အညံ့ခံခြင်း
Vol. 12 Ch. 168
ဂူထဲသို့ ချန်လွေ့ ပြန်လာသည့်အခါ သူ့ကိုစောင့်နေကြသည့် တင်နှင့် လိုင်ဆာတို့ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။
ချန်လွေ့ကို သူတို့နှစ်ယောက်တွေ့သည့်အခါ တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြသည်။ တင်က ပြောသည်။
“ ဆာ-ချန်လွေ့။မေးမိတဲ့အတွက် ခွင့်လွှတ်ပေးပါ။မြေအောက်လောက ကနေ ခင်ဗျား ထွက်သွားတော့မှာလား။ ”
ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားပြီး ပြန်ဖြေလိုက်သည်။
“ အင်း။အသီနာ အောင်အောင်မြင်မြင် ပြန်နိုးလာဖို့အတွက် ပစ္စည်းတစ်ခု လိုအပ်နေသေးလို့ပါ။ အဲဒါကို သွားရှာရမယ်။ ”
“ သိပါပြီ။ ”
တင် ခေါင်းညိတ်လိုက်သည်။
“ ဒါပေမဲ့ မိန်းကလေး အသီနာ အဆင်ပြေမယ်ဆိုရင်တောင် ဆာ-ချန်လွေ့က ဒီမှာကြာကြာနေဖို့ အစီအစဉ် မရှိဘူး မလား။ ”
“ တင်။စကားပလ္လင် မခံနေနဲ့တော့။မင်း ဒီကနေ ထွက်သွားပြီးတော့ အမှောင်လမြို့ဆီ ပြန်ချင်တာမလား။ ”
“ ကျုပ်မိသားစုဆီ မပြန်ရတာ ၂နှစ်ကျော် ကြာနေပြီ။ ”
တင် သက်ပြင်းချလိုက်သည်။
“ ဒါပေမဲ့ ကျုပ်ဒီကိုလာတာက အဲဒါကြောင့် မဟုတ်ဘူး။ဒီလိုပါ။ကျုပ်နဲ့ မယ်ဒူဆာ မျိုးနွယ်တို့ရဲ့ သစ္စာခံမှုကို ဆာ-ချန်လွေ့ လက်ခံနိုင်မလား။ ”
ထိုကမ်းလှမ်းချက်သည် ချန်လွေ့ကို အမှန်တကယ် အံ့အားသင့်သွားစေသည်။ ဒါက ဒဏ္ဍာရီထဲကလိုမျိုး ဘုရင်တစ်ယောက်ရဲ့ ဘုန်းတန်ခိုးများလား။ငါ့ရဲ့ အရောင်အဝါ ထုတ်လွှတ်လိုက်တာနဲ့ လူတိုင်းက ငါ့ဆီမှာ လာပြီး အညံ့ခံကြတာလား။
တင် ဆက်ပြီး ရှင်းပြသည်။လက်ရှိတွင် မြေအောက်လောက၌ အင်အားစု သုံးစုသာ ကျန်ရှိတော့သည်။မြေဒြပ်စင်ကောင်များသည် ကိုယ်ပိုင်စည်းမျဉ်းများ ရှိကြသည်။ ပြိဿနှင့် မယ်ဒူဆာတို့သည် မူလက ရန်သူများ ဖြစ်ကြသည်။ဘုံရန်သူဖြစ်သော ဂလော်ဖင်းကြောင့် သူတို့မျိုးနွယ်နှစ်ခု ယာယီ မဟာမိတ်ဖွဲ့ထားခြင်းသာ ဖြစ်သည်။
ယခုတွင် ဘုံရန်သူ မရှိတော့သည့်အတွက် အနာဂတ်တွင် အချင်းချင်း ရန်စောင်ကြရင်း ရန်သူများ ဖြစ်လာနိုင်မနိုင်ကို ခန့်မှန်းရ ခက်ခဲလေသည်။ ပြိဿအကြီးအကဲကို ယှဉ်နိုင်သည့် တစ်ဦးတည်းသော မယ်ဒူဆာဘုရင်မသည်လည်း ဂလော်ဖင်းနှင့် တိုက်ခိုက်စဉ် ကျဆုံးသွားခဲ့ရသည်။ ထို့ပြင် ယခုတွင် ပြိဿများသည် အထူး ကောင်းမွန်သော လက်နက် ကိရိယာများကို ဖန်တီးနေနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် မယ်ဒူဆာနှင့် ပြိဿအကြားရှိ စွမ်းအားခြားနားမှုသည် နှိုင်းယှဉ်၍မရနိုင်အောင်ပင် ဖြစ်နေသည်။
