ဒါ့ခ်။ကွဲပြားနေသည့် မြေဒြပ်စင်ကောင် တစ်ကောင်
Vol. 11 Ch. 151
“ ဒါ့ခ်။ငါအခုမင်းကို လုံးဝသတ်ပစ်နိုင်တယ်ဆိုတာကို မင်းသိပါတယ်။ဒါပေမဲ့ ငါအဲလိုမျိုး မလုပ်ချင်ဘူး။ငါ့မှာ ဒြပ်စင်ကောင်တွေနဲ့ ဆက်သွယ်စကားပြောနိုင်တဲ့ စွမ်းရည်ရှိတယ်။ မြေဒြပ်စင်ကောင်တွေကို ငါကူညီချင်တယ်။ဒါပေမဲ့ အရင်ဆုံး ငါမေးတာကိုဖြေရမယ်။မင်း ဖြေဖို့ ဆန္ဒရှိလား။ ”
ဒါ့ခ် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။
ချန်လွေ့သည် ဒိုဒိုကို ကြိုးဖြည်ပေးရန် ခြေဟန်လက်ဟန်ပြလိုက်သည်။ မြေဒြပ်စင်ကောင်သည် အမှန်တကယ်ပင် မလှုပ်ရှားခဲ့ပေ။၎င်းသည် ပြိဿများကို အံ့အားသင့်သွားစေသည်။
ထိုအချိန်တွင် ချန်လွေ့အစပိုင်း၌ ကူညီပေးခဲ့သည့် ဝတ်ထ် ဦးဆောင်သော ပြိဿများ ရောက်လာသည်။ဝတ်ထ်သည် ချန်လွေ့ကိုမြင်ပြီး အံ့အားသင့်သွားသည်။သူ အမြန်လာပြီး ရင်ဘတ်ပုတ်လိုက်သည်။
“ မိတ်ဆွေ။ချန်လွေ့။ ”
“ မိတ်ဆွေ။ဝတ်ထ်။ ”
ချန်လွေ့လည်း ရင်ဘတ်ပုတ်လိုက်သည်။တွက်ကြည့်လိုက်သည့်အခါ ယနေ့တွင် ချန်လွေ့ ထိုကဲ့သို့ပြုလုပ်သည်မှာ တော်တော်များနေပြီ ဖြစ်သည်။
ဝတ်ထ်သည် ဒ့ါခ်ကို အသိဖြင့်ကြည့်နေလိုက်ပြီး ထိုမြေဒြပ်စင်ကောင်၏ ထူးထူးခြားခြား တည်ငြိမ်နေမှုကို အံ့အားသင့်သွားသည်။သို့သော်လည်း သူဘာမှမမေးဘဲ ချန်လွေ့ကို ပြောသည်။
“ မိတ်ဆွေ။ပြိဿ သားရဲတွင်းဆီ လာခဲ့ပါ။ကြိုဆိုပါတယ်။ ”
ချန်လွေ့သည် လက်ရှိ မြေအောက်လောကအကြောင်းကို သေသေချာချာ မသိသေးပေ။ တင် ပြောသည့်အတိုင်းဆိုလျှင် နတ်ဆိုးယင်ကောင်များသည် မြေအောက်လောက အနှံ့တွင်ရှိနေပြီး အရေအတွက် အလွန်အမင်းများပြားလှသည်။နေရာတိုင်းတွင် ဘေးဒုက္ခများ ရှိနေကြသည်။ထို့ကြောင့် ခိုလှုံစရာနေရာရှာရန် အခက်အခဲရှိသည်။ပြိဿ သားရဲတွင်းသည် တိုက်ခိုက်ခံခဲ့ရသော်လည်း ရန်သူကို တွန်းလှန်နိုင်ခဲ့ပြီဖြစ်၍ ယခုအချိန်၌ အတော်လေး ဘေးကင်းသော နေရာတစ်ခု ဖြစ်နေသည်။
