← Chapters

တင်။မိုင်းတွင်းအရာရှိဟောင်း ရုတ်တရက် ပေါ်ထွက်လာခြင်း

Vol. 13 Ch. 190

တင်။မိုင်းတွင်းအရာရှိဟောင်း ရုတ်တရက် ပေါ်ထွက်လာခြင်း

Vol. 13 Ch. 190

“ င့ါကိုယ်ပေါ်မှာရှိနေတာက ဒဏ်ရာတွေပဲမဟုတ်ဘူး။ကျိန်စာတွေလည်းပါတယ်။အိဗ်နဲ့ အလျန်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာလည်း အဆိပ်နဲ့ကျိန်စာတွေ ရှိနေတယ်။အဲဒါတွေကို သာမန်ဆေးရည်တွေနဲ့ ကုသလို့ မရဘူး။ဘာလို့လဲ၊ဘယ်လိုဖြစ်တာလဲဆိုတာတော့ ငါ့ကို လာမမေးနဲ့။မင်းသိထားရမှာက ဒီကျိန်စာကို ပယ်ဖျက်နိုင်ဖို့ ပစ္စည်းသုံးမျိုးလိုအပ်တယ်။ ”

စကိုင်း သက်ပြင်းချလိုက်သည်။

“ ဒီသုံးခုက တော်တော်လေးရှားပါးတယ်။နာမည်‌တွေကတော့ အသက်ဓာတ်ရေစင်၊စွမ်းအင်ရေစင်နဲ့ မြူနှင်းအရိပ်ပန်းတို့ပဲ။ ”

အသက်ဓာတ်ရေစင်အကြောင်း ကြားလိုက်သည့်အခါ ချန်လွေ့ စိတ်လှုပ်ရှားသွားသည်။သို့သော်လည်း ကျန်နှစ်ခုကို သူတစ်ခါမျှ မကြားဖူးပေ။သူချက်ချင်းပင် သိချင်စိတ်ဖြင့် သတိထားမေးလိုက်သည်။

“ ဒီသုံးမျိုးကို တစ်ခါတည်းသုံးမှရတာလား။ဒါမှမဟုတ် တစ်ခုစီဆိုလည်း အလုပ်ဖြစ်လား။ ”

“ အသက်ဓာတ်ရေစင်က အိဗ်နဲ့အလျန်တို့ရဲ့ အဆိပ်ကျိန်စာကို ဖယ်ရှားနိုင်တယ်။စွမ်းအင်ရေစင်နဲ့ မြူနှင်းအရိပ်ပန်းတို့က ငါ့ခနွာကိုယ်မှာရှိတဲ့ ကျိန်စာကို ဖြေနိုင်ဖို့အတွက် အဓိကသော့ချက်တွေပဲ။ဒါပေမဲ့လည်း ငါ့ရဲ့အသက်ဓာတ်စွမ်းအင်က လျို့ဝှက်နည်းစနစ် တချို့ကြောင့် ကုန်ခမ်းသွားပြီ။တကယ်လို့ မင်း အသက်ဓာတ်ရေစင်ကို ရှာပြီးတော့ ငါ့သမီးနှစ်ယောက်ကို နာကျင်မှုကနေ ကင်းလွတ်အောင် လုပ်ပေးနိုင်မယ်ဆိုရင်တော့ ငါမင်းကို ပစ္စည်းကိရိယာနှစ်ခု အရင်လုပ်ဖို့ ကူညီပေးမယ်။ ”

ချန်လွေ့ ခဏစဉ်းစားပြီး သေချာအောင်ပြုလုပ်ရန် ဆုံးဖြတ်ကာ ပြောလိုက်သည်။

“ အသက်ဓာတ်ရေစင်အကြောင်း ဆရာပြောတာ ကြားဖူးတယ်။အဲဒါက အရင်းအမြစ်ကနေ ယူသွားပြီးလို့ နာရီဝက်ကြာရင် အာနိသင်ပျောက်သွားတာ ထင်တယ်။အဲဒါကို ပြောတာလား မသိဘူး.... ”

စကိုင်း ထိတ်လန့်သွားပြီး အလွန်စိတ်လှုပ်ရှားသွားပုံရသည်။သူ အလျင်အမြန်ပြောလိုက်သည်။

“ ငါလိုနေတာ အဲလိုအသက်ဓာတ်ရေစင်မျိုးပဲ။ငါ့မှာ မှော်ပုလင်းတစ်လုံးရှိတယ်။အဲဒီထဲမှာ အသက်ဓာတ်ရေစင်ကို သုံးလလောက် သိုလှောင်လို့ရတယ်။ ”

