← Chapters

ဝမ်းနည်းစရာ။စနိုးဒင်၏ ဆုံးဖြတ်ချက်အမှား

Vol. 12 Ch. 169

ဝမ်းနည်းစရာ။စနိုးဒင်၏ ဆုံးဖြတ်ချက်အမှား

Vol. 12 Ch. 169

ထိုဝတ်ရုံနှင့်လူသည် အနည်းငယ် ထူးဆန်းနေကြောင်း အိုင်ဗန် ပြောနိုင်သည်။ သို့သော်လည်း ထိုသူ၏ခန္ဓာကိုယ်မှ အရောင်အဝါများသည် အမြင့်ဆင့်နတ်ဆိုး ဖြစ်ကြောင်း ဖော်ပြနေသည်။ အိုင်ဗန်၏ အမြင့်ဆင့်နတ်ဆိုး နှောင်းပိုင်းနှင့် အတော်လေး ဝေးကွာနေသေးသည်။ ထို့ပြင် သူ၏ နောက်တွင် စနိုးဒင် ရှိနေသည်။အိုင်ဗန် ချက်ချင်း မေးလိုက်သည်။

“ မင်းက ဘယ်သူလဲ။ ”

“ စနိုးဒင်လား။ ”

ထိုဝတ်ရုံနှင့်လူမှာ အဓိကတွင်းမှ ထွက်လာခဲ့သော ချန်လွေ့ပင် ဖြစ်သည်။သူခိုးဓားပြများ ထိတ်လန့်နေရခြင်းမှာ မှော်အစီအရင်အား မြေဒြပ်စင်ဘုရင် ဖျက်ဆီးနေခြင်းကြောင့် ဖြစ်သည်။

မယ်ဒူဆာမျိုးနွယ်သည် ချန်လွေ့ထံ အညံ့ခံခဲ့ကြောင်း သိလိုက်ရသည့်အခါ ‌ပြိဿများနှင့် မြေဒြပ်စင်ကောင်များသည် အချင်းချင်း ဂုဏ်ပြုလိုက်ကြသည်။ထို့နောက် ချန်လွေ့သည် မယ်ဒူဆာနှင့် မြေဒြပ်စင်ကောင်တို့၏ အသက်ဓာတ်ရေစင်များကို မူလနေရာအတိုင်း ပြန်ထားလိုက်သည်။ မှော်အစီအရင်အား မြေဒြပ်စင်ဘုရင် ဖျက်ဆီးသွားပြီးနောက်တွင် ချန်လွေ့သည် မြေအောက်လောကမှ ထွက်သွားလိုက်တော့သည်။

အဓိကတွင်းပေါက်မှ ထွက်လာပြီးနောက် မိုင်းတွင်းနယ်မြေကို သူခိုးဓားပြများ ပြန်လည် သိမ်းပိုက်ထားကြောင်း ချန်လွေ့ သိလိုက်ရသည်။ မိုင်းလုပ်သားများ မည်သည့်နေရာသို့ ရောက်နေကြောင်း မသိရသေးပေ။ဦးဆောင်သည့်တစ်ယောက်ကို [ သရုပ်ခွဲမျက်လုံး ] ၌ အောက်ပါအတိုင်း ဖော်ပြထားသည်။

မျိုးနွယ် = မဟာနတ်ဆိုး (သန္ဓေပြောင်း)။

စွမ်းအားအကဲဖြတ်မှု = [ C- ]

ကြယ်ထိန်းဖြစ်လာပြီးနောက် [ သရုပ်ခွဲမျက်လုံး ] လည်း ပြောင်းလဲသွားပြန်သည်။ မျိုးနွယ်ကို ဖော်ပြရာ၌ “ သန္ဓေပြောင်း ” ဟူ၍ ထပ်တိုးလာသည်။စွမ်းအားအကဲဖြတ်မှု အပိုင်းအခြားမှာလည်း ပို၍တိကျလာသည်။[ C- ] သည် နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းကို ကိုယ်စားပြုသည်။[ C ] သည် နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းကို ကိုယ်စားပြုသည်။[ C+ ] သည် နတ်ဆိုးဘုရင်အဆင့် နှောင်းပိုင်းကို ကိုယ်စားပြုသည်။ ၎င်းသည် ရန်သူ၏ စွမ်းအား အသေးစိတ်ကို ခွဲခြားသိမြင်နိုင်စေသည်။

