← Chapters

ပင်လယ်နက်

Vol. 13 Ch. 184

ပင်လယ်နက်

Vol. 13 Ch. 184

ချန်လွေ့ အလွန်ပျော်ရွှင်သွားသည်။ ကြယ်စင်စုဥယျာဉ်ရဲ့ အထွက်နှုန်းက သုံးဆတိုးသွားပြီးတော့ အရည်အသွေးလည်း တစ်ဆတိုးသွားတယ်။ဒါက မြေစွမ်းအားပါဝင်တဲ့ မြေဒြပ်စင်ဘုရင်ရဲ့နှလုံးသား အစစ်အမှန်ပဲ။

ပို၍အံ့ဩစရာကောင်းသည်မှာ ဥယျာဉ်ထဲ၌ စိုက်ပျိုးထားသော အရှိန်အဝါစုဆောင်းပန်းကဲ့သို့ပင် မြေဒြပ်စင်နှလုံးသားအား စိတ်စွမ်းအားတိုးမြင့်ခြင်း၊ စိတ်လေ့ကျင့်ရေးကူညီခြင်း၊ [ မြေမှော်ကျွမ်းကျင်မှု ] အစရှိသည့် သက်ဆိုင်ရာလုပ်ငန်းများ၌လည်း အသုံးချ၍ရပေသည်။

ချန်လွေ့၏မျက်လုံးများသည် သစ်ပင်ငယ်လေးပေါ်ရှိ သစ်သီးကဲ့သို့ မြေဒြပ်စင်နှလုံးသားဆီသို့ ရောက်ရှိသွားသည့်အခါ အသိပေးချက်တစ်ခု ထပ်ပေါ်လာပြန်သည်။“ ပျက်စီးနေသော အမည်မသိအရင်းအမြစ်။အမည်မသိ ပြင်ဆင်ခြင်း သတ်မှတ်ချက်များ ” ။ မြေဒြပ်စင်နှလုံးသားအား ပြင်ဆင်ရန်အတွက် ဓမ္မတေးသစ်သီးကို ရှာဖွေရန် လိုအပ်နေသေးပုံရလေသည်။

မြေဒြပ်စင်နှလုံးသားရဲ့ သက်ရောက်မှုက တကယ့်ကို အံ့အားသင့်စရာပဲ။ကံမကောင်းတာက ငါဒါကို တစ်နှစ်ပဲ သုံးလို့ရမယ်။ဒါကိုပိုပြီး တာရှည်ခံအောင် လုပ်နိုင်မယ့် နည်းလမ်းရှာနိုင်ရင် ကောင်းမှာပဲ။ပြီးရင် ငါဒါကို မြေဒြပ်စင်ဘုရင်ဆီ မပေးတော့ဘဲနဲ့ ငါ့ဘာသာပဲ သိမ်းထားလိုက်မယ်။

တစ်ကိုယ်ကောင်းဆန်သော လိုချင်စိတ် ဖြစ်ပေါ်လာပြီးနောက် ချန်လွေ့ ရုတ်တရက် ဆင်ခြင်လိုက်သည်။

မိုးရီက အသီနာကို ကာကွယ်ဖို့အတွက် အစွမ်းတွေ ကုန်ဆုံးခဲ့ရတာ။ပြီးတော့လည်း ငါ့ကို ယုံကြည်မှုအပြည့်နဲ့ မြေဒြပ်စင်နှလုံးသား အပ်နှင်းခဲ့တယ်။ငါဘာလို့ ဒီလိုမျိုး ကျေးဇူးမသိတတ်တဲ့ အတွေးမျိုး တွေးမိရတာလဲ။

ဟုတ်တယ်။ဒါက ကြယ်တာရာကူးပြောင်းခြင်းရဲ့ မကောင်းတဲ့ သက်ရောက်မှုကြောင့်ဖြစ်မယ်။ဒီသက်ရောက်မှုက ပိုပိုပြီး သိသာလာပြီ။ငါ့ရဲ့စိတ်ကို မြန်မြန်လေ့ကျင့်ရမယ့်ပုံပဲ။

