ကြယ်တာရာ ဝါးမျိုခြင်း
Vol. 11 Ch. 165
“ ဒါကြောင့်ကိုး။ဒါကမင်းရဲ့ အသိစိတ်လား။ဒါက “ ပိုင်နက် ” လိုမျိုး ခံစားရတယ်။ စိတ်ဝင်စားစရာပဲ။ ”
ဂလော်ဖင်းသည် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီဖြစ်သော ခန္ဓာကိုယ်ကို တစ်ချက်ကြည့်သည်။
“ မင်းရဲ့စိတ်စွမ်းအား ဘယ်လောက်ပဲ သန်မာနေပါစေ မင်းက နတ်ဆိုးဘုရင်အဆင့် တစ်ယောက်ပါပဲ။နတ်ဆိုးအရှင်သခင်ဆိုတဲ့စွမ်းအားကို မင်းအခု လုံးဝစိတ်ကူးနိုင်မှာ မဟုတ်ဘူး။ဒီနေရာမှာ ငါ့ရဲ့ခန္ဓာကိုယ်ကို သုံးလို့ရတယ်ဆိုတော့ ပိုကောင်းတာပေါ့။ မင်းရဲ့နောက်ဆုံးခုခံမှုကို ငါအဆုံးသတ်ပေးမယ်။ ”
ဂလော်ဖင်း လက်ဖြန့်လိုက်ရာ ဝါဖျော့ဖျော့ အလင်းတန်းသည် ချန်လွေ့ထံသို့ ဝှီးခနဲ ရောက်ရှိသွားသည်။၎င်းသည် အလွယ်တကူပင် ဖောင်ထွင်းသွားသည်။သို့သော်လည်း ဂလော်ဖင်း၏အပြုံး ချက်ချင်းအေးခဲသွားသည်။ထိုကဲ့သို့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု သည် နတ်ဆိုးဧကရာဇ်တစ်ယောက်ကိုပင် ဖျက်ဆီးနိုင်သော်လည်း ဤ “ နတ်ဆိုးဘုရင် ” လေး အပေါ်၌ အသုံးမဝင်ဖြစ်နေလေသည်။
ဂလော်ဖင်းသည် မယုံကြည်နိုင်စွာဖြင့် အဆက်မပြတ် တိုက်ခိုက်တော့သည်။ သို့သော်လည်း တစ်ခုမျှ အလုပ်မဖြစ်ခဲ့ပေ။
ဂလော်ဖင်း၏ တိုက်ခိုက်မှုများသည် မထိရောက်ပေ။ထို့ကြောင့် ချန်လွေ့၏စိတ်ထဲမှ အတွေးကို သေချာသွားစေသည်။စူပါစနစ်၏ “ကနဦးမျက်နှာပြင်”သည် အလှပြရုံ သက်သက်မဟုတ်ဘဲ အမှန်တကယ် အသိစိတ်ပိုင်နက်တစ်ခု ဖြစ်နေသည်။ပိုင်နက် တစ်ခုလုံးကို မဖျက်ဆီးနိုင်သရွေ့ ပိုင်ရှင်ဖြစ်သော ချန်လွေ့ကို မည်သည်မျှ ထိခိုက်နိုင်မည် မဟုတ်ပေ။
အနီရောင်တိမ်တိုက်သည် နီရဲရဲ ဧရာမစက်လုံးကြီး ဖြစ်သွားသည်။၎င်းကို ဂြိုလ်တစ်ခု အနေဖြင့် သတ်မှတ်၍ ရနိုင်ပေသည်။အတိအကျပြောရလျှင် အလင်းရောင် တောက်ပ နေသော ထိုနီရဲရဲ ဂြိုလ်သည် ကြယ်တစ်လုံးဖြစ်သည်။ကိုယ်တိုင်လည်ပတ်နေကြပြီး ထိုကြယ်ကို လှည့်ပတ်နေကြသော အခြားအရာများမှာ ဂြိုလ်များဖြစ်ကြသည်။
စူပါစနစ်၏ ပိုင်နက်တစ်ခုလုံးသည် ကြယ်စုတစ်ခုပင် ဖြစ်သည်။
