အညွှန့်တလူလူ
Vol. 116 Ch. 1739
ရန်ထျန်းနန် အံ့အားသင့်သွားခဲသည်။ သူ၏ အမြင်တွင် သူနှင့် လင်းယွင်အုပ်စုတို့မှာ သဘောတူညီမှု ရထားပြီး ဖြစ်၏။ ၎င်းတို့၏ စကားကို ပြန်ရုတ်သိမ်းသည်က မဖြစ်သင့်ပေ။
“ အခု ဘာတွေ ဖြစ်နေတာလဲ … “
“ ကျွန်မလည်း မသိတော့ဘူး …”
ကျွမ့်ဝူ ထိုမေးခွန်းအား မည်သို့ ပြန်ဖြေရမှန်း မသိပေ။
ရှင်က သူတို့နဲ့ စကားပြောခဲ့တဲ့လူလေ… အခု ဒီလိုတွေ ဖြစ်လာတယ်ဆိုတော့ ပြဿနာက ရှင်နဲ့ပဲ ဆိုင်တယ် ဟုတ်ပြီလား ….
အလျင်စလိုဖြင့် ရန်ထျန်းနန်သည် ကွန်ပျူတာအား ဖွင့်၍ လင်းယွင်အုပ်စု၏ တရားဝင် ဝေ့ပေါ်စာမျက်နှာနှင့် တရားဝင် ဝက်ဘ်ဆိုဒ်အား ဝင်ကြည့်လိုက်သည်။
နှစ်ခုလုံးတွင် ဒုတိယ ဆောင်းပါး တင်လာသည့် အချိန်က တစ်ပြိုင်တည်း နီးပါး ဖြစ်နေသည်ကို သူ သတိထားမိလိုက်သည်။
တစ်နည်းဆိုရသော် ၎င်းတို့ထံတွင် လက်လျှော့ အရှုံးပေးလို့သည့် ရည်ရွယ်ချက် ရှိမနေချေ။
တစ်ဖက်က သူ့အား လေးလေးနက်နက်ပင် သဘောမထားခဲ့ချေ။
“ ငါ-ိုးပဲ ….”
ရန်ထျန်းနန်သည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လျက် ကျယ်လောင်စွာ ဆဲရေးမြည်တမ်းလိုက်သည်။
ဤသို့ အစော်ကားခံလိုက်ရသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ပင်။
ထို့ပြင် အခံပြင်းဆုံးကတော့ သူ အထင်သေးခဲ့သည့် မိန်းမနှစ်ယောက် စော်ကားတာကို ခံခဲ့ရတာ ဖြစ်၏။
ယခု ကိစ္စနောက်ကွယ်ရှိ အဓိက လက်သည်တရားခံက ဟော်ယွမ်ယွမ် ဖြစ်မည်မှာ ကျိန်းသေပေါက်ပင်။ ထျန်းရန်က ယခုလို အရှက်ကင်းမဲ့သည့် လုပ်ရပ်တို့အား မပြုလုပ်တတ်ချေ။
“ ဥက္ကဌရန် … ကျွန်မတို့ အခု အရမ်း အလေးမသာတဲ့ အခြေအနေ ရောက်နေပြီ … အခု ချက်ချင်း လက်တုံ့မပြန်ဘူးဆိုရင် ကျွန်မတို့ရဲ့ လွှမ်းမိုးမှုတွေ ကျဆင်းလာပြီး အခြေအနေကလည်း ပိုပြီး အန္တရာယ် ကြီးလာနိုင်တယ်….”
