[ မီးသင့်နဂါး သတ်ဖြတ်ခြင်း ]
Vol. 12 Ch. 178
ဂျိုးဆက်ပ်သည် ဖန်ကျောက်နှလုံးသားကို ရယူရန် လိပ်ပြာနီနယ်မြေသို့ သွားလိုက်ပြီ ဖြစ်သည့်အတွက် ရွိုင့်စ်သည် နှစ်တစ်ရာကျော် ကွဲကွာပြီးနောက် ဗာဆာရှာနှင့် အမှန်တကယ် ဆုံစည်းနိုင်ပြီ ဖြစ်သည်။
ထိုအဖြစ်အပျက်ပြီးနောက်တွင် အရတ်စ်အပါအဝင် ချန်လွေ့အပေါ် သူတို့ သုံးယောက်၏ သစ္စာရှိမှုသည် အတိုင်းအတာတစ်ခုအထိ မြင့်တက်သွားခဲ့သည်။ အထူးသဖြင့် ဗာဆာရှာနှင့် ရွိုင့်စ်တို့သည် ကျွန်-သခင် စာချုပ်မရှိလျှင်လည်း ချန်လွေ့နောက်သို့ သေသည်အထိ လိုက်နေမည်ဖြစ်သည်။
ဗာဆာရှာအား ဂျိုးဆက်ပ်အရယူထားခြင်းမှာ ထိန်းချုပ်ရန်အတွက်သာဖြစ်ကြောင်း ဗာဆာရှာထံမှ ချန်လွေ့ သိလိုက်ရသည်။ ဂျိုးဆက်ပ်တွင် ဝါသနာနှစ်ခု ရှိသည်။ ပထမတစ်ခုမှာ ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ် မိန်းကလေးများကို ရှာဖွေရန်ဖြစ်ပြီး အဲလစ်အပေါ် တပ်မက်ခြင်းမှာလည်း ၎င်းကြောင့်ပင် ဖြစ်သည်။ အခြားတစ်ခုမှာ “ လိင်တူတိမ်းညွတ်မှု ” ဖြစ်သည်။ ဂျိုးဆက်ပ်နှင့် လီဒိုတို့တွင် ကျွန်-သခင် ဆက်ဆံရေးသာရှိသည်မဟုတ်ဘဲ ပို၍ပင်နက်ရှိုင်းလေသည်။
၎င်းကိုကြားလိုက်ရာ ချန်လွေ့ ကြက်သီးထသွားသည်။ နှစ်လမ်းသွား၊ ထူးဆန်းတဲ့ ဦးလေး နဲ့ [ Brokeback Mountain ] ပေါင်းထားတာလား။ ဒီကြောင်သူတော်က တကယ့်ကို ဆိုးဆိုးဝါးဝါးပဲ။
ဘယ်လိုပဲဖြစ်ဖြစ် အဲလစ်ကို ငါကာကွယ်ရမယ်။
ညပိုင်း၌ ချန်လွေ့သည် အစောင့်များမသိအောင် ခိုးထွက်ပြီး ဆင်ခြေဖုံးမှ ဝိုင်ဗန်ကို သွားရှာသည်။ ထို့နောက် ဝိုင်ဗန်စီးပြီး ရေကန်ပြာဆီသို့ သွားသည်။
ရေကန်ပြာသို့ ရောက်သည့်အခါ ချန်လွေ့သည် ဝိုင်ဗန်ကို နေရာသေချာချပြီး ရေကန်ဘေးရှိ တောင်ကုန်းထံသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
အမှန်တကယ်ပင် ထိုနေရာ၌ ရူးကြောင်ကြောင် နဂါးကို ချန်လွေ့ တွေ့လိုက်ရသည်။
“ နောက်ဆုံးတော့ မင်းရဲ့မိတ်ဆွေကို လာတွေ့ပြီပေါ့။ ”
ချန်လွေ့ ရောက်လာသည်ကို ပါ့ဂ်လီအို သတိထားမိသည်မှာ ကြာပြီဖြစ်သည်။ သူသည် မြက်တစ်မျှင်ကို ကိုင်ထားရင်း မြေပေါ်၌ လှဲနေသည်။ သူသည် မောက်မာနေဟန်ဆောင်သော်လည်း စိတ်ထဲ၌ ပျော်ရွှင်နေလေသည်။
