← Chapters

ထိန်းချုပ်မှုနှင့် အပြောင်းအလဲများ

Vol. 12 Ch. 170

ထိန်းချုပ်မှုနှင့် အပြောင်းအလဲများ

Vol. 12 Ch. 170

အချိန်အချို့ ကုန်ဆုံးသွား၏။

မြေပြင်ပေါ်၌ သတိလစ်သွားသော စနိုးဒင်သည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူ၏မျက်လုံးများမှာ ရုတ်တရက် ဝါဖျော့ဖျော့ အရောင်ပြောင်းနေပြီး တဖြည်းဖြည်းနှင့် အနီရောင် ပြန်ပြောင်းသွားလေသည်။

စနိုးဒင်၏မျက်လုံးထဲသို့ နောက်ဆုံး အဝါရောင် အလင်းတန်း ဝင်ရောက်ပြီးနောက်တွင် သူ ဖြည်းဖြည်းချင်းထပြီး ချန်လွေ့အား အရိုအသေပေးလိုက်သည်။

“ သခင် ”

ချန်လွေ့က ကျေနပ်စွာ ခေါင်းညိတ်သည်။စနိုးဒင်၏ အကြွင်းမဲ့နာခံမှုကို သူသေသေချာချာ ခံစား‌မိနေသည်။၎င်းသည် ကျွန်-သခင် စာချုပ်နှင့် မတူပေ။သက်ရောက်မှုရှိသော အကာအဝေး အတွင်း၌ ချန်လွေ့သည် စနိုးဒင်၏ လုပ်ရပ်များနှင့် ပြောစကားများကို ထိန်းချုပ်နိုင်သည်။စနိုးဒင်အား သေသည်အထိ အသိစိတ် ပျက်စီးနိုင်အောင်လည်း ချန်လွေ့ ပြုလုပ်နိုင်သည်။သာမန် စိတ်ထိန်းချုပ် အစွမ်းသည် အဆင့်တူချင်းချင်းကို မထိန်းချုပ်နိုင်ပေ။အောင်မြင်ခဲ့သည့်တိုင် အချိန်အကန့်အသတ် ရှိလေသည်။သို့ရာတွင် “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ”၏ ထိန်းချုပ်မှုသည် ထာဝရတည်မြဲသည်။သခင်ဖြစ်သူ မထိန်းချုပ်သည့်တိုင် စနိုးဒင်သည် ကိုယ်ပိုင်မှတ်ဉာဏ်နှင့် အသိစိတ်ကိုသုံးပြီး သာမန်လူကဲ့သို့ ပြုမူနိုင်ပေသည်။သို့သော်လည်း ထိုအသိစိတ်ကို လုံးဝ “ အယုံသွင်း ” ထားပြီး ဖြစ်သည်။သူသည် သခင်ဖြစ်သူကိုသာ လုံးဝနာခံသည်။

အားနည်းချက်တစ်ခုမှာ ဤထိန်းချုပ်မှုသည် တစ်ခါသုံးဖြစ်သည်။စနိုးဒင်ကို သတ်ခြင်းဖြစ်ဖြစ် ချန်လွေ့အား သတ်ခြင်းဖြစ်ဖြစ် မပြုလုပ်နိုင်ခဲ့လျှင် ရုပ်သေး၏အသိစိတ်ကို ပြန်ရရန် မဖြစ်နိုင်တော့ပေ။

“ မိုင်းလုပ်သားတွေ အခု ဘယ်မှာနေ‌နေကြတာလဲ။ ”

“ သခင်။သူတို့အားလုံးက ဝါလန်တောင်မှာပါ။ကျုပ်လူတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။သိပ်မကြာခင်မှာ အမှောင်လမြို့ဆီကို မိုင်းတွင်း ကုန်တင်ပို့ချိန် ရောက်တော့မယ်။အစကတော့ ဒီတစ်ခေါက် မိုင်းတွင်း ကုန်တင်ပို့တာကို ကိုင်တွယ်ဖို့ မိုင်းလုပ်သားတွေကို ကျုပ် အမိန့်ပေးထားခဲ့တယ်။ပြီးရင် သူတို့ကို ရှင်းပစ်မလို့။ ”

ချန်လွေ့က ခေါင်းညိတ်သည်။

“ မင်းရဲ့အစီအစဉ်အတိုင်း ဆက်လုပ်။အခုအချိန်ထိတော့ အခြေအနေကို ထိန်းထားဦး။ ဘယ်သူ့ကိုမှ သတိမပေးနဲ့။လိပ်ပြာနီနယ်မြေကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာကိုတော့ မင်းသိလောက်မှာပါ။ ”

“ နားလည်ပါပြီ။စိတ်ချပါ။သခင်။ ”

စနိုးဒင်ကို ရုပ်သေးအဖြစ် ပြောင်းလဲပြီးသွားသောအခါ မိုင်းလုပ်သားများသာမက အမှောင်လမြို့၏ အနောက်ဘက်လမ်းကြောင်း တစ်ခုလုံးပါ ချန်လွေ့၏လက်အောက်ထဲ ရောက်ရှိသွားတော့သည်။လိုအပ်လျှင် အခြေအနေကို အချိန်အရွေး ပြောင်းလဲ၍ ရပေသည်။ယခုအချိန်၌ ချန်လွေ့ကို ရန်သူကို သတိမထားမိ စေချင်ပေ။

ချန်လွေ့ စိတ်ပြင်ဆင်ထားလိုက်ပြီး တစ်ခုခု တွေးမိလိုက်ကာ မေးသည်။

“ စနိုးဒင်။ဖန်ကျောက်နှလုံးသားနဲ့ ဓ‌မ္မတေးသစ်သီး ဘယ်မှာရှိလဲဆိုတာ သိလား။ ”