“ ငါသိတယ်…”
ရန်ထျန်းနန် မျက်မှောင်ကြုတ်လိုက်ပြီး ကျောက်ဖုန်းဟွာအား ကြည့်လိုက်သည်။ “ မင်း ကျန်းလင်လို့ခေါ်တဲ့ တစ်ယောက်နဲ့ ရင်းနှီးတယ် မဟုတ်လား … သူ့ကို အရည်အသွေး လေ့လာစောင့်ကြည့်ရေး နယ်ပယ်ထဲမှာ အသိတွေ ရှိလား မေးကြည့်လိုက် … ရှိတယ်ဆို ငါတို့ဘက်ကနေ ရပ်တည်ပေးဖို့ ဖြစ်နိုင် မဖြစ်နိုင် စုံစမ်းကြည့်လိုက် … အဲ့လိုသာဆို အခြေအနေကို ချက်ချင်း တည်ငြိမ်အောင် လုပ်လိုက်လို့ရတယ်…”
အခြေအနေ၏ နောက်ဆက်တွဲများကို ကြိုတင်စဉ်းစားမိသည့် ရန်ထျန်းနန်သည် အွန်လိုင်းပေါ်၌ ပျံ့နှံ့နေသည်များအား ကိုယ်ပိုင် အားထုတ်ကြိုးပမ်းမှု တစ်ခုတည်းဖြင့် ဖိနှိပ်ဖို့ မလုံလောက်သည်ကို သတိပြုမိလိုက်သည်။ “ အခြေအနေကို မြန်မြန် ထိန်းချုပ်နိုင်ဖို့ဆို အစိုးရဘက်က ငါတို့ကို ကူညီပေးမယ့် တစ်ယောက်ယောက် ရှိနေတာ ကောင်းတယ်….”
“ နားလည်ပြီ.. ကျုပ် အခုချက်ချင်း ဖုန်းခေါ် မေးကြည့်လိုက်မယ်…”
ကျောက်ဖုန်းဟွာသည် သူ့ဖုန်းအား အလျင်အမြန် ထုတ်၍ ကျန်းလင်၏ နံပါတ်အား နှိပ်လိုက်သည်။
ဖုန်းဝင်သွားသည့်အခါ၌ သူမျှော်လင့်မထားသည့် ထူးဆန်းသည့်လူ၏ အသံက ထွက်လို့လာသည်။
“ ဘယ်သူလဲ …”
“ ငါက ဒါရိုက်တာကျန်းရဲ့ မိတ်ဆွေပါ … သူနဲ့ ကိစ္စလေး တစ်ခု ပြောစရာ ရှိလို့ ….”
ကျောက်ဖုန်းဟွာ ယဉ်ကျေးစွာ စကားဆိုလိုက်သည်။
“ သူအခု စစ်ဆေးမေးမြန်းခံနေရတယ်… ပြောစရာရှိတယ်ဆိုရင် ကျေးဇူးပြုပြီး ပြီးတဲ့အချိန်ထိ စောင့်ပေးပါ …”
“ စစ် .. စစ်ဆေးမေးမြန်းခံနေရတယ် ဟုတ်လား ….”
ထိုသတင်းကို ကြားတော့ ကျောက်ဖုန်းဟွာ အချိန်အတော်ကြာသည်အထိ ကြက်သေသေသွားခဲ့သည်။ သူ ယုံပင် မယုံကြည်နိုင်ချေ။
ဘာလို့ ကျန်းလင်က အကြောင်းမရှိ စစ်ဆေးမေးမြန်းခံနေရတာလဲ …
“ ဘာဖြစ်တာလဲ … မင်း ကြည့်ရတာ မျက်နှာလည်း မကောင်းဘူး …” ရန်ထျန်းနန် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“ ကျန်းလင်က အခု စစ်ဆေးမေးမြန်းခံနေရတယ်… ကျုပ်တို့ကို ဆက် မကူညီပေးနိုင်တော့ဘူး …”
ကျောက်ဖုန်းဟွာ ပြောပြလိုက်၏။
“ သူတောင်မှလား ….”
ရန်ထျန်းနန်၏ အမူအရာသည် အလွန်အမင်း အကျည်းတန်နေခဲ့၏။ ထွက်ပေါ်လာသည့် ရလဒ်က သူ မျှော်လင့်ထားသည်နှင့် အများအပြား ဝေးကွာနေသည်။ “ ငါကတော့ သူ့ကို ငါတို့ကိုယ်စား လင်းရီကို ကိုင်တွယ်ပေးဖို့ မျှော်လင့်ထားတာ ခုတော့ကြည့် … လင်းရီက ဒီတိုင်းလေးပဲ ရှိနေတဲ့အချိန် သူကတော့ အရင် စစ်ဆေးခံနေရပြီ… ရုံးတွေ လွှတ်တော်တွေနဲ့ ချီးပဲ စောက်လုပ်တွေက ရှုပ်ဦးမယ်….”
“ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို မှီခိုလို့ မရတော့တာကတော့ အမှန်ပဲ ….”
