← Chapters

မသေနိုင်သော မဟာနတ်ဆိုးဘုရင်အဆင့် နတ်ဆိုးယင်ကောင်

Vol. 11 Ch. 160

မသေနိုင်သော မဟာနတ်ဆိုးဘုရင်အဆင့် နတ်ဆိုးယင်ကောင်

Vol. 11 Ch. 160

အန္တရာယ်ကင်းစေရန်အတွက် ချန်လွေ့သည် အသီနာအား ပြိဿ သားရဲတွင်း၌ ချန်ထားခဲ့သည်။အသီနာသည် ချန်လွေ့နှင့်အတူ သွားချင်သော်လည်း သူ၏အစွမ်း မလုံလောက်ကြောင်း သိသည်။ထို့ကြောင့် ချန်လွေ့အား အနှောင့်အယှက်မဖြစ်စေဘဲ ပြိဿ သားရဲတွင်း၌ နေနေရစ်ခဲ့သည်။အသီနာ၏ အတင်း‌တိုက်တွန်း‌မှုကြောင့် ချန်လွေ့သည် ဒိုဒိုကို ခေါ်သွားသည်။ဒိုဒိုတွင် မသေနိုင်သည့်ခန္ဓာကိုယ်ရှိပြီး အသွင်ပြောင်းစွမ်းရည်လည်း ရှိသည့်အတွက် အရေးကြီးသော အခိုက်အတန့်များ၌ ချန်လွေ့ကို ကူညီနိုင်လောက်သည်။

ပိစိမှင်စာတို့၏လိုဏ်ခေါင်းများသည် ပြိဿ သားရဲတွင်းနှင့် အတော်လေး ဝေးကွာလှသည်။၎င်းတို့၏နေရာသည် ပထဝီဘုံနှင့် အတော်လေး နီးကပ်သည်။ မြေဒြပ်စင်ကောင် နှစ်ယောက်သည် အပိုလူတစ်ယောက်မျှ ခေါ်မသွားပေ။ မြေဒြပ်စင်ကောင်များအားလုံးကို ပြိဿ သားရဲတွင်း၌ ချန်ထားရစ်ခဲ့သည်။

“ ဒြပ်စင်ကောင်တွေက အစာစားဖို့ မလိုဘူးလား။ ”

ခရီးသွားရင်း ‌နားနေခိုက် အစာစားနေစဉ် ချန်လွေ့ သိချင်စိတ်ဖြင့် မေးသည်။

“ ဒြပ်စင်ကောင်တွေက သဘာဝအတိုင်း ဒြင်စင်တွေ စုစည်းပြီးတော့ ဖြစ်လာတာ။ မြေဒြပ်စင်တွေကို ငါ့ရဲ့စွမ်းအားထဲ ကူးပြောင်းမယ်ဆိုရင် ငါစားစရာ မလိုဘူး။ ဒါပေမဲ့လည်း ဒီကူးပြောင်းမှုမှာ အကန့်အသတ်ရှိတယ်။အစွမ်းထက်လေလေ ကူးပြောင်းမှုပိုပြီး လိုအပ်လေလေပဲ။ ”

မကြာခင်ကမှ နိုးထလာခဲ့သည့် မြေဒြပ်စင်ကောင် ဆော့ခ်သည် ထာ့ခ်ထက်ပို၍ စကားပြောရခြင်းကို ပိုနှစ်သက်သည်။ကံမကောင်းစွာပင် ၎င်း၏ အဖော်များသည် ဆိတ်ဆိတ်နေခဲ့ကြသည်။ယခုတွင် ဆော့ခ်သည် ဆက်သွယ်စကားပြော၍ရသော အပြင်လူ ချန်လွေ့နှင့် ကြုံတွေ့ရသည့်အခါ အတော်လေး ဆန်းသစ်သလို ခံစားရခဲ့သည်။တစ်‌ယောက်က မဟာနတ်‌ဆိုးဘုရင်ဖြစ်ပြီး ကျန်တစ်ယောက်မှာ အမြင့်ဆင့်နတ်ဆိုး ဖြစ်သော်လည်း အကြိုက်တူခြင်းသည် ရှားပါးလှသည်။

