တိတ်တဆိတ်ပြန်လာသော မိုင်းတွင်းအရာရှိ
Vol. 13 Ch. 187
ထိုအမှုန့်သည် မည်သည်ဖြစ်ကြောင်း ခါဂူရွန် မသိသော်လည်း ဂါ့စ်၏အမူအရာကြည့်၍ ထိုလူ၏ အဆင့်အတန်းသည် သာမန်မဟုတ်နိုင်ကြောင်း သိသွားသည်။သူ ဆက်မမေးတော့ဘဲ ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။
ခဏအကြာ၌ မျက်နှာမမြင်ရသော ဝတ်ရုံနှင့်လူတစ်ယောက်သည် ကောင်စီခန်းမဆီသို့ ခါဂူရွန်နှင့်အတူ လိုက်သွားတော့သည်။
“ ခါဂူရွန်။ရှင်ကိုယ်တိုင် အတွင်းဝင်း ဂိတ်တံခါးကို စောင့်ကြပ်ထား။ဘယ်သူ့မှ မဝင်လာစေနဲ့။ ”
ရှီရာ၏ အမူအရာသည် အေးစက်စက် ရှိနေဆဲပင် ဖြစ်သည်။သို့သော်လည်း သူ၏အသံ အတက်အကျ ဖြစ်နေခြင်းသည် သူ၏စိတ်ထဲရှိ ထူးထူးခြားခြား မတည်မငြိမ်ဖြစ်နေမှုကို ရောင်ပြန်ဟပ်နေသည်။ခါဂူရွန်သည် ထိုသူ၏အဆင့်အတန်းကို တိတ်တဆိတ် အံ့အားသင့်သွားသည်။ထို့နောက် သူ ဦးညွှတ်ပြီး ထွက်သွားလိုက်၏။
“ တော်ဝင်မင်းသမီး။ကျုပ်မှာလည်း လုပ်စရာနည်းနည်းရှိလို့။သွားလိုက်ပါဦးမယ်။ ”
အဘိုးကြီးဂါ့စ် ဦးညွှတ်ပြီး စတင်ထွက်သွားလိုက်သည်။ ရှီရာသည် ဂါ့စ်အား နေစေချင်ပုံရသည်။သို့သော်လည်း နောက်ဆုံး၌ သူဘာမှ မပြောခဲပေ။ကောင်စီခန်းမထဲ၌ ရှီရာနှင့် ဝတ်ရုံနှင့်လူသာ ကျန်ခဲ့သည်။ ဂါ့စ်ထွက်သွားပြီးနောက် ဝတ်ရုံနှင့်လူသည် ခေါင်းကို ဖုံးကွယ်ထားသော ဝတ်ရုံကို ဖယ်ရှားပြီး ပြုံးပြလိုက်သည်။
“ မတွေ့ရတာကြာပါပြီ။တော်ဝင်မင်းသမီး။ ”
ထိုအပြုံးကို မြင်လိုက်သည့်အခါ ရှီရာအနည်းငယ် သတိလက်လွတ်ဖြစ်သွားသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာသည်။သို့သော်လည်း စိတ်ခံစားချက် အတက်အကျ ဖြစ်သွားခြင်းကို ချန်လွေ့ကဲ့သို့ နတ်ဆိုးဘုရင်အဆင့်ထံမှ မဖုံးကွယ်ထားနိုင်ခဲ့ပေ။[ ရုပ်ဖျက်ခြင်း ] အစွမ်းကြောင့် ယခု၌ ချန်လွေ့သည် စွမ်းအားမဲ့ လူသားတစ်ယောက်သာ ဖြစ်နေ၏။
ရှီရာသည် ချန်လွေ့အား ခေတ္တစိုက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
“ မင်းပြန်ရောက်လာတာ ကွက်တိပဲ။မင်းနဲ့ အရေးကြီးကိစ္စ ဆွေးနွေးစရာတစ်ခုရှိတယ်။ ”
ချန်လွေ့ တုံ့ဆိုင်းသွားသည်။အက်ယော၏သရုပ်နှင့် ချောင်းကြည့်ခြင်းကို မရေတွက်လျှင် ရှီရာနှင့်သူ မတွေ့ရသည်မှာ နှစ်လကျော်ကြာပြီ ဖြစ်သည်။ချန်လွေ့သည် ထိုကဲ့သို့ အန္တရာယ်များသောနေရာမှ ပြန်ရောက်လာခဲ့သော်လည်း ရှီရာသည် ချန်လွေ့၏ အခြေအနေကိုပင် မမေးဘဲ လိုရင်းကိုသာ တည့်တည့်သွားခဲ့သည်။
