ဒြပ်စင်နှလုံးသား။ဘုရင်၏နောက်ဆုံးအပ်နှင်းခြင်း
Vol. 13 Ch. 183
ချန်လွေ့သည် တစ်နေ့လုံး တစ်ညလုံး အရှိန်ပြင်းစွာ ပျံသန်းသွားပြီး နောက်ဆုံး၌ ရှီလန်တောင်သို့ ရောက်ရှိသွားသည်။ထိုအချိန်၌ ကြယ်တာရာကူးပြောင်းခြင်း တိုးတက်နှုန်းသည် ၆% ရှိနေပြီ ဖြစ်သည်။လမ်းပေါ်၌ လေ့ကျင့်ရေးကွင်းထဲဝင်ရန် ချန်လွေ့တွင် အချိန်မရှိပေ။လသာသည့်ညတိုင်း ထိုမသက်မသာ ခံစားချက်သည် ပိုပို၍ သိသာလာသည်။သို့သော်လည်း သူ၏ပြန်လာချင်စိတ်နှင့်ယှဉ်လိုက်သည့်အခါ ၎င်းတို့အားလုံး အသေးအဖွဲ ဖြစ်သွားကြသည်။
ချန်လွေ့သည် ဝိုင်ဗန်အား တောင်တန်းထဲရှိ ၎င်း၏အပေါင်းအဖော်များနှင့် သွားဆုံရန် ပြောလိုက်သည်။သူသည် သူခိုးဓားပြများကို ရှောင်ရှားပြီး အဓိကတွင်းထဲသို့ ဝင်ရမည် ဖြစ်သည်။မှော်သံလိုက်အိမ်မြှောင်၏ အကူအညီနှင့်အတူ ချန်လွေ့သည် အောက်လွှာ၏ဝင်ပေါက်ကို အလျင်အမြန် တွေ့ရှိသွားသည်။ထို့နောက် မြေဒြပ်စင်ဘုရင်ဖျက်ဆီးထားသော မှော်အစီအရင်ကို ဖြတ်သန်းကာ ရင်းနှီးပြီးသား မြေအောက်လောကသို့ ဝင်ရောက်သွားတော့သည်။
ပြိဿ သားရဲတွင်းရှိ မြေနန်းတော်ကို မြေဒြပ်စင်ဘုရင်က မူလနေရာသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးပြီ ဖြစ်သည်။ဘုရင့်ခန်းမဆောင်၌ မြေဒြပ်စင်ဘုရင်သည် မျက်လုံးမှိတ်ကာ ထိုင်နေသည်။သူသည် စင်မြင့်ပေါ်ရှိ အသီနာအား မြေစွမ်းအားအသုံးပြုကာ အဆက်မပြတ် ထောက်ပံ့ပေးနေ၏။
ထိုအချိန်တွင် ဘုရင့်ခန်းမဆောင်ထဲသို့ ထော့ခ် ရောက်ရှိလာပြီး သတင်းပို့သည်။
“ အရှင်မင်းကြီး။ကျွန်တော်တို့ရဲ့ လူသားမိတ်ဆွေ ချန်လွေ့က ပထဝီဘုံကို ရောက်လာပါပြီ။သူက အခု မြေနန်းတော်အပြင်ဘက်မှာ ရှိနေပြီးတော့ အရှင်မင်းကြီးကို တွေ့ခွင့်တောင်းနေပါတယ်။ ”
မြေဒြပ်စင်ဘုရင်၏မျက်လုံးများ ပွင့်သွားသည်။
“ သူ့ကိုမြန်မြန် ဝင်လာခိုင်းလိုက်။ ”
ချန်လွေ့သည် မြေနန်းတော်ထဲသို့ ဝင်သွားပြီး မြေဒြပ်စင်ဘုရင်အား လက်ကိုကြက်ခြေခတ်ပြုကာ အရိုအသေပေးလိုက်သည်။
“ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။အရှင်မင်းကြီး။ ”