“ အရိပ်နက်အင်ပါယာရဲ့ အထူးထုတ် မြောက်သစ်သီးဝိုင် သုံးပုလင်း၊ အမှောင်လဝိုင် နှစ်စည်၊ အသားကင် ၅၀၊ အရိုးနှပ်၁၀ခု...... ”
ချန်လွေ့က စားစရာစာရင်းကို ရွတ်ပြလိုက်သည်။ ထို့နောက် ပါ့ဂ်လီအို၏မျက်လုံးများ အရောင်တောက်သွားသည်ကို သူမြင်သွားသည်။ ချန်လွေ့သည် တမင်တကာပင် လက်ထဲမှ သိုလှောင်လက်ပတ်ကို ဝှေ့ရမ်းရင်း သက်ပြင်းချသည်။
“ တံခါးဝထိ လာပို့တာတောင် ယူမယ့်သူမရှိတော့ စိတ်မကောင်းစရာပဲ။ ထားပါ။ ပြန်ယူသွားလိုက်မယ်။ ”
“ ဟမ့်။ငါ့လိုနဂါးကို စားစရာနဲ့ မျှားချင်တာလား။ ”
ပါ့ဂ်လီအိုသည် အထင်သေးကြောင်း ပြသလိုက်သည်။ သို့သော်လည်း သူ၏ လုပ်ရပ်များမှာ လေးစားစရာ မရှိပေ။ သူသည် လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် ခုန်ထပြီး လက်ပတ်ကို ဆွဲယူလိုက်သည်။ ဖွင့်ကြည့်လိုက်သည့်အခါ အထဲတွင် စာတစ်စောင်သာရှိသည်။
နဂါးမိုက်။ ခင်ဗျား အရူးလုပ်ခံလိုက်ရပြီ။
ပါ့ဂ်လီအို ကြိမ်းမောင်းရန်ပြင်လိုက်စဉ် မျက်နှာချင်းဆိုင်မှ ချန်လွေ့သည် လက်ငါးချောင်းဖြန့်ပြီး သူ့ကို ချိန်ထားကြောင်း သဘောပေါက်လိုက်သည်။ ချန်လွေ့၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက် ထွက်နေသည်။ ထိုအငွေ့အသက်သည် အမြင့်ဆင့် နတ်ဆိုးတစ်ယောက် ရှိရမည့် အရာမဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။
ပါ့ဂ်လီအို အံ့အားသင့်သွားပြီး ပြုံးဖြီးဖြီး လုပ်လိုက်သည်။
“ မင်းက တော်တော်ကံကောင်းတဲ့ မျိုးမစစ်ကောင်ပဲ။မင်း အဆင့်တက်သွားပြန်ပြီ။ ”
ထိုစကားဆုံးသည်နှင့် အလင်းဖြူလုံးတစ်လုံးသည် ပါ့ဂ်လီအိုထံသို့ ဝှီးခနဲ ရောက်လာသည်။ သူ မရှောင်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်အနားသို့ [ အရုဏ်ဦးပစ်ချက် ] ရောက်လာသည့်အခါ သူ ရုတ်တရက် အော်ဟစ်လိုက်သည်။ ထိုအော်သံကြောင့် ထူးဆန်းစွာပင် အနီးအနားရှိ လေဟာနယ် တွန့်ခေါက်သွားသကဲ့သို့ ချန်လွေ့ ခံစားလိုက်ရပြီး [ အရုဏ်ဦးပစ်ချက် ] သည်လည်း ထိုတွန့်ခေါက်မှုကြောင့် ကွဲထွက်ကာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