စနိုးဒင် ခဏစဉ်းစားပြီး ပြောသည်။

“ ဖန်ကျောက်နှလုံးသားက မီးစွမ်းအားရဲ့ ရှားပါး သလင်းကျောက်ဖြစ်တည်ခြင်း တစ်ခုပဲ။လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက အရှင်ဂျို့ရှ်ရဲ့ မွေးနေ့ပွဲမှာ ဂျိုးဆက်ပ်က ဖန်ကျောက်နှလုံးသားကို လက်ဆောင်အနေနဲ့ ပေးခဲ့တယ်။အဲဒီအတွက် ဂျို့ရှ်က ဂျိုးဆက်ပ်ကို ချီးကျူးခဲ့သေးတယ်။ဓမ္မတေးသစ်သီးနဲ့ ပတ်သက်ပြီးတော့ ဒဏ္ဍာရီထဲက ရှားပါးသစ်သီး တစ်မျိုးဆိုတာပဲသိတယ်။တခြားအချက်အလက်တွေ မရှိနေဘူး။ ”

ဂျိုးဆက်ပ်လား။ငါ မထင်ထားဆုံး နေရာမှာပဲ။ချန်လွေ့၏ မျက်လုံးများ တောက်ပသွားပြီး မေးလိုက်သည်။

“ ဂျိုးဆက်ပ်က လိပ်ပြာနီနယ်မြေမှာ ရှိနေတုန်းပဲလား။ ”

စနိုးဒင် ခေါင်းခါသည်။

“ ရှီလန်တောင်ဆီလာဖို့ ကျုပ်ကို အမိန့်မပေးခင်မှာပဲ သူက အမှောင်လမြို့ဆီ ပြန်သွားလိုက်ပြီ။ ”

ချန်လွေ့သည် အခြားကိစ္စတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။ဆိုင်ရာဆိုင်ရာကိစ္စတွေ ပြီးသွားပြီး လဝက်နေလျှင် ဆက်သွယ်လာမည်ဟု မူလက ရှီရာအား ချန်လွေ့ ကတိပေးထားခဲ့သည်။ ထို့နောက်တွင် အမှောင်လမြို့မှ တပ်ဖွဲ့များလွှတ်ပြီး သူခိုးဓားပြများကို ရှင်းပစ်မည်ဖြစ်သည်။ယခုတွင် အခြေအ‌နေ ပြောင်းသွားလေပြီ။ သူခိုးဓားပြများအားလုံးကို လုံးဝထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် အစီအစဉ် ပြောင်းလဲရန် လိုအပ်နေသည်။ယခုတွင် လဝက်ကျော်သွားပြီဖြစ်သည်။သို့သော်လည်း ကံမကောင်းစွာပင် ချန်လွေ့သည် ရှီရာအား မိမိဆက်သွယ်သည်ကို စောင့်ပြီးမှ တပ်ဖွဲ့များကို လွှတ်သင့်ကြောင်း မတင်မကျ ပြောထားခဲ့သည်။

ယခုတစ်ခေါက် သူသည် အမှောင်လမြို့ဆီသို့ ပြန်ရဦးမည်ထင်သည်။“အက်ဂ်ယော” ဟူသော သရုပ်နှင့် ဂျိုးဆက်ပ်ကို တွေ့ရန်အပြင် ရှီရာနှင့်လည်း ထပ်ပြီး ဆက်သွယ်ရန်လည်း လိုအပ်သည်။ အရေးအကြီး‌ဆုံးအရာမှာဖန်ကျောက်နှလုံးသားကို ရရှိရန် ဖြစ်သည်။

စနိုးဒင်သည် သတိလစ်နေသော အိုင်ဗန်နှင့်အတူ ထွက်သွားသည်။ အချိန်အတော်ကြာပြီးနောက် ဝိုင်ဗန်လေးကောင်နှင့် ချန်လွေ့တို့ ပြန်လည် စုံစည်းသွားကြသည်။သူတို့သည် ပိုမို ရင်းနှီးလာပုံရသည်။ဝိုင်ဗန်တစ်ကောင် အမဲလိုက်နေစဉ်အတွင်း ခီဂူ၏အော်သံကို ကြားခဲ့ကြောင်း ဝိုင်ဗန်များထံမှ ချန်လွေ့ သိလိုက်ရသည်။ထိုဝိုင်ဗန် ရောက်ရှိလာသောအခါ စနိုးဒင်သည် ဝိုင်ဗန်သားပေါက်အား မှော်ပညာသုံးပြီး ထောင်ဖမ်းထားကြောင်း တွေ့လိုက်ရသည်။ထိုဝိုင်ဗန် ဒေါသ ထွက်သွားပြီး ခီဂူကို ကယ်တင်ရန်အတွက် ချက်ချင်း တိုက်ခိုက်သည်။ထို့နောက် သူတို့သည် ရန်သူ စနိုးဒင်အား အချိန်အတော်ကြာ မတွေ့ရသော ချန်လွေ့ မရောက်လာခင်အထိ ဆက်လက် တိုက်ခိုက်နေကြသည်။