ထို့ပြင် အလိုအလျောက်ဖြစ်သော [ အသက်အောင့်ခြင်း ] မှာလည်း [ အစစ်အမှန် အသက်အောင့်ခြင်း ] ဖြစ်လာသည်။ချန်လွေ့သည် ရန်သူကို စိတ်ရှုပ်ထွေးစေရန်အတွက် ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အရောင်အဝါကို အလွယ်တကူ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ သို့သော်လည်း ထိုအရောင်အဝါသည် သူ၏ အကန့်အသတ်ထက် ကျော်လွန်၍မရပေ။ ဥပမာပြောရလျှင် ယခုတွင် ချန်လွေ့သည် အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်း အရောင်အဝါကို ထုတ်လွှတ်နေခြင်း ဖြစ်သည်။

ရှိပြီးသား အစွမ်းများလည်း ဆင့်ကဲပြောင်းလဲနိုင်ပုံရသည်။ လက်ရှိတွင် ၎င်းတစ်ခုတည်းသာ ရှိသေးသည်။နောက်ပိုင်းတွင် ကြယ်ဆင့်ကဲ ပြောင်းလဲခြင်း တိုးတက်လာသည်နှင့်အမျှ အခြားအစွမ်းများလည်း ဆင့်ကဲပြောင်းလဲလာနိုင်ပေသည်။

ချန်လွေ့သည် အိုင်ဗန်ကို လျစ်လျူရှုထားလိုက်ပြီး နတ်ဆိုးဘုရင် အရောင်အဝါရှိသော စနိုးဒင်ကို အာရုံစိုက်လိုက်သည်။နှစ်ဖက်ချွန် ကော်နာ၏ ပြောစကားအရ နတ်ဆိုးဘုရင် အဆင့် ပြိုင်ဘက်သည် လိပ်ပြာနီနယ်မြေမှ ရှီလန်တောင်သို့ ပြန်လာသော သူခိုးဓားပြ ခေါင်းဆောင် စနိုးဒင် ဖြစ်နိုင်သည်။

အဆင့်မတက်ခင်ကဆိုလျှင် ချန်လွေ့သည် စနိုးဒင်အား ရှောင်ရှားမည်ဖြစ်သည်။ယခုတွင် ချန်လွေ့သည် ကြယ်သုံးပွင့် ဆင့်ကဲပြောင်းလဲခြင်း ပြီးစီးသွားပြီး အစွမ်းထက်သော အစွမ်း အသစ်များလည်း ရှိနေပြီဖြစ်ရာ ထိုစွမ်းအားများကို စမ်းသပ်ချင်စိတ် ပြင်းပြနေတော့သည်။

“ အတင့်ရဲလိုက်တာ။မင်းက ဆာ-စနိုးဒင်ရဲ့ နာမည်ကို ပြောရဲတယ်လား။မင်းက ဘယ်‌သူလဲဆိုတာ ငါ့ကိုပြစမ်း။ ”

အိုင်ဗန်သည် လိပ်ပြာနီနယ်မြေမှ စနိုးဒင်၏ မိတ်ဆွေတစ်ယောက် ဖြစ်သည်။ ဝတ်ရုံနှင့်လူ၏ ရိုင်းပြမှုအား မြင်လိုက်ရသည့်အခါ အိုင်ဗန်သည် ဖြတ်ခနဲပျောက်သွားပြီး ချန်လွေ့အရှေ့၌ ပြန်ပေါ်လာကာ မျက်နှာဖုံးကို လှမ်းကိုင်လိုက်သည်။

