ဆိုးယုတ်ခြင်းမျက်လုံးနှင့် ကြယ်စင်စုဥယျာဉ်
Vol. 11 Ch. 153
ထွက်ပေါက်၏အစီအရင် ပျက်စီးသွားမှုအကြောင်းကို ချန်လွေ့ပြောပြီးသည့်အခါ ပြိဿခေါင်းဆောင်သည် စိတ်မကောင်းစွာဖြင့် ခေါင်းခါလိုက်သည်။
“ တောင်းပန်ပါတယ်။မိတ်ဆွေ။မင်းတို့ရဲ့ စွမ်းအားအဆင့် သတ်မှတ်ချက်နဲ့ဆိုရင် ငါက မဟာနတ်ဆိုးဘုရင် နှောင်းပိုင်းလောက်ပဲ ရှိဦးမယ်။နတ်ဆိုးဧကရာဇ်အဆင့်ရောက်ဖို့ ခြေတစ်လှမ်းလိုသေးတယ်။မယ်ဒူဆာဘုရင်မလည်း တူတူပဲ။ဒါပေမဲ့ ပြောရရင်တော့ ဒါက ပြိဿတစ်ယောက်အတွက် အကန့်အသတ်ပဲ။ငါဆက်ခံထားတဲ့မှတ်ဉာဏ်အရဆိုရင် ထူးချွန်တဲ့ ပြိဿပေါင်းများစွာထဲမှာ ပြိဿဘိုးဘေးနှစ်ယောက်ပဲ နတ်ဆိုးဧကရာဇ် ဖြစ်လာခဲ့တာ။အဲဒါကြောင့် ငါ့တစ်ဘဝလုံး မျှော်လင့်ချက် မရှိနိုင်လောက်ဘူး။ ”
မဟာနတ်ဆိုးဘုရင်အဆင့်က ပြိဿတွေရဲ့ အကန့်အသတ်တဲ့လား။ဒါပေမဲ့လည်း သမိုင်းကြောင်းမှာ နတ်ဆိုးဧကရာဇ်အဆင့်ရောက်သွားတဲ့ ပြိဿနှစ်ယောက် ရှိခဲ့တာပဲ။ အဲဒါကြောင့် အကန့်အသတ်ကို ချိုးဖောက်ဖို့ ဖြစ်နိုင်ချေရှိတယ်။အဲဒါဆိုရင်.......
“ မိစ္ဆာသစ်သီး စားရမယ်ဆိုရင်ကော။ ”
ချန်လွေ့သည် သိုလှောင်ဂိုဒေါင်ထဲမှ နောက်ဆုံးလက်ကျန် မိစ္ဆာသစ်သီးကို တွေးမိလိုက်သည်။
ပြိဿခေါင်းဆောင် အံ့ဩသွားသည်။
“ မိစ္ဆာသစ်သီးက သာမန်နတ်ဆိုးတွေအတွက် အာနိသင်အများကြီး ရှိတယ်။ ငါတို့အတွက်ကတော့ အာနိသင်နည်းပေမဲ့လည်း အကန့်အသတ်ကို ချိုးဖောက်နိုင်ဖို့ ဖြစ်နိုင်ချေ တိုးစေတယ်။ဒါပေမဲ့ မိစ္ဆာသစ်သီးက တော်တော်လေး ရှားတယ်...”