သို့သော်လည်း ချန်လွေ့သည် မယ်ဒူဆာဘုရင်မနှင့် အတွေ့အကြုံရှိခဲ့သည်။ အမှောင်ဆန္ဒ၏ တယ်လီပို့အစွမ်းကို ပြန်လည်အသုံးပြုနိုင်ရန်အတွက်လည်း နာရီ၂၀ ကျော် လိုနေသေးသည်။ထို့ပြင် ပြိဿနှင့် မယ်ဒူဆာတို့သည် မဟာမိတ်များ ဖြစ်ကြသည်။ အကယ်၍ ပြိဿခေါင်းဆောင်သာ ရန်လိုခဲ့လျှင် ချန်လွေ့ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။
ခဏစဉ်းစားပြီးနောက် ချန်လွေ့သည် မယ်ဒူဆာဘုရင်မအကြောင်းကို ပြောပြပြီး သံသယရှိကြောင်း ဖော်ပြလိုက်သည်။
ဝတ်ထ်သည် မကျေမနပ်ဖြင့် ဟိန်းဟောက်လိုက်သည်။
“ မိတ်ဆွေ။ပြိဿတွေက မယ်ဒူဆာတွေလိုမျိုး မဟုတ်ဘူး။ဝတ်ထ် အသက်နဲ့ရင်းပြီး အာမခံနိုင်တယ်။ ”
ပို၍သေချာစေရန်အတွက် ချန်လွေ့သည် အသီနာ၏အမြင်ကို မေးကြည့်ရာ အသီနာ ပြန်ပြောသည်။
“ ပြိဿတွေက ကြမ်းတမ်းပြီးတော့ စစ်တိုက်ရတာ ကြိုက်တယ်။ဒါပေမဲ့ သူတို့က ပွင့်လင်းတယ်။သမိုင်းအရဆိုရင်တော့ပြိဿတွေက နတ်ဆိုးတွေနဲ့အတူတူ တိုက်ပွဲဝင် ဖူးတယ်။သူတို့က ရှင့်ကို မိတ်ဆွေအဖြစ် အသိအမှတ်ပြုတယ်ဆိုရင် ကျွန်မတို့ကို ထိခိုက်အောင် မလုပ်လောက်ဘူး။
ချန်လွေ့ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ပြိဿများနှင့် ဆက်သွယ်စကားပြော ရခြင်းသည် မယ်ဒူဆာများထက် ပို၍လွယ်ကူသည်။ထိုကဲ့သို့ ဆင်တူသည့် ဇာတ်လမ်းမျိုး ကိုလည်း တင်ဆီမှ ချန်လွေ့ ကြားခဲ့ရသည်။ထို့ကြောင့် ချန်လွေ့သည် ချက်ချင်းပင် ဝတ်ထ်ကို ပြောသည်။
“ မိတ်ဆွေ။ပြိဿ သားရဲတွင်းဆီ သွားကြတာပေါ့။ဒီအကျဉ်းသားကိုလည်း ကျုပ်တို့နဲ့အတူတူ ခေါ်သွားခွင့်ပြုပါ။ ”
“ သွားကြတာပေါ့။ ”
ဝတ်ထ် ပျော်ရွှင်သွားပုံရပြီး ပြိဿများကို သားရဲတွင်းဆီသို့ ဦးဆောင်သွားသည်။
သူတို့၏တည်နေရာသည် သိပ်မဝေးလှပေ။ခဏကြာသည့်အခါ သူတို့သည် ပြိဿ သားရဲတွင်းဆီသို့ ရောက်ရှိသွားသည်။ထိုနေရာ၌ ရောင်လျှံနှစ်ထပ် ဆင့်ခေါ်နိုင်သည့် တော်ရီကို ချန်လွေ့ ပြန်တွေ့လိုက်ရသည်။ဝတ်ထ်ကဲ့သို့ပင် တော်ရီသည်လည်း ချန်လွေ့ကိုတွေ့သည့်အခါ စိတ်အားထက်သန်မှု ပြသပြီး စိတ်အေးသွားပုံရသည်။
တော်ရီ၏ အဆင့်အတန်းသည် အတော်လေးမြင့်ပုံရသည်။တော်ရီသည် တိုးမြှင့် ရောင်လျှံများ ပိုင်ဆိုင်သည့်အပြင် ကုသစွမ်းအင်တစ်မျိုးလည်း ရှိသည်။သူသည် အခြား ပြိဿများကို ဒဏ်ရာကုသပေးနေသည်။သို့သော်လည်း ထိုကဲ့သို့ ကုသခြင်းသည် ပင်ပန်းလွန်းလှပြီး အမြန်နှုန်းနှင့် သက်ရောက်မှုသည်လည်း ကျေနပ်စရာ မရှိပေ။