ရှီရာသည် မိမိအပေါ် နူးညံ့သောခံစားချက်များရှိကြောင်း မှတ်ဉာဏ်ဆည်းလည်းမှ ချန်လွေ့ သိခဲ့ရသည်။၎င်းသည် အနည်းငယ်နီးစပ်သော မိတ်ဆွေအဖြစ်မျိုး ဖြစ်သည်။ယခုကဲ့သို့ အချိန်အကြာကြီးမှ ပြန်တွေ့သည့်အခါ ရှီရာသည် ယုတ်စွအဆုံး “ နောက်ဆုံးတော့ မင်းပြန်လာပြီပဲ ” ၊ “ မင်း အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာတာပဲ ” ဟူ၍ ပြောသင့်ပေသည်။
သို့မဟုတ် ပြန်လာရသည့်အကြောင်းရင်းကို မေးသင့်သည်။ ချန်လွေ့ စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ တော်ဝင်မင်းသမီးက လျို့ဝှက်ခန်းထဲမှာရှိတဲ့ ဆည်းလည်းရှေ့မှာ ကျယ်ကျယ်လောင်လောင် အော်နိုင်တယ်။ရယ်နိုင်တယ်။ငါ့နာမည်ကိုတောင် လေးလေးနက်နက် ခေါ်နိုင်တယ်။ဒါပေမဲ့ ကောင်စီခန်းမထဲမှာတော့ သူက ဣန္ဒြေကြီးတဲ့ ရေခဲတုံးမင်းသမီးပဲ။
လျို့ဝှက် အရည်အချင်းများသည် လျို့ဝှက်အရည်အချင်းများသာဖြစ်သည်။ အခြေအနေမပေးသရွေ့ မပေါ်ထွက်လာပေ။
သို့သော်လည်း ချန်လွေ့သည် ထိုအချက်ကို မစဉ်းစားခဲ့ပေ။ဤကဲ့သို့ အခြေအနေမျိုး၌ ရှီရာသည် သာမန်လက်အောက်ခံများအား လောကဝတ်စကား တစ်ခုခု ပြောလိမ့်မည်ဖြစ်သည်။ချန်လွေ့သည် “ ထူးခြား ” နေသည့်အတွက် ရှီရာလည်း “ ပုံမှန်မဟုတ် ” နေခြင်းဖြစ်သည်။
ရှီရာသည် ချန်လွေ့အား ဘယ်ဇီဘတ် တော်ဝင်မိသားစုက အဆောင်ပစ္စည်း အပိုင်းအစအား ခိုးယူသွားကြောင်းနှင့် အင်ပါယာမြို့တော်မှလူများ လာရောက် စုံစမ်းမည်ဖြစ်ကြောင်း ပြောပြသည်။ချန်လွေ့ အာရုံစိုက်မနေကြောင်း ရှီရာတွေ့သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ ဒီကိစ္စကို မင်းဘယ်လိုထင်လဲ။ ”
ချန်လွေ့သည် တမင်တကာ စဉ်းစားချင်ယောင်ဆောင်ပြီး ပြောသည်။
“ ဘယ်ဇီဘတ် မိသားစုက နှစ်၄၀၀ကြာပြီးမှ ပြန်ပေါ်လာတာဆိုတော့ သူတို့တွေ သေချာပြင်ဆင်ထားရမယ်။အခု သူတို့က ပြီးပြည့်စုံတဲ့ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ကို ရသွားပြီ။ဒါက တကယ့်ကို ပြဿနာကြီးပဲ။ကျုပ်ထင်တာကတော့ ဘယ်ဇီဘတ်ရဲ့ ပန်းတိုင်က အမှောင်လမြို့ပဲ မဟုတ်တာသေချာတယ်။ကြယ်ကြွေတမန် အင်ပါယာတစ်ခုလုံး ဖြစ်နိုင်တယ်။ကျုပ်တို့တွေ နည်းလမ်းတချို့သုံးပြီးတော့ ဘယ်ဇီဘတ်ရဲ့စွမ်းအားကို ကျုပ်တို့ဘက်ရောက်အောင်လုပ်ပြီး တန်ပြန်..... ”
“ မရဘူး။ ”
