← Chapters

အသက်ရှင်ရန် တစ်ခုတည်းသောနည်းလမ်း။ စိတ်သန့်စင်ခြင်း

Vol. 12 Ch. 180

အသက်ရှင်ရန် တစ်ခုတည်းသောနည်းလမ်း။ စိတ်သန့်စင်ခြင်း

Vol. 12 Ch. 180

ချန်လွေ့ စိုးရိမ်တကြီးနှင့် မေးလိုက်သည်။

“ ပါ့ဂ်လီအို။ကျုပ် ဘာလုပ်ရမလဲ။ ”

“ ဝိညာဉ်စွမ်းအားက စိတ်စွမ်းအားကို သက်ရောက်နိုင်တယ်။ အပြန်အလှန်ပဲ။ စိတ်စွမ်းအားကလည်း ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်တယ်။ နတ်ဆိုး အရှင်သခင်တစ်ယောက်ရဲ့ ဝိညာဉ်ဆိုရင်တောင် မင်းမှာ ထူးခြားတဲ့စိတ်စွမ်းအား ရှိမယ်ဆိုရင် အဲဒီဗီဇဆန္ဒတွေကို တွန်းလှန်နိုင်ပြီးတော့ ဝိညာဉ်ကို ထိန်းချုပ်နိုင်မယ်။ အဲဒါဆိုရင် အဲဒီချေဖျက်ထားတဲ့စွမ်းအားတွေကို အမှန်တကယ်ပဲ မင်းအပိုင်ဖြစ်သွားမယ်။ ပြီးရင်လည်း မင်းရဲ့အစွမ်း တဟုန်ထိုး တိုးတက်သွားမယ်။ ဒီလိုမျိုးရဖို့က မဖြစ်နိုင်ဘူး။ မင်းရင်ဆိုင်ရမယ့် စမ်းသပ်ချက်က အန္တရာယ် များလွန်းတယ်။ အောင်မြင်နိုင်ချေက သုညနီးပါးပဲ။ ”

“ ဘာလုပ်ရမလဲဆိုတာ ကျုပ်ကို မြန်မြန်ပြော.... ”

မျှော်လင့်ချက်ရှိသေးကြောင်း ကြားလိုက်သည့်အခါ ချန်လွေ့ ခပ်မြန်မြန်မေးလိုက်သည်။

“ နည်းလမ်းတစ်ခုပဲရှိတယ်။ အဲဒါက စိတ်ကို လေ့ကျင့်ဖို့ပဲ။မင်းမှာ အရည်အသွေး ကောင်းကောင်း ရှိပါတယ်။ မင်းမှာ အချိန်လုံလုံလောက်လောက် ရှိမယ်ဆိုရင် အံ့ဩဖွယ်ရာတွေကို ဖန်တီးနိုင်လိမ့်မယ်။ ဒါပေမဲ့လည်း မင်းမှာအချိန်က ရက်၁၀၀ပဲ ကျန်တော့တယ်.... ”

အဆိပ်နဂါး သက်ပြင်းချပြီး ဆက်မပြောတော့ပေ။

စိတ်ကို လေ့ကျင့်ရမှာလား။ အလီယော့သ်အခြေအနေ၏ အနှစ်သာရဖြစ်သော စိတ်သန့်စင်ခြင်းကို ချန်လွေ့ ရုတ်တရက် တွေးမိလိုက်ပြီး မျက်လုံးများ တောက်ပသွားသည်။ သို့သော် သူသည် စိတ်ကို မည်ကဲ့သို့ လေ့ကျင့်မည်နည်း။

ပုံမှန်အားဖြင့် နည်းလမ်းနှစ်နည်းသာရှိကြောင်း ချန်လွေ့အား ပါ့ဂ်လီအို ပြောပြသည်။ ပထမတစ်နည်းမှာ “ တိတ်ဆိတ်မှု ” မှ စိတ်ကို လေ့ကျင့်ခြင်းဖြစ်ပြီး ဒုတိယတစ်နည်းမှာ စိတ်ကိုလေ့ကျင့်ရန်အတွက် ဖိအားအသုံးပြုရန် ဖြစ်သည်။ လူတစ်ယောက်ချင်းစီ၏ စိတ်များသည် ကွဲပြားကြသည့်အတွက် လေ့ကျင့်ရာ၌ ကြုံတွေ့သော အခက်အခဲ များလည်း ကွဲပြားကြသည်။ ထို့ကြောင့် စကားဖြင့် အသေးစိတ်ပြောပြရန် မဖြစ်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူသည် ချန်လွေ့သည် “ စိတ်သန့်စင်ခြင်း ” စိန်ခေါ်မှုကို ကျော်ဖြတ်ရမည်ဖြစ်သည်။ အိပ်ပျော်နေသေးသည့် အသီနာကို တွေးရင်း ချန်လွေ့၏ ခံယူချက်များ ပို၍ပြင်းထန်လာသည်။

