မျက်နှာဖုံးနှင့် အိပ်မောကျခြင်း
Vol. 12 Ch. 166
ချန်လွေ့ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ရာ အအိပ်လွန်ထားသကဲ့သို့ပင် ခေါင်းထဲ၌ မူးနောက်နောက်ဖြစ်သွားသည်။ဂူထိပ်ပေါ်ရှိ ကျောက်တုံးများ၏ အလင်းရောင်များသည် သူ၏မျက်လုံးထဲသို့ ဝင်ရောက်လာသည်။၎င်းတို့သည် မှော်မီးအိမ်ကဲ့သို့ အလင်းရောင် ဖျော့ဖျော့ ထုတ်လွှင့်နေသည်။အနီးအနား၌ လူအများအပြား ရှိနေသေးပုံရသည်။
ဂလော်ဖင်း၊နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၊ကြယ်တာရာဝါးမျိုခြင်း....ကြည့်ရတာ ငါ အိပ်မက် မက်ခဲ့သလိုမျိုးပဲ။ဟုတ်သားပဲ။အသီနာရော။
ချန်လွေ့ ရုတ်တရက် ထထိုင်လိုက်ရာ ဘေးနားမှလူများ အံ့ဩသွားကြသည်။ တင်၊ဆော့ခ် နှင့် ပြိဿတစ်ယောက်နှစ်ယောက်တို့သည် ချန်လွေ့ကို ဝိုင်းရံလိုက်ကြသည်။
အသင့်အနေအထားရှိနေသော လူများကိုကြည့်ပြီး ချန်လွေ့ လွှတ်ခနဲ ပြောလိုက်မိသည်။
“ အသီနာ ဘယ်မှာလဲ။ ”
တင်သည် ချက်ချင်းပင် စိတ်သက်သာရာ ရသွားပြီး လူအုပ်ကြီးကို ခေါင်းညိတ်ပြကာ မစိုးရိမ်ကြရန် အချက်ပြလိုက်သည်။ထို့နောက် သူ ပြောသည်။
“ ဒါက တကယ့်ကို အံ့ဖွယ်ပဲ။ခင်ဗျားက မျက်နှာဖုံးရဲ့ထိန်းချုပ်မှုကို တကယ်မခံရဘူးပဲ။ မဟုတ်လို့ရှိရင် ခင်ဗျားပထမဆုံး ပြောမှာက မိန်းကလေး အသီနာအကြောင်း မဟုတ်နိုင်ဘူး။ ”
“ ငါ့ကိုပြော။သူဘယ်လိုနေလဲ။ ”
ချန်လွေ့သည် စိုးရိမ်တကြီးနှင့် မတ်တပ်ရပ်လိုက်သည်။
“ မိန်းကလေးအသီနာရဲ့ အခြေအနေက အသက်အန္တရာယ်မစိုးရိမ်ရတော့ပါဘူး။သူက အိပ်မောကျနေရုံပါ။ဒါပေမဲ့ အခုထိတော့ မနိုးလာသေးဘူး။ ”
တင်၏စကားသည် ချန်လွေ့ကို အနည်းငယ် စိတ်အေးစေခဲ့သည်။ထို့နောက် အသီနာ သာမက ဒိုဒိုသည်လည်း အိပ်မောကျနေကြောင်း တင်ထံမှ ချန်လွေ့ သိလိုက်သည်။ ၎င်းသည် စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်ကို ဝါးမျိုခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ ဂလော်ဖင်းနဲ့ တိုက်ခိုက်ခဲ့စဉ်တွင် မယ်ဒူဆာဘုရင်မ သေဆုံးသွားခဲ့သည်။လိုင်ဆာသည် သူ၏မိခင်နေရာတွင် အစားဝင်ပြီး မယ်ဒူဆာမျိုးနွယ်စုကို ဆက်လက်ဦးဆောင်သည်။ လိုင်ဆာသည် မူလက နတ်ဆိုးဘုရင်အဆင့် ဖြစ်သည်။သို့သော်လည်း ကိုယ်ဝန်ရှိနေသည့် အတွက် စွမ်းအား လျော့ကျသွားသည်။လက်ရှိတွင် မယ်ဒူဆာမျိုးနွယ်စု အခြေအနေကို တည်ငြိမ်နေသည်ဟု သတ်မှတ်၍ရပေသည်။
“ ဒီတစ်ခေါက် ခင်ဗျားက မြေအောက်လောကတစ်ခုလုံးကို ကယ်တင်ခဲ့တာ။ခင်ဗျား မရှိရင် ကျုပ်တို့အားလုံး သေသွားကြမှာ။စိတ်မကောင်းစရာကတော့ မယ်ဒူဆာဘုရင်မနဲ့ လူဆာ..... ”