တော်ရီ၏ ပင်ပန်းနေသောပုံစံအရ သူသည် တိုက်ပွဲပြီးကတည်းက အခြားသူများကို ကုသနေပြီး မနားရသေးကြောင်း သိနိုင်သည်။။
ချန်လွေ့ စိတ်ထဲထိသွားသည်။သူသည် တော်ရီအား ဖြည့်တင်းဆေးရည် တစ်ပုလင်း ပေးပြီး ကုသဆေးရည် တစ်သုတ် လဲလှယ်ကာ အခြားပြိဿများကို စတင်ကုသ ပေးလိုက်တော့သည်။ကုသဆေးရည်များ၏ ဈေးနှုန်းသည် မများလှပေ။၎င်းတို့ အားလုံးသည် မဟာဆရာသခင် အဆင့်များဖြစ်ကြသည်။တော်ရီ၏ ကုသဆေးရည်နှင့် ပေါင်းလိုက်သည့်အခါ ဒဏ်ရာရနေသည့် ပြိဿတို့၏ ကုသနှုန်းများသည် ရုတ်တရက် အရှိန်တိုးမြှင့်သွားသည်။အာနိသင်များမှာ အတော်လေး သိသာလှသည်။
ထိုကဲ့သို့ လုပ်ရပ်သည် ပြိဿများ၏ လက်ခံမှုကို ရသွားစေသည်။သူတို့သည် ချန်လွေ့သည် ရင်းနှီသည့်အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
ချန်လွေ့သည် ပြိဿတစ်ယောက်ကို ပတ်တီးစည်းပေးနေသည်။ရုတ်တရက်ပင် [သရုပ်ခွဲမျက်လုံး] မှ တစ်စုံတစ်ခုကို ဖော်ပြလိုက်ရာ ချန်လွေ့ နောက်လှည့်ကြည့် လိုက်သည်။ သူ၏နောက်ဘက်တွင် ပြိဿခေါင်းဆောင် ပေါ်ထွက်လာသည်။ ပြိဿခေါင်းဆောင်၏ဘေးဘက်တွင် သတင်းပို့နေသည့် ဝတ်ထ်ရှိနေသည်။ပြိဿ ခေါင်းဆောင်သည် ဝိုင်ဗန်များကို ကြည့်ပြီးနောက် ချန်လွေ့အား စိုက်ကြည့်လိုက်သည်။ ချန်လွေ့အနည်းငယ် ကြောက်လန့်နေစဉ် ပြိဿခေါင်းဆောင် ရင်ဘတ်ပုတ်လိုက်သည်။
“ မိတ်ဆွေ။ပြိဿတွေကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”
ချန်လွေ့ တည်ငြိမ်သွားပြီး လောကဝတ် ပြန်ပြုလိုက်သည်။ထို့နောက် [ သရုပ်ခွဲမျက်လုံး ] ကို အသုံးပြုကာ စကားပြောသည်။
“ အရှင်မင်ကြီး။ကျုပ်နာမည်က ချန်လွေ့ပါ။သူတို့က ကျုပ်ရဲ့မိတ်ဆွေ အသီနာနဲ့ ဒိုဒိုပါ။ ကျုပ်တို့က ဒီမြေအောက်လောကကို မတော်တဆ ရောက်လာခဲ့တာ။ ဒီကနေ မထွက်သွားခင်မှာ ပြိဿတွေကို ကူညီသွားချင်ပါတယ်။ ”
“ ချန်လွေ့။မင်းရဲ့ စွမ်းအားက တကယ့်ကို မှော်ဆန်တာပဲ။မင်းက ငါတို့ပြိဿတွေနဲ့ ချောချောမွေ့မွေ့ စကားပြောနိုင်တယ်။ ”
ပြိဿခေါင်းဆောင်သည် တက်တက်ကြွကြွ ခေါင်းညိတ်လိုက်သည်။