ချန်လွေ့၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်ပြီးနောက် ပါ့ဂ်လီအို ပေါက်ရမပြောတော့ပေ။ [ နိဗ္ဗာန်မီး ] သည် ဝိညာဉ်အပိုင်း၌ ကြီးကြီးမားမား သက်ရောက်မှုရှိပြီး ၎င်းကို အခွင့်အရေးယူသင့်ကြောင်း ချန်လွေ့အား ပါ့ဂ်လီအို ထောက်ပြသည်။ ထို့ပြင် ချန်လွေ့သည် မျက်နှာဖုံးအား အမှန်တကယ် အပြည့်အဝ ထိန်းချုပ်နိုင်သွားလျှင် စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်ချေ ကြီးကြီးမားမား တိုးမြှင့်သွားမည်ဖြစ်သည်။

ချန်လွေ့ တွေးဆနေသည်။ မူလက ကြယ်တာရာဝါးမျိုခြင်းသည် ပိုလျှံမှုအန္တရာယ်ကို အသိပေးခဲ့သည်။ ထို့ကြောင့် ကြယ်တာရာကူးပြောင်းသည် မရသည့်အဆုံး ဖြစ်၍ဖြစ်သည်။ ဤ‌အခြေအနေ၌ ကြယ်တာရာကူးပြောင်းခြင်းကို အသုံးပြုခြင်း၏ အကျိုးဆက်များသည် ပြင်းထန်သော်လည်း ယခုအချိန်၌ နောင်တရရန် အသုံးမဝင်တော့ပေ။ အဓိကမှာ စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်မနိုင်ဖြစ်သည်။ ဤစမ်းသပ်ချက်သည် ယခင်ကထက် ပို၍အန္တရာယ်များသည်။ ပါ့ဂ်လီအို၏ လေ့လာတွေ့ရှိမှုအရ တစ်ခုတည်းသောနည်းလမ်းမှာ အဆင့်နှစ်ဆင့်သာ ဖြစ်သည်။ ပထမတစ်ခုမှာ [ အထူးစိစစ်မှု ] ဖြင့် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကို တတ်နိုင်သမျှ အနက်ကောက်ရန် ဖြစ်သည်။ အကယ်၍ ချန်လွေ့သာ ထိုမျက်နှာဖုံးကို အမှန်တကယ် ထိန်းချုပ်နိုင်သွားလျှင် ဤအခက်အခဲကို ကျော်လွှားနိုင်အောင် ကူညီပေးလိမ့်မည်ဟု ပါ့ဂ်လီအို ယုံကြည်သည်။ ဒုတိယတစ်ခုမှာ စိတ်ကို စတင်လေ့ကျင့်ရန်ဖြစ်သည်။ ရက်၁၀၀သည် အလွန်တိုတောင်းသော အချိန်ကာလတစ်ခု ဖြစ်သည်။ လေ့ကျင့်ရေးကွင်းသည် ဤအချိန်ကာလကို အဆပေါင်းများစွာ ဆွဲဆန့်နိုင်သည်။ သို့သော်လည်း ကြယ်တာရာကူးပြောင်းခြင်းကို အသက်သွင်းရန်အတွက် အရှိန်အဝါ ဆယ်သိန်း ကုန်ဆုံးသွားသောကြောင့် ယခုတွင် ချန်လွေ့၌ အရှိန်အဝါ သုံးသိန်းသာ ကျန်တော့သည်။သိုလှောင်ဂိုဒေါင်ထဲ၌ အရှိန်အဝါသစ်သီး အများအပြားရှိသော်လည်း လေ့ကျင့်ရေးကွင်းကို ခဏခဏ အသက်သွင်းရန်အတွက် မလုံလောက်ပေ။

