ကြယ်တာရာကူးပြောင်းခြင်းနှင့် အန္တရာယ်များ
Vol. 12 Ch. 179
ကြောက်မက်ဖွယ်ရာ အန္တိမအစွမ်း ပြန်လှည့်လာရာ တယ်လီပို့ မခုန်နိုင်သော ချန်လွေ့၌ တုံ့ပြန်ရန် အချိန်မရှိတော့ပေ။
အဆိပ်နဂါးသည် သေမတတ် နောင်တရသွားသည်။ထိုအစွမ်း၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို သူသေချာသိသည်။ ထိုအစွမ်းကို ချန်လွေ့ အသုံးပြုခဲ့သော်လည်း အသုံးပြုခြင်းက သက်သက်၊ ထိုတိုက်ခိုက်မှုကို ကိုယ်တိုင်ခံနိုင်မနိုင်က သက်သက် ဖြစ်သည်။
ချန်လွေ့၏လက်ရှိ နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းနှင့်ဆိုလျှင် ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို ခုခံနိုင်ရန် မဖြစ်နိုင်ပေ။ ပို၍ဆိုးသည်မှာ အသက်အန္တရာယ်ပင် ထိခိုက်နိုင်ခြင်း ဖြစ်သည်။ အဆိပ်နဂါး၏အသက်သည် ချန်လွေ့နှင့် ချိတ်ဆက်သွားသည်။ ဤကဲ့သို့ နှစ်ယောက်စလုံး သေသွားကြလျှင် ဒေါသထွက်စရာ ကောင်းပေလိမ့်မည်။
ပါ့ဂ်လီအိုသည် အစွမ်းကုန်ထုတ်သုံးပြီး အသည်းအသန် ဆင်းလာသည်။ သို့သော်လည်း ယခုတစ်ခေါက် သူအသုံးပြုလိုက်သော စွမ်းအားသည် နတ်ဆိုးဘုရင်အဆင့် ဖြစ်သောကြောင့် လိုက်မှီရန် နောက်ကျသွားခဲ့လေပြီ။
ချန်လွေ့၏မျက်လုံးထဲတွင် မီးသင့်နဂါးမှ အနီရောင်များ ရောင်ပြန်ဟပ်နေသည်။ သို့သော်လည်း ၎င်းမှ ကြောက်မက်ဖွယ်ရာစွမ်းအားကို မခံစားရဘဲ ချန်လွေ့ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူနှင့် မီးသင့်နဂါးတို့သည် အချင်းချင်း ခေါ်နေသကဲ့သို့ပင် ဖြစ်နေသည်။ ချန်လွေ့ ဖြတ်ခနဲ အတွေးဝင်သွားသည်။ သူသည် ၎င်းကို မရှောင်တိမ်းခဲ့ပေ။ သူ၏ ခန္ဓာကိုယ်ပေါ်၌ [ နိဗ္ဗာန်မီးတောက် ] တောက်လောင်သွားသည်။
၎င်းသည် တဒင်္ဂတုံ့ပြန်မှုသာ ဖြစ်သည်။ အပြေးဆင်းလာသော အဆိပ်နဂါးသည် ချန်လွေ့အား မီးသင့်နဂါးထိသွားပြီး ချက်ချင်းဝါးမျိုသွားသည်ကို မြင်လိုက်ရသည်။ ချန်လွေ့ကိုဗဟိုပြုရင်း မြေပြင်ပေါ်၌ ဧရာမအပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာသည်။ ၎င်းမှာ ဥက္ကာပျံဝင်တိုက်သကဲ့သို့ပင် ဖြစ်သည်။ ပြင်းထန်သော လေလှိုင်းများသည် ပါ့ဂ်လီအို၏ ပုံရိပ်ကိုပင် နှေးကွေးသွားစေသည်။