ချန်လွေ့ တစ်ခုခုကို သဘောပေါက်သွားသည်။ ကြယ်စုဆောင်းသူ၊ကြယ်ဦးစီး၊ ကြယ်တစ်ပွင့် ဆင့်ကဲပြောင်းလဲခြင်း၊ကြယ်နှစ်ပွင့်ဆင့်ကဲပြောင်းလဲခြင်း။ဒီလို တိုးတက် လာတဲ့ ဆင့်ကဲပြောင်းလဲခြင်း အဆင့်တွေက ကြယ်စုတစ်ခု မွေးဖွားလာတဲ့ ဖြစ်စဉ်လိုမျိုးပဲ။
ကြယ်စင်စု နတ်ဘုရားကျောင်းရှိ အခြေအနေပြဇယားတွင် ဖော်ပြထားသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။
ဂုဏ်ပုဒ် = ကြယ်ထိန်း။
ဆင့်ကဲပြောင်းလဲခြင်းအဆင့် = ကြယ်သုံးပွင့်။
အတွေ့အကြုံတန်ဖိုး = သုည။
အရှိန်အဝါ တန်ဖိုး = ၁၂.၃၁ သိန်း။
စွမ်းအားသတ်မှတ်ချက် = [ C- ]
[ C- ] ဆိုတာက ကနဦးပိုင်းကို ကိုယ်စားပြုတာလား။အသေးစိတ်တွေ ထပ်ဖြည့်ထားတဲ့ ပုံပဲ။ဒါနဲ့ “ ကြယ်စုဆောင်းခြင်း ” ရော “ ကြယ်ဦးဆောင်ခြင်း ” ရော ပြီးသွားပြီ။အခုလည်း ကြယ်စုဖြစ်လာပြီ။ငါတကယ်ပဲ “ ကြယ်ထိန်းကျောင်းခြင်း ” လုပ်လို့ရပြီလား။
ချန်လွေ့၏အတွေး ပြောင်းလဲသွားပြီး အသိစိတ်ဖြန့်ကျက်လိုက်တော့သည်။ဤနေရာ၌ ချန်လွေ့၏စိတ်စွမ်းအားသည် အဆများစွာ တိုးနေပြီး ကြယ်စုတစ်ခုလုံးကိုပင် လွှမ်းမိုးနိုင် သွားသည်။အကြီးမားဆုံးနှင့် အပူလောင်ဆုံးဖြစ်သော “ နေ ” အပါအဝင် ဂြိုလ် တစ်လုံးစီ၏ အသေးစိတ်များကို ချန်လွေ့ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ အမှုန်တစ်ခုစီ၏ ပြောင်းလဲမှုကိုပင် သူ၏စိတ်ထဲမှ ခံစားရသည်။
ဂြိုလ်သွားရာလမ်းနှင့် လည်ပတ်ခြင်းတို့တွင် လျို့ဝှက်ဆန်းကြယ်သော ဥပဒေသတစ်ခု ပုန်းအောင်းနေသည်။သို့သော်လည်း ချန်လွေ့သည် ဤကဲ့သို့ ရှုထောင့်မျိုးနှင့် ယခုမှ ထိတွေ့ရသည့်အတွက် ချက်ချင်း သဘောမပေါက်နိုင်သေးပေ။ယခုတွင် အရေးကြီးဆုံး အရာမှာ ဂလော်ဖင်းအား ဖျောက်ဖျက်ရန်ပင် ဖြစ်သည်။
ကြယ်ထိန်းအဖြစ်သို့ ဆင့်ကဲပြောင်းလဲပြီးခါစသာ ရှိသေးသည့်အတွက် ချန်လွေ့သည် တကယ့်ပိုင်နက်တစ်ခုကို ထိန်းချုပ်နေသကဲ့သို့ ဂြိုလ်ပတ်လမ်းနှင့် တည်နေရာများကို မပြောင်းလဲနိုင်သေးပေ။သို့မဟုတ်ပါက ချန်လွေ့သည် ဂလော်ဖင်းအား ကြယ်အနားသို့ ပြောင်းရွှေ့ပြီး မီးလောင်ပြာကျသွားစေရန် ထိုကြောက်မက်ဖွယ်ရာ စွမ်းအားကို အသုံးပြုနိုင်မည် ဖြစ်သည်။