လိုင်ဆာသည် ယခုတွင် မယ်ဒူဆာမျိုးနွယ်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီ ဖြစ်သည့်အတွက် ထွက်သွား၍ မရနိုင်ပေ။သူ့တွင် တင်၏ကလေး ရှိနေသေးသည်။ ယခုအချိန်အတောအတွင်း တင်သည် ဤနေရာမှ ထွက်သွားရန် မပြင်ဆင်ထားပေ။ ယခုတွင် အကောင်းဆုံးနည်းလမ်းမှာ ချန်လွေ့ထံ၌ အညံ့ခံရန်ပင် ဖြစ်သည်။ ချန်လွေ့၏အစွမ်းသည် နတ်ဆိုးဘုရင်အဆင့်သာ ရှိသေးသော်လည်း မှော်စွမ်းအားများမှာ အဆုံးမဲ့ တိုးပွားလျက်ရှိနေသည်။အရေးကြီးဆုံးမှာ ချန်လွေ့သည် ပြိဿနှင့် မြေဒြပ်စင်ကောင်တို့အတွက် ကျေးဇူးရှင် ဖြစ်နေခြင်းပင် ဖြစ်သည်။ပြိဿများသည် သူတို့ကို ရန်ပြုနိုင်သော်လည်း မြေဒြပ်စင်ကောင်များသည် ချန်လွေ့၏ “မျိုးနွယ် ” ဖျက်ဆီးခံမည်ကို ထိုင်ကြည့်နေနိုင်ကြမည် မဟုတ်ပေ။အညံ့ခံရန် အကြံပြုချက်ကို မယ်ဒူဆာ မျိုးနွယ်တစ်ခုလုံး အကန့်အကွက်မရှိ သဘောတူကြသည်။
“ ဆာ-ချန်လွေ့။ခင်ဗျားမှာ မယုံနိုင်စရာ စွမ်းအားတွေရှိတယ်။ထင်ထားတာထက်ကို ကျော်လွန်ပြီးတော့ နတ်ဆိုးအရှင်သခင်အဆင့် ဂလော်ဖင်းကိုတောင် သတ်ပစ်နိုင်ခဲ့တယ်။ ပြီးတော့ ပြန်လည်ရှင်သန်ခြင်း ဆေးရည်လည်း ရှိတယ်။ဒီလျို့ဝှက်ချက်က နတ်ဆိုးဘုံ တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်တယ်။ကျုပ်ကို နှုတ်ပိတ်ဖို့ မသတ်ချင်ဘူးဆိုရင် ကျုပ်ရဲ့ စစ်မှန်တဲ့ အညံ့ခံခြင်းကို လက်ခံပေးပါ။ ”
တင် ဒူးတစ်ဖက်ထောက်ပြီး လက်ထဲ၌ ကျွန်-သခင် စာချုပ် ဖြစ်တည်လာသည်။
တင်သည် အမှန်တကယ်ပင် ပါးနပ်လှသော လူတစ်ယောက် ဖြစ်သည်။သူ အညံ့ခံလိုက်ခြင်းမှာ မယ်ဒူဆာမျိုးနွယ်၏ အကျိုးအတွက်ပင် မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ အကြောင်းရင်းလည်း ပါဝင်နေသည်။ယခင်က ချန်လွေ့သည် ဤကိစ္စကို စဉ်းစားနေခဲ့သည်။ယခုတွင် တင်သည် မယ်ဒူဆာမျိုးနွယ်နှင့်အတူ အညံ့လာခံသည့်အတွက် ဤကဲ့သို့ အကျိုးအမြတ်များသော လုပ်ငန်းမျိုးကို ချန်လွေ့ လက်လွတ်ခံမည် မဟုတ်ပေ။