မြေဒြပ်စင်ဘုရင်၏ ရုပ်ထုအား မြေဒြပ်စင်ကောင်များက အသက်ဓာတ်ရေစင်ဆီသို့ ရွှေ့ပြောင်းသွားကြသည်။အသီနာ နိုးထရန် ၁၀ရက် လိုနေသေးသည်။ထို့ကြောင့် ချန်လွေ့သည် မြေနန်းတော် မြေပြင်ပေါ်၌ထိုင်ရင်း စူပါစနစ်ထဲ ဝင်သွားလိုက်သည်။

အမှောင်လမြို့၌ သုံးလေးရက် နေနေစဉ်က ချန်လွေ့သည် လေ့ကျင့်ရေးကွင်း၌ စိတ်ကို တည်ငြိမ်အောင်ထားပြီး တရားထိုင်နေခဲ့သည်။စိတ်တည်ငြိမ်ခြင်းသည် အဓိကအဆင့်ဟု မြေဒြပ်စင်ဘုရင် ပြောခဲ့သည်။ဆက်လက်၍ ချန်လွေ့သည် ကြမ်းတမ်းသော ပတ်ဝန်းကျင်၌ ထိုစိတ်အခြေအနေကို ထပ်ပြီး သန့်စင်ရမည်ဖြစ်သည်။

ချန်လွေ့ ခဏစဉ်းစားပြီး တစ်ခါမျှ မရွေးချယ်ဖူးသော “ ပင်လယ်နက် ” ပတ်ဝန်းကျင်ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။

အချိန် အဆ၁၀၀ နှင့် ပင်လယ်နက် ပတ်ဝန်းကျင်ကို အတည်ပြုပြီးသွားသည့်အခါ ချန်လွေ့သည် ပင်လယ်ရေထဲ၌ နစ်မြုပ်နေပြီ ဖြစ်သည်။သူ ရုတ်တရက် အသက်ရှူမရ ဖြစ်သွားပြီး လန့်ဖျပ်သွားသည်။မူလက ချန်လွေ့သည် ပင်လယ်ရေမျက်နှာပြင်၌ စတင်ပြီး ရေငုပ်သွားရမည်ဟု ထင်မှတ်ခဲ့သည်။သို့သော်လည်း မမျှော်လင့်ဘဲနှင့် ပင်လယ်နက်ထဲ၌ စတင်နေသည်။ထိုအချိန်၌ ချန်လွေ့သည် ခန္ဓာကိုယ်တစ်ခုခု ပြောင်းလဲသွားကြောင်း ခံစားရသည်။အထူးသဖြင့် သူ၏ပါး၌ ဖြစ်သည်။သူသည် ငါးကဲ့သို့ပင် အသက်ရှူနိုင်ပြီး ရေကူးနေနိုင်သည်။ထိုခံစားချက်သည် အံ့ဩဖွယ်ကောင်းလှပေသည်။

သို့သော်လည်း ထိုကဲ့သို့ အံ့ဩဖွယ်ရာခံစားချက်သည် တစ်ခဏသာခံသည်။ချန်လွေ့သည် ပတ်ပတ်လည်ရှိ ရေဖိအားပြင်းထန်လာသည်ကို ခံစားလိုက်ရသည်။အထူးသဖြင့် မျက်လုံးပေါ်နှင့် အတွင်းအင်္ဂါပေါ်ရှိ ရေဖိအားသည် ပို၍ပြင်းထန်နေသည်။အလွန်ပင် မသက်မသာ ခံစားရသည်။ထိုခံစားချက်သည် မြေဆွဲအားနှင့် တခြားစီပင်ဖြစ်သည်။ဖိအားသည် ဘက်ပေါင်းစုံမှလာပြီး လွတ်လမ်းမရှိပေ။ပင်လယ်လှိုင်းကြမ်း၏ ခက်ထန်သော ရွေ့လျားမှုနှင့်ယှဉ်လျှင် ပင်လယ်နက်သည် ကြေးမုံကဲ့သို့ တည်ငြိမ်နေသည်။သို့သော်လည်း ပို၍အန္တရာယ်များလေသည်။

ရေဖိအားသည် အတော်လေး ကြောက်မက်ဖွယ်ကောင်းသော လက်နက်တစ်ခုဖြစ်သည်။ဥပမာပြောရလျှင် မီတာတစ်သောင်းအနက်ရှိ ပင်လယ်ထဲ၌ သုံးလေးစင်တီမီတာသာရှိသော ငါးများ၊ပုစွန်များသည် တစ်တန်နီးပါး ဖိအားကို ခံစားနေရသည်။တင့်ကားသာဆိုလျှင် ပြားချပ်သွားပြီ ဖြစ်သည်။