ယခုတွင် ချန်လွေ့ကို ဂလော်ဖင်း မထိခိုက်နိုင်ပေ။ချန်လွေ့သည်လည်း နတ်ဆိုး အရှင်သခင်အဆင့် စိတ်စွမ်းအား၏ ကျုးကျော်မှုကို ချက်ချင်း မရှင်းပစ်နိုင်ပေ။
မည်သည့်အတွက်ကြောင့် ယခင်ကကဲ့သို့ [ အရှိန်အဝါ ကူးပြောင်းခြင်း ] အသိပေးချက် မပေါ်လာတော့ကြောင်း ချန်လွေ့မသိပေ။ထိုအချိန်၌ စနစ်အသိပေးချက် ပေါ်ထွက် လာလေသည်။
အမည်မသိ ဇီဝစိတ်ဝိညာဉ်တစ်မျိုး တွေ့ရှိ။အရှိန်အဝါအဖြစ် မကူးပြောင်းနိုင်။ ကြယ်တာရာ ဝါးမျိုခြင်း နည်းလမ်းကို အသက်သွင်းချင်ပါသလား။
ဒါပဲလေ။
ချန်လွေ့ ချက်ချင်း အတည်ပြုလိုက်သည်။
“ အသက်သွင်းလိုက်။ ”
“ ကြယ်တာရာဝါးမျိုခြင်း နည်းလမ်း အသက်သွင်းပြီးပါပြီ။ဤနည်းလမ်းကို အသုံးပြုရန်အတွက် ကြယ်ထိန်း၏ အသိစိတ်ထိန်းချုပ်မှု သို့မဟုတ် ပိုမြင့်သော ကြယ်ဆင့်ကဲပြောင်းလဲခြင်း၏ အသိစိတ်ထိန်းချုပ်မှု လိုအပ်သည်။ ”
ဂလော်ဖင်း၏ တရစပ်တိုက်ခိုက်မှုများသည် အကျိုးမရှိခဲ့ပေ။ရုတ်တရက် ဂလော်ဖင်းသည် ပတ်ဝန်းကျင်အာကာသ ရုတ်တရက်ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။ ချက်ချင်းပင် ဗဟိုချက်အာကာသ ပုံပျက်သွားပြီး ထူးဆန်းသော တွင်းနက်တစ်ခု ဖြစ်လာတော့သည်။
ထိုတွင်းနက်သည် အဆုံးမရှိပေ။အလွန်ပြင်းထန်သော ဆွဲငင်အားရှိနေပုံရသည်။ ဂလော်ဖင်း ထုတ်လွှတ်နေသော စွမ်းအားအလင်းရောင်များကိုပင် စုပ်ယူနေသည်။
ကြယ်တာရာဝါးမျိုခြင်း နည်းလမ်းသည် တွင်းနက်တစ်ခု ဖြစ်နေလိမ့်မည်ဟု ချန်လွေ့လုံးဝ မထင်ထားခဲ့ပေ။တွင်းနက်သည် စကြဝဠာထဲရှိ နက္ခတ္တဗေဒဆိုင်ရာ အရာဝတ္ထုတစ်ခုဖြစ်ပြီး ပြင်းထန်သော ဆွဲငင်အားရှိသည့် အဆုံးမဲ့တွင်းတစ်ခု ဖြစ်သည်။၎င်းထဲသို့ မည်သည့်ဒြပ်ထုမဆို ကျရောက်သွားသည်နှင့် လွတ်မြောက် နိုင်တော့မည် မဟုတ်ပေ။အလင်းသည်ပင် ခြွင်းချက်မဟုတ်ပေ။မူလက တွင်းနက်ကို တိုက်ရိုက် လေ့လာကြည့်၍မရပေ။သို့သော်လည်း ဤပိုင်နက်အတွင်း၌ တွင်းနက်သည် ဖြစ်တည်မှု အရိပ်အယောင်ရှိသည်။မပြောင်းလဲသွားသည်မှာ ထိုအစွမ်းထက်သည့် ဝါးမျိုခြင်း စွမ်းရည်ပင် ဖြစ်သည်။
