အတွင်းနတ်ဆိုး
Vol. 13 Ch. 191
နောက်တစ်နေ့ နံနက်စောစော၌ အမှောင်လမြို့ထဲတွင် အဖြစ်အပျက်ကြီးတစ်ခုအား ဆွေးနွေးနေကြပြန်သည်။ယမန်ညက ဂေါ်ဖင်းဂိုဏ်းအသိုက်ကို ဝတ်ရုံဂိုဏ်း တိုက်ခိုက်ခဲ့သည်။ပြိုင်ကွင်း၌ အက်ဂ်ယောကို ရှုံးနိမ့်သွားခဲ့သော အရတ်စ်သည် အက်ဂ်ယော၏ လက်အောက်ခံဖြစ်သွားကာ ဂေါ်ဖင်းဂိုဏ်းခေါင်းဆောင် ဝစ်(ခ်)ကို သတ်ပစ်ခဲ့သည်။ဂေါ်ဖင်းဂိုဏ်းသည် လုံးဝနီးပါး သုတ်သင်ခံလိုက်ရသည်။ လူဆိုးလူမိုက်ပမွှား အချို့သာ ထွက်ပြေးလွတ်မြောက်သွားသည်။ထို့ကြောင့် ဝတ်ရုံဂိုဏ်းသည် အမှောင်လမြို့ရှိ အကြီးမားဆုံးအင်အားစု ဖြစ်လာခဲ့သည်။
သေချာသည်မှာ ဝတ်ရုံဂိုဏ်း၌ အင်ပါယာအစောင့်အဖွဲ့၏ အရန်တပ်ဖွဲ့ဟူသော ဂုဏ်ပုဒ်လည်း ရှိနေသည်။ထိုဂုဏ်ပုဒ်သည် အမှောင်လမြို့၏ အမြင့်ဆုံး အုပ်စိုးသူဖြစ်သော တော်ဝင်မင်းသမီးကို ကိုယ်စားပြုသည်။ထို့ကြောင့် ဂေါ်ဖင်းဂိုဏ်းကို ထောက်ပံ့သူဖြစ်သော မယ်လွန်မိသားစုသည် ဝတ်ရုံဂိုဏ်းကို မုန်းတီးနေသော်လည်း အပေါ်ယံတွင် လက်စားမချေရဲပေ။
တစ်ချိန်တည်းပင် နောက်ထပ်သတင်းတစ်ခု ပျံ့နှံ့သွားပြီး ယမန်ညမှ သွေးပျက်ဖွယ် အဖြစ်အပျက်ကို အားလျော့သွားစေသည်။၎င်းမှာ ယာယီအစည်းအဝေး၌ ဘဏ္ဍာရေးအရာရှိအသစ်နှင့် ငြိမ်ဝပ်ပိပြားရေး အရာရှိအသစ်ကို ဆုံးဖြတ်မည်အကြောင်းပင် ဖြစ်သည်။လက်ရှိ၌ တင်တွင် ထောက်ခံမှု အကြီးမားဆုံး ရှိနေသည်။ထိုကဲ့သို့အဟုန်သည် တမင်တကာ ဖန်တီးထားခြင်း ဆိုသည်မှာ သေချာနေသည်။
ထိုသတင်းများနှင့်ယှဉ်လျှင် အမှောင်လမြို့သို့ သနားစရာကောင်းလောက်အောင် ပြန်ရောက်လာသော လူသားမိုင်းတွင်းအရာရှိအကြောင်းသည် အစာစားပြီးနောက် ပြောသည့် ရယ်စရာတစ်ခု ဖြစ်သွားသည်။အဓိက ဆုံးဖြတ်ချက်ချရသော ရှီရာနှင့် ဂါ့စ်ကဲ့သို့ အခြားသူများသာ ချန်လွေ့ “ပြန်ရောက်”လာသည်ကို ဝမ်းသာနေကြသည်။
အဲဒက်စ်သည် ဆေးရည်မည်းများကို လေ့လာဆန်းစစ်ရန် စိတ်နှစ်ထားပြီး မည်သူ့ကိုမျှ အတွေ့မခံပေ။ချန်လွေ့ ပြန်ရောက်လာကြောင်း သိလိုက်ရသည့်အခါ သူသည် စမ်းသပ်ချက်များကို ရပ်တန့်ပြီး ချန်လွေ့နှင့် တွေ့ဆုံခဲ့သည်။ချန်လွေ့သည် အဲဒက်စ်အား နောက်ထပ် စစ်မှန်ဆေးရည်မည်း အတွဲလိုက် တစ်စုံထပ်ပေးပြီး မဟာဆရာသခင်၏ စမ်းသပ်ချက်မှ ဆုလာဒ်ဖြစ်ကြောင်းပြောကာ လျို့ဝှက်ထားရန် ပြောသည်။