“ ကျုပ်ကို မှော်ပုလင်းပေး။ ”

ချန်လွေ့သည် ၎င်းကိုသိသည်။သို့သော်လည်း ကြယ်တာရာဥယျာဉ်စွမ်းအားကို စကိုင်းအရှေ့၌ မဖော်ထုတ်ပြနိုင်ပေ။ထို့ကြောင့် ချန်လွေ့ ပြောသည်။

“ အသက်ဓာတ်ရေစင် ဘယ်မှာရှိလဲဆိုတာကို ကျုပ်ရဲ့ဆရာဆီမှာ ချက်ချင်း သွားမေးလိုက်မယ်။သွားမေးရုံနဲ့တော့ နှင်မထုတ်ခံရဘူးဆိုတာ သေချာပါတယ်။ ”

စကိုင်း ဘာမှမပြောဘဲ ချန်လွေ့အား ပုလင်းပစ်ပေးသည်။ချန်လွေ့သည် ဟိုက်ဒြာသားရေ တစ်စအား ဆွဲထုတိလိုက်သည်။

“ ဟိုက်ဒြာသားရေ စုစုပေါင်း နှစ်စရှိတယ်။ဒါကို ကျုပ် အပေါင်ထားတာလို့ သတ်မှတ်လို့ရပါတယ်။ပြီးတော့ ဒီဆေးရည်ပုလင်းတွေကိုလည်း အိဗ်နဲ့ အလျန်အတွက် လက်ဆောင်တွေလို့ သတ်မှတ်ပေးပါ။ဆာ။မငြင်းပါနဲ့။အလျန်ရဲ့ အဆိပ်ကျိန်စာက ခုနကပဲ ပြန်ထလာတာလေ။ပြီးတော့လည်း ခုနက သူပြောတာကို အပြစ်မတင်ပါနဲ့။သူက ကလေးပဲ ရှိပါသေးတယ်။ ”

စကိုင်းက ကျေးဇူးတင်ကြောင်း ဖော်ပြပြီး ဟန်မဆောင်နေတော့ဘဲ ခေါင်းညိတ်လိုက်သည်။

ချန်လွေ့သည် ဝတ်ရုံဂိုဏ်းမှထွက်သွားပြီး ပြိုင်ကွင်းဆီသို့ အမြန်သွားလိုက်သည်။

စကိုင်း၏ ယန္တရားဆရာသခင်ဟူသော သရုပ်မှန်သည် မမျှော်လင့်ထာားသော ရရှိမှုတစ်ခုပင်ဖြစ်သည်။သူတို့ သားအဖသုံးယောက် ကျိန်စာတိုက်ခံရသည့်အကြောင်းရင်းမှာ လုံးဝမရိုးရှင်းနိုင်ပေ။သို့သော်လည်း ယခုအချိန်သည် ၎င်းကို စုံစမ်းရန် အချိန်မဟုတ်ပေ။ချန်လွေ့သည် စကိုင်းအား အသက်ဓာတ်ရေစင် အချိန်မရွေးပေးနိုင်သည်။သို့သော်လည်း ထိုအပေးအယူ၏ အဓိကသော့ချက်မှာ ဖန်တီးပြုလုပ်ခြင်းဖြစ်စဉ်ကို ကြည့်ရှုရန်ဖြစ်သည်။လက်ရှိတွင် [ အထူးစိစစ်မှု ]၏ အရေးအကြီးဆုံး တာဝန်မှာ “နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး”အား ထွင်းဖောက်အဖြေရှာရန်ဖြစ်သည်။သားရေချပ်ကာပြုလုပ်ခြင်းစွမ်းရည်ကို “စွဲထင်”စေရန်အတွက် ထပ်တိုးစိတ်စွမ်းအားကို ထုတ်လွှတ်ရန် ချန်လွေ့သည် မျက်နှာဖုံးအား လုံးဝထွင်းဖောက်အဖြေရှာနိုင်သည့်အချိန်အထိ စောင့်ဆိုင်းရပေမည်။

ပြိုင်ကွင်းထဲတွင် မိမိကိုစောင့်နေသေု အသီနာနှင့် အခြားသူများကို ချန်လွေ့ မြင်လိုက်ရသည်။ရွိုင့်စ်သည် ညတွင်းချင်း အပြေးရောက်လာခဲ့ခြင်းဖြစ်သည်။

