အထူးစိစစ်မှု နှင့် ပန်းပဲထုခြင်း
Vol. 11 Ch. 157
မြေဒြပ်စင်ကောင် နာမည်ရှိ “မြေ” ဆိုသည်မှာ ပြရုပ်သက်သက်သာ မဟုတ်ပေ။ သူတို့၏စွမ်းရည်များမှာ ထူးခြားလှပေသည်။အလွန်လျင်မြန်စွာပင် သူသည် အနီးအနား၌ အတော်လေးကြီးသည့် ဓာတ်သတ္တုတစ်မျိုးကို ရှာတွေ့သွားသည်။
“ ကြယ်နက်သံရိုင်း ဟုတ်လား။ ”
မြေဒြပ်စင်ကောင်ပြောသောစကားအား ချန်လွေ့ဘာသာပြန်ပေးသည်ကို နားထောင် ပြီးနောက် အသီနာ၏ လှပသောမျက်လုံးများ ဝိုင်းစက်သွားပြန်သည်။ ကြယ်နက်သံရိုင်းသည် ပန်းပဲထုလုပ်ရန်အတွက် အကောင်းဆုံး ကုန်ကြမ်းပစ္စည်း ဖြစ်သည်။ ၎င်းကိုအသုံးပြု၍ ပြုလုပ်ထားသော လက်နက်များသည် သာမန် လက်နက်များထက် နှစ်ဆခန့်ပို၍ထက်မြက်သည်။ ထို့အပြင် မှော်အစွမ်းရရှိနိုင်ချေလည်း နှစ်ဆခန့်တိုးလာနိုင်သည်။ကြယ်နက်သံရိုင်း တစ်ကီလိုဂရမ်သည် ရွေသလင်းကျောက် တစ်ကီလိုဂရမ်နှင့် ညီမျှသည်။ ၎င်းသည် အကောင်းဆုံး မှော်လက်နက်များ ထုလုပ်ရာ၌ မရှိမဖြစ်လိုအပ်သော အခြေခံ ကုန်ကြမ်းတစ်ခု ဖြစ်သည်။ရှီလန်တောင်အောက်ရှိ မြေအောက်လောကတွင် ကြယ်နက်သံရိုင်းများ ကြွယ်ဝနေမည်ဟု မထင်ထားခဲ့ကြပေ။
မြေအောက်လောကတွင် ဓာတ်သတ္တုသီးသန့်နေရာများ အလွန်အမင်း ပေါကြွယ်ဝလှသည်။ အကြီးမားဆုံးမှာ အမှောင်လမြို့ တူးဖော်ထားသည့် အဓိက သံရိုင်းမိုင်းတွင်းပင် ဖြစ်သည်။ကြယ်နက်သံရိုင်းများအပြင် မြေဒြပ်စင်ကောင်သည် ပို၍ပင်အဖိုးတန်သော လရောင်ကျောက်၊သွေးငွေနှင့် ဂမ္ဘီရသဲ အစရှိသည့် ရှားပါးပစ္စည်း အမျိုးမျိုးကိုပင် နေရာတိုင်းအနှံ့၌ တွေ့ရှိခဲ့သည်။ရတနာသိုက်ကြီးကဲ့သို့ပင် ဖြစ်နေသည်။
သို့သော်လည်း ဓာတ်သတ္တု သီးသန့်နေရာများသည် နတ်ဆိုးယင်ကောင်များ စုပြုံနေကြသည့် အန္တရာယ်ရှိနယ်မြေများ ဖြစ်ကြပြီး အချို့မှာ အတော်လေး နက်နက်ရှိုင်းရှိုင်း မြုပ်ဝင်နေကြသည်။သို့သော်လည်း ၎င်းတို့အားလုံးသည် မြေအာရုံခံ အစွမ်းထက်သည့် မြေဒြပ်စင်ကောင်ဆီမှ မပုန်းကွယ်နိုင်ခဲ့ကြပေ။