“ ကျုပ်မှာ တစ်လုံးရှိနေတယ်။လက်ခံပေးပါ။ ”
ချန်လွေ့သည် မိစ္ဆာသစ်သီးကို ထုတ်ပြီး ကမ်းပေးလိုက်သည်။
ပြိဿခေါင်းဆောင်သည် မိစ္ဆာသစ်သီးကို တအံ့တဩနှင့် လက်ခံလိုက်သည်။ အနီးကပ် ကြည့်ပြီး အနံ့ခံလိုက်ပြီးနောက် ၎င်းသည် ဆက်ခံထားသည့် မှတ်ဉာဏ်ထဲမှ မိစ္ဆာသစ်သီး ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ပြိဿခေါင်းဆောင်သည် ချက်ချင်းပင် ရင်ဘတ်ပုတ်လိုက်သည်။
“ မိတ်ဆွေ။ပြိဿ ဒယ်လောင် မင်းရဲ့ရက်ရောမှုကို ကျေးဇူးတင်ပါတယ်။ ”
ပြိဿခေါင်းဆောင်၏ အပြုအမူသည် ချန်လွေ့အား မိတ်ဆွေတစ်ယောက်အဖြစ် ကိုယ်တိုင် အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်လေသည်။
ချန်လွေ့လည်း ရင်ဘတ်ကို ပုတ်လိုက်သည်။ယနေ့တွင် ရင်ဘတ်မည်မျှပုတ်လိုက်ကြောင်း ချန်လွေ့ မမှတ်မိတော့ဘဲ ရယ်လိုက်မိသည်။
“ မိတ်ဆွေ ဒယ်လောင်။ရပါတယ်။တကယ်တော့ ဒါက ကျုပ်အတွက်အဓိကပါပဲ။ခင်ဗျား နတ်ဆိုးဧကရာဇ်အဆင့် မြန်မြန်ရောက်လေလေ ကျုပ်လည်း မြေပြင်ပေါ်ကို မြန်မြန် ပြန်နိုင်လေလေပဲ။ ”
ပြိဿများသည် ပွင့်လင့်ကြသော်လည်း ငတုံးများ မဟုတ်ကြပေ။ချန်လွေ့ ဟန်များနေ ခဲ့လျှင် ယခင်ကရရှိခဲ့သည့် အမြင်ကောင်းများပင် ပျက်စီးသွားနိုင်သည်။
ပြိဿခေါင်းဆောင် ပို၍ပင် ကျေးဇူးတင်သွားသည်။
“ မိတ်ဆွေ။မင်းရဲ့ ရိုးသားမှုကို ပြိဿတွေ လေးစားပါတယ်။ ”
အမှန်တကယ်တွင် မိစ္ဆာသစ်သီးရှိလျှင်တောင် နတ်ဆိုးဧကရာဇ်အဆင့်သို့ ပြိဿ ခေါင်းဆောင် ချိုးဖောက်နိုင်ရန် အခွင့်အရေး နည်းပါးလှသည်။သို့သော် အနည်းဆုံးတော့ မျှော်လင့်ချက် တစ်မျှင်လေး ရှိနေပေသေးသည်။ထို့ပြင် မိစ္ဆာသစ်သီးပင်သည် နောက်ရက်၂၀ကြာလျှင် ရင့်မှည့်မည်ဖြစ်သည်။ထိုအချိန်တွင် ချန်လွေ့သည် ပြိဿ ခေါင်းဆောင်အား မိစ္ဆာသစ်သီးအားလုံးပေးပြီး ဒိုဒိုကဲ့သို့ပင် အောင်မြင်မှု အရေအတွက် တိုးအောင် လုပ်ဆောင်နိုင်ပေသည်။နောက်ဆုံးတွင် အကန့်အသတ်ကို ချိုးဖောက်သွား နိုင်လောက်သည်။သို့သော်လည်း အရင်ဆုံးအနေဖြင့် မြေအောက်လောကရှိ ရေရှည် “တိုက်ပွဲ”အတွက် ချန်လွေ့ပြင်ဆင်ရမည် ဖြစ်သည်။
