← Chapters

နတ်ဆိုးအရှင်သခင်။ပြိုင်ဘက်ကင်း ဂလော်ဖင်း

Vol. 11 Ch. 162

နတ်ဆိုးအရှင်သခင်။ပြိုင်ဘက်ကင်း ဂလော်ဖင်း

Vol. 11 Ch. 162

လမ်းတစ်လျှောက်လုံး အပြေးသွားပြီးနောက် ချန်လွေ့တို့သုံးယောက်သည် နောက်ဆုံး၌ ပြိဿမျိုးနွယ်အနီးသို့ ရောက်ရှိသွားသည်။တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုသည် ချန်လွေ့၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။

လမ်းတစ်လျှောက်၌ မယ်ဒူဆာများ၊ပြိဿများနှင့် မြေဒြပ်စင်ကောင်များ ရှိနေကြသော်လည်း ၎င်းတို့သည် ကျောက်ရုပ်များ ဖြစ်နေကြသည်။၎င်းမှာ မယ်ဒူဆာတို့၏ ကျောက်ဖြစ်ပါရမီကြောင့် မဟုတ်ဘဲ အမှန်တကယ်ပင် သလင်းကျောက်ရုပ်ထုများ ဖြစ်နေခြင်း ဖြစ်သည်။အပြင်ဘက်မှ ဝါဖျော့ဖျော့ သလင်းကျောက် အလွှာပါးလေးတစ်ခုသာ ဖုံးလွှမ်းထားသော်လည်း အသက်ဓာတ် လုံးဝကင်းမဲ့နေသော အလွှာပါး သလင်းကျောက်အခွံ ကဲ့သို့ပင် ဖြစ်နေသည်။

မပြည့်စုံသည့် ကျောက်ရုပ်များစွာ ရှိနေသည်။အပျက်အစီးများကိုကြည့်လျှင် အပေါ်ယံမျက်နှာပြင်သာမက အသားအရည်များပါ သလင်းကျောက် ဖြစ်နေကြောင်း သိနိုင်သည်။ချန်လွေ့တို့ ခြေတစ်လှမ်းနောက်ကျသွားပုံရပြီး ဂလော်ဖင်း၏ ကျူးကျော်မှုသည် ပြိဿမျိုးနွယ်သို့ ဆက်လက်သွားနေဟန်တူသည်။ ဒါဆိုရင် အသီနာကရော......

ချန်လွေ့ နှလုံးခုန်မြန်လာပြီး နမိတ်မကောင်းသည့် ခံစားချက်ရလာကာ အလျင်အမြန် အရှိန်တင်ပြီး သွားတော့သည်။

နောက်ဆုံး၌ ပြိဿ သားရဲတွင်းရှေ့တွင် ပထဝီဘုံမှ ရွှေ့လာသော ပျက်စီးနေသည့် မြေနန်းတော်ကို ချန်လွေ့ တွေ့လိုက်ရသည်။နန်းတော်ကို ထိုးဖောက်၍မရနိုင်သော နတ်ဆိုးယင်ကောင် အလွှာများစွာဖြင့် ဝိုင်းရံထားသည်။ထိုနေရာတစ်ဝိုက်တွင်လည်း အရောင်တောက်နေသော သလင်းကျောက်များ ဖုံးလွှမ်းနေသည်။ထိုနေရာပေါ်သို့ ချန်လွေ့သို့ ဖြတ်လျှောက်သွားသည့်အခါ စွမ်းအင်ကုန်ဆုံးမှုသည် အကြောင်းရင်းမရှိဘဲ နှစ်ဆနီးပါး ကုန်ဆုံးနေသည်ဟု ခံစားနေရသည်။

အဝေးမှကြည့်သည့်အခါ အနီးအနားတစ်ဝိုက်တွင် ခုခံမှုများ ရှိ‌မနေပေ။အကြောင်းရင်းမှာ မယ်ဒူဆာ၊ပြိဿနှင့် မြေဒြပ်စင်ကောင် အားလုံးနီးပါးမှာ သလင်းကျောက်များအဖြစ် ပြောင်းလဲသွား၍ပင်ဖြစ်သည်။မြေနန်းတော်မှ တိုက်ပွဲသံ ယဲ့ယဲ့လေးကိုသာ ကြားနေရသည်။ ၎င်းမှာ ပြိဿအကြီးအကဲ ဒယ်လောင်၏အသံပင် ဖြစ်သည်။

ချန်လွေ့ အားတက်သွားပြီး လက်ရွေးစင် မြေဒြပ်စင်ကောင် နှစ်ယောာက်နှင့်အတူ မြေနန်းတော်ဆီသို့ အပြေးသွားလိုက်သည်။လမ်းတစ်လျှောက်ရှိ မြေဒြပ်စင်ကောင်များနှင့် နတ်ဆိုးယင်ကောင်များ ဝိုင်းအုံချင်နေကြသော်လည်း အမိန့်တစ်ခုကို သူတို့ရရှိသွားပုံရသည်။ သူတို့သည် ချန်လွေ့တို့သုံးယောက်အား လမ်းဖယ်ကာ မြေနန်းတော်ဆီသို့ ပေးသွားသည်။

