လျို့ဝှက်ရတနာ
Vol. 13 Ch. 181
ရွိုင့်စ်၏ဖခင်ဖြစ်သူ ခန်န် ကို လိပ်ပြာနီအရှင် ဂျို့ရှ် သတ်ပစ်ခဲ့ရသည့် အကြောင်းရင်းမှာ ထိုလျို့ဝှက်ရတနာကြောင့် ဖြစ်သည်။ တရားမဝင်သည့်သား လီဒိုသည် ထိုလျို့ဝှက်ချက်ကို ဖော်ခဲ့သည်။ ဂျို့ရှ်က ထိုပစ္စည်းကို ရယူချင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် သူသည် ခန်န် နှင့် ခွန်ဒါမိသားစုကို ဖျက်ဆီးပစ်လိုက်သည်။ လျို့ဝှက်ရတနာ၏ တည်နေရာလည်း သတင်းအစအနမကျန် ပျောက်ကွယ် သွားတော့သည်။
အမှန်တကယ်တွင် ထိုလျို့ဝှက်ရတနာ၏ သဲလွန်စကို ရွိုင့်စ်၏ ဇနီးလောင်းဖြစ်သူ ဗာဆာရှာ၏ ခန္ဓာကိုယ်ပေါ်၌ ခန်န်က လျို့ဝှက်သွေးမျိုးဆက်ပညာဖြင့် ချိပ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုသဲလွန်စကို ဖော်ထုတ်နိုင်ရင် သတ်မှတ်ချက်မှာ ရွိုင့်စ်နှင့် ဗာဆာရှာတို့ အတူတူ ပေါင်းစည်းရန်ဖြစ်သည်။ ရွိုင့်စ်အပြင် အခြားယောက်ျားများ ဗာဆာရှာနှင့် အတူတူအိပ်လျှင်ပင် ထိုသဲလွန်စကို သိရှိနိုင်မည် မဟုတ်ပေ။ ထိုလျို့ဝှက်ချက်ကို ရွိုင့်စ် တစ်ဦးတည်းသာသိသည်။ ဗာဆာရှာပင် မသိချေ။
ယခုတွင် ရွိုင့်စ်က လျို့ဝှက်ရတနာ၏ သဲလွန်စများကို သိရှိပြီဖြစ်ကြောင်း ပြောသည်။ ဆိုလိုသည်မှာ ရွိုင့်စ်နှင့် ဗာဆာရှာတို့သည် ကိစ္စတစ်ခုခုကို ပြီးမြောက်သွား၍ ဖြစ်ပေသည်။ ထို့ကြောင့်ပင် ချန်လွေ့သည် တမင်တကာ လှောင်ပြောင် ပြုံးလိုက်ခြင်းဖြစ်သည်။
“ ဒီလျို့ဝှက်ရတနာကို လိပ်ပြာနီနယ်မြေရဲ့ တစ်နေရာမှာ မြှုပ်နှံထားတာပါ။ ဒါပေမဲ့ ပြဿနာက အဲဒါကို ကျုပ်ရဲ့ သွေးမျိုးဆက် လျို့ဝှက်ပညာနဲ့ ဖွင့်ဖို့ လိုအပ်တယ်။ အခုတော့ ကျုပ် သွားလို့မရသေးဘူး။ မိစ္ဆာသစ်သီးကို ဂျိုးဆက်ပ် ရပြီးသွားရင် ခဏလောက် ထွက်သွားပြီးတော့ တစ်ဆို့မှုကို ချိုးဖောက်ဖို့ အာရုံစိုက်နေမှာပဲ။ အဲဒီအချိန်ကျရင် လိပ်ပြာနီနယ်မြေဆီကို ကျုပ် အပြေးသွားပြီးတော့ သခင့်အတွက် လျို့ဝှက်ရတနာ သွားယူပေးမှာပါ။ ”
သူတို့သုံးယောက်စလုံးသည် ချန်လွေ့၏ အစေခံများ ဖြစ်ကြသည်။ ထို့ပြင် ရွိုင့်စ် စာချုပ်ချုပ်စဉ်က သူသည် လျို့ဝှက်ရတနာကို ပေးအပ်မည်ဟု ပြောခဲ့သည်။ ထို့ကြောင့် ချန်လွေ့က သူတော်ကောင်း ယောင်ဆောင်ကာ မငြင်းပယ်ဘဲ မေးလိုက်သည်။