ယခုတစ်ခေါက်တွင် ရွိုင့်စ်သည် လိပ်ပြာနီနယ်မြေသို့ တိတ်တဆိတ် သွားခဲ့သည်။အကြိမ်များစွာ ကြိုးစားပြီး နောက်ဆုံး၌ သူသည် ရတနာပစ္စည်း မြှုပ်နှံထားသောနေရာကို ရှာတွေ့ခဲ့သည်။အဓိကသော့ချက်ဖြစ်သော သူ၏သွေးမျိုးဆက်စွမ်းအားဖြင့် လျို့ဝှက်ရတနာပစ္စည်းကို ထင်ထားသည့်အတိုင်းပင် ရရှိခဲ့လေသည်။

ရွိုင့်စ်သည် သေတ္တာတစ်လုံးထုတ်ပြီး ရိုရိုသေသေ ကမ်းလိုက်သည်။ချန်လွေ့ ဖွင့်ကြည့်သည်။၎င်းသည် ငွေလည်ဆွဲတစ်ခုဖြစ်ပြီး အလယ်တွင် အပြာရောင် ကျောက်မျက်တစ်ခု ရှိသည်။ထိုလည်ဆွဲတွင်လည်း အပြာရောင်အလင်းများ ပျံ့နှံ့နေသည်။၎င်းသည် ရိုးရှင်းပြီး တပ်မက်ဖွယ်ဖြစ်သော်လည်း ပျင်းရိခြင်း တော်ဝင်မိသားစု၏ လျို့ဝှက်ရတနာဖြစ်သော “ မိစ္ဆာမျက်ရည်ပြာ ” ဖြစ်နေသည်။

“ မိစ္ဆာမျက်ရည်ပြာ ” သည် “ အမှောင်ဆန္ဒ ” ထက် ပို၍ကြည့်ကောင်းသော်လည်း ပို၍ရှေးဆန်သော လည်ဆွဲတစ်မျိုးသာ ဖြစ်သည်။စွမ်းအား အတက်အကျဖြစ်မှုများ မရှိပေ။၎င်းသည် “ အဆောင်ပစ္စည်းပြီးလျှင် ပျင်းရိခြင်းတော်ဝင်မိသားစု၏ အကြီးမားဆုံး ရတနာပစ္စည်း ”ဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် မအပ်စပ်လှပေ။

ချန်လွေ့သည် ၎င်း၏အစွမ်းကို စမ်းကြည့်ချင်သည်။သို့သော်လည်း မည်ကဲ့သို့ပင် ကြည့်နေပါစေ ထိုလည်ဆွဲသည် မိန်းကလေးများအတွက် ဖြစ်နေသည်။ချန်လွေ့သည် သူ၏ဂုဏ်သိက္ခာကိုအကျခံပြီး အသီနာနှင့် အစေခံများအရှေ့၌ ၎င်းကို မဝတ်နိုင်ပေ။ထို့ကြောင့် သူသည် မြေအောက်ခန်းထဲ၌ သွားစမ်းကြည့်သည် ဆင်ခြေတစ်ခုခုပေးလိုက်သည်။ နောက်ဘက်မှ အသီနာ၏ရယ်သံ ထွက်ပေါ်လာခဲ့လေသည်။

မြေအောက်ခန်းသို့ ရောက်သည့်အခါ ချန်လွေ့သည် လည်ဆွဲအား ချက်ချင်း ဝတ်လိုက်သည်။ဝတ်လိုက်သည့်အချိန်၌ သူသည် မယုံနိုင်စရာခံစားချက်တစ်ခု ရရှိခဲ့သည်။အပူစီးဆင်းမှုတစ်မျိုးမျိုးက နေရာအနှံ့သို့ ပျံ့နှံ့လှည့်ပတ်သွားသကဲကသို့ ဖြစ်နေပြီး နောက်ဆုံး၌ အလယ်ဗဟိုရှိ အပြာရောင် ကျောက်မျက်ထဲသို့ ပြန်ဆုတ်ခွာသွားသည်။

