စကိုင်း၏ မှော်သားရေချပ်ကာ
Vol. 13 Ch. 188
ကောင်စီခန်းမမှ ချန်လွေ့ ထွက်လာသည့်အခါ ညအချိန် ရောက်နေပြီဖြစ်သည်။ ချန်လွေ့သည် အပြင်ဝင်းရှိ အဲဒက်စ် စမ်းသပ်ခန်းဆီသို့ မသွားဘဲ ပြိုင်ကွင်းဆီသို့ လမ်းလျှောက်သွားလိုက်သည်။
ယနေ့ည လရောင်သည် အလွန်တောက်ပနေပြီး ယခင်ကထက် အနည်းငယ်ပိုအေးနေသည်။သို့သော်လည်း ချန်လွေ့အပေါ်သို့ ကျရောက်လာသော အေးစက်စက် ခရမ်းရောင်သည် ချန်လွေ့အား ပူလောင်သော စိုးရိမ်မှုတစ်ခုကို ဖြစ်စေသည်။ထိုလက္ခဏာများသည် ယခင်နေ့ရက်များထက် အနည်းငယ် ပို၍ဆိုးရွားလာသည်။
ချန်လွေ့သည် စိတ်တည်ငြိမ်ခြင်း ဖော်မြူလာကို ရွတ်လိုက်ရာ စိတ်နှလုံးထဲ၌ အနည်းငယ် ပိုမိုတည်ငြိမ်သွားပြီး ပိုမိုကောင်းသွားသည်။ချန်လွေ့သည် ထိုစိတ်တည်ငြိမ်ခြင်း ဖော်မြူလာကို ကိုယ်တိုင်ရှာတွေ့သွားခဲ့သည်။၎င်းသည် တရားရှုမှတ်ခြင်း ခံစားချက်ကို အလျင်အမြန် ရှာတွေ့စေသော စိတ်အသုံးချ နည်းစနစ် တစ်မျိုးဖြစ်သည်။ “ ရေခဲလို အေးတဲ့စိတ်။ကောင်းကင်ပြိုရင်တောင် မကြောက်တဲ့စိတ် ” စသည့် စကားစုများကို ရွတ်ရန်မလိုသော်လည်း ၎င်း၏အကျိုးကျေးဇူးများမှာ မဆိုးလှပေ။၎င်းသည် ယခင်နေ့ရက်များတွင် လေ့ကျင့်ရေးကွင်း၌ ကြိုးပမ်းအားထုတ်မှုရလာဒ်ကြောင့် ဖြစ်သည်။
ယခုတွင် ကြယ်တာရာကူးပြောင်းခြင်း တိုးတက်နှုန်းမှာ ၁၂% ရှိပြီဖြစ်သည်။ထို့ပြင် ၁၂ရက် အချိန်ကုန်ဆုံး သွားခဲ့လေပြီ။ကြယ်တာရာကူးပြောင်းခြင်းသည် တစ်သမတ်တည်း မတိုးတက်တော့ကြောင်း ချန်လွေ့ ရှာဖွေတွေ့ရှိသွားသည်။တစ်ခုခု မတည်မငြိမ်ဖြစ်မှုအတိုင်း မြန်နိုင် နှေးနိုင်သည်။ယခုတွင် ချန်လွေ့သည် “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” တစ်ဝက်ကျော်ကို ထိန်းချုပ်နိုင်ပြီး ဖြစ်သည်။ထို့ပြင် [ စိတ်သန့်စင်ခြင်း ] ၏ သက်ရောက်မှုနှင့်အတူ ကြယ်တာရာ ကူးပြောင်းခြင်း တိုးတက်နှုန်းသည် နှေးကွေးသွားဟန်တူသည်။
သို့သော်လည်း ထိုနှေးကွေးမှုသည် ဆက်စပ်နေကြောင်း ချန်လွေ့သိသည်။ ကြယ်တာရာကူးပြောင်းခြင်း စုစုပေါင်းကြာချိန်မှာ ရက်၁၀၀ဖြစ်သည်။လက်ရှိ နှေးကွေးမှုသည် အနာဂတ်၌ မြန်ဆန်ခြင်းကို ဆိုလိုပေသည်။ထို့ပြင် အန္တရာယ်နှင့် ခုခံရမည့်အခက်အခဲ ပိုများလာမည်ကိုလည်း ဆိုလိုသည်။သို့သော် ယခုအတွက် ချန်လွေ့သည် ထိုကဲ့သို့သာ ပြုလုပ်ရပေမည်။အကြောင်းရင်းမှာ “နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး”ကို အဖြေရှာရန်နှင့် [ စိတ်သန့်စင်ခြင်း ] ကို ထပ်မံတိုးတက်စေရန် အချိန်ပိုလိုအပ်၍ဖြစ်သည်။[ စိတ်သန့်စင်ခြင်း ] သို့မဟုတ် အဆောင်ပစ္စည်းကို ခွဲခြမ်းစိတ်ဖြာစစ်ဆေးခြင်းကို လက်လျော့၍ မဖြစ်နိုင်ပေ။ထိုသို့သာဆိုလျှင် ချန်လွေ့သည် ရက်၁၀၀ မပြည့်ခင်မှာပဲ အသိစိတ် ဆုံးရှုံးသွားရမည် ဖြစ်သည်။
ချန်လွေ့သည် ဝတ်ရုံတစ်ခု ဝတ်ဆင်ပြီး ပြိုင်ကွင်းထဲသို့ လမ်းလျှောက်သွားသည်။သူသည် စွမ်းအားထုတ်ပြီး ပြိုင်ကွင်းဆီသို့ အမြန်ဆုံးပြေးသွားနိုင်သည်။သို့သော်လည်း လရောင်သည် အန္တရာယ်ရှိသော လွှမ်းမိုးမှုများကို ပိုမိုဆိုးဝါးစေကြောင်း ချန်လွေ့သိသည်။သူသညည် ဤအခွင့်အရေးကို အသုံးချပြီး စိတ်ကိုဆက်လက်လေ့ကျင့်ချင်သည့်အတွက် အလျင်မလိုပေ။သာမန်သာ လမ်းလျှောက်သွားပြီး လရောင်၏ မသက်မသာဖြစ်မှုအား စိတ်တည်ငြိမ်ခြင်း ဖော်မြူလာနှင့် အဆက်မပြတ် တိုက်ခိုက်နေတော့သည်။
နတ်ဆိုးဘုံရှိ ညပွဲလမ်းသဘင်သည် မစည်ကားသော်လည်း ညပိုင်းအပြင်ထွက်သူ အများအပြားရှိသည်။လူစည်သော အရက်ဆိုင်များနှင့် လမ်းများကဲ့သို့ နေရာများ၌ မှင်စာများသည် ထူးထူးဆန်းဆန်းပစ္စည်းများ ရောင်းချနေပြီး အမှောင်လူပုများနှင့် သေရွာပြန်များက ညဆိုင်များ ထောင်နေကြသည်။အထူးသဖြင့် လမ်းဘေးရှိ ကဝေမများသည် လူများကို မြူဆွယ်နေကြပြီး အထိန်းအချုပ်လွတ်အောင် ပြုလုပ်နေကြသည်။ထိုကဲ့သို့ ဆွဲဆောင်မှုနောက်ကွယ်၌ ကြောက်မက်ဖွယ်ရာ ထောင်ခြောက်တစ်ခု ရှိနေနိုင်သည်။စိတ်ကူးယဉ်ဆန်ဆန် တွေ့ဆုံမှုဖြစ်မည်လား၊ အိပ်မက်ဆိုးဖြစ်မည်လား ဆိုသည်မှာ ထိုသူ၏ စွမ်းအားပေါ်၌ မူတည်လေသည်။ အမှောင်လမြို့သည် အလွန်ကျယ်ပြန့်လှသည်။ထိုလူများ ဖြန့်ကျက်နေမှုများသည် အလွန်ကျဲလှသည်။အချို့နေရာများတွင် ကွက်လပ်ဖြစ်နေပြီး ကျောချမ်းစရာကောင်းလှသည်။အချို့နေရာများမှာတော့ စည်ကားလျက်ရှိသည်။ဤသည်က ချန်လွေ့အား ညဈေးတည်ထောင်ရန် အကြံတစ်ခုကို တွေးမိသွားစေသည်။
နတ်ဆိုးသုံးလေးယောက်သည် ဓားများကိုဝှေ့ရမ်းပြီး မိန်းကလေးနှစ်ယောက်အား ဝိုင်းရံထားသည်ကို ချန်လွေ့ မြင်လိုက်ရသည်။သူတို့သည် ကျယ်လောင်စွာ ခြိမ်းခြောက်နေကြသည်။ချန်လွေ့သည် မိန်းကလေး နှစ်ယောက်ကို ဖြတ်ခနဲကြည့်လိုက်သည်။သူတို့နှစ်ယောက်လုံး၏မျက်နှာ၌ ဇာမျက်နှာလွှား ဖုံးအုပ်ထားကြပြီး အမှောင်နတ်သူငယ်များ ဖြစ်ဟန်တူသည်။သူတို့သည် အသက် ၁၆၊၁၇ သာရှိသေးသော ညီအစ်မများ ဖြစ်ပုံရသည်။အရပ်ပိုမြင့်သော အစ်မဖြစ်သူသည် ညီမဖြစ်သူကို ကာကွယ်ပေးနေသည်။သူတို့ အလွန်ကြောက်လန့်နေပုံပေါ်သည်။ မနီးမဝေး၌ အမှောင်နတ်သူငယ်အိုကြီးတစ်ယောက် မြေပေါ်တွင် လဲနေပြီး သတိလစ်နေဟန်တူသည်။