သို့သော်လည်း ပြောစရာ စကားအများအပြား မရှိသည့်အတွက် ခရီးကို အမြန်သွားကြသည်။နောက်ဆုံး၌ ၎င်းတို့အုပ်စုသည် ပိစိ‌မှင်စာတို့၏ လိုဏ်ခေါင်းထဲသို့ ရောက်ရှိသွားခဲ့ကြသည်။ပိစိမှင်စာများသည် မြေအောက်လောက၌ လူဦးရေအများဆုံး မျိုးနွယ်စု ဖြစ်ခဲ့သည်။နေရာတိုင်း၌ လိုဏ်ခေါင်းများကို မြင်နိုင်သည်။၎င်းတို့သည် ကျဉ်းမြောင်းပြီး နက်ရှိုင်းကာ ပြိဿတို့၏ ဂူများနှင့် ပုံစံလုံးဝမတူကြပေ။

ပိစိမှင်စာ အရေအတွက် အများအပြား ရှိသော်လည်း အစွမ်းမထက်ကြပေ။သူတို့၏ သားရဲတွင်းသည် ပထဝီဘုံနှင့် ဘေးချင်းကပ်လျက်ပင် ဖြစ်သည်။သူတို့သည် မြေဒြပ်စင်ကောင်များကို အခွင့်ကောင်းယူပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကာ ကြီးပွားတိုးတက်ခဲ့သော။သို့သော်လည်း သူတို့၏ တိုးတက်မှုနှင့် ကျဆုံးမှုတို့သည် အကြောင်းရင်း တစ်ခုတည်းကြောင့် ဖြစ်လိမ့်မည်ဟု သူတို့လုံးဝ မထင်ထားခဲ့မိကြပေ။ နောက်ဆုံးတွင် သူတို့ကို ထိန်းချုပ်ခံထားရသည့် မြေဒြပ်စင်ကောင်များက သုတ်သင်လိုက်ကြသည်။

ချန်လွေ့တို့သည် လမ်းတစ်လျှောက်၌ နတ်ဆိုးယင်ကောင် အမြောက်အမြားနှင့် ရင်ဆိုင်ခဲ့ရသည်။လက်ရွေးစင် မြေဒြပ်စင်ကောင်များသည် မဟာနတ်ဆိုးဘုရင် အစွမ်းရှိပြီး မြေမှော်ပညာကို စိတ်ရှိသလို အသုံးပြုနိုင်သည်။သူတို့သည် စွမ်းအင်အများအပြား အသုံးပြုစရာ မလိုပေ။

ပိစိမှင်စာတို့၏ အသက်ဓာတ်ရေစင်သည် ကွင်းပြင်၌ တည်ရှိပြီး လိုဏ်ခေါင်းများက ဝန်းရံထားသည်။အဝေးမှကြည့်လျှင် ချိုင့်ခွက်တစ်ခုသာ မြင်တွေ့နိုင်သည်။ အသက်ဓာတ်ရေစင် ခမ်းခြောက်သွားပုံရသည်။ချိုင့်ထဲတွင် အဝါရောင်အလင်းစက်များ တောက်ပနေသည်။၎င်းတို့၏ အရောင်နှင့် ထူထဲမှုများသည် ပြိဿ သားရဲတွင်းကထက် ပို၍လွန်ကဲသည်။

ထာ့ခ် နှင့် ဆော့ခ်တို့၏ ခြေလှမ်းများ ရုတ်တရက်ရပ်တန့်သွားပြီး ချန်လွေ့လည်း သတိထားလိုက်သည်။ပတ်ဝန်းကျင် လိုဏ်ခေါင်းများထဲ၌ ဝီခနဲ အသံများ ထွက်လာသည်။ ချက်ချင်းပင် လိုဏ်ခေါင်းထဲမှ နတ်ဆိုးယင်ကောင် မြောက်မြားစွာ ထွက်လာသည်။ မြင်နေရသည်မှာ လွန်စွာသိပ်သည်းလှသည့် ယင်ကောင်အုပ်လိုက်ကြီးဖြစ်ပြီး လေထဲမှ ဖုန်များကဲ့သို့ပင် ဖြစ်သည်။အနီးအနားရှိ ဓာတ်သတ္တုများမှ အလင်းရောင်ကိုပင် ဖုံးအုပ်သွားသည်။

“ ထာ့ခ်။အလယ်က အသက်ဓာတ်ရေစင်ဆီရောက်ဖို့ ချန်လွေ့ကို မင်းကာကွယ်ပေးလိုက်။ ဒီကောင်တွေကို ငါရှင်းလိုက်မယ်။ ”

