← Chapters

ဒိုဒို၏ စွမ်းရည်အသစ်

Vol. 14 Ch. 210

ဒိုဒို၏ စွမ်းရည်အသစ်

Vol. 14 Ch. 210

နောက်တစ်နေ့၌ ချန်လွေ့သည် အသီနာအား နှုတ်ဆက်ပြီး ဝိုင်ဗန်စီးကာ အနောက်ဘက်သို့ ပျံသွားသည်။

အသီနာ၏ မမျှော်လင့်ထားသော ဝန်ဆောင်မှုက သူတို့နှစ်ယောက်၏ရင်းနှီးမှုကို ပိုတိုးသွားစေပြန်သည်။ ထိုကဲ့သို့ အံ့ဩဖွယ်ရာ ခံစားချက်မျိုးကို ချန်လွေ့ သဘောကျသော်လည်း အသီနာအား မသန့်ရှင်းသောဝတ္ထုများကို ခိုးဖတ်သည့်အတွက် ပြင်းပြင်းထန်ထန် အပြစ်တင်လိုက်သည် ( အမှန်တကယ်၌ တစ်စုံတစ်ယောက်တွင် အခြားကမ္ဘာ၌ မသန့်ရှင်းသောဓာတ်ပုံများ ဂစ်ဂါဘိုက်နှင့်ချီ ရှိလေသည်)။ မိန်းကလေးကို ကောင်းကောင်း သင်ပေးရမည်ဖြစ်သည်။ထိုကဲ့သို့ ပညာရေးကိုမူ ချန်လွေ့သည် အသီနာ၏ အသက်၂၀ပြည့်မွေ့နေ့အထိ စောင့်ဆိုင်းရပေမည်......။

ချန်လွေ့သည် ယခုတစ်ခေါက်၌ မန္ဂဒါနှင့် ခီဂူတို့ကို ခေါ်သွားသည်။သူ ပထမဆုံး သွားသည့်နေရာမှာ နတ်ဆိုးဘုရင်အဆင့် ဝိုင်ဗန်များရှိတေသော ရှီလန်တောင်ကိုပင် ဖြစ်သည်။

၂ရက်ကြာပြီးနောက် ချန်လွေ့သည် ရှီလန်တောင်သို့ ရောက်ရှိသွားပြီး အရွယ်ရောက်ပြီးသား ထိုဝိုင်ဗန်များကို သေသေချာချာ စုဝေးနိုင်ခဲ့သည်။ အသံတိတ်ညစိမ့်မြေသို့ ပြန်တော့မည်ဖြစ်ကြောင်း ကြားလိုက်သည့်အခါ အသိုက်မှထွက်သွားရသည်မှာ ကြာပြီဖြစ်သော ဝိုင်ဗန်များက စိတ်လှုပ်တရှား အော်ဟစ်လိုက်ကြသည်။

ချန်လွေ့ ချက်ချင်း မထွက်သွားဘဲ မိုင်းတွင်းအရာရှိနှင့် အနောက်ဘက်လမ်း မြို့စောင့်တပ် ခေါင်းဆောင် တင်ကို တိတ်တဆိတ် ဆက်သွယ်လိုက်သည်။ တင်သည် ယခုတွင် အလွန်အလုပ်များနေ၏။သူသည် မိုင်းတွင်းပွင့်များကို အလှည့်ကျ မိုင်းတူးရန်အတွက် မိုင်းလုပ်သားများအား စုစည်းရပြီး ကာကွယ်ရေးတပ်ဖွဲ့အား လေ့ကျင့်ပေး‌နေရသည်။

သူခိုးဓားပြများမှာမူ လုံးဝနီးပါး သုတ်သင်ခံလိုက်ရသည်။ တင်သည် မူလကတည်းက ထူးချွန်သူ တစ်ယောက်ဖြစ်သည်။ အထူးသဖြင့် သူခေါ်လာသော လူတစ်စိတ်တစ်ပိုင်းမှာ သူ့မိသားစု၏ လက်ရွေးစင်များ ဖြစ်ကြသည်။ထို့ကြောင့် အရာအားလုံး အဆင်ပြေပြေ ဖြစ်နေသည်။

ချန်လွေ့ကို တွေ့ရသည့်အတွက် တင် အလွန်ကျေနပ်နေသည်။ အသက်ရှည်ဆေးရည်ကို သောက်ပြီးနောက် လျို့ဝှက်နည်းလမ်းကြောင့် ဆုံးရှုံးသွားခဲ့သော သူ၏အသက်ဓာတ်များ အတိုင်းအတာ တစ်ခုအထိ ပြန်လည်ပြည့်ဝသွား၏။ ယခုတွင် သူသည် အသက်ဓာတ်ရေစင်၏ ကန့်သတ်မှုများမှ လွတ်မြောက်နိုင်ပြီ ဖြစ်သည်။