ချန်လွေ့ စမ်းကြည့်လိုက်သည်။ထင်ထားသည့်အတိုင်းပင် ကျွန်-သခင်စာချုပ် ချုပ်၍ရနေသည်။စာချုပ် ချုပ်ပြီးသွားသောအခါ အလင်းရောင်သည် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး ကျွန်-သခင်စာချုပ် ဖြစ်တည်သွားလေသည်။ လိုင်ဆာသည် စာချုပ် မချုပ်ဆိုခဲ့ဘဲ မယ်ဒူဆာမျိုးနွယ်ကိုယ်စား သစ္စာဆိုလိုက်သည်။ အသိဉာဏ်ရှိသော နတ်ဆိုးသားရဲများအတွက် ထိုကဲ့သို့ သစ္စာဆိုခြင်း စည်းနှောင်အားသည် ကျွန်-သခင် စာချုပ်ထက် မနိမ့်လှပေ။
တင်သည် လူတော်တစ်ယောက် ဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။ ခေါင်းဆောင်ရေးရာ၊စစ်မက်ရေးရာနှင့် သံတမန်ရေးရာတို့၌ ထူးခြားသော စွမ်းဆောင်ရည်များ ရှိသည်။မယ်ဒူဆာမျိုးနွယ်များထဲတွင် နတ်ဆိုးဘုရင်အဆင့် မယ်ဒူဆာများနှင့် အမြင့်ဆင့်နတ်ဆိုး မယ်ဒူဆာများ ရှိကြသည်။ငယ်ရွယ်သော မယ်ဒူဆာများမှလွဲ၍ အဆင့်အနိမ့်ဆုံးမှာ အလယ်ဆင့်နတ်ဆိုးများ ဖြစ်ကြသည်။ မယ်ဒူဆာတို့၏ ကျောက်ဖြစ်စွမ်းရည်နှင့် အလှမ်းဝေး ပစ်ခတ်မှုများသည် အစွမ်းထက်လှသည်။ဝတ်ရုံဂိုဏ်းကို ချန်လွေ့၏ ယာယီ အဖွဲ့အစည်းဟု သတ်မှတ်မည်ဆိုလျှင် မယ်ဒူဆာမျိုးနွယ်ကို ချန်လွေ့၏ တကယ့်အဖွဲ့ဝင်များဟု သတ်မှတ်၍ရနိုင်သည်။ဆော်ရွန်မျက်လုံးကို ချန်လွေ့ ရရှိသည်နှင့် ပြိဿများလည်း အဖွဲ့ဝင်ဖြစ်လာပေလိမ့်မည်။
ချန်လွေ့သည် ထိုကဲ့သို့ ရည်မှန်းချက် မကြီးလှပေ။သို့သော်လည်း ကြီးနိုင်ငယ်ညှဉ်းသော နတ်ဆိုးဘုံ၌ စွမ်းအားသည် အသက်ရှင်ရန် အရေးကြီးဆုံး စည်းမျဉ်းပင် ဖြစ်သည်။ အားနည်းသူများကို မည်သူမျှ မသနားကြပေ။ချန်လွေ့လည်း အားနည်းသူ မဖြစ်ချင်ပေ။ ပျော်ရွှင်မှုသည် ဒေါင့်တစ်နေရာ၌ တိတ်တဆိတ် ပူဖောင်းမှုတ် ကစားနေခြင်း မဟုတ်ပေ။ ထိုကဲ့သို့ ယာယီ ပုံရိပ်ယောင်မျိုးသည် မည်သည့်ထိတွေ့မှု၊ဖျက်ဆီးမှုကိုမျှ မခံနိုင်ပေ။ အနာဂတ်ပျော်ရွှင်မှုသည် လက်ထဲ၌ အမှန်တကယ်ရှိနေရန်အတွက် ချန်လွေ့ သေချာအောင် ပြုလုပ်မည်ဖြစ်သည်။ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ချုပ်ကိုင်ရန် ဆုံးဖြတ်ထားသကဲ့သို့ပင် ဖြစ်သည်။
ရှီလန်တောင် လူနေအိမ်ယာ နယ်မြေ၌-
“ မကောင်းတော့ဘူး။ဆာ-စနိုးဒင်။ ”
အိပ်ယာထက်၌ အနားယူနေသော စနိုးဒင်သည် စိုးရိမ်တကြီး ခုန်ထပြီး ကျိန်ဆဲလိုက်သည်။
“ ဝိုင်ဗန်တွေ ရောက်လာပြန်ပြီလား။ ”