ချန်လွေ့ အကြံတစ်ခု ရလိုက်သည်။သူ၏စိတ်စွမ်းအား အလျင်အမြန် အာရုံစိုက်လာသည်ဟု ခံစားရပြီး အာရုံစိုက်အမြန်နှုန်းနှင့် အရည်အသွေးမှာ ပုံမှန်ထက် ပိုသာနေသည်။ချန်လွေ့သည် ၎င်းကို ဒြပ်စက်နှလုံးသားနှင့် ပေါင်းစပ်ကြည့်ကာ [ အထူးစိစစ်မှု ] ကို အသက်သွင်းလိုက်သည်။ပုံမှန်ထွက် ပိုမိုကျွမ်းကျင်လာသည်ဟု ခံစားရသည်။အလိုအလျောက် စိစစ်မှု အသိပေးချက်၌ တစ်ရက်လျှင် အသုံးပြုရန် အရေအတွက် အကြံပြုချက်သည် “ ၂ ” မှ “ ၃ ” သို့ ပြောင်းသွားသည်။[ အထူးစိစစ်မှု ] ကို သုံးကြိမ် ပြီးစီးသွားသည့်အခါ စိတ်ပိုင်းဆိုင်ရာ ကုန်ခမ်းမှု လက္ခဏာ ပြမလာပေ။သို့သော်လည်း တစ်နာရီကျော်သည့်အခါ သူအတော်လေး ပင်ပန်းနွမ်းနယ်သွားသည်။မိစ္ဆာမျက်ရည်ပြာ၏ မှော်အစွမ်းသည် အကန့်အသတ်တစ်ခု ရှိပုံရသည်။၎င်းသည် ဒြပ်စင်နှလုံးသားလောက် မကောင်းပေ။သို့သော်လည်း စိစစ်မှုအကြိမ်အရေအတွက်တိုးရန် စိတ်စွမ်းအင် အရေးတကြီးလိုအပ်နေသော ချန်လွေ့အဖို့ ၎င်းသည် လုံးဝလက်ခံနိုင်ဖွယ်ပင် ဖြစ်လေသည်။

သုံးကြိမ် တရစပ် စိစစ်ပြီးနောက် မျက်နှာဖုံး၏ စိစစ်မှုတိုးတက်နှုန်းသည် ၂% တိုးသွားသည်။သက်ရောက်မှုမှာ မဆိုးလှပေ။ထိုအတိုင်းသာဆိုလျှင် “နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး”ကို တစ်လမပြည့်ခင်၌ပင် လုံးဝထွင်းဖောက်အဖြေရှာနိုင်မည် ဖြစ်သည်။

စွမ်းအင်ရေစင်နှင့် မြူနှင်းပန်းအတွက်ကိုမူ ချန်လွေ့သည် ရွိုင့်စ်အား ဂျိုးဆက်ပ်၏ သတင်းကွန်ရက်ကို အသုံးပြုကာ စုံစမ်းခိုင်းလိုက်သည်။၎င်းကို လောစရာ မလိုအပ်ပေ။

သုံးလေးရက် ကုန်ဆုံးသွား၏။ဘယ်ဇီဘတ် တော်ဝင်မိသားစု ပေါ်ထွက်လာပြီးနောက်တွင် အမှောင်လမြို့သို့ နောက်ထပ် ထိတ်လန့်ဖွယ် သတင်းတစ်ခု ရောက်ရှိလာသည်။

တော်ဝင်မင်းသမိးရှီရာသည် တပ်မှူး ခါဂူရွန်ကိုယ်တိုင် ဦးဆောင်သော အင်ပါယာအစောင့်အဖွဲ့များကို ရုတ်တရက် စေလွှတ်လိုက်သည်။ဓာတ်သတ္တုများကို သွားယူရန် လုပ်ငန်းစဉ်ကို အကာအကွယ် အနေဖြင့်ထားပြီး ရှီလန်တောင်ရှိ သူခိုးဓားပြများအား သူတို့ အလစ်ဝင်တိုက်ခဲ့ကြသည်။

သူခိုးဓားပြများ အံ့အားသင့်သွားသော်လည်း ‌သူတို့ခေါင်းဆောင်၏ ဦးဆောင်မှုအောက်တွင် ကြောက်မနေကြဘဲ ကြံ့ကြံ့ခိုင်ခိုင် ပြန်လည်တိုက်ခိုက်ကြသည်။ထိုအချိန်၌ ရှီလန်တောင်ရှိ လူအားလုံးကို နောက်ထပ် အဓိကပုံရိပ်တစ်ခုက အံ့အားသင့်စေခဲ့သည်။၎င်းမှာ ၂နှစ်ကျော်ကြာ ပျောက်ဆုံးသွားခဲ့သော မိုင်းတွင်းအရာရှိဟောင်း တင်စိုင်ဖူပင် ဖြစ်လေသည်။