ခီဂူအကြောင်းပြောနေရင်း လိုင်ရာမြို့ အနီးအနား၌ ပုန်းအောင်းနေသေးသော မန္ဂဒါအကြောင်း ချန်လွေ့ တွေးမိလိုက်သည်။ချန်လွေ့သည် အစွမ်းထက်‌ဆုံး နတ်‌ဆိုးဘုရင် နှောင်းပိုင်း ဝိုင်ဗန်များထဲမှ တစ်ကောင်ကို သူ့နောက်လိုက်ရန်ခေါ်ပြီး အမှောင်လမြို့သို့ ချက်ချင်း သွားတော့သည်။ကျန်ရှိသော ဝိုင်ဗန်များကိုမူ လိုင်ရာမြို့ ဆီသွားပြီး မန္ဂဒါအား သွားရှာကာ မူလအတိုင်း ရှီလန်တောင် အနီးအနား၌ ယာယီ ပုန်းအောင်းနေပြီး အမှောင်လမြို့မှ မိမိပြန်လာမည်ကို စောင့်နေရမည်ဖြစ်ကြောင်း ပြောလိုက်သည်။

အဆိပ်အတောက် မရှိသော ပတ်ဝန်းကျင်သည် ဝိုင်ဗန်များအတွက် သိပ်ပြီး မသင့်တော်လှပေ။ နောက်မျိုးဆက်များကို ပြုစုပျိုးထောင်ပေးရန်အတွက် အဆိပ်အတောက် ပတ်ဝန်းကျင်မှာ ပို၍အသုံးဝင်သည်။ အခြား ပတ်ဝန်းကျင်များ၌ ယာယီနေထိုင်ခြင်းသည် ပြဿနာ မဟုတ်ပေ။

ချန်လွေ့သည် ဝိုင်ဗန်ကိုစီးပြီး တစ်နေ့လုံး တစ်ညလုံး ခရီးသွားပြီးနောက် အမှောင်လမြို့ဆီသို့ နေ့လယ်ပိုင်း၌ ရောက်ရှိသွားသည်။ချွတ်၍မရသော မျက်နှာဖုံး ရှိနေခြင်းသည် အတော်လေး ပြဿနာတက်လှသည်။သို့သော်လည်း ကံကောင်းစွာပင် သိုလှောင်ဂိုဒေါင်၏ လုပ်ဆောင်ချက်များသည် အံ့ဩစရာကောင်းလှသည်။ သူ၏ပါးစပ်ထဲသို့ စားစရာ တိုက်ရိုက်ပို့ပေးနိုင်သည်။သို့မဟုတ်ပါက အစာငတ်ပြီး မသေသွားသည့်တိုင် ချန်လွေ့ အင်အားမဲ့နေမည် ဖြစ်သည်။

ဝိုင်ဗန်များကို ဆင်ခြေဖုံး၌ ထားခဲ့ပြီးနောက် ချန်လွေ့သည် ဂိတ်စောင့်ကို အထိတ်တလန့် ဖြစ်အောင် မလုပ်ခဲ့ပေ။ ထို့နောက် ပုံမှန်လမ်းအတိုင်း ပြိုင်ကွင်းဆီသို့ အမြန်သွားတော့သည်။

ပြိုင်ကွင်း ဧည့်စောင့်ခန်း၌ အရတ်စ်သည် မျက်လုံးပိတ်ပြီး အနားယူနေသည်။ရုတ်တရက် သူတစ်ခုခုကို အာရုံခံမိသွားပြီး မျက်လုံးပွင့်သွားသည်။သူ၏အရှေ့၌ လူတစ်ယောက် ရောက်နေသည်ကို မြင်လိုက်ရသည်။

အရတ်စ် ထိန်လန့်သွားသည်။မိစ္ဆာသစ်သီးကိုစားပြီး အဆိပ်အတောက်ဒဏ်မှ အသက်ရှင်ပြီးနောက် သူ၏စွမ်းအားများ ထပ်မံ တိုးတက်သွားကာ နတ်ဆိုးဘုရင် ဖြစ်လာရန် နီးကပ်နေပြီ ဖြစ်သည်။

ထိုနေ့ကအတိုင်း ချန်လွေ့နှင့် ပြန်တိုက်ခိုက်မည်ဆိုလျှင် အနိုင်ရရှိမည်ဟု အရတ်စ် ယုံကြည်သည်။သို့သော်လည်း ဤပုဂ္ဂိုလ်သည် သူသတိမထားမိလိုက်ဘဲ သူ့အရှေ့ ရုတ်တရက် ပေါ်ထွက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ အရတ်စ်။မတိုက်ခိုက်နဲ့။ကျုပ်ပါ။ ”

အရတ်စ် ကြက်သေသေသွားသည်။သူ စုည်းနေခဲ့သည့် စွမ်းအားများကို ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်သည်။ဒါက ချန်လွေ့အသံပဲ။

“ သခင်ချန်လွေ့။သခင်က နတ်ဆိုးဘုရင်အဆင့် ရောက်သွားပြီလား။ ”

အရတ်စ်သည် အစပိုင်းစကားကို အချိန်မီ မပြောင်းလဲနိုင်ခဲ့ပေ။သူပို၍ အံ့အားသင့် သွားသည်။

“ အင်း ”

ချန်လွေ့၏အဖြေသည် အရတ်စ်အား လုံးဝတုန်လှုပ်သွားစေသည်။အက်ဂ်ယော၏ သရုပ်မှန်မှာ မင်းသမီးရှီရာ အနားရှိ အားနည်းသော လူသားဖြစ်ကြောင်း သိသွားသည့် အခါ အရတ်စ် အမှန်တကယ် အံ့ဩသွားသည်။သို့သော်လည်း ယနေ့ကဲ့သို့ မအံ့ဩပေ။