သို့သော်လည်း ပါ့ဂ်လီအို အစိုးရိမ်ဆုံးအရာ ဖြစ်မလာခဲ့ပေ။ အနီရောင်အလင်းထဲရှိလူသည် လုံးဝထိခိုက်မှု မရှိကြောင်း သူ၏အမြင်အာရုံဖြင့် မြင်လိုက်သည်။ ပြင်းထန်လှသော သက်ရောက်မှုကြောင့် နောက်သို့ ဆုတ်သွားခြင်းသာ ဖြစ်သည်။
တစ်ခုခုထူးခြားနေကြောင်း ပါ့ဂ်လီအို သိလိုက်ပြီး မလှုပ်ရှားတော့ပေ။ ဧရာမ အနီရောင်နဂါးသည်လည်း အလယ်ဗဟိုရှိ ပုံရိပ်နှင့်လုံးဝ ပေါင်းစပ်သွားသည်။ ၎င်း၏အနီရောင်စွမ်းအင်များသည် ထူးထူးဆန်းဆန်းနှင့် ပြင်းပြင်းထန်ထန် ယိုယွင်းနေလေသည်။ ပတ်ဝန်းကျင်မြေပြင်သည်လည်း ယိုယွင်းမှုကြောင့် ပုံပျက်ကျိုးပဲ့သွားတော့သည်။
ခဏအကြာ ယိုယွင်းမှု ရပ်တန့်သွားသည်။ ဝှီးခနဲ အသံနှင့်အတူ မီးထတောက်လာပြီး ထိခိုက်မှုမရှိသော ချန်လွေ့၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းလိုက်သည်။
[ နိဗ္ဗာန်မီးတောက် ] ၏ မူလအနက်ရောင်ပုံစံသည် ချန်လွေ့၏မျက်ဖြူလွှာထဲ ဝင်ရောက်သွားသည်။ ထို့နောက် ဂလော်ဖင်းနှင့် တိုက်ခိုက်ခဲ့စဉ်က အလီယော့သ် အခြေအနေသို့ အဆင့်တက်သွားသကဲ့သို့ပင် သူ၏အနက်ရောင်မျက်လုံးမှာ အနီရောင်သို့ ပြောင်းလဲသွားသည်။
ပါ့ဂ်လီအို၏နှလုံးသား လှုပ်ရှားသွားသည်။ သူသည် သူ၏အစွမ်းကို နတ်ဆိုးဘုရင် အဆင့်အထိ လျှော့ချလိုက်သည်။ ချန်လွေ့သည် ခြေဆောင့်ပြီး သူ့အရှေ့၌ ပေါ်ထွက်လာသည်ကို ပါ့ဂ်လီအို မြင်သည်။ ချန်လွေ့သည် ပါ့ဂ်လီအို၏ ရင်ဘတ်ကို လက်သီးဖြင့်ထိုးသည်။ ချန်လွေ့၏အမြန်နှုန်းနှင့် ခွန်အားတို့သည် ရုတ်ချည်းဆိုသလို သုံးလေးဆ တိုးတက်သွားသည်။ ပါ့ဂ်လီအို အံ့အားသင့်သွားပြီး ချန်လွေ့၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်သည်။ ချန်လွေ့၏ခန္ဓာကိုယ်မှ ဖျက်ဆီးခြင်း အားတို့သည် အဆိပ်နဂါး၏လက်ကို ခါထုတ်သည်။ ထို့နောက် ချန်လွေ့သည် ပါ့ဂ်လီအို၏ လက်သီးကို ဆုပ်ကိုင်လိုက်သည်။ နှစ်ဖက်စလုံးသည် ချက်ချင်းပင် တိုက်စစ် ခံစစ်နှင့် အလျင်အမြန် တိုက်ခိုက်နေကြတော့သည်။
ထိုကဲ့သို့ တိုက်ပွဲမျိုး၌ အနီးအနားပတ်ဝန်းကျင်ရှိ ပျက်စီးမှုများမှာ ပို၍တိုးလာသည်။ တောင်ထိပ်တစ်ခုလုံးပင် ပြိုလဲပျက်စီးတော့မည့် အရိပ်အယောင်များ ပြသနေလေသည်။