လူဆာအကြောင်းပြောနေရင်း တင် ရှိုက်ငိုနေသည်။ချန်လွေ့လည်း တင်ကို ပုခုံးပုတ်ပေး လိုက်သည်။
“ ဒါတွေအားလုံး ပြီးခဲ့ပါပြီ။မင်းမှာ လိုင်ဆာနဲ့ မမွေးသေးတဲ့ကလေး ရှိနေသေးတာပဲ။မင်း သန်မာနေရမယ်။ ”
တင် ခေါင်းညိတ်လိုက်သည်။ယခုတွင် ချန်လွေ့သည် မျက်နှာပေါ်၌ တစ်ခုခုထူးဆန်း နေကြောင်း ခံစားလိုက်မိသည်။၎င်းသည် မျက်နှာဖုံးတစ်ခုဖြစ်သည်။သို့သော်လည်း အကြောင်းကြောင်းကြောင့် ချွတ်၍မရပေ။ချန်လွေ့ အံ့အားသင့်စွာ ပြောသည်။
“ တင်။ငါ့မျက်နှာပေါ်က မျက်နှာဖုံးက..... ”
“ ဟုတ်တယ်။အဲဒါက နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးပဲ။ကျုပ်တို့တွေ နည်းမျိုးစုံသုံးပြီးပြီ။ချွတ်လို့မရဘူး။ခင်ဗျားကို ဂလော်ဖင်း ထိန်းချုပ်နိုင်သွားပြီလို့ ထင်ထားခဲ့တာ။ဒါပေမဲ့ မြေဒြပ်စင်ဘုရင် ပြောလို့ တော်သွားသေးတယ်။ခင်ဗျားက ဂလော်ဖင်းကို အနိုင်ယူဖို့အတွက် ခင်ဗျားရဲ့ မှော်စွမ်းအားတွေကို သုံးလိုက်တာပဲဖြစ်မယ်။အရင်က ထိန်းချုပ်ခံနေရတဲ့ မြေဒြပ်စင်ကောင်တွေလည်း အသိစိတ် ပြန်ရသွားကြပြီ။နတ်ဆိုးယင်ကောင်တွေလည်း သူ့အလိုလို ပျောက်ကွယ်သွားပြီ။ ”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။သူသတိမလစ်စဉ်မှာပင် ဂလော်ဖင်း၏ စိတ်ဆန္ဒကို တွင်းနက်က လုံးဝဝါးမျိုခဲ့ကြောင်း ရေးရေးလေး သတိရသွားသည်။သို့သော်လည်း နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးအား မည်ကဲ့သို့ချွတ်ရမည်ကို ချန်လွေ့ မသိသေးပေ။
လက်ရွေးစင် မြေဒြပ်စင်ကောင် ဆော့ခ် ရောက်ရှိလာသည်။သူ ရုတ်တရက် လက်ကို ကြက်ခြေခတ်ပြီး ဒူးတစ်ဖက် ထောက်လိုက်သည်။
“ ချန်လွေ့။မင်းမျက်နှာဖုံးနဲ့ ရှိနေတုန်းက ငါမင်းကို သတ်ချင်ခဲ့တယ်။ငါ့ရဲ့ မဆင်မခြင်နဲ့ မသိနားလည်မှုကို ခွင့်လွှတ်ပေးပါ။ ”
အခြေအနေကို မေးပြီးနောက် ချန်လွေ့သည် ဆော့ခ်အား ထခိုင်းသည်။
“ အဲဒီတုန်းက မင်းရဲ့လုပ်ရပ်က ပုံမှန်ပါပဲ။အခုတော့ ငါတို့အားလုံး အန္တရာယ်ကင်းသွားပြီ။ ဒါက အရေးကြီးဆုံးပဲ။အားလုံးက မိတ်ဆွေတွေပါပဲ။ပြီးခဲ့တာတွေကို စိုးရိမ်စရာ မလိုပါဘူး။ ”
ဆော့ခ်သည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။ထိုအချိန်၌ ပြိဿအကြီးအကဲ ဒယ်လောင်၊တော်ရီနှင့် အခြားသူများသည် သတင်းကြားပြီး ရောက်လာကြသည်။ သူတို့သည် ချန်လွေ့အရှေ့သို့ ရောက်လာသည်။ချန်လွေ့၏ မျက်နှာပေါ်မှ မျက်နှာဖုံးကို မြင်သည့်အခါ သူတို့အားလုံး အနည်းငယ် ကြက်သေသေသွားကြသည်။ထို့နောက် သူတို့သည် ရင်ဘတ်ကို အားဖြင့် ပုတ်သည်။
“ မိတ်ဆွေ။နောက်ဆုံးတော့ မင်းနိုးလာပြီပဲ။ ”
“ မိတ်ဆွေ ဒယ်လောင်။ ”