၎င်းတို့ကိုကြားရပြီးနောက် အသီနာ အနည်းငယ် ထုံထိုင်းသွားသည်။ရှီလန်တောင် တစ်ခုတည်းက ထုတ်လုပ်သည့် သံရိုင်းသည် ကြယ်ကြွေတမန် အင်ပါယာ၌ အရည်အသွေး အမြင့်ဆုံး ဖြစ်ခဲ့သည်။ နတ်ဆိုးဘုံတစ်ခုလုံး၌ပင် အကောင်းဆုံးထဲမှ တစ်ခု ဖြစ်ခဲ့သည်။မြေအောက်တွင် ပုန်းကွယ်နေသည့် အဖိုးတန်ရတနာများစွာ ရှိနေဦးမည်ဟု အသီနာလုံးဝ မထင်ထားခဲ့ပေ။
ကုန်ကြမ်းပြဿနာကြောင့် ပြိဿများသည် အချိန်အတော်ကြာသည်အထိ လက်နက်များ မထုလုပ်ရတော့ပေ။ယခုတွင် ဓာတ်သတ္တုများကို အညစ်အကြေးပြဿနာကို ဖြေရှင်းပြီးပြီ ဖြစ်သည့်အတွက် ပင်ကိုယ်အလျောက် ပန်းပဲထုလုပ်ခြင်းကို စိတ်ဝင်စားကြသော်လည်း အချိန်အတော်ကြာသည်အထိ ပန်းပဲမထုလုပ်ရသော ပြိဿများ စိတ်အားထက်သန်သွားကြတော့သည်။ပြိဿ သားရဲတွင်းတစ်ခုလုံးပင် လှုပ်ရမ်းနေသကဲ့သို့ ဖြစ်သွားသည်။
ချန်လွေ့သည် ပုံသွန်းခြင်း၊ပန်းပဲထုလုပ်ခြင်းနှင့် လုံးဝမရင်းနှီးပေ။ ပြိဿများသည် ဓာတ်သတ္တုများကို ကျွမ်းကျွမ်းကျင်ကျင် ထုရိုက်နေသည်ကို သူမြင်နေရသည်။ထို့နောက် သူတို့သည် အထူးကိရိယာတစ်မျိုးကို အသုံးပြုပြီး ၎င်းကို စစ်ထုတ်ကာ အထူး လောင်စာမှထုတ်လုပ်သော အပူချိန်မြင့် မီးတောက်ထဲ ထည့်လိုက်သည်။ ဘေးဖက်တွင်လည်း အဆတိုးပေးသည့် မှော်ပစ္စည်းတစ်မျိုး ရှိနေသည်။ မီးတောက် အပူချိန်ကို တိုးစေရန်အတွက် ၎င်းကို ဖိလိုက်မလိုက် ပြုလုပ်ရပြီး ဖားဖိုကဲ့သို့ပင် ဖြစ်သည်။
အဆက်မပြတ် အရည်ပျော်အောင် လုပ်ပြီးနောက်တွင် ဓာတ်သတ္တုများသည် အရည်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့ကို ခွဲခြားပြီးနောက် ထူးဆန်းသောပစ္စည်းများ ရောထည့်လိုက်သည်။ ၎င်းကို အဆက်မပြတ် အပူပေးပြီး မွှေနှောက်သည်။ ၎င်းသည် သန့်စင်ခြင်း နည်းလမ်းတစ်မျိုးမျိုး ဖြစ်နိုင်သည်။ နောက်ဆုံး၌ သူတို့သည် သံရိုင်းကို ရရှိသွားသည်။
ရှုပ်ထွေးလှသည့် လုပ်ငန်းစဉ်များပြီးစီးသွားပြီးသော်လည်း ၎င်းသည် အစပိုင်းသာ ဖြစ်သည်။
အစပိုင်းတွင် တွဲဖက်အလုပ်များကို ကူညီပေးရန်အတွက် ကိရိယာများသည် အရေးအကြီးဆုံး ဖြစ်သည်။ကျန်ရှိသည်မှာ အဓိကအားဖြင့် လူအင်အားကို အားထားရသည်။ အတိအကျပြောရလျှင် နွားအင်အားကို အားထားရခြင်း ဖြစ်သည်။