စနစ်မှ ပြောထားသည့်အတိုင်းပင် ချန်လွေ့သည် မိမိ၏အသိစိတ်ကို တွင်းနက်နှင့် ပေါင်းစပ်ပြီး ဂလော်ဖင်း၏ စွမ်းအားများကို ထိန်းချုပ်ရန်အတွက် တွင်းနက်အား ထိန်းချုပ်နိုင်ပေသည်။
ဂလော်ဖင်း၏ခန္ဓာကိုယ်သည် လေထဲ၌ လွင့်မျောနေဆဲဖြစ်သော်လည်း သူ၏စွမ်းအားနှင့် ဝိညာဉ်တို့သည် ထိုတွင်းနက်ထဲသို့ စီးဝင်နေသည်ဟု ခံစားမိနေသည်။ ဤအတိုင်းသာ ဆိုလျှင် သူ၏ အသိစိတ် လုံးဝ ဝါးမျိုခံရပြီး ပျက်စီးသွားမည်မှာ သိပ်မကြာတော့ပေ။
“ အစားကြူး တော်ဝင်မိသားစုရှေ့မှာ ဝါးမျိုခြင်းအစွမ်းကို သုံးရဲတယ်လား။ဟမ့်။မင်း ကိုယ်မင်း အထင်ကြီးနေတာပဲ။ ”
ဂလော်ဖင်း ပါးစပ်ဟလိုက်ရာ တွင်းနက်ကို အဖြူရောင် အငွေ့တစ်ခုက ဖုံးလွှမ်းသွားသည်။ ၎င်းသည် ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ သွေးမျိုးဆက် ပါရမီတစ်ခုဖြစ်သော [ ဝါးမျိုခြင်း ] ဖြစ်သည်။
သို့သော်လည်း ထိုတွင်းနက်အနားသို့ အဖြူရောင်အငွေ့ ရောက်ရှိသွားသည့်အခါ ခဏတာ ရပ်တန့်သွားပြီးနောက် တွင်းနက်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ဝါးမျိုခံရသည့် အဖြူရောင် အငွေ့သည် ဂလော်ဖင်း၏စိတ်စွမ်းအား စုစည်းမှုဖြစ်နေသည့်အတွက် ကြီးကြီးမားမား ထိခိုက်သွားသည်။ဂလော်ဖင်း၏ စိတ်ထဲ၌ ပို၍ပင် ကြောက်လန့် သွားသည်။ လခွမ်း။ဒါကဘယ်လို ပိုင်နက်အစွမ်းမျိုးလဲ။ဒီလိုမျိုး အဖြူရောင်အငွေ့ကို ဝါးမျိုနိုင်တဲ့ ထူးထူးဆန်းဆန်း ပိုင်နက်အစွမ်းမျိုးကို ငါတစ်ခါမှ မတွေ့ဖူးဘူး။
ဂလော်ဖင်း အော်ဟစ်လိုက်ပြီး အစွမ်းအထက်ဆုံး သီးခြားမြေမှော်ပညာဖြစ်သော [ သံမဏိချပ်ကာ ] ကို ဖန်တီးလိုက်ရာ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ချပ်ကာကဲ့သို့ အလင်းရောင် ပေါ်ထွက်လာသည်။သို့သော်လည်း ၎င်းသည် ဝါးမျိုခြင်းအားကို မတားဆီးနိုင်သေးပေ။ဂလော်ဖင်းသည် လက်နှစ်ဖက်ကို ဆန့်လိုက်သည်။သူ၏ခန္ဓာကိုယ် မီတာ၁၀၀ ပတ်လည်၌ ပြင်းထန်သော တုန်ခါမှုဖြစ်လာသည်။၎င်းသည် အဆင့်မြင့်ဆုံး နေရာပြန့် မြေဒြပ်စင် မှော်ပညာဖြစ်သော [ ဖျက်ဆီးခြင်း လှိုင်းဂယက် ] ဖြစ်သည်။ သို့သော်လည်း မည်သည့်မှော်ပညာ၊မည်သည့်ပါရမီကိုသုံးသုံး ထိုတွင်းနက်ကို မဖျက်ဆီးနိုင်ပေ။သူ၏အစွမ်းများ ပျောက်ကွယ်သွားခြင်းကိုလည်း မတားဆီးနိုင်ပေ။