တစ္ဆေနီ( ကြက်သွေးနီအစောင့် ) တို့၏ ခေါင်းဆောင်ဖြစ်သော စနိုးဒင်သည် ရှီလန်တောင်သို့ ရောက်နှင့်နေသည်မှာ သုံးလေးရက် ရှိနေပြီ ဖြစ်သည်။သူ့အတွက် အလွန်ပင် သနားစရာ ကောင်းလှသည်။သူသည် လိုင်ရာမြို့ကဲ့သို့ အေးစက်စက်နေရာနှင့် ရှီလန်တောင်သို့ပင် ပြန်စရာမလိုဘဲ လိပ်ပြာနီ နယ်မြေ၌ အေးအေးဆေးဆေး အနားယူနေခဲ့သည်။ သို့သော်လည်း ခပ်ကြာကြာ မနေရသေးခင်မှာပင် လိုင်ရာမြို့၌ ကိစ္စကြီးတစ်ခု ဖြစ်ပျက်သွားခဲ့သည်။
ဂျိူးဆက်ပ်၏ လက်အောက်ခံ ဘာနကယ်သည် ကြက်သွေးနီအစောင့်များကို စုစည်းပြီး ပုန်ကန်ကာ လိုင်ရာမြို့တော်ဝန် ခန်ဒါကြီးကို သတ်ပစ်ခဲ့သည်။ကြက်သွေးနီအစောင့်များ လုံးဝဖျက်ဆီးခံလိုက်ရသည်။ဘာနကယ်၏ အလောင်းကိုလည်း လိုင်ရာမြို့ မြောက်ဘက်လမ်း၌ ရှာတွေ့ခဲ့သည်။သူလည်း အသတ်ခံခဲ့ရခြင်း ဖြစ်နိုင်သည်။ ထိုအဖြစ်အပျက်သည် လိပ်ပြာနီနယ်မြေရှိ အကြီးအကဲများကို ခေါင်းပူသွားစေသည်။ မင်္သကာစရာအချို့ ရှိသော်လည်း ရလာဒ်ကို မပြောင်းလဲနိုင်ပေ။
လိုင်ရာမြို့တော်ဝန်အသစ်သည် မြို့ကို စွန့်ခွာခဲ့သော လိပ်ပြာနီနယ်မြေ တပ်ဖွဲ့များကို သည်းခံတော့မည် မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။ထို့ပြင် လိပ်ပြာနီနယ်မြေသည် လိုင်ရာမြို့ကို အခြေစိုက်စခန်းပြုလုပ်ကာ အမှောင်လမြို့၏ အနောက်ဘက် လမ်းကြောင်းကိုလည်း ထပ်ပြီး မထိန်းချုပ်နိုင်တော့ပေ။
လိပ်ပြာနီနယ်မြေသို့ စနိုးဒင် ပြန်သွားရခြင်းမှာ “ အားလပ်ရက် အနားယူခြင်း ”မှ ခိုးထွက်လာခြင်းမဟုတ်ဘဲ သခင်ဖြစ်သူ ခါနီတာအား သတင်းပို့ရန် ဖြစ်သော်လည်း ကြက်သွေးနီ အစောင့်တပ်ဖွဲ့၏ ခေါင်းဆောင် တစ်ယောက်အနေဖြင့် ထိုကဲ့သို့ ရှုံးနိမ့်မှုမျိုးကို တာဝန်ခံရလေသည်။ ကံကောင်းစွာပင် ကျဆုံးမှုအတွက် အပြည့်အဝ တာဝန်ယူရသော ဘာနကယ်သည် ဂျိုးဆက်ပ်၏ လက်အောက်ခံ ဖြစ်နေသည်။ ခါနီတာသည် အပြစ်အားလုံးကို ဂျိုးဆက်ပ်ခေါင်းပေါ်သို့ ပုံချခဲ့သည်။ဂျိုးဆက်ပ်ကို အနိုင်ယူရန်အတွက် ခါနီတာသည် ကယ်လီရာအား ဘာနကယ် သတ်ဖြတ်ခြင်းနှင့် အခြား အတွင်းရေးတိုက်ခိုက်မှုများကို အထူးအလေးပေး ပြောသွားခဲ့သည်။
ဂျိုးဆက်ပ်သည် အားနည်းသူတစ်ယောက် မဟုတ်ပေ။သူသည် သံသယအမျိုးမျိုးကို ထောက်ပြပြီး ဤအဖြစ်အပျက်၌ အကြီးမားဆုံး အကျိုးအမြတ် ရရှိသူမှာ အမှောင်လမြို့ရှိ မင်းသမီးရှီရာပင်ဖြစ်ကြောင်း ပြောသည်။သို့သော်လည်း ရှီရာတွင် ဤကဲ့သို့အစွမ်းအစ မရှိသည်မှာ အသေအချာပင် ဖြစ်သည်။သို့မဟုတ်ပါက အနောက်ဘက်လမ်းကြောင်းကို