အရတ်စ် ခါးသီးစွာ ပြုံးသည်။သူ၏အစွမ်းသည် ယခင်ပြိုင်ဘက်ကို အနိုင်ယူနိုင်မည်ဟု ထင်ထားခဲ့သည်။သို့သော်လည်း မမျှော်လင့်ဘဲ သူ့ကို ချန်လွေ့ ကျော်တက်သွားခဲ့သည်။ ထို့ပြင် လွန်ခဲ့သော သုံးလေးလခန့်က ဤလူသားသည် မည်သည့်စွမ်းအားမျှ မရှိခဲ့ပေ။

“ သခင် ”

နတ်ဆိုးဘုံသည် စွမ်းအားကြီးသူများကို လေးစားကြသည်။ချန်လွေ့ကို ထိုကဲ့သို့ သုံးနှုန်းခြင်းသည် အရတ်စ်၏ ရင်ဘတ်ထဲမှ အမှန်တကယ်လာခြင်းဖြစ်သည်။

“ ဒီတစ်ခေါက် သခင် ဘာလို့ ရှီလန်တောင်ကနေ ပြန်လာရတာလဲ။ ”

“ အရေးကြီးကိစ္စလေးတွေ လုပ်စရာ နည်းနည်းရှိတယ်။ ”

ချန်လွေ့က အရေးကြီးဆုံးမေးခွန်းကို တစ်ခါတည်း မေးလိုက်သည်။

“ အရတ်စ်။ဂျိုးဆက်ပ်မှာ ဖန်ကျောက်နှလုံးသား ရှိလား။ ”

အရတ်စ် ခဏစဉ်းစားပြီး ပြန်ဖြေသည်။

“ ကျုပ်မှတ်မိတာကတော့ ဂျိုးဆက်ပ်က ဂျို့ရှ်ရဲ့ မွေးနေ့ပွဲတစ်ခုမှာ ဖန်ကျောက်နှလုံးသား လက်ဆောင်ပေးခဲ့တယ်။အိုး။ဟုတ်သားပဲ။သိပ်မကြာခင်တုန်းကပဲ ဂျိုးဆက်ပ်က အမှောင်လမြို့ဆီ ပြန်ရောက်လာတယ်။ဒီမနက်တုန်းက ရွိုင့်စ်နှင့် ဗာဆာရှာကို သူခေါ်သွားတယ်။သူပြန်ရောက်လာပြီလား မလာသေးဘူးလား ဆိုတာတော့ ကျုပ်လည်း မသိဘူး။ ”

“ ခင်ဗျား နောက်တော့ ရွိုင့်စ်နဲ့ ဆက်သွယ်မိရင် ကျုပ် အပြင်မှာ လေ့ကျင့်တာပြီးသွားလို့ အမြန်ပြန်ရောက်လာတယ်လို့ ပြော။ပြီးတော့ မနက်ဖြန်မနက်ကျရင် ဂျိုးဆက်ပ်နဲ့ တွေ့ချင်တယ်လို့လည်း ပြောလိုက်။ဝတ်ရုံဂိုဏ်းက ဒီဒီကို ဒီစာသွားပေးပြီးတော့ မင်းသမီးရှီရာ‌ဆီ သွားပေးခိုင်း။အခုလောလောဆယ် ဝတ်ရုံဂိုဏ်းဆီကို သွားဖို့ ကျုပ်မှာ အစီအစဉ်မရှိဘူး။ ”

ထိုစာထဲရှိ အကြောင်းအရာများမှာ ရှီလန်တောင်‌‌ဆီသို့ တပ်ဖွဲ့လွှတ်ရန်အတွက် ပိုကောင်းသောအချိန်ကို စောင့်ဆိုင်းပြီး အစီအစဉ်ကို ဆိုင်းငံ့ထားရန် ရှီရာအား တောင်းဆိုထားခြင်း ဖြစ်သည်။ “ နတ်ဘုရား-ဝါးမျိူမျက်နှာဖုံး” ကို ချွတ်၍ မရသေးသည့်အတွက် ချန်လွေ့တွင် ရှီရာနှင့် မျက်နှာချင်းဆိုင်တွေ့ရန် အစီအစဉ်မရှိချေ။ မျက်နှာဖုံးဖြစ်စေ၊ ခရစ္စတီးနား၏ အရိပ်နက်ဝတ်ရုံဖြစ်စေ နတ်ဆိုးဘုံရှိ အဆောင်ပစ္စည်းများမှာ ထူးခြားပုံ မပေါ်သော်လည်း ရှီရာသည် လူစီ‌ဖာ တော်ဝင်မိသားစု၏ မျိုးဆက်ဖြစ်သည်။အဆောင်ပစ္စည်းအား ရှီရာ မှတ်မိနိုင်သည် ဟူသောအချက်ကို ချန်လွေ့ မေ့ထား၍မရပေ။သဘောထား ကွဲလွဲမှုများ ဖြစ်သွားခဲ့လျှင် ပြဿနာ တက်ပေလိမ့်မည်။

အရတ်စ် ခေါင်းညိတ်ပြီး စာကို လက်ခံလိုက်သည်။ချန်လွေ့ ထပ်မေးလိုက်ပြန်သည်။

“ ဝတ်ရုံဂိုဏ်းအခြေအနေ ဘယ်လိုရှိလဲ။ ”