သူက [ အရုဏ်ဦးပစ်ချက် ] ကို အသံနဲ့ပဲ ဖျက်ဆီးနိုင်ခဲ့တယ်။ ဒါက ချိပ်ပိတ်ခံထားရတဲ့ အဆိပ်နဂါးရဲ့ စွမ်းအားအစစ်အမှန်လား။
ချန်လွေ့ ကြက်သေသေသွားပြီး [ သရုပ်ခွဲမျက်လုံး ] ကို အသက်သွင်းလိုက်ရာ ပါ့ဂ်လီအို၏ စွမ်းအားကို မဟာနတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်း [ B ] ဟု ဖော်ပြထားသည်။ အဆိပ်နဂါးသည် မဟာနတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်း စွမ်းအားကိုသာ အသုံးပြုခဲ့သော်လည်း ရှီရာထက် ပို၍အစွမ်းထက်သည်ဟု ချန်လွေ့ ခံစားနေရသည်။
ခဏတာ တုံ့ဆိုင်းပြီးနောက် အဆိပ်နဂါးသည် ချန်လွေ့အရှေ့၌ ပေါ်ထွက်လာသည်။ ၎င်း၏ လက်သည်းသဏ္ဍာန် လက်များဖြင့် ကြောက်မက်ဖွယ်ရာ စွမ်းအား အသုံးပြုကာ ချန်လွေ့အား ကုတ်ခြစ်လိုက်သည်။
ချန်လွေ့လည်း စိတ်ကိုခိုင်းလိုက်ပြီး အဆိပ်နဂါးနောက်၌ ချက်ချင်း ပေါ်ထွက်လာသည်။ သူ၏လက်များသည် ဓားပုံသဏ္ဍန်ဖြစ်သွားပြီး အရောင်ဖျော့ဖျော့ တောက်နေသည်။ ချန်လွေ့သည် အားကုန်သုံးပြီး ခုတ်ပိုင်းလိုက်သည်။ အဆိပ်နဂါး၏ ခန္ဓာကိုယ်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားရာ ထိုခုတ်ချက် လွဲချော်သွားတော့သည်။ ဓားချီသည် လေကိုဖြတ်သန်းပြီး မြေပြင်ပေါ်၌ အရာနက်နက် ကျန်ရစ်သွားစေသည်။ ချန်လွေ့သည် နောက်ဘက်မှ အန္တရာယ်ကို ခံစားလိုက်ရပြီး တယ်လီပို့ ခုန်လိုက်ပြန်ကာ အဆိပ်နဂါးနှင့် ဝေးရာသို့ သွားလိုက်သည်။
“ နှစ်ဆင့် တယ်လီပို့ခုန်တာလား။သိပ်ကောင်းတယ်။ ”
အဆိပ်နဂါး၏ မျက်လုံးများ အရောင်တောက်သွားပြီး ချန်လွေ့အရှေ့၌ ချက်ချင်း ပြန်ပေါ်လာသည်။ သူသည် လက်သီးဆုပ်ပြီး ချန်လွေ့၏ ရင်ဘက်ကို ထိုးလိုက်သည်။ ၎င်းသည် တယ်လီပို့အစွမ်းမဟုတ်ဘဲ တကယ့်အမြန်နှုန်းဖြစ်သည်။ ထိုအချိန်၌ [ သရုပ်ခွဲမျက်လုံး ] တွင် ပါ့ဂ်လီအို၏အစွမ်းမှာ [ C ] သို့ ကျဆင်းသွားသည်။ ပါ့ဂ်လီအိုသည် တိုက်ခိုက်ရေးစွမ်းအား အဆင့်များကို လိုအပ်သလို လွတ်လွတ်လပ်လပ် ပြောင်းလဲနိုင်ပုံရသည်။ သူသည် စွမ်းအားထိန်းချုပ်ရာ၌ အမှန်တကယ် ကျွမ်းကျင်လှသည်။