မြေဒြပ်စင်ကောင် အများစုသည် တည်ငြိမ်ကြသည်။သို့သော်လည်း ဆော့ခ်သည် နှစ်ရာချီ အထိန်းချုပ်ခံထားရခဲ့သည်။ထို့ကြောင့် သူ၏စိတ်ထဲ၌ အချိန်အကြာကြီး ချုပ်တည်း ထားသည့် ဒေါသများအားလုံးကို ဖွင့်ထုတ်လိုက်တော့သည်။ရှည်လျားသော ပန်းပွင့်ပုံ သဏ္ဍာန် ကျောက်တုံးများကို နတ်ဆိုးယင်ကောင်များထံ ပစ်ထည့်လိုက်သည်။၎င်းတို့ ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ပေါက်ကွဲမှု အဝန်းအဝိုင်းအတွင်းမှ နတ်ဆိုး ယင်ကောင်များအားလုံး အမှုန့်ဖြစ်သွားကြသည်။

ထာ့ခ်သည် ချန်လွေ့အပေါ်၌ [ ကျောက်ကိုယ်ထည် ] မှော်ပညာကို မန်းမှုတ်ပြီးသွားပြီ ဖြစ်သည်။ထိုမှော်ပညာသည် ခုခံမှုကို တိုးမြင့်စေသော်လည်း အရှိန်နှေးသွားစေသည်။ မန်းမှုတ်သူ၏ မှော်စွမ်းအား မြင့်မားလေလေ ခုခံမှု တိုးလေလေဖြစ်ပြီး အရှိန်နှေးလေလေ ဖြစ်သည်။

ထာ့ခ်သည် လက်ရွေးစင် မြေဒြပ်စင်ကောင် ဖြစ်သည့်အတွက် ထူးခြားသော မြေမှော်စွမ်းအား ရှိသည်။ချန်လွေ့သည် မိမိအရေပြားပေါ်၌ ကြမ်းတမ်းသော အလွှာတစ်ခု ထပ်တိုးလာသကဲ့သို့ ခံစားလိုက်ရသည်။၎င်းသည် လှုပ်ရှားမှုများကို အနည်းငယ် သက်ရောက်မှုရှိသော်လည်း ချန်လွေ့၏ခုခံမှု သိသိသာသာ တိုးတက်သွားသည်။

ထာ့ခ်သည် ချန်လွေ့ကို ကာကွယ်ပေးရင်း ခြောက်သွေ့နေသည့် အသက်ဓာတ် ရေစင်ဆီသို့ အပြေးသွားသည်။ပြေးဝင်လာကြသည့် ‌နတ်ဆိုးယင်ကောင်များအား ထိန်းထားရန်အတွက် ကျောက်တံတိုင်းများ လမ်းတစ်လျှောက်၌ ထိုးထွက်လာသည်။ သို့သော်လည်း ခဏအကြာ၌ ကျောက်တံတိုင်းများ အက်ကွဲသွားသည်။ ကျောက်တံတိုင်းများကို ဖောက်ထွင်းသူများမှာ ရွှေရောင် နတ်ဆိုးယင်ကောင်များ ဖြစ်ကြသည်။ထိုနတ်ဆိုးယင်ကောင်သည် သွေးဆာသော နတ်ဆိုးယင်ကောင်နှင့် အရွယ်တူတူပင်ဖြစ်ပြီး ပို၍အစွမ်းထက်သည်။ချန်လွေ့သည် ထိုကဲ့သို့ နတ်ဆိုးယင်ကောင် များအား အဝေးမှသာ မြင်ဖူးသည်။သူတို့သည် နတ်ဆိုးဘုရင်အဆင့် ပြိဿများကိုပင် ယှဉ်ပြိုင်နိုင်သည်။ချန်လွေ့သည် ၎င်းတို့နား မကပ်ရဲခဲ့ပေ။ယခုတွင် သူတို့သည် ထိုနတ်ဆိုးယင်ကောင်များနှင့် အနီးကပ်ရှိနေပြီး [ သရုပ်ခွဲမျက်လုံး ] ၏ အဝန်းအဝိုင်း အတွင်း၌ ရှိနေကြသည်။၎င်းတို့၏ အချက်အလက်များ ချက်ချင်းပင် ပေါ်လာသည်။

[ လေချွန် နတ်ဆိုးယင်ကောင် ]

စွမ်းအားအကဲဖြတ်မှု = [ C ]

လေချွန် နတ်ဆိုးယင်ကောင်သည် နတ်ဆိုးဘုရင်အဆင့်ရှိသော နတ်ဆိုးယင်ကောင်များ ဖြစ်ကြသည်။၎င်းတို့သည် အရေအတွက်အနည်းငယ်သာ ရှိသော်လည်း အလွန် မြန်ဆန်ကြသည်။ အမြန်နှုန်းသည် မြေဒြပ်စင်ကောင်တို့၏ အားနည်းချက်ဖြစ်သည်။ လက်ရွေးစင် မြေဒြပ်စင်ကောင်၏ မဟာနတ်ဆိုးဘုရင် အဆင့်ဖြင့်ပင် ၎င်းတို့ကို အမှီမလိုက်နိုင်ပေ။