လိုင်ဆာသည် မြေအောက်လောက၌ သူ၏ကလေးကို နို့ချိုတိုက်ကျွေးနေဆဲပင် ဖြစ်သည်။နေရာနီးကပ်သည့်အတွက် တင်သည် လိုင်ဆာအား မကြာခဏ သွားတွေ့သည်။

သတင်းကောင်း အချို့လည်း ရှိသေးသည်။၎င်းမှာ အိပ်မောကျသွားခဲ့သော ဒိုဒိုတစ်ယောက် ပြန်နိုးလာခဲ့ခြင်းပင် ဖြစ်သည်။နတ်ဆိုးအရှင်သခင်အဆင့် ပိုင်နက်ထဲ၌ ဖြစ်ပေါ်လာသော စိတ်ဝိညာဉ်-ဝါးမျို နတ်ဆိုးယင်ကောင်များ၌ ကြီးမားသောစွမ်းအား ရှိကြသည်။သူတို့၏စွမ်းအားကို လုံးဝချေဖျက်ပြီးသွားသော ဒိုဒိုသည် အမြင့်ဆင့် နတ်‌ဆိုးမှ နတ်ဆိုးဘုရင်အဆင့်သို့ အဆင့်တက်သွား၏။

ချန်လွေ့သည် တင်နှင့်အတူ မယ်ဒူဆာ အသိုက်အမြုံသို့ ရောက်ရှိသွားသည်။ ချန်လွေ့ကို တွေ့သည့်အခါ ဒိုဒိုသည် ပျော်ရွှင်စွာ ခုန်ဆင်းလာလိုက်သည်။

“ သခင်ကြီး။နောက်ဆုံးတော့ ရောက်လာပြီပဲ။ ”

ချွဲကျိကောင်သည် သခင်ဖြစ်သူအား မည်မျှအထိ သတိရကြောင်း တရစပ် ဖော်ပြနေတော့သည်။အဓိကပြောသည်မှာ သခင်၏ အကင်အကြောင်း မည်သို့ သတိရခြင်းကိုပင် ဖြစ်သည်။

ယခင်နေ့ရက်များ၌ ဆာ-ဒိုဒိုသည် လရောင်မမြင်ရသော မြေအောက်လောက၌ နေနေရပြီး မယ်ဒူဆာတို့၏ စားစရာကို စားရသည်။၎င်းသည် အလွန်ပင် ကြီးမားလှသော မတရားမှုပင် ဖြစ်သည်။ထိုကဲ့သို့ ဘဝနှင့်ယှဉ်လျှင် သခင်နောက်လိုက်ပြီး လွတ်လွတ်လပ်လပ် လျှောက်သွားကာ လတ်ဆတ်ပြီး အရသာရှိသော စားစရာများ စားရခြင်းသည် နတ်ဆိုးဘုရားသခင်နှင့်ထိုက်တန်သည့် ဘဝတစ်ခုဖြစ်သည်။

“ သခင်။အကောင်းဆုံးအစေခံ ဒိုဒိုက သခင့်ဘေးနားမှာ အမြဲ တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်။ ”

ထိုသို့ပြောပြီးသည်နှင့် ဒိုဒိုသည် ရုတ်တရက်ပင် တင် အသွင်သို့ ပြောင်းသွားပြီး ချန်လွေ့အား ဦးညွှတ်လိုက်သည်။

ချန်လွေ့ အံ့အားသင့်သွားသည်။ ယခင်က ဒိုဒိုသည် ရိုးရှင်း‌သောပုံစံများအဖြစ်သာ အသွင်ပြောင်း၍ရသည်။နတ်ဆိုးဘုရင်အဆင့်ရောက်ပြီးတော့ ၎င်း၏ အသွင်ပြောင်း စွမ်းရည်လည်း သိသိသာသာ တိုးတက်သွားသည်။သူသည် လူသားအသွင်သို့ အလွယ်တကူ ပြောင်းလဲနိုင်ပြီဖြစ်သည်။

သို့သော် “တင်” သည် ရှေ့သို့ ခြေသုံးလေးလှမ်း သွားပြီးနောက် မူရင်းစရိုက် စတင်ပြသတော့သည်။ သူသည် တရုတ်သရဲကဲ့သို့ပင် ဒူးမကွေးဘဲ ခုန်ဆွခုန်ဆွ သွားနေသည်။ သူ၏အသွင်အပြင် ပြောင်းလဲသွားသော်လည်း ကြက်သွန်နီခေါင်း ဝိသေသလက္ခဏာများမှာ မပြောင်းလဲသေးပေ။