အသီနာသည် စင်မြင့်ပေါ်၌ ငြိမ်ငြိမ်သက်သက် အိပ်စက်နေလေသည်။ထိုကဲ့သို့ ငြိမ်းချမ်းပြီး လှပေသာ မျက်နှာကိုကြည့်ရင်း ချန်လွေ့၏နှလုံးသား ပို၍ပင် အေးချမ်းသွားသည်။
“ ချန်လွေ့။ဘာမှအားနာစရာမလိုပါဘူး။မိတ်ဆွေတစ်ယောက် လာလည်တာကို နှောင့်ယှက်တာလို့ သတ်မှတ်လို့မရပါဘူး။ ”
အသီနာအား ချန်လွေ့စိုက်ကြည့်နေသည်ကို မြေဒြပ်စင်ဘုရင်မြင်သွားပြီး ရယ်လိုက်သည်။
“ စိတ်အေးအေးထားပါ။အသီနာက အခြေအနေ ကောင်းပါတယ်။မင်းအခု ပြန်လာတယ်ဆိုတော့ ဖန်ကျောက်နှလုံးသား ဘယ်မှာရှိလဲဆိုတာကို သိသွားပြီလား။ ”
“ အင်း။ ”
ချန်လွေ့သည် သိုလှောင်ခန်းထဲမှ ဖန်ကျောက်နှလုံးသားကို ထုတ်လိုက်သည်။
“ ကျုပ်ဒါကို ရန်သူတစ်ယောက်ဆီကနေ တိုက်တိုက်ဆိုင်ဆိုင်ပဲ လှည့်စားပြီးရလာတာ။ကံမကောင်းတာကတော့ ဓမ္မတေးသစ်သီး ဘယ်မှာရှိလဲဆိုတာကိုတော့ မသိရသေးဘူး။ဒါပေမဲ့ အရှင်မင်းကြီး စိတ်ချပါ။ဓမ္မတေးသစ်သီးကို ကျုပ်အမြန်ဆုံးရှာပြီးတော့ ကတိပေးထားတဲ့အတိုင်း ဒြပ်စင်နှလုံးသားကို လုံးဝပြင်ဆင်ပေးမှာပါ။ ”
“ မြေဒြပ်စင်ကောင်တွေက မိတ်ဆွေတွေကို ဘယ်တော့မှ သံသယမဝင်ပါဘူး။ပြီးတော့လည်း မင်းပေးထားတဲ့ သန့်စင်ပြီး မှော်မှုန်တွေနဲ့ မှော်သစ်သီးတွေလည်း ရှိသေးတယ်။အဲဒါနဲ့ဆို ငါက နောက်ထပ် ဆယ်နှစ်ကျော်အထိ အသက်ရှင်နိုင်သေးတယ်။ ”
မြေဒြပ်စင်ဘုရင်က ဖန်ကျောက်နှလုံးသားကို ယူလိုက်သည်။သူ၏လက်ထဲ၌ ဖန်ကျောက်နှလုံးသားသည် အရောင်များ လင်းလက်လာတော့သည်။ထို့နောက် သလင်းကျောက်အခွံ အရည်ပျော်သွားပြီး နွေးထွေးပြီး မလောင်ကျွမ်းသော မီးတောက်အဖြစ် ပြောင်းလဲသွားကာ ကျောက်စင်မြင့်ပေါ်ရှိ အသီနာထံသို့ ရောက်သွားတော့သည်။
အသီနာ တစ်ကိုယ်လုံး မီးတောက်များ လွှမ်းခြုံခံလိုက်ရသော်လည်း ဘာမျှထိခိုက်မှုမရှိပေ။သူသည် မီးတောက်၏စွမ်းအားကို စုပ်ယူနေပုံရသည်။တဖြည်းဖြည်းနှင့် အသီနာသည် မီးတောက်အားလုံးကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီးသွားပြီး ခန္ဓာကိုယ်အရေပြားမှာ အနီရောင်တောက်ပလာလေသည်။
မြေဒြပ်စင်ဘုရင်က မြေစွမ်းအားကို ရုပ်သိမ်းပြီး ပြောသည်။
“ ဖန်ကျောက်နှလုံးသားက တော်တော်လေး အစွမ်းထက်တယ်။သူ့ကို ငါအခု ထောက်ပံ့ပေးစရာ မလိုတော့ဘူး။နောက်၁၀ရက်ကြာရင် အသီနာ အသွင်ပြောင်းတာ ပြီးမြောက်သွားပြီးတော့ အန္တရာယ်ကင်းကင်းနဲ့ နိုးလာလိမ့်မယ်။ ”