ပင်လယ်နက်ငါးများက ထိုဖိအားကို ခံစားနိုင်သည့် အကြောင်းရင်းမှာ သူတို့၏ဇီဝကမ္မ လိုက်လျောညီထွေစွာ ဆင့်ကဲပြောင်းသွားခြင်းကြောင့် ဖြစ်သည်။သူတို့၏ အရိုးများသည် အလွန်ပါးလွှာသွားပြီး အလွယ်တကူ ကွေးဆန့်နိုင်သည်။ကြွက်သားတစ်သျှူးများမှာလည်း ကွေးကောက်နေပြီး အမျှင်တစ်သျှူးများမှာ အံ့ဩစရာကောင်းလောက်အောင် သိပ်သည်းသွားသည်။ပို၍အံ့ဩစရာကောင်းသည်မှာ ငါးအရေခွံတစ်သျှူးများသည် အလွန်ပါးလွှာသော အမြှေးပါးအလွှာဖြစ်သွားပြီး အတွင်းအပြင် ဖိအားကို မျှခြေညီအောင် ထိန်းသိမ်းထားရန်အတွက် ခန္ဓာကိုယ်ထဲသို့ ရေများဖြည့်တင်း နိုင်ခြင်းပင် ဖြစ်သည်။

အတွင်းအပြင်ဖိအား မျှခြေပျက်သွားသည်နှင့် အတွင်းအင်္ဂါများ ပျက်စီးသွားပေလိမ့်မည်။လေ့ကျင့်ရေးကွင်းထဲသို့ ချန်လွေ့ ဝင်ရောက်လာသောအခါ ရေအောက် အသက်ရှူခြင်းသာ ပြောင်းလဲသွားသည်။ပင်လယ်နက် သတ္တဝါများကဲ့သို့ ဆင့်ကဲပြောင်းလဲမှုများ မရှိပေ။သို့မဟုတ်ပါက ၎င်းသည် လေ့ကျင့်ရေးမဟုတ်တော့ဘဲ ပင်လယ်နက်ထဲသို့ အလည်လာခြင်း ဖြစ်သွားပေလိမ့်မည်။

ထိုကဲ့သို့ ပြောင်းလဲခြင်းမရှိခြင်းကြောင့်ပင် ချန်လွေ့သည် အတွင်းအင်္ဂါများ၌ ပြင်းထန်သောဖိအားတစ်ခုကို ခံစားနေရသည်။သူ အပေါ်သို့အနည်းငယ် တက်သွားလိုက်ရာ ဖိအားအနည်းငယ် လျှော့ကျသွားသည်။အမြင့်သို့သွားလေလေ ဖိအားနည်းလေလေပင် ဖြစ်သည်။ထို့ကြောင့် လွတ်လွတ်လပ်လပ် ချိန်ညှိ၍ ရပေသည်။ချန်လွေ့သည် သူခံနိုင်လောက်သည့် အနက်တစ်ခုကို ရွေးချယ်ပြီး ရေထဲ၌ ထိုင်သည့်ပုံစံလုပ်ကာ “တိတ်ဆိတ်ခြင်း” စိတ်အခြေအနေသို့ ဝင်ရောက်ရန် ကြိုးစားကြည့်သည်။

ယခင်လေ့ကျင့်မှုများနှင့် ရေထဲရှိ အေးချမ်းသောပတ်ဝန်းကျင်ကြောင့် မကြာမီတွင် ချန်လွေ့သည် သက်တောင့်သက်သာရှိသော “တိတ်ဆိတ်ခြင်း” အခြေအနေသို့ ရောက်ရှိသွားသည်။သို့သော်လည်း ဖိအား မလုံလောက်သေးသည့်အတွက် ချန်လွေ့သည် ခန္ဓာကိုယ်ကိုထိန်းချုပ်ကာ တဖြည်းဖြည်း နိမ့်ဆင်းလိုက်သည်။အစပိုင်း၌ အဆင်ပြေသည်။ထို့နောက် ချန်လွေ့သည် ဖိအားကို ခုခံရန်အတွက် ကြယ်စွမ်းအားကို လှည့်ပတ်နေရပြီး စိတ်တည်ငြိမ်ရန် ထိန်းသိမ်းနေရလေသည်။