ဂလော်ဖင်းသည် မိမိ၏စိတ်ဝိညာဉ် သုံးပုံတစ်ပုံ ဝါးမျိုခံလိုက်ရပြီဖြစ်ကြောင်း ခံစားလိုက်မိသည်။ထိတ်လန့်စွာဖြင့် သူသည် စိတ်စွမ်းအားကို အစွမ်းကုန်ထုတ်လိုက်ရာ မျက်နှာပေါ်၌ မျက်နှာဖုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။သူ ချက်ချင်း ပျော်ရွှင်သွားသည်။
“ ဒီနေရာမှာ နတ်ဘုရားဝါးမျို မျက်နှာဖုံးကို တကယ် ဆင့်ခေါ်နိုင်တာပဲ။အဆောင်ပစ္စည်း ၇မျိုးထဲက တစ်မျိုးရဲ့ တကယ့်စွမ်းအားကို မင်းသိစေရမယ်။ ”
မျက်နှာဖုံးမှ ဝါဖျော့ဖျော့ အလင်းရောင် ထွက်လာသည်။ထိုအလင်းရောင်ကို တွင်းနက် စုပ်ယူနေသော်လည်း အမြန်နှုန်း ရုတ်တရက် နှေးကွေးသွားကာ အာကာသတစ်ခုလုံး အနည်းငယ် ပုံပျက်လာတော့သည်။ပြိုလဲပျက်စီးတော့မည့် လက္ခဏာများ ရှိနေဟန် တူသည်။ချန်လွေ့ မျက်မှောင်ကြုတ်ပြီး စိတ်ဝိညာဉ် အထွက်ပဏာမကို တိုးမြှင့်လိုက်ရာ ဝါးမျိုနှုန်း အမှန်တကယ် မြန်ဆန်လာသည်။
ဂလော်ဖင်းသည် နတ်ဘုရားဝါးမျို မျက်နှာဖုံးကို ထုတ်သုံးသော်လည်း ကြောက်မက်ဖွယ်ရာ ဝါးမျိုခြင်းအားကို မတားဆီးနိုင်သေးပေ။အဆောင်ပစ္စည်း စွမ်းအားနှင့် နတ်ဆိုးအရှင်သခင် အသိစိတ် ပေါင်းလိုက်သော်လည်း အရေးနိမ့် နေသေးသည့်အတွက် ဂလော်ဖင်း စိတ်ချောက်ချားလာသည်။
အခုတော့ ဒီပိုင်နက်ကိုဖျက်ဆီးဖို့အတွက် အဆောင်ပစ္စည်းရဲ့စွမ်းအားကိုပဲ ငါဆက်ပြီး ထုတ်ယူနေရဦးမှာပဲ။
“ နတ်ဘုရားဝါးမျို မျက်နှာဖုံး ”မှ ဝါဖျော့ဖျော့အလင်းရောင် တောက်ပစွာ လင်းလက် သွားရာ အာကာသသည် စတင်တုန်ခါပြီး ပုံပျက်လာတော့သည်။ရံဖန်ရံခါ ပြိုလဲပျက်စီးမှုများ ရှိနေသည်။သို့သော်လည်း တွင်းနက်၏ ဝါးမျိုခြင်း ဆက်လက်ရှိနေသေးသည်။
အဆောင်ပစ္စည်း၏ စွမ်းအားသည် အမှန်တကယ်ပင် ထူးခြားလှသည်။လှိုင်းလုံးကြီးကဲ့သို့ ပြင်းထန်သော စိတ်စွမ်းအား ဖိနှိပ်မှုကို ချန်လွေ့ ခံစားနေရသည်။အာရုံအနည်းငယ် ပျံ့လွင့်သွားရုံဖြင့် ချန်လွေ့ အချိန်မရွေး လဲကျသွားနိုင်သည်။စူပါစနစ်၏ ပိုင်နက်အတွင်း၌ ဖြစ်နေ၍ တော်သေးသည်။အမှန်တကယ်သာဆိုလျှင် အဆောင်ပစ္စည်းရှိသော နတ်ဆိုး အရှင်သခင်သည် ချန်လွေ့အား တစ်ချက်တည်းဖြင့် အမှုန့်ချေပစ်နိုင်သည်။