မြေနန်းတော်အတွင်း၌ မယ်ဒူဆာဘုရင်မနှင့် ပြိဿအကြီးအကဲတို့သည် သလင်းကျောက်ဖြင့်ပြုလုပ်ထားသော နတ်ဆိုးယင်ကောင်များနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။၎င်းသည် အသက်ဓာတ်ရေစင်၌ ချန်လွေ့တွေ့ခဲ့ဖူးသည့် စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင် ဖြစ်သည်။သူတို့နှင့် မနီးမဝေးတွင် အသီနာ၊ တင်၊တော်ရီ၊လိုင်ဆာနှင့် အခြားသူများ ရှိနေကြပြီး စုစုပေါင်း ဒါဇင်ခန့်ရှိကြသည်။သူတို့ အသက်ရှင်နေသေးသော်လည်း မလှုပ်ရှားနိုင်ကြတော့ပေ။

နန်းတော် အလယ်ဗဟို၌ ပုဂ္ဂိုလ်တစ်ဦး မတ်တပ်ရပ်နေသည်။ထိုသူသည် အရပ်မြင့်မြင့် မြေဒြပ်စင်ကောင် တစ်ယောက်ဖြစ်ပြီး ကြွက်သားများနှင့် ဆက်စပ်နေပုံရသည့် ထူးဆန်းသောချပ်ကာတစ်ခုကို ဝတ်ဆင်ထားသည်။ထို့ပြင် သူ၏မျက်နှာတွင်လည်း ထူးထူးဆန်းဆန်း မျက်နှာဖုံးတစ်ခု ရှိနေသည်။

မျက်နှာဖုံးသည် သာမန်ဟုသာ ထင်ရပြီး နဖူးအလယ်၌ အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေသည်။ထိုသူသည် ဂလော်ဖင်း ဝင်ပူထားသည့် မြေဒြပ်စင်ဘုရင် ဖြစ်ရပေမည်။ချန်လွေ့တို့သုံးယောက် မြေနန်းတော်ထဲ ဝင်သွားရာ မြေဒြပ်စင်ဘုရင်နှင့် ပက်ပင်းတိုးသွားသည်။မျက်နှာဖုံး နောက်ကွယ်မှ မျက်လုံးများ ရုတ်တရက် အရောင်တောက်သွား၏။၎င်းတို့မှ အေးစက်ပြီး ထူးဆန်းသော အလင်းရောင်များ တောက်ပနေသည်။

ထိုမျက်လုံးတစ်စုံကို ကြည့်လိုက်ရာ အ‌ကြောင်းရင်းမရှိဘဲ ချန်လွေ့၏နှလုံးသား တွန့်သွားသည်။တစ်ကိုယ်လုံးကို မမြင်နိုင်သည့် ဖိနှိပ်မှုများက ထိန်းချုပ်သွားသကဲ့သို့ ဖြစ်သွားပြီး ချန်လွေ့သည် ချက်ချင်းပင် လှုပ်ရှားနိုင်စွမ်း ပျောက်ဆုံးသွားသည်။

ဒါက အဲဒီမျက်လုံးပဲ။ကြက်သီးစရာကောင်းတဲ့ ထူးထူးဆန်းဆန်း မျက်လုံး။ ချန်လွေ့သည် ထိုမျက်လုံးများ၏ ကြောက်မက်ဖွယ်ကောင်းမှုများကို အသက်ဓာတ်ရေစင်နှင့် ထိန်းချုပ်ခံ မြေဒြပ်စင်ကောင်များမှ ခံစားခဲ့ရဖူးသည်။သို့သော်လည်း ယခုအမှန်တကယ် ရင်ဆိုင် ရသည့်အခါ ဆယ်ဆခန့် ပို၍ကြောက်မက်ဖွယ် ကောင်းလှသည်။တစ်ချက်ကြည့်ရုံဖြင့် ချန်လွေ့တစ်ကိုယ်လုံးရှိသွေးများ အေးခဲသွားသကဲ့သို့ ဖြစ်သွားသည်။ချန်လွေ့သည် မည်သည့်အင်အားမျှ မထုတ်နိုင်တော့ပေ။

ထာ့ခ်နှင့် ဆော့ခ်တို့သည် မဟာနတ်ဆိုးဘုရင်များ ဖြစ်ကြသည့်အတွက် ကြီးကြီးမားမား သက်ရောက်ခံရပုံ မရချေ။သူတို့သည် မတုံ့ဆိုင်းဘဲ စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင် များဆီသို့ အပြေးသွားလိုက်ကြသည်။ဤသို့ဖြင့် မယ်ဒူဆာဘုရင်မနှင့် ပြိဿ အကြီးအကဲတို့ ခံစားနေရသော ဖိအားများ အတော်လေး လျော့ကျသွားသည်။သို့သော် ထိုစိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်များသည်လည်း မသေနိုင်ကြပေ။သူတို့၏ခွန်အား အလျင်အမြန်ပြန်သက်သာလာကာ စွမ်းအားမလျော့ကျသွားသည့်အပြင် ပို၍စွမ်းအား တိုးလာကြသည်။သို့ရာတွင် မယ်ဒူဆာဘုရင်မနှင့် အခြားသူများ၏ တိုက်ခိုက်မှုများမှာ ပုံမှန်ထက် အားနည်းလာကြပြီး စွမ်းအားကုန်ဆုံးမှုမှာလည်း နှစ်ဆဖြစ်သွားသည်။ ယခုတွင် လက်ရွေးစင် မြေဒြပ်စင်ကောင် နှစ်ယောက်၏အကူအညီ ရှိနေပြီ ဖြစ်သော်လည်း သူတို့ အရေးနိမ့်နေဆဲပင် ဖြစ်သည်။

