခုလုံးက ထိပ်တန်း ကုမ္ပဏီကြီးများဖြစ်ကြပြီး သူတို့ချင်းလည်း အချင်းများစရာ ဖြစ်ရပ်တို့ မရှိထားရာ တစ်ဖက်သူက ရုတ်တရက် ဆန်ဆန် ဤသို့ ပြုလာခဲ့သည်ကို သူတို့အားလုံးလည်း အံ့အားသင့်နေမိကြသည်။

ဤသည်က ယုတ္တိကင်းမဲ့လှ၏။

“ ဥက္ကဌရန် … အခုက ဒီကိစ္စကို မေးနေရမယ့် အချိန်မဟုတ်ပါဘူး …” ကျောက်ဖုန်းဟွာ ပြောလိုက်ပြီး “ ဒီလို အချိန်မျိုးမှာ လင်းယွင်အုပ်စုကို သွားမေးနေဖို့က မဖြစ်နိုင်ဘူး … ကျုပ်တို့ ခုလက်ရှိ ဖြစ်နေတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ အရင်စဉ်းစားသင့်တယ်….”

“ ကျွန်မ အကြံပေးချင်တာတော့ ကိုယ့်အချိန်ကိုယ် စောင့်ဆိုင်းဖို့ပဲ ….” ကျွမ့်ဝူ ပြောလိုက်ပြီး “ လင်းယွင်အုပ်စုကြောင့်မို့ ကျွန်မတို့ရဲ့ ရှယ်ယာဈေးတွေ ကျနိုင်တယ်ဆိုရင်တောင် မုန်တိုင်း ပြီးသွားတဲ့နောက်မှာ ပြန်တက်လာတာမျိုးလည်း ဖြစ်နိုင်တယ်… “

ရန်ထျန်းနန် နှုတ်ဆိတ်နေလျက်သာ ရှိ၏။ သူ့ပုံစံ ကျွမ့်ဝူ ပြောသည့် စကားအား တိတ်တဆိတ် ထောက်ခံနေဟန်ပင်။

၎င်းနောက် ကျွမ့်ဝူမှ

“ ကျွန်မအထင်တော့ ကျွန်မတို့တွေ အခု နည်းပညာ အသစ်တွေ ကြေညာပြီး ဈေးကွက်ကို ယုံကြည်ချက် တစ်ချို့ ပေးသင့်တယ်လို့ ထင်တယ် …. ဒီတစ်ခေါက် ဘရိတ် အဆင်မပြေတဲ့ ပြဿနာကတော့ အသံတောင် မထွက်နဲ့ … ကျွန်မတို့ စိုးရိမ်နေလို့ မဖြစ်ဘူး … အခြေအနေကို အရင်ဆုံး တည်ငြိမ်အောင်ပဲ လုပ်ရမယ်….”

“ မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့ …”

ထိုညတွင် ရန်ထျန်းနန် ၊ ကျောက်ဖုန်းဟွာနှင့် ကျန်သည့် အခြား Tesla ၏ အမှုဆောင် အဖွဲ့ဝင်တို့ အိမ် မပြန်ဖြစ်ကြချေ။ အကုန်လုံးက PR ပြဿနာကို ခေါင်းချင်းဆိုင် ဖြေရှင်းနေကြပြီး မနက်သုံးနာရီသို့ ရောက်သည့်အခါမှ ခုံပေါ်တွင် ခေတ္တမှေးကာ အနားယူလိုက်ကြသည်။

နောက်တစ်နေ့ နံနက်ခင်းတွင်တော့ လင်းရီသည် လီရှန်းဟွေ့အား နှုတ်ဆက်၍ Tesla ကိစ္စအား ကိုင်တွယ်ရန် ကုမ္ပဏီသို့ ထွက်လာသည်။

လီရှန်းဟွေ့ကလည်း လင်းရီကို ကောင်းကောင်း ဂရုစိုက်ပေးသည်။ အမှုက မကြာခင် ပိတ်ရတော့မည် ဖြစ်သဖြင့် သူ ပြန်လာသည့်အခါတွင်လည်း ဘာလုပ်စရာမှ ရှိနေမှာ မဟုတ်ချေ။ ထို့ကြောင့် လင်းရီအား ရုံးသို့ လာရန် မလိုဟု တိုက်ရိုက်သာ ပြောလိုက်၏။ အကယ်၍ ကိစ္စ တစ်စုံတစ်ရာဆိုပါက သူ့အား ဖုန်းခေါ်လာပေမည်။

ကျီချင်းရန်ကို ရုံးခန်းသို့ လိုက်ပို့ပေးပြီးနောက် လင်းရီသည် လင်းယွင်အုပ်စုသို့ မောင်းထွက်လာခဲ့၏။