ကြယ်တာရာဝါးမျိုခြင်း နည်းလမ်းသည် အသိစိတ်ထိန်းချုပ်မှု လိုအပ်သည်။ တစ်နည်းပြောရလျှင် ချန်လွေ့ သတိရှိနေရမည်ဖြစ်သည်။သို့မဟုတ်ပါက ဝါးမျိုခြင်း ရပ်တန့်သွားပြီး သူ၏အသိစိတ်တစ်ခုလုံးကို ဂလော်ဖင်း သိမ်းပိုက်လိုက်နိုင်သည်။ ထို့ကြောင့် ချန်လွေ့သည် အဆောင်ပစ္စည်းမှ ပြင်းထန်သောဖိအားကို ရင်ဆိုင် နေရသော်လည်း ခန္ဓာကိုယ်ကို မီးတောက်နက်ဖြင့် လောင်ကျွမ်းပြီး မဆုတ်မနစ် ကြိုးပမ်းနေခြင်းဖြစ်သည်။
အသက်ဓာတ်နှင့်စွမ်းအားပါ အဆက်မပြတ် စုပ်ယူခံရနေရသော ဂလော်ဖင်းအဖို့ အခြားနည်းလမ်း မရှိတော့ပေ။သူသည် လက်ခံသူ မလိုချင်တော့ပေ။ဤ “ ပိုင်နက် ” ထဲမှသာ အမြန်ဆုံးထွက်သွားချင်နေသည်။ဤသို့ဖြစ်မည်ကို ကြိုသိခဲ့လျှင် ဂလော်ဖင်းသည် မဟာနတ်ဆိုးမိန်းကလေး သို့မဟုတ် ပြိဿကိုပင် လက်ခံသူအဖြစ် ရွေးချယ်ခဲ့ပေမည်။
အချိန်မည်မျှ ကြာသွားမှန်း မသိပေ။ချန်လွေ့အရှေ့မှ ဂလော်ဖင်း၏ခန္ဓာကိုယ်သည် အတော်လေး ပါးလွှာလာပြီး “ နတ်ဘုရားဝါးမျို မျက်နှာဖုံး ”ဆီမှ အဝါရောင် အလင်းလည်း မှိန်လာသည်။အသိစိတ် ဝေးဝါးလာသည်ဟု ချန်လွေ့ ခံစားနေရ သော်လည်း တောင့်ခံထားပြီး ကြယ်တာရာဝါးမျိုခြင်း လုပ်ငန်းစဉ်ကို ထိန်းသိမ်းထားသည်။
ဂလော်ဖင်းကို လုံးဝရှင်းပစ်နိုင်တဲ့အထိ ငါဆက်ပြီး တောင့်ခံရမယ်။
မြေနန်းတော်၌ မြေပြင်ပေါ်ရှိ သလင်းကျောက်များ အတော်လေးပါးလာပြီး ဝါဖျော့ဖျော့ အရောင်မှ အကြည်ရောင်အဖြစ်သို့ ပြောင်းလာသည်။ဒယ်လောင်၊ဆော့ခ်နှင့် အခြား သူများသည် စွမ်းအားမရှိတော့သော ဝိညာဉ်ဝါးမျို ပိုင်နက်မှ လွတ်မြောက်သွားကြသည်။ အစွမ်းထက်ပုဂ္ဂိုလ်တစ်ချို့ ချန်လွေ့ကို ဝိုင်းရံပြီး “ နတ်ဘုရားဝါးမျို မျက်နှာဖုံး ”အား သတိဖြင့် စိုက်ကြည့်နေတော့သည်။