သံကို ကျောက်တူဖြင့် ထပ်ကာထပ်ကာ ထုရိုက်နေသော ပြိဿများကိုကြည့်ရင်း ချန်လွေ့ အကြံတစ်ခု ရသွားသည်။ထို့နောက် ဒယ်လောင်အား ပန်းပဲပညာ သင်ယူချင်ကြောင်း ပြောသည်။ ဒယ်လောက်သည် ရင်ဘတ်ကိုပုတ်ပြီး ကိစ္စမရှိကြောင်း၊သို့သော်လည်း ခဏစောင့်ရမည်ဖြစ်ကြောင်း ပြန်ပြောသည်။
ပြိဿများသည် သံပြုလုပ်သည့် တူအပါအဝင် သတ္တုအရာအားလုံးကို ကုန်ခမ်းနေခြင်းဖြစ်သည်။ ယခုတွင် ပြိဿများ ပထမဦးစွာ သွန်းလုပ်ရမည့်အရာများမှာ သံပြုရန်သုံးသည့် ကိရိယာတန်ဆာပလာများပင် ဖြစ်သည်။“ အလုပ် ကောင်းကောင်းလုပ်ဖို့ ကိရိယာတန်ဆာပလာတွေကို ချွန်ထက်အောင် အရင်လုပ်ရမယ် ” ဆိုသည့် ကမ္ဘာပေါ်မှ ရှေးဆိုရိုးအတိုင်းပင် ဖြစ်သည်။
ထုရိုက်ခြင်းသည် အညစ်အကြေးများကို သန့်စင်ခြင်း ဖြစ်စဉ်တစ်ခု ဖြစ်သည်။ထို့နောက် ၎င်းကို ပုံဖော်ရန်အတွက် အရည်ဖျော်ပြီး လိုအပ်သည့်ပုံစံခွက်ထဲထည့်ကာ သွန်းလောင်း ရမည် ဖြစ်သည်။ ထို့ပြင် ဤနေရာသည် မှော်လောက ဖြစ်သည်။ မှော်အစီအရင်သည် အစွမ်းထက် မှော်လက်နက် ရရှိရန်အတွက် မရှိမဖြစ် လိုအပ်ပေသည်။
ပြိဿများသည် နတ်ဆိုးဘုံတွင် ပန်းပဲပညာရပ်ကြောင့် နာမည်ကျော်ကြားသည်။ ၎င်းတို့ကို သာမန် အဇရူပဒေဝတာ ပန်းပဲဆရာများနှင့် လုံးဝမယှဉ်နိုင်ပေ။ အညစ်အကြေး ဖယ်ရှားရန်အတွက် ထုရိုက်ခြင်းသည်ပင် မလွယ်ကူပေ။ ခွန်အားသက်သက်ဖြင့် မလုံလောက်ပေ။ စိတ်အားထက်သန်နေသော ချန်လွေ့သည် ပြိဿ သွန်းလုပ်ထားသည့် သံတူကို ယူပြီး ကြယ်စွမ်းအားလည်ပတ်စေကာ သုံးလေးချက် ထုရိုက်ကြည့်သည်။ သို့သော်လည်း ထုရိုက်ခံရသည့်သံ လွင့်စင်သွားပြီး ဘေးနားမှာ အသီနာပင် မတော်တဆ ဒဏ်ရာရလုနီးပါး ဖြစ်သွားသည်။
ထို့နောက်တွင် ချန်လွေ့သည် ထပ်မံစမ်းကြည့်ရန် ရှက်သွားပြီး ပြိဿများ၏ လှုပ်ရှားမှုများကိုသာ သေသေချာချာ ကြည့်နေလိုက်သည်။ထိုစွမ်းရည်သည် နှစ်ထောင်နှင့်ချီ လက်ဆင့်ကမ်းလာခဲ့ကြသော ပြိဿတို့၏ သွေးမျိုးဆက် အစွမ်းဖြစ်သည်။ ရိုးရှင်းသည်ဟု ထင်ရသော်လည်း အမှန်တကယ် မလွယ်ကူလှပေ။ ချန်လွေ့လေ့လာကြည့်နေရင်း ပိုပိုပြီး ခေါင်းရှုပ်သွားသည်။ ရုတ်တရက် ချန်လွေ့ခေါင်းထဲသို့ အကြံတစ်ခုရောက်လာသည်။
အဲဒီအစွမ်းကို ငါဘာလို့ မေ့နေရတာလဲ။