ကြယ်တာရာ နတ်ဘုရားကျောင်းနှင့် နေအဖွဲ့အစည်းသည် သီးခြား စိတ်အာကာသဖြစ်ကြောင်း ယခုတွင် ချန်လွေ့ အနည်းငယ် သဘောပေါက်သွားသည်။လေ့ကျင့်ရေးကွင်း၌ သူသေသွားခဲ့လျှင် ရလာဒ်သည် သူ၏ဦးနှောက်အစစ်အမှန်ဆီသို့ ရောက်ရှိသွားပြီး ဦးနှောက်နာ့ဗ်ကြောများ ရပ်တန့်ကာ အမှန်တကယ် သေဆုံးသွားနိင်သည်။ထို့ကြောင့် ချန်လွေ့ မစွန့်စားရဲပေ။

ပတ်ပတ်လည်ရှိ ပြင်းထန်သော ဖိအားများကြောင့် ချန်လွေ့သည် ခုခံခြင်းကို အများဆုံး အာရုံစိုက်နေသည်။အမှန်တကယ် စိတ်တည်ငြိမ်အောင်ပြုလုပ်ရန် အလွန်ခဲယဉ်းလှသည်။

ကျင်းယုံရဲ့ ဝူးရှ ဝတ္ထုတွေထဲက နာမည်ကြီးစကားတစ်ခွန်းကို ငါမှတ်မိတယ်။“ လေတွေ ဖိအားတွေ ပြင်းထန်ပါစေ။ဝင်သက်ထွက်သက်ကို ထိန်းချုပ်ထား ”။ ဒီစကားက တော်တော်လေးမှန်တယ်။ဒါပေမဲ့ လေ့ကျင့်ရတာတော့ ခက်တယ်။ငါက အဲဒါကို ပြင်းထန်အောင် လုပ်လိုက်ရင် ငါ့အတွင်းအင်္ဂါတွေ ပျက်စီးသွားမယ်။အဲဒါဆိုရင် ငါ့ရဲ့ ဝင်သက်ထွက်သက်ကို ဘယ်လိုမျိုး ထိန်းချုပ်ရမှာလဲ။

ချန်လွေ့ အနည်းငယ် စိတ်မကျေမနပ် ဖြစ်သွားသည်။သူသည် နည်းလမ်းဟောင်းကိုသာ စမ်းကြည့်ရတော့သည်။အသီနာအပါအဝင် အတိတ်အဖြစ်အပျက်များ သူ၏စိတ်ထဲ၌ ပြန်ပေါ်လာပြီး စိတ်ငြိမ်စေရန် ကြိုးစားကြည့်သည်။လူအများစု အတိတ်ကို စဉ်းစားသကဲ့သို့ပင် သူ၏မျက်လုံးအရှေ့၌ အတိတ်ဖြစ်ရပ်များ ပြန်ပေါ်လာပြီး ဘေးမှရပ်ကြည့်သူအဖြစ် ချန်လွေ့သည် “ ရုပ်ရှင် ” ထဲမှ ဇာတ်လိုက်ကို တုံးအ သည်ဟု ခံစားလိုက်မိသည်။ဒုတိယအခွင့်အရေး မရှိဟု လူအများ ညည်းတွားကြသည်။သို့သော်လည်း အကယ်၍ ဒုတိယအခွင့်အရေးရှိခဲ့သော် အဖြစ်အပျက်များ ပြောင်းလဲသွားမည်လား။သူ ဒုတိယအခွင့်အရေးရလျှင် အသံတိတ်ညစိမ့်မြေ၌ အသက်ရင်းပြီး ဘရော့ခ်နှင့်အတူ တယ်လီပို့ခုန်သွားဦးမည်လား။လိုင်ရာမြို့သို့ သူသွားပြီး ရော့စ်ကို သတ်ပစ်ဦးမည်လား။အသီနာက သူ့အတွက် အသက်ဓာတ်ကို ကျွမ်းလောင်စေဦးမည်လား။