“ ဝတ်ရုံဂိုဏ်းက ပိုပြီးအင်အားကြီးလာတယ်။လက်ရှိမှာ မြို့ထဲက ဂေါ်ဖင်းဂိုဏ်းတစ်ခုပဲ သူ့ကို ယှဉ်နိုင်မယ်။အဲဒီဂိုဏ်းကို မယ်လွန်မိသားစုက ထောက်ပံ့ပေးထားတာ။ သိပ်မကြာခင်တုန်းက သူတို့တွေ ဝတ်ရုံဂိုဏ်းနဲ့ ကတောက်ကဆတွေ ဖြစ်သွားသေးတယ်။ လွန်ခဲ့တဲ့ ၂ရက်တုန်းက ဂေါ်ဖင်းဂိုဏ်းခေါင်းတောင် ဝစ်ခ်ကို ကျုပ် ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ အချိန်တိုအတွင်းတော့ သူတို့မှာ လှုပ်ရှားမှု ကြီးကြီးမားမား ရှိမှာ မဟုတ်ဘူး။ ”

“ မယ်လွန်မိသားစုလား။ ”

ချန်လွေ့က အေးစက်စက်နှင့် နှာမှုတ်လိုက်သည်။ဤကဲ့သို့ အတားအဆီးများကို ဖယ်ရှားပစ်ရမည် ဖြစ်သည်။လက်ရှိတွင် အရေးကြီးဆုံးမှာ ဖန်ကျောက်နှလုံးသား ဖြစ်သည်။ကျန်သည့်ကိစ္စများသည် အသီနာ နိုးလာချိန်အထိ စောင့်ဆိုင်း၍ရသည်။

“ အရင်တစ်ခေါက်တုန်းက ကျုပ်ကြောင့် ခင်ဗျားရဲ့ လက်နက် ပျက်စီးသွားတယ်။ ”

ချန်လွေ့၏ လက်ထဲ၌ ခေါင်းနှစ်ဖက် ကောက်ရိတ်ဓား ပေါ်ထွက်လာပြီး အရတ်စ်ကို ပစ်ပေးလိုက်သည်။

အရတ်စ်က လက်လှမ်းပြီး ဖမ်းသည်။ထိုလက်နက်သည် သာမန်ဟုသာ ထင်ရသော်လည်း အလေးချိန်သည် မျှော်မှန်းထားသည်ထက် သာလွန်နေသည်။၎င်းကို ကိုင်ထားရင်း သူ၏စိတ်ထဲ၌ တစ်မျိုးတစ်မည် ခံစားနေရသည်။ခဏလေ့လာပြီးနောက် အရတ်စ်က တအံ့တဩနှင့် ပြောလိုက်သည်။

“ ဒါက ကြယ်နက်သံများလား။ ”

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။

“ ခင်ဗျားက မျက်လုံးတော်တော် ကောင်းတာပဲ။ဒါက ခင်ဗျားရဲ့ ခေါင်းနှစ်ဖက် ကောက်ရိတ်ဓားနဲ့ တူတူပဲ။အလယ်ကနေ နှစ်ပိုင်းပိုင်းလို့ရတယ်။ ”

ဂလော်ဖင်း၏ အသိစိတ် ပျောက်ကွယ်သွားပြီးနောက် မြေအောက်လောကရှိ သလင်းကျောက်များ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ဓာတ်သတ္တုများအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည်။သတ္တုရိုင်းအပြုန်းအခန်းမှ သတ္တုများပင် ပုံမှန်ပြန်ဖြစ်သွားသည်။ချန်လွေ့ ဝမ်းနည်းနေသည်မှာ အရှိန်အဝါ အရင်းအမြစ်တစ်ခု ပျောက်ဆုံးသွား၍ပင် ဖြစ်သည်။ဆေးရည်မည်းနှစ်ပုလင်း ဝယ်ယူပြီးနောက် ချန်လွေ့တွင် အရှိန်အဝါ ဆယ်သိန်းကျော်သာ ကျန်တော့သည်။အရှုံး‌ရော အမြတ်ပါရှိသည်ဟု သတ်မှတ်၍ရပေသည်။

ခေါင်းနှစ်ဖက် ကောက်ရိတ်ဓားသည် ပြိဿများ ဖန်တီးခဲ့သော ကြယ်နက်သံ လက်နက်များထဲမှ တစ်ခုဖြစ်သည်။ကြယ်နက်သံလက်နက် အများအပြားမရှိပေ။ အများစုမှာ သာမန်သံလက်နက်များသာ ဖြစ်ကြသည်။ရှီလန်တောင်ရှိ သံရိုင်း အရည်အသွေးသည် နတ်ဆိုးဘုံ၌ အကောင်းဆုံးထဲမှ တစ်ခုဖြစ်သည်။ပြိဿတို့၏ ပန်းပဲစွမ်းရည်နှင့် ပေါင်းလိုက်သည့်အခါ ထိုလက်နက်များ၏ အရည်အသွေးမှာ နတ်‌ဆိုးဘုံ၌ ထိပ်တန်းဖြစ်သည်ဟု ပြော၍ရလေသည်။

“ ခင်ဗျားက နတ်ဆိုးဘုရင်အဆင့်အား နီးကပ်နေပြီဆိုတာကို ကျုပ်ပြောနိုင်တယ်။ကျုပ်ရဲ့ စွမ်းအားနယ်ပယ်က နတ်ဆိုးတွေနဲ့ မတူဘူးဆိုတော့ ကျုပ်ခင်ဗျားကို အကြံဉာဏ် များများစားစား မပေးနိုင်ဘူး။ဒါပေမဲ့ နတ်ဆိုးဘုံမှာ စွမ်းအားတွေကို အမြင့်လွှာ၊ အလတ်လွှာနဲ့ အနိမ့်လွှာဆိုပြီး ပိုင်းခြားထားတာလို့ ကျုပ်ရဲ့အဖော် အဆိပ်နဂါးပြောတာ ကြားဖူးတယ်။ ”