ထို့နောက် ဟော်ယွမ်ယွမ်၏ ရုံးခန်းထံသို့ ဦးတည်လာခဲ့လိုက်သည်။

ဟော်ယွမ်ယွမ်မှာ ပုံမှန် ရုံးဝန်ထမ်း အမျိုးသမီးတို့ ဝတ်စားလေ့ရှိသည့် ပုံစံအတိုင်း ဝတ်ဆင်ထားခဲ့၏။ အဖြူရောင် ရှပ်၊ မီးခိုးရောင် စကတ်နှင့် အသားရောင် စတော်ကင် တစ်စုံကို ဝတ်ဆင်ထားကာ ခြေထောက်တွင်လည်း ငါးစင်တီမီတာမြင့်သည့် ဒေါက်မြင့်အား စီးထားသည်။ သူမ ကြည့်ရသည်မှာ အတော်လေးတော့ မျက်စိပသာဒ ရှိ၏။

“ ဒီကို ဘာလာလုပ်တာလဲ …”

မနက်စာ စားနေရင်းဖြင့် ဟော်ယွမ်ယွမ် မေးလာခဲ့၏။

“ ဘာလုပ်စရာမှ မရှိလို့ ဒီကို တစ်ချက် လာကြည့်တာ …”

“ ခဏထိုင်စောင့်နေဦး … ကျွန်မ ဒါလေး စားပြီးရင် သတင်း အသစ်တွေ တင်ပြပေးမယ် ….”

လင်းရီ “ ….. “

ဘယ်သူက ဘော့စ်လဲ ….

ထိုအခိုက်အတန့်တွင် ရုံးခန်း တံခါး တွန်းပွင့်လာခဲ့ပြီး ထျန်းရန်မှာ လက်ထဲတွင် စာရွက်စာတမ်း တစ်ချို့အားကိုင်၍ ဝင်လာသည်။

ဟော်ယွမ်ယွမ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ထျန်းရန်သည် ပိုပြီး ညှို့ငင်အား ပြင်း၏။

နှစ်ယောက်လုံးက ထပ်တူညီစွာ ဝတ်ဆင်ထားသည်ဆိုသော်လည်း ထျန်းရန်၏ ကိုယ်လုံးကိုယ်ပေါက်က ဟော်ယွမ်ယွမ်၏ အားဖြည့်ထားသည့် ဗားရှင်းအသစ်နှင့် ဆင်တူသည်။

ယွမ်ယွမ်က သာမန်ကြည့်ကောင်းနေစဉ် ထျန်းရန်က ပေါက်ကွဲနိုင်သည့် ဗုံးတစ်လုံး ဖြစ်၏။

မည်သည့်နေရာသို့ပဲ ကြည့်ကြည့် ကောက်ကြောင်းအပြည့်နှင့် လုံးဝန်းနေလျက် ရှိသည်။

“ အယ် ... ဥက္ကဌလင်းလည်း ဒီရောက်နေတာပဲ …”

“ အင်း … ဘာလုပ်စရာမှ မရှိတာနဲ့ ဒီလာခဲ့လိုက်တာ ….”

“ ဟေ့‌ ဟေ့ ဟေ့ … ရှင်အဲ့တာ ဘာလုပ်နေတာ … ဥက္ကဌရန် ဒီရောက်လာတာနဲ့ပဲ ကျွန်မကို လှည့်တောင် မကြည့်တော့ဘူးပေါ့ ….”

“ C cup ရောက်အောင်တောင် မနည်းလုပ်နေရတဲ့ မင်းက ငါ့အတွက်တော့ အရိုးစုလိုပဲ …”

“ ချီးပဲ … ကျက်သရေတုံးလိုက်တဲ့ ခွေးသူတောင်းစားကြီး ....”

နှစ်ယောက် ရန်ဖြစ်နေသည်ကို မြင်တော့ ထျန်းရန် ကြည်နူးစွာ ပြုံးလိုက်မိသည်.

“ တော်ပြီ .. စားနေတာ တော်တော့ … ဝက်ကျနေတာပဲ ပါးစပ်ထဲကို မြင်သမျှ အကုန် သွပ် ….” လင်းရီ ပြောလိုက်ပြီး “ Tesla နဲ့ ပတ်သက်လို့ အခြေအနေ ဘယ်လို ရှိလဲ ….”

“ Tesla က ကျွန်မတို့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်လို့တော့ မထင်ဘူး ….” ဟော်ယွမ်ယွမ် ပါးစပ်သုတ်ရင်း ပြန်ဖြေလိုက်၏။

“ မထင်ဘူးဆိုတာက ဘာကိုပြောချင်တာ ….”

“ ဘာလို့ဆို သူတို့ရဲ့ PR ဌာနက ဘရိတ်အဆင်မပြေတဲ့ ပြဿနာကို ဘာတစ်ခုမှ ထုတ်ပြန်မလာဘူး … အဲ့ဒီအစား နည်းပညာ အသစ် နှစ်ခုကိုပဲ ကြေညာလာတယ်… ကျွန်မတော့ နားမလည်တော့ဘူး .. ဘာလို့ ဒီလောက်စုတ်ပြတ်နေတဲ့ ပလန်နဲ့ ထွက်လာခဲ့လဲ မသိဘူး …”

ထျန်းရန်လည်း ရယ်မောလိုက်သည်။ “ ဥက္ကဌဟော်နဲ့ ကျွန်မက PR ချင်းယှဉ်ကြရင် Tesla က တကယ့် ပြိုင်ဘက် ဖြစ်မယ်လို့ ထင်ထားခဲ့ကြတာလေ…..”