ချန်လွေ့ လုံးဝ မလှုပ်ပေ။ အိုင်ဗန်သည်မျက်နှာဖုံးအား ထိတော့မည့်အချိန်၌ ဝမ်းဗိုက်တွင် နာကျင်မှုတစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး အပေါ်အောက် လွင့်စင်သွားသည်။အမြင့်ဆင့်နတ်ဆိုး နှောင်းပိုင်းတစ်ယောက်သည် မည်သည့် အတွက်ကြောင့် ထိုလက်သီးချက်ဖြင့် အလွယ်တကူ ရှုံးနိမ့်သွားရကြောင်းကိုသာ အိုင်ဗန် စဉ်းစားနေမိသည်။သူ၏ အမြင်အာရုံ နက်မှောင်သွားပြီး မြေပြင်ပေါ်၌ သတိလစ်သွားတော့သည်။

ဒါက ဘယ်လိုမှ အမြင့်ဆင့်နတ်ဆိုးတစ်ယောက်ရဲ့ စွမ်းအား မဖြစ်နိုင်ဘူး။ စနိုးဒင်၏ အနီရောင်မျက်လုံးများ ကျုံ့သွားသည်။သူ သေသေချာချာ တုံ့ပြန်လိုက်သည်။

“ ငါက စနိုးဒင်ပဲ။မင်းက ဘယ်သူလဲ။ ”

“ မင်းက စနိုးဒင်ဆိုတာ ငါသိတယ်။ဒါပေမဲ့ ငါဘယ်သူလဲဆိုတာ မင်းသိစရာ မလိုဘူး။ ”

မျက်နှာဖုံးနှင့်လူသည် ခြေလှမ်းသေးသေး လှမ်းလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် စနိုးဒင်အရှေ့သို့ ရောက်ရှိသွားကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။စနိုးဒင်သည် သတိထားနှင့်နေပြီး ဖြစ်သည်။သူ လက်တစ်ဖက် ဆန့်ထုတ်လိုက်ရာ လက်ဝါး တစ်ဝိုက်တွင် စက်ဝိုင်းခြမ်းသဏ္ဍာန် ဖောက်ထွင်းမြင်ရသော စွမ်းအင်အကာ ပေါ်ထွက်လာသည်။ထို့နောက်တွင် အဆက်မပြတ် တုန်ခါသံများကိုသာ ကြားလိုက်ရသည်။စနိုးဒင် မခုခံနိုင်ဘဲ နောက်ဆုတ်သွားရသည်။လက်သီးချက်မည်မျှ အထိုးခံနေရကြောင်းကိုပင် သူ မသိတော့ပေ။

အထိုးခံရပြီးနောက် စနိုးဒင်၏ စွမ်းအင်အကာ တဖြည်းဖြည်း ပါးလာပြီး ခဏအကြာ ပျောက်ကွယ်သွားသည်။

သေချာတယ်။ ဒါက နတ်ဆိုးဘုရင်အဆင့် စွမ်းအားပဲ။ စနိုးဒင်သည် သူစီရင်လိုက်သည့် [ လေဒိုင်းကာ ] မှ ပြင်းထန်လှသောဒဏ်ကို ခံစားလိုက်ရပြီး မျက်နှာ ပြောင်းလဲသွားသည်။ စနိုးဒင်သည် လေမှော်ပညာ၌ ကျွမ်းကျင်လှသည်။အနီးကပ်တိုက်ခိုက်မှု၌ အရေးသာသော အစွမ်းတစ်ခုရှိသည်။၎င်းမှာ လေပေါ်ပျံခြင်း ဖြစ်သည်။သို့သော်လည်း လေထဲမှ မနီးမဝေးတွင် သူ့ကို ရန်သူကဲ့သို့ မြင်နေကြသော နတ်ဆိုးဘုရင်အဆင့် ဝိုင်ဗန်များ ရှိနေကြသည်။ထို့ကြောင့် စနိုးဒင်သည် သူ့ကိုယ်သူ အလွယ်တကူ မဖော်ထုတ်နိုင်ပေ။