ချန်လွေ့၏ တည်ကြည်လေးနက်နေသည့် မျက်နှာကို ဒယ်လောင်မြင်လိုက်ရသည်။ ချန်လွေ့သည် အမှန်တကယ်ပင် ပန်းပဲပညာကို စိတ်ဝင်စားနေပုံရသည်။ဒယ်လောင်သည် ကိုယ်တိုင်လက်တွေ့လုပ်ပြုပြီး အရေးကြီးသောအပိုင်းများကို တစ်ခုမကျန် ပြောပြသည်။ အကြီးအကဲ ဖြစ်သည့်အလျောက် ဒယ်လောင်သည် ပြိဿများထဲ၌ အစွမ်းထက်ဆုံး ဖြစ်သကဲ့သို့ ပန်းပဲပညာ၌လည်း အကောင်းဆုံး ဖြစ်သည်။သူ၏လက်ထဲတွင် ရိုးရိုးပုံမှန် ထုရိုက်ခြင်းသည် သဘာဝအလျောက်ဖြစ်ပျက်ခြင်းဟု ခံစားရသည်။ ဖြစ်စဉ် တစ်ခုလုံးသည် အနုပညာသဖွယ် ဖြစ်သည်။ ချန်လွေ့သည် အာရုံစူးစိုက်သည့် အခြေအနေသို့ ရောက်ရှိသွားပြီး ဒယ်လောင်၏ ရှင်းပြချက်နှင့် သရုပ်ပြမှုများကို ဦးနှောက်ထဲသို့ စုပ်ယူလိုက်သည်။ သတ္တုတူတစ်လက်ကို ဒယ်လောင် ချောချာမွေ့မွေ့ သွန်းလောင်းပြုလုပ်ပြီးသည့်အခါ ချန်လွေ့၏မျက်လုံးထဲရှိ ရောင်ခြည်တန်များ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ချန်လွေ့ ဆက်မကြည်တော့ဘဲ တစ်ခုခုကို သဘောပေါက်သွားသကဲ့သို့ပင် မျက်လုံးမှိတ်လိုက်သည်။ တစ်နာရီကြာပြီးနောက် ချန်လွေ့ မျက်လုံးပွင့်လာသည်။ ထို့နောက် တူတစ်လက်တောင်းပြီး စတင်ထုရိုက်တော့သည်။
ယခင်အဖြစ်အပျက်ကြောင့် မတော်တဆ ဒဏ်ရာရမည်စိုးသည့်အတွက် အသီနာနှင့် ဘေးနားမှပြိဿတို့ သတိထားနေကြတော့သည်။
သို့သော်လည်း ယခုတစ်ခေါက် ချန်လွေ့၏ လုပ်ဆောင်ချက်သည် မမျှော်လင့်ဘဲနှင့် ကောင်းမွန်နေသည်။ထို့ပြင် ပြိဿတို့၏အကြည့်များ တဖြည်းဖြည်း အံ့အားသင့် လာကြသည်။ ချန်လွေ့ကဲ့သို့ လုံးဝလူသစ်တစ်ယောက်သည် သူတို့ကဲ့သို့ပင် သံကို စတင်သန့်စင်နိုင်ခဲ့သည်။ ချန်လွေ့ ဆက်ပြီး တူထုနေ၏။ အစပိုင်းတွင် တုန်တုန်ယင်ယင် ဖြစ်နေသော်လည်း နောက်ပိုင်း၌ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသကဲ့သို့ပင် အလွန်ကျွမ်းကျင်သွားသည်။
အံ့အားအသင့်ဆုံးမှာ ဒယ်လောင်ပင် ဖြစ်သည်။ အပေါ်ယံတွင် လွယ်ကူပုံရသည့် ထုရိုက်မှုများသည် အတူတူနီးပါးပင် ဖြစ်နေသည်။အမှန်တကယ်၌ ပြိဿ တစ်ယောက်ချင်းစီ၏ နည်းလမ်းများမှာ အနည်းငယ် ကွဲပြားလှသည်။ ချန်လွေ့၏ နည်းလမ်းမှာ အမှန်တကယ်ပင် ဒယ်လောင်၏နည်းလမ်း ဖြစ်ပြီး လုံးဝပင် တူညီနေသည်။ တစ်ချက်ကြည့်ရုံဖြင့် လုံးဝတပ်ကျွမ်းသွားသည့် ပါရမီရှင်တစ်ယောက် ရှိနိုင်ပါရဲ့လား။