တင်သည် ဝါလန်တောင်၌ သူခိုးဓားပြများ အကျဉ်းချထားသော မိုင်းလုပ်သားများကို ကယ်တင်ခဲ့ပြီး ခါဂူရွန်နှင့်ပူးပေါင်းကာ သူခိုးဓားပြခေါင်းဆောင်အား အောင်အောင်မြင်မြင် အဆိပ်ခတ်နိုင်ခဲ့သည်။နောက်ဆုံး၌ သူတို့သည် သူခိုးဓားပြများအား အနိုင်ရရှိခဲ့ပြီး သူခိုးဓားပြခေါင်းဆောင်လည်း အရှုံးနှင့် ထွက်ပြေးသွားရတော့သည်။

ယခုတွင် တင်သည် လက်ရှိမိုင်းတွင်းအရာရှိဖြစ်သူ ချန်လွေ့နှင့်အတူ အမှောင်လမြို့သို့ ပြန်ရောက်နေပြီဖြစ်သည်။ဉာဏ်ကောင်းပြီးရဲရင့်သော မိုင်းတွင်းအရာရှိဟောင်းနှင့်ယှဉ်လျှင် လူသားမိုင်းတွင်းအရာရှိကို ကံကောင်းသည်ဟူသော စကားလုံးဖြင့်သာ ဖော်ပြ၍ရပေသည်။

ဇာတ်လမ်းမှာ ဤကဲ့သို့ဖြစ်သည်။ရှီလန်တောင်သို့ လွှတ်ခံလိုက်ရသော ချန်လွေ့သည် သေခြင်းတရားမှ လက်မတင်လေး လွတ်မြောက်ခဲ့သည်။ရှီလန်တောင်သို့ ရောက်ပြီးသည့်အခါ သူသည် သူခိုးဓားပြများ လိုက်ဖမ်းနေခြင်းကို ရှောင်ရှားခဲ့သည်။အမှောင်လမြို့၏ ပထမဆုံး မိန်းကလေးဓားသမား အသီနာ၏ ကာကွယ်ပေးမှုကြောင့်သာမဟုတ်လျှင် သူသေသွားသည်မှာ ကြာပြီဖြစ်သည်။သို့သော်လည်း ထိုလူသားသည် အလွန်အမင်း ကံကောင်းလှသည်။သူ ဖမ်းမိခံရခါနီးတွင် မိုင်းတွင်းအောက် မြေအောက်လောက၌ ၂နှစ်ကျော်ကြာ ရှိနေခဲ့ပြီး အောင်အောင်မြင်မြင် လွတ်မြောက်လာခဲ့သော တင်နှင့် ဆုံတွေ့ခဲ့သည်။

တင်သည် လူသားအား အမှောင်လမြို့သို့ပြန်ပြီး သတင်းပို့ခိုင်းသည်။ထို့ကြောင့် တော်ဝင်မင်းသမီးရှီရာသည် ချက်ချင်း ဆုံးဖြတ်ချက်ချပြီး ရှီလန်တောင်သို့ တပ်ဖွဲ့များ လွှတ်ခဲ့သည်။သူတို့သည် တစ်ခါတည်းဖြင့် အောင်နိုင်သွားခဲ့သည်။

ရှီလန်တောင်အား အောင်နိုင်မှု သတင်းကောင်းများသည် အမှောင်လမြို့ရှိ စစ်တပ်နှင့် ပြည်သူများကို အကြီးအကျယ် စိတ်လှုပ်ရှားစေခဲ့သည်။ဘယ်ဇီဘတ် တော်ဝင်မိသားစုအပေါ် ကြောက်ရွံ့မှုများမှာလည်း အတော်လေး လျော့ကျသွားသည်။စိုင်ဖူမိသားစုအတွက် ၎င်းသည် အံ့အားသင့်စရာ ကြီးကြီးမားမားပင် ဖြစ်သည်။၂နှစ်ကျော်ကြာ ပျောက်ဆုံးသွားပြီး သေဆုံးသွားပြီဟု အတည်ပြုခဲ့သော သူတို့၏ တစ်ဦးတည်းသောသား ရုတ်တရက် “ ပြန်ရှင်သန် ” လာသည့်အခါ မိသားစုအကြီးအကဲ ဖို့(ဒ်) ငိုကြွေးတော့သည်။သားအဖနှစ်ယောက် ပြန်ဆုံကြသည့်မြင်ကွင်းသည် ရင်ထဲထိစေသည့် မြင်ကွင်းပင် ဖြစ်လေသည်။