အဲဒက်စ်၏ မည်းမှောင်နေသော မျက်လုံးကိုကြည့်လျှင် တစ်ခုမှမကြားခဲ့ကြောင်းမှာ သေချာနေသည်။သူ၏မျက်လုံးများသည် နှစ်၁၀၀ကျော်ကြာအောင် မိန်းမတစ်ယောက်ကိုမျှ မထိကိုင်ခဲ့ရသော နှာဘူးတစ်ယောက်က လှပသော ကိုယ်လုံးတီးမိန်းမတစ်ယောက် မြူဆွယ်နေသည်ကို မြင်နေရသကဲ့သို့ ဖြစ်နေသည်။ချန်လွေ့ စကားပြောမပြီးခင်မှာပင် အဲဒက်စ်သည် အဖိုးတန်ဆေးရည်များအား စူပါမင်းကဲ့သို့ အမြန်နှုန်းဖြင့် “လုယူ”ပြီး မြေအောက်လျို့ဝှက်စမ်းသပ်ခန်းထဲသို့ အပြေးသွားလိုက်သည်။သူထပ်ပြီး ထွက်မလာခဲ့ပေ။ထို့ပြင် ယခုတစ်ခေါက်သည် အချိန်အတော်လေး ကြာမြင့်နိုင်ပေသည်။
ချန်လွေ့၏ လက်ရှိသရုပ်သည် ပြိုင်ကွင်းသို့သွားရန် မသင့်တော်ပေ။ထို့ကြောင့် သူသည် စမ်းသပ်ခန်း၌သာ နေနေသည်။အသီနာလည်း အကာအကွယ်ပေးရန်ဟူသော အကြောင်းပြချက်ဖြင့် စမ်းသပ်ခန်းသို့ ပြောင်းရွှေ့လာသည်။မှင်စာစလီသည် သခင်ဖြစ်သူနှင့် အချိန်အတော်ကြာမှ ပြန်ဆုံရသည့်အတွက် အလွန်ပျော်နေသည်။ယခင်နေ့ရက်များ၌ စလီကို တော်ဝင်မင်းသမီးက ထိန်းချုပ်ထားသည်။ထို့ကြောင့် အချိန်ကုန်မြန်စေရန် စလီလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ စာအုပ်ဖတ်ခြင်းပင် ဖြစ်သည်။ချန်လွေ့ပေးထားသော စာအုပ်ထဲရှိ ဆေးဝါး အခြေခံဗဟုသုတများကို စလီ အားလုံး ဖတ်ပြီးသွားလေပြီ။သူသည် ဆေးဝါးပညာအပေါ်၌ အတော်လေး စိတ်ဝင်စားသွားသည်။သူသည် ချန်လွေ့ထက်ပို၍ “ပြည့်ဝသော” အလုပ်သင်တစ်ယောက် ဖြစ်လာသည်။
ချန်လွေ့သည် အမှန်တကယ်ပင် ရှီလန်တောင်သို့ မသွားခဲ့ပေ။တင် မိုင်းတွင်းမှ ထွက်သွားနိုင်ရခြင်းမှာ အသက်ရှည်ဆေးရည်ကိုသောက်ခဲ့ခြင်းကြောင့် မဟုတ်ဘဲ စကိုင်းထံမှ ချန်လွေ့ရခဲ့သော မှော်ပုလင်း၏အစွမ်းကြောင့် ဖြစ်ပေသည်။
စကိုင်း၏ မှော်ပုလင်းသည် အသက်ဓာတ်ရေစင်ကို သုံးလအထိ ထိန်းသိမ်းထားနိုင်သည်။ အမှောင်လမြို့သို့ ရောက်သည့်အခါ ချန်လွေ့၌ အသက်ဓာတ်ရေစင် လုံလုံလောက်လောက် ရှိသွားသည်။ထို့ကြောင့် တင်သည် အသက်အန္တရာယ် စိုးရိမ်စရာမလိုတော့ပေ။