ချန်လွေ့လည်း ရင်ဘတ်ပုတ်ပြီး တော်ရီနှင့် အခြားသူများကို အလေးပြုလိုက်သည်။
“ အသီနာ မနိုးသေးဘူးလား။ကျုပ်သူနဲ့ တွေ့ချင်တယ်။ ”
ဒယ်လောင် ခေါင်းညိတ်ပြီး ပြောသည်။
“ သူက မြေနန်းတော်မှာ။အခု မြေဒြပ်စင်ဘုရင်က သူ့ကိုကာကွယ်ဖို့အတွက် မှော်စွမ်းအားတွေ မန်းမှုတ်နေတာ။အတူတူ သွားရအောင်။ ”
“ အကာအကွယ် စွမ်းအား ဟုတ်လား။ ”
ချန်လွေ့ အံ့ဩသွားသည်။အသီနာ၏အသက်ဓာတ် ကျွမ်းလောင်သွားသည့်အခါ ချန်လွေ့သည် အသစ်စက်စက် လဲလှယ်ထားသော ပြန်လည်ရှင်သန်ခြင်း ဆေးရည်နှင့် အသက်ရှည်ခြင်း ဆေးရည်တို့ကို အချိန်မီ တိုက်ခဲ့ကြောင်းကို မှတ်မိသည်။ ပြန်လည် ရှင်သန်ခြင်း ဆေးရည်သည် မဟာဆရာသခင်၏ အကြီးမားဆုံး အောင်မြင်မှုတစ်ခု ဖြစ်သည်။အသက်မသေဆုံးဘဲ ခန္ဓာကိုယ်ရှိနေသေးသရွေ့ ၂၄နာရီအတွင်း အသက်ပြန်ရှင် လာစေနိုင်သည်။ထို့ပြင် အသက်ရှည်ခြင်းဆေးရည်သည်လည်း လောင်ကျွမ်းသွားခဲ့သော သက်တမ်းအတွက် ဖြည့်တင်းပေးနိုင်သည်။ ဒါပေမဲ့ ဘာလို့ အသီနာ မနိုးလာသေးတာလဲ။
ချန်လွေ့ စိုးရိမ်လာပြီး ဂူထဲမှ ထွက်သွားလိုက်သည်။ပြိဿ သားရဲတွင်းထဲရှိ မြေနန်းတော်သည် မူလနေရာ၌သာ ရှိနေသေးသည်။နန်းတော်ထဲသို့ ချန်လွေ့အမြန် လျှောက်သွားလိုက်ရာ ကျောက်စင်မြင့်ပေါ်၌ အသီနာ လဲလျောင်းနေသည်ကို မြင်လိုက်ရသည်။သူ၏ခန္ဓာကိုယ်မှ အရောင်ဖျော့ဖျော့ တောက်ပနေသည်။ ကျောက်စင်မြင့် အနီးတွင် မြေဒြပ်စင်ကောင် သုံးလေးယောက် ထိုင်နေကြသည်။ထိုထဲမှ တစ်ယောက်သည် တစ်ကိုယ်လုံး သဘာဝချပ်ကာ ရှိနေပြီး ၎င်းမှာ မြေဒြပ်စင်ဘုရင်ပင် ဖြစ်သည်။
ဘုရင့်ခန်းမဆောင်ထဲသို့ ချန်လွေ့ ဝင်လာသည်နှင့် မြေဒြပ်စင်ဘုရင် ခံစားမိသည်။ သူသည် လက်ကိုကြက်ခြေခတ်ပြီး ချန်လွေ့အား အရိုအသေပေးသည်။
“ ဆာ-ချန်လွေ့။မြေဒြပ်စင်ကောင်တွေ အားလုံးကိုယ်စား ကျုပ် ကျေးဇူးတင်ချင်ပါတယ်။ မြေဒြပ်စင်ကောင်တွေအားလုံး မင်းရဲ့ ကျေးဇူးကို အမြဲသတိရနေမှာပါ။ ”
မြေဒြပ်စင်ဘုရင်တွင် အထူးအမွေအနှစ် တစ်ခုရှိသည်။သူသည် နတ်ဆိုးဘုံ၏ ဘုံဘာသာစကားကို အလွယ်တကူ ပြောနိုင်သည်။ချန်လွေ့သည် နတ်ဆိုးအရှင်သခင် တစ်ယောက်၏ ချီးမွမ်းမှုကို အလွယ်လက်မခံရဲဘဲ အမြန်ပြန်အရိုအသေပြုလိုက်သည်။ မြေဒြပ်စင်ဘုရင်သည် ချန်လွေ့ကို ခဏကြည့်ပြီး ခေါင်းညိတ်သည်။
“ အဲဒီလူရဲ့ စွမ်းအင်က တကယ်ပဲ လုံးဝပျောက်ကွယ်သွားတာပဲ။ မင်းသူ့ကို ဘယ်လို အနိုင်ယူလိုက်လဲဆိုတာ သိချင်မိတယ်။ ”
ဂလော်ဖင်းသည် အခြေအနေများ ထူးထူးဆန်းဆန်း ပေါင်းစည်းမှုကြောင့် သူ၏ ခန္ဓာကိုယ်ရှိ ထူးခြားသော ပါရမီတစ်ခု၏ ဝါးမျိုခြင်းကို ခံလိုက်ရကြောင်း ချန်လွေ့ အသာလေး ရှင်းပြသည်။