ထိုကဲ့သို့ကိစ္စမျိုးသည် အမှောင်လနယ်မြေ၌ နေ့တိုင်းနီးပါး ဖြစ်ပျက်နေကြသည်။ ဓားဝှေ့ရမ်းနေသူတွင် နောက်ခံတစ်ခုခု ရှိပုံရသည်။အစပိုင်း၌ အနီးအနားတွင် နတ်ဆိုးအချို့ရှိသည်။သို့သော်လည်း ထိုအခြေအနေကို မြင်သည့်အခါ ပြဿနာကို မဖိတ်ခေါ်မိစေရန်အတွက် သူတို့အားလုံး ပုန်းရှောင်သွားကြသည်။
အမှောင်နတ်သူငယ် မိန်းကလေးနှစ်ယောက်၏ ဝတ်စားပုံမှာ ရင်းနှီးပုံရသည်ဟု ချန်လွေ့ ခံစားလိုက်မိသည်။ချန်လွေ့ ရုတ်တရက် မှတ်မိသွားသည်။ သူတို့က ဝတ်ရုံဂိုဏ်းမှာရှိတဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ အမှောင်နတ်သူငယ် စကိုင်းရဲ့ သမီးနှစ်ယောက် မဟုတ်လား။အိဗ် နဲ့ အလျန် တို့ပဲ။မြေပေါ်မှာ လဲနေတဲ့ အမှောင်နတ်သူငယ်က... စကိုင်းဖြစ်မယ်။
မိန်းကလေးနှစ်ယောက်ကို ဝိုင်းထားသည့် နတ်ဆိုးများထဲ၌ အစွမ်းထက်ဆုံးမှာ အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်း ဖြစ်သည်။စကိုင်း၏ စွမ်းအားများမှာ အနည်းဆုံး မဟာနတ်ဆိုးဘုရင်အဆင့်ဖြစ်သည်။ သူဘာလို့ ဒီလိုအားနည်းတဲ့ ရန်သူတွေကို အနိုင်ယူပြီးတော့ သူ့ရဲ့သမီးနှစ်ယောက်ကို အန္တရာယ်ကနေ မခေါ်ထုတ်သွားရတာလဲ။
ချန်လွေ့သည် စကိုင်း၏ဒဏ်ရာကို တွေးမိလိုက်ပြီး တစ်ခုခု သဘောပေါက်သွားဟန်တူသည်။ထိုအချိန်၌ ရုပ်ဆိုးဆိုးနွားတစ်ပိုင်းတစ်ကောင်က အိဗ်၏ ဇာမျက်နှာလွှားကို ဆွဲယူလိုက်သည်။အိဗ်လည်း ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ဇာမျက်နှာလွှား ပြဲသွားပြီး အိဗ်၏ မျက်နှာအသွင်အပြင် ပေါ်လာသည်။သူ၏မျက်နှာအသွင်အပြင်မှာ လှပသော်လည်း မျက်နှာပေါ်၌ ရုပ်ဆိုးဆိုး အကွက်အများအပြားရှိနေသောကြောင့် ရုပ်ဆိုးပုံပေါက်နေသည်။
နတ်ဆိုးအချို့ ကြက်သေသေသွားပြီးနောက် ချက်ချင်းပင် ကျိန်ဆဲတော့သည်။အိဗ်သည် မျက်နှာကို ဖုံးအုပ်ထားလိုက်သည်။နတ်ဆိုးတစ်ယောက်က အခွင့်အရေးကို အသုံးချပြီး အလျန်အား ဆွဲကိုင်လိုက်သည်။ချန်လွေ့လည်း ရပ်ကြည့်မနေနိုင်တော့ပေ။ မျက်နှာဖုံးတပ်ပြီး မိန်းကလေးနှစ်ယောက်အရှေ့၌ ချက်ချင်း ပေါ်ထွက်လာလိုက်သည်။ သူသည် အလျန်ကို ဖမ်းထားသည့် သေရွာပြန်အား ကန်ထုတ်လိုက်သည်။