ထိုအချိန်တွင်ပဲ တံခါးခေါက်သံ တစ်သံက သူတို့၏ စကားဝိုင်းကို ကြားဝင်နှောင့်ယှက်လာခဲ့သည်။
ရန်ထျန်းနန်၏ အတွင်းရေးမှူးမှ အပြင်ဘက်ကနေ အလောတကြီး ဝင်ရောက်လာခဲ့၏။ “ ဥက္ကဌရန် … ပြဿနာ တက်ပြီ .. ဝေ့ပေါ်ရဲ့ တရားဝင် အကောင့် တော်တော်များများက ကျွန်မတို့ကို ဟွာရှရဲ့ consumer rights (စားသုံးသူ အခွင့်အရေး/သုံးစွဲသူ) ဖောက်ဖျက်မှုနဲ့ စွပ်စွဲနေကြတယ်…”
“ ဟွာရှရဲ့ ပြည်နယ်မီဒီယာပါ ပါလာနေပြီ….”
“ ပြည်နယ် မီဒီယာရော ပါတယ်….”
“ ဟုတ်တယ် … စက်မှုနဲ့ ကုန်သွယ်ရေး ကြီးကြပ်ရေးဌာန၊ အရည်အသွေး စောင့်ကြည့်လေ့လာရေး ဌာနအပါအဝင် ဌာန တော်တော်များများက ပူးတွဲကြေညာချက်တွေ ထုတ်ပြန်လာတယ်… သူတို့က ဒီကိစ္စကို မီးခိုးကြွက်လျှောက် စုံစမ်း စစ်ဆေးသွားမှာလို့ ပြောနေကြတယ်… လက်ရှိ အခြေအနေက တော်တော်လေး ဆိုးရွားနေပြီ….”
“ ဘယ်လိုလုပ်ပြီး … ဘယ်လိုလုပ်ပြီး ဒါတွေ ဖြစ်လာရတာလဲ ……”
ရန်ထျန်းနန်သည် ထိုင်ခုံပေါ်သို့ ဖြူဖျော့သည့် မျက်နှာထားဖြင့် ထိုင်ချမိသွားခဲ့သည်။ ကနေဦးတုန်းက သူတွေးထားခဲ့သည်မှာ တရားဝင် အစိုးရ အရာရှိတို့ ဝင်စွက်ဖက် မလာသရွေ့ သူ့ဘက်ခြမ်းက ပြဿနာ မရှိဟု ယုံကြည်ထားခဲ့သည်။
သို့သော် ယခု … သက်ဆိုင်ရာ ဌာန အသီးသီးက ရှေ့ထွက်လာကြပြီး Tesla အဖို့ ဤသည်က ကုလားအုတ်၏ ကျောကို ကျိုးသွားစေခဲ့သည့် မြက်ထုံးလိုပါပင်။
ထိုသူတို့နှင့် ရင်ဆိုင်ရာ၌ သူတို့တွင် ခုခံတွန်းလှန်နိုင်မည့် အခန်းကဏ္ဍ ရှိမနေချေ။
“ မြန်မြန် တောင်းပန်စာရေး .. ကိုယ့်ဘက်က လက်ဦးမှုရယူပြီး အမှားဝန်ခံရမယ် .. ဒါပေမယ့် အကုန်လုံးကြီးတော့ ဝန်မခံနဲ့ .. ငါ ပြောချင်တာကို နားလည်တယ်မလား ….”
“ နားလည်ပါတယ် ဥက္ကဌရန်….” ကျွမ့်ဝူ ပြန်ဖြေလိုက်ပြီး ရုံးခန်းထဲက ထွက်ခွာသွားခဲ့၏။
“ အားလုံး အဆင်ပြေနေရဲ့သားနဲ့ ဘာလို့ ဒါတွေ ဖြစ်လာရတာလဲကွာ …”
ရန်ထျန်းနန် နဖူးအား ဖိထားလျက် ရှိပြီး “ ဒါက ဒီတိုင်း ငါတို့နဲ့ သုံးစွဲသူတွေကြားက ပြဿနာပဲလေ…. ဘာလို့ အများရဲ့ အာရုံကို ဒီလောက်တောင် ဆွဲဆောင်သွားရတာ …”
“ ကျုပ်လည်း ပဟေဠိ ဖြစ်နေတာပဲ … အဲ့ဒီအမျိုးသမီးမှာ အာဏာရော လွှမ်းမိုးမှုရော ဘာမှ မရှိဘူး … ကျုပ်တို့ကို ခြိမ်းခြောက်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ….” ကျောက်ဖုန်းဟွာ ပြောလိုက်ပြီး “ ဒီကိစ္စရဲ့ ဖျူးက လင်းယွင်အုပ်စုပဲ … သူတို့သာ ဝင်ပြီး ပတ်သက်မလာဘူးဆိုရင် ဒီလိုတွေ ဖြစ်လာမှာတောင် မဟုတ်ဘူး ….”
