လင်းယွင်အုပ်စုက လူတွေကလည်း သာမန်ပါပဲလား
Vol. 116 Ch. 1738
လျိုကွမ်းရှန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ ကျန်းလင်သည် အထဲသို့ ဝင်လာသည်နှင့် လင်းရီအား ချက်ချင်း တိုက်ခိုက်နေလိမ့်မည်လို့ သူ မျှော်လင့်မထားခဲ့ပါချေ။
အရေးကြီးဆုံးကတော့ ရှိနေကြသည့် လူတိုင်း၏ ရှေ့မှောက်တွင် ယခုလို မောင်းထုတ်လိုက်တာကြီးက နည်းနည်းတော့ လွန်သည်။ အနည်းဆုံးတော့ မျက်နှာသာပေးပြီး သီးသန့် ပြောဆိုသင့်၏။
လီရှန်းဟွေ့နှင့် ကျန်သူများလည်း အမူအရာတို့ အကျည်းတန်သွားခဲ့ကြသည်။ သူတို့လည်း ကျန်းလင်မှ ယခုလို ပြုမူလာလိမ့်မည်လို့ ထင်မှတ်မထားကြချေ။
ထိုအခိုက်အတန့်တွင် လင်းရီနှင့် ပတ်သက်ပြီး အစေးမကပ်သည့် ကူရိရန်ပင် အနည်းငယ် စိတ်ပျက်လက်ပျက် ခံစားနေရ၏။
ဤသည်ကတော့ လင်းရီအား တမင် ပစ်မှတ်ထားနေသည်မှာ အရမ်း သိသာလွန်းသွားချေပြီ။
“ ဒါကတော့ မဟုတ်သေးပါဘူး … ဟုတ်တယ်မလား … ခင်များက ကျုပ်ကို ဒီလို အသေးအမွှား အကြောင်းပြချက်လေးနဲ့ အလုပ်ဖြုတ်ချင်နေတာကြီးကတော့ တစ်စိတ်ကို တစ်အိတ်လာက် လုပ်နေတာပဲ …” လင်းရီ တည်တည်ငြိမ်ငြိမ် ပြုံးပြီး ပြန်ပြောလိုက်သည်။
“ စည်းကမ်း မလိုက်နာတာကို မင်းက သာမန် ပြဿနာလို့ ထင်တယ်ပေါ့ …”
“ ကျုပ်ကတော့ ကြီးကြီးမားမား ပြဿနာလို့ မထင်ဘူး …” လင်းရီ ပခုံးတွန့်ပြလိုက်ပြီး “ ဒါပေမယ့် တစ်ဖက်မှာ ကျုပ်နဲ့ တစ်ခါမှလည်း မတွေ့ဖူး၊ စကားလည်း တစ်ခါမှ မပြောဖူးတာကို ဖုန်းဆက်ပြီး တာဝန်လွှဲပြောင်းဖို့ ပြောတယ်… အခု ကျုပ်ကို အလုပ်တောင် ဖြုတ်ချင်နေပြီ… ဒီကိစ္စမှာ ညှီနံ့တစ်ခုခုတော့ ရနေတယ်လို့ ကျုပ်ထင်တယ်….”
“ မင်း ဘာပြောချင်တာ … ငါက မင်းကို တမင် လုပ်နေတယ်လို့ ပြောချင်တာလား ….”
“ အဲ့တာတော့ ခင်များကိုယ်ခင်များ သိမှာပေါ့ …” လင်းရီ တည်ငြိမ်စွာ စကားဆို၍ “ စည်းမျဉ်းဖောက်ဖျက်တာကို ထည့်ပြောကြေးဆို ခင်များက ကျုပ်ထက်တောင် စည်းကမ်းဖောက်ဖျက်ခဲ့ဦးမယ်… ဆိုရိုးစကားတွေအတိုင်း ကောင်းကင်ဘုံရဲ့ လက်တံတွေက ရှည်လျားလွန်းလို့ ဘယ်သူမှ သူ့မျက်စိအောက်ကနေ မလွတ်မြောက်နိုင်ဘူး … ဘယ်သူ အရင် ထွက်သွားရမလဲဆိုတာကတော့ ပြောဖို့ စောပါသေးတယ်…..”
ဟစ် ….