နောက်၁၀ရက်နေရင် အသီနာကို ငါတွေ့ရတော့မယ်။ ချန်လွေ့ အလွန်ပျော်ရွှင်သွားပြီး မြေဒြပ်စင်ဘုရင်အား အလျင်အမြန် ကျေးဇူးတင်လိုက်သည်။မြေဒြပ်စင်ဘုရင်၏မျက်လုံးများသည် အရောင်တောက်နေပြီး ချန်လွေ့၏မျက်နှာပေါ်ရှိ အပြည့်အဝ ပြင်ဆင်ထားပြီးသော မျက်နှာဖုံး စစ်ဆေးကြည့်နေဟန်တူသည်။
“ မိတ်ဆွေ။အသီနာကတော့ အခု ပြဿနာမရှိတော့ဘူး။ဒါပေမဲ့ မင်းရဲ့ပြဿနာက....။မင်း သတိထားမိလားတော့မသိဘူး။ ”
ချန်လွေ့ ကြက်သေသေသွားသည်။ဂလော်ဖင်း၏ ဝိညာဉ်ကို ဝါးမျိုပြီးနောက် နတ်ဆိုးအရှင်သခင်တစ်ယောက်၏ အသိစိတ်သည် ဤမျှလောက် မရိုးရှင်းကြောင်း မြေဒြပ်စင်ဘုရင် သတိပေးခဲ့ဖူးသည်။ထိုအချိန်၌ ချန်လွေ့သည် အသီနာအတွက်သာ စိုးရိမ်နေသောကြောင့် ၎င်းကို အာရုံမထားမိခဲ့ပေ။ယခု မြေဒြပ်စင်ဘုရင် ပြန်ပြောသည့်အခါ ချန်လွေ့ ရုတ်တရက် သဘောပေါက်သွားတော့၏။
“ အရှင်မင်းကြီး။ကျုပ်လည်း အရှင့်ကို မေးတော့မလို့ပဲ။အမှောင်လမြို့ဆီကို ကျုပ်ပြန်သွားတော့ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးက တိုက်တိုက်ဆိုင်ဆိုင်ဘဲ ပြန်ပြည့်စုံသွားပြီးတော့ တော်တော်လေး အစွမ်းထက်တဲ့ အားတစ်ခုကို ထုတ်လွှတ်ခဲ့တယ်။ကျုပ်ရဲ့အသိစိတ် ပြိုလဲတော့မယ့်အချိန်မှာ ဝါးမျိုခြင်းစွမ်းရည်ကို ပြန်ထုတ်ပြီးတော့ အဆောင်ပစ္စည်းရဲ့စွမ်းအားကို ဝါးမျိုခဲ့ရတယ်။ ”
မြေဒြပ်စင်ဘုရင်၏ လေသံတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
“ မင်းက အဆောင်ပစ္စည်းရဲ့စွမ်းအားကိုပါ ဝါးမျိုလိုက်တယ်။ ”
မြေဒြပ်စင်ဘုရင်၌ ဆက်ခံထားသည့် ကျယ်ပြောလှသော အသိပညာများရှိကြောင်း ချန်လွေ့သိသည်။ထို့ကြောင့် ကြယ်တာရာကူးပြောင်းခြင်းအကြောင်း အသေးစိတ်ကို ချက်ချင်း ပြောပြလိုက်သည်။ထို့ပြင် အဆိပ်နဂါး ပါ့ဂ်လီအို၏ အကြံပေးချက်ကိုလည်း ပြောပြသည်။
“ မင်းမှာ ချိပ်ပိတ်ခံထားရတဲ့ အစွမ်းထက်နဂါး အပေါင်းအဖော် ရှိနေတာကိုး။မင်းရဲ့ အန္တရာယ်ရှိတဲ့ အခြေအနေကို မင်းသိလောက်ပြီ ထင်ပါတယ်။ ”
မြေဒြပ်စင်ဘုရင် အနည်းငယ် အံ့အားသင့်သွားသည်။