မီးသင့်နဂါး၏ အငွေ့အသက်သည် ပါ့ဂ်လီအိုအတွက် သဘာဝအဟန့်အတား ဖြစ်သော်လည်း ပါ့ဂ်လီအိုသည် နတ်ဆိုးဘုရင်အဆင့်နှောင်းပိုင်း အစွမ်းကို ထုတ်လွှတ်ထားခဲ့သည်။ သူ့ကို ချန်လွေ့ ယှဉ်နိုင်နေခြင်းက အံ့ဩဖွယ်ရာပင် ဖြစ်၏။
ယခုအကြိမ် ချန်လွေ့ထုတ်လွှတ်လိုက်သော စွမ်းအားများသည် ယခင် [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] မှ ဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြင်းထန်ပြီး ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများ အပြည့်ရှိနေကြောင်း ချန်လွေ့ ခံစားနေရသည်။ ၎င်းကို အပြင်ထုတ်ရမည်ဖြစ်ကြောင်း ချန်လွေ့ ခံစားမိသည်။ နောက်ဆုံး၌ [ မီးသင့်နဂါးဝင်စီးခြင်း ] သည် ဤကဲ့သို့ပင် အသုံးပြုရကြောင်း ချန်လွေ့ သဘောပေါက်သွားသည်။ ၎င်းသည် ရန်သူများအတွက် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှု အစွမ်းဖြစ်ပြီး [ နိဗ္ဗာန်သွေး ] ရှိသော ချန်လွေ့အတွက် အစွမ်းထက်တိုးမြှင့်ခြင်းပင် ဖြစ်သည်။
သတိထားရမည့်အရာများမှာ ထိုအရာများသာ မဟုတ်ပေ။ စူပါစနစ်၏ ကြယ်ဆင့်ကဲပြောင်းလဲခြင်း အဆင့်သည် နတ်ဆိုးတစ်ယောက်၏ စွမ်းအားအဆင့်နှင့် အကြမ်းဖျဉ်း တူညီသည်။ အယ်ခိတ်အခြေအနေသည် အလယ်ဆင့်နတ်ဆိုးနှင့် တူညီသည်။ အလီယော့သ် အခြေအနေသည် အမြင့်ဆင့်နတ်ဆိုးနှင့် ဆင်တူသည်။ နတ်ဆိုးများအကြားရှိ စွမ်းအားခြားနားချက်ကဲ့သို့ပင် ဖြစ်သည်။ အဆင့်ခြားနားခြင်းကို မပြောနှင့်။ အလတ်ပိုင်းနှင့် နှောင်းပိုင်းကြား ကွာခြားချက်အနည်းငယ်ရှိလျှင်ပင် အနိုင်ရရန် အခွင့်အရေးလုံးဝမရှိသလောက်ပင် ဖြစ်သည်။
[ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ထွက်ပေါ်လာခြင်းသည် မဖြစ်နိုင်သောစိန်ခေါ်မှုများကို ဖြစ်လာစေနိုင်သည်။ နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းနှင့် ညီမျှသော အလီယော့သ် အခြေအနေတွင် [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ကို အသုံးပြုလျှင် နတ်ဆိုးဘုရင် အဆင့်နှောင်းပိုင်းကို ယှဉ်ပြိုင်နိုင်ကြောင်း ယခု၌ ချန်လွေ့ သဘောပေါက်သွား၏။