ယခုတွင် တင်သည် မိသားစုအင်အားမှတစ်ဆင့် အရှိန်အဝါကုန်ကြမ်းပစ္စည်း အမြောက်အမြားကို စုဆောင်းနေသည်။အကြောင်းရင်းတစ်ခုမှာ အသက်ရှည် ဆေးရည်အတွက်ဖြစ်ပြီး နောက်တစ်ခုမှာ ချန်လွေ့၏ လေ့ကျင့်ရေးကွင်းအတွက် သုံးစွဲရန် ဖြစ်သည်။
စိုင်ဖူမိသားစုမှ လျို့ဝှက်အထောက်အပံ့နှင့်အတူ ဂျိုးဆက်ပ်၏ အရင်းအမြစ်များကြောင့် ချန်လွေ့၏ အရှိန်အဝါ ပြဿနာကို အခြေခံအားဖြင့် ဖြေရှင်းနိုင်ခဲ့သည်။
ချန်လွေ့သည် ကြယ်တာရာကူးပြောင်းခြင်း အစမှ ယခုအထိ စိတ်ကို သန့်စင်နေခဲ့သည်။လေ့ကျင့်ရေးကွင်း၌ ကုန်ဆုံးခဲ့သော အချိန်များကိုပါ တွက်ကြည့်လျှင် ချန်လွေ့သည် ပတ်ဝန်းကျင်အမျိုးမျိုး၌ လေ့ကျင့်နေသည်မှာ တစ်နှစ် နှစ်နှစ် ရှိပြီဖြစ်သည်။ယေဘုယျအားဖြင့်ပြောရလျှင် သူ၏စိတ်ကို အတော်လေး သန်မာသည်အထိ သန့်စင်ပြီးသင့်လေပြီ။သို့သော်လည်း ယခင်နေ့ရက်များ၌ မည်သည့်အတွက်ကြောင့် မိမိ၏အခြေအနေ သိပ်မကောင်းကြောင်း ချန်လွေ့ မသိပေ။ချန်လွေ့သည် အခန်းထဲ၌သာ နေနေပြီး အသီနာကိုပင် အနားမလာရန် ပြောခဲ့သည်။
ချန်လွေ့သည် ရေခဲမြစ်အတွင်း၌ တိတ်ဆိတ်စွာ ထိုင်နေသည်။သူ၏ခန္ဓာကိုယ် အစိတ်အပိုင်း အများစုမှာ အေးခဲနေပြီ ဖြစ်သည်။သေသေချာချာ လေ့ကျင့်ထားသူတစ်ယောက် ဖြစ်သည့်အလျောက် ခန္ဓာကိုယ် လုပ်ဆောင်ချက်များသည် အရိုးထိအေးစက်နေမှုကြောင့် အားနည်းသောအခြေအနေသို့ ရောက်ရှိနေသော်လည်း သူ၏စိတ်ဆန္ဒမှာ ပိုတိုး၍ အားကောင်းလာလေသည်။
ထိုအချိန်တွင် သူ၏နှလုံးသားထဲ၌ အပူတစ်ခု ဖြစ်လာသည်။ထိုကဲ့သို့ စိတ်ရှုပ်စရာခံစားချက်သည် ယခင်နေ့ရက်များ၌အကြိမ်များစွာ ဖြစ်ပေါ်လာသည်။သူ၏ရင်ဘတ်ထဲ၌ မီးတောက်တစ်ခု လောင်ကျွမ်းနေသကဲ့သို့ပင် ဖြစ်နေသည်။အပြင်ဘက်မှ အေးခဲမှု သည်ပင် ထိုမီးတောက်၏အပူကို မဟန့်တားနိုင်ပေ။
တည်ငြိမ်စမ်း။တည်ငြိမ်စမ်း။တည်ငြိမ်စမ်း။တည်ငြိမ်စမ်း။တည်ငြိမ်စမ်း။