ကံဆိုးစွာပင် ဂလော်ဖင်းသေဆုံးသွားပြီးနောက် ဓာတ်သတ္တုများကို ဖုံးလွှမ်းထားသော သလင်းကျောက်များ ပျောက်ကွယ်သွားခဲ့၏။ ၎င်းတို့ကို အရှိန်အဝါကူးပြောင်း ကုန်ကြမ်းများအဖြစ် အသုံးမပြုနိုင်တော့ပေ။ သတ္တုရိုင်းအပြုန်း ထပ်မရှိတော့ပေ။

အရှိန်အဝါသည် အရေးအကြီးဆုံးကိစ္စ ဖြစ်လာပြန်သည်။

“အရင်းအမြစ်အားလုံး”ကို အသုံးပြုရန် ဂျိုးဆက်ပ် ကတိပေးခဲ့သည်ကို ချန်လွေ့ မှတ်မိသည်။ ချန်လွေ့ အကြံတစ်ခု ရသွားသည်။ ၎င်းကို တာဝန်ယူထားရသူမှာ ရွိုင့်စ်ဖြစ်သည်။ ဂျိုးဆက်ပ်၏အမြင်၌ ရွိုင့်စ်သည် သူ့ကို လုံးဝသစ္စာရှိပြီး ဗာဆာရှာသည် အက်ဂ်ယော၏ ပိုင်ဆိုင်မှုဖြစ်သည်။ ရွိုင့်စ်သည် သူ၏အရင်းအမြစ်များကို အလွယ်တကူ လက်လွတ်မည် မဟုတ်ပေ။ သို့သော်လည်း ရွိုင့်စ်အမှန်တကယ် သစ္စာခံထားသည်မှာ “အက်ဂ်ယော”ဖြစ်နေကြောင်း ဂျိုးဆက်ပ် လုံးဝထင်ထားခဲ့မည် မဟုတ်ပေ။

[ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ကြောင့် ချန်လွေ့သည် မည်သည့်အစွမ်းကိုမျှ သုံး၍မရတော့ပေ။ အမှောင်လတစ်မြို့လုံးကလည်း သူ့ကို လိုက်ဖမ်းနေကြသည်။ ၂၄နာရီကာလ မပြီးဆုံးမချင်း ဤနေရာ၌ နေနေခြင်းသည်သာ အန္တရာယ်အကင်းဆုံး ဖြစ်လေသည်။

ချန်လွေ့သည် တဲအိမ်ကို ထုတ်ပြီး ပြောလိုက်သည်။

“ ပါ့ဂ်လီအို။ ကျုပ် အရင်ဆုံး ဒီမှာ နားမယ်။ တစ်နေ့လုံး အိပ်နေမှာ။ ကျုပ်ကို ကာကွယ်ထားပေး။ ”

ယခုတစ်ခေါက်၌ အဆိပ်နဂါး ဟာသမပြောတော့ပေ။

“ စိတ်ချပါ။ လိုရမယ်ရ ငါတို့တိုက်ခိုက်ထားတဲ့ လက္ခဏာတွေကို ဖုံးကွယ်ဖို့အတွက် နဂါးထွင်းစာတွေ ခင်းကျင်းထားလိုက်မယ်။ ”

ချန်လွေ့လည်း ခေါင်းညိတ်ပြီး တဲအိမ်ထဲ ဝင်သွားသည်။ သူမအိပ်ဘဲ စူပါစနစ်ထဲ ဝင်လိုက်သည်။ အလင်းမျက်နှာပြင်ပေါ်ရှိ တိုးတက်နှုန်းအတန်းတွင် ကြယ်တာရာ ကူးပြောင်းခြင်း၏ တိုးတက်နှုန်းသည် ၁% ရှိနေပြီး [ အထူးစိစစ်မှု ] မှာ ၀% သာ ရှိနေသေးသည်။ ရေကန်ပြာသို့ မလာခင်၌ဆိုလျှင် ထို၁% ကို တွေ့လျှင် ချန်လွေ့ ပျော်နေမိပေမည်။ ယခုတွင် ထိုတိုးတက်နှုန်းအတန်းသည် သူအသက်ရှင်ရမည့် နေ့ရက်များကို အချက်ပြနေသကဲ့သို့ ဖြစ်နေသည်။ ကြယ်တာရာကူးပြောင်းခြင်း၏ အသိပေးချက်အရဆိုလျှင် ပိုပြီးစုပ်ယူပြီးလေလေ “ ဘေးထွက်ဆိုးကျိုး ” ပိုများလေလေ ဖြစ်သည်။ စိတ်စွမ်းအားကို လုံလုံလောက်လောက် မလေ့ကျင့်နိုင်လျှင် အနှေးနှင့်အမြန်ပင် သူ၏ဝိညာဉ် ပျက်စီးသွားပေလိမ့်မည်။