အဖြေကတော့ သေချာပါတယ်။ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ၊ တကယ်လို့ တခြားလောကတစ်ခုမှာ ငါထပ်ပြီး မွေးဖွားလာရင်တောင်၊ အသက်ရှင်လာရင်တောင် တချို့အရာတွေက ပြောင်းလဲမှာ မဟုတ်ဘူး။ငါကငါပဲ။

တစ်စုံတစ်ခုကို ချန်လွေ့ သဘောပေါက်သွားပုံရပြီး ပတ်လည်ရှိဖိအားလည်း အတော်များများ လျော့ကျသွားသည်။သူ၏စိတ် စတင်ငြိမ်းချမ်းလာသည်။ချန်လွေ့သည် “ မတုန်မလှုပ် ” ခံစားချက်မျိုးကို အနည်းငယ် ဖမ်းဆုပ်လာနိုင်ပုံရသည်။တဖြည်းဖြည်းနှင့် သူသည် တရားထိုင်သည့်အခြေအနေသို့ ရောက်ရှိသွားပြန်သည်။

ကြယ်တာရာ ဥယျာဉ်ထဲရှိ မြူနှင်းထဲမှ အဖြူရောင်အလင်း ထုတ်လွှတ်နေသော မြေဒြပ်စင်နှလုံးသားသည် ပို၍အရောင်တောက်ပလာသည်။တစ်ချိန်တည်းမှာပင် ကြယ်တာရာ နတ်ဘုရားကျောင်းတွင်ရှိသော အခြေအနေပြဇယားထဲရှိ ခန္ဓာကိုယ်မှ ကြယ်ပုံစံကွက်သည်လည်း အရောင်တောက်လာသည်။မူလက မပြတ်သားသော ဂြိုလ်များ၏ အသေးစိတ်များမှာလည်း ထင်ရှားလာသည်။

မြေအောက်လောက၌ အပြင်ဘက်မှ လနှစ်စင်းကို မမြင်ရပေ။အထူးကျောက်ပုံစံအချို့၏ အရောင်ပြောင်းလဲမှုကို အခြေခံပြီး၍သာ အချိန်ကို မှန်းဆ၍ ရနိုင်သည်။

မြေနန်းတော်ဝင်ပေါက်ရှိ ထော့ခ်နှင့် ဆော့ခ်တို့သည် အဝေးတစ်နေရာ၌ ငြိမ်ငြိမ်သက်သက် ထိုင်နေသော ချန်လွေ့ကို ကြည့်နေကြသည်။

“ ဆော့ခ်။မြေစွမ်းအား တစ်ခုခုပြောင်းလဲသွားတာကို မင်းခံစားမိလား။ ”

ဆော့ခ် ခေါင်းညိတ်လိုက်သည်။

“ အင်း။ချန်လွေ့ရဲ့ ဝင်သက်ထွက်သက်က မြေစွမ်းအားကို လှုံ့ဆော်ပေးနိုင်မယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး။ဒါက မြေဒြပ်စင်နှလုံသားရဲ့ အစွမ်းကြောင့် ဖြစ်မယ်။ ”

ထော့ခ် ခေတ္တတုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောသည်။

“ သူက နတ်ဆိုးဘုရင်အဆင့်ပဲ ရှိနေသေးပေမဲ့ ငါအမြဲတမ်း မသက်မသာ ခံစားရတယ်။အထူးသဖြင့် သူမျက်နှာဖုံးဝတ်ထားပြီးတော့ ငြိမ်ငြိမ်သက်သက် ဖြစ်နေတဲ့အချိန်ပေါ့။ ”

“ ဒါက စိတ်ထင်တာပဲဖြစ်မှာပါ။ဒါပေမဲ့လည်း တစ်ခါတစ်လေတော့ သူ့ဆီက ဝင်သက်ထွက်သက်က အရှင်မင်းကြီးကို ဂလော်ဖင်း ထိန်းချုပ်ထားတုန်းကနဲ့ နည်းနည်းဆင်တူတယ်..... ”

ဆော့ခ် မေးလိုက်သည်။

“ ဒါက ဒုတိယ ဂလော်ဖင်းဖြစ်သွားမှာကို မင်းစိုးရိမ်နေတာလား။ ”

“ အင်း ”