ချန်လွေ့၏ စိတ်တည်ငြိမ်ခြင်း ဖော်မြူလာ အလုပ်ဖြစ်သွားသည်။သူ၏အသိစိတ်ထဲတွင် “ တည်ငြိမ်မှု ”ဟူသော မိမိကိုယ်တိုင်ကိုအကြံပြုစကားလုံးသည် အာကာသတစ်ခုလုံး၌ ပြည့်နှက်သွားသည်။သူ၏နှလုံးသားထဲရှိ အေးစက်မှုစီးကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး ထိုမီးတောက်ကို ဖြည်ဖြည်းချင်း ငြိမ်းသတ်နေသည်။ထိုအချိန်၌ အဖြစ်အပျက်များ ပြောင်းလဲသွားပြန်သည်။ကောင်းကင်တစ်လျှောက်ရှိ“တည်ငြိမ်မှု ”ဟူသော စကားလုံးများသည် “ဝီး”ခနဲနေ၍ မီးတောက်များ ကျွမ်းလောင်သွားသည်။ရုတ်တရက်ပင် ချန်လွေ့ကို ပုံရိပ်ယောင်များက ဝိုင်းရံလိုက်သည်။
လောင်ကျွမ်းနေသော မီးတောက်များအတွင်း၌ ရံဖန်ရံခါ အော်သံများ ထွက်ပေါ်လာသည်။ခန္ဓာကိုယ် အစိတ်အပိုင်းများမှာလည်း နေရာအနှံ့ပျံ့နှံ့နေပြီး သွေးနံ့များကလည်း ချန်လွေ့၏မျက်နှာဆီသို့ ဝေ့တက်လာသည်။မီးတောက်ထဲရှိ ပုံရိပ်တစ်ခုသည် ကသုတ်ကရက် သတ်ဖြတ်နေသည်။လမ်းတစ်လျှောက်၌ လူခေါင်းများ ပုံလျက်ရှိသည်။ထိုပုံရိပ်ကို အလွန်အမင်း ရင်းနှီးနေသည်။၎င်းမှာ အမှန်တကယ်ပင် ချန်လွေ့ကိုယ်တိုင် ဖြစ်နေသည်....
မြင်ကွင်းများ ပြောင်းလဲသွားပြန်သည်။
“ မင်းရဲ့ခန္ဓာကိုယ်က ငါ့ဟာပဲ။မင်းရဲ့ခန္ဓာကိုယ်ကို ငါအသုံးချပြီးတော့ မင်းရဲ့အနီးစပ်ဆုံးလူတွေကို သတ်ပစ်မယ်။ ”
နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ဝတ်ထားသော ဂလော်ဖင်းက ကျယ်လောင်စွာ ရယ်မောရင်း ချန်လွေ့၏ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ရှေ့မှ ပါ့ဂ်လီအို၏အလောင်းကို ကန်ထည့်လိုက်သည်။ထို့နောက် သူသည် ခုခံရန်စွမ်းရည် မရှိတော့သော အဲဒက်စ်ဆီသို့ လမ်းလျှောက်သွားလိုက်တော့သည်......
ဒါတွေအားလုံးက ပုံရိပ်ယောင်တွေပဲ။
ချန်လွေ့သည် ထိုပုံရိပ်ယောင်များက ယူဆောင်လာသော အနှောင့်အယှက်များကို ဖယ်ရှားရန်အတွက် အသိစိတ်ကိုနိုးထပြီး စိတ်တည်ငြိမ်ခြင်း ဖော်မြူလာကို အသုံးပြုရန် အစွမ်းကုန် ကြိုးစားနေသည်။မီးတောက်ထဲရှိ “တည်ငြိမ်မှု”ဟူသော စကားလုံးများ ပိုမိုကြည်လင်လာပြန်သည်။သို့သော်လည်း ပုံရိပ်ယောင်များ မရပ်တန့်သွားပေ။
ပထဝီဘုံ၌ ချန်လွေ့သည် ပြန်ပြုပြင်ပြီးမြေဒြပ်စင်နှလုံးသားကို ကိုင်ကာ သရော်ပြုံးပြုံးနေသည်။ထို့နောက် သူသည် အသက်ဓာတ်ရေစင်ထဲရှိ မြေဒြပ်စင်ဘုရင်၏ခန္ဓာကိုယ်အား ဖုန်းခနဲ ထိုးထည့်လိုက်ပြီး အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင် လုပ်လိုက်သည်......