မြေဒြပ်စင်ဘုရင် ညည်းလိုက်သည်။
“ မင်းမှာ မယုံနိုင်စရာ စွမ်းရည်တွေ ရှိနေတာပဲ။ဒါပေမဲ့လည်း နတ်ဆိုးအရှင်သခင် အဆင့်ဆိုတာက မရိုးရှင်းဘူး။ထူးထူးခြားခြား လွှမ်းမိုးမှုတွေ ခံရနိုင်တယ်။ထိပ်သီးပုဂ္ဂိုလ် တစ်ယောက်ဖြစ်ဖို့အတွက် မင်းကိုယ်မင်းနိုင်နင်းနိုင်အောင် ဆက်ပြီးကြိုးစားရမယ်။ ”
ချန်လွေ့၏စိတ်သည် အသီနာထံ၌သာ အပြည့်အဝရှိနေသည့်အတွက် သိပ်ပြီးဂရုမစိုက်ပေ။ ချန်လွေ့က ပြောသည်။
“ အရှင်မင်းကြီး။သတိပေးတဲ့အတွက် ကျေးဇူးပါပဲ။ကျုပ်ရဲ့အဖော် ဘာဖြစ်နေလဲဆိုတာ သိလို့ရမလား။သူဘာလို့ မနိုးလာရသေးတာလဲ။ ”
ကျောက်စင်မြင့်ပေါ်၌ အသီနာသည် ငြိမ်ငြိမ်သက်သက် လှဲလျောင်းနေသည်။ သူ၏ရင်ဘတ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။သူ၏ လှပသော မျက်နှာလေးသည် တည်ငြိမ်အေးချမ်းနေပြီး ကလေးလေး အိပ်စက်နေသကဲ့သို့ပင် ဖြစ်သည်။
မြေဒြပ်စင်ဘုရင် ပြန်ဖြေသည်။
“ သူက နတ်ဆိုးဘုရင်အဆင့်ကို တက်ခါစပဲ ရှိသေးတယ်။သူ့ရဲ့ စွမ်းအားအသစ်တွေနဲ့ လိုက်လျောညီထွေအောင် မလုပ်နိုင်သေးခင်မှာပဲ တိုက်ခိုက်ရင်းနဲ့ အသက်ဓာတ် အားလုံးကို ကုန်ဆုံးစေလိုက်တယ်။သူ့ရဲ့အသက်ကို အထူးဆေးရည်တစ်မျိုးနဲ့ ပြန်ခေါ်လာနိုင်လို့ တော်သေးတာပေါ့။အကန့်အသတ်ကို ကျော်လွန်သွားတဲ့အတွက် သန္ဓေပြောင်းလဲခြင်း ဖြစ်နေတာတစ်ခုပဲ။သူ ဒီလိုပဲ အကြာကြီး အိပ်မောကျနေဦးမယ်။ သူနိုးလာတဲ့အချိန်ကျရင် အမြင့်ကို ပိုရောက်သွားလိမ့်မယ်။ဒါပေမဲ့လည်း ဒီသန္ဓေ ပြောင်းလဲခြင်းက အတော်လေး အန္တရာယ်များတယ်။သူ့ရဲ့အစွမ်းအားလုံး ဆုံးရှုံးသွား တာပဲဖြစ်ဖြစ်၊ သူ့ရဲ့အသက်အန္တရာယ် ထိခိုက်တာပဲဖြစ်ဖြစ် ဖြစ်နိုင်ချေရှိတယ်။ ”
သန္ဓေပြောင်းတာတဲ့လား။ဒါက မိစ္ဆာသစ်သီးရဲ့ စွမ်းအားကြောင်းများလား။ဒါမှမဟုတ် သန္ဓေပြောင်းသွေးမျိုးဆက်ရဲ့ အမွေအနှစ်ကြောင့်များလား။ ချန်လွေ့ တင်းတင်ကြပ်ကြပ် မျက်မှောင်ကြုတ်လိုက်သည်။ ဒါက အခွင့်အရေးကောင်းတစ်ရပ် ဖြစ်နိုင်တယ်။ဒါပေမဲ့ အသီနာကို ဒီအန္တရာယ်တွေ ကျော်ဖြတ်နိုင်အောင် ငါဘယ်လို ကူညီပေးရမှာလဲ။ ကြယ်သုံးပွင့် ဆင့်ကဲပြောင်းလဲသွားပြီးတော့ ပြန်လည်ရှင်သန်ခြင်း ဆေးရည်ကို ငါလဲလှယ်နိုင်ပေမဲ့လည်း ဒါက လူတစ်ယောက်ကို တစ်ကြိမ်ပဲ သုံးလို့ရတယ်။ငါ နည်းလမ်းတစ်ခုတော့ စဉ်းစားရမယ်။
မြေဒြပ်စင်ဘုရင် ထပ်ပြီး ပြောသည်။
“ ကံမကောင်းတာကတော့ ငါ့ရဲ့မြေဒြပ်စင်နှလုံးသား ကွဲကြေသွားတာပဲ။ငါ အသက်ဆက်ရှင်ဖို့ လေးရက်လောက်ပဲ ကျန်တော့တယ်။မဟုတ်ရင် ငါ့ရဲ့ မြေစွမ်းအား အကာအကွယ်အောက်မှာဆို သူ အန္တရာယ်မကျရောက်ဘူးလို့ အာမခံနိုင်တယ်။ ”
