မှတ်ဉာဏ် ဆည်းလည်း။ရှီရာ၏ အကြီးမားဆုံး လျို့ဝှက်ချက်
Vol. 12 Ch. 172
ထိုနေရာသည် ၆၀စတုရန်းမီတာမှ ၇၀စတုရန်းမီတာအထိ ကျယ်ဝန်းသော အခန်း တစ်ခန်းဖြစ်သည်။ တံခါးလည်းမရှိ။ အပေါ်ဘက်၌လည်း ရေများမရှိပေ။ဤနေရာသို့ မည်ကဲ့သို့ ရောက်ရှိလာကြောင်း ချန်လွေ့ မသိပေ။
အခန်းအလယ်တွင် ကြမ်းပြင်မှလာသော တမူထူးခြားသည့် ပုံပန်းသွင်ပြင်ရှိ အလင်းတန်းတစ်ခုရှိနေပြီး ဦးတည်ဘက်အမျိုးမျိုးသို့ အလင်းရောင် ၆မျိုးအဖြစ် ပျံ့နှံ့နေကာ တစ်ခန်းလုံးကို လင်းလက်နေစေသည်။အခန်းထဲ၌ စားပွဲ၊ကုလားထိုင်၊ကြေးမုံ အစရှိသော ပစ္စည်းအချို့လည်း ရှိနေသည်။ဤနေရာသည် ရေချိုးကန်အောက်ရှိ သေချာ ဒီဇိုင်းဆွဲထားသော လျို့ဝှက်ခန်းတစ်ခု ဖြစ်နိုင်ပေသည်။စိုထိုင်းခြင်းလည်းမရှိ။ လေဝင်လေထွက် မကောင်းခြင်းလည်း မရှိပေ။
မည်သည့်အတွက်ကြောင့်မှန်း ချန်လွေ့ မသိပေ။ပြင်းထန်လှသော မတည်ငြိမ်မှုသည် ရုတ်တရက် ပျောက်ကွယ်သွားပြန်သည်။သို့သော်လည်း ၎င်းသည် ဤအခန်းအတွင်း၌ပင် ရှိရပေမည်။ချန်လွေ့သည် “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ”၏ ပဟေဠိကို အဖြေ ရှာချင်သည့်အတွက်ကြောင့် ရှေ့တက်လိုက်သည်။ မည်မျှပင် ကြိုးစားစေကာမူ ချန်လွေ့သည် မျက်နှာပေါ်မှ ဒုက္ခပေးသည့်အရာကို မဖယ်ရှားနိုင်သေးပေ။ ( လာနောက်နေတာလား။ တခြားအကြောင်းမရှိရင်တောင် အသီနာ တစ်ယောက်တည်း အတွက် ငါဒါကို ရအောင် ချွတ်ပစ်ရမယ်။မဟုတ်ရင် ဒါကြီးနဲ့ သူ့ကို ငါဘယ်လို နမ်းရမှာလဲ။ )
အခန်းထဲတွင် ပစ္စည်းများ အနည်းငယ် ရှုပ်ပွနေသည်။ကြေးမုံနားသို့ ချန်လွေ့ ဖြတ်သွားလိုက်သည့်အခါ ရုတ်တရက်ပင် ကြေးမုံထဲမှ အရောင်တောက်သွားပြီး ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။၎င်းမှာ ပြိုင်ဘက်ကင်း မိန်းမလှတစ်ယောက် ကနေသည့် ပုံရိပ်ဖြစ်သည်။
ဒါက “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ”ရဲ့ လျို့ဝှက်ချက်လား။ မဖြစ်နိုင်ပါဘူး။ ဒီပြိုင်ဘက်ကင်း မိန်းမလှလေးမှာ ရွှေရောင်ဆံပင်၊ခရမ်းရောင်မျက်လုံးနဲ့ သွယ်လျတဲ့ ခန္ဓာကိုယ် ရှိနေတယ်။ ပြီးတော့ မျက်နှာကလည်း......။ဒါက တကယ့်ကို ရှီရာပဲ။