ချန်လွေ့သည် အိပ်မက်ဆိုးကဲ့သို့ ပုံရိပ်ယောင်များမှ တစ်ဖန် ဖောက်ထွက်လာပြန်သည်။သူသည် အလွန်မောဟိုက်နေသည်။သူ၏စိတ်ဆန္ဒထဲရှိ “တည်ငြိမ်မှု” သည်လည်း သက်ဆိုင်ရာအသံထွက်လာပြီးနောက် ပေါက်ကွဲထွက်သွားသည်။တစ်ဆက်တည်း ဖြစ်နေသကဲ့သို့ပင် “တည်ငြိမ်မှု”ဟူသော စကားလုံးများသည် ကွင်းဆက်အလိုက် ပေါက်ကွဲသွားသည်။အခြေအနေပြဇယားကို ချန်လွေ့ မြင်နိုင်မည်ဆိုလျှင် မူလက ကြည်လင်ပြီး အနုစိတ်သော ကြယ်ဇယား အရောင်မှိန်သွားကြောင်း သိနိုင်မည်ဖြစ်သည်။၎င်းသည် တုန်ပင် တုန်ခါနေလေသည်။
ပုံရိပ်ယောင်များ ဆက်လက်ဖြစ်ပေါ်လာသည်။
“ ချန်လွေ့ ” သည် သားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်နေလိုက်ပြီးနောက် မိန်းကလေးတစ်ယောက်အား အရှက်ခွဲသည့်အနေအထားပုံစံဖြင့် ဖိနှိပ်ကာ ရူးရူးမိုက်မိုက် အနိုင်ကျင့်နေခဲ့သည်။သူ၏လက်သည် ထိုမိန်းကလေး၏ ရွှေရောင်ဆံပင်ရှည်ကို ဆွဲထားသည်။ထိုမိန်းကလေး၏ ဖြူဖျော့ဖျော့ ခန္ဓာကိုယ်တွင် ကုတ်ခြစ်ရာများ ပြည့်နှက်နေသည်။ထိုမိန်းကလေးသည် နာကျင်စွာဖြင့် မျက်နှာကိုမော့လိုက်သည်။၎င်းမှာ ရှီရာ ဖြစ်နေလေသည်။တစ်ဖက်တွင်လည်း ဒဏ်ရာများပြည့်နေသော ကိုယ်လုံးတီးမိန်းကလေးများ ရှိနေကြသည်။သူတို့အားလုံး မျက်လုံးမှိတ်နေကြပြီး သေသလား၊ရှင်သလား ချန်လွေ့ မသိပေ။သူတို့မှာ အသီနာ၊ခရစ္စတီးနားနှင့် ခီရာ၊အဲလစ်၊ဒေလီယာ၊လိုင်ဆာ တို့ပင် ဖြစ်ကြလေသည်။
မီးထဲရှိ “တည်ငြိမ်မှု”ဟူသော စကားလုံးများ ပေါက်ကွဲသွားသည်။ချန်လွေ့၏အသိစိတ်ထဲ၌ ခက်ထန်မှုနှင့် တက်ကြွနေသော မီးတောက်များ ပြည့်နှက်နေသည်။ချန်လွေ့သည် စိတ်တည်ငြိမ်မှု အခြေအနေကို မထိန်းထားနိင်တော့ဘဲ နာကျင်စွာဖြင့် ခေါင်းကို ကိုင်ထားလိုက်သည်။ထို့နောက် ချန်လွေ့တစ်ကိုယ်လုံး၌ မီးတောက်များ အမှန်တကယ် ပေါ်ထွက်လာသည်။“ရေခဲမြစ်”၏ နိမ့်ပါးသောအပူချိန်က ထိုမီးတောက်ကို မငြိမ်းသတ်နိုင်သည့်အပြင်ချန်လွေ့တစ်ကိုယ်လုံး အရည်ပျော်တော့မည့် လက္ခဏာများလည်း ရှိနေသည်။
ထိုအခိုက်တွင် ချန်လွေ့ကိုယ်ပေါ်၌ လောင်ကျွမ်းနေသော မီးတောက်များ ရုတ်တရက် အနက်ရောင်ပြောင်းသွားကာ အေးစက်မှုတစ်ခုက သူ၏အသိစိတ်ထဲသို့ ရောက်ရှိလာသည်။ချန်လွေ့သည် ထိုရူးမိုက်ဖွယ် ပြင်းထန်လှသောစွမ်းအားကို ထိန်းချုပ်ပြီး နောက်ဆုံး၌ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