“ အဲဒီလျို့ဝှက်ရတနာက ဘာများလဲ။ ဘာလို့ ခင်ဗျားရဲ့ဖခင်က အဲဒါကို လက်မလျှော့ချင်ရတာလဲ။ ”
“ အဲဒီလျို့ဝှက်ရတနာက မိစ္ဆာမျက်ရည်ပြာလို့ခေါ်တဲ့ လည်ဆွဲတစ်ခုပါ။ အဲဒါက အရိပ်လေပြေအင်ပါယာ ဘယ်ဖီဂေါ တော်ဝင်မိသားစုရဲ့ အရိပ်လေပြေ ဘွတ်ဖိနပ် ပြီးရင် ထိပ်သီးရတနာတစ်ခုပဲ။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက အရိပ်လေပြေ အင်ပါယာကို ထင်ယောင်မှားနတ်ဆိုး အင်ပါယာက ဖျက်ဆီးတော့ မိစ္ဆာမျက်ရည်ပြာ ပျောက်ဆုံးသွားခဲ့တယ်။ဒီလိုနဲ့ အလှည့်အပြောင်းတွေ ဖြစ်သွားပြီးတော့ ကျုပ်ရဲ့ ဖခင်လက်ထဲကို မတော်တဆ ရောက်လာခဲ့တယ်။ ”
မိစ္ဆာမျက်ရည်ပြာက အရိပ်လေပြည်ဘွတ်ဖိနပ်ပြီးရင် ဘယ်ဖီဂေါမိသားစုရဲ့ ထိပ်သီး ရတနာတစ်ခု ဖြစ်နေတာပဲ။ တစ်နည်းပြောရရင် ဒါက ရိုမန်ရဲ့ ပျင်းရိခြင်း မိသားစု ပျောက်ဆုံးသွားတဲ့ ရတနာပဲ။ ရိုမန်အကြောင်း ချန်လွေ့ တွေးမိသွားပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ ထင်ယောင်မှားနတ်ဆိုး အင်ပါယာကရော ဘာလဲ။ ”
“ ထင်ယောင်မှားနတ်ဆိုးအင်ပါယာကို လီဗျာသန် တော်ဝင်မိသားစုက ထင်ယောင်မှား နတ်ဆိုးဒိုင်း ဆိုတဲ့ အဆောင်ပစ္စည်းနာမည်ကို အစွဲပြုပြီးတော့ တည်ထောင်ခဲ့တာ။ နတ်ဆိုးဘုံက မူလအင်ပါယာ၇ခုကိုလည်း အဆောင်ပစ္စည်းနာမည် အစွဲပြုပြီးတော့ နာမည်ပေးထားတာပဲ။“ ကြယ်ကြွေတမန်ဓား ” နာမည်ကို အစွဲပြုပြီးတော့ ကြယ်ကြွေတမန် အင်ပါယာလို့ နာမည်ပေးသလိုပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀တုန်းက အရိပ်လေပြေအင်ပါယာကို လီဗျာသန် တော်ဝင်မိသားစုက သိမ်းပိုက်တော့ ဘယ်ဖီဂေါ မိသားစု ပျောက်ကွယ်သွားတယ်။ နောက်နှစ်ပေါင်း၃၀၀၀ ကြာတော့ ထင်ယောင်မှား နတ်ဆိုးအင်ပါယာကို သွေးရောင်အင်ပါယာက ထပ်ပြီးသိမ်းပိုက်ခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာတော့ တော်ဝင်မိသားစု ၇ စုရဲ့ ဘိုးဘေးတွေ တည်ထောင်ခဲ့တဲ့ အင်ပါယာ၇ခုမှာ ၃ခုပဲ ကျန်တော့တယ်။ ”