ချန်လွေ့ ဒယ်လောင်၏ ထိတ်လန့်မှုအကြောင်း ဘာကိုမှမသိပေ။ယခုတွင် သူသည် ခေါင်းထဲရှိ အချက်အလက်များ နားလည်မှုထဲ၌ လုံးဝစိတ်နှစ်ထားသည်။ တူတစ်ချက် ထုတိုင်း ချန်လွေ့အနည်းငယ် ပို၍နားလည်လာသည်။ သန့်စင်ခြင်း ဖြစ်စဉ်မှာ ထပ်ကာထပ်ကာ ထုရိုက်ပြီး အညစ်အကြေးကို ဖယ်ရှားရန်ဖြစ်ပြီး ခွန်အားထိန်းချုပ်မှု အဆင့်မြင့်ရန် လိုအပ်သည်။
အသီနာ၏အကြည့်သည် အာရုံစိုက်နေသည့် ချန်လွေ့ထံမှ မခွာနိုင်တော့ပေ။ အဲလစ်ပေးခဲ့သော စာအုပ်တစ်အုပ်၌ တစ်စုံတစ်ရာကို အာရုံစိုက်နေသာ ယောက်ျားလေးသည် ဆွဲဆောင်မှုအရှိဆုံး ဟူ၍ပြောထားသည်မှာ အံ့ဩစရာမရှိပေ။
ချန်လွေ့သည် ခေါင်းထဲ၌မှတ်ထားသည့် အချက်အလက်များကို အသုံးချကာ မိုင်ဇာအခြေအနေရှိ စည်းမျဉ်းများနှင့် ပေါင်းစပ်လိုက်သည်။ချန်လွေ့သည် လက်ထဲမှတူကို ပို၍ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်လာသည်။တူတစ်ခါလွှဲတိုင်း “ခွန်အား”ကဲ့သို့ လက်ခနဲ အရောင်ထွက်လာသည်။ပြိုင်ကွင်း၌ အရတ်စ်နှင့် တိုက်ခိုက်စဉ်ကကဲ့သို့ အဆင့်တက်တော့မည့် ခံစားချက်မျိုး ခံစားလာရပြန်သည်။ ခန္ဓာကိုယ်ထဲရှိ ကြယ်မှုန်များသည် မီးတောက်ကဲ့သို့ အရောင်တောက်နေပြီး ခန္ဓာကိုယ်မှ ဖောက်ထွက်တော့မတတ် ဖြစ်နေသည်။ကံမကောင်းစွာပင် နောက်ဆုံး၌ တစ်စုံတစ်ခု လိုအပ်နေသေးသည့်အတွက် မအောင်မြင်ခဲ့ပေ။ပါ့ဂ်လီအို ပြောခဲ့သည်မှာ မှန်နေသည်။အဆင့်နိမ့် အမြင့်ဆင့်နတ်ဆိုးမှ အလယ်ဆင့်နတ်ဆိုးသို့ အဆင့်တက်ခြင်းသည် သာမန်အဆင့်တက်ခြင်းထက်ပို၍ ခက်ခဲပေသည်။
အဆင့်တက်ခြင်း မအောင်မြင်သည့်အတွက် အနည်းငယ်နောင်တရသွားသော်လည်း ချန်လွေ့သည် လက်ထဲမှ သံကို ထုရိုက်ရန်သာ အာရုံစိုက်နေခဲ့သည်။ တစ်နာရီ နှစ်နာရီကြာသည့်အခါ သန့်စင်ခြင်း လုပ်ငန်းစဉ်ပြီးစီးသွားပြီး ချန်လွေ့လည်း ချွေးပျံနေလေပြီ။ထိုကဲ့သို့ အဆက်မပြတ် ထုရိုက်ရခြင်းသည် စိတ်အခြေအနေကို ဖိနှိပ်နေပြီး တိုက်ခိုက်နေရခြင်းထက် မလွယ်ကူပေ။ချန်လွေ့သည် သတ္တုတူကိုချထားပြီး နာကျင်နေသည့် လက်မောင်းကို ပွတ်လိုက်သည်။ထိုအချိန်မှသာ ဘေးနားမှပြိဿများ မျက်လုံးပြူးပြီး ကြည့်နေကြသည်ကို သတိထားမိသွားသည်။