“ အရင်တစ်ခေါက်တုန်းက ငါ့ရဲ့ဒြပ်စင်နှလုံးသားကို စတေးလိုက်တော့ ဂလော်ဖင်းရဲ့ဝိညာဉ် အကြီးအကျယ် ပျက်စီးသွားခဲ့တယ်။ပြီးတော့လည်း သူ့ရဲ့မျက်နှာဖုံးကို အသီနာက အတင်းချွတ်လိုက်တဲ့အတွက် သူ့ရဲ့ဝိညာဉ် အားနည်းသွားတယ်။အဲဒါကြောင့် သူ့ရဲ့ နတ်ဆိုးအရှင်သခင် အသိစိတ်ကို အစွမ်းအပြည့်အဝ မဟုတ်ခဲ့ဘူး။မင်းက မျက်နှာဖုံးကို ထိန်းချုပ်နိုင်သွားရင်တော့ အသိစိတ်ဆုံးရှုံးသွားတဲ့ ဂလော်ဖင်းရဲ့ဝိညာဉ်ကို အနိုင်ယူဖို့က မဖြစ်နိုင်တာ မဟုတ်တော့ဘူး။ ”
“ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကို ထိန်းချုပ်ဖို့အတွက် စိတ်စွမ်းအား တော်တော်လေး လိုအပ်တယ်။ကျုပ်ရဲ့ စိတ်စွမ်းအားက အဲဒါကို အဆင်ပြေပြေ သုံးနိုင်ဖို့အတွက် မလုံလောက်သေးဘူး။ကျုပ်မှာ လျို့ဝှက်ရတနာ သွားယူတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်။အဲဒါနဲ့ဆို အတိုင်းအတာတစ်ခုအထိ အကူအညီဖြစ်နိုင်တယ်။ဒါပေမဲ့ အခုတော့..... ”
ချန်လွေ့သည် ယခင်နေ့ရက်များ၌ [ အထူးစိစစ်မှု ] ကို စမ်းကြည့်ခဲ့သည်။“ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” ၏ ဖော်ထုတ်ခြင်းတိုးတက်နှုန်းသည် ၃%အထိ တိုးတက်သွားသည်။သို့သော်လည်း စိတ်စွမ်းအား အကန့်အသတ်ကြောင့် ချန်လွေ့သည် [ အထူးစိစစ်မှု ] ကို အဆက်မပြတ် အသုံးမပြုနိုင်ခဲ့ပေ။ပင်ပန်းနွမ်းနယ်သည့် ဘေးထွက်ဆိုးကျိုးများကို ရှောင်ရှားရန်အတွက် ချန်လွေ့သည် ၎င်းကို တစ်နေ့တစ်ကြိမ်သာ အသုံးပြု၍ရသည်။သို့မဟုတ်ပါက နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ ဖော်ထုတ်ခြင်းတိုးတက်နှုန်းသည် ကြယ်တာရာကူးပြောင်းခြင်း တိုးတက်နှုန်းထက် နှေးကွေးနေမည်ဖြစ်သည်။ထိုသို့ဆိုရင်လည်း အဆုံးသတ်သွားပေလိမ့်မည်။
မြေဒြပ်စင်ဘုရင်သည် အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။ထို့နောက် သူက အမိန့်တချို့ပေးပြီး ချန်လွေ့အား ထူးဆန်းသော မေးခွန်းတစ်ခု မေးလိုက်သည်။
“ မိတ်ဆွေ။မင်းကို လုံးဝယုံကြည်လို့ ရနိုင်လား။ ”
“ ရတာပေါ့။ကျုပ်လည်း မြေဒြပ်စင်ကောင်တွေကို လုံးဝယုံကြည်ပါတယ်။ ”