ရှိနေကြသည့် ကျန်သူများအားလုံး အဆုတ်ထဲသို့ လေအေးကြီးများ ရှူသွင်းမိသွားခဲ့ကြသည်။
လင်းရီသည် ကျန်းလင်အား ယခုလို လေသံမျိုးဖြင့် စကားပြောလာလိမ့်မည်လို့ မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။
သူတို့အားလုံး ဘာဖြစ်နေလဲဆိုတာကို သိကြသည်။ လင်းရီက တစ်စုံတစ်ယောက်ကို တိတ်တဆိတ် အပြစ်ပြုမိထားခဲ့ခြင်း ဖြစ်ရပေမည်။ မဟုတ်ပါက ကျန်းလင်မှ ယခုလိုတွေ ပြုမူနေမှာ မဟုတ်ချေ။
သို့သော် ထိုသို့သော ကိစ္စအား ပေါ်ပေါ်ထင်ထင် ထုတ်ပြောဖို့ ဆိုသည်မှာတော့ မိမိတို့ ထင်ထားသည်ထက် ပိုသော သတ္တိကို လိုအပ်သည်။
သို့ပေမယ့် နောက်တစ်ကြိမ် ပြန်စဉ်းစားကြည့်သည့် အခါတွင် ဤသည်ကလည်း လင်းရီ၏ စတိုင်ဖြစ်၏။ သူက ယခုလို လူစားမျိုးပင်။
လင်းရီနှင့် စပ်လျဉ်းပြီး အစကတည်းပင် မျက်မုန်းကျိုးနေသည့် ကျန်းလင်သည် ဤစကားကို ကြားပြီးသည့်နောက် ၎င်း၏ အမူအရာတို့က ပို၍ပင် အကျည်းတန်သွားခဲ့တော့သည်။
“ ငါက ကိုယ်ပိုင် အကျိုးအမြတ်အတွက် ရာထူးအာဏာကို အလွဲသုံးစား လုပ်နေတယ်လို့ မင်း ပြောချင်နေတာလား ….”
“ အိုက်ယား ကြည့်စမ်းပါဦး … ဘာပဲ ပြောပြော ခင်များလည်း အဆင့်အတန်း တစ်ခုနဲ့ နေတဲ့လူပဲလေ… ဒီတိုင်း မိမိုက်သလိုပဲ နေစမ်းပါ … နားလည်တယ်ဆိုလည်း ဘာလို့ အကျယ်ကြီး ထုတ်ပြောနေလဲ ….”
“ လျို ကွမ်း ရှန် …. “ ကျန်းလင် အသံကို နှိမ့်၍ ပြောလိုက်၏။
လျိုကွမ်းရှန် ရှော့ခ်ရသွားခဲ့ပြီး စိတ်ထဲတွင်လည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့မိသည်။
“ ဟုတ်ကဲ့ ဒါရိုက်တာကျန်း … ဘာလုပ်ပေးရမလဲ …”
“ ဘာလုပ်ရမှာ … အခြေအနေက ဒီလောက် ရှင်းလင်းနေတာကို ငါက ပြောပြစရာ လိုသေးတာလား …” ကျန်းလင် အေးစက်စွာ နှာမှုတ်၍ “ သူ့လိုလူစားမျိုးက သိုးမည်းပဲ … ငါတို့နဲ့ အလုပ်အတူ တွဲလုပ်ဖို့ မထိုက်တန်ဘူး … မင်း ဒီပုပ်ပွနေတဲ့ အစိတ်အပိုင်းကို အမြန်ဆုံး ဖယ်ရှားပစ်မယ်လို့ မျှော်လင့်တယ်… ငါ့ကို လေကုန်ရအောင် မလုပ်နဲ့ ….”
“ ကျုပ် … ကျုပ်သိပါပြီ….” လျိုကွမ်းရှန် ချွေးစေးများအား သုတ်ရင်း ပြောလိုက်သည်။
လင်းရီကလည်း တကယ်လွန်ပါတယ်… လူရှေ့ သူရှေ့ ဒီလိုစကားမျိုး ပြောရလားဟ ….
ခုတော့ ပြန်ပြီး အဆင်ပြေအောင် ညှိနှိုင်းလို့ရမယ့် အနေအထားလည်း မရှိတော့ဘူး ….
လင်းရီ အလျင်မလိုချေ။ ထိုင်ခုံတွင် အပြုံးလေးဖြင့် ထိုင်နေပြီး ချိန်ပင်းချန်၏ လူများ ရောက်လာပြီး ဤကိစ္စအား ကိုင်တွယ်မည်ကို မိန့်မိန့်ကြီး စောင့်နေခဲ့သည်။
“ ဒါရိုက်တာကျန်း … ကျုပ် ဒီကိစ္စ ကိုင်တွယ်လိုက်ပါ့မယ်… ကျုပ်တို့ အရင်ဆုံး တခြား ဌာနတွေ လိုက်ကြည့်ကြတာပေါ့ ….”