ထိုအချိန်တွင် နတ်ဆိုးယင်ကောင်များကို ဝါးမျိုပြီးနောက် ထူးခြားမှုများကို ဖိနှိပ်ပြီးသွား‌သော ဒိုဒို အိပ်မောကျသွားသည်။သူဘာမှ မလုပ်နိုင်တော့ပေ။ထို့ပြင် နေရာအနှံ့မှ ထူးဆန်းသော သလင်းကျောက်များကိုကြည့်လျှင် ပတ်ဝန်းကျင်အသစ် ဖြစ်ကြောင်း သိနိုင်သည်။ဤပတ်ဝန်းကျင်၌ စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုး‌ယင်ကောင်တို့၏ ပြန်လည်ရှင်သန်မှုများသည် အဆုံးမဲ့ ဖြစ်နိုင်သည်။အသက်ဓာတ်ရေစင်ကဲ့သို့ အရာမျိုးဖြင့် သက်ရောက်ခြင်း မရှိနိုင်တော့ပေ။

ဤသည်ကို နတ်‌ဆိုးအရှင်သခင် တစ်ယောက်၏ “ ပိုင်နက် ”အစွမ်းဟု အသိအမှတ်ပြု၍ ရနိုင်ပေသည်။

ထူးဆန်းတာက ဂလော်ဖင်းရဲ့ စွမ်းအားအဆင့်နဲ့ဆိုရင် ပြိဿအကြီးအကဲနဲ့ အခြားသူတွေကို သတ်ပစ်ဖို့က အလွယ်လေးပဲ။ဒါပေမဲ့ သူကဘာဖြစ်လို့ တိုက်ခိုက်ဖို့ အတွက် စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်တွေကိုပဲ အားကိုးနေရတာလဲ။သူ့အစွမ်းကို မသုံးနိုင်လို့များလား။ဒါဆိုရင် ဒီပိုင်နက်ကရော ဘာလုပ်တာလဲ။ 

ချန်လွေ့လက်ထဲ၌ အမှောင်ဆန္ဒ လက်စွပ် ပေါ်ထွက်လာကာ အားလှိုင်းများ ဖန်တီးလိုက်သည်။ထိုလှိုင်းများ၏ အကူအညီနှင့်အတူ ချန်လွေ့၏ မူလက တံ့နေသော ကြယ်စွမ်းအားများ ပြန်လည် လည်ပတ်လာသည်။ခန္ဓာကိုယ်ကို ဖိနှိပ်နေသော အားများ လျော့ကျသွားသကဲ့သို့ ချန်လွေ့ ခံစားလိုက်ရပြီး ပြန်လည် လှုပ်ရှား၍ ရသွားသည်။ အမှောင်ဆန္ဒ၏ စိတ်စွမ်းအင် နှောင့်ယှက်မှုများကို ခုခံနိုင်သောစွမ်းရည်သည် ကြီးကြီးမားမား ဖိနှိပ်ခံနေရကြောင်း ချန်လွေ့ သေသေချာချာ ခံစားနေရသည်။၎င်းသည် ယခင်ကကဲ့သို့ အစွမ်းမထက်တော့ပေ။

ချန်လွေ့သည် ထိုမျက်လုံးများကို ထပ်မကြည့်ရဲတော့ဘဲ အသီနာအနားသို့ တည့်တည့် သွားလိုက်သည်။

“ ချန်လွေ့။ထွက်ပြေးတော့။အခုပဲ။ ”

ချန်လွေ့ကို အသီနာမြင်သည့်အခါ မပျော်ရွှင်‌သွားဘဲ စိုးရိမ်စိတ်သာဖြစ်လာသည်။ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ရန်သူအား ရင်ဆိုင်သည့်အခါ အနီးအနား၌ ချန်လွေ့ မရှိသည်မှာ ကောင်းသည်ဟု အသီနာ တွေးမိခဲ့သည်။သို့သော်လည်း ချန်လွေ့သည်ထိုကဲ့သို့ အချိန်တွင်မှ အပြေးရောက်လာလေသည်။

ချန်လွေ့ ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။စကားမပြောသော်လည်း ချန်လွေ့၏မျက်လုံးထဲမှ အဓိပ္ပာယ်ကို အသီနာ သဘောပေါက်သည်။ ထွက်သွားမယ် ဆိုရင် အတူတူထွက်သွားမယ်။သေမယ်‌ဆိုရင်လည်း အတူတူသေကြမယ်။