ရှီရာသည် ချန်လွေ့အား ပြတ်ပြတ်သားသား စကားဖြတ်ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်ချင်စိတ် ထွက်လာသည်။ရှီရာ အံကြိတ်ပြီး ပြောသည်။
“ တန်ဖိုးက ဘယ်လောက်ပဲကြီးကြီး ဘယ်ဇီဘတ် မိသားစု အထူးသဖြင့် အဲဒီညကလူ သေကိုသေရမယ်။ ”
“ တော်ဝင်မင်းသမီး။အခုက လွန်ခဲ့တဲ့ နှစ်၄၀၀ကလိုမျိုး မဟုတ်ဘူး။အဲဒီလူက.... ”
ရှီရာ၏ လူသတ်ချက်စိတ် ပိုမိုပြင်းထန်လာသည်။၎င်းသည် ချန်လွေ့အပေါ်သို့ တိုက်ရိုက်မသက်ရောက်သော်လည်း ချန်လွေ့သည် ပြင်းထန်သောအေးစက်မှုကို ခံစားနေရဆဲပင်ဖြစ်သည်။ရှီရာသည် ဟန်ဆောင်နေခြင်း မဟုတ်ပေ။လူတစ်ယောက်အပေါ် သူ၏အမုန်တရားသည် အစွန်းရောက်သွားပုံရသည်။
“ ထပ်မပြောနဲ့တော့။‘နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး’ မရှိရင်တောင် အဲဒီလူ သေရမယ်။ သေကိုသေရမယ်။ ”
“…”
ရှီရာ၏သဘောထားကို ချန်လွေ့ စမ်းသပ်နေခြင်းသာ ဖြစ်သည်။ရှီရာ၏တုံ့ပြန်မှု ဤမျှကြီးမားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ချန်လွေ့ ဘာမှပြောမရတော့ပေ။အကယ်၍ သူ၏သရုပ်မှန်သာ ဘယ်ဇီဘတ် တော်ဝင်မိသားစုမဟုတ်ခဲ့လျှင် သို့မဟုတ် ‘နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး’ မရှိခဲ့လျှင်ပင် လျို့ဝှက်ခန်းအား လုယက်သွားခြင်းက ရှီရာအား လမ်းလွဲသွားစေခဲ့သည်။
ချန်လွေ့သည် မိမိ၏သရုပ်မှန်အား ဖော်ပြလိုက်လျှင် ရှီရာ ချက်ချင်း သတ်ပစ်မည်ကို သိသည်။ထို့ကြောင့် ချန်လွေ့ အရဲမစွန့်ရဲပေ။ မှတ်ဉာဏ်ဆည်းလည်း၏ အသံများမှ အမှောင်လမြို့အရှင်မ ရှီရာသည် အမှောင်လနယ်မြေအတွက် အသက်ကိုမြှုပ်နှံထားသော အေးစက်စက် မိန်းမတစ်ယောက်ဖြစ်သည်။သူသတ်မှတ်ထားသော “ပုံရိပ်ကြီး”ထက် အရေးကြီးသောအရာမရှိပေ။ရှီရာနှင့် ယှဉ်နိုင်သည့်စွမ်းအားမရရှိခင် သို့မဟုတ် အမှောင်လမြို့မှ မတုံ့မဆိုင်း ထွက်မသွားနိုင်ခင်၌ ‘နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး’ကိစ္စအား ဖုံးကွယ်ထားခြင်းမှာ ပို၍ကောင်းပေသည်။
ရှီရာသည် အသီနာမဟုတ်ပေ။ယခုလက်ရှိ၌ ချန်လွေ့သည် ရှီရာ၏နှလုံးသားထဲရှိ ဝေဝါးဝါး အရိပ်တစ်ခုသာ ဖြစ်သည်။အထင်ရှားဆုံးထင်မြင်ချက်မှာ သူ့တွင် အရည်အချင်းရှိသော လက်အောက်ငယ်သားတစ်ယောက် ရှိနေခြင်းသာ ဖြစ်သည်။ချန်လွေ့အပေါ် ရှီရာ၏ နီးကပ်မှုသည် အသီနာအဆင့်အထိ မရောက်သေးသရွေ့ ချန်လွေ့သည် သရုပ်မှန်ကို မဖော်ထုတ်ပြနိုင်မည်မဟုတ်ပေ။ အရာအားလုံးသည် အသက်ဆက်ရှင်ရန်အတွက်သာ ဖြစ်သည်။ယခု၌ ချန်လွေ့သည် လောင်းကြေးထပ်ရမည့်အဆင့်အထိ မရောက်သေးပေ။ထို့ပြင် သူတစ်ယောက်တည်း မဟုတ်တော့ပေ။သူ့တွင် ချစ်သူ၊ မိတ်ဆွေနှင့် နောက်လိုက်များ ရှိနေပြီဖြစ်သည်။သူ သတိရှိနေရပေမည်။