အတိအကျပြောရလျှင် ၎င်းမှာ ရှီရာ၏ ဆယ်ကျော်သက်ဘဝ ဖြစ်သည်။သူသည် အဖြူရောင် အကဝတ်စုံ ဝတ်ဆင်ထားသည်။ရှီရာ၏အကသည် ကြော့ရှင်းပြီး လူများအား သူ၏အလှတရားနှင့်အတူ ဖမ်းစားနိုင်လေသည်။ချန်လွေ့အား အံ့အားသင့်သွားစေသည်မှာ ရှီရာ၏အမူအရာသည် ရေခဲတုံးကဲ့သို့ မဟုတ်ဘဲ ပျော်ရွှင်မှုနှင့် ညင်သာမှု အပြည့်ဖြင့် ပြုံးနေခြင်းကြောင့် ဖြစ်သည်။
ပထမဆုံးအကြိမ်အဖြစ် ချန်လွေ့သည် ရှီရာ၏အပြုံးကို အပြည့်အဝ မြင်ခဲ့ရသည်။
ဆန့်ကျင်ဘက် ဖြစ်နေခြင်းကြောင့် ဖြစ်ပေမည်။ထိုကဲ့သို့ ညင်သာသောအပြုံးကို ချန်လွေ့ မြင်လိုက်ရသောအခါ ရုတ်တရက် ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။ ရေခဲတုံးမင်းသမီးဟု သတ်မှတ်ခြင်းခံရသော ရှီရာတွင် ထိုကဲ့သို့ ကြည်နူးစရာအပြုံးမျိုး ရှိခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ဤအပြုံးကို တမင်မရည်ရွယ်ထားသည့်အပြုံးဟူ၍ သတ်မှတ်၍ရနိုင်ပေသည်။
“ နောက်ဆုံးတစ်ခေါက် ပြုံးခဲ့တာကို ငါမမှတ်မိတော့ဘူး။ဒီပျော်ရွှင်မှုကို အသီနာအတွက်ပဲ ချန်ထားပေးလိုက်တော့မယ်။ ”
ရှီရာပြောခဲ့ဖူးသည့် စကားတစ်ခွန်းကို ချန်လွေ့ ရုတ်တရက် သတိရလိုက်ပြီး နှလုံးသား အနည်းငယ် လေးလံသွားသကဲ့သို့ ခံစားလိုက်ရသည်။အသီနာ ပြောခဲ့သည်နှင့် အဲလစ်၏ မှတ်ဉာဏ်ထဲရှိ အစ်မအကြောင်းများအရ ရှီရာသည် အလွန်သိမ်မွေ့သော မိန်းကလေး တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ဒီလို သိမ်မွေ့တဲ့ မိန်းမလှလေးတစ်ယောက်ကို အေးစက်ပြီး ရက်စက်တဲ့ အရှင်မတစ်ယောက်ဖြစ်လာအောင် ဘာကပြောင်းပေးလိုက်တာလဲ။
ဒီလိုအေးစက်ပြီး ရက်စက်တဲ့ မျက်နှာဖုံးအောက်မှာအရင်က သိမ်မွေ့မှုတွေ ဘယ်လောက်များ ကျန်နေဦးမှာလဲ။
ချန်လွေ့သည် ကြေးမုံကို ဆက်မကြည့်တော့ဘဲ တစ်ခန်းလုံးကို လှည့်ပတ် ကြည့်ရှုလိုက်သည်။ အခန်းထဲရှိ အရာများမှာ ပစ္စည်းအသေးများ ဖြစ်ကြသည်။တန်ဖိုး အနည်းငယ်သာ ရှိသော်လည်း ထိုပစ္စည်းတစ်ခုစီတိုင်းသည် ရှီရာအဖို့ ချိပ်ပိတ်ထားသော အဖိုးတန် မှတ်ဉာဏ်တစ်ခုစီကို ယူဆောင်ပေးနိုင်သည်။
ချန်လွေ့သည် စားပွဲဆီသို့သွားပြီး ဆည်းလည်းကို ညင်သာစွာ သပ်လိုက်သည်။ရုတ်တရက် ချန်လွေ့သည် အခြားသူ၏ အတွင်းရေးကို ချောင်းကြည့်မိသည့်အတွက် လိပ်ပြာမလုံ ဖြစ်သွားကာ သက်ပြင်းချလိုက်သည်။
“ ဘာလို့လဲ။ ”