ချန်လွေ့၏ မျက်လုံးများ အရောင်တောက်သွားပြီး မေးလိုက်သည်။
“ အရှင်မင်းကြီး။ကျုပ်မှာ အကောင်းဆုံး ပြန်လည်ရှင်သန်ခြင်း ဆေးရည်ရှိတယ်။အဲဒါက မြေဒြပ်စင်နှလုံးသားကို ပြန်ပြင်နိုင်မလား။ ”
မြေဒြပ်စင်ဘုရင်သည် မြေအောက်၌ မည်မျှကြာအောင် နေခဲ့ကြောင်းမသိပေ။သူသည် မြေဒြပ်စင်မှ အသိပညာများကို ဆက်ခံရရှိထားသော်လည်း အပြင်လောကအကြောင်း တစ်ခုမျှ မသိပေ။သို့သော်လည်း တင်သည် ထိုကဲ့သို့ မဟုတ်ပေ။သူသည် ပြန်လည်ရှင်သန်ခြင်း ဆေးရည်အကြောင်းကို ဂလော်ဖင်းထံမှ ကြားခဲ့ဖူးသည်။ သို့သော်လည်း ထိုအချိန်သည် အလွန်အရေးကြီးနေသည့်အတွက် သူဂရုမစိုက်ခဲ့ပေ။ ယခုတွင် ချန်လွေ့ကိုယ်တိုင် အတည်ပြုလိုက်ပြီဖြစ်သည့် အတွက် တင်၏စိတ်ထဲ၌ တုန်လှုပ်သွားမိသည်။ဆေးရည်မည်းသည် မည်သည်ကို ကိုယ်စားပြုကြောင်းနှင့် ပြန်လည်ရှင်သန်ခြင်းဆေးရည်သည် မည်သည်ကို ကိုယ်စားပြုကြောင်းကို သူသိသည်။ ထိုဆေးရည် ပေါ်ထွက်လာခြင်းသည် နတ်ဆိုးဘုံအား ကြီးကြီးမားမား ရိုက်ခတ်သွားစေမည် ဖြစ်သည်။သူသည် ချန်လွေ့အား တအံ့တဩနှင့် ငေးကြည့်လိုက်သည်။
မြေဒြပ်စင်ဘုရင် ခေါင်းခါသည်။
“ ဒြပ်စင်ကောင်တွေက သဘာဝအလျောက် ဒြပ်စင်တွေကနေ ဖြစ်တည်လာတာ။သာမန် နတ်ဆိုးဘုံ သတ္တဝါတွေလိုမျိုး ဆေးရည်စွမ်းအားကို အသုံးမပြုနိုင်ကြဘူး။ ပြန်လည်ရှင်သန်ခြင်း ဆေးရည်က ဆေးရည်ဖြစ်ထွန်းမှုရဲ့ အမြင့်ဆုံးအဆင့်ကို ကိုယ်စားပြုပေမဲ့လည်း ကွဲကြေသွားတဲ့ မြေဒြပ်စင် နှလုံးသားကို မပြင်ဆင်နိုင်သေးဘူး။ ”
“ ဒါဆိုမြေဒြပ်စင် နှလုံးသားကို ဘယ်လိုပြင်ဆင်ရမလဲ။ ”
မြေဒြပ်စင်ဘုရင် ပြန်ဖြေသည်။
“ သတ်မှတ်ချက်တစ်ခုကတော့ မင်းစုဆောင်းထားတဲ့ အသက်ဓာတ်ရေစင်ပေါ့။ အသက်ဓာတ်ရေစင်က မူလစွမ်းအင်အတိုင်း ထုတ်လွှတ်နိုင်ပြီးတော့ မြေအရင်းအမြစ်နဲ့ ဓမ္မတေးသစ်သီး ရှိမယ်ဆိုရင် ကွဲကြေသွားတဲ့ မြေဒြပ်စင်နှလုံးသားကို ဖြည်းဖြည်းချင်း ပြန်ပြင်နိုင်မယ်။ ”
“ အသက်ဓာတ်ရေစင်က ပြဿနာ မဟုတ်ပါဘူး။မူလစွမ်းအင်အတိုင်း ထုတ်လွှတ်နိုင်တာ သေချာတယ်။မြေအရင်းအမြစ်နဲ့ ဓမ္မတေးသစ်သီးတို့က ဘာတွေလဲ။ ”
မြေဒြပ်စင်ဘုရင်က ပြောသည်။
“ မြေအရင်းအမြစ်ဆိုတာက မြေစွမ်းအားရဲ့ အမြုတေတွေ သိပ်သည်းပြီးတော့ ဖြစ်လာတာ။ မြေသတ္တဝါတွေကို အလျင်အမြန် ကြီးထွားပြီး ပြန်သက်သာဖို့ ကူညီပေးနိုင်တယ်။ မြေဒြပ်စင်နှလုံးသားရဲ့ အက်ကြောင်းတွေကိုလည်း ပြန်ပြင်ဆင်ပေးနိုင်တယ်။ မြေအရင်းအမြစ် အစီအရင်က အချိန်အများကြီးကုန်တယ်။ ငါ့မှာ နည်းနည်းတော့ရှိတယ်။ဒါပေမဲ့ မလုံလောက်ဘူး။ဓမ္မတေးသစ်သီးက ထူးဆန်းတဲ့ ဝိညာဉ်စွမ်းအားပါရှိတဲ့ ရှားပါးသစ်သီးတစ်မျိုးပဲ။ပြန့်ကျဲသွားတဲ့ ဝိညာဉ်တွေကို စုစည်းပေးနိုင်တယ်။သူ့ရဲ့အရည်က မြေဒြပ်စင် နှလုံးသားကို အဆုံးသတ်စုစည်းစေဖို့အတွက် သော့ချက်ပဲ။ ”