လီဗျာသန်နဲ့ ဘယ်ဖီဂေါ တော်ဝင်မိသားစုမှာ ဒီလိုမျိုး မကျေနပ်ချက်တွေ ရှိခဲ့တာကိုး။ ဒေလီယာနှင့် ရိုမန်တို့ကို ချန်လွေ့ ရုတ်တရက် တွေးမိလိုက်သည်။ သူတို့သည် ပြိုက်ဘက် တော်ဝင်မိသားစုများမှ မွေးဖွားလာခဲ့ကြပြီး အမှန်တကယ်ပင် ချစ်သူများ ဖြစ်သွားကြသည်။ သို့သော်လည်း အင်ပါယာနှစ်ခု၏ မကျေနပ်ချက်များမှာ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဖြစ်သည်။ ယခုတွင် အရာအားလုံးပြီးဆုံးသွားပြီဖြစ်ရာ ဂရုစိုက်စရာ မလိုတော့ပေ။
တော်ဝင်မိသားစု၇စု၏ အဆောင်ပစ္စည်းများအကြောင်းကို ချန်လွေ့ သိချင်နေသည်။ ယခု သူသိသော အဆောင်ပစ္စည်းများမှာ လူစီဖာ တော်ဝင်မိသားစု၏ ကြယ်ကြွေတမန်ဓား၊ အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ အရိပ်နက်ဝတ်ရုံ၊ လီဗျာသန် တော်ဝင်မိသားစု၏ ထင်ယောင်မှား နတ်ဆိုးဒိုင်း၊ ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးနှင့် ဘယ်ဖီဂေါ တော်ဝင်မိသားစု၏ အရိပ်လေပြေ ဘွတ်ဖိနပ်တို့ ဖြစ်ကြသည်။ အခြားအဆောင်ပစ္စည်း နှစ်မျိုးကို ပေါင်းစည်းလိုက်လျှင် အဆင်တန်ဆာတစ်စုံဟူ၍ပင် ထင်ရသည်။
ချန်လွေ့က အခြားတော်ဝင်မိသားစုနှစ်စု၏ အဆောင်ပစ္စည်းများအကြောင်းမေးရန် ပြင်လိုက်စဉ် ရွိုင့်စ်သည် လျို့ဝှက်ရတနာအကြောင်း ဆက်ပြောနေသည်ကို ကြားလိုက်သည်။
“ ဒီလျို့ဝှက်ရတနာက တော်တော်လေး မှော်ဆန်တယ်။ အဲဒါက စိတ်ဝိညာဉ်ကို အချိန်တိုအတွင်း တိုးမြှင့်နိုင်တယ်။ ခန္ဓာကိုယ်ရဲ့ အငွေ့အသက်တွေကို ဖုံးကွယ် နိုင်ပြီးတော့ အခြားသူတွေ ကိုယ့်ရဲ့စွမ်းအားအစစ်အမှန်ကို မမြင်နိုင်အောင် လုပ်နိုင်တယ်။ ဒါတွေက သာမန် လုပ်ဆောင်ချက်တွေပဲ ရှိပါသေးတယ်..... ”
“ အဲဒါကို ဘယ်ဖီဂေါ တော်ဝင်မိသားစုရဲ့သွေးနဲ့ အသက်သွင်းလိုက်မယ်ဆိုရင် ပိုကြမ်းတဲ့ အစွမ်းတွေကို ထုတ်နိုင်တယ်။ အဲဒါကို အသက်သွင်းလိုက်မယ်ဆိုရင် ဘယ်ဖီဂေါ တော်ဝင်မိသားစုရဲ့ သွေးမျိုးဆက်ပါရမီ [ မိစ္ဆာမျက်လုံး ] ကို တိုးမြင့်စေတယ်။ [ မိစ္ဆာမျက်လုံး ] ကို အမှီပြုပြီးတော့ သာမန်နတ်ဆိုးတွေရဲ့ သန္ဓေပြောင်းလဲခြင်းကို တွန်းအားပေးနိုင်တယ်။ ဒါပေမဲ့ ဒီသန္ဓေပြောင်းလဲခြင်းမှာ ဘေးထွက်ဆိုးကျိုး အကြီးအကျယ်ရှိတယ်။ သက်တမ်းကို အကြီးအကျယ် လျှော့စေတယ်။ ပြီးတော့လည်း