“ ကောင်းတယ်… ဒါပေမယ့် မင်း ဒီကိစ္စ အမြန်ဆုံး ပြီးပါစေ ….”
“ ကျုပ် သိပါတယ်….”
သူ ဤကိစ္စအား မည်သို့ ကိုင်တွယ်မည်နှင့် ပြန်လည် ရင်ကြားစေ့နိုင်မည့် ညှိနှိုင်းဆွေးနွေးမှုများကိုတော့ နောင်တွင်မှ မီးစင်ကြည့်ကမည် ဖြစ်၏။
အနှစ်ချုပ်ရသော် .. သူ့ဘက်က ကျန်းလင်အား ဤနေရာမှ မြန်နိုင်သမျှ မြန်မြန် ထွက်သွားစေချင်နေချေပြီ။ မဟုတ်ပါက ပို၍ပင် ပြဿနာ တက်လာနိုင်လောက်၏။
ထိုအချိန်တွင်ပဲ တံခါး အပြင်ဘက်မှ ကားဘရိတ်အုပ်သံတို့ ပျံ့လွင့်လာသည်။
၎င်းနောက် ချက်ချင်းပဲ အလျင်လိုသည့် ခြေလှမ်းသံများ ထွက်ပေါ်လာပြီး ယူနီဖောင်းနှင့် လူခြောက်ယောက်တို့က အပြင်မှ ထွက်လာကာ ကျန်းလင်အား မေးမြန်းစုံစမ်းနေခြင်း မရှိပါဘဲ ချက်ချင်း ဖမ်းဆီးလိုက်ကြ၏။
ဤသည်ကို မြင်တော့ ရှိနေကြသည့် လူတိုင်း ကြက်သေသေသွားခဲ့တော့သည်။
“ မင်းတို့ ဒါ ဘာလုပ်နေတာတုန်းကွ …” ကျန်းလင်လည်း ကြက်သေသေသွားခဲ့သည်။
“ မင်းတို့ ငါ ဘယ်သူဆိုတာကို သိလား ….”
“ ကျုပ်တို့လည်း ခင်များကို မသိရင် ဖမ်းမနေဘူး … ခင်များကို အပြင်းအထန် စည်းကမ်းဖောက်ဖျက်မှုနှင့် သံသယ ရှိထားတယ်… အစစ်ဆေးခံဖို့ ကျေးဇူးပြုပြီး ကျုပ်တို့နဲ့ လိုက်ခဲ့ပေးပါ….”
ဤသည်ကို ကြားတော့ ကျန်းလင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ပြီး သူ၏ အမူအရာမှာလည်း အကျည်းတန်သွားခဲ့တော့သည်။
သူသည် အမြဲတမ်း လုပ်ရပ်တိုင်းကို သတိထားခဲ့သည့်လူပင်။ ဤလူများက မည်သို့မည်ပုံ သိရှိသွားခဲ့ကြသနည်း။
“ ဒါရိုက်တာကျန်း … ကျုပ် တကယ် စိတ်မကောင်းပါဘူး .. ခင်များက ကျုပ်ထက်အရင်ကို ခေါ်သွားခံရတာပဲ … ကျုပ် နည်းနည်းလေးတောင် ရှက်မိတယ်…”
ကျန်းလင်၏ မျက်နှာ ဖြူလျော်သွားခဲ့သည်။ ဤသည်က သူ ဘယ်တုန်းကမှ အိပ်မက်ပင် မမက်ခဲ့ဖူးသည့် အချင်းအရာပင်။
ဆိုင်းမဆင့် ဗုံမဆင့် … သူက စစ်ဆေးမေးမြန်း ခံရမယ်….