မီးတောက်နက်စွမ်းအားကို အမှီပြုပြီးနောက် ချန်လွေ့သည် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။သူသည် ပုံရိပ်ယောင်ကြောင့် ဖြစ်ပေါ်လာသော ဆိုးယုတ်သည့်အတွေးများကို လုံးဝဖယ်ရှားလိုက်သည်။နောက်ဆုံး၌ ချန်လွေ့သည် စိတ်တည်ငြိမ်မှု အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
ချန်လွေ့သည် စိတ်ထဲ၌ ဉာဏ်အလင်း တစ်မျိုးမျိုး ရရှိခဲ့သည်။ခုနကပုံရိပ်ယောင်များထဲတွင် ကြမ်းတမ်းမှု၊ကြောက်ရွံ့မှု၊လောဘနှင့် တဏှာကဲ့သို့ အမျိုးမျိုးသော ပြင်းထန်သည့်လိုအင်ဆန္ဒများရှိနေသည်။၎င်းတို့မှာ သူ၏နှလုံးသားထဲ၌ ပုန်းအောင်းနေသော အနှောင့်အယှက်ဖြစ်စေသည့် အတွေးများဖြစ်သည်။မြေဒြပ်စင်ဘုရင်နှင့် ပါ့ဂ်လီအို ပြောသည့်အတိုင်းဆိုလျှင် သူ၏စိတ်ကျင့်ကြံမှုသည် “ပဏာမ”အဆင့် ရောက်ရှိသွားပြီဖြစ်သည်။ထိုအဆင့်သို့ ရောက်ရှိပြီး စိတ်တည်ငြိမ်မှုအခြေအနေသို့ ဝင်ရောက်သွားလျှင် နှလုံးသားထဲရှိ အနှောင့်အယှက်အတွေးများသည် ပုံရိပ်ယောင်များအသွင်ဖြင့် ပေါ်ထွက်လာပေမည်။သူသည် ပုံရိပ်ယောင်ကို ဖောက်ထွက်နိုင်ရန်အတွက် မဆုတ်မနစ် ကြိုးပမ်းရမည်ဖြစ်သည်။
ချန်လွေ့သည် သူ၏မူရင်းကမ္ဘာရှိ ထိုကဲ့သို့ ပုံရိပ်ယောင်မျိုးကို တွေးမိလိုက်ပြီး အကြံရသွားသည်။ အတွင်းနတ်ဆိုး။ဟုတ်တယ်။ဒါက အတွင်းနတ်ဆိုးပဲ။
[ စိတ်သန့်စင်ခြင်း ] သည် အတွင်းနတ်ဆိုးကို အနိုင်ယူရန်ဖြစ်သည်။မူလက ၎င်းသည် စိတ်ဝိညာဉ်စုဆောင်းမှု ပမာဏ အများအပြားနှင့် လေ့ကျင့်ရေး အမြောက်အမြား လိုအပ်သည်။လူတစ်ယောက်၏ စိတ်နှင့်ခွန်အားက အဆင့်တစ်ခုအထိ ရောက်ရှိသွားသည့်အခါမှသာ အတွင်းနတ်ဆိုးပေါ်လာခြင်း ဖြစ်သည်။သို့သော်လည်း နတ်ဆိုးအရှင်သခင်တစ်ယောက်၏ အသိစိတ်ကို ဝါးမျိုထားသော ချန်လွေ့အဖို့ “ခွန်အား”သည် လိုအပ်သည်ထက် ပိုနေသည်။ထို့ကြောင့် အဓိကသော့ချက်မှာ ချန်လွေ့၏“စိတ်” မည်မျှအထိ အမှီလိုက်နိုင်ကြောင်းကို ကြည့်ရန်သာ ဖြစ်သည်။
ယနေ့တွင် ချန်လွေ့သည် နိဗ္ဗာန်မီးကို အမှီပြုပြီး ကံကောင်းထောက်မ၍ ကျော်ဖြတ်သွားနိုင်သည်။စိတ်နှင့်ခွန်အား တိုးတက်လာသည့်နှင့်အမျှ အတွင်းနတ်ဆိုး၏ စွမ်းအားသည်လည်း ကြီးကြီးမားမား တိုးလာမည် ဖြစ်သည်။ထိုအတိုင်းသာဆိုလျှင် သီးခြားအချိန်ကာလမဟုတ်ဘဲ လေ့ကျင့်ရေးကွင်းထဲ၌ လေ့ကျင့်ခြင်းမှာ အသုံးဝင်တော့မည် မဟုတ်ပေ။စိတ်သန့်စင်ရန်အတွက် စစ်မှန်သော လေ့ကျင့်ရေးမှာ သူ၏ဘဝပင် ဖြစ်သည်။