သို့သော်လည်း ထို “ ချိန်ညှိခြင်း ”သည် အကန့်အသတ်မဲ့ မဟုတ်ပေ။ တိုက်ပွဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက် ချန်လွေ့ခေါင်းထဲ၌ သတိပေးသံ ထွက်ပေါ်လာသည်။
“ [ မီးသင့်နဂါးဝင်စီးခြင်း ] အခြေအနေ သုံးမိနစ်အတွင်း အဆုံးသတ်မည်ဖြစ်သည်။ ၂၄နာရီ ပင်ပန်းနွမ်းနယ်ခြင်း အခြေအနေသို့ ရောက်ရှိပါမည်။ မည်သည့်အစွမ်းကိုမျှ အသုံးပြုနိုင်မည် မဟုတ်ပေ။ ”
၂၄နာရီလုံး ဘာအစွမ်းကိုမှ သုံးလို့မနိုင်ဘူးတဲ့လား။ ဒါက တော်တော်ဆိုးတာပဲ။ ချန်လွေ့ ခဏလောက် တိုက်ခိုက်လိုက်သည်။ အချိန်ပြည့်နေပြီဖြစ်ကြောင်း တွေ့သည့်အခါ သူသည် ပါ့ဂ်လီအိုအား အလျင်အမြန်ထိုးပြီး အော်ပြောသည်။
“ ရပ်တော့။ ”
ပါ့ဂ်လီအိုလည်း ဆက်လက်မတိုက်ခိုက်တော့ဘဲ တိုးတိုးလေး ရယ်လိုက်သည်။
“ ဒါက တော်တော်လေး အစွမ်းထက်တာပဲ။ နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းကိုတောင် ယှဉ်နိင်တယ်။ ဒါပေမဲ့ ငါက အစွမ်းကိုဖိနှိပ်ထားရတော့ ပျော်စရာမကောင်းဘူး။ မင်း မဟာနတ်ဆိုးအဆင့်ရောက်ရင် ဒီအကွက်ပြန်သုံး။ ငါတို့တွေ ပျော်ပျော်ကြီး တိုက်ခိုက်ကြတာပေါ့။ ”
“ ချီးကို ပျော်ပျော်ကြီး တိုက်ခိုက်မှာလား။ ဒါက အထင်ကြီးစရာ တိုက်ကွက်တစ်ခုပါပဲ။ ဒါပေမဲ့ အားနည်းချက်က သိသာတယ်။အခုပဲ ကျုပ် အားကုန်တော့မယ်။ ”
ထိုစကားကို ချန်လွေ့ပြောပြီးသည်နှင့် [ မီးသင့်နဂါးစီးနင်းခြင်း ] စွမ်းအား အလျင်အမြန် ပျောက်ကွယ်သွားသည်။ သူ၏ကိုယ်ထဲသို့ မီးတောက်များ စုဆုံသွားပြီး မျက်လုံးများလည်း မူလအတိုင်း ပြန်ဖြစ်သွားသည်။
ထို့နောက် ချန်လွေ့တစ်ကိုယ်လုံး လဲကျသွားတော့သည်။ သူသည် မြေပြင်ပေါ်၌ အသာအယာ ထိုင်လိုက်သည်။ သူသည် မည်သည့် ခွန်အားကိုမျှ ထုတ်၍မရတော့ပေ။ စူပါစနစ်ထဲ ဝင်ကြည့်လိုက်ရာ အစွမ်းသစ်ပင်များသည် အသုံးပြု၍မရကြောင်း ကိုယ်စားပြုသော မီးခိုးရောင်ပြောင်းနေသည်။ ကံကောင်းစွာပင် သိုလှောင်ဂိုဒေါင် ကဲ့သို့သော အဆောက်အအုံများကို အသုံးပြု၍ရနေဆဲပင်ဖြစ်သည်။
“ ပါ့ဂ်လီအို။ကျုပ်ကို သိုလှောင်လက်ပတ်ပေး။ ”