မိစ္ဆာသစ်သီးလောက် အစွမ်းမထက်ဘူး။ အဲဒါက မျိုးဆက်သစ်တွေကို အဓိက အကျိုးရှိစေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သွေးမျိုးဆက် အစွမ်းကို ပြောင်းလဲစေနိုင်တဲ့ ဒီလျို့ဝှက်ရတနာက တော်ဝင်မိသားစုမဟုတ်တဲ့ နတ်ဆိုးတွေကို အကြီးအကျယ် ဆွဲဆောင်နိုင်တယ်.... ”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။
“ ဒီတော့ မိစ္ဆာမျက်ရည်ပြာမှာ ဒီလိုအစွမ်းမျိုး ရှိတာပေါ့။ဒါနဲ့....ခင်ဗျားရဲ့ မိစ္ဆာသစ်သီးရော။ ခင်ဗျားရဲ့အစွမ်း ဘာလို့ မတက်လာတာလဲ။ ”
ရိုင့်စ် ကြက်သေသေသွားသည်။ ထိုစဉ်က အရတ်စ်ကို မိစ္ဆာသစ်သီးပေးခဲ့ကြောင်း ချန်လွေ့ မှတ်မိသည်။ ထို့နောက် အနည်းငယ် စိုးရိမ်နေသော ဗာဆာရှာကို ကြည့်ပြီး ချန်လွေ့ ပြုံးလိုက်သည်။
“ ခင်ဗျားကို သူ့ကို ပေးလိုက်တာ ထင်တယ်။ ”
“ တောင်းပန်ပါတယ်။သခင့်ဆီကနေ ခွင့်မတောင်းလိုက်မိဘူး။ ”
ရွိုင့်စ် ပြောပြီးသည့်အခါ ချန်လွေ့လက်ထဲ၌ နောက်ထပ် မိစ္ဆာသစ်သီးတစ်လုံး တွေ့လိုက်ရသည်။
“ ဒါကိုယူပြီး စားလိုက်။ဘယ်သူ့ကိုမှ မပေးနဲ့တော့။ ”
ချန်လွေ့ ရယ်လိုက်သည်။
“ ကံမကောင်းတာကတော့ ပါ့ဂ်လီအိုရဲ့ခေါင်းပေါ်ကဂျိုတစ်ချောင်း ပြောင်တော့မယ်။သူ ထပ်ပြီးတော့ ကျောက်စိမ်းပုလဲတွေကို မထုတ်ပေးနိုင်တော့ဘူး။မဟုတ်ရင် ကျုပ် ခင်ဗျားတို့ကို အဲဒါတွေ ပေးမှာ။ ”
ရွိုင့်စ် စိတ်လှုပ်ရှားသွားသည်။ဒါက အလေ့ကျပေါက်တဲ့ သစ်သီးမဟုတ်ဘူး။စစ်မက်တွေ ဖြစ်စေနိုင်တဲ့ ရှားပါးရတနာတစ်မျိုးပဲ။သခင်မှာ သစ်သီးတွေ အများကြီး ရှိနိုင်ပေမဲ့ ဒီသစ်သီးရဲ့ ရင့်မှည့်ချိန်နဲ့ အသီးနှုန်းကို လူတိုင်းသိတယ်။ဖန်ကျောက်နှလုံးသားနဲ့ ဗာဆာရှာအတွက် သခင်က မိစ္ဆာသစ်သီးတစ်လုံးနဲ့ လဲလှယ်ပြီးသွားပြီ။ဒါပေမဲ့ သူငါ့ကို နောက်ထပ်တစ်လုံး ပေးသေးတယ်။ပြီးတော့လည်း ဒါက ဒုတိယမြောက် သစ်သီးပဲ။
ထို့ပြင် အရေးကြီးဆုံးမှာ ချန်လွေ့က ဗာဆာရှာ၏ ခန္ဓာကိုယ်နှင့် နှလုံးသားကို သူ့ထံ ယူဆောင်လာပေးခြင်းပင် ဖြစ်သည်။ သစ္စာရှိရှိ နောက်လိုက်ပြီး စိတ်ပါလက်ပါ အားထုတ်ရုံမှလွဲ၍ ချန်လွေ့၏ ကျေးဇူးကို မည်ကဲ့သို့ ဆပ်ရမည်ဖြစ်ကြောင်း ရွိုင့်စ် မစဉ်းစားတတ်တော့ပေ။