လက်ရှိ၌ ချန်လွေ့သည် မည်သည့်အစွမ်းကိုမျှ အသုံးပြု၍မရသော်လည်း လေ့ကျင့်ရေးကွင်းကို အသုံးပြု၍ရနေသေးသည်။ ချန်လွေ့၌ ယခုတွင် အရှိန်အဝါ သုံးသိန်းနှစ်သောင်းကျော် ရှိသည်။ ချန်လွေ့သည် ချက်ချင်းပင် အရှိန်အဝါတစ်သိန်း သုံးလိုက်သည်။ သူသည် အချိန်၁၀၀ဆ ဥပဒေကို တစ်ခါတည်း ရွေးချယ်လိုက်၏။ သူ၏ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေသည့်အတွက် မည်သည့် ပတ်ဝန်းကျင်ဥပဒေကိုမျှ မရွေးချယ်ခဲ့ပေ။ ချန်လွေ့သည် သာမန်ပတ်ဝန်းကျင်၌ စိတ်ကိုလေ့ကျင့်ရန် ရည်ရွယ်ထားခဲ့သည်။

လက်ရှိ ချန်လွေ့ရောက်ရှိနေသော အလီယော့သ် အခြေအနေသည် “စိတ်သန့်စင်ခြင်း” ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ ယေဘုယျဦးတည်ချက်သာ ဖြစ်သည်။ အတွင်းအား သိုင်းပညာကဲ့သို့ လေ့ကျင့်နည်း အသေးစိတ် မရှိပေ။ “ ငါပိုပြီးအစွမ်းထက်ချင်တယ်။ ငါပိုပြီးအစွမ်းထက်ချင်တယ် ” ဟု စဉ်းစားရုံဖြင့် အစွမ်းထက်လာနိုင်မည်မဟုတ်ပေ။

ယခင်က အင်တာနက်တွင် လေ့ကျင့်ရေးနည်းလမ်း အမြောက်အမြားကို ချန်လွေ့ မြင်တွေ့ခဲ့ရသည်။ ဒန်တျန်၊နီဝမ်၊ချီဟိုင် အစရှိသည့် စကားလုံးများလည်း ရှိသည်။ သို့သော်လည်း သူ၏မှတ်ဉာဏ်ထဲ၌ “ စိတ်သန့်စင်ခြင်း ” နည်းလမ်းကိုမျှ သေသေချာချာ စဉ်းစား၍မရပေ။ ထို့ပြင် ထိုစိတ်လေ့ကျင့်ရေးနည်းလမ်းများမှာလည်း အမှန်ဟုတ်မဟုတ် ပြောရန် ခက်သည်။ နည်းလမ်းအမှားလေ့ကျင့်မိပြီး ရူးသွပ်သွားလျှင် ဆိုးဝါးသွားပေမည်။

သို့သော်လည်း ပါ့ဂ်လီအို ပြောသည့် အတိုင်းဆိုလျှင် “ တိတ်ဆိတ်ခြင်း ” သည် အခြေခံအကျဆုံး စိတ်လေ့ကျင့်ရေးနည်းလမ်း ဖြစ်သည်။ ပြင်ပလောကကို ဖိအားသက်ရောက်မှုရှိသော လှုပ်ရှားမှုနည်းလမ်းမှာ စိတ်ကိုကျင့်ကြံရန်အတွက် ပြင်ပအားများကို အသုံးပြုခြင်းပင် ဖြစ်သည်။ ထိုလောကမှ ကျင့်ကြံခြင်းနှင့် ချီကုန်း ကောလာဟလများသည် ယေဘုယျအားဖြင့် တရားထိုင်ခြင်း၌ အခြေခံခြင်းဖြစ်သည်။ ထို့ကြောင့် ချန်လွေ့ ပထမဆုံးပြုလုပ်ရမည်မှာ စိတ်အေးအေးထားရန် ဖြစ်သည်။