ထော့ခ်၏မျက်လုံးထဲ၌ တည်ငြိမ်မှုအပြည့် ဖြစ်နေသည်။

“ ချန်လွေ့ရဲ့စွမ်းအားက တကယ့်ကို မှော်ဆန်တယ်။သူ နတ်ဆိုးအရှင်သခင်အဆင့် ရောက်သွားရင် ဂလော်ဖင်းထက်ကို ပိုပြီးတော့ ကြောက်စရာကောင်းနိုင်တယ်။တကယ်လို့ သူက မျက်နှာဖုံးရဲ့ကျေးကျွန်ဖြစ်သွားခဲ့ရင် ဘုရင်ကြီး အသက်ပြန်ရှင်လာမယ်ဆိုရင်တောင် သူ့ကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး။ ”

ဆော့ခ်က ထော့ခ်၏မျက်လုံးကို ကြည့်ပြီးပြောလိုက်သည်။

“ ဒီတော့ မင်းက ဒါကိုကြိုပြီး ရှင်းပစ်ချင်တာလား။ ”

“ ဒြပ်စင်နှလုံးသားက သူ့ဆီမှာ ရှိနေတုန်းပဲ။ပြီးတော့လည်း ဘုရင်ကြီး အသက်ပြန်ရှင်လာဖို့အတွက် သူက တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ငါတို့ သူ့ကို ဘယ်လိုလုပ် ထိခိုက်အောင်လုပ်ရမှာလဲ။ ”

ဆော့ခ် ခေါင်းခါလိုက်သည်။

“ မင်းက ဘုရင်ကြီးကို သစ္စာရှိတာ သိပါတယ်။ဒါပေမဲ့ မင်းရဲ့အကြံအစည်က ဘုရင်ကြီးအပေါ် မလေးစားသလို ဖြစ်နေပြီးတော့ ဘုရင်ကြီးရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်သလို ဖြစ်နေတယ်။ပြိဿ သားရဲတွင်း နောက်ဆုံးတိုက်ပွဲမှာ ချန်လွေ့ အဲဒီမျက်နှာဖုံးကို ဝတ်တာ ပထမဆုံးအကြိမ်ပဲ။မကောင်းတာတစ်ခုခု မဖြစ်လာအောင်လို့ ငါလည်းသူ့ကို သတ်ပစ်ချင်ခဲ့တယ်။ဒါပေမဲ့ ဘုရင်ကြီးက ငါ့ကို တားခဲ့တယ်။ချန်လွေ့က ငါတို့အသိအမှတ်ပြုထားတဲ့ မိတ်ဆွေတစ်ယောက်လည်း ဖြစ်တယ်။ငါတို့မြေဒြပ်စင်ကောင်တွေနဲ့ မြေအောက်လောက တစ်ခုလုံးရဲ့ကျေးဇူးရှင်လည်း ဟုတ်တယ်။ဘုရင်ကြီးက သူ့ကိုယုံကြည်တဲ့အတွက် ငါတို့လည်း ငါတို့ရဲ့ မိတ်ဆွေကို ယုံကြည်ရမယ်။ ”

ထော့ခ် ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

“ မင်းပြောတာမှန်တယ်။ဘုရင်ကြီရဲ့အမြင်ကို ငါယုံကြည်သင့်တယ်။ငါ့ရဲ့မိတ်ဆွေကို ပိုပြီးတော့ ယုံကြည်သင့်တာ။ငါသူ့ကို စိတ်ရင်းနဲ့ တောင်းပန်ရမယ်။ ”

“ ရပါတယ်။သူစိတ်ထဲထားမယ်လို့ မထင်ဘူး။သွားကြ‌ရအောင်။ငါတို့တွေ မြေနန်းတော်ကို ကာကွယ်ပြီးတော့ သူလေ့ကျင့်နေတာကို ဘယ်သူမှ မနှောင့်ယှက်စေရဘူး။ ”