ဒါက ရှီရာရဲ့အသံပဲ။သူ့အသံထဲမှာ ဒေါသနဲ့ ဝမ်းနည်းမှုတွေ ပါဝင်နေတယ်။
သူဘယ်လို ရောက်လာတာလဲ။[ သရုပ်ခွဲမျက်လုံး ] မှာတောင် ဘာမှမပြဘူး။
ခိုးဝင်မိနေသည့်အတွက်ကြောင့် လိပ်ပြာမလုံ ဖြစ်နေသော ချန်လွေ့ တုန်လှုပ်သွား၏။ သူ၏နှလုံးသား ချက်ချင်းပင် တင်းကြပ်သွားသည်။ သွားပြီ။ ဒီလျို့ဝှက်ခန်းက ရှီရာရဲ့ အကြီးမားဆုံး လျို့ဝှက်ချက် ဖြစ်နိုင်တယ်။ဒီအသုံးမကျတဲ့ မျက်နှာဖုံးမရှိရင်တောင် သူငါ့ကို သေချာပေါက် သတ်ပစ်မှာပဲ။
ထို့ပြင် ဤအခန်း၌ အမှောင်ဆန္ဒဖြင့်ပင် တယ်လီပို့ခုန်၍ မရနိုင်ပေ။
“ သူတို့အားလုံးကို ဘာလို့ သတ်ပစ်လိုက်တာလဲ။ ”
ထိုအသံသည် အမှန်တကယ်ပင် ဆည်းလည်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။၎င်းသည် မှတ်တမ်းတင်ခြင်းကဲ့သို့သော အစွမ်းမျိုး ပါဝင်သည့် မှတ်ဉာဏ် မှော်ပစ္စည်းတစ်မျိုး ဖြစ်နိုင်ပေသည်။
“ သူတို့က ကျွန်မရဲ့ မိတ်ဆွေတွေပဲလေ...... ”
“ ဒီလိုအင်အားမျိုး မလိုချင်ဘူး။ကျွန်မ အရှင်မ မဖြစ်ချင်ဘုး။ကျွန်မ ဧကရီ မဖြစ်ချင်ဘူး။ ”
နောက်ဆုံး၌ ၎င်းသည် ငိုယိုနေသော အသံဖြစ်လာသည်။ထိုကဲ့သို့ အေးစက်ပြီး သန်မာသော အမျိုးသမီး ငိုလိမ့်မည်ဟု ချန်လွေ့ တစ်ခါမျှ မတွေးမိခဲ့ပေ။ထိုငိုသံသည် အတော်လေး နူးညံ့ပြီး ပူပင်သောက ဖြစ်စေသည်။
မိတ်ဆွေဟူသည်မှာ သူ့အတွက် ဇိမ်ခံခြင်းဖြစ်ပြီး ချန်လွေ့အတွက် အိပ်မက်ဆိုး ဖြစ်သည်ဟု ရှီရာပြောခဲ့သော “ မိတ်ဆွေ ” ဟူသည့် စကားလုံးကို ချန်လွေ့ ရုတ်တရက် တွေးမိသွားသည်။ဆည်းလည်းမှ ငိုသံအရ ၎င်းသည် အရှင်မအဖြစ် ရှီရာ ဆက်မခံခင်က သူ၏မိတ်ဆွေများအားလုံး အသတ်ခံလိုက်ရသည့်အချိန်၌ ဖြစ်ခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုကဲ့သို့သော “အင်အား” အတွက် သေဆုံးသွားပြီဖြစ်သော ရှီရာ၏ဖခင် အိမ်ရှေ့မင်းသား ဂါရမ်း အမိန့်ပေးခဲ့ခြင်း ဖြစ်နိုင်ပေသည်။
တဖြည်းဖြည်းနှင့် ငိုသံပျောက်ကွယ်သွားသည်။ ဆည်းလည်းကို ချန်လွေ့ ထပ်မံ ထိကြည့်လိုက်သည်။ အချို့မှာ ရယ်သံများဖြစ်ပြီး အချို့မှာ ရှိုက်ငိုသံများဖြစ်သည်။ ထို့နောက် ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။