“ ဒီလူက ဘယ်ကရောက်လာတာလဲ။ငါတို့ရဲ့ကိစ္စကို လာဝင်ရှုပ်ရဲတယ်လား။ ”
ချန်လွေ့သည် အမြင့်ဆင့်နတ်ဆိုး အငွေ့အသက်များကို ထုတ်လွှတ်နေသော်လည်း ခေါင်းဆောင်ဖြစ်သော အမြင့်ဆင့်နတ်ဆိုးသည် နောက်မဆုတ်ပေ။သူသည် အလွန်ပင် စိတ်ကြီးဝင်နေပုံရသည်။
“ အိဗ်။ဘာတွေဖြစ်နေတာလဲ။ ”
ထိုလူသည် မိမိကို သိနေလိမ့်မည်ဟု အိဗ် မထင်မှတ်ထားခဲ့ပေ။အိဗ် ထိတ်လန့်နေစဉ်တွင် အလျန်၏ မျက်လုံးများ တောက်ပသွား၏။သူသည် ချန်လွေ့ကို သေသေချာချာ မှတ်မိသည်။အလျန် ပြောလိုက်သည်။
“ ဆာ။ကျွန်မအဖေက ကျွန်မတို့ကို လမ်းလျှောက်ထွက်ဖို့ခေါ်လာတာ။ပြီးတော့ ဒီခြိမ်းခြောက်ငွေညှစ်တဲ့ လူတွေနဲ့ တွေ့သွားခဲ့တယ်။အဖေ့ရဲ့ ရောဂါက တိုက်တိုက်ဆိုင်ဆိုင် ထလာခဲ့တယ်.... ”
“ စကားများမနေနဲ့။ ”
အမြင့်ဆင့်နတ်ဆိုးသည် ချန်လွေ့ ထုတ်လွှတ်သော စွမ်းအားများကို စတင်ကြောက်လန့် လာသည်။သူ သရော်ပြုံးပြုံးလိုက်သည်။
“ ဒီမိန်းကလေးနှစ်ယောက်က ချာချာရောင်းတဲ့ ပူရီကိတ်နှစ်တုံး စားခဲ့တယ်။အဲဒါကြောင့် သူတို့တွေ သလင်းကျောက်နက်ဒင်္ဂါး နှစ်ပြားပေးရမယ်။မင်းက ခုနကတုန်းက ငါ့ညီအစ်ကိုကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်။အဲတော့ မင်းလည်း အနည်းဆုံး သလင်းကျေက်နက်ဒင်္ဂါး ၈ပြားပေးရမယ်။စုစုပေါင်း သလင်းကျောက်နက်ဒင်္ဂါး ၁၀ပြား။ငါတို့က ဂေါ်ဖင်းဂိုဏ်းကနော်။အစောင့်တွေတောင် ငါတို့ကိစ္စကို ဝင်မပါရဲဘူး။မင်း စဉ်းစားတတ်တယ်ဆိုရင် ပိုက်ဆံပေး။ ”
အလျန်၏အသံ ထွက်လာသည်။
“ အလကားစားကြည့်လို့ရတယ်လို့ ဦးလေးပဲ ခုနက သေချာပြောခဲ့တာလေ။ ကျွန်မကိုတောင် ဦးလေးက အရင်စပြီး ကမ်းပေးတာ။ပြီးတော့ သလင်းကျောက်ဖြူဒင်္ဂါး တစ်ပြားပဲပေးရမယ်လို့ ဦးလေးပဲ ပြောခဲ့တာလေ။ ”
ချာချာအမည်ရသော အမှောင်လူပုက ခုန်ပေါက်ပြီး အော်ပြောလိုက်သည်။
“ သလင်းကျောက်နက်ဒင်္ဂါး တစ်ပြားလို့ ငါသေသေချာချာ ပြောခဲ့တယ်လေ။ အလကားမြည်းကြည့်လို့ရတယ်လို့ ဘယ်သူပြောလဲ။ ”
ချန်လွေ့သည် အခြေအနေကို သဘောပေါက်သွားသည်။စကိုင်းသည် သမီးနှစ်ယောက်နှင့်အတူ လမ်းလျှောက်ထွက်နေရင်း ခြိမ်းခြောက်ငွေညှစ်ခံရသည်။ စကိုင်းသည် ထိုလူများကို လုံးဝအာရုံမထားခဲ့ပေ။သို့သော်လည်း သူ၏ဒဏ်ရာဟောင်းသည် အရေးကြီးသောအခိုက်အတန့်၌ ထလာခဲ့သည်။ ကံဆိုးသွားခဲ့သည်ဟု ပြော၍ရပေသည်။