ချန်လွေ့သည် သူ့အကြောင်းကို လက်ရွေးစင် မြေဒြပ်စင်ကောင်နှစ်ယောက် ဆွေးနွေးနေကြောင်း မသိခဲ့ပေ။သူကြားခဲ့လျှင်ပင် ယခု၌ သူသည် ထူးဆန်းသော နယ်ပယ်တစ်ခုသို့ ရောက်နေသည့်အတွက် ၎င်းကို အာရုံထားမည်မဟုတ်ပေ။သူ၏ခန္ဓာကိုယ်သည် ကြယ်စွမ်းအားကို အလိုအလျောက် ထိန်းညှိပြီး ရေဖိအားကို လိုက်လျောညီထွေအောင် ပြုလုပ်နေသည်။ချန်လွေ့၏ စိတ်သည် ကျန်ရှိနေသော အသိစိတ်ကြည်လင်မှု အနည်းငယ်မှလွဲပြီး အခြားမည်သည်ကိုမှ မခံစားရပေ။

ချန်လွေ့သည် မျက်လုံးမှိတ်ပြီး ခန္ဓာကိုယ်ကို မြုပ်စေကာ ရေစီးကြောင်းနှင့်အတူ မျောလွင့်သွားလိုက်သည်။မည်သို့ပင် ဖိအားပြောင်းလဲစေကာမူ သူ၏စိတ်ကို “ တိတ်ဆိတ်မှု ” အခြေအနေ၌သာ အမြဲထားထားသည်။

ထိုအဆင့်သို့ ရောက်ရန် မလွယ်ကူပေ။ပင်လယ်နက်ထဲသို့ ချန်လွေ့ဝင်ရောက်သည်မှာ သုံးကြိမ်ရှိပြီ ဖြစ်သည်။ယခင်က သူသည် အကြိမ်ပေါင်းများစွာ ကြိုးပမ်းကြည့်ပြီး ကွေ့ပတ်သွားကြည့်ခဲ့သည်။ပန်းထဲထုသကဲ့သို့ပင်ဖြစ်သည်။သတ္တုရိုင်းတစ်ခုကို အညစ်အကြေးသန့်စင်ရန်အတွက် တစ်ချက်ပြီးတစ်ချက် ထုရိုက်ရသည်။သို့မှသာ စစ်မှန်သော အမြုတေကို ရရှိမည်ဖြစ်သည်။အခြေအနေပြဇယားရှိ ကြယ်ပုံစံကွက်မှာလည်း ပို၍ထင်ရှားလာသည်။အလင်းရောင် ဖျော့သော်လည်း အမြဲ တောက်ပနေခဲ့သည်။ယခင်ကကဲ့သို့ ပြတ်တောင်းပြတ်တောင်း တောက်ပခြင်းမျိုးနှင့် လုံးဝမတူတော့ပေ။

စိတ်ဝိညာဉ်နယ်ပယ်သည် ခန္ဓာကိုယ်ကို လွှမ်းမိုးနိုင်သော်လည်း ခန္ဓာ‌ကိုယ်ပေါ်ရှိဖိအားကို လုံးဝမခုနှိမ်နိုင်ပေ။ချန်လွေ့၏လက်ရှိခွန်အားအပေါ်ရှိ ဖိအားသည် အကန့်အသတ် ရောက်ရှိသွားပြီ ဖြစ်သည်။သူပို၍ နက်နက်သွားလျှင် ခံနိုင်တော့မည်မဟုတ်ဘဲ ခန္ဓာကိုယ် ပြိုလဲသွားမည်ဖြစ်သည်။

သို့သော်လည်း ချန်လွေ့သည် [ စိတ်သန့်စင်ခြင်း ] အကွက်အားလုံးကို ကျွမ်းကျင်သွားခဲ့ပြီဖြစ်သည်။ထိုလေ့ကျင့်ရေး ပြီးစီးသွားပြီးနောက် ချန်လွေ့သည် ပင်လယ်နက်ထဲသို့ မသွားတော့ဘဲ ရေခဲမြစ်နှင့် မီးတောင်ကဲ့သို့သော အခြားပတ်ဝန်းကျင်တစ်ခုကို ရွေးချယ်လိုက်သည်။ကြမ်းတမ်းသော ပတ်ဝန်းကျင်အချို့၌ စိတ်ကိုလေ့ကျင့်ကြသော အချို့ဘုန်းတော်ကြီးများကဲ့သို့ပင် ဖြစ်သည်။အတွေ့အကြုံသည် အန္တရာယ်များပြီး ရူးသွပ်ဖွယ်ကောင်းသော်လည်း ထိရောက်မှုမှာ ပို၍ပို၍ သိသာလာသည်။