“ ဒီနေ့ကစပြီး ရှီရာလူစီဖာဆိုတဲ့ ငါ့ရဲ့ဘဝကို ငါမပိုင်တော့ဘဲ အမှောင်လ နယ်မြေတစ်ခုလုံးက ပိုင်ဆိုင်သွားပြီ။ဒီမြေကို ငါ့ရဲ့အသက်နဲ့လဲပြီးတော့ ကာကွယ်မယ်။ ငါ့ရဲ့ ညီမလေးကို ငါ့အသက်နဲ့လဲပြီး ကာကွယ်မယ်။သန်းခေါင်နေအရှင်ရဲ့ မျိုးဆက် ပြန်လည် ထင်ပေါ်ကြော်ကြားလာဖို့အတွက် ငါ့အသက်နဲ့လဲပြီး လုပ်ဆောင်မယ်။ ”
သူ့ရဲ့ဘဝကိုတောင် မထိန်းချုပ် နိုင်တော့ဘူးလား။ ချန်လွေ့ ခဏတာ တိတ်ဆိတ်သွားပြီး ဆည်းလည်းကို အသာလေး ထိလိုက်ပြန်သည်။
ယခုတစ်ခေါက်၌ ရယ်သံ ထွက်ပေါ်လာသည်။ရှီရာသည် ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ခြင်း ဖြစ်သည်။
“ အဲဒီလူက အဲဒက်စ်ကို လူတွေအများကြီး အရှေ့မှာ.....တကယ်ကြီး.....။ ဟားဟား...။တော်တော် ရယ်ရတာပဲ။ ”
“ လောကမှာ အဝေးဆုံးက သေခြင်းနဲ့ ရှင်ခြင်းက မဟုတ်ဘဲ အရှင်မရှေ့မှာ ကျွန်တော်ရပ်နေတဲ့အချိန်လို့ ခံစားခဲ့ရတယ်။ဒါပေမဲ့ ကျွန်တော် အရှင်မကိုချစ်နေတာကို အရှင်မ မသိတာဘူး....တဲ့လား။ဒါက အမှန်ဟုတ်ဟုတ် မဟုတ်ဟုတ် အဲဒီပျင်းစရာ ခံစားချက်တွေက ငါ့အတွက်မဟုတ်ဘူး.... ”
၎င်းသည် ပြိုင်ကွင်းရှိ ဆရာသခင် စိန်ခေါ်ပွဲပြီးနောက်နှင့် တော်ဝန်ဥယျာဉ်ရှိ လှပသော နားလည်မှုလွဲခြင်းပြီးနောက် ရှီရာ၏ ခံစားချက်ဖြစ်ကြောင်း ချန်လွေ့ မှတ်မိသည်။ ရှီရာသည် တစ်ချိန်လုံး ရယ်နေခဲ့သည်။
အစပိုင်းကတော့ ထိန်းချုပ်လို့မရလို့ဖြစ်ရင်ဖြစ်မယ်။ဒါပေမဲ့ နောက်ပိုင်းကရော။
ဆည်းလည်းသံ မြည်လာပြန်သည်။
ယခုတစ်ခေါက်တွင် ဝမ်းနည်းသော သက်ပြင်းချသံ ထွက်လာသည်။
“ ငါသူ့ကို ဒီလိုနဲ့ပဲ ဘာလို့ မိုင်းတွင်းဆီ ပေးသွားလိုက်ရတာလဲ။သူ့ကို နေရစ်အောင် ဘာဖြစ်လို့ မလုပ်ခဲ့တာလဲ။ဘာလို့လဲ။ငါဘယ်တော့မှ မေ့လို့မရတော့မဲ့ ယောက်ျား တစ်ယောက်ကို မြှုပ်နှံထားလိုက်ရမှာလား.....။ရှီရာ။နင်က တော်တော် တစ်ကိုယ်ကောင်း ဆန်ပြီးတော့ သွေးအေးတဲ့မိန်းမပဲ။ငါနင့်ကို မုန်းတယ်။ ”
“ တစ်နေ့ကျလို့ ငါ အိုဆိုင်ဒန်ကို အနိုင်ယူပြီးတော့ ထီးနန်းပြန်ရရင် ငါ့ဆီမှာ ဘာပဲ ကျန်တော့မှာလဲ မသိဘူး..... ”
“ ချန်လွေ့။မင်း အသက်ရှင်နေရမယ်......။ချန်လွေ့...... ”
၎င်းသည် ပုံမှန်စည်းဝေးပွဲ၌ ချန်လွေ့အား ရှီလန်တောင်ဆီသို့သွားရန် ဆုံးဖြတ်ချက် ချလိုက်သော အချိန်၌ ဖြစ်သည်။ ငါမှတ်မိသလောက်ဆိုရင် သူက ငါ့ကို သတိထား ဖို့တောင် မပြောခဲ့ဘူး။ဒါပေမဲ့ ဒီဆည်းလည်းရှေ့မှာတော့.....