စိတ်၅မျိုးမှ ကောင်းကင်ကိုမျက်နှာမူ၊ မျက်လုံးက နှာခေါင်းကိုကြည့်၊ နှာခေါင်းက နှလုံးသားကိုကြည့် ဟူသော နည်းလမ်းအချို့ကို ချန်လွေ့မှတ်မိသည် ။၎င်းတို့မှာ သိပ်ပြီးခက်ခဲပုံမရချေ။

ပထမဆုံးအကြိမ်အဖြစ် ချန်လွေ့ စိတ်လျော့ကြည့်သည်။ သို့သော်လည်း သူလုံးဝ စိတ်အေးအေးထား၍မရကြောင်း ခဏအကြာ၌ သိရှိသွားသည်။ ယခင်က သူသည် မြေဆွဲအားနှင့် လှိုင်းလုံးကဲ့‌သို့သော ဖိအားများကို ရင်ဆိုင်ရင်း ပန်းတိုင်နှင့် ယုံကြည်မှုအချို့ကို ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ ယခုတွင် ဆန့်ကျင်ဘက်ဖြစ်နေသည်။ မည်သည့် ပြင်ပဖိအားမျှ မရှိနေပေ။ ချန်လွေ့ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သူ စိတ်တည်ငြိမ်ချင်သော်လည်း စိတ်တည်ငြိမ်၍မရနိုင်ပေ။

“ စိတ်မပျံ့လွင့်ခြင်း ” ဟူသောစကားသည် ပြောရလွယ်ပြီး ဆောင်ရွက်ရန် ခက်ခဲလွန်းကြောင်း ချန်လွေ့ သိသွားသည်။ သူ၏ လက်ဝါး၊ခြေဖဝါး၊ခေါင်းထိပ်တို့ ကောင်းကင်ကို မျက်နှာမူခြင်းသည် ရယ်စရာအထိုင်ပုံစံ ဖြစ်နေသည်။ ပို၍ ကိုးရိုးယားရားပုံစံမှာ မျက်လုံးက နှာခေါင်းကိုကြည်ပြီး နှာခေါင်းက နှလုံးသား(စိတ်)ကို ကြည့်ခြင်းပင် ဖြစ်သည်။ ချန်လွေ့သည် နှာခေါင်းထိပ်ကို မူးဝေသည်အထိ မျက်လုံးဖြင့် အချိန်အကြာကြီး စောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း သူ၏“နှလုံးသား(စိတ်)”ကို “မမြင်နိုင်”သေးပေ။

ငါမယုံဘူး။ ချန်လွေ့ ထပ်ကာထပ်ကာ ကြိုးစားကြည့်သည်။ သို့သော်လည်း အကြိမ်ကြိမ် ကျဆုံးခဲ့ရသည်။ လေ့ကျင့်ရေးကွင်းထဲ၌ ချန်လွေ့ အိပ်ပျော်၍မရပေ။ သူသည် ထိုနည်းလမ်းကို လက်လျှော့ပြီး ကြမ်းပြင်ပေါ် လှဲကျလိုက်ကာ ခေါင်းပေါ်မှ ကျယ်ပြောလှသော အာကာသကို ကြည့်နေသည်။ သူ အားအင်မဲ့သလို ခံစားလိုက်ရသည်။ ဒီနေရာမှာ သုံးလကျော် တိတ်တိတ်ဆိတ်ဆိတ် နေရမှာလား။မြေဆွဲအားဆတိုးအခန်းကိုပဲ သွားတာပိုကောင်းဦးမယ်။

ပိုင်ရှင်ဖြစ်သည့်အလျောက် ချန်လွေ့သည် လေ့ကျင့်ရေးကွင်းမှထွက်ပြီး အရှိန်အဝါတစ်သိန်းကို အဆုံးရှုံး ခံနိုင်သည်။ သို့သော်လည်း သူသည် ဤကဲ့သို့ အရှုံးမပေးချင်ပေ။ ထို့ပြင် တစ်ရက်အချိန်ကုန်သွားလျှင် သူ့အတွက် တစ်ရက်ဆုံးရှုံးရခြင်း ဖြစ်သည်။