ချန်လွေ့သည် မြေဒြပ်စင်ဘုရင်၏ လမ်းညွှန်မှုအတွက် အလွန်ကျေးဇူးတင်ပြီး ဦးညွှတ်လိုက်သည်။မြေဒြပ်စင်ကောင်များသည် ရိုးရှင်းသော ဆက်ဆံရေးရှိကြသည်။ရန်သူကို မုန်းတီးပြီး မိတ်ဆွေများကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြသည်။ထို့ကြောင့် သူတို့သည် မိတ်ဆွေဖြစ်ထိုက်သော မျိုးနွယ်ဖြစ်သည်။ယခုတွင် ချန်လွေ့သည် ဖန်ကျောက်နှလုံးသားကို ရရှိခဲ့ပြီး အသီနာလည်း သိပ်မကြာခင် နိုးထလာတော့မည် ဖြစ်သည်။ နောက်တစ်ခု လုပ်ရမည်မှာ ဓမ္မတေးသစ်သီးကိုရှာပြီး မြေဒြပ်စင်ဘုရင်အား ပြန်လည်ကူညီရန်ပင် ဖြစ်လေသည်။
မြေဒြပ်စင်ဘုရင်က ခေါင်းညိတ်ပြီး ဆက်ပြောသည်။
“ ငါတို့ဒြပ်စင်ကောင်တွေက သဘာဝစွမ်းအားကို အသုံးပြုပြီးတော့ ဖြစ်တည်လာတဲ့ အသက်ဓာတ်ဆန္ဒတွေပဲ။ငါတို့ရဲ့စိန်ခေါ်ရတာက စိတ်စွမ်းအားပဲ။ဂလော်ဖင်းရဲ့ဝိညာဉ်က ငါ့ထက်သာပေမဲ့ အဆောင်ပစ္စည်းသာ မရှိဘူးဆိုရင် သူ့မှာ [ မြေမှော်ကျွမ်းကျင်မှု ] ပါရမီရှိရင်တောင် ငါ့ရဲ့အသိစိတ်ကို သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။ ”
ချန်လွေ့ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။မွေးဖွားပြီးချိန်ဖြစ်သောကြောင့် မြေဒြပ်စင်ဘုရင်သည် ဂလော်ဖင်းထက် အားနည်းနေခဲ့သည်။သို့သော်လည်း ဂလော်ဖင်းသည် အဆောင်ပစ္စည်း၏အကူအညီနှင့်အတူ မြေအောက်လောကကို ပျံ့နှံ့နေသည့် သူ၏ပိုင်နက်စွမ်းအား၊ အသက်ဓာတ်ရေစင်အား စုပ်ယူသည့် ထူးဆန်းသောစွမ်းအားများ ပေါင်းလိုက်သည့်အခါ၌ပင် မြေဒြပ်စင်ဘုရင်ကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ပေ။သူတို့နှစ်ယောက်ကြားတိုက်ပွဲသည် နှစ်၄၀၀ ကျော်လွန်သွားခဲ့သည်။နောက်ဆုံး၌ မြေဒြပ်စင်ဘုရင်သည် ၎င်း၏ဒြပ်စင်နှလုံးသားကို စတေးလိုက်နိုင်သည်။ထို့ကြောင့် မြေဒြပ်စင်ဘုရင်၏ စိတ်စွမ်းအားသည် အမှန်တကယ်ပင် ထူးခြားလှပေသည်။
စိတ်လေ့ကျင့်ရေးအတွက် မြေဒြပ်စင်ဘုရင်က အဓိကအချက်များကို ဆက်လက်ပြောပြသည်။ထိုအချိန်၌ လက်ရွေးစင် မြေဒြပ်စင်ကောင် နှစ်ယောက်ဖြစ်သော ထော့ခ်နှင့် ဆော့ခ်တို့နှင့်အတူ မြေဒြပ်စင်ကောင်တစ်သိုက်သည် မြေနန်းတော်ဆီသို့ ရောက်ရှိလာကြသည်။