“ အနိမ့်ဆင့်နတ်ဆိုး၊အလယ်ဆင့်နတ်ဆိုးနဲ့ အမြင့်ဆင့်နတ်ဆိုးတို့က အနိမ့်လွှာ။ နတ်ဆိုးဘုရင်နဲ့ မဟာနတ်ဆိုးဘုရင်တို့က အလတ်လွှာ။အလတ်လွှာကို ရောက်ဖို့အတွက် စွမ်းအားတစ်မျိုးမျိုးရဲ့ “ နိယာမတွေ ”ကို နားလည်သဘောပေါက်ရမယ်။ ဒါက ခင်ဗျားကို နတ်ဆိုးဘုရင်အဆင့်ဆီ တက်ရောက်နိုင်ဖို့အတွက် အကူအညီ ဖြစ်လောက်မှာပါ။ ”

“ ကျေးဇူးပါပဲ။သခင်။ ”

ပထမဆုံးအကြိမ်အဖြစ် အရတ်စ်သည် ချန်လွေ့အား စိတ်ထဲမှလေးလေးစားစားနှင့် ဦးညွှတ်လိုက်သည်။ ရွိုင့်စ်ပြောတာမှန်တယ်။ချန်လွေ့က ဂျိုးဆက်ပ်နဲ့ တခြားစီပဲ။သူက တကယ့်ကို သစ္စာရှိပြီး နောက်လိုက်သင့်တဲ့ သခင်တစ်ယောက် ဖြစ်နိုင်တယ်။

အရတ်စ် ထွက်သွားပြီးနောက် ချန်လွေ့သည် ပြိုင်ကွင်းရှိ အိမ်အသေးလေး တစ်လုံးထဲ၌ အနားယူသည်။ညပိုင်းတွင် ရေကန်ပြာဆီသွားပြီး ပါ့ဂ်လီအိုနှင့် တွေ့ရန် ချန်လွေ့ စဉ်းစားထားသည်။

လွန်ခဲ့သော အချိန်များ၌ ချန်လွေ့သည် အသီနာအား ကာကွယ်ရန် မြေဒြပ်စင်ဘုရင် အသည်းအသန်လိုအပ်သော မှော်မှုန်များကို သန့်စင်နေရင်း အလုပ်များနေခဲ့သည်။သူ တစ်လျှောက်လုံး အလုပ်များနေသည့်အတွက် စူပါစနစ်၏ သွင်ပြင်လက္ခဏာ အသစ်များကို လေ့လာရန် အချိန်မရခဲ့ပေ။ယခုတွင် ချန်လွေ့ စိတ်အေးနိုင်ပြီဖြစ်၍ သေသေချာချာ ပြန်စစ်ဆေးကြည့်လိုက်သည်။

ကြယ်စင်စုဥယျာဉ်ထဲတွင် အခရာနတ်မိမယ်အား သက်ဆိုင်ရာ သန့်စင်ပြီး မှော်မှုန်ပေးပြီးနောက် အဆင့်နှစ်သို့ ရောက်ရှိသွားသည်။အဆင့်တက်ပြီးနောက် ကြယ်စင်စုဥယျာဉ်၏ ဧရိယာ ပိုမိုကျယ်ပြန့်သွားကာ အပင်အားလုံး၏ အထွက်နှုန်းများလည်း တိုးလာသည်။အပင်အရေအတွက် နှစ်‌ဆတိုးသွားပြီး ရင့်မှည့်နှုန်းမှာလည်း အတော်များများ တိုတောင်းသွား၏။

မြေအောက်လောကရှိ ပိစိမှင်စာများ မျိုးတုန်းသွားပြီဖြစ်ရာ ကျန်ရှိသော အသက်ဓာတ်ရေစင်ကို ချန်လွေ့ ပိုင်ဆိုင်သွားခဲ့သည်။သန့်စင်ပြီး မှော်မှုန် အဆင့်သုံးကို ရရှိပြီးနောက် မြေဒြပ်စင်ဘုရင်သည် ချန်လွေ့အား မြေအရင်းအမြစ်ပေးခဲ့သည်။

လက်ရှိတွင် ကြယ်စင်စုဥယျာဉ်ထဲရှိ အပင်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၄၈ရက်ကြာလျှင် ရင့်မှည့်မည့် မိစ္ဆာသစ်ပင် တစ်ပင်။သစ်သီး၈လုံး ရရှိနိုင်မည်ဟု မျှော်မှန်းထားသည်။လက်ရှိတွင် သိုလှောင်ဂိုဒေါင်၌ ၆လုံးရှိ၏။( အဆင့်တက် သွားခြင်းကြောင့် ရည့်မှည့်ချိန် တိုတောင်းသွားသည် )

၈ရက်ကြာလျှင် ရင့်မှည့်မည့် မိစ္ဆာတလဲပင် ၁၀ပင်။သစ်သီး၁၅လုံး ရရှိနိုင်မည်ဟု မျှော်မှန်းထားသည်။လက်ရှိတွင် သိုလှောင်ဂိုဒေါင်၌ ၁၀၅လုံးရှိ၏။

၄ရက်ကြာလျှင် ရင့်မှည့်မည့် ထင်ယောင်ထင်မှား သစ်ပင် ၁၀ပင်။သစ်သီးအလုံး၂၀ ရရှိနိုင်မည်ဟု မျှော်မှန်းထားသည်။လက်ရှိတွင် သိုလှောင်ဂိုဒေါင်၌ ၂၂၃လုံးရှိ၏။