မြေအရင်းအမြစ်က မြေသတ္တဝါတွေကို မြန်မြန်ကြီးထွားပြီး ပြန်သက်သာစေနိုင်တာလား။ ချန်လွေ့ အကြံတစ်ခုရသွားပြီး မေးလိုက်သည်။
“ ကျုပ်ကို မြေအရင်းအမြစ် ပြကြည့်လို့ ရနိုင်မလား။ ”
မြေဒြပ်စင်ဘုရင် ခေါင်းညိတ်လိုက်သည်။ထို့နောက် သူ၏လက်ထဲ၌ ထူးဆန်းသော သလင်းကျောက် အပိုင်းအစတချို့ ထွက်ပေါ်လာသည်။ချန်လွေ့သည် တစ်ပိုင်းကိုယူကြည့်သည်။ ရွှေ့ပြောင်း၍ရသည်ဟု စနစ်မှ သတိပေးလာသည်။ မြေဒြပ်စင်ဘုရင်၏ ခွင့်ပြုချက်ကို ရပြီးသည့်အခါ ချန်လွေ့သည် ထိုသလင်းကျောက်ကို အရှိန်အဝါ တစ်သောင်းသုံးပြီး ဥယျာဉ်ထဲ ပြောင်းရွှေ့လိုက်သည်။
ကြယ်စင်စုဥယျာဉ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
- အမည်မသိမျိုးစိတ်။
- ထပ်ကာထပ်ကာ ရင့်မှည့်နိုင်သည်။
- နေ့စဉ် မှော်မှုန် သုံးစွဲရသည်။
- လက်ရှိအခြေအနေ ( ၂/၁၀ )။
တစ်နည်းပြောရလျှင် လက်ရှိတွင် ၂ယူနစ်ရှိပြီး ဆယ်ရက်ကြာတိုင်း ၂ယူနစ် ထပ်တိုးလာမည်ဖြစ်သည်။ ၎င်းတို့ကို ထပ်ကာထပ်ကာ သိမ်းယူ၍လည်းရသည်။ သို့သော်လည်း မြေဒြပ်စင်ဘုရင် အသက် ဆက်ရှင်ရန် လေးရက်သာ ကျန်တော့သည်။ ထို့ကြောင့် အချိန်မလောက်ပေ။
“ မြေအရင်းအမြစ်နေရာမှာ ဒီမှော်မှုန်ကို အစားထိုးလို့ ရနိုင်မလား မသိဘူး။ ”
ချန်လွေ့သည် မှော်မှုန်များကို လက်တစ်ဆုပ်စာ ယူထုတ်ပြီး မြေဒြပ်စင်ဘုရင်အား မေးမြန်းသည်။
မြေဒြပ်စင်ဘုရင်သည် ချန်လွေ့၏လက်ထဲရှိ မှော်မှုန်များကို သေသေချာချာ ကြည့်လိုက်သည်။ သူ၏အသံထဲ၌ အံ့အားသင့်မှု အရိပ်အယောင် ရှိနေသည်။
“ ဒီအမှုန်က ဘာစွမ်းအားမှ မရှိသလိုပဲ။ဒါပေမဲ့လည်း မြေဒြပ်စင်ကောင် တစ်ယောက်အနေနဲ့ ဒီကနေ ထူးခြားမှုတွေကို ခံစားရတယ်။ ဒီလို အံ့ဩဖွယ်ရာ စွမ်းအင်က မြေအရင်းအမြစ်နဲ့ ဆင်တူတယ်။ အစားထိုးအနေနဲ့ သုံးလို့ရလောက်ပါတယ်။ ဒါပေမဲ့ သန့်စင်မှုက တအားနိမ့်လွန်းတယ်။ ဒီစွမ်းအားနဲ့ဆိုရင် မြေဒြပ်စင်နှလုံးသားကို ပြန်ပြင်ဖို့အတွက် မလုံလောက်ဘူး။ ”
နောက်ဆုံးစကားကိုကြားပြီး ချန်လွေ့ စိတ်ဓာတ်ကျသွားသည်။ သန့်စင်မှုက တအားနိမ့်လွန်းတယ်တဲ့လား.......။ ကြယ်စင်စု ဥယျာဉ်မှ အသိပေးချက် တချို့ကို ချန်လွေ့ ရုတ်တရက် သတိရလိုက်သည်။ဒီအမှုန်များသည် “ အဆင့်တစ် မှော်မှုန် ” များသာ ဖြစ်သည်။အခရာ နတ်မိမယ်အား “ အဆင့်နှစ် သန့်စင်အမှုန် ” အဖြစ် အဆင့်မြှင့်နိုင်သည့် သတ်မှတ်ချက်များကို သတိရမိသွားသည်။ မဟုတ်မှလွဲရော......