ဘဝကို တွေ့ကြုံခံစားပြီးသည့်အချိန်မှသာ “စိတ်”၏စွမ်းအားကို အမှန်တကယ် နားလည်မည် ဖြစ်ပြီး အမှန်တကယ် အသွင်ပြောင်းနိုင်ပေမည်။သို့သော်လည်း လေ့ကျင့်ရေးကွင်းမှ ထွက်လိုက်လျှင် အချိန်သည် ပို၍တင်းမာသွားပေမည်။
ချန်လွေ့သည် လေ့ကျင့်ရေးကွင်းမှ ထွက်ခွာပြီး ကြယ်စင်စုနတ်ဘုရားကျောင်းသို့ သွားလိုက်သည်။ကြယ်တာရာကူးပြောင်းခြင်း တိုးတက်နှုန်းသည် ၂၀%အထိ ရောက်ရှိသွားပြီး အတိုင်းအတာ၏အရောင်မှာလည်း ပြောင်းလဲသွားကာ စစ်ဆေးရေးအမှတ်အသားအသေးလေးတစ်ခုသို့ ရောက်ရှိသွားဟန်တူသည်။ချန်လွေ့၏စွမ်းအားလည်း အမှန်တကယ်ပင် အတော်လေး တိုးတက်သွားသည်။သို့သော်လည်း သူ၏အတွင်းနတ်ဆိုးမှာ အနာဂတ်၌ ပိုပိုပြီး အစွမ်းထက်လာမည် ဖြစ်သည်။ထို့ကြောင့် [ စိတ်သန့်စင်ခြင်း ] စိန်ခေါ်မှုသည် ယခုမှ စတင်မည် ဖြစ်လေသည်။
အိပ်မောကျသွားပြီးသည့်အခါ ချန်လွေ့ လန်းဆန်းသွားသည်။ထိုရက်ပိုင်းများ၌ မသက်မသာ ခံစားရမှုများအားလုံး ကင်းပျောက်သွားခဲ့သည်။သူသည် အခန်းထဲ၌ ချက်ချင်း ထွက်လာလိုက်သည်။
“ အဆင်ပြေရဲ့လား။ ”
ချန်လွေ့၏ အခြေအနေအမှန်အား အမှောင်လမြို့၌ သိရှိသည်မှာ အသီနာတစ်ယောက်တည်းသာ ဖြစ်သည်။ယခင်နေ့ရက်များ၌ အခန်းထဲမှ ချန်လွေ့ ထွက်မလာခြင်းကို အသီနာစိုးရိမ်နေခဲ့သည်။ယခု ချန်လွေ့ ထွက်လာသည်ကို မြင်လိုက်သည့်နှင့် အသီနာသည် ချန်လွေ့ထံသို့ ချက်ချင်းသွားလိုက်သည်။
ချန်လွေ့သည် လေ့ကျင့်ရေး ရက်ပေါင်းရာကျော်အတွင်း၌ အသီနာနှင့် မတွေ့ခဲ့ရပေ။အသီနာ၏ ဂရုစိုက်သောမျက်နှာကို မြင်လိုက်သည့်အခါ ချန်လွေ့၏နှလုံးသား နွေးထွေးသွားသည်။ချန်လွေ့သည် အသီနာ၏လက်ကို ကိုင်လိုက်သည်။
“ အခုအတောအတွင်းတော့ ငါအဆင်ပြေမှာပါ။ငါ့ကို ကာကွယ်ပေးတဲ့အတွက် ကျေးဇုးပါပဲ။ ”
“ရပါတယ်”ဟု ပြောချင်နေသော်လည်း ထိုသို့ကြားရသည်ကို အသီနာအလွန်ပျော်ရွှင်နေသည့်အတွက် “အင်း....”ဟူ၍သာ တိုးတိုးလေး ပြောလိုက်သည်။
“ လာ။ငါမင်းကို ဝတ်ပေးမယ်။ ”
ချန်လွေ့သည် “မိစ္ဆာမျက်ရည်ပြာ”လည်ဆွဲအားထုတ်ပြီး အသီနာအား ဝတ်ပေးဟန်ဆောင်ကာ အသီနာ၏ နားပျဉ်းအား ကျီဆယ်သည့်သဘောဖြင့် နမ်းလိုက်သည်။ထိုနေရာသည် အသီနာ၏ အထိမခံသော နေရာဖြစ်သည်။သူ၏ခေါင်းထဲ၌ ရုတ်တရက် ထုံထိုင်းသွားသကဲ့သို့ ဖြစ်သွားပြီး ချန်လွေ့၏လက်ထဲသို့ အားနည်းစွာ ကျရောက်သွားသည်။