အရာရှိများက ကျန်းလင်အား ရှင်းပြရန်ပင် အခွင့်အရေး မပေးဘဲ တစ်ခါတည်း ဖမ်းခေါ်သွားခဲ့ကြသည်။
ကျန်နေရစ်ခဲ့သည့် လူများကတော့ ကိုယ်စီ ရှုပ်ထွေးနေကြ၏။ သူတို့အားလုံး ထင်ယောင်ထင်မှား ဖြစ်နေသည့်နှယ် ခံစားနေရပြီး အချိန်မီ မတုံ့ပြန်နိုင်ကြသေးချေ။
“ ဒါ … ဒါက… ကောင်းကင်က အပြစ်ပေးတယ် ဆိုတာများလား …”
ကျန်းဟွေ့ ပြောလိုက်၏။
“ ဒါပေါ့ … ငါကတော့ အဲ့ဘိုးတော်ကြီးကို ကြည့်လို့ကို မရဘူး … စုံစမ်းစစ်ဆေးရေး အဖွဲ့ကလူတွေကလည်း ဒီရောက် အချိန်ကိုက် ရောက်လာမယ်လို့ ထင်မထားဘူး … ချိန်းထားရင်တောင် လွဲရင် လွဲနေဦးမယ်… မဟုတ်လို့ကတော့ လင်းရီ မောင်းထုတ်ခံနေရပြီးလောက်ပြီ….”
“ တော်ပြီ တော်ပြီ … ဒီအကြောင်း ဆက်မပြောကြနဲ့တော့ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ အလုပ်ဆက်လုပ်ကြ ….”
ကျန်းလင် ထွက်ခွာသွားပြီးသည့်နောက် လူတိုင်း ပုံမှန်အတိုင်း အလုပ် ပြန်ဆက်လုပ်ကြသည်။
အမှုက ပိတ်သိမ်းပြီး ဖြစ်သဖြင့် လူတိုင်းက အတော်လေး အားလပ်နေကြသည်။ သူတို့၏ ယခု အဓိက အလုပ်က ရေနွေးကြမ်း သောက်ရင်း အာလာပ သလာပ ပြောရန်ပင်။
လင်းရီကတော့ အမှောင်ထဲတွင် Tesla ၏ ကိစ္စအား ဆက်လက် ဦးဆောင်နေလျက် ရှိသည်။ သူ့အဖို့ ကစားပွဲက ယခုမှ စတင်တာဖြစ်ပြီး ပြီးဖို့ အဝေးကြီးပင်။
………
Tesla ၏ အာရှပစိတ်ဖိတ် ကျိုးဟိုင် အခြေစိုက်ရုံး၌။
ဘန်ထလေ တစ်စင်းမှာ အဆောက်အအုံရှေ့သို့ ထိုးရပ်လာခဲ့သည်။
ရန်ထျန်းနန်သည် လန်းဆက်တက်ကြွသည့် ဟန်ပန်ဖြင့် ကားထဲမှ ထွက်လာခဲ့ပြီး ယခုလေးတင် တက်ကြွပျော်ရွှင်ဖို့ ကောင်းသည့် အခမ်းအနားတစ်ခုနှင့် ကြုံတွေ့ခဲ့သည့်ပုံပင်။
ကျောက်ဖုန်းဟွာမှာတော့ ၎င်းနောက်မှ ချက်ချင်း လိုက်လာပြီး ရုံးခန်းထဲသို့ ရောက်ရှိလာခဲ့သည်။
“ ဥက္ကဌရန် … လင်းယွင်အုပ်စုနဲ့ စကားပြောခဲ့တာ အခြေအနေ ဘယ်လိုရှိလဲ ….”
“ ငါ ဒီတိုင်း သူတို့ရဲ့ ဒုဥက္ကဌနှစ်ယောက် ထျန်းရန် နဲ့ ဟော်ယွမ်ယွမ်ကိုပဲ တွေ့ခဲ့ရတယ် … ညှိနှိုင်းဆွေးနွေးတာကတော့ ချောချောမွေ့မွေ့ပါပဲ … သူတို့ ပြောတာ ဒါက နားလည်မှု လွဲတာပြီး မကြာခင် ပြန်အတည်ပြုပေးပါ့မယ်တဲ့ ….”
“ သူတို့က အဲ့လောက်တောင် ပြောရဆိုရ လွယ်တယ်ပေါ့ ….”
ကျောက်ဖုန်းဟွာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ဤကိစ္စအား ဤမျှ လွယ်ကူချောမွေ့စွာ ဖြေရှင်းနိုင်ဖို့ကို သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
“ အဲ့လောက်ကို ချောမွေ့တာ …” ရန်ထျန်းနန် ခြေတင်ချိတ်၍ ပြောလိုက်ပြီး “ ကောလဟာလတွေထဲမှာ ပြောကြတာတော့ လင်းယွင်အုပ်စုရဲ့ အမှုဆောင်တွေက ပြောဖို့ဆိုဖို့ ခက်တယ်တဲ့ … ဒီနေ့ တွေ့ကြည့်ပြီးတော့လည်း … ဒီတိုင်း သာမန်ပါပဲ … ငါ သူတို့ကို အလွယ်လေး ကိုင်တွယ်ခဲ့တယ်… မိန်းမတွေကတော့ မိန်းမတွေပါပဲ … ဘာပဲဆိုဆို စီးပွားရေး ကစားပွဲတွေဆိုတာ မိန်းမတွေ ကစားနိုင်တဲ့ အရာမှ မဟုတ်တာ ….”