အဆိပ်နဂါးသည် နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းသို့ လျှော့ချထားပြီ ဖြစ်သော်လည်း ဂျိုးဆက်ပ်ထက် ပို၍အစွမ်းထက်နေသေးသည်။ ချန်လွေ့လည်း လက်ဆန့်ထုတ်ပြီး ပါ့ဂ်လီအို၏လက်သီးကို ခုခံသည်။ သူ၏လက်မောင်း ထုံသွားပြီး နောက်သို့ ခြေလှမ်း သုံးလေးလှမ်း ဆုတ်ခွာသွားရသည်။ ချန်လွေ့ တွေးလိုက်ပြီး ခြေလှမ်းဖိနပ်ကို တပ်ဆင်လိုက်သည်။ သူ၏အရှိန် ရုတ်တရက် တိုးသွားပြီး ပါ့ဂ်လီအို၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်နိုင်သည်။
ပါ့ဂ်လီအို လှောင်ပြုံးပြုံးပြီး သူ၏အရှိန်လည်း တိုးတက်သွားသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် နတ်ဆိုးဘုရင်အဆင့် နှောင်းပိုင်းသို့ ရောက်ရှိသွားသည်။ ချန်လွေ့ အလွန်အားထုတ်နေရပြီး ညစ်ပတ်သည့် အဆိပ်နဂါးကို စိတ်ထဲ၌ ကျိန်ဆဲတော့သည်။ ချန်လွေ့၏ ခန္ဓာကိုယ်တစ်ဝိုက်၌ ဒိုင်းတစ်ခု ထွက်ပေါ်လာသည်။
ဖောင်း
ထိုဒိုင်းသည် ပါ့ဂ်လီအို၏ တိုက်ခိုက်မှုကို လုံးဝခုခံနိုင်နေသည်။ အဆိပ်နဂါး၏ မျက်လုံးများ ပို၍ပင် အရောင်တောက်လာသည်။ သူသည် တိုက်ခိုက်သည့်ပုံစံ ပြောင်းပြီး တစ်နေရာတည်း၌ စုစည်းတိုက်ခိုက်သည်။ သို့သော်လည်း ထိုဒိုင်းကာသည် သာမန်မှော်ဒိုင်းကာမျိုး မဟုတ်ပေ။ ၎င်း၏အထူး ဝိသေသလက္ခဏာမှာ တိုက်ခိုက်မှု၏ ပမာဏတချို့ကို စုပ်ယူခြင်းဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သည့် စုစည်းတိုက်ခိုက်မှုမျိုးသည် အလုပ်မဖြစ်ပေ။
သို့သော်လည်း ထိုဒိုင်းကာ၏ စုပ်ယူမှုသည် အကန့်အသတ် ရှိသည့်အတွက် နောက်ဆုံး၌ ပါ့ဂ်လီအို၏ အဆက်မပြတ် တိုက်ခိုက်မှုသည် အကာအကွယ် ဒိုင်းကာ၏ စွမ်းအားကို ချိုးဖျက်နိုင်ခဲ့သည်။
“ ခဏနေဦး။ ”
ချန်လွေ့ ရုတ်တရက် ပြောလိုက်သည်။ အကာအကွယ် ဒိုင်းကာကို ချိုးဖောက်သွားသည့် လက်သီးသည် ချန်လွေ့၏ နဖူးအရှေ့၌ ရပ်တန့်သွားသည်။ သို့သော်လည်း အဆိပ်နဂါးသည် ချန်လွေ့ကို နဖူးတောက်လိုက်သေးသည်။
“ အား ”
ချန်လွေ့သည် နဖူးကို ဖုံးထားလိုက်သည်။
“ တော်တော့လို့ ပြောတယ်လေ။ ပါ့ဂ်လီအို။ ချီးထုပ်။ ”
“ ဟမ့်။ မင်းက နတ်ဆိုးဘုရင်အဆင့် ရောက်သွားတာနဲ့ပဲ ငါ့ကိုရိုက်ရဲတယ်ပေါ့။ ”
အဆိပ်နဂါး၏ နောက်ထပ်စကားသည် လက်စားချေခြင်း၏ ရည်ရွယ်ချက်အမှန်ကို ဖော်ပြလိုက်သည်။
“ ငါ့ကို စားစရာတွေ အားလုံးပေး။ ”