ချန်လွေ့အား စိတ်ဝိညာဉ် ချည်နှောင်မှုကို ဖယ်ရှားစေနိုင်ခဲ့သော အစွမ်းကြောင့် မြေဒြပ်စင်ဘုရင်၏မျက်လုံးများ အဝါရောင် တောက်ပသွားသည်။သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ထုတ်လွှတ်နေသည်။မျက်နှာ‌ဖုံးနောက်မှလည်း အံကြိတ်ထားသည့်အသံ ထွက်လာသည်။ထိုအသံတွင် အသံနှစ်သံရောနေပြီး တစ်သံမှာ မြေဒြပ်စင်ကောင် ဘာသာစကားဖြစ်ပြီး ကျန်တစ်ခုမှာ နတ်ဆိုးဘုံရှိ အများဆုံး ဘာသာစကားဖြစ်သည်။

“ အမှောင်ဆန္ဒ....။လူစီဖာ တော်ဝင်မိသားစု..... ”

ထိုစဉ်က ဂလော်ဖင်းသည် သန်းခေါင်နေအရှင်ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည့်အတွက်ကြောင့် အမှောင်ဆန္ဒနှင့် မစိမ်းနေပေ။အမှောင်လမြို့၌ ရှုံးနိမ့်သွား‌ခြင်းသည် ဘယ်လ်ဇီဘတ် တော်ဝင်မိသားစု ပြန်လည်တိုးတက်လာရန် နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုများကို ပျက်စီးသွားစေခဲ့သည်။ရဲဘော်ရဲဘက် မြောက်မြားစွာ သေဆုံးသွားခဲ့ပြီးနောက် ဂလော်ဖင်းကိုယ်တိုင်လည်း သေလုနီးပါး ဖြစ်သွားခဲ့သည်။ထို့ကြောင့် သူသည် လူစီဖာ တော်ဝင်မိသားစုအား အရိုးထဲထိ မုန်းတီးနေသည်။

ထိုအသံကြောင့် စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်များသည် သလင်းကျောက်များ အဖြစ် ကွဲကြေသွားပြီး ကြီးမားပြင်းထန်သော အားတစ်ခု ချက်ချင်း ပျံ့နှံ့သွားသည်။ ပြိဿအကြီးအကဲ ကဲ့သို့ မဟာနတ်ဆိုးဘုရင်များပင် ထိုအားကို မခံနိုင်ခဲ့ပေ။သူတို့ နောက်သို့ ဆုတ်သွားရပြီး နောက်ဆုံး၌ မြေပြင်ပေါ်သို့ လဲကျသွားသည်။ချန်လွေ့သည် အသီနာအား တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ထိုအားကြောင့် သူတို့နှစ်ယောက် လွင့်စင်သွားကာ နန်းတော်တိုင်လုံးတစ်လုံးနှင့် တိုက်မိပြီးမှ ရပ်တန့်သွားတော့သည်။ မုန်တိုင်းထဲသို့ ရောက်နေပြီး ခုခံရန် အင်အားလုံးဝ မရှိတော့သကဲ့သို့ ဖြစ်နေသည်။ ချန်လွေ့ တုန်လှုပ်သွားသည်။ ဒါက နတ်ဆိုးအရှင်သခင်ရဲ့ အစွမ်းလား။သူက တစ်ချက်ပဲ အော်ရသေးတယ်။ပြီးတော့ ဒါက.......

စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်များ ကွဲကြေသွားသော်လည်း ဘေးအန္တရာယ် ပြီးဆုံးသွားခြင်း မဟုတ်ပေ။ထိုအသံတိတ်သွားပြီးနောက် နန်းတော်ထဲရှိလူအားလုံး တစ်ပြိုင်နက်တည်း ခဲသွားကြသည်။သူတို့ကို သေးငယ်လှသော သလင်းကျောက် မြောက်မြားစွာက တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသည်။ချက်ချင်းပင် ကြီးထွားနေသော သလင်းကျောက်များသည် ခြေထောက်အောက်မှ ပျံ့နှံ့လာနေပြီး အစွမ်းထက် ဝါးမျိုအားတစ်ခု ရှိနေသကဲ့သို့ပင် သူတို့၏စွမ်းအားများကို အလျင်အမြန် လျော့ကျသွားစေသည်။ထွက်ပြေးဖို့မပြောနှင့်။သူတို့သည် လှုပ်ရှား၍လည်းမရ။ ခုခံ၍လည်းမနိုင်ပေ။

ချန်လွေ့သည် အသီနာကိုဖက်ထားပြီး အံကြိတ်ကာ အမှောင်ဆန္ဒ၏ တယ်လီပို့ စွမ်းရည်ကို အသုံးပြုလိုက်သည်။သူတို့၏ခန္ဓာကိုယ် ခဏသာ ဝေဝါးသွားပြီး မူလနေရာ၌ ပြန်ပေါ်လာလိမ့်မည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။သူတို့ကို သလင်းကျောက်များ ထပ်ပြီး ဝိုင်းရံလိုက်ပြန်သည်။