“ ဉာဏ်များတဲ့ ယုန်မှာ တွင်းသုံးတွင်း ရှိတယ် ” ဆိုသည့်အတိုင်းပင် ပြိဿတို့၏ သားရဲတွင်းကိုလည်း ထိုကဲ့သို့ သတ်မှတ်၍ရသည်။ပထမတွင်းတွင် အခြေခံကျသည့် အာမခံချက်များရှိပြီး အခြားတွင်းများအတွက် လမ်းကြောင်းရှာရသည်။
“ ချန်လွေ့။မင်းက တကယ့်ကို မယုံနိုင်စရာပဲ။မင်းမှာတကယ်ပဲ မိစ္ဆာသစ်သီး ရှိနေတယ်။ ”
ပြိဿခေါင်းဆောင် ချီးကျူးလိုက်သည်။
“ ဒါဆို မင်းမှာ အသက်ဓာတ်ရေစင် ခမ်းခြောက်တာကို တားဆီးနိုင်မယ့် အစွမ်းရှိလား။ ”
ချန်လွေ့သည် စိတ်ထဲ၌ ခါးသက်သက် ပြုံးလိုက်သည်။သူသည် အနန္တတန်ခိုးရှင် မဟုတ်ပေ။ရေထိန်းသိမ်းခြင်းအကြောင်း သူဘာမှမသိပေ။
“ အစတုန်းကတော့ အသက်ဓာတ်ရေစင်က အခုထက် လေး ငါးဆလောက် ပိုကြီးတယ်။ အခုတော့ သေးသေးလေးပဲ ကျန်တော့တယ်။နတ်ဆိုးယင်ကောင်တွေ၊မြေဒြပ်စင်ကောင် တွေ လာတိုက်ခိုက်တိုင်း အလင်းကျောက်နဲ့တူတဲ့ အစေ့တစ်မျိုးကို အသက်ဓာတ် ရေစင်နားတစ်ဝိုက်မှာ ချန်ထားခဲ့တယ်။အဲဒီ သလင်းကျောက်ရှိနေတယ်ဆိုရင် ငါနဲ့ လက်ရွေးစင် မြေဒြပ်စင်ကောင် တိုက်ခိုက်ရင်တောင် အသက်ဓာတ်ရေစင်ကို မထိခိုက် နိုင်ဘူး။ဒါပေမဲ့ အဲဒီအကာအကွယ်မှာ ဆိုးယုတ်တဲ့အကြံအစည်တစ်ခုရှိတယ်။အဲဒါ ကတော့ အဲဒီသလင်းကျောက်တွေက အသက်ဓာတ်ရေစင်ရဲ့ စွမ်းအားတွေကို အဆက်မပြတ် စုပ်ယူနေတာပဲ။ငါတို့တွေ အဲဒီသလင်းကျောက်ကို အမြဲတမ်း ဖျက်ဆီးတယ်။ဒါပေမဲ့ အဲဒါက ပြန်ပြီး ကြီးထွားလာနိုင်တယ်။ရေကန်ကို စောင့်ကြပ်ဖို့ အထူးအစောင့်အကြပ် ထားထားပေမဲ့လည်း အသက်ဓာတ်ရေစင် ခမ်းခြောက်လာတာကို မတားဆီးနိုင်ဘူး။ဒီအတိုင်းသာဆိုရင်တော့ အသက်ဓာတ်ရေစင် ခမ်းခြောက်သွားတာနဲ့ ရန်သူတွေ မတိုက်ခိုက်ရင်တောင် ငါတို့မျိုးနွယ် ပျက်စီးကိန်းဆိုက်မှာပဲ။ ”
“ သလင်းကျောက် ဟုတ်လား။ ”
ချန်လွေ့ ခဏစဉ်းစားပြီး မေးလိုက်သည်။
“ အသက်ဓာတ်ရေစင်ကို တစ်ချက်ကြည့်လို့ရမလား။ ”
“ ရတာပေါ့။ ”
ပြိဿခေါင်းဆောင်သည် ရှေ့မှရေကန်ကို လက်ညှိုးထိုးပြလိုက်သည်။