“ ကျုပ်မှာ အကွက်တစ်ကွက်ရှိသေးတယ်။ တစ်ခါမှ မစမ်းကြည့်ရသေးဘူး။ တော်တော်လေးတော့ အစွမ်းထက်တယ်။ ကျုပ် ထိန်းချုပ်နိုင်ဦးမှာ မဟုတ်ဘူး။ ပြီးတော့လည်း အဲဒါကိုသုံးပြီးရင် ကျုပ်က ၂၄နာရီကြာအောင် အားကုန်နေမှာ။ စမ်းကြည့်ချင်လား။ ”
အဆိပ်နဂါး ရုတ်တရက် စိတ်ဝင်စားသွားပြီး စားစရာအကြောင်းကို ယာယီ ဘေးဖယ်ထားလိုက်သည်။
“ မဟာဆရာသခင်ရဲ့ အမွေအနှစ်က တကယ့်ကို ထူးဆန်းတာပဲ။ ခုနက မင်း အစွမ်းအသစ်သုံးမျိုးကို သုံးခဲ့တယ်။ နှစ်ဆင့်တယ်လီပို့ခုန်တာ၊ အမြန်ပြေးတာနဲ့ အကာအကွယ်။ [ အရုဏ်ဦးပစ်ချက် ] နဲ့ [ အရှိန်အဝါဓားသွား] ကလည်း ပိုပြီးတိုးတက်လာတယ်။ ဒါတောင် မင်းမှာ ပိုပြီးအစွမ်းထက်တာတစ်ခု ရှိနေသေးတယ်။ မြန်မြန်။ စမ်းကြည့်လိုက်။ ”
ပါ့ဂ်လီအို၏မျက်လုံးသည် စူးရှသည်။ ချန်လွေ့၏အမြန်နှုန်းသည် အစွမ်းတစ်ခုခုကြောင့် တိုးသွားသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ ချန်လွေ့သည် ခြေလှမ်းဖိနပ်အကြောင်း မရှင်းပြခဲ့ပေ။ တစ်ခါမှ အသုံးမပြုရသေးသည့် အန္တိမအစွမ်း [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ကိုသာ စမ်းကြည့်ချင်နေသည်။
“ လာစမ်းပါ။ ငါ နတ်ဆိုးဘုရင်အဆင့်အစွမ်းကိုပဲ သုံးမယ်။ ငါမင်းရဲ့ အန္တိမအစွမ်းကို လက်တစ်ဖက်တည်းနဲ့ တန်ပြန်နိုင်တယ်။ ”
ပါ့ဂ်လီအို ပြုံးဖြီးဖြီးလုပ်ရင်း လက်ယပ်ခေါ်လိုက်သည်။ [ သရုပ်ခွဲမျက်လုံး ] ၌ [ C+ ] ဟု ဖော်ပြသည်။
ဘာလို့ နတ်ဆိုးဘုရင် အနိမ့်ပိုင်းကို မသုံးတာလဲ။ ဉာဏ်များတဲ့ နဂါးပဲ။ ချန်လွေ့ စိတ်ထဲ၌ ရေရွတ်လိုက်သည်။ သူသည် ပါ့ဂ်လီအိုနှင့် ဖြည်းဖြည်းချင်း ဝေးကွာအောင် ပြုလုပ်လိုက်ပြီး စွမ်းအားကို စုစည်းလိုက်သည်။ ထို့နောက် မီးတောက်နက်ကို လောင်ကျွမ်းစေပြီး အော်ဟစ်တော့သည်။
ထိုမီးတောက် ထွက်လာသည့်အခါ ပ့ါဂ်လီအို ရုတ်တရက် အံ့အားသင့်သွားသည်။
“ နိဗ္ဗာန်အစွမ်းပဲ။ မဟာဆရာသခင်က အက်စ်မိုဒက်စ် များလား........ ”
စကားတစ်ဝက်မှာပင် ပါ့ဂ်လီအိုသည် ထိုအထင်ကို ပယ်ချလိုက်သည်။ အကြောင်းရင်းမှာ ချန်လွေ့နှင့် အက်ဂ်မိုဒက်စ် မိန်းကလေးတို့သည် တစ်ညသုံး ဖြစ်ခဲ့ကြောင်းကို သူသိ၍ဖြစ်သည်။ ချန်လွေ့သည် အဖိုးတန်နိဗ္ဗာန်သွေးကိုပင် ရရှိခဲ့သည်။ ၎င်းသည် မဟာဆရာသခင်၏ စွမ်းအားကြောင့် ဖြစ်လာသော သန္ဓေပြောင်းလဲခြင်း ဖြစ်နိင်ပေသည်။