အရတ်စ်နှင့် ဗာဆာရှာတို့လည်း ထိုကဲ့သို့ပင် ခံစားရသည်။
ရွိုင့်စ်ကို စိတ်လှုပ်ရှားနေသော မျက်နှာကိုကြည့်ပြီး ချန်လွေ့ ပြောလိုက်သည်။
“ ဒါပဲ။စိတ်ကူးမယဉ်နေနဲ့တော့။မှော်ကုန်ကြမ်း နမူနာတွေ မြန်မြန်သွားယူခဲ့။ အရေးတကြီး လိုတယ်။ပြီးတော့လည်း မိစ္ဆာမျက်ရည်ပြာအတွက်ကတော့ ဂျိုးဆက်ပ် ထွက်သွားတာနဲ့ချက်ချင်း လိပ်ပြာနီနယ်မြေဆီကို သွား။ အဲဒီပစ္စည်းက ကျုပ်အတွက် အသုံးဝင်နိုင်တယ်။ ”
မိစ္ဆာမျက်ရည်ပြာ၏ အကြီးမားဆုံးအစွမ်းမှာ [ မိစ္ဆာမျက်လုံး ] ကို တိုးမြှင့်ပေးခြင်းဖြစ်ပြီး အသက်သွင်းရန် ဘယ်ဖီဂေါ တော်ဝင်မိသားစု၏သွေး လိုအပ်သည်။ချန်လွေ့တွေ [ ရုပ်ဖျက်ခြင်း ] ရှိသည့်အတွက် ထိုအစွမ်းကို အသုံးချစရာနေရာမရှိပေ။ ထို့ပြင် အငွေ့အသက်ဖုံးကွယ်ခြင်းကလည်း အသုံးမဝင်ပေ။ ချန်လွေ့ အလိုအပ်ဆုံးမှာ စိတ်ဝိညာဉ်ကို တိုးမြှင့်ပေးခြင်း ဖြစ်သည်။ အကြောင်းရင်းမှာ [ အထူးစိစစ်မှု ] သည် စိတ်ဝိညာဉ် အလိုအပ်ဆုံး ဖြစ်သောကြောင့်ပင် ဖြစ်သည်။မိစ္ဆာမျက်ရည်ပြာနှင့်ဆိုလျှင် “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” ဖော်ထုတ်ခြင်း သိသိသာသာ တိုးတက်သွားလိမ့်မည်ဟု ချန်လွေ့ ယုံကြည်နေသည်။
ထိုစကားကို ကြားပြီးနောက် ရွိုင့်စ် ချက်ချင်း ထွက်သွားပြီး ခဏအကြာတွင် မှော်ကုန်ကြမ်း နမူနာများ ပါဝင်သည့် သိုလှောင်လက်ပတ်တစ်ခု ယူလာသည်။ ထိုကုန်ကြမ်းများမှာ အမှန်တကယ် အရည်အသွေး မြင့်မားလှသည်။ အတော်များများကို အရှိန်အဝါအဖြစ် ကူးပြောင်း၍ရသည်။ ချန်လွေ့လည်း စာရင်းတစ်ခု လုပ်ပြီး မဆိုင်သည့် ပစ္စည်းအချို့ထပ်ထည့်ကာ ရွိုင့်စ်အား ဂျိုးဆက်ပ်ကို ဆက်သွယ်ရန် ပြောလိုက်သည်။
“ အက်ဂ်ယော ” တောင်းဆိုသည့် ပစ္စည်းအရေအတွက်ကို မြင်လိုက်ရာ ဂျိုးဆက်ပ် အံ့အားသင့်သွားသည်။ သို့သော်လည်း မိစ္ဆာသစ်သီးသည် သူ့အတွက် အလွန်အရေးကြီးနေသည်။ ယခုတွင် အက်ဂ်ယော အကူအညီတောင်းနေသည်ဖြစ်၍ ဂျိုးဆက်ပ် ဖြည့်ဆည်းပေးရပေမည်။ ထို့ကြောင့် ဂျိုးဆက်ပ်သည် ရွိုင့်စ်အား တောင်းဆိုသည့်အတိုင်း လုပ်ပေးရန် ပြောလိုက်သည်။