“ မင်းကို မယ်ဒူဆာတွေ ဘယ်လိုဆက်ဆံတဲ့အကြောင်း ဝတ်ထ် ငါ့ကိုပြောပြီးပြီ။သူပြော တာကို ငါပြန်ပြောမယ်။ပြိဿတွေက မယ်ဒူဆာတွေလိုမျိုး မဟုတ်ဘူး။ ”
ပြိဿခေါင်းဆောင်သည် ချန်လွေ့အပေါ် အတော်အတန် ရိုသေလေးစားမှု ပြသသည်။ သေချာသည်မှာ ၎င်းသည် ချန်လွေ့၏ ကိုယ်ပိုင်အစွမ်းအစနှင့် ကြိုးစားအားထုတ်မှုများမှ ရရှိခဲ့ခြင်းဖြစ်သည်။
ပြိဿများသည် ပွင့်လင်းကြသော်လည်း မိုင်းတွင်းကို အန္တရာယ်ဖြစ်စေခဲ့သည့် ကြမ်းတမ်းပြီး အစွမ်းထက်သော နတ်ဆိုးသားရဲများဖြစ်ကြောင်းကို ချန်လွေ့ မေ့ထား၍ မရပေ။ အတ္တဆန်သည့် နတ်ဆိုးများ၏ သဘောတရားအရ အသိဉာဏ်ရှိသည့် နတ်ဆိုး သားရဲများသည် “ နတ်ဆိုးသားရဲများ ” သာဖြစ်ကြသည်။အစွမ်းထက်သည့် နဂါးများ သည်ပင် ခြွင်းချက်မဟုတ်ပေ။အမှန်တကယ်တွင် နတ်ဆိုးများ၊နဂါးများနှင့် ပြိဿများ အားလုံးသည် အသိဉာဏ်ရှိသည့် သတ္တဝါများ ဖြစ်ကြသည်။
ချန်လွေ့တွင် [ သရုပ်ခွဲမျက်လုံး ] သာ မရှိခဲ့လျှင် ပြိဿများကို ချက်ချင်းမကူညီခဲ့လျှင် ချန်လွေ့တို့သုံးယောက်သည် ကြောက်စရာ နတ်ဆိုးသားရဲများ ကူးလူးသွားလာနေသည့် မြေအောက်လောကတွင် အသက်လုပြီး ပြေးနေရလိမ့်မည်။
“ ကျေးဇူးတင်ပါတယ်။အရှင်မင်းကြီး။ကျုပ် ဒီကို မလာခင်တုန်းက မြေဒြပ်စင်ကောင် တစ်ကောင်ကို ဖမ်းမိခဲ့တယ်။အဲဒီကောင်က တခြားသူတွေနဲ့ မတူဘူး။သူ့ကို ကျုပ် စစ်မေး ကြည့်ပြီးတော့ ရန်သူတွေ နောက်ထပ်မတိုက်ခိုက်ခင် သတင်းအချက်အလက်တွေ ပိုရရှိအောင် လုပ်ကြည့်ခွင့်ပေးပါ။ ”
“ မင်းရဲ့ အကျဉ်းသားနဲ့ပတ်သက်ပြီးတော့ မင်းကြိုက်သလို လုပ်ပါ။ထပ်ပြီးတော့ ကျေးဇူးတင်ပါတယ်။မိတ်ဆွေ။ ”
ပြိဿခေါင်းဆောင် ခေါင်းညိတ်နေသည်။ထို့နောက် ဝတ်ထ်အား ချန်လွေ့အတွက် ယာယီနေစရာ ဂူတစ်လုံးပြင်ဆင်ပေးရန် ခြေဟန်လက်ဟန်ပြပြီး ထွက်သွားတော့သည်။
ချန်လွေ့သည် တော်ရီကို ဆေးရည်သုံးလေးပုလင်း ပေးလိုက်သည်။ထို့နောက် အသီနာ၊ ဒိုဒိုနှင့် ဒါ့ခ်တို့ကိုခေါ်ကာ ဝတ်ထ်နှင့်အတူ တိတ်ဆိတ်သော ဂူတစ်လုံးဆီ လိုက်သွားသည်။