ပ့ါဂ်လီအိုရဲ့အတွေးက တော်တော်လေး မြန်ဆန်တယ်လို့ ပြောရမယ်။ သူထင်တာ မှန်လုနီးပါးပဲ။
[ နိဗ္ဗာန်မီးတောက် ]၏ ဖော်ပြချက်များကို ချန်လွေ့ သတိရလိုက်သည်။
- [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] နှင့် ပူးပေါင်းပြီး [ မီးသင့်နဂါးဝင်စီးခြင်း ] ဖြစ်လာကာ တိုက်ခိုက်ရေးစွမ်းအားကို တိုးပွားစေနိုင်သည်။
ယခုတွင် အဆိပ်နဂါးနှင့် ယှဉ်ရမည် ဖြစ်သောကြောင့် ၎င်းကို ချန်လွေ့ စမ်းကြည့်သင့်ပေသည်။
“ [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ”
ချန်လွေ့ စိတ်ထဲ၌ ရေရွတ်လိုက်သည်။ သို့သော်လည်း ထိုအစွမ်း ချက်ချင်း မဖြစ်ပေါ်လာခဲ့ပေ။ သူ၏ခန္ဓာကိုယ်ရှိ ကြယ်မှုန်များသည် အရှိန်မြန်စွာ သိပ်သည်းသွားကြပြီး အခြေအနေပြ ဇယားထဲရှိ မှုန်ဝါးဝါး ဂြိုလ်များ အရောင်ဖျော့ဖျော့ တောက်လာသည်။ ထိုစွမ်းအား၏ လွှမ်းမိုးမှုအောက်၌ ပတ်ဝန်းကျင်လေထု မငြိမ်မသက်ဖြစ်လာပြီး အပူရှိန်များ ထုတ်လွှတ်နေတော့သည်။
တကယ်ပါပဲ။ဒါက စွမ်းအားစုစည်းဖို့လိုတဲ့ အန္တိမအစွမ်းပဲ။
မူလက ပါ့ဂ်လီအို သိပ်ပြီး မစိုးရိမ်ပေ။ သို့သော်လည်း ထိုကဲ့သို့စွမ်းအားမျိုးကို တွေ့လိုက်ရသည့်အခါ အနည်းငယ် လှုပ်ရှားသွားသည်။ သူ၏အမူအရာ တည်တည်သွားပြီး ခြေဆောင့်နင်းကာ လေထဲသို့ ဖြည်းဖြည်းချင်း ပျံဝဲသွားသည်။ ချန်လွေ့ကိုယ်ပေါ်ရှိ မီးတောက်နက်တွင် အနီရောင်အလင်းစက်များ ပေါ်လာသည်။ ထိုအလင်းစက်များထဲ၌ ပြင်းထန်ပြီး ကြမ်းတမ်းသော အငွေ့အသက်တစ်ခု ရှိနေသည်။ မီးတောက်နက်၏ အသက်ဓာတ်သည့်ပင် ထိုအငွေ့အသက်နှင့် ရောနှောနေသည်။
မိမိ၏စွမ်းအား ကြောက်မက်ဖွယ်ရာအမြင့်တစ်ခုအထိ ရောက်ရှိသွားကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ သူ မထုတ်လွှတ်လိုက်လျှင် ပေါက်ကွဲထွက်သွားမည် ဖြစ်သည်။ သူသည် ချက်ချင်းပင် လေထဲမှ ပါ့ဂ်လီအိုအား လက်ဖြင့်ချိန်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ”