ပြဿနာမှာ နတ်ဆိုးဘုရင်အဆင့်ရှိသော ဤလျို့ဝှက်ဆန်းကြယ်သည့်လူ ဖြစ်သည်။ထိုသူ မည်သည့်နေရာမှ ရောက်လာကြောင်း စနိုးဒင် မသိပေ။ ထိုသူနှင့် ရင်ဆိုင်ရန် အတွက်လည်း စနိုးဒင်၌ အချိန်မရှိပေ။သူအရင်ဦးစွာ ထွက်ပြေးရန် ကြိုးစားသင့်ပေသည်။ သို့မဟုတ်ပါက သူ့ကို ဝိုင်ဗန်များ ရှာတွေ့သွားသည့်အခါ ပြဿနာ ပိုမိုကြီးသွားပေလိမ့်မည်။

စနိုးဒင်၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားသည်။သူ၏ လက်နှစ်ဖက် အဆက်မပြတ် လှုပ်ရှားနေပြီး ချန်လွေ့ထံသို့ လေပေါင်းလန်များ ပြေးဝင်လာသည်။ ၎င်းသည် ကနဦးအဆင့် လေတိုက်ခိုက်ရေးမှော်ဖြစ်သော [ လေဓားသွား ] ဖြစ်သော်လည်း နတ်ဆိုးဘုရင်အဆင့်က စီရင်သည့်အတွက်ကြောင့် အတော်လေး အစွမ်းထက်ပေသည်။ သာမန် မှော်ပညာရှင်တစ်ယောက်သည် လေပေါင်းလန် တစ်ခုနှစ်ခုသာ စီရင်နိုင်သော်လည်း စနိုးဒင်သည် တစ်ခါတည်းဖြင့် ဒါဇင်ခန့် စီရင်နိုင်သည်။သူသည် အမှန်တကယ်ပင် မှော်ပညာ၌ ကျွမ်းကျင်သော ပညာရှင်တစ်ယောက်ပင် ဖြစ်လေသည်။

ချန်လွေ့ ရုတ်တရက် အကြံရသွားပြီး စနိုးဒင် အရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။ ထို့ကြောင့် [ လေဓားသွား ] များ ရုတ်တရက် လွဲချော်သွားရသည်။တစ်ဖက်လူသည် “ မဟာနတ်ဆိုး ” ဖြစ်ကြောင်း စနိုးဒင် သိလိုက်ပြီး ကြောက်မနေဘဲ အဝေးသို့ တယ်လီပို့ ခုန်သွားလိုက်သည်။သူ လှည့်ပြီး ထွက်ပြေးရန် ပြင်လိုက်စဉ် ချန်လွေ့၏ သူ၏အရှေ့၌ ပေါ်ထွက်လာပြန်သည်။စနိုးဒင် အံ့ဩသွားသည်။ အစွမ်းထက်တဲ့ မဟာနတ်ဆိုးတွေတောင် တယ်လီပို့ နောက်တစ်ခေါက်ခုန်ဖို့ အချိန်တစ်ခု စောင့်ရတာ။သူက ငါးစက္ကန့်အောက်မှာပဲ တယ်လီပို့ ခုန်လိုက်တယ်။ မဟုတ်မှလွဲရော...ဒါက အထူးပါရမီများလား။

မှော်ပညာရှင်များသည် အနီးကပ်တိုက်ခိုက်မှု၌ မတော်ကြပေ။စနိုးဒင်သည် [ လေဒိုင်းကာ ] ကို အသုံးပြုရန် အခွင့်အရေး မရတော့ချေ။သူ၏မျက်လုံးများ အရောင်လက်သွားပြီး ရုတ်တရက်ပင် ပုံရိပ်ပြောင်းလဲသွားသည်။သူသည် လူသားအသွင်မှ ဂျိုပါသော အသားနီ မဟာနတ်ဆိုးအသွင်သို့ ပြောင်းလဲသွားသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ မီးတောက်များ လောင်ကျွမ်းနေသည်။တစ်ချိန်တည်းမှာပင် ချန်လွေ့သည် မမြင်နိုင်သော ကြိုးများဖြင့် ချည်နှောင်ခံထားရသကဲ့သို့ တစ်ကိုယ်လုံး တင်းကျပ်နေသလို ခံစားလိုက်ရသည်။သူ၏ လက်သီးများ ရုတ်တရက် ရပ်တန့်သွားသည်။၎င်းသည် စနိုးဒင်၏ သန္ဓေပြောင်းပါရမီ [ တယ်လီပသီ ] ဖြစ်လေသည်။