အတိအကျပြောရလျှင် အဆုံးသတ်ပစ္စည်းမှာ ပြိဿတို့အကြား ကောင်းမွန်သည်ဟု ယူဆ၍မရပေ။ ပြဿနာမှာ လွန်ခဲ့သော တစ်နာရီနှစ်နာရီက လုံးဝလူသစ်ဖြစ်နေသော ချန်လွေ့ပင် ဖြစ်သည်။ တစ်နာရီ နှစ်နာရီတည်းဖြင့် ချန်လွေ့သည် ပြိဿတို့၏ သန့်စင်ခြင်း လုပ်ငန်းစဉ် အခြေခံများကို တပ်ကျွမ်းသွားခဲ့လေပြီ။ သွေးမျိုးဆက် အကောင်းဆုံးရှိသည့် ပြိဿပင် ထိုကဲ့သို့ မပြုလုပ်နိုင်ပေ။
ချန်လွေ့ အသာလေး ပြုံးလိုက်သည်။ ၎င်းမှာ သူသုံးလေ့မရှိသော အစွမ်းတစ်ခုဖြစ်သည့် [ အထူးစိစစ်မှု ] ပင် ဖြစ်သည်။
ထိုအစွမ်းကို ချန်လွေ့ ပထမဆုံးအသုံးပြုခြင်းသည် နဂါးထွင်းစာအား လေ့လာစဉ်အခါက ဖြစ်သည်။၎င်းသည် ပါ့ဂ်လီအိုအား အကြီးအကျယ် တုန်လှုပ်သွားစေသည်။ယခုတွင်လည်း ချန်လွေ့သည် နွားမျက်လုံးများကြောင့် မျက်လုံးကန်းလုမတတ် ဖြစ်နေလေပြီ။
ဒယ်လောင် စကားပြောတော့မည့်အချိန်၌ မယ်ဒူဆာအသိုက်အမြုံသို့ စာသွားပို့သော ပြိဿသည် တင်မ်၏ ပြန်စာနှင့်အတူ အပြေးရောက်လာသည်။
ချန်လွေ့သည် စာကိုယူပြီး တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်လိုက်သည်။
ဤစာကို တင်မ်အား မယ်ဒူဆာဘုရင်မ ရေးခိုင်းလိုက်ခြင်း ဖြစ်ပေမည်။ စာထဲ၌ မယ်ဒူဆာ ဘုရင်မသည် မြေဒြပ်စင်ကောင်တို့၏ လှည့်ကွက်ဖြစ်မည် စိုးရိမ်သည့်အတွက် မြေဒြပ်စင် သူပုန်အဖွဲ့နှင့်ပူးပေါင်းခြင်းကို ကန့်ကွက်ထားသည်။ ထို့ပြင် မြေဒြပ်စင်ကောင်များ၏ ဘာသာစကားကို ပြိဿများနားမလည်ကြောင်း၊ဆက်သွယ်စကားပြောခြင်းကို ချန်လွေ့က ထိန်းချုပ်ထားကြောင်းနှင့် ၎င်း၏မျိုးနွယ်၏ကံကြမ္မာကို မယုံကြည်ရသော အပြင်လူတစ်ယောက်အပေါ်၌ ပုံအပ်မည်မဟုတ်ကြောင်းလည်း ပြောထားသည်။
ချန်လွေ့လည်း မယ်ဒူဆာဘုရင်မ၏ ရက်စက်သော အတွေးအမြင်များကို ခါးသက်သက်ပြုံး၍သာ တုံ့ပြန်နိုင်သည်။သူသည် တစ်ခုကိုမျှမချန်ထားဘဲ ပြိဿများအား ဘာသာပြန်ပေးလိုက်သည်။
အသီနာသည် စာကိုယူပြီး ဖတ်ကြည့်လိုက်ရာ အလွန်ဒေါသထွက်သွားသည်။