မနက်ပိုင်းမှ စတင်ချိန်ကို ရေတွက်ကြည့်လျှင် ယနေ့ပြီးနောက် ချန်လွေ့၌ ၉၉ရက်သာ ကျန်ရှိတော့မည် ဖြစ်သည်။ ယခုတစ်ခေါက်သည် စစ်စာချုပ်ထက် ပို၍ ကြောက်စရာကောင်းသည်။ စစ်စာချုပ်ကို မဖြည့်ဆည်းလျှင် သူသည် ပါ့ဂ်လီအိုထံ၌ ခိုလှုံ၍ရသည်။ ယခု၌ ကိုယ့်ကိုယ်ကိုယ်သာ အားကိုး၍ ရတော့သည်။ထို့ပြင် သူ့တွင် စွမ်းအားရှိသော်လည်း စိတ်လေ့ကျင့်ရေးအတွက် အသုံးမဝင်ပေ။ ချန်လွေ့ သက်ပြင်းချလိုက်သည်။ သူ၏ခေါင်းထဲ၌ အတိတ်ပုံရိပ်များ ပေါ်ထွက်လာသည်။ သူသည် ကမ္ဘာပေါ်မှ ပမွှား အိုတာခုတစ်ယောက်သာ ဖြစ်သည်။ ဤလောက၌ ပြန်လည်မွေး ဖွားလာပြီးနောက် အတော်များများ ပြောင်းလဲသွားခဲ့သည်။ သူ၏စွမ်းအားလည်း တိုးတက် လာသည်သာမက ယခင်က စကားပြောမကောင်းသော်လည်း ယခုတွင် အပြောအဆို ကျွမ်းကျင်နေပြီဖြစ်သည်။ လိုက်လျော်ညီထွေနိုင်သူများသာ အသက်ရှင်နိုင်ကြသည်။ ၎င်းသည် ဘဝဖြစ်သည်။

အကြီးမားဆုံးရရှိမှုမှာ အသီနာနှင့် တွေ့ဆုံခြင်းပင် ဖြစ်သည်။ အသီနာနှင့်ပတ်သက်သည့် အမှတ်တရများအားလုံးကို ချန်လွေ့ မှတ်မိသည်။ သူ၏မျက်နှာသည် ပျော်ပျော်သလို ဝမ်းနည်းသလို ဖြစ်နေသည်။ နောက်ဆုံး၌ သူပြန်လည် တည်ငြိမ်သွားသည်။

ထိုအချိန်၌ အခြေအနေဇယားရှိ လူသားခန္ဓာကိုယ်ထဲတွင် ကြယ်ဇယား စတင် အရောင်တောက်လာသည်။ ချန်လွေ့သည် ချက်ချင်းပင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။ တစ်စုံတစ်ခုကို သူတွေးလိုက်ရာ ထိုအလင်းရောင် ပျောက်ကွယ်သွားပြန်သည်။

အသီနာအား သတိရသည့်အကြောင်း ချန်လွေ့ ပြန်တွေးကြည့်သည်။ သို့သော်လည်း ယခုတစ်ခေါက်တွင် မည်သည့်တုံ့ပြန်မှုမျှ မရှိနေပေ။ အသီနာကြောင့်မဟုတ်ဘဲ အသီနာအား သတိရခြင်းအဆုံး၌ စိတ်အေးချမ်းမှုအခြေအနေကြောင့် ဖြစ်ပုံရသည်။

စိတ်အခြေအနေ။ စိတ်။ ဒါက တိတ်ဆိတ်ခြင်းရဲ့ အကြောင်းရင်းအမှန်ပဲ။ ဒါကြောင့် [ စိတ်သန့်စင်ခြင်း ] လို့ ခေါ်တာကိုး။