ထိုပါရမီသည် အလွန် သန့်စင်သော စိတ်စွမ်းအားတစ်ခု ဖြစ်သည်။ သာမန်မှော်ပညာများနှင့်မတူဘဲ ၎င်းကို ချက်ချင်းပင် စီရင်၍ ရသည်။တိုက်ခိုက်၍ရသလို ခုခံ၍လည်း ရသောကြောင့် အတော်လေး အစွမ်းထက်လှသည်။

စနိုးဒင်သည် [ တယ်လီပသီ ]ကို ထိန်းချုပ်ရင်း နောက်ဆုတ်သည်။ချန်လွေ့သည် မိမိ၏ ခန္ဓာကိုယ်ပေါ်ရှိ စည်းနှောင်မှုမှာ ပို၍တင်းကြပ်လာပြီး ပြင်းထန်သောအားကြောင့် ကြွက်သားများ ပုံပျက်လာသည်ဟူ၍သာ ခံစားနေရသည်။ထို့နောက် သူ၏ကိုယ်ပေါ်တွင် မီးတောက်နက် တောင်လောင်လာသည်။ထိုမီးတောက်ကို [ တယ်လီပသီ ] ထိတွေ့သွားသည့်အခါ နှင်းကဲ့သို့ပင် ပျောက်ကွယ်သွားသည်။ပျောက်ကွယ်သွားသော စွမ်းအင်များသည် မီးတောက်နက်ထဲ စီးဝင်သွားပြီး မီးတောက်နက်ကို ပို၍ပြင်းထန်သွားစေသည်။

စနိုးဒင် ထိတ်လန့်သွားသည်။သူ၏ သန္ဓေပြောင်းပါရမီသည် အနီးကပ်ရန်သူများကို ဖြေရှင်းရာ၌ အကောင်းဆုံး ဖြစ်ခဲ့သည်။သို့သော်လည်း ယနေ့တွင် သူ၏ဝိပါက်နှင့် ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။သူ ချက်ချင်းပင် အံကြိတ်ပြီး မန္တန် မန်းမှုတ်လိုက်သည်။

သူ၏လက်ထဲမှ ရှဲရှဲမြည်သံများ ထွက်လာပြီး လျှပ်စီး စွမ်းအင်စက်လုံး သုံးလေးလုံး ထွက်ပေါ်လာသည်။ထိုစက်လုံးများ၏ ဖျက်ဆီးမှုစွမ်းအားကို အဝေးမှနေ၍ ချန်လွေ့ ခံစား‌မိနေသည်။၎င်းသည် အစွမ်းထက် လေ-တိုက်ခိုက်ရေးမှော်ဖြစ်သော [ မိုးကြိုးလုံး ] ဖြစ်သည်။ထိုမှော်ပညာသည် မှော်စွမ်းအား အမြောက်အမြား သုံးစွဲရသည်။ထို [ မိုးကြိုးလုံး ] လေးလုံးကပင် စနိုးဒင်၏ စွမ်းအားအများစုကို ကုန်ဆုံးသွားစေသည်။

စနိုးဒင်သည် ချန်လွေ့ကို ချိန်ပြီး ရှဲရှဲမြည်နေသော [ မိုးကြိုးလုံး ] လေးလုံးဖြင့် ပစ်ထည့်လိုက်သည်။ချန်လွေ့သည် ချက်ချင်း တုံ့ပြန်နိုင်ပုံမရချေ။စနိုးဒင် စိတ်ထဲ၌ အလွန်ပျော်ရွှင်သွားသောအချိန်၌ ပြိုင်ဘက်ဖြစ်သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ဖောက်ထွင်းမြင်ရသော အပြာရောင်လိပ်ခုံးတစ်ခု ပေါ်ထွက်လာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။