သိမ်းပိုက်ပြီးသွားလောက်ပြီဖြစ်သည်။ဤအဖြစ်အပျက်တွင် စတေးခံခဲ့ရသော နယ်ရုပ် တစ်ရုပ်မှာ ဂျိုးဆက်ပ်၏ လက်အောက်ခံဖြစ်သော ဘာနကယ်ပင် ဖြစ်လေသည်။ ထို့ကြောင့် အမှန်တကယ် အကျိုးအမြတ် ရရှိသူမှာ ခါနီတာ တစ်ယောက်တည်းပင် ဖြစ်သည်။ဂျိုးဆက်ပ်အား အားနည်းစေပြီး ချောက်ချရန်အတွက် ခါနီတာသည် အမှောင်လမြို့၏ အနောက်ဘက် လမ်းကြောင်းကို ထိန်းချုပ်မည့် လိပ်ပြာနီနယ်မြေ၏ အစီအစဉ်ကိုပင် ဖျက်ဆီးရန် မတုံ့ဆိုင်းခဲ့ပေ။
နှစ်ဖက်စလုံးကို ကိုယ့်စကားကိုယ် လက်ကိုင်ထားရင်း အဆုံးမရှိ ငြင်းခုံနေကြတော့သည်။ လက်ရှိတွင် လိပ်ပြာနီအရှင် ဂျို့ရှ်သည် မဆုံးဖြတ်နိုင်သေးပေ။ထို့ကြောင့် နှစ်ဖက်စလုံးကို ညီတူမျှတူ အပြစ်တင်လိုက်သည်။ အနည်းငယ် ဖိနှိပ် ညှိနှိုင်းပြီးနောက်တွင် ဂျိုးဆက်ပ်သည် အမှောင်လမြို့သို့ ဆက်ပြန်ရမည် ဖြစ်သည်။ ခါနီတာသည် ရှီလန်တောင်ရှိ ကျဆုံးမှုကို ရှင်းလင်းရမည် ဖြစ်သည်။အမှောင်လမြို့၏ အနောက်ဘက်လမ်းကြောင်းကိုလည်း ဆက်ပြီး ထိန်းချုပ်ထားရမည် ဖြစ်သည်။
ဤသို့နှင့် စနိုးဒင်သည် လိပ်ပြာနီနယ်မြေ၌ ခပ်ကြာကြာ မနေခဲ့ရဘဲ အမြန်ပြန်လာခဲ့ရသည်။ ထို့ပြင် သူသည် လိုင်ရာမြို့၌ အေးအေးဆေးဆေး မနေနိုင်တော့ဘဲ အလွန်ဆိုးဝါးလှသော ရှီလန်တောင်ဆီသို့ ပြန်လာရတော့သည်။
ရှီလန်တောင်ဆီသို့ စိတ်ပျက်လက်ပျက်နှင့် စနိုးဒင် ရောက်လာပြီးသည့်အခါ မိုင်းလုပ်သားများသည် လူနေအိမ်ယာ၌ နေနေကြောင်းကို တွေ့ပြီး အံ့အားသင့်သွားသည်။ တစ္ဆေနီ သူခိုးဓားပြများသည် ဝါလန်တောင်၌ တိုးဝှေ့ပူးကပ် နေနေကြရသည်။
အဓိကတွင်းထဲမှ ထွက်လာသော ကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ်နဂါးသည် ရှယ်လီ နှင့် ကယာဂတ်စ်ကို သတ်ပစ်ခဲ့ကြောင်း သူခိုးဓားပြများထံမှ စနိုးဒင် သိလိုက်ရသည်။ ကယ်လီရာသည် လုကမ်းတောင်သို့သွားပြီး လူသားမိုင်းတွင်းအရာရှိကို သွားသတ်ခဲ့သည်။ သို့သော်လည်း သစ္စာဖောက် လန်နွန်ကြောင့် ရှုံးနိမ့်သွားခဲ့ရသည်။သူပြန်လာသည့်အခါ စိတ်ဝိညာဉ်နဂါးကြောင့် နေမလို ဖြစ်သွားခဲ့သည်။ ဆက်သွယ်ရေးမျှော်စင် ပျက်စီးနေမှုကြောင့် ကယ်လီရာသည် လိုင်ရာမြို့သို့ သတင်းပို့ရန် အမြန်သွားပြီး သူခိုးဓားပြများအား ဝါလန်တောင်၌ ယာယီပုန်းအောင်းနေရန် အမိန့်ပေးထားခဲ့သည်။