ထိုတိုက်ပွဲပြီးပြီးနောက်တွင် တင်သည် နာမည်ကြီးသွားတော့သည်။တစ်မြို့လုံးက သူ၏ သူရဲကောင်းဆန်ဆန် လုပ်ရပ်များကို ဟောပြောနေကြသည်။ကိုယ်တိုင် မြင်တွေ့ခဲ့ရသကဲ့သို့ပင် မြေအောက်လောက၌ နတ်ဆိုးသားရဲအမျိုးမျိုးကို အနိုင်ယူခဲ့သော “ ယုံတမ်းပုံပြင်များ ”ကိုပင် ဝေဝေဝါးဝါး ပြောဆိုနေကြလေသည်။

တစ်ဖက်တွင်လည်း ချန်လွေ့သည် ရွိုင့်စ်၏ မှော်အဆက်အသွယ်ကိုသုံးပြီး ဂျိုးဆက်ပ်အား “ အရေးတကြီး ” ဆက်သွယ်လိုက်သည်။

မူလက ဂျိုးဆက်ပ်သည် မိစ္ဆာသစ်သီး၏ စွမ်းအားကို အသုံးပြုပြီး တစ်ဆို့မှုကို ချိုး‌ဖောက်ရန် “ တံခါးပိတ်ကျင့်ကြံ ” နေခဲ့သည်။ထိုကိစ္စသည် သာမန်မဟုတ်သည့်အတွက် သူ၏ကျင့်ကြံမှုကို ဆိုင်းငံ့ထားရတော့သည်။

“ မိတ်ဆွေ။ပြောင်းလဲမှုတွေက ကျုပ်တို့ရဲ့ အစီအစဉ်နဲ့ လိုက်မမှီတော့ဘူးလို့ ခံစားရလား။အမှောင်လမြို့က အရေးပေါ်အစည်းအဝေး ကျင်းပတော့မယ်။တော်ဝင်မင်းသမီးက ခင်ဗျားကို သတင်းပို့ဖို့အတွက် တစ်ယောက်ယောက် လွှတ်လိုက်မယ်လို့ ကျုပ်ထင်တယ်။ ”

ချန်လွေ့က တည်တည်ငြိမ်ငြိမ် ပြောသည်။

“ အင်း။အစည်းအဝေးအကြောင်းကို ရွိုင့်စ်ဆီကနေ ကျုပ်သိရပြီးပြီ။ ”

ဂျိုးဆက်ပ်၏မျက်နှာ အနည်းငယ် တင်းမာနေသည်။

“ တင် အသက်ရှင်နေဦးမယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး။ဒီတစ်ခေါက် ကျုပ် ဒုက္ခရောက်နိုင်တယ်။ ”

“ ခင်ဗျားရဲ့ ပြဿနာတွေကို ကျုပ်သိပါတယ်။ဒါပေမဲ့ လိပ်ပြာနယ်မြေမှာ ခေါင်းအကိုက်ဆုံး ဖြစ်နေမှာက ခါနီတာပဲ။သူ့ရဲ့လက်အောက်ခံ စနိုးဒင်က လိပ်ပြာနီနယ်မြေဆီကို ပြန်ရောက်ပြီလား။ ”

ဂျိုးဆက်ပ် ခေါင်းခါလိုက်သည်။

“ ဟင်အင်း။ဒါပေမဲ့ စနိုးဒင်က လိုင်ရာမြို့မှာ ရှိနေတယ်လို့တော့ ကောလာဟလတွေ ကြားတယ်။တင် ရုတ်တရက် ပေါ်ထွက်လာမှာကိုလည်း လုံးဝမမျှော်လင့်ထားခဲ့ဘူး။လိပ်ပြာနီနယ်မြေအပေါ် လိုင်ရာမြို့ရဲ့ ရန်လိုမှုတွေနဲ့ ဒီတစ်ခေါက် ကျရှုံးမှုတွေကြောင့် အမှောင်လမြို့ရဲ့ အနောက်ဘက်ခြမ်းကို ထိန်းချုပ်မှု ပြန်ရဖို့က ခက်ခဲမှာပဲ။ ”

“ အမှောင်လမြို့ရဲ့ လက်ရှိအခြေအနေအရတော့ အရိပ်နက်အင်ပါယာရဲ့ ကုန်သွယ်မှုတွေ ပြန်ရရှိရင်တောင် အခြေခံပြဿနာကို မဖြေရှင်းနိုင်သေးဘူး။စီးပွားရေးလမ်းကို နေ့ချင်းညချင်း ဖွင့်လို့မရဘူး။ပြီးတော့လည်း ဘယ်လိုငတုံးမျိုးက ဒီလိုနေရာကို လာမှာတဲ့လဲ။ ”