“ မိတ်ဆွေ။ငါမင်းကို ဒြပ်စင်နှလုံးသား အပ်နှင်းမယ်။ ”
မြေဒြပ်စင်ဘုရင်သည် ချန်လွေ့ မမျှော်လင့်ထားသော ဆုံးဖြတ်ချက်တစ်ခု ချခဲ့သည်။
“ ဒြပ်စင်ဘုရင်တွေမှာပဲ ဒြပ်စင်နှလုံးသားရှိတာ။အဲဒါကြောင့် ဒါကမင်းကို မမျှော်လင့်ထားနိုင်တဲ့ အကျိုးကျေးဇူးတွေ ယူဆောင်လာပေးနိုင်တယ်။အခု မင်းအတွက် အရေးကြီးအကျိုးကျေးဇူး နှစ်ခုကတော့ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကို ထိန်းချုပ်ဖို့အတွက် စိတ်ဝိညာဉ်ကို တိုးမြှင့်ပေးနိုင်တာနဲ့ စိတ်လေ့ကျင့်ရေးကို အကူအညီဖြစ်စေတာပဲ။မင်းအတွက် စိတ်စွမ်းအား ဉာဏ်အလင်းရဖို့ ပိုပြီးလွယ်ကူလာလိမ့်မယ်။မင်းမှတ်ထားရမှာ တစ်ခုရှိတယ်။စိတ်စွမ်းအားက အဆုံးမရှိဘူး။မင်းမှာ ဇွဲလုံ့လရှိနေသရွေ့ အရာအားလုံးကို ကျော်လွှားနိုင်တယ်။ ”
ချန်လွေ့ အံ့ဩသွားသည်။
“ ဒြပ်စင်နှလုံးသား မရှိတော့ရင် အရှင်မင်းကြီး ဘာဖြစ်သွားမှာလဲ။ ”
“ ငါသတိလစ်သွားပြီးတော့ အသက်ဓာတ်ရေစင်ထဲ နစ်မြုပ်နေရမှာ။ပြီးတော့ ဒြပ်စင်နှလုံးသားက ခန္ဓာကိုယ်ထဲကနေ တစ်နှစ်အထိပဲ ထွက်သွားလို့ရမယ်။ဒီစိန်ခေါ်မှုပြီးရင် မင်း ဓမ္မတေးသစ်သီးကို ရှာတွေ့ပါစေလို့ မျှော်လင့်ပါတယ်။သစ်သီးရည်ကို ဒြပ်စင်နှလုံးသားပေါ်လောင်းချပြီးရင် ပြန်ကောင်းသွားလိမ့်မယ်။ဒါက မင်းကိုကူညီတာလည်း ဟုတ်သလို ငါ့ကိုယ်ငါလည်း ကူညီနေတာပဲ။မင်းအသက်ရှင်နေသရွေ့ ဓမ္မတေးသစ်သီးရှာပြီးတော့ ဒြပ်စင်နှလုံးသားကို ပြန်ကောင်းအောင် လုပ်ပေးနိုင်တယ်လေ။ ”
ထိုသို့ပြောနေရင်း မြေဒြပ်စင်ဘုရင်၏ လက်ထဲ၌ အရောင်လင်းလက်လာကာ အဖြူရောင်အလင်းများ ရစ်ပတ်နေသော ပုတီးတစ်လုံး ထွက်ပေါ်လာသည်။ထိုပုတီးသည် အက်ကြောင်းများပြည့်နေသော်လည်း ကော်ဖြင့်ကပ်ထားသကဲ့သို့ပင် မကွဲကြေသွားပေ။သို့သော်လည်း ၎င်းမှာ ကပ်ရုံသာကပ်နေခြင်းဖြစ်သည်။အက်ကြောင်းများ ပြန်ကောင်းလာခြင်း မဟုတ်ပေ။
“ တစ်နှစ်အတွင်း မင်း ဒြပ်စင်နှလုံးသားကို ပြန်ကောင်းအောင် လုပ်နိုင်ရင် ငါစိတ်ချရပါပြီ။တစ်နှစ်ထက်ကျော်သွားရင်တော့ ပြန်ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ဒြပ်စင်နှလုံးသားနဲ့အတူ ငါသေသွားမှာပဲ။ဒါပေမဲ့လည်း မင်းစိုးရိမ်စရာ မလိုပါဘူး။ငါတို့ရဲ့ သေခြင်း ရှင်ခြင်းက တည်ရှိနေတဲ့ပုံစံ ပြောင်းလဲသွားတာနဲ့ မပိုပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်ပါ။မင်းနဲ့သိရတာ ဝမ်းသာစရာပါပဲ။မိတ်ဆွေ။မှတ်ထားဦး။ငါ့နာမည်က မိုးရီ။ ”