နောက်ဆုံး တီးတိုးခေါ်သံသည် ချန်လွေ့၏ နှလုံးသားကို အနည်းငယ် တုန်လှုပ်သွားစေသည်။နားလည်မှုလွဲခြင်းကြောင့် ဖြစ်လာခဲ့သော “ ပိုးပန်းသူ ” သည် ရှီရာ၏ နှလုံးသားထဲရှိ ညင်သာမှုများကို လှုပ်ခတ်နိုင်လိမ့်မည်ဟု ချန်လွေ့ လုံးဝ မထင်ထားခဲ့ပေ။အနည်းငယ်သာဆိုသော်လည်း ရှီရာသည် အမှန်တကယ်ပင် ရင်ထဲထိသွားခြင်း ဖြစ်သည်။
လက်စသတ်တော့ မပြုံးတတ်တဲ့ ရေခဲတုံးလိုမျိုး မိန်းကလေးက ကြေကွဲလွယ်တဲ့ နှလုံးသားကို ဒီလျို့ဝှက်ခန်းထဲက ခိုင်မာတဲ့အကာအရံအောက်မှာ မြှုပ်နှံထားတာကိုး။ ဖိနှိပ်ထားတဲ့ ငိုကြွေးမှုတွေ၊ကြိမ်းမောင်းမှုတွေကို ဒီမှာပဲ ထုတ်လွှတ်လို့ရတယ်။သူ ဒီမှာ အကျယ်ကြီး အော်ငိုလို့ရတယ်။ဒါပေမဲ့ ဒီကနေ ထွက်သွားပြီးရင်တော့ သူက ခံစားချက်မဲ့ ပြီးတော့ ရက်စက်တဲ့ ကြောက်စရာ မင်းသမီးပဲ။
ဧကရာဇ် မျိုးဆက်၊ဖခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒ၊အကာအကွယ် လိုအပ်တဲ့ ညီမ၊ အနီးအနားက ကြောက်မက်ဖွယ်ရာ ရန်သူတွေ.......။ဒီမိန်းကလေး ထမ်းပိုးထားရတဲ့ ဝန်ထုတ်ဝန်ပိုးတွေက တော်တော် လေးလံတာပဲ။
အသီနာမရှိလျှင် ချန်လွေ့သည် အမှန်တကယ်ပင် ရင်ထဲထိသွားပေမည်။ထိုအမျိုးသမီး၏ လှပသော အသွင်အပြင်သည် ဆွဲဆောင်မှုရှိကြောင်းကို ချန်လွေ့ မငြင်းပေ။သို့သော်လည်း ချန်လွေ့ အမှန်တကယ် ရင်ထဲထိသွားမည်ဆိုလျှင် ၎င်းသည် ခန္ဓာကိုယ်ကြောင့်မဟုတ်ဘဲ စိတ်နှလုံးကြောင့် ဆိုသည်မှာ အသေအချာပင် ဖြစ်သည်။
အခုတော့....သူ့ရဲ့ဆန္ဒတွေကို တစ်ဆင့်ခြင်း ဖြည့်ဆည်းဖို့အတွက် ငါကူညီပေးမယ်။သူ့ရဲ့ ဝန်ထုတ်ဝန်ပိုးတွေကို ငါကူသယ်ပေးဖို့ ကြိုးစားမယ်။
ချန်လွေ့သည် ဆည်းလည်းကို ထပ်မထိတော့ပေ။တစ်နည်းပြောရလျှင် ချန်လွေ့သည် နူးညံ့သော နှလုံးသားကို ထပ်မထိတော့ပေ။ချန်လွေ့ ရင်မောသွားသည်။
ထိုအချိန်၌ “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” ထံမှ အပူ ပြန်ပေါ်လာ၏။ယခုတစ်ခေါက် ခံစားချက်သည် အတော်လေး ပြင်းထန်လှပြီး အရင်းအမြစ်မှာ အလယ်ဗဟိုရှိ ထူးဆန်းသော အလင်းတန်းမှ ဖြစ်သည်။