ပြိဿများသည် နတ်ဆိုးဘုံ၌ ဗိသုကာလက်ရာ ထူးချွန်မှုကြောင့် ကျော်ကြားသည်။ အခြေအနေများကြောင့် သားရဲတွင်းထဲ၌ အထူးအဆောက်အအုံများ ရှိမနေပေ။ သို့သော်လည်း ထိုရှေးဦးပုံစံ ဂူများသည် သေသေချာချာ ပုံစံထုတ်ထားလေသည်။ သူတို့သည် နေရာများသည် အမြော်အမြင်ကြီးစွာ အသုံးချထားပြီး မခမ်းနားမှုအတွင်း၌ အကြွင်းမဲ့ ဆွဲဆောင်မှုကို ပြသနေသည်။
ထိုဂူအတွင်းတွင် အလွန်ကျယ်လှပြီး နွေးထွေးခြောက်သွေ့ကာ အပြင်နေရာထက် ပို၍သက်တောင့်သက်သာရှိသည်။အသီနာသည် ခွန်အားရော သက်လုံပါ ကြီးကြီးမားမား ကုန်ဆုံးနေပြီဖြစ်ကြောင်း ချန်လွေ့သိသည်။မယ်ဒူဆာ အသိုက်အမြုံသို့ ရောက်ခဲ့စဉ်က အသီနာသည် စားစရာအနည်းငယ် စားခဲ့သည်။သို့သော်လည်း ယမန်ညကတည်းမှစ၍ ကောင်းကောင်း အနားမယူရသေးပေ။ထို့ကြောင့် ချန်လွေ့သည် ချက်ချင်းပင် တဲအိမ်၊ အိပ်ပျော် အိတ်နှင့် အခြားပစ္စည်းများကို သိုလှောင်ခန်းထဲမှ ထုတ်လိုက်သည်။
“ အသီနာ။မင်း အိပ်ရတော့မယ်။မင်းရဲ့ ခန္ဓာကိုယ်က တော်တော်လေး ပင်ပန်းနွမ်းနယ် နေပြီ။ ”
အသီနာသည် ချန်လွေ့ကို စကားပြောချင်နေခဲ့သည်။သို့သော်လည်း ထိုအကြံပြုချက်ကို ကြားသည့်အခါ အသီနာ အသာလေး မျက်မှောင်ကြုတ်သွားသည်။
ချန်လွေ့သည် အသီနာ၏အတွေးကို သိလိုက်ပြီး အသာလေး ပြုံးပြသည်။
“ ငါတို့နှစ်ယောက်ကြားမှာ ပြောစရာတွေ အများကြီး ရှိနေတယ်။အခုပြောလို့ ပြီးမှာ မဟုတ်ဘူး။ငါတို့ တစ်သက်လုံးတောင် ပြီးမှာမဟုတ်ဘူး။ဒီနေ့ကစပြီးတော့ ငါတို့မှာ အချိန်တွေ အများကြီးရှိတာပဲ။ဒါပေမဲ့ အခုတော့ မင်းငါ့ကို အနိုင်ယူနိုင်အောင် ခန္ဓာကိုယ်ကို အနားပေးလိုက်ပါဦး။ ”
အသီနာသည် ချန်လွေ့စကား၏ အဓိပ္ပာယ်ကို ရေးရေးလေး သဘောပေါက်သွားပြီး မျက်နှာတစ်ခုလုံး ရုတ်တရက် နီမြန်းသွားသည်။သို့သော်လည်း သူ၏စိတ်ထဲ၌ ပျော်ရွှင်နေ၏။အသီနာသည် တမင်တကာပင် ဟွန့်ခနဲ အသံပြုကာ တဲအိမ်ထဲ ဝင်သွားသည်။တိုက်ပွဲများ တရစပ် တိုက်ခိုက်ပြီးနောက် အသီနာ၏ခန္ဓာကိုယ်သည် အမှန်တကယ် နွမ်းနယ်နေပြီ ဖြစ်သည်။ထို့ပြင် သူသည် ပထမဆုံး အနမ်းပြင်းပြင်း၏ စိတ်လှုပ်ရှားမှုကိုလည်း ခံစားရခဲ့သည်။စိတ်ကို ဖြေလျှော့ပြီးနောက်တွင် အသီနာသည် ချိုမြိန်သော အိပ်မက်ထဲသို့ ရောက်ရှိသွားတော့သည်။