“ သခင်။ဒိုဒို တော်တယ်မဟုတ်လား။ ”

ဒိုဒိုသည် အလွန်ပျော်ရွှင်နေရင်း ခုန်ပေါက်နေ၏။

“ ပုံမှန်ပါပဲ။ငါလည်း လုပ်တတ်တယ်။ ”

ချန်လွေ့သည် [ ရုပ်ဖျက်ခြင်း ] အစွမ်းကိုသုံးပြီး တင်(မ်)အသွင်သို့ ပြောင်းလိုက်သည်။

ယခုတစ်ခေါက်၌ လိုင်ဆာ ကြက်သေသေသွားသည်။ ယောက်ျားသုံးယောက်လား။

“ ဒိုဒို အသွင်ပြောင်းနိုင်သေးတယ်။ ”

ဒိုဒို၏ခန္ဓာကိုယ် ပြောင်းလဲသွားပြန်သည်။သူသည် အမှန်တကယ်ပင် စိတ်ဝိညာဉ်-ဝါးမျို နတ်ဆိုးယင်ကောင်အဖြစ် ပြောင်းလဲသွားပြီး တောင်ပံခတ်လိုက်သည်။လက်ရှိ နတ်ဆိုးယင်ကောင်အဖြစ် အသွင်ပြောင်းထားသော ဒိုဒိုသည် အမှန်တကယ် ပျံသန်းနိုင်နေသည်။

ချန်လွေ့အား ပို၍အံ့အားသင့်သွား စေသည်မှာ နတ်ဆိုးယင်ကောင်အဖြစ် ဒိုဒိုပြောင်းသွားချိန်တွင် ၎င်း၏ခန္ဓာကိုယ် ပို၍လေးလံသွားခြင်းပင် ဖြစ်သည်။ သူ၏ပတ်ပတ်လည်၌ အားစက်ကွင်းတစ်ခု ရှိနေသကဲ့သို့ပင် ဖြစ်သည်။ ထိုအားစက်ကွင်း အဝန်းအဝိုင်းတွင်း၌ လှုပ်ရှားရခြင်းမှာ အားပို၍လိုအပ်သည်။

ဒီရင်းနှီးတဲ့ ခံစားချက်က ဂလော်ဖင်းရဲ့ ပိုင်နက် ဝိသေသ လက္ခဏာပဲ။

ပိုင်နက်စွမ်းအားကို နားလည်ရန်အတွက် အနည်းဆုံး နတ်ဆိုးဧရာဇ်အဆင့် လိုအပ်သည်။ထို့ပြင် နတ်ဆိုးဧကရာဇ်သည် ပိုက်နက်အတု ကိုသာ ဖန်တီးနိုင်သည်။နတ်ဆိုးအရှင်သခင် အဆင့်မှသာ အစစ်အမှန်ပိုင်နက်ကို ကျွမ်းကျင်မည် ဖြစ်သည်။ဒိုဒိုက နတ်ဆိုးဘုရင်အဆင့်ပဲ ရှိသေးတယ်။ဘာလို့ ဒီလိုမျိုးစွမ်းအား ရှိရတာလဲ။

သို့သော်လည်း ဒိုဒို၏ အားစက်ကွင်းသည် ဂလော်ဖင်းထက် နိမ့်ကျပြီး အဝန်းအဝိုင်းမှာလည်း ပို၍ကျဉ်းမြောင်းသည်။အချင်း(၁၀)မီတာခန့်သာ ရှိလေသည်။

၎င်းသည် မိစ္ဆာသစ်သီးကြောင့်ဖြစ်မည်ဟု ချန်လွေ့ သတိရလိုက်သည်။ဒိုဒိုသည် ဝါးမျိုလိုက်သော ပစ်မှတ်၏စွမ်းရည်ကို ရရှိနိုင်သော အခွင့်အရေးတစ်ခု ရှိသည်။ထို့ကြောင့်ပင် သူသည် ယခင်က စိတ်ဝိညာဉ်နဂါးအသွင် ဟန်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ယခုတစ်ခေါက်တွင်လည်း သူ ထီပေါက်သွားပြန်ပြီး စိတ်ဝိညာဉ်-ဝါးမျို နတ်ဆိုးယင်ကောင်၏ စွမ်းရည်ကို ရရှိသွားခြင်း ဖြစ်ပေမည်။