ချန်လွေ့သည် ပါ့ဂ်လီအို ပစ်ပေးသော သိုလှောင်လက်ပတ်ကိုယူပြီး ပြန်ပစ်ပေးလိုက်သည်။ ပါ့ဂ်လီအို ဖွင့်ကြည့်လိုက်ရာ စားစရာ အမြောက်အမြားကိ တွေ့ရသည်။ သူ ချက်ချင်းပြုံးပြီး ဝိုင်တစ်ပုလင်း ထုတ်ယူလိုက်သည်။ ပါ့ဂ်လီအိုသည် တစ်ငုံနှစ်ငုံသောက်ရင် မစောင့်နိုင်တော့ပေ။ သူကျေနပ်နေပုံရသည်။ ပတ်ဝန်းကျင် ဆိုးဆိုးဝါးဝါး ပျက်စီးသွားပြီ ဖြစ်သောကြောင့် ချန်လွေ့သည် အခင်းနှစ်ခုထပ်ထုတ်ပြီး နှစ်ယောက်သား ထိုင်လိုက်ကြသည်။
“ ဒီတစ်ခေါက် ရှီလန်တောင်မှာ မင်းတော်တော်လေး အကျိုးရခဲ့တာပဲ။ ”
အခြားသူ၏စားစရာကို စားနေသည့်အတွက် အဆိပ်နဂါးသည် စကားကောင်းကောင်း ပြောရမည်ဖြစ်သည်။ သူသည် နတ်ဆိုးဘုရင်အဆင့်သို့ ချန်လွေ့အဆင့်တက်သွားခြင်း မနာလိုစိတ်ဖြင့် ဖော်ပြ၍ မရတော့ပေ။
“ အိုး။ဟုတ်သား။အရင်ဆုံး မင်းမျက်နှာပေါ်က အမှိုက်ကို ချွတ်လိုက်။ကြည့်ရတာ မသက်မသာနဲ့။ ”
“ အခုလောလောဆယ်တော့ ဒီအမှိုက်ကို ချွတ်လို့မရသေးဘူး။ ဟုတ်သားပဲ။ ဒါက နာမည်ကြီးကြီးတစ်ခု ရှိတယ်။“ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” တဲ့။ ”
အဆိပ်နဂါး ဝိုင်သီးလုမတတ် ဖြစ်သွားသည်။ သူ နားကြားမှားသည်ဟု ခံစားလိုက်ရပြီး နောက်တစ်ငုံသောက်ကာ မေးသည်။
“ နာမည်က ဘာ။ ပြန်ပြောပါဦး။ ”
“ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး။နတ်ဆိုးဘုံရဲ့ အဆောင်ပစ္စည်း၇မျိုးထဲကတစ်ခု။ ”
ပါ့ဂ်လီအို အံ့အားသင့်နေသည်ကို ချန်လွေ့ ကျေနပ်နေသည်။
“ ဒီတစ်ခေါက် ရှီလန်တောင်မှာ ကျုပ်ဘာမှ များများစားစား မလုပ်ခဲ့ပါဘူး။ နတ်ဆိုးအရှင်သခင်တစ်ယောက်ကို ကယ်တင်ပြီး နတ်ဆိုးအရှင်သခင်တစ်ယောက်ကို သတ်ပစ်ခဲ့ရုံလေးပါ။ ”
ယခုအကြိမ်၌ ပါ့ဂ်လီအိုသည် ထွီးခနဲ ဝိုင်တစ်လုတ်ထွေးထုတ်လိုက်သည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွား၏။
“ မြန်မြန်လုပ်။ဘာဖြစ်ခဲ့လဲဆိုတာ ပြောပြ။ ”
ချန်လွေ့သည် ရှီလန်တောင်၌ အတွေ့အကြုံများကို ပါ့ဂ်လီအိုအား အသေးစိတ် ရှင်းပြလိုက်သည်။ ပါ့ဂ်လီအိုက စားနေရင်း နားထောင်သည်။ သည်းထိတ်ရင်ဖို အပိုင်းများ၌ သူသည် ဝိုင်ကိုတစ်ငုံပြီးတစ်ငုံ သောက်နေမိသည်။ မကြာမီတွင် ဝိုင်ပုလင်းအလွတ်များ သုံးလေးပုလင်း ဖြစ်လာသည်။
“ မင်းက တကယ် ကြွားနေတာမဟုတ်ဘူးပဲ.... ”