ချန်လွေ့သည် အလင်းတန်းကို လှမ်းကိုင်ကြည့်လိုက်သည်။သို့သော်လည်း ချန်လွေ့ မထိနိုင်ခင်မှာပင် အံ့ဖွယ်အားတစ်ခုကြောင့် နောက်ပြန်လှန်သွားသည်။ထိမိလိုက်သော ချန်လွေ့၏ လက်ချောင်းများပင် အနည်းငယ် လောင်ကျွမ်းသွား၏။၎င်းမှာ အစွမ်းထက်သော ခုခံမှု မှော်အစီအရင်တစ်ခု ဖြစ်ပုံရသည်။
“ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” အလိုအလျောက် အရောင်တောက်သွားပြီး အဖြူရောင် အငွေ့များ စတင်ထုတ်လွှတ်တော့သည်။အဖြူရောင်အငွေ့တွင် ခရမ်းရောင်ဖျော့ဖျော့ အလင်းရောင်များ အနည်းငယ် ပါဝင်ပြီး အလင်းတန်းကို ရစ်ပတ်လိုက်သည်။
ရုတ်တရက် တစ်စုံတစ်ခုအား ချန်လွေ့ တွေးမိလိုက်သည်။ဂလော်ဖင်း၏အသိစိတ်ကို ဝါးမျိုပြီးနောက် ချန်လွေ့၏ဦးနှောက်ထဲ၌ မှတ်ဉာဏ်အချို့ ကျန်ရစ်နေသည်။ သန်းခေါင်နေအရှင်နှင့် တိုက်ခိုက်ခဲ့စဉ်က ဂလော်ဖင်းသည် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားသည်။ နောက်ဆုံး၌ ဂလော်ဖင်းသည် လျို့ဝှက်နည်းလမ်းတစ်ခု အသုံးပြုကာ ထွက်ပြေးသွားပြီး အဆောင်ပစ္စည်းပင် ထိခိုက်သွားခဲ့သည်။ထို့ကြောင့်ပင် မျက်နှာဖုံး၏ နဖူးနေရာ၌ ကျိုးပဲ့နေသော အစိတ်အပိုင်းတစ်ခု ရှိနေခြင်း ဖြစ်သည်။
သန်းခေါင်နေအရှင်ထံမှ ရရှိခဲ့သော ဒဏ်ရာများထက် လျို့ဝှက်နည်းလမ်းကို အသုံးပြု၍ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ကျိုးပဲ့သွားခြင်း၏ တန်ပြန်မှုက ပို၍ပြင်းထန်နေခဲ့သည်။ ဂလော်ဖင်း၏ ခန္ဓာကိုယ်သည် ပြိုလဲလုမတတ် ဖြစ်ခဲ့သည်။လျို့ဝှက်နည်းလမ်း၏ တန်ပြန်မှုကို ဖြေရှင်းရန်အတွက် ဂလော်ဖင်းသည် လရောင်ကျောက်တုံးစွမ်းအားကို စုပ်ယူရမည် ဖြစ်သည်။
အမှောင်လမြို့ကို ခဏတာ သိမ်းပိုက်ဖူးသည့် ဂလော်ဖင်းသည် ရှီလန်တောင် မိုင်းတွင်း၌ လရောင်ကျောက်တုံးများ ရှိနေကြောင်းကို သိသည်။ထို့ကြောင့်ပင် သူသည် ထွက်ပြေးရန် လမ်းကြောင်းကို ပြောင်းပြီး ရှီလန်တောင် မိုင်းတွင်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ပိုင်နက်စွမ်းအား၏ အကူအညီနှင့်အတူ ဂလော်ဖင်းသည် အဓိကတွင်းထဲရှိ လရောင်ကျောက်တုံးများကို စုပ်ယူခဲ့ပြီး သူ၏ပိုက်နက်ထဲရှိ သလင်းကျောက်များက မိုင်းတွင်း နယ်မြေတစ်ခုလုံးကို ညစ်ညမ်းသွားစေခဲ့သည်။၎င်းသည် နှစ်၄၀၀ကျော် ကြာအောင် သတ္တုရိုင်းအပြုန်းများ ဖြစ်လာခြင်း၏ အကြောင်းရင်း ဖြစ်သည်။