ချန်လွေ့ရှေ့တက်ပြီး ထိုင်ချကာ အသက်ဓာတ်ရေစင်ကို သေသေချာချာ စစ်ဆေးကြည့် လိုက်သည်။အသက်ဓာတ်ရေစင်သည် သာမန်ရေစင်ကဲ့သို့ပင်ဖြစ်သည်။ရေအရည် အသွေးသည် အလွန်ကြည်လင်နေပြီး ပူဖောင်းများ ဗလုံစီနေကာ အရှိန်အဝါ အနည်းငယ် ရှိနေပုံရသည်။
မြေပြင်အစွန်းကို ကြည့်မည်ဆိုလျှင် အတော်လေး ခမ်းခြောက်သွားပြီဖြစ်ကြောင်း သိနိုင်သည်။မြေသားများထဲတွင် အဝါရောင် တောက်ပနေသော အရာများ ရှိနေသည်။ မြေတူးခံထားရသည့် လက္ခဏာများစွာ ရှိနေသည်။ပြိဿများသည် ထိုသလင်းကျောက် များကို ဖျက်ဆီးချင်နေကြပြီး လုံးဝမဖျက်ဆီးနိုင်သည်မှာ အသေအချာပင် ဖြစ်သည်။
ချန်လွေ့ လက်ဆန့်ပြီး စမ်းသပ်ချက်အနေဖြင့် [ အရှိန်အဝါ ကူးပြောင်းခြင်း ]ကို အသက်သွင်းလိုက်သည်။အမှန်တကယ်ပင် အသိပေးချက် ပေါ်ထွက်လာသည်။ထို့ကြောင့် မြေသားကို စမ်းကြည့်လိုက်ရာ ကူးပြောင်းရန်အတွက် အသိပေးချက် ထွက်ပေါ်လာသည်။
အသက်ဓာတ်ရေစင်သည်လည်း အရှိန်အဝါအဖြစ် ကူးပြောင်းနိုင်သည့် အရာတစ်ခု ဖြစ်ပုံရသည်။ ချန်လွေ့သည် [ အရှိန်အဝါကူးပြောင်းခြင်း ] ကို မဆင်မခြင် မသုံးရဲတော့ဘဲ မေးလိုက်သည်။
“ မိတ်ဆွေ။နိုးကြားတဲ့စွမ်းအားတွေကို ကျုပ်ခံစားနေရသည်။ကျုပ် တစ်ခုခု စမ်းကြည့်လို့ရမလား။ ”
“ မင်းက သလင်းကျောက်တွေရဲ့ စွမ်းအားကို ခံစားနိုင်တာလား။ ”
ပြိဿခေါင်းဆောင် ပျော်သွားပုံရသည်။
“ အဲဒါတွေကို လုံးဝဖျက်ဆီးနိုင်မလား မြန်မြန်စမ်းကြည့်လိုက်။ ”
ချန်လွေ့သည် မြေသားကို လက်နှင့်ချိန်ပြီး [ အရှိန်အဝါကူးပြောင်းခြင်း ] ကို အသက်သွင်းလိုက်သည်။အရှိန်အဝါ တိုးလာသော်လည်း အတော်လေးနှေးလှသည်။ မြေသားထဲရှိ အဝါရောင်အလင်းများ မှိန်သွားပြီး အသက်ဓာတ်ရေစင်၏ မျက်နှာပြင်လည်း အနည်းငယ် တုန်ခါသွားသည်။ပြိဿများ ချက်ချင်းပင် စုဝေးလာကြတော့သည်။
ထိုအချိန်၌ ချန်လွေ့သည် ခေါင်းမြှုပ်ဝင်သွားသကဲ့သို့ ခံစားလိုက်ရပြီး ပတ်ဝန်းကျင် မြင်ကွင်းများ ပျောက်ကွယ်သွားသည်။ဟင်းလင်းပြင်အတွင်း၌ မျက်လုံးတစ်စုံကို ရေးရေးလေး မြင်နေရသည်။