ရက်၁၀၀အတွင်း အခြေအနေတစ်ခုကို ရောက်ရှိအောင် သို့မဟုတ် ပုံစံတစ်ခုအတိုင်း လိုက်လုပ်ရန် မလိုအပ်ကြောင်း ချန်လွေ့ သဘောပေါက်သွားသည်။ သူသည် အသက်ရှူခြင်းကို ဖြည်းဖြည်းချင်းခံစားပြီး ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်သည်။ တဖြည်းဖြည်းနှင့် သူသည် အသက်ရှူခြင်းကိုပင် ခံစားရန် မလိုအပ်တော့ပေ။ ငြိမ်သက်ခြင်းအခြေအနေသို့ ရောက်ရှိသွားသကဲ့သို့ ချန်လွေ့ ခံစားလိုက်ရသည်။

အမှန်တကယ်ပင် ကြယ်ဇယား စတင်တောက်ပလာသည်။ သို့သော်လည်း ချန်လွေ့သည် ၎င်းကို အာရုံမထားတော့ပေ။ ထိုကဲ့သို့ ငြိမ်သက်ခြင်းအခြေအနေ၌သာ နစ်မြော နေလိုက်သည်။

ရက်ပေါင်းမည်မျှ ကုန်ဆုံးသွားသလဲ ချန်လွေ့မသိပေ။ သူသည် ထိုတရားထိုင်ခြင်း နည်းလမ်းကို ပို၍ကောင်းမွန်စွာ ဆုပ်ကိုင်ထားနိုင်ပြီဖြစ်သည်။ ထိုအခြေအနေသည် လုံးဝတိတ်ဆိတ်ခြင်း မဟုတ်ပေ။ ထိုအခြေအနေ၌ သူသည် တိုက်ပွဲလေ့ကျင့်ရေးကို ကျင့်ကြံနေသည်။ ထို့နောက် လေ့ကျင့်ရေးကွင်း၌ တိုက်ရိုက်အသုံးချကြည့်သည့်အခါ နှစ်ဆ ပိုမိုအကျိုးရှိပြီး တစ်ဝက်သာအားထုတ်ရကြောင်း ခံစားလိုက်ရသည်။ တဖြည်းဖြည်းနှင့် ချန်လွေ့သည် ထိုအခြေအနေကို ကျင့်သားရလာသည်။ သူသည် နေ့စဉ် မျက်လုံးမှိတ်ကာထိုင်ရန် စီစဉ်ထားသည်။

ယခင်က သူ၏ကျင့်ကြံခြင်းသည် လေ့ကျင့်ရေး၌ ပို၍ဦးစားပေးသည်။ သို့သော်လည်း ယခုအချိန်မှစ၍ သူသည် “ကျင့်ကြံခြင်း”၏ ခံစားချက်အစစ်အမှန်ကို အမှန်တကယ် ရရှိခဲ့သည်။

စိတ်ငြိမ်ခြင်းသည် စိတ်ကို သဘောပေါက်ခြင်း၏ မူလအစသာဖြစ်သည်။ မည်ကဲ့သို့ “ကျင့်ကြံ”ရမည်ကို ချန်လွေ့ တဖြည်းဖြည်းနှင့် အဖြေရှာရမည် ဖြစ်သည်။

အမှန်တကယ် တရားထိုင်ပြီးနောက် ရက်၁၀၀သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ ချန်လွေ့ မျက်လုံးဖွင့်လိုက်သည်။ ထိုအချိန်သည် နောက်တစ်နေ့၏ ညပိုင်းသာ ရှိသေးသည်။ သူ၏ခွန်အား ပိုတိုးသွားသကဲ့သို့ ခံစားနေရသည်။ ထို့နောက် ချန်လွေ့သည် ကြယ်တာရာကူးပြောင်းခြင်း တိုးတက်နှုန်းအတန်းကို ကြည့်လိုက်သည်။ ၎င်းမှာ ၂% ရှိနေပြီ ဖြစ်သည်။ ပို၍အစွမ်းထက်လာခြင်းသည် ဘေးထွက်ဆိုးကျိုး ပိုများလာခြင်းပင်ဖြစ်သည်။ “ တိတ်ဆိတ်ခြင်း ”ကို ချန်လွေ့ သဘောမပေါက်ခဲ့လျှင် ချန်လွေ့ စိုးရိမ်နေမည်မှာ အမှန်တကယ်ပင် ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ သူသည် အနည်းငယ်သာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သိုလှောင်ခန်းထဲမှ စားစရာတချို့ကိုစားပြီး အိပ်လိုက်တော့သည်။