သို့သော်လည်း လရောင်ကျောက်တုံး အရေအတွက် အတော်လေး နည်းနေပြီး “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” တန်ပြန်မှုအတွက် မဖာထေးနိုင်ပေ။ပိုင်နက်အာရုံကို မှီခိုပြီး ဂလော်ဖင်းသည် မြေအောက်လောက ဝင်ပေါက် ချိပ်ပိတ်ကို ဖျက်ဆီးကာ မြေအောက်လောက နက်နက်ထဲသို့ ဝင်ရောက်ရှာဖွေတော့သည်။
လရောင်ကျောက်တုံး အများဆုံးရှိသောနေရာသည် မြေဒြပ်စင်ကောင်တို့၏ ပထဝီဘုံ၌ ဖြစ်သည်။လရောင်ကျောက်တုံးများကို ရှာဖွေရန်အတွက် ဂလော်ဖင်းသည် မြေဒြပ်စင်ကောင်တို့၏ ပိုင်နက်ထဲ ချိုးဖောက်ဝင်ရောက်ပြီး လမ်းကြောင်း၌ လာရှုပ်သည့် မြေဒြပ်စင်ကောင်များကို သတ်ပစ်ခဲ့သည်။ရလာဒ်အနေဖြင့် သူသည် မြေဒြပ်စင်ဘုရင်ကို သတိထားမိသွားစေသည်။
ဂလော်ဖင်းသည် မိမိ၏ နတ်ဆိုးအရှင်သခင် အဆင့်ကို အထင်ကြီးနေပြီး မြေအောက်လောကကို ထိန်းချုပ်နိုင်မည်ဟု ထင်ခဲ့သည်။အမှောင်လမြို့ မြေအောက်လောကတွင် တစ်ဦးတည်းသော မြေဒြပ်စင်ဘုရင် ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။သူတို့နှစ်ယောက်သည် နတ်ဆိုးအရှင်သခင်အဆင့်များ ဖြစ်ကြသည်။ သို့သော်လည်း မြေဒြပ်စင်ဘုရင်သည် မွေးဖွားပြီးကာစသာ ရှိသေးသည်။အစပိုင်း၌ သူသည် ဂလော်ဖင်းအား မယှဉ်နိင်ခဲ့ပေ။သို့ရာတွင် ဂလော်ဖင်းမှာ ဒဏ်ရာရနေခဲ့သည်။ မျက်နှာဖုံး၏ တန်ပြန်မှုလည်း ရှိနေသည့်အတွက် နောက်ဆုံး၌ ဂလော်ဖင်းရှုံးနိမ့်သွားပြီး ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရသည်။
သို့သော်လည်း အဆောင်ပစ္စည်း၏ စွမ်းအားကို အထင်မသေးသင့်ပေ။ “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” ၏ သခင်ဖြစ်သည့်အလျောက် ဂလော်ဖင်း၏ စိတ်စွမ်းအား မပျောက်ကွယ်သွားခဲ့ပေ။ သူသည် ပိုင်နက်စွမ်းအားကို ပို၍ဝေးဝေး ထုတ်လွှတ်ပြီး လရောင်ကျောက်တုံးများကို စုပ်ယူနေလိုက်သည်။ ထိုစွမ်းအားသည် ပထဝီဘုံရှိ မြေဒြပ်စင်ကောင်တို့အတွက် အဟန့်အတား ကြီးကြီးမားမား