ထိုမျက်လုံးမှလွဲ၍ အရာအားလုံး ဝေဝါးနေပြီး ၎င်းတို့သည် အလွန်ကြည်လင် ပြတ်သားနေသည်။ထိုမျက်လုံးတစ်စုံသည် ဖော်ပြ၍မရသည့် ဆိုးယုတ်မှုနှင့် ရက်စက်မှုများ ပြည့်နှက်နေသည်။ဟင်းလင်းပြင်တစ်ခုလုံးတွင် အရိုးထဲစိမ့်ဝင်နေသည့် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေပြီး ချန်လွေ့အား အသက်ရှူမရအောင်ပင် ဖြစ်စေသည်။
“ အမည်မသိ စိတ်ဝိညာဉ်စွမ်းအင်တစ်ခု ရှာတွေ့သည်။အရှိန်အဝါအဖြစ် ကူးပြောင်းမည်လား။ ”
ချန်လွေ့၏ခေါင်းထဲ၌ အသိပေးချက် ပေါ်ထွက်လာပြီး ချန်လွေ့ကို ရုတ်တရက် နိုးထသွားစေသည်။
“ ကူပြောင်းလိုက်။ ”
စူပါစနစ်၏ ကူးပြောင်းမှုနှင့်အတူ ထိုမျက်လုံးတစ်စုံသည် တဖြည်းဖြည်း မှိန်သွားသည်။ သို့သော် ပျောက်ကွယ်တော့မည့် အချိန်၌ ၎င်းသည် ပြန်လည်ကြည်လင်လာသည်။ ကူးပြောင်းနိုင်သည့် စွမ်းအားများ အဆက်မပြတ် ဖြည့်တင်းပေးနေသကဲ့သို့ ဖြစ်နေပြီး အဆုံးမဲ့ဖြစ်နေသည်။အရှိန်အဝါတိုးနှုန်းမှာ အလွန်နှေးကွေးပြီး ကူးပြောင်းခြင်းသည် အလွန်အမင်း ခက်ခဲနေသည်။
ထိုမျက်လုံးထဲရှိ အဆုံးမဲ့ ဆိုးယုတ်မှုများသည် ချန်လွေ့ကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားလိုက်သည်။၎င်းတို့ကို ချန်လွေ့ လုံးဝမဖယ်ရှားနိုင်ပေ။ချန်လွေ့
ထိတ်လန့်သွားသည်။နတ်ဆိုးဧကရာဇ်အဆင့်ရှိသည့် ဘရော့ခ်၏ [ နတ်မိစ္ဆာမျက်လုံး ] သည်ပင် စူပါစနစ်၏ကူးပြောင်းမှုနှင့် ကြုံသည့်အခါ ကြီးကြီးမားမား ဆုံးရှုံးခဲ့ရသည်။ ယခုတွင် ဤမျက်လုံး၏ စွမ်းအားသည် စူပါစနစ်ကိုပင် ခုခံနိုင်နေသည်။
ဆိုးယုတ်ခြင်းမျက်လုံးများသည် ရုတ်တရက် စွမ်းအားတိုးမြင့်သွားရာ စနစ်၏ ကူးပြောင်းနှုန်း မလိုက်နိုင်တော့ပေ။ချန်လွေ့သည် သူ၏စိတ်စွမ်းအားကို တစ်စုံတစ်ခု ရစ်ပတ်သကဲ့သို့ ခံစားနေပြီး လည်မျိုကိုညှစ်ခံထားရသကဲ့သို့ပင် ဖြစ်နေသည်။ ချန်လွေ့လုံးဝ မခုခံနိုင်ပေ။
ဟန့်တားမှု တဖြည်းဖြည်းကျဉ်းမြောင်းလာပြီး ချန်လွေ့၏စိတ်ဝိညာဉ်သည်လည်း ပြိုလဲတော့မည့် အရိပ်အယောင် ပြသနေသည်။
ချန်လွေ့သည် စိတ်စွမ်းအားကို အသည်းအသန် စုစည်းရင်း ထိုကြောက်မက်ဖွယ်ရာ စွမ်းအားကို ခုခံနေခဲ့သည်။သူ၏လက်ထဲရှိ အမှောင်ဆန္ဒမှ အရောင်ဖျော့ဖျော့လေး ထွက်လာသည်။ရုတ်တရက် ချန်လွေ့သည် ဖိအားလျော့ကျသွားကြောင်း ခံစားသွားရသည်။ထို့နောက်တွင် ထူးဆန်းသော လှိုင်းများက အဟန့်အတားကို တွန်းကန်လိုက်ပြီး ချန်လွေ့၏ စိတ်ဝိညာဉ်လည်း ပြန်လည်ဖြည့်တင်းသွားပြန်သည်။