“ သန့်စင်မှုနဲ့ ပတ်သက်ပြီးတော့ ကျုပ်မှာ နည်းလမ်း ရှိပါတယ်။ ”
ထိုသို့ ချန်လွေ့ပြောပြီးနောက် ငန်းဥအရွယ်အစားရှိသော ကြက်သွေးရောင် သစ်သီးတစ်လုံး ထုတ်ပြသည်။
“ ဒါက ဓမ္မတေးသစ်သီးလား။ ”
“ တော်တော်လေး ထူးဆန်းတဲ့ စွမ်းအင်ပဲ..... ”
မြေဒြပ်စင်ဘုရင် သစ်သီးကို ယူလိုက်သည်။သူ၏မျက်လုံးများ၌ အံ့အားသင့်မှုများ တလက်လက်တောက်ပနေသည်။
“ စမ်းကြည့်လို့ရမလား။ ”
“ ရတာပေါ့။ ”
မြေဒြပ်စင်ဘုရင်သည် အရှိန်အဝါသစ်သီးကို ဆွဲဖြဲလိုက်သည်။အရှိန်အဝါများ ပြည့်နေသော အရည်များသည် မြေဒြပ်စင်ဘုရင်၏ လက်ထဲသို့ စိမ့်ဝင်သွားသည်။ ခဏကြာပြီးနောက် မြေဒြပ်စင်ဘုရင်၏ ပိတ်နေသော မျက်လုံးများ ပြန်ပွင့်လာသည်။
“ သေချာတာကတော့ ဒါက ဓမ္မတေး သစ်သီး မဟုတ်ဘူး။ ”
ချန်လွေ့ စိတ်ထဲ၌ နောင်တရမိသွားသည်။သူသည် လိုအပ်သမျှအားလုံး ရှိနိုင်သည်အထိ ကံကောင်းနိုင်လိမ့်မည် မဟုတ်ပေ။မြေဒြပ်စင်ဘုရင် ဆက်ပြောသော စကားများသည် ချန်လွေ့အား မျှော်လင့်ချက်အနည်းငယ် ရရှိသွားစေသည်။
“ မြေဒြပ်စင်နှလုံးသားကို အပြည့်အဝ ပြန်ပြင်နိုင်ဖို့အတွက် ဓမ္မတေးသစ်သီး လိုအပ်တယ်။ ဒါပေမဲ့လည်း မင်းရဲ့သစ်သီးက တမူထူးခြားတဲ့ မှော်စွမ်းအင်တစ်မျိုး ရှိနေတယ်။သန့်စင်မှုမြင့်မားတဲ့ မှော်မှုန် လုံလုံလောက်လောက်ရယ်၊ ဒီသစ်သီးရယ်၊ အသက်ဓာတ်ရေစင်ရယ် ဆိုရင် မြေဒြပ်စင်နှလုံးသားကို ပြန်မပြင်နိုင်ရင်တောင်မှ မင်းရဲ့အဖော် နိုးတဲ့အထိ ငါ့ရဲ့အသက်ကို ဆက်ထားလို့ရတယ်။ ”
ချန်လွေ့သည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားပြီး ခေါင်းညိတ်လိုက်သည်။
“ အရင်ဆုံး ပြိဿ သားရဲတွင်းရဲ့ အသက်ဓာတ်ရေစင်ကို ပြန်ထားပေးလိုက်မယ်။ပြီးရင် မှော်မှုန်ရဲ့ သန့်စင်မှု တိုးလာအောင် ကျုပ် ကြိုးစားကြည့်မယ်။ သစ်သီးကတော့....ဘယ်လောက်လိုတာလဲ။ ”
“ ဒီသစ်သီးရဲ့ တန်ဖိုးက ဓမ္မတေးသစ်သီးထက် မနိမ့်ဘူး။ဆယ်လုံးဆို လုံလောက်ပါပြီ။ မြေနဲ့အပင်တွေကို ရင်းနှီးတဲ့ မြေဒြပ်စင်ကောင် တစ်ယောက်အနေနဲ့ ဒီသစ်သီးက အခုမှခူးလာသလိုမျိုး တော်တော်လေး လတ်ဆတ်တာကို ခံစားမိတယ်။ ”
မြေဒြပ်စင်ဘုရင်က ဆန္ဒရှိသည့်အတိုင်း ပြောလိုက်သည်။
“ လူတိုင်းမှာ လျို့ဝှက်ချက်တွေ ရှိပါတယ်။ငါထပ်ပြီး မမေးတော့ပါဘူး။မင်းထက်ပြီး အံ့ဩဖွယ်ရာတွေကို လုပ်ပြနိုင်လောက်ဦးမှာပါ။မြေဒြပ်စင်နှလုံးသား ပြန်ကောင်းသည် ဖြစ်စေ မကောင်းသည်ဖြစ်စေ မင်းက မြေဒြပ်စင်ကောင်တွေအတွက် ထာဝရမိတ်ဆွေ တစ်ယောက်ပါပဲ။ ”