ထိုအကြောင်းကိုတွေးမိပြီးနောက် ချန်လွေ့ ချက်ချင်း စကားပြောင်းလိုက်သည်။
“ တော်ဝင်မင်းသမီး ဆိုလိုတာကို ကျုပ်နားလည်ပါတယ်။ကျုပ်က ဘယ်ဇီဘတ် တော်ဝင်မိသားစုနဲ့ မပူးပေါင်းချင်ပါဘူး။အင်ပါယာမြို့တော်ရဲ့အင်အားကို အသုံးချပြီးတော့ ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ အင်အားစုတွေကို လျော့သွားသွားအောင် လုပ်ချင်တာပါ။ပြီးရင် သူတို့အားအနည်းဆုံး ဖြစ်နေတဲ့အချိန်မှာ ကျုပ်တို့တွေ အခွင့်အရေးယူပြီးတော့ ဘယ်ဇီဘတ် တော်ဝင်မိသားစုကို တစ်ခါတည်း အမြစ်ဖြတ် သုတ်သင်လိုက်မယ်။ ”
ရှီရာ အနည်းငယ် ရပ်တန့်သွားပြီး ခေါင်းညိတ်လိုက်သည်။
“ ဒါပေမဲ့ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့က ခက်ခဲလွန်းတယ်။ငါ လူလွှတ်ပြီး လိုက်ရှာဖမ်းခိုင်းတာ လဝက်ရှိနေပြီ။ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ တည်နေရာကို မတွေ့သေးဘူး။သူတို့က အမှောင်လမြို့ကနေ ထွက်သွားတဲ့ပုံပဲ။ဒါမှမဟုတ် ငါတို့မရှာတွေ့နိုင်တဲ့ တစ်နေရာရာမှာ ပုန်းနေတာဖြစ်မယ်။ ”
“ ဒါဆိုလည်း ဒီကိစ္စကို ခဏထားထားလိုက်ပါ။အင်ပါယာမြို့တော်က သံတမန်အကြောင်းပဲ စိုးရိမ်တာပေါ့။တော်ဝင်မင်းသမီးက အမှောင်လမြို့ရဲ့ အရှင်မပဲ။အမြင်ဖြန့်ကျက်ဖို့လိုတယ်။ဒီတစ်ခုကိုပဲ အာရုံစိုက်မထားပါနဲ့။အခု ပိုပြီး အရေးကြီးတာတစ်ခု ရှိတယ်။ ”
ချန်လွေ့သည် ရှီရာ၏ မျှော်လင့်ချက်အကြည့်ကို ကြည့်ပြီး ပြုံးလိုက်သည်။
“ ကျုပ် ရှီလန်တောင်ကနေ ဘာဖြစ်လို့ ပြန်လာလဲဆိုတာကို တော်ဝင်မင်းသမီး ဘာလို့မမေးတာလဲ။ ”
ထိုအပြုံးကို မြင်လိုက်သည့်အခါ စိုးရိမ်မှုများ တည်ငြိမ်သွားသကဲ့သို့ ရှီရာခံစားလိုက်ရသည်။ ရှီရာ တည်တည်ငြိမ်ငြိမ် ပြောသည်။
“ အရှင်မတစ်ယောက်အနေနဲ့ မိုင်းတွင်းအရှိ သတင်းပို့တာကို စောင့်နေပါတယ်။ ”
“ ကျုပ် တွက်ချက်မှုမှားသွားတယ်။မိန်းမလှလေးတစ်ယောက်ကို စပြီးမေးခိုင်းစေမိတာက မယဉ်ကျေးရာကျတာပဲ။ ”