“ ပိုက်နက် ” အစွမ်းသည် အမှောင်ဆန္ဒ၏ တယ်လီပို့အစွမ်းကို ကန့်သတ်နိုင် လောက်သည်အထိ အစွမ်းထက်လိမ့်မည်ဟု မထင်ထားမိခဲ့၍ ချန်လွေ့ ထိတ်လန့်သွားသည်။ ချန်လွေ့၏ နောက်ဆုံး ထွက်ပြေးသည့်အစီအစဉ်ပင် ကျဆုံးသွားလေပြီ။ယခင်က နတ်မိစ္ဆာမျက်လုံး၏ နှောင့်ယှက်မှုကြောင့် ကျဆုံးသွားခဲ့ရသည့် ဥပမာလည်း ရှိခဲ့ဖူးသည်။အဆောင်ပစ္စည်း၏ စွမ်းအားသည် အကန့်အသတ် ရှိ‌နေပုံရသည်။

“ ထွက်ပြေးချင်တာလား။ ”

ဂလော်ဖင်း ခနဲ့လိုက်သည်။

“ ဒီပိုင်နက်ထဲမှာ နတ်ဆိုးအရှင်သခင် တစ်ယောက်ဆိုရင်တော့ ဘယ်မှော်ပစ္စည်းကိုမှ သုံးလို့မရဘူး။အဆောင်ပစ္စည်းမဟုတ်ရင်ပေါ့...... ”

ထိုအချိန်၌ စုပ်ယူခြင်း ရုတ်တရက် အားနည်းသွားသည်။မြေဒြပ်စင်ဘုရင်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲသံများကို သူတို့ကြားလိုက်ရသည်။မာကြောလှသော ချပ်ကာအရေးပြားတွင် အမှန်တကယ်ပင် အက်ကြောင်း အမြောက်အမြား ပေါ်ထွက်လာခဲ့သည်။

“ သောက် မြေဒြပ်စင်ဘုရင်။ ”

မျက်နှာဖုံးမှ သုန်မှုန်နေသော အော်သံတစ်သံ ထွက်လာသည်။

“ အသက်ဓာတ်ရေစင် ငါ့ကိုပေး။ ”

ချန်လွေ့သည် အသီနာကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားကာ သလင်းကျောက် စွမ်းအားများကို အတူတူ ခုခံနေရင်း တစ်စုံတစ်ခုကို တွေးမိသွားသည်။ ဒီလိုဖြစ်မယ်။ ဂလော်ဖင်းက မြေဒြပ်စင်ဘုရင်ကို လုံးဝမထိန်းချုပ်နိုင်သေးဘူး။အဲ့ဒါကြောင့်ပဲ သူက စွမ်းအားအများကြီး မထုတ်သုံးရဲတာ။အသက်ဓာတ်ရေစင်က ဂလော်ဖင်းရဲ့ ထိန်းချုပ်မှုကို တိုးမြှင့်စေတယ်။

ယခုအချိန်တွင် ဂလော်ဖင်းသည် အလွန်အမင်း ဒေါသထွက်နေသည်။မြေဒြပ်စင်ဘုရင်ကို ဖြည်းဖြည်းချင်း ဖိနှိပ်ရန်အတွက် ဂလော်ဖင်းသည် စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင် ကိုယ်ပွားများအား ပထဝီဘုံနှင့် ပိစိမှင်စာတို့ရှိ အသက်ဓာတ်ရေစင်ဆီမှ စွမ်းအားစုပ်ယူ ခိုင်းထားခဲ့သည်။ပြိဿ သားရဲတွင်းနှင့် မယ်ဒူဆာ အသိုက်အမြုံရှိ အသက်ဓာတ်ရေစင်ရှိ ဂလော်ဖင်း၏ ကိုယ်ပွားမျိုးစေ့များမှလည်း စွမ်းအားစုပ်ယူနေသည့်အတွက် နေရာလေးခုမှ တစ်ပြိုင်နက်တည်း စွမ်းအားရရှိနေသကဲ့သို့ပင် ဖြစ်နေသည်။

မြေဒြပ်စင်ဘုရင်၏ စိတ်ဆန္ဒအား လုံးဝဖိနှိပ်နိုင်တော့မည့် အချိန်မှ ပြိဿ သားရဲတွင်းမှ “ စွမ်းအင် ” ရုတ်တရက် ပျောက်ကွယ်သွားသည်။ထို့နောက် မယ်ဒူဆာတို့ထံမှ စွမ်းအင် ပျောက်ကွယ်သွားသည်။“ မျိုးစေ့ ”တွင် ဂလော်ဖင်း၏ စွမ်းအားပါဝင်သော်လည်း စစ်မှန်သော “ ပိုင်နက် ” ၏ အစိတ်အပိုင်း မဟုတ်ချေ။ထို့ကြောင့် မည်သည်ဖြစ်ပျက် သွားခဲ့ကြောင်း သူမသိပေ။စွမ်းအင်အရင်းအမြစ် ပျောက်ဆုံးသွားသည်ကိုသာ ခံစားရသည်။