ချန်လွေ့၏ လက်နှစ်ဖက်လုံးမှ အနီရောင် အလင်းတန်းများ ထွက်လာသည်။ အနီးအနားရှိ မြေပြင်သည်လည်း ဖြည်းဖြည်းချင်း တုန်ခါနေသည်။ လုံးပတ် နှစ်မီတာရှိသော အနီရောင်နဂါးတစ်ကောင်သည် မီးတောက်များ ဖုံးလွှမ်းနေသည်။ ၎င်းသည် ဤလောကမှ နဂါးအသွင်မယူဘဲ ချန်လွေ့၏ မူလလောကမှ တရုတ်နဂါးအသွင်ယူထားသည်။
အနီရောင်နဂါးသည် ကြောက်မက်ဖွယ်ရောကောင်းလောက်အောင်ပင် ပါ့ဂ်လီအိုဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ နဂါးဟိန်းသံကိုပင် ယဲ့ယဲ့လေးကြားနေရသည်။ ၎င်း၏ပစ်မှတ်သည် လေထဲ၌ရှိနေသော်လည်း ကြီးမားလှသောစွမ်းအားကြောင့် မြေပြင်ပေါ်၌ ကွဲအက်ကြောင်းများဖြစ်လာပြီး မြောက်မြားလှစွာသော ကျောက်တုံးကြီးများ အစိတ်စိတ် ဖြစ်သွားတော့သည်။
ထိုနဂါး ပျံသန်းလာသည့်အခါ ပါ့ဂ်လီအို ထိတ်လန့်သွားသည်။ ၎င်းသည် မြွေရှည်ရှည် တစ်ကောင်နှင့်တူသည်။ ထို“နဂါး”တွင် သဘာဝအလျောက် အဟန့်အတား စွမ်းအား ရှိဟန်တူသည်။ ပါ့ဂ်လီအိုကဲ့သို့ နဂါးသည်ပင် ကြောက်လန့်သွားမိသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သေစေနိုင်လောက်သော အပူရှိန်နှင့် ဖျက်ဆီးခြင်း အငွေ့အသက်များသည် ပါ့ဂ်လီအိုအနား ချဉ်းကပ်လာသည်။ မီးသင့်နဂါးသည် စွမ်းအင်စုစည်းမှုမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်း၏ ပုံရိပ်သည် အနုမစိပ်လှသော်လည်း ပါးစပ်အကျယ်ကြီးဟကာ ကြမ်းကြမ်းတမ်းတမ်း ရှေ့ဆက်တိုးလာသည်။
မည်သို့ပင်ဆိုစေကာမူ အဆိပ်နဂါးသည် နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။ သူ၏စွမ်းအား ချိပ်ပိတ်ခံထားရသော်လည်း စိတ်စွမ်းအား အစွမ်းထက်နေဆဲပင် ဖြစ်သည်။ သူသည် စိတ်ထဲ၌ မသက်မသာဖြစ်မှုကို ချက်ချင်း ဖိနှိပ်လိုက်သည်။ သူ၏လက်နှစ်ဖက်လုံး၌ အစိမ်းရောင်အလင်းဖျော့ဖျော့များ တောက်ပနေရင်း ရှေ့တက်သွားသည်။ ၎င်းတို့ ထိတွေ့သွားသည့်အခါ မီးသင့်နဂါး တုန်ခါသွားကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ ပါ့ဂ်လီအို၏ ခန္ဓာကိုယ်လည်း တုန်ခါသွားသည်။ သူသည် [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ကို အတင်းခုခံခဲ့ပြီး ၎င်း၏ ကြောက်မက်ဖွယ်ရာစွမ်းအားများ မထုတ်လွှတ်နိုင်အောင် ပြုလုပ်နိုင်ခဲ့သည်။