ချန်လွေ့သည် ကမ္ဘာမြေ၌ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသော အဖြစ်အပျက်တစ်ခုကို သတိရလိုက်သည်။ချန်လွေ့ ကောလိပ်တက်နေစဉ်က သူနှင့် အတန်းဖော် တစ်ယောက်သည် လမ်းပေါ်၌ သုံးဘီးတွန်းကာ သစ်ကြားသီးကိတ် ရောင်းနေသော ရှင်းကျန်းလူမျိုးတစ်ယောက်နှင့် ဆုံတွေ့ခဲ့သည်။ထိုသူသည် အစပိုင်း၌ ၅၀၀ဂရမ်လျှင် ၅ယွမ်ကျမည်ဟု ပြောခဲ့သည်။ထို့ကြောင့် ချန်လွေ့သည် ၅၀၀ဂရမ် ဝယ်ချင်ခဲ့သည်။ အဆုံး၌ ထိုသူသည် ၂.၅ ကီလိုဂရမ် လေးသော ကိတ်မုန့်တစ်တုံးကို လှီးဖြတ်ခဲ့သည်။ သို့သော်လည်း ဈေးနှုန်းသည် ရုတ်တရက်ပင် ၅၀ဂရမ်ကို ၅ယွမ် ဖြစ်သွားသည်။ထို့ကြောင့် ၅၀၀ဂရမ်လျှင် ယွမ်၅၀ ဖြစ်သွားပြီး ၂.၅ကီလိုဂရမ်အတွက် ယွမ်၂၅၀ ကျသင့်မည်ဖြစ်သည်။
ချန်လွေ့နှင့် အတန်းဖော်တို့သည် ယွမ်၂၅၀ ပေးရန် ငြင်းဆန်ခဲ့သည်။ရလာဒ်အနေဖြင့် ရှင်းကျန်းလူမျိုးသည် အပေါင်းအပါများကို ခေါ်ခဲ့သည်။သူတို့အားလုံးသည် ဓားများ ကိုင်ဆောင်ထားကြပြီး အတင်းဝယ်ခိုင်းကြသည်။တစ်ဖက်က အင်အားများနေသည့် အတွက် ချန်လွေ့နှင့် အတန်းဖော်တို့သည်လည်း ကံမကောင်းသည်ဟူ၍သာ လက်ခံရတော့သည်။သူတို့နှစ်ယောက်တွင် ပိုက်ဆံအများကြီး မရှိပေ။ရှိသည့်ယွမ်၁၀၀ အလုခံလိုက်ရတော့သည်။
ပို၍ စိတ်ရှုပ်စရာကောင်းသည်မှာ သူတို့နှစ်ယောက် ရဲတိုင်သော်လည်း ရဲသည် အဖြစ်အပျက် အပြည့်အစုံပေးပြီး ပုံမှန်အတိုင်း မှတ်တမ်းတင်ခဲ့သည်။ထို့နောက် သူတို့နှစ်ယောက်ကို ချက်ချင်း ပြန်ခိုင်းလိုက်သည်။နောက်ဆက်တွဲ မရှိပေ။ရက်အနည်းငယ် ကြာပြီးသည့်အခါ ချန်လွေ့သည် ရှင်းကျန်းလူမျိုးများကို လမ်းပေါ်၌ ပြန်တွေ့ရပြန်သည်။ ဗဟုသုတရှိသူတစ်ယောက်က ချန်လွေ့အား ပြောပြသည်။အကြောင်းရင်းအမျိုးမျိုးကြောင့် ရဲများ၌ ရွေးချယ်စရာမရှိပေ။ထိုလူများ ဓားကိုင်ဆောင်ခြင်းမှာ တရားဝင်ဖြစ်သည်။သူတို့ ရဲစခန်းထဲ ဝင်လာသည့်အခါ မန်ဒရင်းစကား မတတ်ချင် ယောင်ဆောင်သည်။အဆုံး၌ သူတို့ကို အလွယ်တကူ လွှတ်ပေးလိုက်ရသည်။တစ်ခုတည်းသောနည်းလမ်းမှာ သူတို့နှင့် ဝေးဝေးနေရန်ပင် ဖြစ်သည်။ချန်လွေ့၏ အတန်းဖော်များ၌လည်း ရှင်းကျန်းလူမျိုးများ ရှိကြသည်။ သူတို့သည် နွေးထွေး ဖော်ရွေပြီးလိုက်ရောရလွယ်သည်။သို့သော်လည်း မကြာသေးမီနှစ်များ၌ ယူဂဟာများသည် နေရာအနှံ့အပြား၌ လုယက်ခြင်း၊ ခါးပိုက်နှိုက်ခြင်းနှင့် ခြိမ်းခြောက်ငွေညှစ်ခြင်းများ ပြုလုပ်ကာ ရှင်းကျန်းလူမျိုးများ၏ ဂုဏ်သတင်းကို ပျက်ယွင်းစေခဲ့သည်။