မယ်ဒူဆာ အသိုက်အမြုံကို တိုက်ခိုက်ခြင်း ကျရှုံးပြီးနောက် ဂလော်ဖင်း၏လက်ထဲတွင် တိုက်ခိုက်ရေးသမားအဖြစ် လက်ရွေးစင် မြေဒြပ်စင်ကောင် တစ်ယောက်သာ ကျန်တော့သည်။ထို့ကြောင့် မျိုးနွယ်စုနှစ်ခုကို မခြိမ်းခြောက်နိုင်တော့ပေ။ ဂလော်ဖင်းသည် သေချာစဉ်းစားပြီးနောက် ကိုယ်တိုင်လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။ ပထဝီဘုံမှ ထွက်သွားပြီးသည့်အခါ လုံးဝထိန်းချုပ်ထားပြီးသည့် ပိစိမှင်စာတို့၏ အသက်ဓာတ်ရေစင်သည် အကြောင်းတစ်မျိုးမျိုးကြောင့် ပျောက်ကွယ်သွားကြောင်းကို သိလိုက်ရပြီး ဂလော်ဖင်း အံ့အားသင့်သွားသည်။နောက်ဆုံးတွင် သူ၏ခိုလှုံရပ် အဟောင်းဖြစ်သော ပထဝီဘုံမှ အသက်ဓာတ်ရေစင်လည်း ပျောက်ကွယ်သွားခဲ့သည်။

အသက်ဓာတ်ရေစင်များမှ စွမ်းအားများ ရုတ်တရက် ဆုံးရှုံးသွားရသော ဂလော်ဖင်းသည် ပြိဿ သားရဲတွင်းသို့ ရောက်ရှိသွားခဲ့သည်။သူသည် လမ်းတစ်လျှောက်ရှိ ဆန့်ကျင် နေသော သတ္တဝါများကို သုတ်သင်ရန်ဆုံးဖြတ်ပြီး မည်သည့်အတွက်ကြောင့် အသက်ဓာတ်ရေစင် ပျောက်ကွယ်သွားရကြောင်းကို အ‌ဖြေရှာနိုင်ရန် ကြိုးစားခဲ့သည်။

အသက်ဓာတ်ရေစင်မှ စွမ်းအားများ ပျောက်ဆုံးသွားမှုကြောင့် မြေဒြပ်စင်ဘုရင်၏ ခုခံမှုများသည် တဟုန်ထိုး တိုးပွားလာခဲ့သည်။သူ၏ထိန်းချုပ်မှုမှ ကင်းလွတ်လုနီးပါး ဖြစ်သွားခဲ့သည်။စုဆောင်းထားခဲ့သည့် ပိုင်နက်စွမ်းအားဖြင့် ဖိနှိပ်နိုင်လိုက်၍ တော်သေးသည်။ ထို့ကြောင့်ပင် ဤကဲ့သို့အားနည်းသော ရန်သူများသည် ယခုအချိန်အထိ ဂလော်ဖင်းအား တိုက်ခိုက်နေနိုင်ခြင်း ဖြစ်သည်။

ထူးဆန်းစွာပင် ပြိဿ သားရဲတွင်းမှ အသက်ဓာတ်ရေစင်သည် မည်သို့မှန်းမသိ ပျောက်ကွယ်သွားပုံရသည်။“ပိုင်နက်” အစွမ်းဖြင့်ပင် မရှာတွေ့ခဲ့ပေ။ထိုအချိန်တွင် လက်ရွေးစင် မြေဒြပ်စင်ကောင် နှစ်ယောက် ပေါ်ထွက်လာပြီး တစ်ယောက်သည် ထိန်းချုပ်မှုကို ဖယ်ရှားနိုင်ခဲ့လေသည်။

မုန်းစရာအကောင်းဆုံးကတော့ အမှောင်ဆန္ဒကို ဝတ်ထားတဲ့ နတ်ဆိုးပဲ။သူက ငါ့ရဲ့ဝိပါက် လူစီဖာတော်ဝင်မိသားစုကပဲ ဖြစ်ရမယ်။

မြေဒြပ်စင်ဘုရင်ထံမှ ပေါက်ကွဲသံများ ငြိမ်သက်သွားပြီး အက်ကြောင်းများမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ခန္ဓာကိုယ်ပေါ်ရှိ သလင်းကျောက်များ၏ ဝါးမျိုခြင်း စွမ်းအား ရုတ်တရက် တိုးမြင့်သွားကြောင့် ချန်လွေ့နှင့် အခြားသူများ ခံစားရလိုက်ပြီး ဒူးပေါ်မှ သလင်းကျောက်များသည် ခါးအထိတက်လာသည်။ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ဝါးမျိုမှုအောင်တွင် သူတို့၏ ခွန်အားသာမက အသက်ဓာတ်များပါ အလျင်အမြန် လျော့နည်းလာနေသည်။

“ အသက်ဓာတ်ရေစင် ဘယ်မှာလဲ ငါ့ကိုပြော။မဟုတ်ရင် မင်းတို့အားလုံး သေရမယ်။ ”

“ ခဏနေဦး။ ”