ပ့ါဂ်လီအိုသည် လက်ထဲမှ အကင်ကို တစ်ကိုက်ကိုက်ပြီး ခေါင်းခါလိုက်သည်။ အရင်တစ်ခေါက် ဒီကောင်က အသံတိတိတ်ညစိမ့်မြေမှာ နတ်ဆိုးဧကရာဇ်တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ အခုလည်း ရှီလန်တောင်မှာ နတ်ဆိုးအရှင်သခင်တစ်ယောက်နဲ့ ရင်ဆိုင်ရတယ်။ သူက တကယ်ပဲ မြေဒြပ်စင်ဘုရင်ကို ကယ်တင်နိုင်ခဲ့ပြီးတော့ ဂလော်ဖင်းကို လက်မတင်လေး သတ်ပစ်နိုင်ခဲ့တယ်။ နောက်တစ်ခါကျရင် သူဘာနဲ့ ရင်ဆိုင်ရမှာလဲ။နတ်ဘုရားတစ်ပိုင်းနဲ့လား။
“ အသီနာ အိပ်ပျော်နေတုန်းပဲ..... ”
ချန်လွေ့ သက်ပြင်းချလိုက်သည်။
“ ကံကောင်းတာက ဖန်ကျောက်နှလုံးသား ဘယ်မှာရှိလဲဆိုတာကို ကျုပ်သိရပြီးပြီ။ အားလုံးအဆင်ပြေမယ်ဆိုရင်တော့ နှစ်ရက်အတွင်း ရနိုင်တယ်။ကျုပ်သူ့ကို သေချာပေါက် ကယ်တင်ရမယ်။ ”
“ အသီနာက မင်းကြိုက်တဲ့ပုံစံလို့ ငါပြောသားပဲ။ ”
ပါ့ဂ်လီအို ခေါင်းညိတ်လိုက်သည်။ သူသည် အနာဂတ်ကို ကြိုမြင်နိုင်သည့် ပုံစံပေါက် နေသည်။
“ ဟုတ်ပါတယ်။ ခင်ဗျားတော်တာ ကျုပ်သိပါတယ်။ ”
ချန်လွေ့သည် အခြားလောကမှ “ အသုံးအနှုန်း ” များကို ပါ့ဂ်လီအိုအား သင်ပေးခဲ့မိခြင်းကို နောင်တရနေသည်။
“ ဒီသောက်မျက်နှာဖုံးကို ချွတ်လို့မရတာတစ်ခုပဲ။ဒါက နည်းနည်းလေး ဒုက္ခပေးတယ်။ ”
“ ဒါက နည်းနည်းလေး ဒုက္ခပေးရုံဘဲ မဟုတ်မှာ ငါစိုးရိမ်မိတယ်။ ”
ပါ့ဂ်လီအို မျက်မှောင်ကြုပ်လိုက်သည်။
“ ငါသိချင်တာ တစ်ခုရှိတယ်။ ဂလော်ဖင်းရဲ့အသိစိတ်ကို မဟာဆရာသခင်ရဲ့ အထူးအစွမ်းက ဝါးမျိုသွားတာလား။ ဒါမှမဟုတ် မဟာဆရာသခင်ရဲ့ အတွေးစိတ်ကူးနဲ့ ချိပ်ပိတ်ထားတာလား။ ”
မဟာဆရာသခင်၏ အတွေးစိတ်ကူးသည် မူလကတည်းက အတုအယောင်ဖြစ်နေသည်။ [ ကြယ်တာရာဝါးမျိုခြင်း ] အကြောင်း ပြောခြင်းထက် ပထမတစ်ခုကို ချန်လွေ့ ရွေးချယ်ခဲ့သည်။
အဆိပ်နဂါး ပို၍မျက်မှောင်ကြုပ်ပြီး မေးသည်။
“ သေချာစဉ်းစားကြည့်။အခုတလော မင်းကိုယ်မင်း ထူးထူးခြားခြား ပြောင်းလဲလာတာ တစ်ခုခု သတိထားမိလား။ ”
“ ပြောင်းလဲတာလား။ဘာမှပြောင်းလဲတယ်လို့တော့ မထင်ဘူး..... ”
ချန်လွေ့ ခဏစဉ်းစားလိုက်ပြီး ယမန်ညက လမ်းကြားထဲမှ အပြုအမူကို သတိရမိသွားသည်။
“ ညပိုင်း မသက်မသာ ခံစားရတာတစ်ခုပဲ။ပြီးတော့လည်း တစ်ခါတစ်လေ နည်းနည်းလေး အစွန်းရောက်နေတယ်။ ”