ယခင်အတွေ့အကြုံအားတွေးမိပြီး ဝတ်ရုံဂိုဏ်း၏ရန်သူ ဂေါ်ဖင်းဂိုဏ်းနှင့်ပါ ပေါင်းလိုက်သည့်အခါ ချန်လွေ့၏စိတ်ထဲ၌ ပြင်းထန်သော သတ်ဖြတ်ချင်စိတ် ကြီးထွားလာသည်။သူ၏ခန္ဓာကိုယ် ဖျပ်ခနဲ ပျောက်သွားသည်။ခေါင်းဆောင် မဟာနတ်ဆိုး မူးဝေသွားပြီး ပါးတစ်ချက် အရိုက်ခံလိုက်သည်။ထိုရိုက်ချက်သည် ပြင်းထန်လှသည့်အတွက် လူပါလွင့်စင်သွားသည်။ထို့နောက် ပါးရိုက်သံများ သုံးလေးချက် အလျင်အမြန် ထွက်ပေါ်လာသည်။ချာချာမှလွဲ၍ မည်သူမျှ မတ်တပ်မရပ်နိုင်တော့ပေ။ သူတို့ထဲမှ အဆိုးဆုံးမှာ ခေါင်းဆောင်ဖြစ်သူ အမြင့်ဆင့်နတ်ဆိုးပင် ဖြစ်သည်။သူသည် မြေပြင်ပေါ်၌ လဲနေပြီး ခေါင်းသည် မဖြစ်နိုင်လောက်အောင် လိမ်နေသည်။ထိုပါးရိုက်ချက် တစ်ချက်ကြောင့် ဇက်ကျိုးသွားမည်မှာ သေချာပေသည်။
ချာချာ၏ခန္ဓာကိုယ် ကြက်သီးများထသွားသည်။သူ ပါးစပ်ဖွင့်လိုက်သော်လည်း စကားတစ်လုံးမျှ မပြောနိုင်ခဲ့ပေ။သူ၏ဘောင်းဘီတွင်လည်း ပူနွေးပြီး နံစော်သော အရည်များ စိုရွှဲနေလေသည်။
သူသည် ဆီးမထိန်းနိုင်သည်အထိ အမှန်တကယ်ပင် ကြောက်လန့်သွားခဲ့ပေသည်။
“ ငါ့နာမည်က အက်ဂ်ယော။မင်းရဲ့ဘော့စ် ဝစ်(ခ်) ကိုပြောလိုက်။ နောက်သုံးလေးရက်ကြာရင် ဂေါ်ဖင်း ဂိုဏ်းဆီ ငါကိုယ်တိုင်လာလည်ခဲ့မယ်လို့။ ”
‘အက်ဂ်ယော’
အမှောင်လူပုသည် သူ၏အရှေ့မှဝတ်ရုံနှင့်လူမှာ ဂေါ်ဖင်းဂိုဏ်း၏ အဆိုးဝါးဆုံး ရန်သူဖြစ်ကြောင်း သိသွားပြီး ခြေထောက်များ ပျော့ခွေကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
နောက်ဆုံး၌ စိတ်တည်ငြိမ်ခြင်း ဖော်မြူလာ အစွမ်းပြခဲ့လေသည်။ အမြင့်ဆင့်နတ်ဆိုးမှလွဲ၍ အခြားသူတစ်ယောက်မျှ မသေသွားခဲ့ပေ။ချန်လွေ့သည် လူသတ်ချင်စိတ်ကို ရုပ်သိမ်းလိုက်သည်။အလျန်လည်း စိတ်သက်သာရာ ရသွားပြီး အားပေးလိုက်သည်။
“ ဆာက အရမ်းတော်တာပဲ။ ”
ချန်လွေ့သည် အလျန်၏ခေါင်းကို ထိလိုက်သည်။ထို့နောက် ဇာမျက်နှာလွှားကို ကောက်ယူပြီး အိဗ်အား ကမ်းပေးသည်။မြေပြင်ပေါ်ရှိ စကိုင်းသည် မျက်လုံး ပွင့်နေပြီဖြစ်ကြောင်း ချန်လွေ့ တွေ့သွားသည်။သူချက်ချင်းပင် ရှေ့တက်ပြီး စကိုင်းအား ထူပေးလိုက်သည်။
စကိုင်းသည် ခုနကအခြေအနေကို မြင်ပြီးသွားပြီ ဖြစ်သည်။သူ ခါးသက်သက် ပြုံးပြီး ပြောလိုက်သည်။