ချန်လွေ့သည် အရှင်သခင်နှင့် မိန်းမလှကြား၌ တူညီသောလက္ခဏာတစ်ခု ကျွမ်းကျွမ်းကျင်ကျင် ထားပြီး မိမိကိုယ်မိမိ ပို၍ညီမျှသော နေရာတွင် ထားလိုက်သည်။ရှီရာ၏လူသတ်ချင်စိတ် နောက်ပြန်ဆုတ်သွားပြီး ရှီရာ၏မျက်လုံးများ အနည်းငယ် ပျော့ပျောင်းသွားပုံရသည်။သူတစ်ခုခု စဉ်းစားနေဟန်တူသည်။
“ အရင်တစ်ခေါက်တုန်းက အက်ဂ်ယောကို ဓာတ်သတ္တုတွေ ပြန်ယူလာခဲ့ခိုင်းတယ်။ တော်ဝင်မင်းသမီး လက်ခံရခဲ့လား။ ”
ထိုအကြောင်းကိုပြောနေရင်း ရှီရာ၏ ခရမ်းရောင် မျက်လုံးများ အရောင်လက်ခနဲ ဖြစ်သွားသည်။
“ အားလုံး လက်ခံရပြီးပါပြီ။သတ္တုရိုင်းအပြုန်း ပြဿနာကို မင်းဘယ်လို ဖြေရှင်းခဲ့လဲ ဆိုတာတော့ ငါမသိဘူး။ဒီလို အရည်အသွေးကောင်းတဲ့ သံရိုင်းတွေကို အထူးကောင်းမွန်တဲ့ လက်နက်တွေ၊ ပစ္စည်းကိရိယာတွေ လုပ်လို့ရတယ်။ ”
“ ကျုပ်သူ့ကို ပြန်ယူလာခိုင်းတာက အစိတ်အပိုင်း အသေးလေးတစ်ခုပါပဲ။အခု ကျုပ်ပိုပြီး ပြန်ယူလာတယ်။တကယ်တော့ ဒါတွေက အရင်နှစ်တွေတုန်းကရခဲ့တဲ့ သတ္တုရိုင်းအပြုန်းတွေပါ။မဟာဆရာသခင်ဆီက ဆက်ခံရရှိတဲ့ “အထူး” နည်းလမ်းကိုသုံးပြီးတော့ ကျုပ်ဒါတွေ အကုန်လုံးကို ကိုင်တွယ်ခဲ့တယ်။အခုဆိုရင် မိုင်းတွင်းတွေမှာ သတ္တုရိုင်းအပြုန်း လုံးဝမရှိတော့ဘူး။အကုန်လုံးက အရည်အသွေးမြင့် သတ္တုရိုင်းတွေပဲ။ဒါပေမဲ့ မြေအောက်ကိုတော့ သွားလို့မဖြစ်ဘူး။အခုလက်ရှိမှာတော့ နှစ်ထောင်ချီ စုဆောင်းထားတဲ့ ‘သတ္တုရိုင်းအပြုန်း’တွေက ကျုပ်တို့အတွက် အသုံးပြုဖို့ လုံလောက်ပါတယ်။ ”
ပြောရသည်မှာ လွယ်ပေသည်။သို့သော်လည်း အမှန်တကယ်၌ ချန်လွေ့သည် နတ်ဆိုးအရှင်သခင် တစ်ယောက်ကို သတ်ပစ်ခဲ့၏။၎င်းမှာ အမှန်ပင် “အထူး” နည်းလမ်းတစ်ရပ်ပင် ဖြစ်သည်။
ရှီရာ အလွန်ပျော်ရွှင်သွားသည်။
“ မင်း အများကြီး လုပ်ခဲ့ပြီးပြီပဲ။ငါမင်းကို ကောင်းကောင်း ဆုချချင်တယ်။ ”
“ ကျုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ပြောပြလို့ မပြီးသေးပါဘူး။ တော်ဝင်မင်းသမီး။မလောပါနဲ့။ ”
ချန်လွေ့ ရယ်ရင်း ပြောလိုက်သည်။
“ လွန်ခဲ့တဲ့ ၂နှစ်လောက်တုန်းက ပျောက်ကွယ်သွားတဲ့ မိုင်းတွင်းအရာရှိဟောင်း တင်ကို တော်ဝင်မင်းသမီး မှတ်မိသေးလား။ ”
ရှီရာ ခေါင်းညိတ်လိုက်သည်။ချန်လွေ့ ဆက်ပြောသော စကားများသည် ရှီရာအား အံ့ဩသွားစေ၏။
“ တင် မသေခဲ့ဘူး.... ”