သေရေးရှင်ရေး အခြေအနေ ဖြစ်နေပြီ ဖြစ်သည့်အတွက် ချန်လွေ့သည် သလင်းကျောက်များ၏ ဖိနှိပ်မှုကို ခုခံရန်ကြိုးစားရင်း အော်ပြောလိုက်သည်။

သလင်းကျောက်၏ အမြန်နှုန်း ရပ်တန့်သွားသည်နှင့် နတ်ဘုရားဝါးမျို မျက်နှာဖုံးနောက်ကွယ်မှ အကြည့်သည် ချန်လွေ့၏ကိုယ်ပေါ်သို့ ရောက်ရှိသွားကာ အသံစူးစူး ထွက်လာသည်။

“ အသက်ဓာတ်ရေစင် ဘယ်မှာလဲ။အခုပဲ ငါ့ကိုပြော။ ”

“ သူ့ကို ပြောလို့မဖြစ်ဘူး။ ”

အသက်ဓာတ်ရေစင်၏ အရေးပါမှုကို သတိထားမိလိုက်သည့်အတွက် ထာ့ခ် အော်ပြောလိုက်သည်။

“ မဟုတ်ရင် သူက ဘုရင်ကြီးကို လုံးဝ ထိန်းချုပ်နိုင်သွားလိမ့်မယ်။ ”

မျက်နှာဖုံးနောက်ကွယ်မှ ဒေါသထွက်နေသည့် အမူအရာ ဖြတ်ခနဲဖြစ်သွားပြီး သလင်းကျောက်များသည် ထာ့ခ်တစ်ကိုယ်လုံးကို ရုတ်တရက် လွှမ်းမိုးသွားခဲ့သည်။ထာ့ခ် အစွမ်းကုန် ရုန်းက‌န်သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။တဖြည်းဖြည်းနှင့် ထာ့ခ်သည် သလင်းကျောက်ရုပ်ထု ဖြစ်သွားသည်။

ချက်ချင်းနီးပါးပင် ခွမ်းခနဲ အသံထွက်လာကာ ရုပ်ထုပေါက်ကွဲသွားပြီး ခန္ဓာကိုယ် အပိုင်းအစများ နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။မဟာနတ်ဆိုးဘုရင်စွမ်းအားရှိ‌သော ထာ့ခ်သည် လုံးဝမခုခံနိုင်ဘဲ တစ်စစီဖြစ်သွားသည်။အားလုံး ဒေါသထွက်ပြီး ပူဆွေးသွားကြသည်။အထူးသဖြင့် ဆော့ခ်သည် ပို၍ပင် ဒေါသထွက်နေသည်။ သို့သော်လည်း ခန္ဓာကိုယ်ပေါ်မှ ဖိနှိပ်မှုများကို မဖယ်ရှားနိုင်သေးပေ။

အစွမ်းအပြည့်အဝ မသုံးနိုင်ပေမဲ့လည်း နတ်ဆိုးအရှင်သခင်တစ်ယောက်ကို အစွမ်းထက်ဆုံး မဟာနတ်ဆိုးဘုရင်တစ်ယောက်ဆိုရင်တောင် ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး။ 

“ အသက်ဓာတ်ရေစင် ဘယ်မှာရှိလဲဆိုတာ မသိရရင် ဒီကလူတွေအားလုံး တစ်စစီဖြစ်သွားရမယ်။ ”

“ တော်တော့။ဂလော်ဖင်း။ ”

ချန်လွေ့ အံကြိတ်လိုက်သည်။

“ သူတို့ကိုလွှတ်ပေးရင် ကျုပ်ခင်ဗျားကို ပြောပြမယ်။ ”

“ မင်းက ငါ့ကိုသိနေတယ်။ ”

ဂလော်ဖင်း၏အသံတွင် အံ့အားသင့်မှု အနည်းငယ် ပါဝင်နေသည်။ချန်လွေ့လက်ထဲမှ အမှောင်ဆန္ဒအကြောင်း တွေးမိရင်း ဂလော်ဖင်း ဒေါသတကြီး ပြောသည်။

“ သောက် လူစီဖာ။သူက ဒီနေရာအထိတောင် ငါ့ကို လိုက်ဖမ်းနေတယ်။ ငါဘယ်ရောက်နေလဲဆိုတာ သန်းခေါင်နေ သိလား။ ”

ဂလော်ဖင်းသည် သန်းခေါင်နေအရှင်အား လွန်ခဲ့သော နှစ်၄၀၀ခန့်က ရှုံးနိမ့်သွားခဲ့ပြီး မြေအောက်သို့ ထွက်ပြေးခဲ့ရသည်။လွန်ခဲ့သော နှစ်ပေါင်း၃၀၀ခန့်တွင် သန်းခေါင်နေ အရှင်သည် လူသားဘုံနှင့် စစ်ပွဲဖြစ်ရင်း သေဆုံးသွားကြောင်းကို သူမသိသေးပေ။

“ နတ်ဘုရားဝါးမျို အင်ပါယာက လူစီဖာတွေကြောင့် ပျက်စီးသွားရတာ။အဲ့ဒါကြောင့် ငါမင်းတို့ကို အသက်ရှင်ခွင့် မပေးနိုင်ဘူး။ ”