“ ကျေးဇူးပါပဲ။ခေါင်းဆောင်။ခင်ဗျားကြောင့်သာမဟုတ်ရင် ဖြစ်လာမှာတွေက မတွေးရဲစရာပဲ။ ”
ချန်လွေ့ ခေါင်းခါပြီး ကိစ္စမရှိကြောင်း အမူအရာ ပြသလိုက်သည်။
“ ဒါက စကားပြောလို့ကောင်းတဲ့ နေရာမဟုတ်ဘူး။သွားကြရအောင်။ ”
အိဗ်သည် ဇာမျက်နှာလွှား ပြန်ဝတ်ဆင်လိုက်သည်။အိဗ်သည် အလျန်နှင့်အတူ စကိုင်းအား လမ်းကြားမှ ဖြည်းဖြည်းချင်း ထွက်ခွာရန် ကူညီပေးခဲ့သည်။
ချန်လွေ့ စိတ်ပြောင်းသွားပြီး ထိုသားအဖ သုံးယောက်ကို ဝတ်ရုံဂိုဏ်းဆီ လိုက်ပို့ပေးလိုက်သည်။
လူပုအိုကြီး ဒီဒီသည် သခင်ကို တွေ့ရသည့်အတွက် စိတ်လှုပ်ရှားနေသည်။ချန်လွေ့သည် ဒီဒီအား သူ၏အလုပ်များကို ကြွားရန် အချိန် မပေးဘဲ စကိုင်းတို့ သားအဖသုံးယောက်ကို သူတို့နေထိုင်သည့် ခြံဝင်းငယ်လေးထဲသို့ လိုက်ပို့ပေးလိုက်သည်။ လူပုအိုကြီးကို ပြန်လွှတ်ပြီးနောက် စကိုင်းသည် ပြန်ကောင်းလုနီးပါး ဖြစ်သွားပြီဖြစ်သည်။သူသည် ချန်လွေ့အား ထပ်မံကျေးဇူးတင်လိုက်သည်။ ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ] ၌ စကိုင်း၏စွမ်းအားသည် [ မဆုံးဖြတ်နိုင် ] မဟုတ်တော့ဘဲ [ B ] ဖြစ်သွားသည်။ ထင်ထားသည့်အတိုင်းပင် စကိုင်းသည် မဟာနတ်ဆိုးဘုရင်အဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လေသည်။
“ ဆာ-စကိုင်း အားနာနေပါပြီ။ခင်ဗျားကအခု ဝတ်ရုံဂိုဏ်းကပဲလေ။ဒီလိုအရာတွေ မလိုပါဘူး။ ”
ချန်လွေ့ စကားရပ်လိုက်သည်။
“ ကျုပ်ကို တစ်ခုလောက် မေးခွင့်ပြုပါ။ခင်ဗျားရဲ့ဒဏ်ရာကို လုံးဝကုသနိုင်တဲ့ နည်းလမ်းရှိလား။အိဗ်နဲ့ အလျန်တို့ရဲ့ ရောဂါကလည်း ပိုပိုပြီး ထိန်းချုပ်ရ ခက်ခဲလာတဲ့ပုံပဲ။မဟုတ်ရင် ခင်ဗျားတို့ကို အဲဒီလိုလူမျိုးတွေ အခွင့်အရေးယူနိုင်မှာ မဟုတ်ဘူး။ ”
ထို့သို့ပြောပြီးနောက် ချန်လွေ့သည် ဆေးရည် ၆ပုလင်း ထုတ်လိုက်သည်။နှစ်ပုလင်းမှာ ကုသဆေးရည်ဖြစ်ပြီ ကျန်လေးပုလင်းမှာ အဆိပ်ဖြေဆေးရည် ဖြစ်သည်။၎င်းတို့မှာ အဲဒက်စ် ပြုလုပ်ထားသော ဆရာသခင်အဆင့် ဆေးရည်များ ဖြစ်ကြသည်။သို့သော်လည်း ချန်လွေ့၌ ထိုကဲ့သို့ ဆေးရည် အမျိုးအစား နှစ်မျိုးပါသည့် ပုလင်း၆ပုလင်းသာ ကျန်ရှိတော့သည်။အခြားဆေးရည်များကို လဲလှယ်ဌာနမှ ရနိုင်သော်လည်း ထိုကဲ့သို့ မဟာဆရာသခင်အဆင့် ဆေးရည်များကို လွယ်လွယ် မထုတ်ဖော်သင့်ပေ။