မှော်ဒိုင်းကာလား။မှော်ပညာနဲ့ တိုက်ခိုက်ရေး နှစ်ခုစလုံး ကျွမ်းကျင်တဲ့ ပညာရှင်ပဲ။ စနိုးဒင် ထိတ်လန့်သွားသည်။ထိုကဲ့သို့ ပြိုင်ဘက်မျိုးသည် ဒုက္ခအပေးဆုံးဖြစ်ပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်များသည် အဆင့်တူများထက် သာလွန်နေတတ်သည်။

ထိုမှော်ဒိုင်းကာသည် [ လေဒိုင်းကာ ] ထက် ပို၍အဆင့်မြင့်သည်။သို့သော်လည်း [ မိုးကြိုးလုံး ] လေးလုံးနှင့် ရင်ဆိုင်ရသည့်အခါ အစွမ်းထက်သော မှော်ဒိုင်းကာပင် ခုခံနိုင်မည် မဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် လိပ်ခုံးကို [ မိုးကြိုးလုံး ] လေးလုံး ထိသွားပြီး ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။အစွမ်းထက် လျှပ်စီးကြောင့် ဒိုင်းကာတစ်ခုလုံး တုန်ခါသွားပြီး ရှဲရှဲအသံများ ထွက်ပေါ်လာသည်။၎င်းသည် ဧရာမ မိုးကြိုးလုံးကြီး ကဲ့သို့ပင် ဖြစ်သည်။ ပတ်ဝန်းကျင် မြေပြင် လောင်ကျွမ်းသွားပြီး အပူရှိန်မြင့်မားမှုကြောင့် သလင်းကျောက် အမြောက်အမြား အရည်ပျော်သွားသည်။

စနိုးဒင်အား ထိတ်လန့်သွားစေသည်မှာ လျှပ်စီးပျောက်ကွယ်သွားချိန်၌ လိပ်ခုံး မပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။၎င်းပေါ်၌ အက်ကြောင်း အနည်းငယ်သာ ရှိနေသည်။

ဒါက မှော်ဒိုင်းကာ မဟုတ်ဘူး။ဒါပေမဲ့ မှော်ဒိုင်းကာရဲ့ ခုခံမှုထက် ပိုပြီးတော့ အစွမ်းထက်တယ်။ဒါက ဘယ်လိုမှော်မျိုးလဲ။ စနိုးဒင် ကြက်သေသေနေစဉ် အနီးအနားမှ ဝိုင်ဗန်များသည် ဆူညံသံများကို သတိထားမိပြီး ပျံသန်းလာကြသည်။

ဝိုင်ဗန်များ၏ လှုပ်ရှားမှုများကိုမြင်ပြီး စနိုးဒင် တုန်လှုပ်သွားသည်။သူ အကြံတစ်ခု ရသွားပြီး ပြောလိုက်သည်။

“ ဆာ။ကျုပ်တို့ ဘယ်တုန်းက ရန်သူဖြစ်သွားတာလဲဆိုတာ မမှတ်မိဘူး။အခု လေထဲမှာရှိတဲ့ ဝိုင်ဗန်တွေက တော်တော်လေးကြမ်းတယ်။တစ်ယောက်တည်း တိုက်မယ်ဆိုရင် ကျုပ်တို့ထဲက ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။အဲဒီတော့ ကျုပ်တို့ အတူတူပေါင်းပြီး ဝိုင်ဗန်တွေကို အရင်ရှင်းမယ်။ပြီးမှ ကျုပ်တို့ရဲ့ ရန်ငြိုးတွေကို ပြန်ရှင်းမယ်။ဘယ်လိုထင်လဲ။ ”

“ အိုး ”