စနိုးဒင် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။တစ်ဖက်လူသည် အမြင့်ဆင့်နတ်ဆိုး သို့မဟုတ် နတ်ဆိုးဘုရင်အဆင့်ပင် ဖြစ်နိုင်သည်။ကယ်လီရာ၏ အမိန့်ကိုလည်း မနာခံ၍မဖြစ်ပေ။လိုင်ရာမြို့ရှိ တစ္ဆေနီတို့၏ တပ်ဖွဲ့များ အဆုံးသတ်သွားလေပြီ။ ဝါလန်တောင်၌ ကယ်လီရာ စုဆောင်းထားခဲ့သော သူခိုးဓားပြများမှာလည်း အင်အား အနည်းငယ်သာ ရှိလေသည်။ကံဆိုးစွာပင် ကယ်လီရာသည် လိုင်ရာမြို့၌ သေဆုံးသွားခဲ့သည်။ ရှယ်လီနှင့် ယာဂတ်စ်တို့လည်း သေဆုံးသွားခဲ့ကြသည်။ ယခုတစ်ခေါက် သူသည် အိုင်ဗန်ဟူသော အမြင့်ဆင့်နတ်ဆိုးတစ်ယောက်ကို မခေါ်လာခဲ့လျှင် မည်သူမျှ မရှိနိုင်တော့ပေ။
မကြာမီတွင် ရှီလန်တောင်သို့လွှတ်လိုက်သော သူခိုးဓားပြများထံမှ သတင်းရရှိလာသည်။ “ လန်နွန် ”သည် ရှီလန်တောင်မှ ထွက်သွားပြီ ဖြစ်သည်။အင်ပါယာ ပထမဆုံး ဗိုလ်ချုပ်၏ သမီးတော် အသီနာနှင့် လူသားမိုင်းတွင်း အရာရှိတို့သည် အဓိကတွင်းရှိ အောက်လွှာ၌ ပျောက်ဆုံးသွားခဲ့သည်။သူတို့ထံမှ သတင်းမကြားရသည်မှာ သုံးလေးရက် ရှိနေပြီ ဖြစ်သည်။သူတို့သည် မိုင်းတွင်းအရာရှိဟောင်း တင်ကဲ့သို့ နတ်ဆိုးသားရဲ အစားခံလိုက်ရသည့် အဖြစ်မျိုး ကြုံသွားဟန်တူသည်။သို့မဟုတ် ကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ်နဂါးနှင့် တွေ့သွားဟန်တူသည်။
အသီနာ သေဆုံးခြင်းသည် တစ်နည်းတစ်ဖုံ ပြဿနာတက်နိုင်သော်လည်း စနိုးဒင်သည် သိက္ခာမစောင့်ထိန်းဘဲ သူခိုဓားပြများကို ရှီလန်တောင်အား တိုက်ခိုက်ခိုင်းသည်။ မိုင်းလုပ်သားများနှင့် အစောင့်များ လုံးဝမခုခံနိုင်ကြပေ။သူတို့ကို ချက်ချင်းပင် စနိုးဒင်၏ တပ်ဖွဲ့များ ထိန်းချုပ်လိုက်ကြသည်။သူတို့ကို သူခိုးဓားပြများ နေခဲ့သော ဝါလန်တောင်၌ ထိန်းသိမ်းထားလိုက်သည်။ခါနီတာ၏ အမိန့်ကြောင့်သာ မဟုတ်လျှင် စနိုးဒင်သည် ဤမိုင်းလုပ်သား အားလုံးကို သတ်ပစ်လိုက်မည် ဖြစ်သည်။ထိုအချိန်၌ စနိုးဒင်သည် အသီနာ ချန်ထားခဲ့သော ပစ္စည်းကောင်းတစ်ခုကို တွေ့သွားသည်။၎င်းမှာ ဝိုင်ဗန်သားပေါက် တစ်ကောင် ဖြစ်သည်။
ဤသားပေါက်အား အညံ့ခံအောင် ပြုလုပ်နိုင်လျှင် စနိုးဒင်သည် ဤကဲ့သို့ ဆိုးဝါးလှသော နေရာ၌ ပို၍အဆင်ပြေပြေ သွားလာနိုင်မည် ဖြစ်သည်။လိပ်ပြာနီနယ်မြေသို့ ပေးအပ်ရမည် ဆိုလျှင်တောင် ထိုက်တန်ပေသည်။အထူးသဖြင့် သူသည် အမှားများအတွက် ပြင်ဆင်ရန် လိုအပ်နေသေးသည်။