ထာ့ခ်၏မျက်လုံးများမှ အဖြူရောင် အလ်ုးများ တောက်ပလာသည်။၎င်း၏ ခန္ဓာကိုယ်ကို ဗဟိုပြုပြီး လှိုင်းဖျော့လေးတစ်ခု ပျံ့နှံ့သွားသည်။ချန်လွေ့သည် အလေးချိန် ရုတ်တရက် တိုးသွားသကဲ့သို့ခန္ဓာကိုယ် နစ်မြုပ်သွားသလို ခံစားရလိုက်သည်။ထိုခံစားချက်ကို ချန်လွေ့ အတော်လေး ရင်းနှီးနေသည်။ချန်လွေ့သည် ၎င်းကို လေ့ကျင့်ရေးကွင်း၌ အကြိမ်များစွာ တွေ့ကြုံခံစားခဲ့ရဖူးသည်။၎င်းသည် မြေမှော်ပညာ [ မြေဆွဲအား ] ပင် ဖြစ်သည်။

[ မြေဆွဲအား ] ကို အသုံးပြုလိုက်သည်နှင့် နတ်ဆိုးယင်ကောင်များ ရုတ်တရက် နှေးကွေးသွားကြသည်။ထာ့ခ်သည် လက်သီးနှစ်ဖက်ဖြင့် အဆက်မပြတ် ပစ်ထိုးရာ နတ်ဆိုးယင်ကောင် အတော်များများ ချက်ချင်းပင် အသက်ပျောက်သွားကြသည်။ ချန်လွေ့တို့နှစ်ယောက်သည် တဖြည်းဖြည်းနှင့် ချိုင့်အနီးသို့ ရောက်လာသည်။ထိုအချိန်၌ ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ] အသိပေးချက် ပြောင်းသွားသည်။

ခြောက်သွေ့နေသာ အသက်ဓာတ်ရေစင် ရုတ်တရက် ပြောင်းလဲသွားသည်ကို ချန်လွေ့ မြင်လိုက်ရသည်။၎င်း၏ အနီးအနားတစ်ဝိုက်ရှိ သလင်းကျောက်အရောင်များ ရုတ်တရက် တောက်ပလာကာ အ‌ဝါရောင်ဖျော့ဖျော့ သလင်းကျောက်တိုင် ဖြစ်သွားသည်။ သလင်းကျောက်တိုင်များသည် အလိုအလျောက်ပင် အတုံးမြောက်မြားစွာအဖြစ် ပြန့်ကျဲသွားပြီး အလျင်အမြန်ပင် ပြန်လည်ပေါင်းစည်းနေကြသည်။

ချန်လွေ့ ကြက်သေသေသွားသည်။

ထရန်စဖော်မာတွေလား။ဒါက အောစပါ့ခ် ကုဗတုံးကြီးလား။

၎င်းတို့သည် ကုဗတုံးအဖြစ် ပြန်လည်းမပေါင်းစည်းသွားဘဲ ယိုယွင်း နတ်ဆိုးယင်ကောင် များထက် ပိုကြီးသည့် ဖောက်ထွင်းမြင်ရသော နတ်ဆိုးယင်ကောင်အဖြစ် ပြောင်းလဲသွားသည်။

[ သရုပ်ခွဲမျက်လုံး ] ဖော်ပြသည်မှာ -

မျိုးနွယ် - [ စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင် (ကိုယ်ပွား) ]

စွမ်းအားအကဲဖြတ်မှု - [ မဆုံးဖြတ်နိုင် ]

ယခင်တိုက်ပွဲများတွင် ဂလော်ဖင်းသည် မြေဒြပ်စင်ကောင်များအား အဓိကတိုက်ခိုက်ရေး တပ်ဖွဲ့အဖြစ် အသုံးချခဲ့သည်။ချန်လွေ့တွေ့ခဲ့သည့် အဆင့်မြင့်ဆုံးနတ်ဆိုးယင်ကောင်မှာ ရွှေရောင်နတ်ဆိုးယင်ကောင်ဖြစ်သည်။[ မဆုံးဖြတ်နိုင် ] သည့် အစွမ်းရှိသော နတ်ဆိုးယင်ကောင်ကို ချန်လွေ့ ယခုမှမြင်ဖူးခြင်း ဖြစ်သည်။