“ ဒဏ်ရာရနေတဲ့ မယ်ဒူဆာတွေကို ငါတို့အများကြီး ကုသပေးခဲ့တယ်။သူက ငါတို့ရဲ့ စေတနာတွေကို ကျေးဇူးတောင်မတင်ခဲ့ဘူး။ငါတို့ပြေးတာမမြန်ခဲ့ရင် သေနေလောက်ပြီ။ ဒါမှမဟုတ် အကျဉ်းကျနေပြီ။အခုတော့ မြေအောက်သတ္တဝါတွေအကုန်လုံး အသက် ဆက်ရှင်ဖို့အတွက် ပြိဿနဲ့မြေဒြပ်စင်ကောင်တွေ ပူးပေါင်းဖို့ကို ငါတို့ကူညီပေးခဲ့တယ်။ အခု သူက ချန်လွေ့ကို သံသယဝင်နေတုန်းပဲ။ ”
အသီနာပြောသည်ကို နားမလည်ကြသော်လည်း ဒယ်လောင်၊တော်ရီနှင့် အခြား သူများသည် မယ်ဒူဆာ အသိုက်အမြုံ၌ ချန်လွေ့ကြုံတွေ့ခဲ့ရသည်ကို ကြားခဲ့ကြသည်။ အသီနာ၏ ဒေါသထွက်နေသော အမူအရာကိုမြင်လိုက်သည့်အခါ သူမည်သည်ကို ဆိုလိုကြောင်း သူတို့ ရေးရေးလေး မှန်းဆနိုင်ခဲ့သည်။
လွန်ခဲ့သော တစ်ရက်သာဖြစ်မည်ဆိုလျှင် ချန်လွေ့နှင့်အသီနာတို့သည် တိုက်ပွဲ၌ တော်ကြသော်လည်း ပြိဿများ သံသယရှိနေဦးမည် ဖြစ်သည်။ယခုတွင် အသက်ဓာတ် ရေစင်သည်လည်း ချန်လွေ့ လက်ထဲ၌ ရှိနေပြီး အဖိုးတန် မိစ္ဆာသစ်သီးကိုလည်း ထောက်ပံ့ပေးခဲ့ကာ ဓာတ်သတ္တု ပြဿနာကိုလည်း ဖြေရှင်းပေးခဲ့သည်။ချန်လွေ့သည် ပြိဿတို့၏ ယုံကြည်မှုကို လုံးဝရရှိနေပြီ ဖြစ်သည်။
ဒယ်လောင် ခဏစဉ်းစားပြီး မေးသည်။
“ ချန်လွေ့။မင်းဘယ်လို ထင်လဲ။ ”
“ အခြေအနေက သိပ်မကောင်းဘူး။ကျုပ်တို့တွေ စုစည်းမှရမယ်။အတွင်းမှာ မငြိမ်မသက် ဖြစ်နေရင် နတ်ဆိုးယင်ကောင်တွေက ကျုပ်တို့ကို တစ်ယောက်ပြီးတစ်ယောက် သုတ်သင်သွားမှာပဲ။ ကျုပ် မယ်ဒူဆာဘုရင်မနဲ့ ထပ်ပြီးတွေ့ကြည့်မယ်။ အန္တရာယ်တော့ ရှိပေမယ့်လည်း သူ့ရဲ့ ယုံကြည်မှုနဲ့ လက်ခံမှုကို ရရမယ်။ ”
“ ငါမင်းကို ထောက်ခံတယ်။ ”
ဒယ်လောင်၏မျက်လုံးထဲ၌ လေးစားအားကျမှုများ ပြသနေသည်။
“ ပွင့်လင်းတယ်။ရက်ရောတယ်။ပြီးတော့ ခွင့်လွှတ်တတ်တယ်။ဒါက တကယ့် ယောက်ျားပဲ။ မင်းမှာ ခန့်ညားတဲ့ နွားမျက်နှာရှိမယ်ဆိုရင် ငါတို့မျိုးနွယ်က မိန်းမတွေ ကြားမှာ ရေပန်းအစားဆုံး ပြိဿတစ်ယောက် ဖြစ်လာမှာ သေချာတယ်။ ”
ဘေးဖက်မှာ ပြိဿများလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လာကြသည်။ ချန်လွေ့သည် ထိုချီးမွမ်းစကားကို အနည်းငယ် ရယ်စရာကောင်းလှသည်ဟု ခံစားမိလိုက်သည်။
ခန့်ညားတဲ့ နွားမျက်နှာဆိုတာက ဘာကြီးလဲ။အလှအပ စံနမူနာတွေကြောင့် ပြိဿမျိုးနွယ်က “ မိန်းမလှတွေ ” လည်း......