“ အဲ့တာက ပြဿနာပဲ … ငါတို့တွေ လင်းယွင်အုပ်စုကို အပြစ်ပြုမိတာလည်း မရှိသလို သူတို့ စီးပွားရေး လုယူခဲ့ဖူးတာမျိုးလည်း မရှိဘဲနဲ့ ဘာလို့ ငါတို့ကို လာပြီး ပစ်မှတ်ထားနေတာလဲ …”
ရန်ထျန်းနန်၏ စကားက ကျောက်ဖုန်းဟွာကို နက်နက်ရှိုင်းရှိုင်း တွေးတောမိသွားစေခဲ့သည်။
မည်သည့် ရှုထောင့်ကပဲ ကြည့်ကြည့် ဤကိစ္စတွင် တစ်ခုခုတော့ မူမမှန်ချေ။
“ ဒီကိစ္စမှာ သံသယ ဖြစ်ဖို့ အကောင်းဆုံးက ကျန်းလင်ပဲ …” ကျောက်ဖုန်းဟွာ ပြောလိုက်ပြီး “ ရှေ့ရက်တုန်းကတောင် ကျုပ်တို့ ထမင်း အတူစားရင်း ကျုပ်ကို ပြောပြနေတာ သူ နောက်နှစ်ဝက်ဆို ရာထူးတိုးပြီတဲ့ … ခုတော့ ဒီလိုတွေ ဖြစ်ပျက် ………………..”
ကျောက်ဖုန်းဟွာ စကားတစ်ဝက်တွင် ရပ်တန့်သွားခဲ့၏။ သူ၏ မျက်လုံးတို့က တစ်စုံတစ်ရာကို တွေးတောမိသွားခဲ့သည့်နှယ် ဂနာမငြိမ် ဖြစ်လာသည်။
“ ဘာလဲ ဆက်ပြောလေ… ဘာလို့ ရပ်လိုက်တာ …”
“ ကျုပ် အခုပဲ မှတ်မိတယ်…” ကျောက်ဖုန်းဟွာ အကျည်းတန်သည့် အမူအရာဖြင့် ပြောလိုက်၏။
“ ဘာမှတ်မိတာ …”
“ ကျုပ် အရင်က လင်းရီကို ဖုန်းဆက်ပြီး ကျုပ်အဆက်အသွယ်တွေက ဘယ်လောက်တောင် အင်အားကြီးကြောင်း ပြောဖူးတယ်.. ဒါပေမယ့် သူက မကြောက်သွားတဲ့အပြင် ကျုပ်ကိုတောင် ပြန်ပြီး ခြိမ်းခြောက်သွားခဲ့သေးတယ်….”
ရန်ထျန်းနန် ခေါင်းမော့လာခဲ့ပြီး ကျောက်ဖုန်းဟွာအား ကြည့်လိုက်သည်။ “ သူက မင်းကို ဘယ်လိုတွေ ခြိမ်းခြောက်ခဲ့တာ …”
“ ကျုပ်ပြောတာက … မင်း ငါတို့နဲ့ ပူးပေါင်း မပါဝင်ပေးဘူးဆိုရင် မင်းရဲ့ ထမင်းပန်းကန်လုံးကို ရိုက်ခွဲပစ်မယ်လို့ ပြောခဲ့တာ … ဒါပေမယ့်သူက ဆန့်ကျင်ဘက်ပဲ … သူက ကျုပ်တို့ ထမင်းပန်းကန်လုံးကို ရိုက်ခွဲရုံတင် မကဘူး … ထမင်းအိုးကြီး တစ်ခုလုံးပါ ရိုက်ခွဲပြမယ်လို့ ပြောသွားခဲ့တာ …. “
“ ဒါက …..”