မိုးသောက်ချိန်၌ ချန်လွေ့ နိုးလာပြီး ပါ့ဂ်လီအိုအား နှုတ်ဆက်လိုက်သည်။ သူသည် အမှောင်လမြို့သို့ လျို့လျို့ဝှက်ဝှက်နှင့်သွားပြီး ပြိုင်ကွင်းသို့ ရောက်ရှိသွားသည်။

မကြာမီတွင် ရွိုင့်စ်၊ဗာဆာရှာနှင့် အရတ်စ်တို့သည် ပြိုင်ကွင်းအောက်အခန်း၌ စုဝေးလိုက် ကြသည်။

“ ရွိုင့်စ်။ အရည်အသွေးမြင့် မှော်ကုန်ကြမ်းတွေကို ကျုပ်အရေးတကြီး လိုအပ်နေတယ်။ မှော်စတိုးဆိုင်မှာ လက်ကျန်ရှိသေးလား။ ”

ရွိုင့်စ် ရိုရိုသေသေနှင့် ပြန်ဖြေသည်။

“ တကယ်တော့ မှော်စတိုးဆိုင်ထဲမှာက ဂျိုးဆက်ပ်ရဲ့ အရင်းအမြစ်တွေထဲက အစိတ်အပိုင်း အသေးလေး တစ်ခုပဲရှိတယ်။ လိပ်ပြာနီနယ်မြေမှာ ချန်လှပ်ခံထားရပြီးတော့ ရုန်းကန်ရတဲ့အတွက်ကြောင့် ဂျိုးဆက်ပ်က လျို့ဝှက်သိုလှောင်မှု အချို့ကလွဲပြီးတော့ သူရဲ့အရင်းအမြစ်တွေကို အမှောင်လမြို့ဆီ လွှဲပြောင်းပေးခဲ့တယ်။ မနေ့ညက ကျုပ်သူ့ဆီမှာ သစ္စာခံတော့ သူကကျုပ်ကို မှော်စတိုးဆိုင်ထဲက အရင်းအမြစ် အစိတ်အပိုင်းတစ်ခု ပေးတယ်။ သခင်လိုအပ်တဲ့ ကုန်ကြမ်းတွေကို ကျုပ်အခုချက်ချင်း သွားယူပေးပါ့မယ်။ ”

“ ခင်ဗျားလုပ်တာ တော်တယ်။ကျုပ်ကို နမူနာ အရင်ဆုံးယူလာပေး။ပြီးရင် ကျုပ်ခင်ဗျားကို အသေးစိတ် စာရင်းပေးမယ်။ဒါပေမဲ့လည်း ဂျိုးဆက်ပ်ရဲ့ ယုံကြည်မှုကို ရရှိဖို့အတွက် သူ့ကို စာပို့ပြီးတော့ ကျုပ်ရဲ့ အပြုအမူတွေကို ချဲ့ကားပြီး ပြောလို့ရတယ်။မိစ္ဆာသစ်သီး မရခင် အချိန်အထိတော့ ဂျိုးဆက်ပ် ကပ်စီးနည်းမှာ မဟုတ်ဘူးလို့ ကျုပ်ထင်တယ်။ ”

ရွိုင့်စ် ခေါင်းညိတ်သည်။သူ ခဏတုံ့ဆိုင်းသွားပြီး ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်သည်။

“ သခင့်ကို သတင်းပို့စရာ တစ်ခုရှိပါသေးတယ်။ကျုပ် မှာ လျို့ဝှက်သဲလွန်စ တစ်ခုရှိတယ်။ အဲဒါကို ကျုပ်ရဲ့ ဖခင်က လျို့ဝှက်သွေးမျိုးဆက် နည်းလမ်းသုံးပြီးတော့ ဗာဆာရှာရဲ့ ခန္ဓာကိုယ်ထဲမှာ ချိပ်ပိတ်ထားတယ်...... ”

“ အိုး.... ”

ချန်လွေ့ ကြောင်သွားပြီး စနောက်သည့်အပြုံး ပြသလိုက်သည်။ ထို့နောက် ဗာဆာရှာကို ကြည့်သည်။ အမြဲပင် အေးစက်နေသော ဗာဆာရှာသည် ထူးထူးခြားခြား ရှက်သွားပြီး ခေါင်းငုံ့လိုက်သည်။

All Chapters