ချန်လွေ့အား စိတ်ရှုပ်သွားစေသည်မှာ “ ကိုယ်ပွား ” သည် မည်သည်ကို ဆိုလိုခြင်းပင် ဖြစ်သည်။

“ ဆော့ခ် ”

ထာ့ခ် ခပ်မြန်မြန် အော်ဟစ်သည်။ထိုနတ်ဆိုးယင်ကောင်၏စွမ်းအားသည် မိမိထက်မနိမ့်ကြောင်း ထာ့ခ်ခံစားရသည်။ယခုတွင် အရေးကြီးဆုံးမှာ ချန်လွေ့အား ကာကွယ်ပြီး တာဝန်ပြီးမြောက်ရန်ပင် ဖြစ်သည်။

ထိန်းချုပ်ခံရခြင်းမှ လွတ်မြောက်ပြီးနောက် ဆော့ခ်၏စွမ်းအားများ ကျဆင်းသွားသည်။ သူသည် လက်ရွေးစင်ခေါင်းဆောင် ထာ့ခ်ထက်ပို၍ အားနည်းနေသည်။သူသည် နတ်ဆိုးယင်ကောင်များအား သုတ်သင်ရန် [ မရဏကျောက်ပန်းပွင့် ] များကို အသုံးပြုနေခြင်း ဖြစ်သည်။ထာ့ခ် ခေါ်လိုက်သည့်အခါ ‌ဆော့ခ်သည် ချက်ချင်းပင် ပြေးလာပြီး ချန်လွေ့အား ကာကွယ်ပေးသည်။ထာ့ခ်သည် စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်ဆီသို့ တည့်တည့်ပင် ဦးတည်သွားသည်။

စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်၏ စွမ်းအားများသည် လေချွန်နတ်ဆိုးယင်ကောင် တို့ထက် ကြီးကြီးမားမား သာလွန်နေသည်။ထာ့ခ်၏ လက်သီးချက်သည် ၎င်းကို နောက်သို့ မီတာအနည်းငယ်သာ ဆုတ်သွားစေသည်။နတ်ဆိုးယင်ကောင် ပျံသန်းသွားပြီး ထာ့ခ်အား ဝင်တိုက်သည်။ထိုတိုက်ခတ်မှုသည် ပေါ့သေးသေးမဟုတ်ပေ။ထာ့ခ်သည် နောက်သို့ ခြေငါးလှမ်း ခြောက်လှမ်း ဆုတ်ခွာသွားရသည်။ထာ့ခ်၏ကိုယ်ပေါ်မှ အစိုင်အခဲများ ပြုတ်ကျလာသည်။ပြိုင်ဘက်ဖြစ်သူ၏ စွမ်းအားများသည် ထင်ထားသည်ထက် ကျော်လွန်နေသည်မှာ အသေအချာပင် ဖြစ်သည်။

ထာ့ခ်သည် ချက်ချင်းပင် မိမိကိုယ်မိမိ အစွမ်းထက်ဆုံး ခုခံမှုမှော်ဖြစ်သော [ သံမဏိချပ်ကာ ] ဖြင့် တိုးမြှင့်လိုက်ပြီး စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်နှင့် စတင်တိုက်ခိုက်တော့သည်။

ချန်လွေ့သည် ဤတိုက်ပွဲ၌ ဝင်မပါနိုင်ပေ။ဆော့ခ် မကာကွယ်ပေးထားလျှင် ဝိုင်းထားသည့် နတ်ဆိုးယင်ကောင်များကြောင့် ချန်လွေ့မသေလျှင်ပင် စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်နှင့် ထာ့ခ်တို့၏ တိုက်ပွဲအရှိန်ကြောင့် အသက်ပျောက်သွားပေမည်။