ဤသို့နှင့် [ အရှိန်အဝါကူးပြောင်းခြင်း ] အစွမ်းသည် မိနစ်၃၀ အကန့်အသတ်သို့ ရောက်ရှိသွားကာ အလိုအလျောက် ရပ်တန့်သွား၏။မျက်လုံးများလည်း ပျောက်ကွယ် သွားပြီး အသက်ဓာတ်ရေစင် မြင်ကွင်း ပြန်ပေါ်လာသည်။
ချန်လွေ့ ပြင်းပြင်းထန်ထန် မောဟိုက်နေပြီး အတွင်းအင်္ကျီလည်း ချွေးစီးများ စိုရွှဲနေကာ ပြင်းထန်သည့်တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ရသကဲ့သို့ ဖြစ်နေသည်။အန္တရာယ်ကို ဖြတ်ကျော်သွားနိုင်သော်လည်း ထိုကြောက်မက်ဖွယ်ရာ ခံစားချက်သည် ချန်လွေ့စိတ်ထဲ၌ အမြစ်တွယ်နေပြီး မေ့နိုင်တော့မည် မဟုတ်ပေ။စူပါစနစ်ကို ပိုင်ဆိုင်ပြီးသည့်အချိန်မှစ၍ ထိုကဲ့သို့ ချန်လွေ့ခံစားရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
သလင်းကျောက်များကို မဖျက်ဆီးနိုင်ကြောင်း ချန်လွေ့ ဝန်ခံရပေမည်။အမှောင်ဆန္ဒ ကြောင့်သာ မဟုတ်လျှင် ချန်လွေ့၏စိတ်စွမ်းအား ဖျက်ဆီးခံလိုက်ရပေမည်။
ထိုကြောက်စရာ မျက်လုံးပိုင်ရှင်သည် မြေအောက်လောက လျို့ဝှက်ချက်၏ နောက်ဆုံးပဟေဠိ ဖြစ်နိုင်ပေသည်။
အသက်ဓာတ်ရေစင် အစွန်းနားရှိ သလင်းကျောက်များ အဆက်မပြတ် တောက်ပနေပြီး ချန်လွေ့ကို ကိုယ့်နေရာကိုယ်မသိသည့်အတွက် လှောင်နေသကဲ့သို့ပင် ဖြစ်နေသည်။
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။မည်သို့ပင်ဖြစ်စေ ချန်လွေ့သည် အသက်ဓာတ်ရေစင် ခမ်းခြောက်မှုကို တားဆီးရမည် ဖြစ်သည်။
သို့မဟုတ်ပါက ပြိဿများ ဆက်လက်ရှင်သန်နိုင်မည် မဟုတ်ပေ။ထိုသို့ဆိုရင် ချန်လွေ့နှင့် အသီနာတို့သည် ပြိဿခေါင်းဆောင် နတ်ဆိုးဧကရာဇ်အဆင့် ရောက်မည့်နေ့ကို စောင့်နိုင်တော့မည် မဟုတ်ပေ။