ဝတ်ရုံနှင့်လူ၏ စကားသံထဲတွင် စိတ်လှုပ်ရှားမှု အနည်းငယ် ပါဝင်နေသည်။

“ ဒီအကြံ မဆိုးဘူးပဲ။ ”

အကြံအောင်မြင်သွားပြီဟု စနိုးဒင် ထင်သွားပြီး စိတ်ထဲ၌ ပျော်ရွှင်မိသွားသည်။သူသည် ဝိုင်ဗန်များကို မျက်နှာဖုံးနှင့်လူထံသို့ အာရုံလွှဲပြီး ထွက်ပြေးသွားမည် ဖြစ်သည်။

ဝိုင်ဗန်များ ချဉ်းကပ်လာပြီး ဒေါသတကြီး အသံပြုနေကြသည်။ဝတ်ရုံနှင့်လူသည် သူ့ကိုထပ်ပြီး မတိုက်ခိုက်တော့သည့်အတွက် စနိုးဒင် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။သူသည် လေထဲမှ နတ်ဆိုးသားရဲများကိုသာ သတိထား၍ ကြည့်နေလိုက်သည်။

အစွမ်းထက် ဝိုင်ဗန်လေးကောင် အလျင်အမြန် ထိုးဆင်းလာသည်။ထူးဆန်းစွာပင် ဒေါသအသံများ ပြောင်းလဲသွားပုံရသည်။သို့သော်လည်း ပစ်မှတ်မှာမူ မပြောင်းလဲသွားပေ။ သူတို့သည် စနိုးဒင်ထံသို့ အရှိန်ဖြင့် ပြေးဆင်းလာသည်။ သဘောတူထားသည့်အတိုင်းပင် ဝတ်ရုံနှင့်လူသည် ဝိုင်ဗန်များကို တိုက်ခိုက်ပြီး ကြောက်မက်ဖွယ်ရာ နတ်ဆိုးသားရဲများ၏အာရုံကို ဆွဲဆောင်နေဟန်တူသည်။ စနိုးဒင်သည် တိုက်ခိုက်ရင်း သေသေချာချာ ကြည့်နေသည်။အခွင့်အရေးတစ်ခုကို မြင်သည့်အခါ သူသည် လေမုန်တိုင်းတစ်ခုကို ထုတ်လွှတ်ပြီး ဝိုင်ဗန်တစ်ကောင်အား ဝတ်ရုံနှင့်လူထံ တွန်းထုတ်လိုက်သည်။ပြိုင်ဘက်ဖြစ်သူ၏ အမြင် ဝေဝါးသွားသည့်အခါ သူထွက်‌ပြေးရန် ကြိုးပမ်းလိုက်သည်။ဝတ်ရုံနှင့်လူကို ဝိုင်းရံနေသော ဝိုင်ဗန် လေးကောင်သည် ရုတ်တရက်ပင် စနိုးဒင်အား အဆိပ်များ မှုတ်ထုတ်တော့သည်။

ထိုကဲ့သို့ ရုတ်တရက် ပြောင်းလဲမှုသည် စနိုးဒင်ကို သတိလက်လွတ် ဖြစ်သွားစေသည်။ သူသည် [ လေဒိုင်းကာ ] ကို အလျင်အမြန် ဖန်တီးလိုက်သည်။အဆိပ်သည် [ လေဒိုင်းကာ ] ကို ထိပြီး တိုက်စားမှုမြင့်မားသော အမြှုပ်များအဖြစ် ပြောင်းလဲသွားသည်။ ကံကောင်းစွာပင် [ လေဒိုင်းကာ ] သည် မှော်ဒြပ်စင်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သာမန်ဒိုင်းကာသာဆိုလျှင် ပျက်စီးသွားပြီ ဖြစ်သည်။