ရွိုင့်စ်က ကုန်ကြမ်းများကို သူ အတော်လေးလျှော့ချနိုင်ခဲ့သည်ဟု တမင်ပြောခဲ့သည်။ ဂျိုးဆက်ပ်သည် ၎င်းကို သံသယမဖြစ်ဘဲ ရွိုင့်စ်အား ချီးကျူးသည်။ သို့သော်လည်း ထိုကုန်ကြမ်းများမှာ ကူးပြောင်း၍မရသော ပစ္စည်းများသာဖြစ်ကြောင်းကို ဂျိုးဆက်ပ် မသိခဲ့ပေ။
လုံခြုံရေး တင်းကြပ်နေသည့်အတွက် ချန်လွေ့သည် ပြိုင်ကွင်း မြေအောက်ခန်းရှိ လျို့ဝှက်ခန်း၌သာ လေ့ကျင့်နေခဲ့သည်။ စားရေးသောက်ရေးအတွက် ဗာဆာရှာက တာဝန်ယူပြီး သံသယမဖြစ်စေရန်အတွက် အရတ်စ်က ပြိုင်ကွင်းအား ပုံမှန်လည်ပတ်နေသည်။
နောက်ထပ်၂ရက် ကုန်ဆုံးသွားလေပြီ။ ဂျိုးဆက်ပ် ပြန်ရောက်ပြီဖြစ်ကြောင်း ဗာဆာရှာက ချန်လွေ့အား သတင်းပို့လိုက်သည်။ ဂျိုးဆက်ပ်သည် အက်ဂ်ယောအား သတ်မှတ်ထားသောနေရာ၌ တွေ့ဆုံကြရန် ပြောသည်။
ချန်လွေ့ ခဏစဉ်းစားပြီး ဗာဆာရှာအား ပြိုင်ကွင်း၌ ချန်ထားကာ သဘောတူထားသော မြောက်ပိုင်းဆင်ခြေဖုံးဆီသို့ သွားသည်။ ဗာဆာရှာနှင့် ရွိုင့်စ်တို့ အတူတူပြန်နေရသည့် အတွက်ကြောင့် ဗာဆာရှာ၏ စိတ်ဝိညာဉ်အဆင့် အတော်လေး ပြောင်းလဲသွားသည်။ ထို့ပြင် မိစ္ဆာသစ်သီးစားပြီးနောက် သူ၏အစွမ်း ကြီးကြီးမားမား တိုးတက်သွားသည်။ ဂျိုးဆက်ပ်၏ ဉာဏ်ပညာနှင့်ဆိုလျှင် သူသတိပြုမိသွားပေမည်။ ထို့ကြောင့် ရွိုင့်စ်သည် ထိုအချိန်က မိစ္ဆာသစ်သီး မစားဘဲ သတိထားနေခဲ့ခြင်း ဖြစ်သည်။
တောင်မဲ မြောက်ပိုင်း၌ ဂျိုးဆက်ပ်သည် တစ်စုံတစ်ယောက်ကို ခေါ်ထားပြီး “အက်ဂ်ယော” ရောက်လာမည်ကို စောင့်ဆိုင်းနေကြသည်။
ထိုလူသည် အသက်ကြီးကြီး ဆံပင်ဖြူဖြူနှင့် မုတ်ဆိတ်ရှိပြီး ခန္ဓာကိုယ် ပိန်ပါးသည်။ သူ၏လက်ထဲ၌ တောင်ဝှေးတစ်ချောင်း ကိုင်ထားသည်။ သူသည် အသက်ရနေပြီဖြစ်သော လူအိုကြီးတစ်ယောက်နှင့် တူသည်။ သို့သော်လည်း လိပ်ပြာနီနယ်မြေ၌ လိပ်ပြာနီ အရှင်နှင့် လူနည်းစုအချို့မှလွဲ၍ ဖလန်ဒီ ဟုခေါ်သော ထိုအဘိုးကြီးကို မရိုမသေ မလုပ်ရဲပေ။
ဖလန်ဒီသည် ဂျိုးဆက်ပ်၏ အကြီးမားဆုံး ထောက်ခံသူ ဖြစ်သည်။ သူသည် လိပ်ပြာနီ နယ်မြေရှိ အကြီးအကဲ တစ်ယောက်ဖြစ်ပြီး နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း တစ်ယောက်ဖြစ်သည်။ သူ့တွင် တမူထူးခြားသော သရုပ်တစ်မျိုးလည်းရှိသည်။၎င်းမှာ လီဗျာသန် တော်ဝင်မိသားစု၊ ဖလန်ဒီ လီဗျာသန်ပင် ဖြစ်လေသည်။