ချန်လွေ့သည် ဒိုဒိုကို စားစရာအနည်းငယ်ပေးပြီး ခဏအနားယူခိုင်းလိုက်သည်။ ချွဲကျိကောင်သည် မိမိ၏ပျင်းရိမှုကြောင့် သခင်ဖြစ်သူ စွန့်ပစ်သွားမည်ကို စိုးရိမ်နေသည့် အတွက် ထိုစကားကို ကြားလိုက်ရာ စိတ်သက်သာရာ ရသွားသည်။ပါးနပ်သော ချွဲကျိကောင်သည် သခင်ဖြစ်သူတွင် ဖမ်းမိထားသည့် ကျောက်တုံးကောင်နှင့် ကိစ္စတစ်ခုခု ရှိကြောင်း သိသည်။ထို့ကြောင့် ၎င်းသည် သခင်ဖြစ်သူကို ပုံမှန်အတိုင်း မမြှောက်ပင့် တော့ဘဲ စားစရာကိုယူကာ အတော်လေး သက်တောင့်သက်သာရှိသာ ထောင့် တစ်နေရာ၌ အေးအေးဆေးဆေး စားသောက်နေတော့သည်။
“ ဒါ့ခ်။ထိုင်ပြီး စကား ပြောရအောင်။ ”
မြေဒြပ်စင်ကောင်သည် ချန်လွေ့ပြောသည့်အတိုင်း ထိုင်လိုက်သည်။
“ ဒါ့ခ်။ငါ့နာမည်က ချန်လွေ့ပါ။အရင်ဆုံး ငါမင်းကို မေးစရာနည်းနည်း ရှိတယ်။မင်း အမှန်အတိုင်းဖြေရမယ်။ဒါမှ ငါမင်းကို ဘယ်လိုကူညီရမလဲဆိုတာကို စဉ်းစားပေးမယ်။ ”
မြေဒြပ်စင်ကောင် ခေါင်းညိတ်သည်။ချန်လွေ့ မေးလိုက်သည်။
“ ငါသိရသလောက်ဆိုရင် ဒြပ်စင်ကောင်တွေမှာက ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိကြတယ်။ မြေဒြပ်စင်ကောင်တွေက တခြားသတ္တဝါတွေကို ဘာလို့သတ်ရတာလဲ။ဘာလို့ မင်းတို့က နတ်ဆိုးယင်ကောင်တွေနဲ့ မဟာမိတ် ဖြစ်သွားရတာလဲ။ ”
ဒါ့ခ်၏ မျက်နှာအမူအရာများသည် အတော်လေး မရေမရာဖြစ်နေသည်။ အမူအရာ တိတိကျကျကို ဖော်ပြနိုင်ရန် ခက်ခဲလှသည်။ထို့နောက် ဒါ့ခ်သည် သံသယများဖြင့် ထုတ်ပြောလိုက်သည်။
“ ငါလည်းမသိဘူး။နှစ်ပေါင်းများစွာကြာအောင် ငါတို့တွေက ပထဝီဘုံမှာ နေနေပြီးတော့ အခြားသတ္တဝါတွေကို မကျူးကျော်ဘူး။ဒါပေမဲ့ တစ်နေ့မှာ မြေဒြပ်စင်ဘုရင် ဗီဇပြောင်း သွားတော့ အရာအားလုံး ပြောင်းလဲသွားတယ်။အဲဒီနတ်ဆိုးယင်ကောင်တွေကတော့ ငါသိရသလောက်ဆိုရင် မြေအောက်လောကမှာ တစ်ခါမှ မပေါ်ထွက်လာခဲ့ဖူးဘူး။ဒီ နှစ်ရာချီအတွင်းမှာမှပဲ ရုတ်တရက် ပေါ်ထွက်လာခဲ့ကြတာ။ ”
ချန်လွေ့ အသာလေး လှုပ်ရှားပြီး မေးလိုက်သည်။
“ မြေဒြပ်စင်ဘုရင် ဗီဇပြောင်းသွားပြီးမှနတ်ဆိုးယင်ကောင်တွေ ပေါ်ထွက်လာတာလား။ ”