ပြိဿတို့၏ အသက်ဓာတ်ရေစင် ကုန်ခမ်းသွားလျှင် တစ်ခုတည်းသောနည်းလမ်းမှာ မယ်ဒူဆာတို့နှင့် ဝေမျှရန်ပင်ဖြစ်သည်။သူတို့သည် ယာယီမဟာမိတ်များဖြစ်ကြ သော်လည်း လိုအပ်ချက်များပြီး ထောက်ပံ့မှုနည်းနေသည့်အတွက် မယ်ဒူဆာများ သဘောတူလိမ့်မည် မဟုတ်ပေ။အတွင်းရေးတိုက်ပွဲ သို့မဟုတ် မဟာမိတ် ပြိုကွဲခြင်း ဖြစ်လာနိုင်ပြီး နောက်ဆုံး၌ နတ်ဆိုးယင်ကောင်နှင့် မြေဒြပ်စင်ကောင်တို့၏ သုတ်သင်ခြင်းကို ခံရနိုင်သည်။
ချန်လွေ့သည် အသက်ဓာတ်ရေစင်ကို ကြည့်ပြီး အကြံတစ်ခု ဖြတ်ခနဲ ပေါ်လာသည်။ ချန်လွေ့ လက်ဆန့်တန်းလိုက်ပြန်သည်။ယခုတစ်ခေါက်တွင် သူသည် [ အရှိန်အဝါ ကူးပြောင်းခြင်း ] ကို ထပ်မသုံးတော့ဘဲ ကြယ်စင်စုဥယျာဉ်ကို အသက်သွင်းလိုက်သည်။
အဲဒီဆိုးယုတ်တဲ့ မျိုးစေ့တွေပါတဲ့ သလင်းကျောက်တွေကို မဖြေရှင်းဘူးဆိုတော့ အသက်ဓာတ်ရေစင်ကို ဖြေရှင်းကြည့်တာပေါ့။
“ အမည်မသိ ရေအရင်းအမြစ်။ရွှေ့ပြောင်းရန်အတွက် အရှိန်အဝါ ၅သောင်း လိုအပ်သည်။ ရွှေ့ပြောင်းချင်ပါသလား။ ”
ကြယ်စင်စုဥယျာဉ်က တကယ်ပဲ ရေအရင်းအမြစ်ကို ရွှေ့ပြောင်းနိုင်တယ်။
ချန်လွေ့သည် စိတ်လှုပ်ရှားမှုကို နှလုံးသားထဲ၌ သိမ်းထားပြီး ပြိဿခေါင်းဆောင်ကို မော့ကြည့်လိုက်သည်။
ဒယ်လောင်သည် ချန်လွေ့ ပင်ပန်းနွမ်းနယ်နေသည်ကို သတိထားမိပြီး စွမ်းအင် အတော်များများ ကုန်ဆုံးသွားမည် ဖြစ်ကြောင်း သိလိုက်သည်။ပြိဿခေါင်းဆောင် ပြောသည်။
“ ကိစ္စမရှိပါဘူး။ငါတို့တွေ နည်းလမ်းမျိုးစုံ စမ်းကြည့်ပြီးပြီ။တစ်ခုမှ မအောင်မြင်ခဲ့ဘူး။ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါပဲ။မိတ်ဆွေ။ ”
“ တခြားနည်းလမ်းတစ်ခု ရှိလောက်တယ်။ ”
ချန်လွေ့ ခေါင်းခါလိုက်သည်။
“ ဒယ်လောင်။ကျုပ် မေးစရာတစ်ခု ရှိတယ်။အသက်ဓာတ်ရေစင် ခမ်းခြောက်တာကို ကာကွယ်ဖို့ ပြိဿမျိုးနွယ်တွေက လုပ်နိုင်သမျှ အရာအားလုံးကို လုပ်မှာလား။ ”
ဒယ်လောင်သည် စိတ်ပိုင်းဖြတ်ထားသည့် သူ့လူများကိုကြည့်ပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“ ငါတို့ရဲ့ အသက်ကို စတေးရမယ်ဆိုရင်တောင် စတေးမယ်။ ”
“ ကျုပ်နားလည်ပြီ။ ”
ချန်လွေ့သည် လက်ဖြန့်ပြီး အသက်ဓာတ်ရေစင်ကို ချိန်လိုက်သည်။သူ၏လက်ထဲမှ ထူးဆန်းသော မြူနှင်းတစ်ခုထွက်လာပြီး အသက်ဓာတ်ရေစင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ထို့နောက် တဖြည်းဖြည်းနှင့် မြူနှင်းပျောက်ကွယ်သွားပြီး အသက်ဓာတ်ရေစင်သည်လည်း အားလုံး၏မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။