ချန်လွေ့သည် အရှိန်အဝါသစ်သီး ဆယ်လုံးထုတ်ပေးပြီး မြေဒြပ်စင်ဘုရင်အား ဦးညွှတ်ကာ ထွက်သွားသည်။ချန်လွေ့တွင် အသက်ဓာတ်ရေစင်ကို ပြန်ထားရမည့်အပြင် မှော်မှုန်ကိုလည်း ချက်ချင်း စီမံခန့်ခွဲရမည့် အရေးကြီးစမ်းသပ်ချက်တစ်ခုလည်း ရှိနေသည်။ ၎င်းသည် သန္ဓေပြောင်းလဲခြင်း အခိုက်အတန့်ကို အသီနာ ကျော်ဖြတ်နိုင်မနိုင်နှင့် ဆက်နွှယ်နေသည်။
ထို့နောက် ချန်လွေ့သည် အရှိန်အဝါ တစ်သိန်းသုံးပြီး ကြယ်စင်စုဥယျာဉ်ထဲမှ အသက်ဓာတ်ရေစင်ကို ပြိဿ သားရဲတွင်းရှိ ရေအိုင်နေရာသို့ ပြန်ထားပေးလိုက်သည်။ လက်ရှိ၌ ထိုရေအိုင်တွင် ဝါဖျော့ဖျော့ အလင်းရောင်များ ရှိမနေတော့ပေ။ အသက်ဓာတ် ရေစင်၏ အရွယ်အစားမှာလည်း ကြယ်စင်စုဥယျာဉ်၌ မသိမ်းထားခင်ကထက် ငါးဆ ခြောက်ဆခန့် ပိုမိုကျယ်ပြန့်သွားလေသည်။
ပြိဿများ အော်ဟစ် ကခုန်နေကြသည်ကိုကြည့်ရင်း ဒယ်လောင်အား ချန်လွေ့ အသာလေး ပြုံးပြလိုက်သည်။ထို့နောက် ဘာမှမပြောဘဲ ဂူထဲသို့ပြန်ကာ စူပါစနစ်ထဲသို့ ဝင်ရောက်လိုက်သည်။
ချန်လွေ့ ပထမဆုံးမြင်ရသည့်အရာမှာ ကနဦးမျက်နှာပြင်ဖြစ်သော နေဗဟိုပြု ကြယ်စုကြီးဖြစ်သည်။ ၎င်းသည် အလွန်ပင် လှပကာ ငြိမ်းချမ်းနေသည်။ ဂလော်ဖင်းအား တိုက်ခိုက်ပြီးနောက် ဤအာကာသသည် အလှပြသက်သက်သာ မဟုတ်ကြောင်း ချန်လွေ့ သိသွားခဲ့သည်။ ဂလော်ဖင်း ပြောသည့်အတိုင်းပင် ဤနေရာသည် စိတ်ဝိညာဉ်နယ်ပယ် ဖြစ်ပေမည်။အတိအကျပြောရလျှင် ချန်လွေ့၏ အသိစိတ်ထဲရှိ စကြဝဠာ အသေးလေးတစ်ခုပင် ဖြစ်သည်။
ထိုအာကာသထဲ၌ ငြိမ်သက်စွာ ရစ်ဝဲနေသော အရာတစ်ခုရှိသည်။၎င်းကို ဂြိုလ်များ၏ ဆွဲင်အားသက်ရောက်မှု ရှိနေဟန် မတူပေ။
ဒါက “ နတ်ဘုရား-ဝါးမျို မျက်နှာဖုံး ” ပဲ။
သို့သော်လည်း ၎င်းသည် နတ်ဘုရား-ဝါးမျို မျက်နှာဖုံးသာ ဖြစ်သည်။ဂလော်ဖင်း၏ အသိစိတ်မှာ လုံးဝကွယ်ပျောက်သွားပြီး ကြယ်ကြွေနတ်သမီးတမန်ဓားနှင့် အရိပ်နက်ဝတ်ရုံကဲ့သို့ပင် နာမည်ကြီးသော နတ်ဆိုးဘုံရှိ အဆောင်ပစ္စည်း၇မျိုးထဲမှ တစ်မျိုးကိုသာ ချန်ရစ်ခဲ့သည်။
ချန်လွေ့ ကြိုးစားကြည့်သော်လည်း ထိုမျက်နှာဖုံးကို သိုလှောင်ခန်းထဲ မသိမ်းထားနိုင်ပေ။“ ကြယ်တာရာဝါးမျိုခြင်း ” ကိုလည်း အသုံးပြု၍မရပေ။ထို့ကြောင့်ပင် နတ်ဘုရား-ဝါးမျို မျက်နှာဖုံးကို သူ၏မျက်နှာပေါ်မှ ချွတ်၍မရခြင်း ဖြစ်ပေမည်။
ဂလော်ဖင်း၏ နတ်ဆိုးအရှင်သခင် စိတ်စွမ်းအားသည် အလွန်ကြီးမားလှသည်။၎င်းကို ကြယ်တာရာဝါးမျိုခြင်းဖြင့် ဝါးမျိုလိုက်နိုင်သော်လည်း ချက်ချင်း “ မချေဖျက် ” နိုင်ပေ။၎င်းကို ဤအာကာသထဲ၌သာ သိုလှောင်ထား၍ ယနေ့အထိ ဖြည်းဖြည်းချင်းသာ စုပ်ယူ၍ရပေသည်။
ချန်လွေ့သည် နတ်ဘုရား-ဝါးမျို မျက်နှာဖုံးကို ဘာမှဆက်မလုပ်ခဲ့ပေ။ယခုတွင် သူ့၌ ပို၍အရေးကြီးသောအရာများ လုပ်စရာရှိနေသည်။သူ ရုတ်တရက် အကြံတစ်ခုရသွားရာ ကြယ်စင်စု နတ်ဘုရားကျောင်းရှိ ပလ္လင်ပေါ်သို့ ချက်ချင်း ရောက်ရှိသွားလေသည်။