ချန်လွေ့က သာမှန်မျှ ရယ်လိုက်သည်။

“ ဘယ်လိုထိန်းချုပ်ရမလဲ ဆိုတာကတော့ ခင်ဗျားရဲ့အဖေပဲ စိတ်ပူပါစေ။ဒီတစ်ခေါက် ဖြစ်ခဲ့တာတွေကို ခါနီတာဆီ ပုံချလို့ရတယ်။စနိုးဒင်ကို သူ့ရဲ့ လက်အောက်ခံဖြစ်လို့ ဘယ်သူပြောခဲ့လို့လဲ။ ”

ဂျိုးဆက်ပ် ပြုံးလိုက်သည်။

“ ခင်ဗျားပြောတာ မှန်တယ်။မိတ်ဆွေ။ဒါပေမဲ့ အခုလက်တလော နောက်ကိစ္စတစ်ခု ရှိသေးတယ်။ရွိုင့်စ်က သတင်းပို့ထားတယ်။စိုင်ဖူမိသားစုက ကျုပ်ကို ဖိနှိပ်ဖို့အတွက် ဒီအခွင့်အရေးကို အသုံးချပြီးတော့ တင်ကို ဘဏ္ဍာရေးအရာရှိ ရာထူးမှာ ထားချင်နေကြတယ်။ဒါပေမဲ့ ဒါက လုံးဝမဖြစ်နိုင်ဘူး။သူတို့ရဲ့ အဓိကပစ်မှတ်က ငြိမ်ဝပ်ပိပြားရေး အရာရှိပဲ။ ”

“ ကျုပ်လည်း အဲဒါကိုကြားပါတယ်။ပြီးတော့ ကျုပ် ခင်ဗျားကို သတိပေးချင်တယ်။ အင်အားစုတစ်ခုတည်း အောက်မှာတောင် တပ်ဖွဲ့အဟောင်းနဲ့အသစ်ကြားမှာ သဘောထားကွဲလွဲမှုတွေ၊တိုက်ခိုက်မှုတွေက မလွဲမသွေကြုံရမှာပဲ....။ခင်ဗျားနဲ့ ခါနီတာ လိုမျိုးပေါ့။ခင်ဗျားနဲ့ လက်ရှိမိုင်းတွင်းအရာရှိကြားမှာ စိတ်ဝင်စားစရာ လောင်းကြေးတစ်ခုရှိတယ်လို့ ကျုပ်ကြားတယ်။ ”

ဂျိုးဆက်ပ်သည် ပါးနပ်လှသည်။ထိုသတိပေးခြင်း၏ “ရည်ရွယ်ချက်”ကို သူသဘောပေါက်လိုက်သည်။ဂျိုးဆက်ပ်၏ မျက်လုံးများ လက်ခနဲဖြစ်သွားပြီး မေးလိုက်သည်။

“ ခင်ဗျားဆိုလိုတာက.... ”

“ ကြည့်ရတာ ခင်ဗျားသဘောပေါက်တဲ့ပုံပဲ။ဥပမာပြောရရင်တော့.... အင်ပါယာအစောင့်အဖွဲ့ရဲ့ အရန်တပ်ဖွဲ့ဖြစ်တဲ့ ဝတ်ရုံဂိုဏ်းလည်း ကြီးထွားဆဲ အင်အားစုတစ်ခုပဲ။ပြီးတော့လည်း ကျုပ်နဲ့အဲဒီလူသားကြားမှာ တမင်ဖန်တီးထားတဲ့ ပတ်သက်မှုလေး တစ်ခုရှိသေးတယ်။ ”

“ မိတ်ဆွေ။ခင်ဗျားက တကယ့်ကို ဉာဏ်နီဉာဏ်နက်များတာပဲ။ ”

ဂျိုးဆက်ပ် ခဏရပ်တန့်သွားပြီးနောက် သဘောပေါက်သွားသည့်အပြုံးမျိုး ပြုံးလိုက်သည်။

“ ခင်ဗျားရဲ့ ထောက်ခံမှုနဲ့ဆိုရင် တော်ဝင်မင်းသမီးဘက်မှာရှိ အတွင်းရေး သဘောထားကွဲလွဲမှုတွေက ပိုပြီးတော့ ဖရိုဖရဲဖြစ်လာမှာပဲ။ ”