ဖြစ်စေခဲ့သည်။ မြေဒြပ်စင်ဘုရင်သည် ဂလော်ဖင်း၏ ခန္ဓာကိုယ်အား ဖျက်ဆီးနိုင်ခဲ့သော်လည်း အဆောင်ပစ္စည်းထဲရှိ အသိစိတ်ကို မဖျက်ဆီးနိုင်ခဲ့ပေ။သူ၏အစွမ်းကို အသုံးပြုပြီး ဖိနှိပ်၍ရသာ ရလေသည်။သို့သော်လည်း သူသည် “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ”၏ ထိန်းချုပ်မှုကို ခံလိုက်ရသည်။
နောက်ပိုင်း ဆက်ဖြစ်သည်များကို ချန်လွေ့ ကိုယ်ပိုင် တွေ့ကြုံခံစားခဲ့ရသည်။
လွန်ခဲ့သော နှစ်ပေါင်း၄၀၀ခန့်၌ လျို့ဝှက်နည်းလမ်းတစ်ခုကြောင့် ကျိုးပဲ့သွားခဲ့သော အဆောင်ပစ္စည်း အပိုင်းအစတစ်ခုကို ဂလော်ဖင်း မယူသွားနိုင်ခဲ့ဘဲ သန်းခေါင်နေ လူစီဖာ လက်ထဲသို့ ကျရောက်သွားခဲ့သည်။ထိုမှတ်ဉာဏ်များအရ ထိုအပိုင်းအစသည် ဤလျို့ဝှက်ခန်းထဲ၌ ချိပ်ပိတ်ခံထားပုံရသည်။
ဒါကြောင့် “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” ကို ဆင့်ခေါ်တာကိုး။ဒါက အပိုင်းအစကို စုပ်ယူပြီးတော့ ပြည့်စုံတဲ့ အဆောင်ပစ္စည်းတစ်ခု ပြန်ဖြစ်ချင်နေတယ်။
“ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” မှ အဖြူရောင် အငွေ့များသည် အလင်းတန်းအား ရစ်ပတ်သွားခဲ့သည်။မူလက တည်ငြိမ်နေသော အလင်းတန်းသည် မတည်မငြိမ်ဖြစ်လာပြီး လှုပ်ရှားလာတော့သည်။ ထောင့်၆ထောင့်မှ ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပလာပြီး မြေပြင်ပေါ်မှ မှော်အစီအရင်တစ်ခုပင် လင်းလက်လာသည်။၎င်းမှာ ဟက်ဇာဂရမ် အစီအရင် ဖြစ်လေသည်။
( ဟက်ဇာဂရမ် = အနားတူတြိဂံနှစ်ခု တစ်ခုနှင့်တစ်ခု ဖြတ်ခြင်းကြောင့် ဖြစ်လာသည့်ပုံ။ )
အစွမ်းထက်အားတစ်ခုက ချန်လွေ့ကို တွန်းထုတ်လိုက်သည်။မျက်နှာဖုံးသည် အဖြူရောင် အငွေ့အားလုံးကို ထုတ်လွှတ်နေသည်။ ဟက်ဇာဂရမ် အစီအရင်သည် အဖြူရောင်အငွေ့နှင့် ဆုံသည့်အခါ နှင်းခြင်္သေ့တစ်ကောင်က မီးကို ရင်ဆိုင်ရသကဲ့သို့ အစအနမကျန်ဘဲ ပျောက်ကွယ်သွားသည်။ သို့သော်လည်း ထိုအစီအရင် အနည်းငယ် တုန်ခါလာသည်။
အိပ်ခန်းဆောင်ထဲ၌ မှိတ်နေသော ရှီရာ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာကာ ရေခဲတမျှ အေးစက်မှုကို ဖော်ပြလိုက်သည်။