မြေဒြပ်စင်ကောင်များသည် မြေမှော်ပညာ၌ ထူးချွန်ကြသည်။ဆော့ခ်၏ [ မြေဆွဲအား ] သည် သာမန်သာဖြစ်သော်လည်း [ မရဏကျောက်ပန်းပွင့် ] သည် အလွန်အစွမ်းထက် လှသည်။ဆော့ခ်ကို တိုက်ခိုက်ရေးကောင်းသည့် မြေဒြပ်စင်ကောင်အဖြစ် သတ်မှတ်၍ ရပေသည်။[ မရဏကျောက်ပန်းပွင့် ] ၏ ပေါက်ကွဲမှုအောက်တွင် အနီးအနားရှိ နတ်ဆိုးယင်ကောင်များ အပိုင်းပိုင်းဖြစ်ကုန်သည်။အချို့ယင်ကောင်များမှာ လေချွန် နတ်ဆိုးယင်ကောင်များ ဖြစ်ကြသည်။ကံမကောင်းစွာပင် ထိုကဲ့သို့ အစွမ်းထက်လှသည့် မှော်ပညာသည် မှော်စွမ်းအား အမြောက်အမြား ကုန်ဆုံးသည်။လက်ရွေးစင် မြေဒြပ်စင်ကောင်များပင် အဆက်မပြတ် အသုံးမပြုနိုင်ကြပေ။သို့မဟုတ်ပါက သူတို့သည် ရန်သူအားလုံးကို သုတ်သင်ရန်အတွက် ၎င်းကို တရစပ် သုံးနေမည် ဖြစ်သည်။

‌ဆော့ခ် တစ်ယောက်တည်းသာဆိုလျှင် နတ်ဆိုးယင်ကောင်များကို မတုံးမဆိုင်းဘဲ ရှင်းပစ်နိုင်သည်။သို့သော်လည်း ဘေးနားတွင် “ဝန်ထုတ်ဝန်ပိုး ” ချန်လွေ့ ရှိနေသောကြောင့် စိတ်ရှိသလို မတိုက်ခိုက်နိုင်ပေ။အခြားပြဿနာတစ်ခုကို ချန်လွေ့ သတိထားမိသွားသည်။ စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်က မဟာနတ်ဆိုးဘုရင် အဆင့်ဖြစ်မယ်။ဒါပေမဲ့ ဒီလိုနတ်ဆိုးယင်ကောင်ကို ပြိဿနဲ့ မယ်ဒူဆာတို့ကို တိုက်ခိုက်တဲ့တိုက်ပွဲမှာ ငါဘာလို့ မတွေ့ရတာလဲ။

တိုက်ပွဲမှာ ဒီလိုမျိုး နတ်ဆိုးယင်ကောင်ပါဝင်မယ်ဆိုရင် လက်ရွေးစင် မြေဒြပ်စင်ကောင် နှစ်ယောက်လည်း ရှိတယ်ဆိုတော့ ပြိဿအကြီးအကဲနဲ့ မယ်ဒူဆာဘုရင်မတို့ ပူးပေါင်းရင်တောင် ယှဉ်နိုင်မှာ မဟုတ်ဘူး။မျိုးနွယ်နှစ်ခုစလုံး ပျက်စီးသွားနိုင် လောက်တယ်။အခြေအနေကို ပြောင်းပြန်လှန်နိုင်တဲ့ နတ်ဆိုးယင်ကောင်မျိုးကို ဂလော်ဖင်းက ဘာလို့ ဒီလိုနေရာမျိုးမှာ ထားထားရတာလဲ။

ဖြစ်နိုင်ချေ တစ်ခုပဲရှိတယ်။အဲဒါကတော့ စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်က တိုက်ပွဲမှာ ပါဝင်လို့မရဘူး။ဒီကနေ ထွက်သွားလို့မရဘူး။ဘာလို့လဲဆိုတော့ ဒီနေရာမှာ အသက်ဓာတ်ရေစင် ရှိနေလို့ပဲ။

စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်သည် အသက်ဓာတ်ရေစင်ကြောင့် ဤနေရာမှ မထွက်သွားနိုင်ရခြင်း ဖြစ်ပေမည်။ထို့ကြောင့်ပင် အသက်ဓာတ်ရေစင် ခမ်းခြောက်သွားရခြင်း ဖြစ်ပေမည်။ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ] ၏ အသိပေးချက်ကို ရုတ်တရက် သတိရသွားပြီး (ကိုယ်ပွား)ဟူသော စကားလုံး ခေါင်းထဲ၌ ပေါ်‌ထွက်လာသည်။

၎င်းကိုစဉ်းစားမိပြီးနောက် ချန်လွေ့သည် ချက်ချင်းပင် ဆော့ခ်အားပြောသည်။

“ ဆော့ခ်။ရွှေရောင် နတ်ဆိုးယင်ကောင်တွေ အကုန်လုံးကို သတ်ပစ်လိုက်။ပြီးရင် ထာ့ခ်ကို သွားကူညီပေး။ဒါတွေကို ငါတစ်ယောက်တည်း ရှင်းနိုင်တယ်။ထာ့ခ်ကို တိုက်ခိုက်နေတဲ့ နတ်ဆိုးယင်ကောင်ကို မင်းအသေသတ်ရမယ်။ဒါက မြေဒြပ်စင်ဘုရင်ကို နှိုးထနိုင်မယ့်သော့ချက် ဖြစ်နိုင်တယ်။ ”