မြေဒြပ်စင်ဘုရင် စကားပြောပြီးသည်နှင့် အဖြူရောင် ပုတီးလုံးသည် ဖြည်းဖြည်းချင်း ချန်လွေ့လက်ထဲသို့ ပျံသန်းလာသည်။ထို့နောက် မိုးရီ၏ခန္ဓာကိုယ် အေးခဲသွားပြီး ခဏအကြာ ရေခဲရုပ်ထု ဖြစ်သွားတော့သည်။အနီးအနားရှိ မြေဒြပ်စင်ကောင်များ ဝမ်းနည်းသွားပြီး ဒူးထောက်လိုက်ကြသည်။
ချန်လွေ့လည်း အသက်ဆုံးရှုံးသွားသော မြေဒြပ်စင်ဘုရင်ကိုကြည့်ပြီး ဒူးတစ်ဖက် ထောက်လိုက်သည်။မြေဒြပ်စင်နှလုံးသား ပြင်ဆင်ရန်အတွက် လုပ်ခဲ့ကြောင်း မိုးရီ သေသေချာချာပြောခဲ့သော်လည်း မခြွင်းမချန်ယုံကြည်မှုကို “အကျိုး”ဟူသော စကားလုံးက လုံးဝကိုယ်စားမပြုနိုင်ပေ။
ထိုကဲ့သို့ ယုံကြည်မှုမျိုးတွင် စကားလုံးများသည် အသုံးမဝင်ပေ။လုပ်ရပ်များသည်သာ အကောင်းဆုံး သက်သေဖြစ်လေသည်။
မြေဒြပ်စင်ကောင်များသည် ဘုရင်၏အမိန့်ကို နာခံကြသည်။မြေဒြပ်စင်ဘုရင်၏ သေဆုံးမှုကြောင့် ချန်လွေ့ကို သူတို့ မကျေမနပ် မဖြစ်ကြပေ။သူတို့သည် ဘုရင်နှင့် မိတ်ဆွေဖြစ်ခဲ့ပြီး ဘုရင်၏ယုံကြည်မှု ရရှိခဲ့သော ချန်လွေ့ကို လေးစားကြသည်။
ချန်လွေ့ရရှိခဲ့သော ဒြပ်စင်နှလုံးသား၌ အလွန်အံ့ဩဖွယ်ရာကောင်းသော သက်ရောက်မှုများရှိသည်။ကိုင်ထားလျက်နှင့်ပင် အလွန်စိတ်ငြိမ်စေသည်။စိတ်လေ့ကျင့်ရေး တိုးတက်လာမှုနှင့်အတူ ၎င်းသည် အဓိကကျသော အခန်းကဏ္ဍ၌ ပါဝင်နေမည်ဟု ချန်လွေ့ ယုံကြည်နေသည်။
မိုးရီ ပြောသည့်အတိုင်းပင် ချန်လွေ့၏စိတ်စွမ်းအား ကြီးကြီးမားမား တိုးမြင့်သွားသည်။ထိုအဆင့်သည် ချန်လွေ့အတွက် [ အထူးစိစစ်မှု ] အား တစ်နေ့နှစ်ကြိမ် အသုံးပြုရန် လုံလောက်သည်ထက် ပိုနေသည်။ရွိုင့်စ်ယူလာမည့် မိစ္ဆာမျက်ရည်ပြာနှင့် ပေါင်းလိုက်သည့်အခါ ပို၍တိုးမြင့်သွားနိုင်ပေသည်။