ထင်ယောင်မှား နတ်ဆိုးအင်ပါယာသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖျက်ဆီးခံခဲ့ရသည်။ လီဗျာသန် တော်ဝင်မိသားစု ပြိုကွဲသွားသည်မှာ ကြာခဲ့လေပြီ။ လွန်ခဲ့သော နှစ်၃၀၀ခန့် ဖလန်ဒီ သေခါနီးအချိန်၌ လိပ်ပြာနီနယ်မြေအရှင် ဂျို့ရှ်က ကယ်တင်ခဲ့သည်။ အပြန်အလှန်အနေနှင့် ဖလန်ဒီသည် ဂျို့ရှ်အား ကူညီပေးခဲ့သည်။ ယေဘုယျအားဖြင့်ပြောရလျှင် တော်ဝင်မိသားစုများသည် ဂုဏ်သိက္ခာ၊မာန ရှိကြသည်။ မိသားစု သေရေးရှင်ရေးအခြေအနေသို့ ရောက်နေလျှင်ပင် အခြားတော်ဝင်မိသားစု နောက်သို့သာ လိုက်ရန် ရွေးချယ်ကြသည်။ထို့ကြောင့် သာမန်မိသားစု နောက်လိုက်သော အခြေအနေမှာ ရှားပါးသည်။
ဂျို့ရ်ှသည် ဖလန်ဒီအား တလေးတစား ဆက်ဆံသည်။ထို့ကြောင့် ဖလန်ဒီသည် လိပ်ပြာနီနယ်မြေ၌ အကြီးအကဲရာထူးရပြီး ဧည့်သည်တော် တစ်ယောက်အနေဖြင့် ဆက်ဆံခံရသည်။လိပ်ပြာနီနယ်မြေသို့ ဖလန်ဒီ ရောက်လာစဉ်က ဂျိုးဆက်ပ်သည် အသက်၁၀နှစ် ဝန်းကျင်သာ ရှိသည်။သို့သော်လည်း ထိုအချိန်ကပင် ဂျိုးဆက်ပ်သည် လျို့ဝှက်ကြံစည်နေပြီ ဖြစ်သည်။ဂျိုးဆက်ပ်သည် ဖလန်ဒီအား တမင်တကာ ကျေနပ်စေပြီး ထောက်ခံမှု ရရှိအောင် လုပ်သည်။ ထို့နောက် ခါနီတာ အရွယ်ရောက်လာပြီး ဆက်ခံသူနေရာအတွက် ဂျိုးဆက်ပ်နှင့် ယှဉ်ပြိုင်သည့်အခါ ဖလန်ဒီသည် ဂျိုးဆက်ပ်ဘက်၌ ချက်ချင်းရပ်တည်ခဲ့သည်။ဖလန်ဒီသည် ဂျိုးဆက်ပ်အတွက် အခိုင်မာဆုံး နောက်ခံဖြစ်လာသည်။
မိစ္ဆာသစ်သီးသည် ဂျိုးဆက်ပ်အတွက် အလွန်အရေးကြီးသည်။ထို့ကြောင့် ဂျိုးဆက်ပ်သည် လိပ်ပြာနီနယ်မြေသို့ ပြန်သွားခဲ့စဉ်က ဖလန်ဒီအား အတူတူ လိုက်လာရန် ဖိတ်ကြားခဲ့သည်။ အကြောင်းရင်းတစ်ခုမှာ အပြောင်းအလဲများကို ရှောင်ရှားရန်နှင့် အခြားအကြောင်းရင်းမှာ ထိုဘယ်ဇီဘတ် ဆက်ခံသူ၏ သရုပ်မှန်ကို ထပ်မံ အတည်ပြုရန်ဖြစ်သည်။ အက်ဂ်ယောနှင့် ပူးပေါင်းခြင်းသည် အလွန် အရေးကြီး လှသောကြောင့် ဂျိုးဆက်ပ်သည် မည်သည်ကိုမျှ မစွန့်စားရဲပေ။
သူတို့ အတော်လေး စောင့်ဆိုင်းပြီးသော်လည်း အက်ဂ်ယောကို မမြင်ရေသေးချေ။ ဂျိုးဆက်ပ် မျက်မှောင် ကြုပ်နေစဉ် ဖလန်ဒီသည် ကောင်းကင်ကို ရုတ်တရက် သတိဖြင့် ကြည့်လိုက်သည်။ ကောင်းကင်ထဲတွင် အမည်းစက်တစ်စက် တဖြည်းဖြည်း ကြီးလာသည်ကို သူမြင်လိုက်ရသည်။