“ မင်းတို့ ပြောချင်တာ ဒါက အိမ်ထဲကို ဝံပုလွေ ကြိုဆိုလိုက်တာနဲ့ အတူတူပဲလို့ ပြောချင်တာလား ….”

“ အတိအကျပဲ ..” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ အရင်က ကျွန်မတို့နဲ့တခြား ကုမ္ပဏီနည်းနည်းလေးကပဲ သူတို့ကို အင်တာနက်ပေါ်မှာ တိုက်ခိုက်နေတာ .. အခု သူတို့က နည်းပညာ အသစ်ကို ထုတ်ပြလာခဲ့ပြီ ဆိုတော့ ပြည်တွင်း စွမ်းအင်သစ် ကားကုမ္ပဏီတွေရဲ့ အမြီးကို တက်နင်းလိုက်သလို ဖြစ်သွားခဲ့ပြီ … ဒီတစ်ကြိမ်ကျရင် ကျွန်မတို့က ပြဿနာကို ရှာပေးစရာတောင် မလိုတော့ဘူး … ပြဿနာက သူ့ဘာသူ လာရှာလိမ့်မယ်….”

ထို့နောက် ထျန်းရန်မှ ထပ်ပေါင်းပြောလာခဲ့၏။

“ ပြည်တွင်း လျှပ်စစ်ကား ကုမ္ပဏီတွေမှာ အမှုဆောင်ဖြစ်နေတဲ့ ကျွန်မရဲ့ သူငယ်ချင်း တစ်ချို့ကိုလည်း ဆက်သွယ်ကြည့်ထားပြီးပြီ … သူတို့အားလုံးလည်း Tesla ရဲ့ နည်းပညာ အသစ် ထုတ်ပြန်ကြေညာချက်ကို မြင်ပြီး ပြန်တုံ့ပြန်မယ့် နည်းဗျူဟာတွေ ရေးဆွဲနေကြပြီ … ကျွန်မတို့ သိပ်မကြာခင် အွန်လိုင်းပေါ်မှာ ဒီသတင်းတွေ မြိုင်မြိုင်ကြီး မြင်တွေ့ရတော့မှာ ….”

လင်းရီ မနေနိုင်ဘဲ စိတ်အတွင်း၌ ကြိတ်ရယ်မောမိသွားခဲ့၏။

ဒီ PR ဌာနရဲ့ ရွေ့ကွက်က လှလှပပလေးတွေ ဖြစ်နေတာပဲ ….

“ ငါတို့ဘက်က ဗျောက်လေး နည်းနည်းလောက်ပဲ ဖောက်ဖို့ စီစဉ်ထားတာကို Tesla က ကိုယ်တိုင် မီးရှူးမီးပန်းတွေပါ ပြင်ဆင်ထားမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာ ဟဟ ….”

ဟော်ယွမ်ယွမ်လည်း ပျော်ရွှင်စွာ ပြုံးလျက် “ ဒီလို PR လယ်ဗယ်နဲ့ဆိုရင် Tesla က မသေမှာကို ကြောက်နေစရာတောင် မလိုတော့ဘူး …”

လင်းရီလည်း တူညီသည့် ခံစားချက်တို့ ရရှိနေသည်။ ဟော်ယွမ်ယွမ်နှင့်ထျန်းရန်တို့ပင် ဘာတွေ ဖြစ်နေမှန်း ပြောနိုင်နေမှတော့ ၎င်းတို့၏ PR ဌာနက ဆက်ပြီး ဘဝင်လေဟပ်နေသေးသည်မှာ အတော်လေး စိတ်ဝင်စားစရာတော့ ကောင်းလှသည်။

ဒေါက် ဒေါက် ဒေါက် …

ထိုအချိန်တွင် ဟော်ယွမ်ယွမ်၏ ရုံးခန်းတံခါးသို့ တံခါးခေါက်သံ ထွက်ပေါ်လာပြီး သူမ၏ အတွင်းရေးမှူး လမ်းလျှောက်ဝင်လာသည်။

“ ဥက္ကဌလင်း … ဒါရိုက်တာဟော် … ဒါရိုက်တာထျန် ….”

ဟော်ယွမ်ယွမ် ခေါင်းညိမ့်ပြလိုက်သည်.

“ ဘာကိစ္စလဲ …”

“ ဟောင်ကောင် ၊ ဟွမ်ဟိုင် အုပ်စုက ခုလေးတင်ပဲ ကြေညာချက် တစ်စောင် ထုတ်ပြန်လာပါတယ်… သူတို့ကြည့်ရတာ Tesla ကို နောက်ထပ် ပလတ်ဖောင်း တစ်ခု ပေးနေတဲ့ပုံပဲ … သူတို့ ပြောထားတာ Tesla ရဲ့ နည်းပညာတွေက အဆင့်မြင့်ပြီး သုတေသန ပြုဖို့ ထိုက်တန်တယ်လို့ ရေးထားတယ်….”

All Chapters