၅ရက်ကြာလျှင် ရင့်မှည့်မည့် အရှိန်အဝါသစ်ပင် ၁၀ပင်။သစ်သီး၁၅လုံး ရရှိနိုင်မည်ဟု မျှော်မှန်းထားသည်။လက်ရှိတွင် သိုလှောင်ဂိုဒေါင်၌ ၃၀၂လုံးရှိ၏။

အသက်ဓာတ်ရေစင် သိုလှောင်မှု = ၂၀၀/၂၀၀။

မြေအရင်းအမြစ် ၁၀ခုနှင့် လက်ရှိ ကြီးထွားဖွံ့ဖြိုးမှု လုပ်ငန်းစဉ်မှာ ၃/၁၀ ဖြစ်သည်။ ၁၀ရက်ကြာတိုင်း တစ်ယူနစ် ထပ်ပေါင်းထည့်မည် ဖြစ်သည်။

အခရာနတ်မိမယ်ကို အဆင့်မြင့်တင်ခြင်းအတွက် အကျိုးအမြတ်များမှာ ဤမျှသာ မဟုတ်ပေ။ချန်လွေ့ စမ်းကြည့်သည်။အရှိန်အဝါ သစ်သီးတစ်လုံးသည် မူလက အရှိန်အဝါ ၂၀၀၀ တိုးစေသည်။ယခုတွင် ၃၀၀၀အထိ တိုးပေးသည်။သစ်သီး၂၀၀ကျော် ရှိသည့်အတွက်ကြောင့် အရှိန်အဝါ ခြောက်သိန်း တိုးလာမည်ဖြစ်သည်။ မိစ္ဆာတလဲသီးသည် အရှိန်အဝါ ၁၅၀၀ တိုးစေသည်။သစ်သီး ၁၀၀ကျော် ရှိသည့်အတွက်ကြောင့် အရှိန်အဝါ တစ်သိန်းငါးသောင်းကျော်း တိုးလာမည်ဖြစ်သည်။

လဲလှယ်ဌာနထဲ၌ ပစ္စည်းအသစ်များ ထပ်တိုးလာသည်။ဆေးရည်အမျိုးအစား၌ အဆင့်မြင့်ဆုံး ဆေးရည်မည်းများ ပေါ်ထွက်လာသည်။၎င်းတို့မှာ အသီနာအား ကယ်တင်ရန် သော့ချက်ဖြစ်ခဲ့သော ပြန်လည်အသက်ရှင်ခြင်းဆေးရည်နှင့် အသက်ရှာခြင်းဆေးရည်တို့ ဖြစ်သည်။

အပင်အမျိုးအစားအောက်တွင်လည်း လဲလှယ်နိုင်သော ပစ္စည်းတစ်ခုရှိနေသည်။

[ အရှိန်အဝါစုဆောင်းပန်း ]

ပင်ကိုအရည်အချင်း = မည်သည့်အခါမှ မညှိုးနွမ်းနိုင်။တစ်ရက်အတွင်း ရင့်မှည့်သည်။ ရင့်မှည့်ပြီးနောက် အရှိန်အဝါ အလိုအလျောက် စုပ်ယူခြင်းနှုန်း အကြီးအကျယ် တိုးသွားမည်။ နေ့စဉ် အရှိန်အဝါ တစ်သောင်း ထောက်ပံ့ပေးနိုင်သည်။အဆင့်မြင့်လေလေ အရှိန်အဝါ ရရှိနှုန်း ပိုများလေလေ ဖြစ်သည်။ပန်းတစ်ပွင့်လျှင် အရှိန်အဝါ တစ်ထောင် ကျသင့်သည်။

ပြန်လည်ရှင်သန်ခြင်း ဆေးရည်တစ်ပုလင်းအတွက် အရှိန်အဝါ ဆယ်သိန်း လိုအပ်သည်။ “ သတ္တုရိုင်း သလင်းကျောက်များ ” ပျောက်ကွယ်သွားပြီး အရှိန်အဝါ ဆယ်သိန်းသာ ကျန်တော့သည့် ချန်လွေ့အဖို့ အရှိန်အဝါ အရင်းအမြစ် ကြပ်တည်းသွားသည်။ကြယ်စင်စု ဥယျာဉ်မှ ထုတ်လုပ်ရေး အရည်အသွေး တိုးမြင့်ခြင်းနှင့် အရှိန်အဝါစုဆောင်းပန်း ပေါ်ထွက်လာမှုကြောင့် ထိုပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။

အပင်များအပြင် လဲလှယ်နိုင်သော အမျိုးအစားအသစ်တစ်ခု ပေါ်ထွက် လာသည်။

[ တော်ဝင်စိတ်ဝိညာဉ်များ ]

[ အစားကြူးနွယ်ပင် ]

-တိုက်ခိုက်ရေး သတ္တဝါ။

ကိုယ်ပိုင်အရည်အချင်း = ရစ်ပတ်ခြင်း၊ပျံ့နှံ့ခြင်း၊ဝါးမျိုခြင်း။အစေ့ကို ထုတ်လွှတ်ပြီးနောက် ဆယ်စက္ကန့်အတွင်း အလျင်အမြန် ဖြစ်ပေါ်လာနိုင်သည်။အသက်သွင်းရန် အရှိန်အဝါ ၁၀၀ လိုအပ်သည်။မည်သည့်မြေ အရည်အသွေး၌မဆို ပျိုးနိုင်ပြီး ရန်လိုသော သတ္တဝါများကို အလိုအလျောက် တိုက်ခိုက်နိုင်သည်။တိုက်ခိုက်မှု အတိုင်းအတာကို ထိန်းချုပ်၍ရသည်။ အရှိန်အဝါ ကုန်ဆုံးသွားခြင်း သို့မဟုတ် ထိုနွယ်ပင် ပျက်စီးသွားမှသာ သက်ရောက်မှု ပျောက်ကွယ်သွားသည်။တစ်ခုလျှင် အရှိန်အဝါ ၁၀၀၀ ကျသင့်သည်။