နောက်ဆုံးစကားကို ကြားလိုက်ရာ ချန်လွေ့ စိတ်အားထက်သွားသည်။သူသည် မြေဒြပ်စင်စွမ်းအား ကုန်ဆုံးမှုကို ဂရုမစိုက်တော့ဘဲ ရွှေရောင် နတ်ဆိုးယင်ကောင်များ ရှိရာသို့ချိန်ကာ [ မရဏကျောက်ပန်းပွင့် ] ကို အဆက်မပြတ် ပစ်လွှတ်တော့သည်။ ပေါက်ကွဲသံများအကြား၌ နတ်ဆိုးယင်ကောင်များသည် မိုးရွာသကဲ့သို့ ပြုတ်ကျလာသည်။ချန်လွေ့ လိုက်ကြည့်သည်။ရွှေရောင် နတ်ဆိုးယင်ကောင်များ မရှိတော့ပေ။ထို့ကြောင့် ထာ့ခ်ကို ကူညီပေးရန် ဆော့ခ်အား ချန်လွေ့ ပြောလိုက်သည်။

ဆော့ခ်သည် ချက်ချင်းပင် တိုက်ပွဲထဲ ဝင်သွားသည်။ဆော့ခ် ထွက်သွားပြီးနောက် အနီးအနားရှိ ယင်ကောင်များသည် ဖိအားလျော့ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ချန်လွေ့ကို ဝိုင်းရံကြသည်။ချန်လွေ့၏လက်ဝါးမှ အလင်းရောင်ဖျော့ဖျော့ ထွက်လာပြီး အော်ပြောလိုက်သည်။

[ ဖျက်ဆီးခြင်း အရှိန်အဝါခုတ်ချက် ]

နေရာပြန့်အစွမ်းသည် ထူးထူးခြားခြားအစွမ်းထက်လှသည်။ငါးမီတာအတွင်းရှိ နတ်ဆိုးယင်ကောင်အားလုံးသည် မြောက်မြားလှစွာသော ထက်မြက်သည့် ဓါးသွားတို့၏ အရှိန်မြန်ခုတ်ပိုင်းခြင်းကို ခံလိုက်ရသည်။အားအနည်းဆုံးဖြစ်သည့် သွေးဆာဆော နတ်ဆိုးယင်ကောင်များ အမှုန့် ဖြစ်သွားကြသည်။ယိုယွင်းနတ်ဆိုးယင်ကောင်အချို့နှင့် တွင်းတူးနတ်ဆိုးယောင်တို့သည် ဒဏ်ရာရသွားပြီး အော်ဟစ်နေကြသည်။ ထိုနတ်ဆိုးယင်ကောင်များအတွက် ချန်လွေ့သည် [ အရှိန်အဝါဓားသွား ] ကို သုံးလိုက်သည်။တွင်းတူးနတ်ဆိုးယင်ကောင်များကို ကိုင်တွယ်ရန်အတွက် [ အရှိန်အဝါ ကူးပြောင်းခြင်း ] ကိုသုံးရန် မူလက ကြံစည်ထားခဲ့သည်။သို့သော်လည်း ၎င်းသည် အချိန်ကုန်ပြီး လက်ရှိအခြေအနေနှင့်လည်း မသင့်တော်ပေ။

“ ဒိုဒို။အလုပ်လုပ်တော့။မင်း ကောင်းကောင်း စွမ်းဆောင်နိုင်မယ်ဆိုရင် ထင်ယောင်ထင်မှား သစ်သီး၁၀လုံး ဆုချမယ်။ ”

ထိုစကားပြောပြီးသည်နှင့် ချန်လွေ့ပုခုံးပေါ်မှ ကြိုးခွေသည် ချက်ချင်းပင် ဖောက်ထွင်းမြင်ရသည့် ပိုက်ကွန်အဖြစ် ပြောင်းလဲသွားသည်။ပြေးဝင်လာသည့် နတ်ဆိုးယင်ကောင်များသည် ထိုပိုက်ကွန်ထဲသို့ ရောက်ရှိသွားကြသည်။ ဧရာမပိုက်ကွန်ကြီး ပိတ်သွားသည့်အခါ နတ်ဆိုးယင်ကောင်များကို ချွဲကျိကောင် ဝါးမျိုလိုက်သည်။ထင်ယောင်ထင်မှား သစ်သီးများသည် အမှန်တကယ်ပင် ဆွဲဆောင်မှု ပြင်းထန်လှသည်။