“ ဒီဆရာသခင်အဆင့် ဆေးရည် ၆ပုလင်းက ခင်ဗျားရဲ့နာကျင်မှုကို ပျောက်ကင်းသွားစေနိုင်မှာ မဟုတ်ပေမဲ့ လက်ခံပေးပါ။ဝတ်ရုံဂိုဏ်းကို ခင်ဗျားဆက်ပြီး အကျိုးပြုနိုင်ပါစေလို့ ကျုပ်မျှော်လင့်ပါတယ်။ ”
“ ကျေးဇူးပါပဲ။ ”
စကိုင်းသည် ဆေးရည်များကို လက်မခံခဲ့ပေ။သူ ခေတ္တ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်သည်။
“ ကျုပ်က အသက်ကြီးနေပြီ။နေလည်းမကောင်းဘူး။ကျုပ်အများကြီး ကူညီနိုင်မှာ မဟုတ်ဘူး။ ”
“ ဒါဆိုရင် ခင်ဗျား ကူညီနိုင်သလောက် ကူညီလို့ရပါတယ်။ဂျက်စီက ခင်ဗျားရဲ့လမ်းပြမှုကို မှီခိုနေရဦးမှာပဲ။ ”
ချန်လွေ့သည် တစ်ဖက်လူ၏ စွမ်းအားများကို မဖော်ထုတ်နိုင်သေးပေ။လက်ရှိ၌ ထိုလျို့ဝှက်ဆန်းကြယ်သော အဘိုးကြီးသည် ဝတ်ရုံဂိုဏ်း ဘက်ခြမ်း၌ ရှိနေသေးသည်။
“ ဂျက်စီက ငါ့တပည့်ပဲ။ငါသူ့ကို လမ်းပြေပေးရမှာပေါ့။ ”
စကိုင်း မျက်မှောင်ကြုတ်လိုက်သည်။
“ ဒီနေ့ ဆာက ကျုပ်တို့သားအဖတွေကိူ ကယ်လိုက်ပြန်ပြီ။ကျုပ်က အကြွေးတင်တာ မကြိုက်ဘူး။တကယ်လို့ ဆာက ဟိုဆေးရည်နှစ်မျိုး ပမာဏကို နှစ်ဆပေးနိုင်မယ်ဆိုရင် ကျုပ်ရဲ့ အစောပိုင်းနှစ်တွေမှာ လဲလှယ်စုဆောင်းထားတဲ့ မှော်သားရေချပ်ကာ တစ်စုံ ပေးမယ်။ ”
ထိုသို့ပြောပြီး စကိုင်းသည် သားရေချပ်ကာတစ်စုံ ထုတ်လိုက်သည်။၎င်းသည် မျက်နှာပြင်ကြမ်းသည်။ ချုပ်လုပ်ရာ၌ အနုစိတ်၏။ထို့ပြင် မှော်လှိုင်း အတက်အကျဖြစ်မှု မှာလည်း အနည်းငယ်သာ ဖြစ်သည်။
“ ဒီသားရေတစ်စုံက သန္ဓေပြောင်း ချို၃ချောင်း ကြံ့သားရေနဲ့ လုပ်ထားတာ။ ရုပ်ပိုင်းဆိုင်ရာခုခံမှုကို တိုးမြှင့်ပြီးတော့ မှော်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို လျော့ကျစေတယ်။ ”
ရုပ်ပိုင်းဆိုင်ရာနဲ့ မှော်ပိုင်းဆိုင်ရာ ခုခံမှုကို တိုးမြှင့်စေတယ်လား။မှော်အစီအရင်စွမ်းရည် နှစ်ခုတောင်။ ချန်လွေ့သည် စိတ်ထဲ၌ အံ့အားသင့်သွားသည်။တော်ရီကိုယ်တိုင် မှော်စီရင်ထားသော ကြယ်နက်သံ လက်နက်များ၌ပင် သွေးဆာစွမ်းရည်တစ်ခုသာ ရှိ၏။ မြေအောက်လောက၌ ရောက်နေခဲ့စဉ်က ချန်လွေ့သည် ပြိဿများ သားရေချပ်ကာ ပြုလုပ်နေသည်ကို မြင်ခဲ့ရသည်။သို့သော်လည်း ပြိဿများသည် ချပ်ကာ ပြုလုပ်ရာ၌ မတော်ကြပေ။သူ၏ရှေ့တွင်ရှိသော သားရေချပ်ကာသည် လက်ရာ၌ဖြစ်စေ၊ မှော်အစီအရင်၌ဖြစ်စေ၊ ပေးစွမ်းသောခံစားချက်၌ဖြစ်စေ ပြိဿတို့ထက် သာလွန်နေသည်။၎င်းသည် သားရေတစ်စမဟုတ်ဘဲ အနုပညာ တစ်ခုကဲ့သို့ဖြစ်နေသည်။၎င်းသည် သာမန်ပစ္စည်း လုံးဝမဟုတ်နိုင်ပေ။