ဂျိုးဆက်ပ်လည်း မြင်လိုက်သည်။ ၎င်းမှာ ဝိုင်ဗန်တစ်ကောင်ဖြစ်သည်။ ၎င်းသည် သူတို့နှစ်ယောက်ကို မြင်ပြီး ရှူးရှူးရှဲရှဲ အသံပြုကာ အလျင်အမြန် ပျံသန်းလာသည်။
ဝိုင်ဗန်၏ကျောပေါ်တွင် လူတစ်ယောက် ရှိနေသည်။ ထိုသူသည် ဝတ်ရုံဝတ်ထားပြီး မျက်နှာဖုံးတပ်ထားသည်။ ၎င်းမှာ အက်ဂ်ယောပင် ဖြစ်သည်။
ဝိုင်ဗန် အလျင်အမြန် ဆင်းသက်လိုက်သည်။ ထိုဝိုင်ဗန်တွင် ကုန်းနှီးမရှိပေ။ ထို့ကြောင့် အက်ဂ်ယော၏ သားရဲထိန်းကျောင်းအစွမ်သည် ထူးကဲရပေမည်။ သို့သော်လည်း ဂျိုးဆက်ပ်နှင့် ဖလန်ဒီတို့ အအံ့ဩဆုံးမှာ ထိုဝိုင်ဗန်၏အစွမ်း ဖြစ်သည်။
နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း။
နတ်ဆိုးဘုရင်အဆင့်မှာ အစွမ်းထက်ဆုံး ဝိုင်ဗန်ပဲ။ ဘယ် ဝိုင်ဗန်အသိုက်မှာပဲထားထား ဒီသန္ဓေပြောင်း ဝိုင်ဗန်က ဗိုလ်ဖြစ်နေမှာပဲ။ မမျှော်လင့်ထားတာကတော့ ဒီဝိုင်ဗန်က တကယ်ကြီး အက်ယောရဲ့ စီးစရာ ဖြစ်နေတယ်။
နတ်ဆိုးသားရဲများသည် အဆင့်တူ သာမန်နတ်ဆိုးများထက် ပို၍အစွမ်းထက်ကြသည်။ ဖလန်ဒီသည် တော်ဝင်မိသားစုဝင် ဖြစ်ခဲ့သော်လည်း ထိုဝိုင်ဗန်ကို အနိုင်ရရန် ယုံကြည်ချက် သိပ်မရှိပေ။
အက်ဂ်ယော၏ ကိုယ်ပိုင်အစွမ်းသည် နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း မရောက်သေးသည်မှာ သေချာသည်။ ဤကဲ့သို့ အစွမ်းထက် နတ်ဆိုးသားရဲမျိုးကို စီးနိုင်ခြင်းသည် သူ၏ နတ်ဆိုးထိန်းကျောင်း စွမ်းရည်ကြောင့် မဖြစ်နိုင်ပေ။ထို ဝိုင်ဗန်ကို ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ အခြားအစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်က ယဉ်အောင်ပြုလုပ်ပြီး အက်ဂ်ယောအား ပေးလိုက်ခြင်း ဖြစ်ရပေမည်။
ချန်လွေ့သည် ဝိုင်ဗန်ပေါ်မှ ခုန်ချပြီး နောက်ဘက်ကို လက်ညှိုးထိုးလိုက်သည်။ ဝိုင်ဗန်လည်း ခေါင်းညိတ်ပြီး နောက်ဆုတ်သွားသည်။ ထိုအပြုအမူသည် ဂျိုးဆက်ပ်အား ရုတ်တရက် လန့်သွားစေသည်။ အကြောင်းရင်းမှာ ထိုသားရဲထိန်းကျောင်းစွမ်းရည်သည် သူ့အတွက် အနည်းဆုံး ဆယ်ဆသာသည့်အတွက်ကြောင့် ဖြစ်သည်။