ချန်လွေ့ပြောသည့်အတိုင်းဆိုလျှင် တင်သည် လွန်ခဲ့သော ၂နှစ်က အကွက်ဆင်ခံရပြီး မြေအောက်ရှိ ကြောက်မက်ဖွယ်ရာ နတ်ဆိုးသားရဲများဖြစ်သော မယ်ဒူဆာများနှင့် ဆုံတွေ့ခဲ့သည်။တင်သည် မယ်ဒူဆာတို့၏ အကျဉ်းချခြင်းကို ခံခဲ့ရသည်။တင်သာ ကံကောင်း၍ မယ်ဒူဆာတစ်ယောက်နဲ့ လက်မထပ်ဖြစ်ခဲ့လျှင် သေသွားမည်ဖြစ်သည်။ ယခင်နှစ်များ၌ တင်သည် ထွက်ပြေးရန် နည်းလမ်းတစ်ခု ကြိုးစားရှာဖွေနေခဲ့သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် မရှာတွေ့နိုင်ခဲ့ပေ။
အဓိကတွင်းထဲသို့ ကျသွားသော မိုင်းသားများကို အသီနာနှင့် ချန်လွေ့တို့ သွားကယ်သည့်အခါ မယ်ဒူဆာနှင့် ပြိဿတို့ တိုက်ခိုက်နေသည်နှင့် ကြုံတွေ့ခဲ့ရသည်။ မိန်းမဖြစ်သူ၏အကူအညီဖြင့် တင် လွတ်မြောက်လာခဲ့သည်။ဖရိုဖရဲဖြစ်နေသည့်ကြားမှ ထွက်ပြေးနေရင်း တင်သည် ချန်လွေ့တို့နှစ်ယောက်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားခဲ့သည်။သူတို့သုံးယောက်သည် မြေအောက်လောကမှ အတူတူထွက်ပြေးခဲ့ကြသည်။
သို့သော်လည်း တင်၏မိန်းမသည် နတ်ဆိုးဘုရင်အဆင့် ဖြစ်သောကြောင့် ချိပ်ပိတ်ကို မကျော်ဖြတ်နိုင်ခဲ့ပေ။လက်ရှိ၌ တင်သည် ရှီလန်တောင် တစ်နေရာ၌ ပုန်းအောင်းနေသည်။ ရှီလန်တောင်ရှိ သူခိုးဓားပြများ၏ အခြေအနေကိုလည်း ချန်လွေ့ ရှင်းပြခဲ့သည်။နဂိုမူလ သူခိုးဓားပြ ခေါင်းဆောင်များသည် အချင်းချင်းသတ်ကြ သို့မဟုတ် အဆိပ်မိကုန်ပြီး အားလုံးသေသွားကြသည်။ သူခိုးဓားပြခေါင်းဆောင် စနိုးဒင်တစ်ယောက်တည်းသာ ကျန်တော့သည်။ချန်လွေ့သည် စနိုးဒင်ကို အဆိပ်ခတ်ချင်ခဲ့သည်။သို့သော်လည်း စနိုးဒင်သည် နတ်ဆိုးဘုရင်အဆင့်တစ်ယောက် ဖြစ်သောကြောင့် သဘာဝအလျောက် သတိရှိနေပြီး ချန်လွေ့၏အကြံအစည်ကို ရှာတွေ့သွားခဲ့သည်။အက်ဂ်ယော၏အကူအညီကြောင့်သာမဟုတ်လျှင် ချန်လွေ့၊တင် နှင့် အသီနာတို့အားလုံး စနိုးဒင်လက်ထဲ၌ သေဆုံးခဲ့ကြမည် ဖြစ်သည်။သို့သော် အက်ဂ်ယောလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး လက်ရှိတွင် အရိပ်နက်အင်ပါယာရှိ လိုင်ရာမြို့၌ ပုန်းအောင်းကာ ဒဏ်ရာကုသနေလေသည်။
“ အဲဒီ အက်ဂ်ယော... ”
ရှီရာ မသင်္ကာဖြစ်နေသည်။
“ အဲဒီရက်ပိုင်း သူက မင်းနဲ့အတူ ရှိနေတယ်ဆိုတာ သေချာလား။ ”
ချန်လွေ့ ခေါင်းညိတ်လိုက်၏။
“ အရတ်စ်နဲ့သူ ယှဉ်ပြိုင်တိုက်ခိုက်ပြီးတော့ သူ့ကိုကျုပ်အပ်နှင်းထားတာတွေကို တော်ဝင်မင်းသမီးဆီ ပေးပြီးတော့ ရှီလန်တောင်ဆီ ပြန်လာခဲ့တယ်။သူက နှောက်ယှက်ခံရတာကို သဘောမကျဘူး။တစ်ခါတစ်လေ တစ်ယောက်တည်း လေ့ကျင့်နေပေမဲ့ လိုအပ်တဲ့အချိန်တော့ ပေါ်လာတယ်။ ”