ထိုလုပ်ငန်းစဉ်သည် လုံးဝမလွယ်ကူပေ။ ပါ့ဂ်လီအိုသည် လေထဲ၌ အမှီပြုစရာ လည်းမရှိပေ။ မီးသင့်နဂါးကြောင့် ပါ့ဂ်လီအို နောက်ဆုတ်သွားရသည်။ မီးသင့်နဂါး ရှေ့ဆက်တိုးလာပြီး အချိန်ကြာလေလေ ပို၍အစွမ်းထက်လေလေ ဖြစ်လာသည်။ ပါ့ဂ်လီအိုသည် ပို၍တင်းမာလာသကဲ့သို့ ခံစားလိုက်ရသည်။ မဟာဆရာသခင်၏ အမွေအနှစ်သည် သူထင်ထားသည်ထက် ကျော်လွန်နေပေသည်။ ထို “ ထူးဆန်းသော နဂါး ” ကို မခုခံနိုင်ဘဲ ပေါက်ကွဲစေလိုက်မည်ဆိုလျှင် မိမိပင် ထိခိုက်သွားနိုင်ကြောင်း ပါ့ဂ်လီအို ခံစားလိုက်မိသည်။
ချန်လွေ့က “ ဘဲသေနဂါး ” ဟုခေါ်သည့် အဆိပ်နဂါးသည် ဂုဏ်သတင်း ကျော်စောသည်။ ယခင်က သူသည် [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ကို လက်တစ်ဖက်တည်းဖြင့် တန်ပြန်နိုင်သည်ဟု ကြွားလုံးထုတ်ခဲ့သည်။ ယခုတွင် သူသည် လက်နှစ်ဖက် သုံးနေသော်လည်း အရေးနိမ့်နေဆဲပင်ဖြစ်သည်။ သူ၏ မာနကြီးသော သဘာဝ အသက်ဝင်လာသည်။ သူ၏လက်ချောင်းများမှ အစိမ်းရောင် အလင်းများ ပစ်လွှတ်လိုက်သည်။ သူ၏ မျက်လုံးများပင် အစိမ်းရင့်ရောင်ဖြစ်သွားပြီး မြွေကဲ့သို့ ဒေါင်လိုက်သူငယ်အိမ်နှင့်တူလာသည်။
နတ်ဆိုးဘုရင်အဆင့် နှောင်းပိုင်း၏အစွမ်း အကုန်ပွင့်ထွက်သွားသည်။ အဆိပ်နဂါးသည် လေထဲ၌ ရုတ်တရက် နောက်ဆုတ်ပြီး ရုတ်တရက် ရပ်တန့်လိုက်သည်။ ဟိန်းသံကြား၌ သူ၏လက်နှစ်ဖက်မှ စွမ်းအားများ ထုတ်လွှတ်လိုက်သည်။ ကြမ်းတမ်းလှသည့် မီးသင့်နဂါးသည် ပြင်းထန်လှသော အားကြောင့် ချန်လွေ့ဘက်သို့ နောက်ပြန်သွားတော့သည်။
“ အိုး။ဒုက္ခပဲ။ ”
ပါ့ဂ်လီအိုသည် [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ကို တန်ပြန်ရန်အတွက် စွမ်းအား အစစ်အမှန်ကို ထုတ်လွှတ်ခဲ့သည်။ သူလုပ်ခဲ့မိသည်ကို သူရုတ်တရက် သိရှိသွားသည်။ ပါ့ဂ်လီအို လန့်ဖျပ်သွားပြီး အော်ပြောသည်။
“ တယ်လီပို့ခုန်ပြီး မြန်မြန်ပြေးတော့။ ”
ချန်လွေ့သည် တယ်လီပို့ခုန်ခြင်းကို တစ်နာရီအတွင်း နှစ်ကြိမ်သာ အသုံးပြု နိုင်ကြောင်း ပါ့ဂ်လီအို မသိပေ။ ထို့ပြင် နောက်တစ်ကြိမ် အသုံးပြုရန်အတွက်လည်း မိနစ်အနည်းငယ် ကျန်နေသည်။ ယခုတွင် ချန်လွေ့ မထွက်ပြေးနိုင်တော့ပေ။