ဝိုင်ဗန်သားပေါက်သည် အလယ်ဆင့်နတ်ဆိုးသာဖြစ်သည်။သူ၏ နတ်ဆိုးဘုရင်အဆင့် အစွမ်းနှင့် အလွယ်တကူပင် ဖမ်းနိုင်ခဲ့သည်။သို့သော်လည်း မကြာမီတွင် ထိုဆုံးဖြတ်ချက်ကို စနိုးဒင် အကြီးအကျယ် နောင်တရသွားသည်။
ဝိုင်ဗန်သားပေါက် အဖမ်းခံရသောအခါ ၎င်းသည် ကျောချမ်းဖွယ် အသံများ ပြုလုပ်လိုက်သည်။၎င်းသည် အရွယ်ရောက်ပြီး ဝိုင်ဗန်တစ်ကောင်ကို ဆွဲဆောင်နိုင်ခဲ့သည်။ ဝိုင်ဗန်တစ်ကောင် ပိုလာသည်မှာ ကောင်းသည့်ကိစ္စပင် ဖြစ်သော်လည်း ထိုဝိုင်ဗန်သည် နတ်ဆိုးဘုရင်အဆင့် ဖြစ်နေသည်။ထို့ပြင် နောက်ထပ် ဝိုင်ဗန်သုံးကောင် ရောက်လာသည်။ထိုဝိုင်ဗန်များမှာလည်း နတ်ဆိုးဘုရင်အဆင့်ပင် ဖြစ်ကြသည်။
လက်ရှိတွင် စနိုးဒင်သည် နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းသာ ဖြစ်သည်။ဝိုင်ဗန်များ၌ အားအနည်းဆုံးမှာလည်း နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းပင် ဖြစ်သည်။ အဆင့်တူတူဆိုလျှင် နတ်ဆိုးသားရဲများသည် သာမန်နတ်ဆိုးများထက် ပို၍အစွမ်းထက်ကြသည်။ဤကဲ့သို့ တိုက်ပွဲမျိုးသည် မဖြစ်နိုင်ပေ။
ရှီလန်တောင်မှာ ဘယ်တုန်းက နတ်ဆိုးဘုရင်အဆင့် ဝိုင်ဗန်တွေ ရှိသွားတာလဲ။ အနီးအနားမှာ မရှာတွေ့ရသေးတဲ့ ဝိုင်ဗန်အသိုက် ရှိနေလို့များလား။
ယခုတွင် သူသည် ဝိုင်ဗန်အသိုက်ကို တုတ်နှင့်ထိုးမိသွားပြီ ဖြစ်သည်။ ဝိုင်ဗန်သားပေါက်သည် ကယ်တင်ခံလိုက်ရပြီး သူခိုးဓားပြများ ဒဏ်ရာအပြင်းအထန် ရသွားသည်။ကံကောင်းစွာပင် စနိုးဒင်သည် မှော်စက်ဝိုင်း ကျွမ်းကျင်သည်။သူသည် စိတ်ဝိညာဉ်နဂါးရန်မှ ကာကွယ်ရန်အတွက် ခုခံမှု မှော်စက်ဝိုင်း စီရင်ထားခဲ့သည်။ ထို့ကြောင့် ဝိုင်ဗန်များ၏ တိုက်ခိုက်မှုကို ခုခံရုံသာ ခုခံနိုင်လေသည်။
ပို၍ဆိုးသည်မှာ ထိုဝိုင်ဗန်များသည် အငြှိုးကြီးလှသည်။တစ်ရက်နှစ်ရက်တစ်ခါ လာတိုက်ခိုက်ကြပြီး စနိုးဒင်အား မိုင်းတွင်း၌ ဆက်မနေရဲအောင် လုပ်နေကြသည်။ စနိုးဒင်သည် လူနေအိမ်ယာနယ်မြေသို့ မှော်စက်ဝိုင်းဖြင့်သာ ပြန်ရသည်။ ယမန်နေ့ကတိုက်ခိုက်မှုသည် ခုခံမှု မှော်စက်ဝိုင်းကို လုံးဝပျက်စီးသွားစေသည်။ ယခုတစ်ခေါက် ဝိုင်ဗန်များပြန်လာလျှင် လိပ်ပြာနီနယ်မြေမှ မည်မျှပင် အပြစ်တင်ပါစေ စနိုးဒင်သည် ရှီလန်တောင်မှ ထွက်ပြေးတော့မည် ဖြစ်သည်။
“ မဟုတ်ပါဘူး။ ”
အလွန်မောနေသော အမှောင်နတ်သူငယ် သူခိုးဓားပြက ပြောသည်။