ချန်လွေ့လည်း အတူတူရယ်လိုက်သည်။သူ၏လေသံ ရုတ်တရက် ပြောင်းလဲသွားသည်။

“ အိုး။ဟုတ်သားပဲ။ကျုပ်ခင်ဗျားကို အရင်ပြောပြချင်တာ နောက်တစ်ခု ရှိတယ်။မယ်လွန်မိသားစုရဲ့ ဂေါ်ဖင်းဂိုဏ်းက ဝတ်ရုံဂိုဏ်းကို မကျေမနပ်ဖြစ်နေတဲ့ပုံပဲ။ကျုပ် သူတို့ကို လုံးဝသုတ်သင်ပြီးတော့ အမှောင်လမြို့ရဲ့ အလားအလာရှိတဲ့ အင်အားစုတွေကို တစ်ခါတည်း ထိန်းချုပ်ဖို့ စီစဉ်ထားတယ်။ ”

ဂျိုးဆက်(ပ်) အနည်းငယ် တုံ့ဆိုင်းသွားပြီး ပြောသည်။

“ မယ်လွန်မိသားစုက မယုံကြည်ရတဲ့ နှစ်ဖက်ခွသမား‌တွေပဲ။သူတို့က ပိုအင်အားကြီးတဲ့ဘက်ခြမ်းကို အချိန်မရွေး မှီခိုနိုင်တယ်။လက်ရှိ သူတို့ရဲ့ အဓိကပစ်မှတ်ကတော့ ကျုပ်ရဲ့အဖေပေါ့။ဒါက ခင်ဗျားရဲ့ အစီအစဉ်ထဲက တစ်ခုဆိုရင်တော့ ကျုပ်မှာ ဘာမှပြောစရာမရှိဘူး။ ”

“ ကောင်းပါပြီ။ဒါက တကယ့်ကို ကျုပ်ရဲ့ အစီအစဉ် တစ်စိတစ်ပိုင်းပါ။သိပ်မကြာခင်မှာ ထိန်းချုပ်မှုရဲ့ စစ်မှန်တဲ့သက်ရောက်မှုကို မြင်ရလိမ့်မယ်။ ”

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။

“ ဟုတ်ပြီ။ဆက်သွယ်ရေးအချိန်ကလည်း ပြည့်တော့မယ်။သိပ်မကြာခင် ခင်ဗျားက အမှောင်လမြို့ဆီ ပြန်လာမှာပဲ။အခွင့်အရေး ရှိမယ်ဆိုရင်တော့ ကျုပ်တို့တွေ တွေ့ဆုံပြီး စကားပြောကြတာပေါ့။ဒါက ခင်ဗျားရဲ့ လေ့ကျင့်ရေးကို အနှောင့်အယှက်ဖြစ်သွားလို့ စိတ်တော့မကောင်းပါဘူး။ဒါပေမဲ့ ခင်ဗျား တစ်ဆို့မှုကို ချိုးဖောက်နိုင်ဖို့က သိပ်ကြာမှာမဟုတ်ဘူးလို့ ကျုပ်ယုံကြည်ပါတယ်။ ”

ဂျိုးဆက်ပ် အသာလေး ပြုံးလိုက်သည်။မှော်အဆက်အသွယ်ရှိ ပုံရိပ်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။

ချန်လွေ့သည် ဧည့်တွေ့ခန်းသို့ရောက်လာပြီး အမိန့်တစ်ခု ပေးလိုက်သည်။

“ ဗာဆာရှာ။အခုချက်ချင်း ဝတ်ရုံဂိုဏ်းထဲက အင်အားစုအချို့ကို စုစည်းပြီးတော့ ဒီညမှာ ဂေါ်ဖင်းဂိုဏ်းကို သုတ်သင်ပစ်ဖို့အတွက် ဂျက်စီကို အသိပေးလိုက်။အရတ်စ်။ ဂေါ်ဖင်းဂိုဏ်းခေါင်းဆောင် ဝစ်(ခ်)ကိုတော့ ခင်ဗျားဆီပဲ လွှဲပေးလိုက်မယ်။ ”

အရတ်စ်သည် လက်ထဲမှ ကြယ်နက်သံ ကောက်ရိတ်ဓားကို ပိုးထည်အဝတ်နှင့် ညင်ညင်သာသာ ပွတ်သတ်နေ၏။ထိုစကားကိုကြားသည့်အခါ သူ၏အနီရောင် မျက်လုံးထဲ၌ သွေးဆာသောအကြည့် ဖြစ်ပေါ်လာသည်။

ယနေ့ညသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မည့် ညတစ်ညဖြစ်လာရန် ဦးတည်နေလေသည်။

All Chapters