“ အစွန်းရောက်တယ် ဟုတ်လား။ ”
ပါ့ဂ်လီအိုသည် ၎င်းကို စိတ်ဝင်စားနေပုံရသည်။
“ သေသေချာချာလေး ပြောပြ။ဒါ အရေးကြီးတယ်။ ”
ချန်လွေ့သည် ယမန်ညက လမ်းကြားထဲရှိ အဖြစ်အပျက်ကို အဆိပ်နဂါးအား ပြောပြလိုက်သည်။ ပါ့ဂ်လီအို သံသယဖြစ်နေပုံရသည်။
“ တစ်ခါတစ်လေ သွေးမြင်ချင်စိတ် ဖြစ်တယ်။ပြီးတော့ မိန်းမတွေကို ပိုင်ဆိုင်ချင်တဲ့စိတ် ထိန်းချုပ်မရ ဖြစ်တယ် ဟုတ်လား။ ”
နောက်ဆုံးစကားသည် ချန်လွေ့အား အနည်းငယ် ရှက်သွားစေသည်။ ပါ့ဂ်လီအို၏ တည်တံ့သော အမူအရာကြောင့်သာမဟုတ်လျှင် ချန်လွေ့သည် ၎င်းကို ပြောပြမည် မဟုတ်ပေ။ ဤနေရာသို့မလာခင်က လမ်းပေါ်တွင် လှပသော ကဝေမတစ်ယောက်ကို တွေ့ခဲ့ရာ ချန်လွေ့သည် ထူးထူးဆန်းဆန်း စိတ်ဆန္ဒ ဖြစ်ခဲ့သည်။
“ ပြီးတော့ အဲဒီအစွမ်းကိုပဲ ထပ်သုံးပြီးတော့ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးရဲ့စွမ်းအားကို စုပ်ယူလိုက်တာလား။ ”
“ ဟုတ်တယ်။ ”
ချန်လွေ့က သူစုပ်ယူခဲ့သော စွမ်းအားအား မဖိနှိပ်နိုင်မည်ကို ပါ့ဂ်လီအို စိုးရိမ်နေကြောင်း ရေးရေးလေး ခန့်မှန်းမိလိုက်သည်။အမှန်တကယ်ပင် စူပါနစ်မှလည်း “ ပိုလျှံမှု ” အန္တရာယ်အကြောင်း အသိပေးလာခဲ့သည်။ သို့သော်လည်း ယခုတွင် ကြယ်တာရာ ကူးပြောင်းခြင်းကို အသက်သွင်းပြီးသွားပြီ ဖြစ်ပြီး စိုးရိမ်စရာမလိုတော့ပေ။
“ ဒီနေ့ မဟာဆရာသခင်ရဲ့ အတွေးစိတ်ကူးက ထူးဆန်းတဲ့ အစွမ်းတစ်မျိုးကို အလိုအလျောက် သုံးခဲ့တယ်။ အဲဒါက အဲဒီအားတွေကို ဖြိုခွဲပြီးတော့ ချေဖျက်နိုင်အောင် လုပ်နိုင်တယ်။ ဒါတွေအားလုံးက ဖြည်းဖြည်းချင်းနဲ့ ကျုပ်ရဲ့ခွန်အားအဖြစ် ပြောင်းလဲသွားမှာ။ အဲဒါက ရက်ပေါင်း၁၀၀ ကြာလိမ့်မယ်။ ပြီးရင် ကျုပ်ရဲ့အစွမ်း တဟုန်တိုး တိုးတက်သွားမှာ။ ”
“ ရက်၁၀၀လား။မဟာဆရာသခင်ရဲ့ အတွေးစိတ်ကူးက တကယ့်ကိုစိတ်ဝင်စားစရာပဲ။ ”
အဆိပ်နဂါး ခေါင်းညိတ်လိုက်သည်။
“ ငါစိုးရိမ်နေတာက မလိုအပ်တာ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ ”
ချန်လွေ့သည် ပါ့ဂ်လီအို၏ တည်တံ့သော အမူအရာကိုကြည့်ရင်း မေးသည်။
“ ပါ့ဂ်လီအို။ခင်ဗျားဘာကို စိုးရိမ်နေတာလဲ။ကျုပ်ကို ပြောပြပါ။ ”