ချန်လွေ့ စမ်းကြည့်လိုက်သည်။ဒိုဒိုသည် [ ဖျက်ဆီးခြင်း အရှိန်အဝါခုတ်ချက် ] အဝန်းအဝိုင်းအတွင်း ရောက်နေသော်လည်း ထိခိုက်မှုမရှိပေ။၎င်းသည် “ ရန်လိုသည့်သတ္တဝါများ ”ကို သေသေချာချာ ခွဲခြားနိုင်ပုံရသည်။

အခြားတစ်ဖက်တွင် စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်သည် လက်ရွေးစင် မြေဒြပ်စင်ကောင် နှစ်ယောက်၏ တိုက်ခိုက်မှုများကို မခံနိုင်တော့ပေ။ဆော့ခ်၏ မှော်လက်သီးဖြင့် အထိုးခံရပြီးနောက် ၎င်းသည်အပိုင်းပိုင်း ဖြစ်သွားတော့သည်။

သို့သော်လည်း မြေပေါ်မှ အပိုင်းအစများသည် မကြာမီတွင် ပြန်လည်စုစည်းသွားပြီး စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင် အသွင်သို့ ပြန်လည်ရောက်ရှိသွားသည်။ထိုကဲ့သို့ သုံးလေးကြိမ် ဖြစ်နေခဲ့ပြီး ၎င်းတို့ကို သတ်ပစ်ရန် မဖြစ်နိုင်ပေ။ဤသို့ဆိုလျှင် ဆော့ခ်နှင့် ထာ့ခ်တို့၏ စွမ်းအားများ တဖြည်းဖြည်း ကျဆင်းသွားကာ နောက်ဆုံး၌ ရှုံးနိမ့်သွားနိုင်သည်။

ထိုစိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်သည် ဒိုဒိုကဲ့သို့ မသေနိုင်လိမ့်မည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။ထိုအချိန်၌ အပိုင်းအစတစ်ခု ချန်လွေ့ရှေ့သို့ ရောက်လာသည်။ ထိုအပိုင်းအစ၏ စွမ်းအားကို [ သရုပ်ခွဲမျက်လုံး ] က [ E ] ဟု ဖော်ပြသည်။ထို့နောက် ၎င်းသည် [ D ] ဖြစ်သွားသည်။ထို့နောက် [ C ] ဖြစ်သွားပြန်သည်။၎င်းသည် [ သရုပ်ခွဲမျက်လုံး ] အဝန်းအဝိုင်းအတွင်းမှ ရောက်ရှိသွားသော်လည်း စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်အသွင်သို့ ပြောင်းသွားသည့်အခါ “ မဆုံးဖြတ်နိုင် ” သို့ ပြန်လည်ရောက်ရှိသွားသည်။

နောက်တစ်ကြိမ် ပြိုကွဲသွားသည့်အခါ အပိုင်းအစသည် [ F ] အဆင့်သာ ရှိတော့သည်။ သို့သော်လည်း ပြန်လည်စုစည်းသွားသည့်အခါ တဖြည်းဖြည်းအဆင့် ပြန်တိုးသွားသည်။

ယခုတွင် ချန်လွေ့ [ အရှိန်အဝါ ကူးပြောင်းခြင်း ]ကို အသုံးပြုလိုက်လျှင် ထိုမျက်လုံးများနှင့် ရင်ဆိုင်ရနိုင်သည်။အောင်မြင်သွားလျှင်လည်း ယခုတွင် ချန်လွေ့သည် အစွမ်းထက် နတ်ဆိုးယင်ကောင်များ၏ ဝိုင်းရံထားခြင်းကို ခံထားရသည်။အဆက်မပြတ် ကူးပြောင်းရန် လုံးဝအချိန်မရှိပေ။

စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်အား ဒိုဒိုဝါးမျိုသည့်မြင်ကွင်းကို တွေးမိရင်း ချန်လွေ့ အကြံတစ်ခု ရလိုက်သည်။ချန်လွေ့သည် ချွဲကျိကောင်ကို ခေါ်ပြီး လက်ရွေးစင် မြေဒြပ်စင်ကောင်နှစ်ယောက်အား အော်ပြောသည်။

“ မြန်မြန်လုပ်။မင်းတို့ရဲ့ အစွမ်းတွေသုံးပြီး အဲဒါကို ပြန့်ကျဲသွားအောင်လုပ်။အဲဒါကိုရှင်းဖို့ ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ်။ ”

All Chapters