ရန်ထျန်းနန် ကြက်သေသေသွားခဲ့၏။
ဤကိစ္စက သူနှင့် မသက်ဆိုင်ကြောင်း မသေချာသေးသော်လည်း လက်ရှိ အခြေအနေကို အကဲဖြတ်ကြည့်ရသလောက်ကတော့ သူ၏ ထမင်းအိုးမှာ အမှန်ပင် ရိုက်ခွဲခံရနေချေပြီ။
“ သူ့ကို ဖုန်းခေါ်ပြီး သူ့ အတွေးတွေ ဘယ်လိုရှိလဲ စမ်းကြည့်လိုက် …”
“ အိုကေလေ….”
ကျောက်ဖုန်းဟွာ တုန်တုန်လှုပ်လှုပ်နဲ့ ဖုန်းထုတ်လိုက်သည်။ သူ၏ အသွင်က သေမိန့်ပေးခံရတော့မည့် လူတစ်ယောက်နှယ် စိတ်ထဲ ဗျာများနေလျက် ရှိသည်။
“ ဟယ်လို လူကြီးမင်းလင်း …”
“ ဘာကိစ္စလဲ ….”
“ ငါ မင်းကို အရင်က ပြောထားတာလေး ဘယ်လိုမြင်လဲ သိချင်လို့ .. ငါတို့နဲ့ အလုပ်အတူအလုပ်ရင် အကျိုးအမြတ်တွေက အတိုင်းအဆမဲ့ပဲ .. မဟုတ်ရင် မင်း အလုပ် . . . . . .”
“ မင်းတို့တွေ ဒီအခြေအနေထိ ရောက်နေတာတောင် ကျုပ်ရှေ့မှာ ဟိတ်ဟန်ထုတ်နိုင်သေးတုန်းပဲနော်…..”
ကျောက်ဖုန်းဟွာ စကားပင် မဆုံးမီ ဖြတ်ပြောခံလိုက်ရ၏။
သို့သော် ရှက်ရွံ့သွားခြင်း မရှိဘဲ တည်ငြိမ်ချင်ယောင် ဆောင်လိုက်ကာ “ မင်း ပြောနေတာတွေ ငါနားမလည်ဘူး …”
“ ရူးချင်ယောင် လာဆောင်နေတာလား ….” လင်းရီ ပြောလိုက်ပြီး “ ကျန်းလင်က အခု စစ်ဆေးမေးမြန်းခံနေရပြီ… ပြီးတော့ သက်ဆိုင်ရာဌာန အသီးသီးကလည်း ရှေ့ကို ထွက်လာနေပြီ… ဒါကို မင်းတို့က ဟိတ်ဟန်များနေကြတုန်းပဲ … စောက်ပိန်းတွေ … မင်းတို့ကိုယ် မင်းတို့နဲ့ နှိုင်းပြီး သူများတွေကိုရော မင်းတို့လို စောက်ပိန်းများ မှတ်နေလား ….”
လင်းရီ၏ စကားလုံးကြောင့် ကျောက်ဖုန်းဟွာ ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ လက်ရှိ အနေအထားက အမှန်ပင် သနားဖို့ကောင်းသည့် အခြေအနေသို့ ကျရောက်နေသောကြောင့် ဖြစ်၏။
“ ငါအရင်က ပြောဖူးပါတယ်… မင်းတို့ရဲ့ ထမင်းပန်းကန်လုံးတင် မကဘူး … ထမင်းအိုးကြီးပါ ရိုက်ခွဲပစ်မယ်ဆိုတာ … ကစားပွဲက ခုမှ စရုံတင် ရှိသေးတယ်… မလောပါနဲ့ဦး …”
“ ဒါတွေ အကုန် မင်းစီစဉ်ထားတာလား …..”
“ ဘယ်နားကသာ ဘယ်နားကသာ … ငါ့ကို အဲ့လောက်ထိ မြှောက်ပင့်ဖို့ မလိုပါဘူး … ငါက အဲ့လောက်ထိ မစွမ်းဆောင်နိုင်ပါဘူး …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် အနာဂတ်ကျ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကိုတော့ ငါသိတယ်… အဲ့တော့ စောင့်ကြည့်ကြတာပေါ့ ….”