[ ခြေလှမ်းဖိနပ် ]

ပင်ကိုအရည်အချင်း = အမြန်ပြေးခြင်း။ခြေထောက်အောက်၌ တပ်ဆင်လိုက်လျှင် လှုပ်ရှားမှု အမြန်နှုန်းကို ကြီးကြီးမားမား တိုးစေသည်။ထပ်ကာထပ်ကာ လဲလှယ်၍ရသည်။ တစ်စုံလျှင် အရှိန်အဝါ တစ်ထောင် ကုန်ကျသည်။

အတိအကျပြောရလျှင် အစားကြူးနွယ်ပင်များမှာလည်း အပင်တစ်မျိုးပင် ဖြစ်သည်။ သို့သော်လည်း တော်ဝင်စိတ်ဝိညာဉ်နှင့် အပင်တို့၏ အဓိကခြားနားချက်မှာ သူတို့ကို ကြယ်စင်စုဥယျာဉ်၌ အသုံးပြုရုံသာမက ပြင်ပ၌လည်း အသုံးပြုနိုင်ခြင်းပင် ဖြစ်သည်။

ခြေလှမ်းဖိနပ်သည် တိုးမြှင့်ခြင်းပါသော ဖိနပ်များကဲ့သို့ပင် ဖြစ်သည်။သူတို့သည် တိုက်ခိုက်ခြင်း၊ခုခံခြင်းနှင့် ထွက်ပြေးခြင်းတို့၌ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ အစားကြူးနွယ်ပင်များသည် ကြယ်စင်စုဥယျာဉ် အပြင်ဘက်ရှိ နတ်ဆိုးဘုံ၌ အသုံးပြုကြသော တိုက်ခိုက်ရေး အပင်တစ်ပင် ဖြစ်နေပြီး ဖြစ်သည်။ဖြစ်ပေါ်ရန် ဆယ်စက္ကန့်ကြာခြင်းသည် အတော်လေး မြန်ဆန်လှသည်။၎င်း၏စွမ်းအားများ မသေးလောက်ပေ။

ဆေးရည်မည်းဖြစ်စေ၊ အရှိန်အဝါစုဆောင်းပန်းဖြစ်စေ၊လဲလှယ်၍ရသော ပစ္စည်းများ၌ အသစ်ထပ်တိုးလာသော ပစ္စည်းနှစ်ခုဖြစ်စေ ချန်လွေ့သည် ၎င်းတို့ကို အတော်လေး ကျေနပ်နေပြီဖြစ်သည်။

ချန်လွေ့သည် ကြယ်စင်စုဥယျာဉ်၌ အရှိန်အဝါစုဆောင်း ပန်းမျိုးစေ့ဆယ်စေ့ကို အလျင်အမြန် စိုက်ပျိုးလိုက်သည်။တစ်ရက်ကျော်သွားလျှင် ၎င်းတို့ရင့်မှည့်သွားပြီး စတင်အလုပ်လုပ်လာမည် ဖြစ်သည်။အခြားအရာများအနေဖြင့် နောက်ပိုင်းတွင် စမ်းသပ်ရန် အခွင့်အရေးများစွာ ရရှိလာနိုင်သည်။

ချန်လွေ့က အချိန်ကို တွက်ချက်သည်။မှောင်လုနီးပါး ဖြစ်နေလေပြီ။။ပါ့ဂ်လီအိုဆီသွားရန် အချိန်ရောက်ပြီ ဖြစ်သည်။စူပါစနစ်ထဲမှ ချန်လွေ့ချက်ချင်း ထွက်လိုက်သည်။

စူပါစနစ်ထဲမှ ထွက်လိုက်သည်နှင့် မိမိကို ခေါ်နေဟန်တူသော ထူးဆန်းသည့် စွမ်းအားတစ်မျိုးကို ချန်လွေ့ ရုတ်တရက် ခံစားလိုက်ရသည်။ထိုခေါ်ဆိုမှုသည် နားမှကြားရခြင်းမဟုတ်ဘဲ နှလုံးသားထဲမှ အာရုံတစ်မျိုး ဖြစ်သည်။ချန်လွေ့နှင့် တစ်စုံတစ်ခု ပဲ့တင်ထပ်နေသကဲ့သို့ ဖြစ်နေသည်။

ချန်လွေ့ ထူးဆန်းသလို ခံစားလိုက်ရသည်။သူ စိတ်အေးအေး ထားပြီးနောက် စွမ်းအားအကုန်သုံးပြီး ထိုးထွင်းဉာဏ်ကို တိုးမြှင့်လိုက်သည်။ပဲ့တင်ထပ်သံ အမှန်တကယ် ထင်ရှားလာသည်။ထိုပဲ့တင်ထပ်ခြင်းသည် ချန်လွေ့၏မျက်နှာပေါ်မှ “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ”ပေါ်မှ အမှန်တကယ် ထွက်လာခြင်းဖြစ်သည်။ဤကဲ့သို့ အခြေအနေမျိုးသည် ရှီလန်တောင်နှင့် မြေအောက်လောက၌ လုံးဝမဖြစ်ခဲ့ပေ။

All Chapters