ပြိဿအကြီးအကဲ ဒယ်လောင်သည် ချန်လွေ့၏မျက်နှာမှ မျက်နှာဖုံးကို ချွတ်ပစ်ချင်ခဲ့သည်။ သို့သော်လည်း သူအနားမကပ်နိုင်ခင်မှာပင် ထူးဆန်းသော စွမ်းအားတစ်ခုဖြင့် တွန်းကန်ခံလိုက်ရသည်။ရုတ်တရက် ချန်လွေ့ လဲကျသွားရာ အားလုံး လန့်သွားကြသည်။
လက်ရွေးစင် မြေဒြပ်စင်ကောင် ဆော့ခ် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ ခဏတုံ့ဆိုင်းပြီးနောက် သူသည် အံကြိတ်ပြီး လက်သီး မြှောက်လိုက်သည်။ ဒယ်လောင် သည် မြန်ဆန်သည့်အတွက် ဆော့ခ်အား အလျင်အမြန်တားဆီးကာ မေးသည်။
“ မင်းဘာလုပ်တာလဲ။ ”
ထိုသို့ပြောပြီးသည်နှင့် နတ်ဆိုးဘုရင်အဆင့် ပြိဿသုံးလေးယောက်သည် ချန်လွေ့ရှေ့၌ ချက်ချင်းရပ်နေလိုက်ကြပြီး မြေဒြပ်စင်ကောင်များကို သတိထား၍ ကြည့်နေလိုက်သည်။ သူတို့အချင်းချင်း နားမလည်ကြသည့်အတွက် ချက်ချင်းပင် ရန်လိုသွားကြသည်။
ဆော့ခ်၏လက် တုန်ခါနေသည်။အမှန်တကယ်တွင် သူ၏စိတ်ထဲ၌လည်း အလွန်ပင် ဒွိဟဖြစ်နေသည်။ချန်လွေ့သည် သူ့ကို ထိန်းချုပ်မှုမှ လွတ်မြောက်အောင် ပြုလုပ်ပေးခဲ့သည်။ထို့ပြင် သူတို့သည် ဘေးချင်းယှဉ်၍လည်း တိုက်ပွဲဝင်ခဲ့ဖူးသည်။ သို့သော်လည်း ထိုမိတ်ဆွေသည် ယခုတွင် “ နတ်ဘုရားဝါးမျို မျက်နှာဖုံး ” ၏ ဖုံးအုပ်ခြင်းကို ခံထားရသည်။သူနိုးလာသည်နှင့် ထိုကြောက်မက်ဖွယ်ရာ ဂလော်ဖင်း ဖြစ်လာနိုင်ချေများလှသည်။
ချန်လွေ့သည် နတ်ဆိုးဘုရင်အဆင့်သာ ရှိသေးသော်လည်း ထိုကြောက်စရာ မျက်နှာဖုံး၊နတ်ဆိုးအရှင်သခင် အသိစိတ်၊နတ်ဆိုးယင်ကောင် အမြောက်အမြားနှင့် အပြင်ဘက်မှ ထိန်းချုပ်ခံ မြေဒြပ်စင်ကောင်များနှင့် ပေါင်းလိုက်သည့်အခါ မည်သည့်အန္တရာယ်မျိုးကို သူတို့ရင်ဆိုင်ရမည်မှန်း မည်သူမျှ မသေချာနိုင်ပေ။
“ ဆော့ခ်။တော်တော့။ ”
ထိုအသံသည် ဆော့ခ်၏ရုန်းကန်နေမှုကို ချက်ချင်း ရပ်တန့်သွားစေသည်။မြေဒြပ်စင်ဘုရင် စကားပြောလိုက်ခြင်း ဖြစ်သည်။နှစ်၄၀၀ကျော် အထိန်းချုပ်ခံခဲ့ရသည့် ထိုဘုရင်ကြီးသည် မျက်နှာဖုံး ကျွတ်သွားပြီးနောက်ဆုံး၌ အသိစိတ် ပြန်ဝင်လာကာ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။
“ အရှင်မင်းကြီး။ ”