“ အစကတော့ မဟာဆရာသခင်ရဲ့ အတွေးစိတ်ကူးက နတ်ဆိုးအရှင်သခင်တစ်ယောက်ရဲ့ ဝိညာဉ်စွမ်းအားနဲ့ အဆောင်ပစ္စည်းစွမ်းအားကို မထိန်းချုပ်နိုင်မှာ ငါစိုးရိမ်ခဲ့တာ။ မင်းပြောတာ နားထောင်ပြီးတော့ ငါပဲ အတွေးလွန်နေတာ ထင်ပါတယ်။ ”
ပါ့ဂ်လီအို ညည်းညူလိုက်သည်။
“ ဒါပေမဲ့ အခု ငါ တခြားတစ်ခုကို စိုးရိမ်သွားပြီ။ နတ်ဆိုးအရှင်သခင်တစ်ယောက်ရဲ့ စိတ်စွမ်းအားက တော်တော်လေး အစွမ်းထက်တယ်။ ဝိညာဉ်ကို ဖျက်ဆီးလိုက်တယ် ဆိုရင်တောင် မင်းရဲ့လက်ရှိ ဝိညာဉ်စွမ်းအားက ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ အဆောင်ပစ္စည်းရဲ့ စွမ်းအားဆို ပြောမနေနဲ့တော့။ မင်းမှာက အဲဒါကို ဖြိုခွဲပြီး ချေဖျက်နိုင်ဖို့ မဟာဆရာသခင်ရဲ့ အတွေးစိတ်ကူး ရှိပြီးတော့ မင်းပိုပြီး အစွမ်းထက်လာနိုင်ပေမဲ့လည်း အဲဒီ ဗီဇစိတ်ဆန္ဒတွေကတော့ ပိုပြီး ပြင်းထန်လာမှာပဲ။ အဲဒီစိတ်ဆန္ဒတွေကို မင်းလက်ခံနိုင်တာထက် ကျော်လွန်သွားရင်တော့ မင်းရဲ့မူရင်းစိတ်က ပျောက်ပျက် သွားနိုင်ချေ များတယ်။ မင်း သေရင်သေ။ မသေရင် သတိလစ်။ ဒါမှမဟုတ် ဗီဇက လုံးဝထိန်းချုပ်တဲ့ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာမှာပဲ။ ”
ချန်လွေ့ တုန်လှုပ်သွားသည်။ ထိုကဲ့သို့ ပြင်းထန်သော အကျိုးဆက်များကို သူမထင်မှတ်ထားခဲ့ပေ။
မကြာသေးမီက တမူထူးခြားမှုများသည် သူဝါးမျိုခဲ့သောစွမ်းအား၏ ဝါးမျိုမှုကြောင့် ဖြစ်သည်။ ကြယ်တာရားကူးပြောင်းခြင်းကို အသက်သွင်းပြီးသည့်အခါ သူ၏စွမ်းအား တိုးမြင့်သွားသော်လည်း ထိုထူးဆန်သော စိတ်ဆန္ဒများလည်း တိုးပွားလာသည်။ ၎င်းမှာ အချို့ဝတ္ထုများ၌ ပြောပြထားသကဲ့သို့ပင် ဖြစ်သည်။ ကျင့်ကြံသူ၏ စွမ်းအားနှင့် စိတ်နယ်ပယ် တူညီရမည်။ စွမ်းအားသည် စိတ်နယ်ပယ်ထက် ကျော်လွန်သွားလျှင် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ယခုချန်လွေ့ ကြုံတွေ့နေရသော အခြေအနေသည် အဆတစ်ရာ ပိုမိုအန္တရာယ်များလေသည်။
အရေးကြီးဆုံးမှာ ကြယ်တာရာကူးပြောင်းခြင်းကို ရပ်တန့်၍မရခြင်းပင် ဖြစ်သည်။ ဒီပြဿနာကို ရက်၁၀၀ကြာပြီးတော့ ငါမဖြေရှင်းနိုင်ရင် ငါသေသွားနိုင်တယ်။ဒါမှမဟုတ် အသိစိတ်မဲ့နေတဲ့ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာနိုင်တယ်။