ရှီရာသည် အက်ဂ်ယော ထွက်ပေါ်လာသည်အချိန်ကို သေသေချာချာ တွက်ချက်ကြည့်လိုက်သည်။ဘယ်ဇီဘတ် မိသားစု ပေါ်ထွက်လာသောအချိန်၌ သူတို့သည် အမှန်တကယ် တိုက်ခိုက်နေခဲ့သည်။သူတို့သည် တစ်ယောက်တည်း မဖြစ်နိုင်ပေ။ရှီရာ၏အမူအရာ အနည်းငယ် မကြည်မလင်ဖြစ်သွားသည်။ရှီရာသည် “အက်ဂ်ယော”အား သံသယအများအပြားရှိနေကြောင်း ချန်လွေ့သိသည်။ ကံကောင်းစွာပင် သူသေချာပြင်ဆင်ထားခဲ့သည့်အတွက် အခြေအနေကို အပြစ်အနာအဆာမရှိ ကိုင်တွယ်နိုင်ခဲ့သည်။
မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် ချန်လွေ့သည် အသီနာ၏ စွမ်းအားအစစ်အမှန်ကို မပြောပြခဲ့ပေ။ယခုတွင် အသီနာသည် ပြိုင်ကွင်း၏ မြေအောက်ခန်းထဲ၌ အနားယူနေ၏။ဗာဆာရှာ ပြောသည့်အတိုင်းဆိုလျှင် ရွိုင့်စ်သည် လိပ်ပြာနီနယ်မြေကို သုံးလေးကြိမ် လှည့်ပတ်ပြီးနောက် မိစ္ဆာမျက်ရည်ပြာကို ရရှိခဲ့ပြီးဖြစ်သည်။သူသည် အမှောင်လမြို့သို့ အမြန်ပြန်လာနေပြီး ယနေ့ည ပြန်ရောက်လာနိုင်သည်။
ချန်လွေ့၏ “နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး”အပေါ် [ အထူးစိစစ်မှု ] သည် စတင်နှေးကွေးလာသည်။[ အထူးစိစစ်မှု ] တစ်ခါလျှင် ၁% မှ ၂% အထိ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။သို့သော်လည်း ယခု၌ နှစ်ခေါက် ခွဲခြမ်းစိတ်ဖြာမှ ၁%သာ ဖြစ်နိုင်တော့သည်။မိစ္ဆာမျက်ရည်ပြာဖြင့်ဆိုလျှင် ခွဲခြမ်းစိတ်ဖြာမှု အကြိမ်အရေအတွက် တိုးလာနိုင်သည့်အပြင် မိမိ၏ စွမ်းအားအဆင့်ကို ဖုံးကွယ်နိုင်သည့် အထူးအာနိသင်တစ်ခု ရရှိမည်ဖြစ်၏။၎င်းမှာ အသီနာနှင့် အံကိုက်ပင် ဖြစ်သည်။
“ ဝတ်ရုံဂိုဏ်းကနေ ကျုပ်ပို့လိုက်တဲ့စာကို မှတ်မိလား။ရှီလန်တောင်ဆီကို တပ်ဖွဲ့တွေ လွှတ်ဖို့ အစီအစဉ်ကို ဆွဲဆန့်ခိုင်းတာလေ။အချိန်ကောင်းမရောက်သေးလို့။ကျုပ် သိထားရသလောက်ဆိုရင် စနိုးဒင်က သန္ဓေပြောင်း မဟာနတ်ဆိုးပဲ။သူ့ရဲ့စွမ်းအားက နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းမှာ ရှိတယ်။သူက လေမှော်ပညာကို ကျွမ်းကျင်တယ်။တော်ဝင်မင်းသမီးမှာ စနိုးဒင်ကို အနိုင်ယူနိုင်ဖို့ စိတ်ချရတဲ့လူတစ်ယောက်ရှိမယ်ဆိုရင် ဒီအကြံအစည်ကို စတင်လို့ရပြီ။ ”
ရှီရာ ခဏညည်းလိုက်ပြီး ခေါင်းညိတ်သည်။
“ ဟမ့်။တကယ်တော့ အဲဒီသူကို မင်းလည်းသိပါတယ်။အဲဒါက ခါဂူရွန်ပဲ။ ”
ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားသည်။[ သရုပ်ခွဲမျက်လုံး ] ၌ ခါဂူရွန်၏စွမ်းအားသည် အမြင့်ဆင့်နတ်ဆိုးသာဖြစ်သည်။သန္ဓေပြောင်း သွေးမျိုးဆက် ရှိသူတစ်ယောက် မဟုတ်ပေ။
သူက တကယ်ပဲ စနိုင်းဒင်ကို ယှဉ်နိုင်မှာလား။
ဒါပေမဲ့ သူက ရှီရာရဲ့ အယုံကြည်ရဆုံး အင်ပါယာအစောင့် ခေါင်းဆောင်ဆိုတော့ သူ့မှာ တစ်ခုခု ထူးခြားတာ ရှိရမယ်။
“ ခါဂူရွန်နဲ့ သူရဲ့ညီမမှာ အထူးသန္ဓေပြောင်းစွမ်းရည်တစ်ခု ရှိတယ်။အဲဒါက သာမန်မဟာနတ်ဆိုးတွေနဲ့ ဆန့်ကျင်ဘက်ပဲ။သူတို့က စွမ်းအားတွေ သိုလှောင်ဖို့အတွက် တိုက်ပွဲအသွင်ပြောင်းထားလေ့ရှိတယ်။သာမန်အသွင်ပြောင်းလိုက်မယ်ဆိုရင် တိုက်ပွဲမှာ မယုံနိုင်စရာ စွမ်းအားတွေကို ထုတ်နိုင်တယ်။ခါဂူရွန်နဲ့ ခါဂူလီတို့က နတ်ဆိုးဘုရင်အဆင့်တွေပဲ။ဒါပေမဲ့ သူတို့က အဲဒါကို လွယ်လွယ်နဲ့ မထုတ်ပြဘူး။ခါဂူရွန်ရဲ့တာဝန်က နန်းတော်ကို စောင့်ရှောက်ဖို့။ခါဂူလီက အဲလစ်ကို ကာကွယ်ဖို့။ဒါပေမဲ့ သူတို့တကယ် တိုက်ခိုက်ရမယ် ဆိုရင်တော့ သူတို့တွေ သေသေချာချာ ဖုံးကွယ်ထားဖို့လိုမယ်။ပြီးတော့ စနိုးဒင်ကို ဘာသဲလွန်စမှ ပေးမြင်လို့ မဖြစ်ဘူး။ ”
ထိုကဲ့သို့ ဆန့်ကျင်ဘက် ပုံစံရှိသော မဟာနတ်ဆိုး သန္ဓေပြောင်းပါရမီကို ယခုမှ ချန်လွေ့ ကြားဖူးခြင်း ဖြစ်သည်။သူတို့သည် တိုက်ခိုက်ရေးစွမ်းအားကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်သည်ဟု ယူဆ၍ရသည်။သို့သော်လည်း ရှီရာ၏နောက်ဆုံးစကားမှာ မလိုအပ်ပေ။အကြောင်းရင်းမှာ စနိုးဒင်သည် ချန်လွေ့၏ ထိန်းချုပ်မှုအောက် ရောက်နှင့်နေ၍ ဖြစ်သည်။
“ တော်ဝင်မင်းသမီး ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”
ရှီရာက မိမိကို ဤကဲ့သို့အဆင့် လျို့ဝှက်ချက်အား ပြောပြခြင်းမှာ မိမိသည် ခါဂူရွန်နှင့် ဂါ့စ်ကဲ့သို့ လူယုံတစ်ယောက်နီးပါး ဖြစ်လာပြီဟု ဆိုလိုကြောင်း ချန်လွေ့ သဘောပေါက်လိုက်သည်။ကျေးဇူးတုံ့ပြန်ရန်အတွက် ချန်လွေ့ ချက်ချင်းပြောလိုက်၏။
“ ဒါဆိုလည်း တော်ဝင်မင်းသမီးကို ကျုပ် ကြိုတင်ပြီး ဂုဏ်ပြုထားလိုက်ပါ့မယ်။အခုက ငြိမ်ဝပ်ပိပြားရေး အရာရှိရာထူးကို ပြန်ယူဖို့အချိန်ပဲ။ ”
ထိုသို့ ချန်လွေ့ ပြောလိုက်သည်နှင့် ရှီရာ၏မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လက်ခနဲဖြစ်သွားတော့သည်။