ချန်လွေ့၏လေ့ကျင့်ရေးသည် [ စိတ်သန့်စင်ခြင်း ] လိုအပ်ချက်အတိုင်း ဖြစ်သည်။အမှန်တကယ်၌ အလီယော့သ်အခြေအနေသည် စိတ်ကိုသန့်စင်ရုံသာမက မြောက်မြားလှစွာသော စိတ်စွမ်းအားကို စုဆောင်းပြီး သုံးစွဲကာ လေ့ကျင့်ရေး၌ မိမိကိုယ်ကို အဆက်မပြတ် သန်မာအောင်ပြုလုပ်ရမည်ဖြစ်ကြောင်းကို ချန်လွေ့ မသိခဲ့ပေ။

တိုက်တိုက်ဆိုင်ဆိုင်ပင် ချန်လွေ့သည် ဂလော်ဖင်း၏ နတ်ဆိုးအရှင်သခင်အဆင့် ဝိညာဉ်ကိုဝါးမျိုနိုင်ခဲ့သည့်အတွက် စိတ်စွမ်းအား စုဆောင်းစရာ မလိုတော့ပေ။သူသည် အမှန်တကယ်ပင် ဖြတ်လမ်းလိုက်ခဲ့သည်။သို့သော်လည်း ထိုဖြတ်လမ်း၌ အခွင့်အရေးနှင့် အန္တရာယ်တို့ အတူတူပူးတွဲတည်ရှိနေခဲ့သည်။သူကိုယ်တိုင် စုဆောင်းထားသည့် စိတ်စွမ်းအားကြောင့်သာ မဟုတ်လျှင် သူ၏အသိစိတ် ဆုံးရှုံးရမည့် အန္တရာယ်မျိုး ရှိလာမည်မဟုတ်ပေ။သို့သော်လည်း သူစုဆောင်းထားသော စိတ်စွမ်းအားသည် နတ်ဆိုးအရှင်သခင်ထက် နိမ့်ကျနေပြီး ပို၍အချိန်ယူရသည်။

နောက်ဆုံးစိန်ခေါ်မှုကို ချန်လွေ့ အသက်ရှင်လျက် ကျော်လွှားနိုင်လျှင် နတ်ဆိုးအရှင်သခင်၏ ဝိညာဉ်ကို အပြည့်အဝ ချေဖျက်နိုင်မည် ဖြစ်သည်။ထို့နောက် အချိန်တိုအတွင်း အလီယော့သ် အခြေအနေသို့ သူ အဆင့်တက်သွားနိုင်ရုံသာမက သူ၏အစွမ်းသည်လည်း ထင်ထားသည်ထက် ပိုမြင့်နေမည် ဖြစ်သည်။

ချန်လွေ့အား အံ့ဩသွားစေသည့် အခြားကိစ္စတစ်ခုရှိသည်။မြေဒြပ်စင်နှလုံးသားမှ ထောက်ပံ့ပေးသော စိတ်စွမ်းအားသည် သူထင်ထားသည်ထက် ပို၍အစွမ်းထက်နေသည်။“ အရေအတွက် ” နှင့် “အရည်အသွေး” ပါ ကြီးကြီးမားမား တိုးတက်သွားရုံသာမက [ အထူးစိစစ်မှု ] ၏ တိုးတက်နှုန်းနှင့် အောင်မြင်နှုန်းတို့လည်း ကြီးကြီးမားမား တိုးတက်သွားသည်။ယခုတစ်ကြိမ် ပြီးစီးသွားလျှင် တိုးတက်နှုန်းသည် ၅၀% အထိ ရောက်ရှိသွားမည် ဖြစ်သည်။

၅၀%သို့ ရောက်ရှိသွားသည့်အခါ စူပါစနစ်ရှိ နေအဖွဲ့အစည်းထဲ၌ လေထဲတွင်ရပ်တန့်နေသော မျက်နှာဖုံးသည် ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။မူလက မျက်လုံးများသာရှိသော မျက်နှာဖုံးတွင် ပြတ်သားသော အသွင်အပြင်များ စတင်ဖြစ်ပေါ်လာသည်။၎င်းသည် အမှန်တကယ်ပင် ချန်လွေ့၏မျက်နှာ ဖြစ်နေသည်။

All Chapters