“ ဥက္ကဌရန်က အတော်ဆုံးပဲ … ကျုပ်သာဆိုလို့ကတော့ ဒီလောက် အဆင်ပြေပြေနဲ့ ဖြေရှင်းနိုင်မယ် မထင်ဘူး ….”
ရန်ထျန်းနန် ပြုံးပြီး ခေါင်းညိမ့်လိုက်သည်။
“ သူတို့နှစ်ယောက်က တကယ်လည်း လုပ်ရည်ကိုင်ရည် ရှိကြပါတယ်… ဒါပေမယ့် ငါနဲ့ ယှဉ်လိုက်ရင်တော့ မှီဖို့ လိုနေသေးတုန်းပဲပေါ့ … ဒါကြောင့်မို့ ဒီကိစ္စ စိတ်မပူနဲ့တော့ … ကျသွားတဲ့ ရှယ်ယာတွေလည်း အမြန် ပြန်တက်လာလိမ့်မယ်.. ဌာန အသီးသီးကို ဒီကိစ္စ စိတ်ထဲ မထားဘဲ ဆက်ပြီး အလုပ်လုပ်ဖို့ ပြောလိုက်တော့ ….”
“ နားလည်ပြီ… ကျုပ် အခုပဲ သူတို့ကို သွားအသိပေးလိုက်မယ်….”
ကျောက်ဖုန်းဟွာ ထွက်သွားရန် ဟန်ပြင်နေတုန်းမှာပဲ ရုံးခန်းတံခါးမှာ မပြောမဆိုနှင့် တွန်းပွင့်လာခဲ့လေသည်။
“ ဥက္ကဌရန် … သတင်းဆိုးပဲ ….”
ကျွမ့်ဝူ အသက်ပင် မရှူနိုင် ၊ အရေးတကြီး ပြေးဝင်လာပြီး
“ လင်းယွင်အုပ်စုတင် မဟုတ်တော့ဘူး … ဒေသတွင်းက အဓိက ကားကုမ္ပဏီခြောက်ခုကလည်း ကျွန်မတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လာနေတယ်… အဲ့တာအပြင်ကို ကိုယ်ပိုင် မီဒီယာ သမားတွေနဲ့ ghostwriters တွေကလည်း အင်တာနက်ပေါ်မှာ ဒီကိစ္စကို အထင် အမျိုးမျိုးလွဲအောင် နည်းအမျိုးမျိုးနဲ့ တင်ဆက်နေကြတယ်… ဆိုရှယ်မီဒီယာတွေ အားလုံးရဲ့ ထရန်းဒင်း ထိပ်စည်းမှာလည်း ကျွန်မတို့ရဲ့ ပြဿနာတွေချည်းပဲ … ဒီကိစ္စက အခု ထိန်းချုပ်မှုအောက်ကနေ လွတ်နေပြီ….”
“ ဒါဘယ်လိုတွေ ဖြစ်နေတာလဲ ….” ရန်ထျန်းနန်သည် စားပွဲအား လက်ဝါးဖြင့် ဒေါသတကြီး ရိုက်၍ မတ်တပ်ရပ်လိုက်သည်။
“ လင်းယွင်အုပ်စုက သူတို့ ကြေညာချက်ကို ပြန်ရုတ်သိမ်းပေးမယ် ကတိပေးထားတာ အခု သူတို့က ဘယ်လို အချိုးတွေ ချိုးပြနေတာလဲ …”
“ သူတို့က မရုတ်သိမ်းဘူး … အဲ့ဒီအစား ကျွန်မတို့ရဲ့ ကားအရည်အသွေးပိုင်းကို ညွှန်ပြထားတဲ့ ပိုပြီးတောင် ပြင်းထန်သေးတဲ့ ဆောင်းပါး အသစ် တစ်ပုဒ် ထပ်တက်လာသေးတယ်… သူတို့ဘက်က လက်လျှော့လိုက်မယ့် ရည်ရွယ်ချက်မျိုး လုံးဝ မတွေ့ရဘူး …”