ဒါ့ခ် စဉ်းစားနေဟန်တူပြီး နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။
“ ဟုတ်တယ်။ ”
“ မြေဒြပ်စင်ဘုရင်ရဲ့ ဗီဇပြောင်းလဲတာက တကယ်တမ်း ဘာကိုဆိုလိုတာလဲ။ ”
“ ငါလည်း သေချာမသိဘူး။ဒါပေမဲ့ ဗီဇပြောင်းလဲခြင်းကို လက်ခံလိုက်တဲ့သူတွေက ထူးထူးဆန်းဆန်း ပြောင်းလဲသွားကြတယ်။သူတို့ရဲ့ အရင်ကမှတ်ဉာဏ်တွေ ပျောက်ကွယ် သွားပြီးတော့ မြေဒြပ်စင်ဘုရင်ကိုပဲ တသွေမတိမ်း နာခံသွားကြတယ်။ဗီဇ ပြောင်းလဲခြင်း ကို ငြင်းဆန်တဲ့သူတွေကတော့ ဖျက်ဆီးခံလိုက်ရတယ်။အဲဒါကြောင့်ပဲ ပထဝီဘုံကနေ ထွက်ပြေးလွတ်မြောက်ဖို့ ထာ့ခ်က ငါတို့ကို ဦးဆောင်ခဲ့တာ။ ”
ဗီဇပြောင်းလဲခြင်း ဆိုတာက ထိန်းချုပ်တာ တစ်မျိုးမျိုးပဲ ဖြစ်ရမယ်။ဒါပေမဲ့ မြေဒြပ်စင် ဘုရင်က မြေဒြပ်စင်ကောင်တွေ အားလုံးကို ထိန်းချုပ်နိုင်တဲ့ သဘာဝအစွမ်းနဲ့ မွေးဖွား လာတာ မဟုတ်လား။သူဘာလို့ ဒီလို အလုပ်ရှုပ်ခံရတာလဲ။ဒါတွေက နတ်ဆိုးယင်ကောင် တွေနဲ့ ဘာဆိုင်လို့လဲ။ ချန်လွေ့ တွေးဆပြီးနောက် မေးကြည့်လိုက်သည်။
“ မြေဒြပ်စင်ဘုရင်က အစွမ်းထက်တာပဲ။သူက တခြားဘက်ကူးတဲ့သူတွေ၊သတ္တဝါတွေကို သုတ်သင်နိုင်တဲ့အစွမ်းရှိတာပဲ။သူဘာဖြစ်လို့ ကိုယ်တိုင်မလုပ်တာလဲ။ ”
ဒါ့ခ် ခေါင်းခါလိုက်သည်။
“ ပထဝီဘုံကနေ မထွက်သွားခင်မှာ ငါတို့ရဲ့ ဘုရင်ကြီးက ဘုရင့်ခန်းမဆောင်ထဲမှာပဲ နှစ်ရာနဲ့ချီ တရားထိုင်နေပြီးတော့ တစ်ခါမှ ထွက်မလာခဲ့ဘူး။သူရထားတဲ့ ပစ္စည်း တစ်ခုခု ကြောင့်လို့တော့ ကြားတယ်။ထာ့ခ်ပဲ အသေးစိတ်အခြေအနေကို သိမယ် ထင်တယ်။သူက စွမ်းအားကြီးတဲ့ လက်ရွေးစင် မြေဒြပ်စင်ကောင် တစ်ယောက်ပဲလေ။ သူက ဘုရင့်ရဲ့ အယုံကြည်ရဆုံး လက်ရွေးစင်သုံးယောက်ထဲက တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ”
မြေဒြပ်စင်ဘုရင်က “တစ်စုံတစ်ခု”ကို ရရှိသွားပြီးတော့ နှစ်ရာနဲ့ချီ တရားထိုင် နေခဲ့တယ်..... နောက်တော့ နတ်ဆိုးယင်ကောင်တွေ ပေါ်ထွက်လာတယ်...တခြား ဗီဇပြောင်း မြေဒြပ်စင်ကောင်တွေကလည်း အခြားသတ္တဝါတွေကို စတင်ဖျက်ဆီး လာခဲ့တယ်....မိုင်းတွင်းအောက်မှာရှိတဲ့ အခြားသတ္တဝါတွေ၊နတ်ဆိုးသားရဲတွေကလည်း ဖရိုဖရဲဖြစ်သွားခဲ့တယ်...