ထိုအချိန်၌ ခြေသံများ ထွက်ပေါ်လာသည်။၎င်းမှာ အစေခံမှင်စာ ဖြစ်ပုံရသည်။အသီနာ ရုတ်တရက် နိုးထသွားပြီး ဝံပုလွေလက်သည်းကြားထဲမှ အလျင်အမြန် ပြေးထွက်လိုက်သည်။သူထွက်ပြေးနေစဉ် မရိုးသားသည့်လက်ကိုပင် ထိသွားသေးသည်။
အမှန်တကယ်ပင် စလီသည် စားစရာတစ်အိုးနှင့် ရောက်လာသည်။၎င်းသည် အသီနာအတွက် ဖြစ်ပုံရသည်။အပြင်ရောက်နေသည်မှာ ကြာပြီဖြစ်သော သူ၏သခင်ပြန်ရောက်လာကြောင်း သိသွားသည့်အခါ စလီ မြှောက်ပင့်ကပ်ဖားချင်ခဲ့သည်။သို့သော်လည်း သူသည် သခင်ဖြစ်သူ၏ မရင်းနှီးသော မျက်လုံးများကို တွေ့လိုက်ရသည်။မှင်စာ ကြက်သီးထသွားပြီး အသီနာအား အလျင်အမြန် ဖြတ်ခနဲ ကြည့်လိုက်သည်။လှပသောမျက်နှာပေါ်၌ မပျောက်ကွယ်သွားသေးသော နီမြန်းနေမှုကို စလီ သေသေချာချာ တွေ့ရှိသွားပြီး ရုတ်တရက် သဘောပေါက်သွားသည်။သခင်ဖြစ်သူ၏ ကိုယ်ရေးကိုယ်တာကိစ္စအား အားကျရင်း စလီသည် စားစရာပို့ချိန် မှားသွားသော မိမိကိုယ်မိမိ အပြစ်တင်လိုက်သည်။သူသည် သခင်ဖြစ်သူ၏ အလုပ်ကိစ္စများ အမှန်တကယ်ပင် ပျက်ယွင်းစေမိခဲ့လေသည်။
သခင်က အဆင်ပြေသေးတယ်။ဒါပေမဲ့ မစ္စစ်-အသီနာက အမြင့်ဆင့်နတ်ဆိုးပဲ။( မှင်စာ၏စွမ်းအားသည် အလွန်နိမ့်ပါးသည်။ထို့ကြောင့် လည်ဆွဲမရှိလျှင်ပင် အသီနာ၏ တကယ့်စွမ်းအားကို မသိနိုင်ပေ )။သူတကယ်လို့ ရှက်နေရင်း ဒေါသထွက်ပြီးတော့ လူသတ်ချင်လာမယ်ဆိုရင်.......
“ အား။မျက်လုံးနာလိုက်တာ။မျက်ကန်းဆေးရည် အစွမ်းပြလာပြန်တာလား။ ”
ပါးနပ်သော မှင်စာသည် အလျင်အမြန်ပင် စားစရာပန်းကန်အား ချလိုက်သည်။ထို့နောက် မျက်လုံးကိုကာပြီး လွန်လွန်ကဲကဲ အော်ဟစ်ကာ လှည့်ထွက်သွားသည်။မမျှော်လင့်ဘဲနှင့် သူသည် မတော်တဆ နံရံနှင့် တိုက်မိသွားသည်။စလီသည် ထိုမျက်ကန်းဆေးရည် အစွမ်းကို ဂရုမစိုက်နိုင်တော့ဘဲ ပြေးထွက်သွားလိုက်သည်။
ထိုအဖြစ်အပျက်သည် အသီနာ၏ ရှက်နေခြင်းအား အနည်းငယ် ပြေလျော့စေခဲ့သည်။ချန်လွေ့လည်း အသီနာကို စနောက်မနေတော့ဘဲ ပြောလိုက်သည်။
“ မင်း ဒီရက်ပိုင်း ဒီမှာနေရလို့ ပျင်းနေမှာပဲ။တစ်ခုခု တူတူစားပြီးတော့ လမ်းလျှောက်ထွက်ရအောင်။ပြီးတော့ အဲလစ်နဲ့မင်း မတွေ့ရတာ ကြာပြီမဟုတ်လား။ ”
အသီနာ၏မျက်လုံးများ တောက်ပသွားပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။