ဒယ်လောင်ပြောသည့်စကားကို အသီနာ လာမေးသည်။ချန်လွေ့သည် ပြိဿ၏ ချီးမွမ်းစကားကို အသီနာအား ဘာသာပြန်ပေးသည်အထိ အရှက်မမဲ့ပေ။မယ်ဒူဆာ အသိုက်အမြုံဆီသို့သွားပြီး ခေါင်းမာကာ သံသယကြီးသည့် ဘုရင်မကို နားချမည် ဖြစ်ကြောင်းသာ ပြောလိုက်သည်။
“ မသွားနဲ့။ ”
အသီနာ၏ ကန့်ကွက်မှုသည် အတော်လေး ခိုင်မာသည်။
“ အရင်တစ်ခေါက်တုန်းက နင် ကျောက်ရုပ်ဖြစ်တော့မလို့ပဲ။ဒီတစ်ခေါက် သေချာပေါက် အန္တရာယ်များလိမ့်မယ်။ ”
“ မယ်ဒူဆာဘုရင်မက သူတို့မျိုးနွယ် အသက်ဆက်ရှင်ဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရက်စက်နေတာပါ။ မဟုတ်ရင် နဂိုကရန်သူဖြစ်နေတဲ့ ပြိဿတွေနဲ့ ပူးပေါင်းမှာ မဟုတ်ဘူး။ အကျိုးရလာဒ်တွေကို ငါသေချာရှင်းပြရင် သူစိတ်ပြောင်းသွားမယ်လို့ ငါထင်တယ်။ ”
အသီနာ၏ အတင်းအကျပ် အမူအရာကိုကြည့်ရင်း ချန်လွေ့ ပြုံးလိုက်သည်။
“ မင်းရဲ့လူကို မယုံကြည်ဘူးလား။ ”
အသီနာ၏မျက်နှာ နီမြန်းသွားသည်။ပြိဿများ နားလည်လိမ့်မည်မဟုတ်ကြောင်း သိသော်လည်း အသီနာရှင်သွားကာ ချန်လွေ့ကို ဆွဲဆိတ်လိုက်သည်။သူ၏စိတ်ထဲ၌ အနည်းငယ် ကျေနပ်သွားသည်။
ဒယ်လောင် ရယ်လိုက်သည်။
“ စိတ်အေးအေးထားပါ။မိတ်ဆွေ။ငါမင်းနဲ့ လိုက်ခဲ့မယ်။ဒါပေမဲ့ ငါတို့တွေ နှစ်ရက်လောက် ထပ်စောင့်ရမယ်။အဲဒီ သံသယကြီးတဲ့ မြွေမတွေ မငြင်းနိုင်အောင်လို့ လက်ဆောင်တွေ ယူသွားရမယ်။ ”
ချန်လွေ့၏မျက်လုံးများ တောက်ပသွားသည်။သူ၏အကြည့်သည် သတ္တုတူဖြင့် အလုပ်ကြိုးစားနေကြသည့် ပြိဿများထံ ရောက်ရှိသွားသည်။