အဆိပ်ကို ခုခံနေရင်း စနိုးဒင် ရုတ်တရက် အန္တရာယ် ခံစားလိုက်မိသည်။သူ မတုံ့ပြန်နိုင်ခင်မှာပင် နောက်ကျောဘက်၌ နာကျင်သွား၏။သူသည် အစွမ်းထက်သော အားတစ်ခုဖြင့် တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။ထိုစွမ်းအားသည် အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည်။အရိုးများ အပိုင်းပိုင်း ဖြစ်သွားရုံသာမက အတွင်းအင်္ဂါများပင် ကပြောင်းကပြန် ဖြစ်သွားသည်။သူသည် ခဏတာမျှ မှော်စွမ်းအား မစုစည်းနိုင်တော့ပေ။

စနိုးဒင် နာကျင်စွာ အော်ဟစ်လိုက်ပြီး ရှေ့သို့ သုံးလေးလှမ်းပြေးသွားကာ သွေးအန်လိုက်သည်။ သူ အလွန်နာကျင်နေပြီး မတ်မတ်ပင် မရပ်နိုင်တော့ချေ။ သူနောက်လှည့်သည့်အခါ သူ့ကို အလစ်တိုက်ခိုက်သော ဝတ်ရုံနှင့်လူ ဖြည်းဖြည်းချင်း လက်သီးရုပ်သိမ်းလိုက်သည်ကို မြင်လိုက်ရသည်။စနိုးဒင် ထိတ်လန့်ပြီး ဒေါသထွက်သွားသည်။

“ မင်းဘာလုပ်တာလဲ။မင်းငါ့ကို သတ်လိုက်ရင် မင်းသူတို့ကို တစ်ယောက်တည်း ယှဉ်နိုင်မှာ မဟုတ်....... ”

ထိုစကား ရုတ်ခြည်း ရပ်တန့်သွားသည်။အကြောင်းရင်းမှာ ကြမ်းတမ်းလှသော ဝိုင်ဗန်လေးကောင်သည် ဝတ်ရုံနှင့်လူအနားသို့ ဖြည်းဖြည်းချင်း အနားကပ်လာပြီး ရံဖန်ရံခါ ၎င်းတို့၏ခေါင်းများဖြင့် ထိုသူ၏လက်ကို ပွတ်သတ်နေကြောင်း စနိုးဒင် မြင်လိုက်ရ၍ ဖြစ်သည်။

“ မင်းပြောတာက မင်းရဲ့အကြံမဆိုးဘူး။ ”

ချန်လွေ့သည် မျက်နှာဖုံးနောက်မှ ပြုံးလိုက်သည်။

“ ကံဆိုးတာက ငါအဲလို မလုပ်နိုင်ဘူး။ ”

နတ်ဆိုးဘုရင်အဆင့် ဝိုင်ဗန် လေးကောင်က ဒီလူရဲ့ဟာကိုး......

စနိုးဒင် အံကြိတ်လိုက်သည်။သူ လက်ကျန် မှော်စွမ်းအားများကို စုစည်းပြီး နောက်ဆုံး တိုက်ခိုက်ရန် ပြင်လိုက်စဉ် ချန်လွေ့ ရှေ့တက်လာပြီး လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် လည်ပင်းကို ရိုက်ချလိုက်သည်။စနိုးဒင် ချက်ချင်း သတိလစ်သွားပြီး လူအသွင် ပြန်ပြောင်းသွားသည်။

ဝိုင်ဗန်တစ်ကောင် ထွက်လာပြီး ဝိုင်ဗန်သားပေါက်ကို ရန်ပြုခဲ့သည့် ရန်သူကို အဆုံးသတ်ရန် ပြင်လိုက်စဉ် ချန်လွေ့ တားဆီးလိုက်သည်။

“ မိတ်ဆွေ။သူ့ကို မသတ်နဲ့ဦး။သူ့ကို အစွမ်းအသစ်နဲ့ ကျုပ် စမ်းသပ်စရာ ရှိတယ်။ ”

အတိအကျပြောရလျှင် ၎င်းမှာ ထပ်တိုးအစွမ်း ဖြစ်သည်။

၎င်းသည် [ ရုပ်သေးထိန်းချုပ်မှု ] ပင်။

All Chapters