ဤသဲလွန်စများကို စုစည်းလိုက်လျှင် ဗဟေဠိကို ဖြေရှင်းနိုင်မည့် သော့ချက်ကို ရရှိလာမည်ဟု ချန်လွေ့ ရေးရေးလေး ခံစားလိုက်ရသည်။သို့သော်လည်း အဓိကကျသော အပိုင်းအစတချို့ ပျောက်ဆုံးနေပုံရသည်။“ သူပုန်အဖွဲ့ ” ခေါင်းဆောင် ထာ့ခ်ထံမှ အဖြေကိုရရှိနိုင်လောက်ပေမည်။
မြေဒြပ်စင်ကောင်များနှင့် နတ်ဆိုးယင်ကောင်များသည် အခြားသတ္တဝါများကို သည်းကြီး မဲကြီး သတ်ဖြတ်နေကြသည့်အတွက် ထာ့ခ်နှင့်မထိန်းချုပ်ခံထားရသည့် အခြားမြေဒြပ်စင် ကောင်များသည် နတ်ဆိုးယင်ကောင်များနှင့် သူတို့၏ ရဲဘော်ရဲဘက်များကို သတိထား နေရသည်။အခြားနတ်ဆိုးသားရဲများကလည်း သူတို့ကို ရန်လိုနေကြသည်။သူတို့သည် အန္တရာယ်များကြားထဲ၌သာ ဖြည်းဖြည်းချင်း ရှေ့ဆက်ရပြီး အသက်ဆက်ရှင်ရန်အတွက် အလွန်ခဲယဉ်းလှသည်။ယနေ့တွင် ထာ့ခ်သည် ပြိဿနှင့်နတ်ဆိုးယင်ကောင်တို့ကြားရှိ တိုက်ပွဲအခြေအနေကို စုံစမ်းရန် ဒါ့ခ်ကို တောင်ဘက်သို့ သွားခိုင်းခဲ့သည်။သူ့ကို ပြိဿများက မတော်တဆ ရှာတွေ့သွား၍ ထွက်ပြေးနေစဉ်အတွင်း ချန်လွေ့နှင့် ရင်ဆိုင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ချန်လွေ့သည် ကိစ္စတစ်ခုကို စဉ်းစားနေခဲ့သည်။ မြေအောက်လောကမှာ ငါက အပြင်လူ တစ်ယောက်ပဲ။တကယ်လို့ မြေဒြပ်စင်ဘုရင်က မြေအောက်လောက တစ်ခုလုံးကို သိမ်းပိုက်လိုက်ရင်တောင် ငါနဲ့ဘာမှမဆိုင်ဘူး။အခုအချိန်မှာ အရေးကြီးဆုံးက မြေပေါ်မှာ ရှိတဲ့ မိုင်းတွင်းဆီကို ဘယ်လိုမျိုး အန္တရာယ်ကင်းကင်းနဲ့ ပြန်ရမလဲဆိုတာကို သိရဖို့ပဲ။
တခြားနည်းလမ်းမရှိရင်တော့ နတ်ဆိုးဧကရာဇ်အစွမ်းနဲ့မှ ချိပ်ပိတ်ကို ချိုးဖျက်လို့ရတဲ့ လမ်းကြောင်းကို အသုံးချဖို့ နည်းလမ်းရှာရမှာပဲ။စူပါစနစ်နဲ့တောင် အချိန်တိုအတွင်းမှာ ငါ နတ်ဆိုးဧကရာဇ်ဖြစ်လာဖို့ မဖြစ်နိုင်ဘူး။ပြိဿခေါင်းဆောင်နဲ့ မယ်ဒူဆာဘုရင်မတို့က မြေအောက်လောကမှာ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တွေပဲ။ဒါပေမဲ့လည်း သူတို့က ချိပ်ပိတ်ကို ချိုးဖျက်နိုင်ဖို့ လိုအပ်ချက်နဲ့ ကိုက်ညီပါ့မလားဆိုတာ မသေချာဘူး။
မယ်ဒူဆာဘုရင်မနဲ့ ပြိဿခေါင်းဆောင်တို့ မလုပ်နိုင်ဘူးဆိုရင်တော့ ရွေးချယ်စရာ တစ်ယောက်ပဲ ကျန်တော့တယ်......အဲဒါက မြေဒြပ်စင်ဘုရင်ပဲ။