မြေဒြပ်စင်နှလုံးသား၏ အံ့ဩဖွယ်ရာများမှာ ထိုမျှသာ မဟုတ်ပေ။လက်ရွေးစင် မြေဒြပ်စင်ကောင်နှစ်ယောက်ဖြစ်သော ထော့ခ်နှင့် ဆော့ခ်တို့ ပြောသည့်အတိုင်းဆိုလျှင် ချန်လွေ့၏ မြေမှော်ခုခံမှုသည် အမြင့်တစ်နေရာအထိ ရောက်ရှိသွားပြီ ဖြစ်သည်။ထို့ပြင် ချန်လွေ့သည် မည်သည့်အကူအညီမျှမပါဘဲ မြေမှော်ပညာအချို့ကို အသုံးပြုနိုင်မည်ဖြစ်သည်။
ချန်လွေ့ စမ်းကြည့်ရာ အမှန်တကယ်ပင် ထောက်ပံ့ရေး အစွမ်း [ ကျောက်အရေပြား ] ကို အသုံးပြုနိုင်နေသည်။ထို့ပြင် သူသည် မည်သည့် မန္တာန်ကိုမှ မန်းမှုတ်စရာမလိုပေ။ယခုတွင် ချန်လွေ့၌ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးနှင့်အတူ [ မြေမှော်ကျွမ်းကျင်မှု ] လည်း ရှိနေပြီဖြစ်သည့်အတွက် တကယ့် ဘယ်ဇီဘတ် တော်ဝင်မိသားစုဝင်တစ်ယောက်ကဲ့သို့ပင် ဖြစ်နေပြီဖြစ်သည်။
အသက်ဓာတ်ရေစင်နှင့် မြေအရင်းအမြစ် အကြောင်းတွေးမိသွားပြီး ချန်လွေ့ အကြံတစ်ခု ရလိုက်ကာ မြေဒြပ်စင်နှလုံးသားကို ကြယ်တာရာဥယျဉ်သို့ ရွှေ့ပြောင်းရန် ကြိုးစားကြည့်သည်။အမှန်တကယ်ပင် ရွှေ့ပြောင်း၍ ရသွားလေသည်။
[ အသိပေးချက် ]
“ အမည်မသိ မျိုးစိတ်များ။အရှိန်အဝါတစ်သိန်း ကုန်ကျမည်ဖြစ်သည်။ ”
ယခုတွင် အရှိန်အဝါ အနည်းငယ်သာ ရှိသော်လည်း ချန်လွေ့သည် ချက်ချင်းပင် အတည်ပြုလိုက်သည်။
ကြယ်တာရာဥယျာဉ်ထဲ မြေဒြပ်စင်နှလုံးသား ရောက်ရှိသွားသည့်အခါ အခရာနတ်မိမယ် ချက်ချင်းပင် အာရုံခံမိသွားသည်။၎င်းသည် မြူနှင်းထူထူ ထုတ်လွှတ်ပြီး မြေဒြပ်စင်နှလုံးသားအား ၎င်းအောက်ရှိ အပင်ငယ်ထဲ၌ သိမ်းထားလိုက်သည်။ရုတ်တရက်ပင် အပင်ငယ်လေး၌ အဖြူရောင်အလင်းတောက်နေသော သစ်သီးတစ်လုံး သီးလာသည်။အဖြူရောင်အလင်း၏စွမ်းအားသည် ကြယ်တာရာဥယျာဉ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ယခုတွင် မြူနှင်းထဲ၌ တလက်လက် အလင်းရောင်များ တောက်ပနေကာ လှပပြီး နူးညံ့သိမ်မွေ့သော ကြယ်တာရာကဲ့သို့ပင် ဖြစ်နေသည်။
နောက်ပိုင်း အံ့အားသင့်စရာမှာ ပိုမိုကြီးမားပြီး စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
“ အမည်မသိ အရင်းအမြစ်၏ လွှမ်းမိုးမှုကြောင့် ကြယ်တာရာ ဥယျာဉ်ထဲရှိ အပင်အားလုံး၏ အထွက်နှုန်း သုံးဆတိုးသွားပြီး အရည်အသွေး တစ်ဆတိုးသွားသည်။ ”
မြေဒြပ်စင်ဘုရင် မိုးရီက အံ့ဩဖွယ်ရာ လက်ဆောင်တစ်ခု ပေးခဲ့တဲ့ပုံပဲ။