ဂလော်ဖင်း၏အသံတွင် အလွန်တရာ မုန်းတီးမှုများ ပေါ်လွင်နေသည်။

“ အသက်ဓာတ်ရေစင် ဘယ်မှာရှိလဲဆိုတာ ငါ့ကိုပြောပြ။ပြီးရင် မင်းတို့ကို ခပ်မြန်မြန် အဆုံးသတ်ပေးမယ်။ ”

ဂလော်ဖင်း အထင်လွဲနေကြောင်း ချန်လွေ့သိသည့်အတွက် အလျင်အမြန် ရှင်းပြလိုက်သည်။

“ ကျုပ်က လူစီဖာ တော်ဝင်မိသားစုက မဟုတ်ဘူး။ကျုပ်က လူသားတစ်ယောက်ပဲ။ ပြီးတော့လည်း သန်းခေါင်နေအရှင်က လွန်ခဲ့တဲ့ နှစ်၃၀၀လောက်တုန်းက သေဆုံးသွားခဲ့တာ။ ”

“ သန်းခေါင်နေ သေပြီ ဟုတ်လား။ ”

ဂလော်ဖင်း ရူးရူးမူးမူး ရယ်မောလိုက်ရာ သူ၏အသံသည် ပြိဿ မျိုးနွယ်စုတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

သလင်းကျောက်များ၏ စွမ်းအားများ ပြန်လည်တိုးပွားလာကြောင်း ခံစားရသည့်အတွက် ချန်လွေ့သည် ခပ်မြန်မြန် ပြောသည်။

“ ဂလော်ဖင်း။ကျုပ် ခင်ဗျားကို အသက်ဓာတ်ရေစင် ပေးနိုင်တယ်။ဒါပေမဲ့ ကျုပ်ရဲ့ မိတ်ဆွေတွေကို အရင်လွှတ်ပေးရမယ်။ ”

“ ဟမ့် ”

ဂလော်ဖင်း စကားပြောရန်ပြင်လိုက်စဉ် ခန္ဓာကိုယ်သည် ထိန်းချုပ်၍မရဘဲ တုန်လှုပ်နေကြောင်း ခံစားရလိုက်သည့်အတွက် အမြန်ပြန်ဖြေလိုက်သည်။

“ ကောင်းပြီလေ။ ”

ဒီလူတွေက ငါ့ရဲ့ဇစ်မြစ်နှင့် တည်နေရာကို သိသွားကြပြီ။တစ်ယောက်မှ အသက်မရှင်သင့်ဘူး။အသက်ဓာတ်ရေစင် ဘယ်မှာရှိလဲဆိုတာ သိတာနဲ့ ငါသူတို့ကို ချက်ချင်း သတ်ပစ်မယ်။ 

ချန်လွေ့သည် ဂလော်ဖင်းကို အလွယ်တကူ မယုံကြည်ပေ။ချန်လွေ့ ရှေ့တက်ပြီး လူလွှတ်ပေးရန် သတ်မှတ်ချက်အကြောင်း ပြောရန်ပြင်လိုက်စဉ် မြေဒြပ်စင်ဘုရင်၏ ခန္ဓာကိုယ် တုန်ခါနေကြောင်း တွေ့လိုက်ရသည်။ထို့ကြောင့် ကွဲကြေလွယ်သည့် အရာတစ်ခု ကြေမွသွားသည့် အသံတစ်သံ ထွက်လာသည်။

“ နတ်ဘုရားဝါးမျို မျက်နှာဖုံး ” နောက်မှ မျက်လုံးများ အဖြူရောင် ပြောင်းသွားသည်။အဖြူရောင်အလင်းသည် မြေဒြပ်စင်ဘုရင်၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။ထိုအလင်းရောင်၏ သက်ရောက်မှုကြောင့် မြေပြင်ပေါ်ရှိ သလင်းကျောက်များ တစ်ခုပြီးတစ်ခု စတင်ကွဲကြေလာတော့သည်။ချန်လွေ့၏ အခြားသူများပေါ်ရှိ သလင်းကျောက်များလည်း ဆုတ်ခွာသွားကြပြီး ဝါးမျိုခံရသည့် စွမ်းအားများ ဖြည်းဖြည်းချင်း ပြန်လည်ရရှိလာသည်။

သို့သော်လည်း ထိုအဖြူရောင်အလင်း၏ စွမ်းအားသည် ကြာကြာမခံခဲ့ပေ။ မျက်နှာဖုံးနောက်ကွယ်မှ မျက်လုံးများ တုန်ခါလာပြီး တဖြည်းဖြည်းနှင့် အဝါဖျော့ရောင် ပြန်ဖြစ်သွားသည်။ဂလောဖင်း၏ အသံတွင် ကြီးကြီးမားမား ကြောက်ရွံ့မှု ပါဝင်နေသည်။

“ မိုက်မဲလိုက်တဲ့ကောင်။သူက တကယ်ပဲ မြေဒြပ်စင်နှလုံးသားကို ကြေမွအောင် လုပ်ပစ်လိုက်ပြီ။ ”

All Chapters