ရေစင်သာမက ရေပန်းအပေါက်ပါ ပျောက်ကွယ်သွားပြီး ချိုင့်ခွက်လွတ်တစ်ခုသာ ကျန်တော့သည်။မြေသားထဲတွင် မြောက်မြားလှစွာသော အဝါရောင်အလင်းများ တောက်ပနေပြီး ယခုတစ်ခေါက်တွင်တော့ ၎င်းတို့သည် အနည်းငယ် ကူကယ်ရာမဲ့နေပုံရသည်။
ကြယ်စင်စုဥယျဉ်ထဲ၌ ရေကန်ငယ်လေးတစ်ကန် ပေါ်ထွက်လာသည်
အသိပေးချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
[ အမည်မသိ အရှိန်အဝါ ရေအရင်းအမြစ် ]
- အမြင့်ဆုံး အရှိန်အဝါ = ၂၀၀ ယူနစ်။
-ဖြည့်တင်းနှုန်း = တစ်နာရီ ၁၀ယူနစ်။
-လက်ရှိအခြေအနေ = ၂၀၀/၂၀၀။
အနီးအနားရှိ နွားမျက်လုံးများ ပြူးသွားကြသည်။ချန်လွေ့ မတ်တပ်ရပ်လိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများ အရောင်တောက်သွားသည်။ဒယ်လောင် မမေးခင်မှာပင် ချန်လွေ့လက်ထဲ၌ ဇလုံတစ်ခု ရုတ်တရက်ပေါ်လာသည်။ထိုဇလုံထဲတွင် ရေများချက်ချင်းပြည့်သွားပြီး ချန်လွေ့သည် ၎င်းကို ပြိဿခေါင်းဆောင်အား ကမ်းလိုက်သည်။
ရေအရှိန်အဝါ အရင်းအမြစ်၏ အခြေအနေသည် ၁၉၉/၂၀၀ ဟု ပြသနေသည်။ထိုကဲ့သို့ ရေဇလုံကြီးသည် ယူနစ်၁ခုနှင့် ညီမျှလုနီးပါးပင် ဖြစ်သည်။အသက်ဓာတ်ရေစင်တစ်ခုလုံး ကုန်ဆုံးသွားသည့်တိုင် တစ်ရက်မပြည့်ခင်အတွင်း နဂိုအတိုင်း ပြန်ဖြစ်လာနိုင်ပေသည်။
ဒယ်လောင်သည် ဇလုံကိုယူပြီး သေသေချာချာ ကြည့်လိုက်သည်။သူ၏နွားမျက်လုံးများ ပြူးသွားပြီး တအံ့တသြနှင့် အော်ပြောသည်။
“ ဒါက တကယ့်ကို အသက်ဓာတ်ရေပန်းထဲက ရေစင်ပဲ။ ”
ဘေးဖက်ရှိ ပြိဿများလည်း တစ်ပြိုင်နက်တည်း စုဝေးလိုက်ကြသည်။သူတို့အားလုံး မယုံကြည်နိုင် ဖြစ်နေကြသည်။
ချန်လွေ့ပြုံးလိုက်သည်။ ဒီတစ်ခေါက်က ငါခန့်မှန်းကြည့်လိုက်တာပဲ။အသက်ဓာတ် ရေစင်ကို ငါတကယ်ပဲ ကြယ်စင်စုဥယျာဉ်ဆီ ရွှေ့ပြောင်းနိုင်ခဲ့တယ်။ပြောင်းရွှေ့ခ အရှိန်အဝါ၅သောင်း ဆိုတာက အပင်ပြောင်းရွှေ့တာထက် ဈေးပိုကြီးပေမဲ့လည်း သေချာပေါက်ကို တန်တယ်။