စနိုးဒင် အလွန်ဒေါပွသွားသည်။အမှောင်နတ်သူငယ်သည် ပါးရိုက်ခံရခြင်းကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
“ ဝိုင်ဗန်မဟုတ်ရင် မင်းကဘာလို့ ကြောက်နေရတာလဲ။ ”
အမှောင်နတ်သူငယ်သည် မတရားခံရသည်ဟု ခံစားမိပြီး ဆက်ပြောသည်။
“ ဆာ။တောင်ကိုစောင့်ကြပ်နေတဲ့ ညီအစ်ကို ဆီကနေ သတင်းရလာတယ်။ အဓိကတွင်းကနေ ထူးဆန်းတဲ့ တုန်ခါမှုတွေ ဖြစ်နေတယ်။အဲဒါ စိတ်ဝိညာဉ်နဂါး ဖြစ်နိုင်တယ်။ ”
“ စိတ်ဝိညာဉ်နဂါး ဟုတ်လား။ ”
စနိုးဒင်၏မျက်နှာ ပြောင်းလဲသွားသည်။ထိုနတ်ဆိုးသားရဲကို သူတစ်ခါမျှ မတွေ့ဖူးသော်လည်း သူခိုးဓားပြများ၏ ဖော်ပြချက်နှင့် အသီနာတို့၏ ပျောက်ကွယ်မှုကို ကြည့်လျှင် ၎င်း၏စွမ်းအားမှာ ပေါ့သေးသေး မဟုတ်ကြောင်း သေချာနေသည်။၎င်းသည် အမှန်တကယ်ပင် သန္ဓေပြောင်းနဂါးသာဆိုလျှင် နတ်ဆိုးဧကရာဇ်အဆင့် သို့မဟုတ် နတ်ဆိုးအရှင်သခင်အဆင့်အထိ ဖြစ်နိုင်လေသည်။
စနိုးဒင်သည် လူနေအိမ်ယာနယ်မြေမှ ကတိုက်တရိုက် ထွက်သွားသည်။အပြင်ဘက်တွင် ကြောက်လန့်နေကြသော သူခိုးဓားပြများ ပြည့်နှက်နေသည်။ အိုင်ဗန်၏ ဆူပူကြိမ်းမောင်းမှု ကြောင့်သာမဟုတ်လျှင် သူတို့အားလုံးသည် နေရာအနှံ့သို့ ထွက်ပြေးသွားပေလိမ့်မည်။
အားလုံး အချိန်အတော်ကြာ သတိထားနေကြသော်လည်း မည်သည့် စိတ်ဝိညာဉ် နဂါးကိုမျှ မတွေ့ရသေးပေ။စနိုးဒင်သည် သူခိုးဓားပြများကို အပြစ်တင်လိုက်သည်။ ထိုအချိန်မှာပင် ကောင်းကင်ပေါ်မှ ကြားဖူးနေကျ ဝိုင်ဗန်အသံ ထွက်ပေါ်လာသည်။ ကြောက်လန့်နေကြသော သူခိုးဓားပြများလည်း ငြိမ်ငြိမ် မနေနိုင်ကြတော့ဘဲ နေရာအနှံ့အပြားသို့ ထွက်ပြေးကြကုန်တော့သည်။
စိတ်ဝိညာဉ်နဂါးရော ဝိုင်ဗန်ရော။ ငါဘာလို့ ဒီလောက်တောင် ကံဆိုးရတာလဲ။
“ ချီးပဲကွာ။ ”
စနိုးဒင်လည်း စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။ထိုကြောက်မက်ဖွယ်ရော လေနတ်ဆိုးသားရဲများကို စနိုးဒင်ထပ်ပြီး မရင်ဆိုင်ချင်တော့ပေ။သူ အိုင်ဗန်ကို ခေါ်ပြီး ဝါလန်တောင်ဆီသို့ “ နည်းဗျူဟာတကျ ဆုတ်ခွာ ”ရန် ပြင်လိုက်သည်။
သူတို့ မဆုတ်ခွာနိုင်ခင်မှာပင် စနိုးဒင်သည် ရုတ်တရက် အလန့်တကြားဖြစ်သွားသည်။ သူ၏အရှေ့တွင် လူတစ်ယောက် သတိမထားမိလိုက်ဘဲ ထွက်ပေါ်လာပြီး လမ်းပိတ်ထားသည်။
ထိုသူသည် မျက်နှာဖုံးနှင့် ဝတ်ရုံ ဝတ်ဆင်ထားသည်။ထိုမျက်နှာဖုံးသည် ထိပ်ပိုင်း၌ အနည်းငယ် ကျိုးပဲ့နေပုံရသည်။