ရာစုနှစ်ချီကြာပြီးမှ မြေဒြပ်စင်ဘုရင်၏အသံကို ပုံမှန်အခြေအနေ၌ ကြားရသည်မှာ ဆော့ခ်အတွက် ပထမဆုံးဖြစ်၍ အလွန်စိတ်လှုပ်ရှားနေသည်။သူ လမ်းလျှောက်သွားပြီး လက်ကို ကြက်ခြေခတ်ကာ ဦးညွှတ်သည်။ဘုရင်ကြီး၏ ကွဲကြေသွားသည့် မြေဒြပ်စင် နှလုံးသားအကြောင်း တွေးမိသည့်အခါ ဆော့ခ်သည် မခံမရပ်နိုင်ဘဲ ဝမ်းနည်းသွားမိသည်။
“ ဆော့ခ်။ငါတို့ မြေဒြပ်စင်ကောင်တွေက အငြှိုးကြီးကြတယ်။ငါတို့ကို ရန်စရဲတဲ့ ဘယ်သူ့ကိုမဆို ဖျက်ဆီးပစ်တယ်။ဒါပေမဲ့ ငါတို့တွေက ကျေးဇူးတရားကို မှတ်မိ တတ်ကြတယ်။ငါတို့က မိတ်ဆွေတွေကို ရန်မပြုဘူး။မင်းအဲဒါကို မေ့သွားပြီလား။ ”
ဆော့ခ် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။
“ ကျွန်တော် မမေ့ပါဘူး။တကယ်တော့ ကျွန်တော်လည်း ဒီလိုမလုပ်နိုင်ပါဘူး။ချန်လွေ့က ကျွန်တော်ရဲ့ မိတ်ဆွေလည်း ဟုတ်တယ်။ကျေးဇူးရှင်လည်းဟုတ်တယ်။ မြေဒြပ်စင် ကောင်တွေအားလုံး အတွက်လည်း ကျေးဇူးရှင်တွေ ဟုတ်တယ်။ဒါပေမဲ့ သူနိုးလာရင် ကြောက်စရာကောင်းတဲ့ ဂလော်ဖင်း ဖြစ်သွားမှာကို စိုးရိမ်လို့ပါ။သူ့ကိုသတ်ပြီးရင် တောင်းပန်ကြောင်း ဖော်ပြတဲ့အနေနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ဖျက်ဆီးပစ်မှာပါ။ ”
“ သူ့ကိုသတ်ပြီး မင်းကိုယ်မင်း ဖျက်ဆီးတာက မင်းဆန္ဒလေ။မင်းရဲ့ မိတ်ဆွေတွေကို မင်းဆန္ဒအတိုင်း အတင်းလုပ်ခိုင်းလို့ မရဘူး။ပြီးတော့လည်း..... ”
မြေဒြပ်စင်ဘုရင် ခေါင်းခါလိုက်သည်။
“ မင်း မသိသေးဘူးလား။ဆော့ခ်။အနီးအနားက နတ်ဆိုးယင်ကောင်တွေအားလုံး အလိုအလျောက် ပျောက်ကွယ်သွားကြတယ်။နှစ်ပေါင်းများစွာ စိတ်ရှုပ်ထွေးနေကြတဲ့ ငါတို့ရဲ့လူတွေလည်း တဖြည်းဖြည်း အသိစိတ်ပြန်ဝင်လာကြပြီလေ။ ”
ဆော့ခ် အလွန်ပျော်ရွှင်သွားပြီး ချက်ချင်း တုံ့ပြန်သည်။
“ အရှင်မင်းကြီး ပြောချင်တာက.... ”
မြေဒြပ်စင်ဘုရင် ခေါင်းညိတ်ပြီး ချီးမွမ်းလိုက်သည်။
“ ငါတို့ရဲ့မိတ်ဆွေက အခုအစွမ်းသိပ်မထက်ပေမဲ့လည်း မယုံနိုင်စရာ စွမ်းရည်တွေ ရှိနေတဲ့ပုံပဲ။ ”
ဗီဇပြောင်း မြေဒြပ်စင်ကောင်များသာ အသိစိတ်ပြန်ဝင်လာခြင်းမဟုတ်ဘဲ လမ်းတစ်လျှောက်ရှိ သလင်းကျောက်ရုပ်များပါ ဖြည်းဖြည်းချင်း ပြန်လည်အသက်ဝင် လာလေသည်။