သို့သော်လည်း ဒိုဒိုသည် ခဏသာ ပျံသန်းနိုင်ပြီး ပြုတ်ကျသွားသည်။သူသည် ကြက်သွန်နီခေါင်းအသွင် ပြန်ပြောင်းသွားကာ ပြင်းပြင်းထန်ထန် မောဟိုက်နေ၏။ ထိုအခြေအနေသည် အလွန် စွမ်းအင်ကုန်ဆုံးပုံရသည်။ “ စွမ်းရည် ” နှင့် သူနားလည်သော ပိုင်နက်ကြား၌ အရေးကြီးသော ကွာခြားမှုတစ်ခု ရှိနေဟန်တူသည်။မည်သို့ပင်ဆိုစေကာမူ ဒိုဒိုသည် အမှန်တကယ်ပင် ကံကောင်းလှသည်။

“ ဟုတ်ပါပြီ။ဟန်ဆောင်မနေနဲ့တော့။ ”

‌ချွဲကျိကောင် မောဟိုက်နေပြီး မြေပေါ်သို့ ပြုတ်ကျသွားခြင်းသည် ‌ဟန်ဆောင်နေခြင်း ဖြစ်ကြောင်း ချန်လွေ့ ပြောနိုင်သည်။သူ ချက်ချင်း ထပ်ပြောလိုက်သည်။

“ ၃စက္ကန့်အတွင်း မင်းမထဘူးဆိုရင် ထင်ယောင်ထင်မှား သစ်သီးတွေ ရှိတော့မှာ မဟုတ်ဘူး။ ”

ထိုစကားဆုံးသွားသည်နှင့် ဒိုဒိုသည် ချန်လွေ့၏ ပုခုံးပေါ်သို့ အမြန်ဆုံးရောက်ရှိလာပြီး တယ်လီပို့ ခုန်ခြင်းထက် မနှေးပေ။ချွဲကျိကောင်အား စားစရာစွမ်းအားဖြင့် အသုံးချခြင်းသည် မျှော်မှန်းထားသည်ထက် ကျော်လွန်နေပုံရသည်။

ချန်လွေ့သည် ချွဲကျိကောင်အား ထင်ယောင်ထင်မှား သစ်သီး သုံးလေးလုံး ပစ်ပေးလိုက်သည်။ ထို့နောက် မြေဒြပ်စင်ကောင်နှင့် ပြိဿတို့ကို အမြန်ဆုံးဆက်သွယ်ရန် တင်အား အမိန့်ပေးလိုက်သည်။

ပြိဿအကြီးအကဲနှင့် လက်ရွေးစင် မြေဒြပ်စင်ကောင်နှစ်ယောက်တို့က ချန်လွေ့၏ ဆင့်ခေါ်မှုကို ကြားသည့်အခါ ကိုယ်တိုင် အပြေးလာကြသည်။ချန်လွေ့သည် မြေဒြပ်စင်ကောင်များနှင့် ပြိဿတို့အား လရောင်ကျောက်များ ကူညီရှာပေးရန်နှင့် ရှားပါးသတ္တုသိုက်များအား အရည်ကျိုပေးရန် အကူအညီတောင်းသည်။ ခေါင်းဆောင်သုံးယောက်သည် မတုံ့မဆိုင်းဘဲ ချက်ချင်းပင် သဘောတူလိုက်ကြသည်။

ပြိဿများ၏ကျိန်စာကို ဖြေနိုင်မည့် လျို့ဝှက်ချက်ကို သွားရှာရန် အသံတိတ်ညစိမ့်မြေသို့ သွားမည်ဖြစ်ကြောင်း ချန်လွေ့ ရှင်းပြခဲ့သည်။ တစ်ဖက်တွင်လည်း ချန်လွေ့သည် မြေဒြပ်စင်နှလုံးသားအား ပြန်ပြင်နိုင်မည့် ဓမ္မတေးသစ်သီးနှင့် ပတ်သက်သော သက်ဆိုင်ရာသတင်းများကို ရရှိထားခဲ့ပြီ ဖြစ်သည်။သို့သော်လည်း ပို၍အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်နေသေးသည်။

ပြိဿအကြီးအကဲ ဒယ်လောင်နှင့် ‌လက်ရွေးစင် မြေဒြပ်စင်ကောင်နှစ်ယောက်တို့ ထိုသတင်းကို ကြားသည့်အခါ အလွန်ပျော်ရွှင်သွားကြသည်။ချန်လွေ့သည် တင်အား အမိန့်တချို့ပေးပြီးမှသာ ဝိုင်ဗန်စီးပြီး စိတ်ချလက်ချ သွားလိုက်သည်။သူသည် ဒိုဒိုကိုပါခေါ်ကာ အသံတိတ်ည စိမ့်မြေသို့ ပျံသန်းသွားလိုက်သည်။

ရက်အနည်းငယ် ကြာပြီးနောက် -

လမ်းတစ်လျှောက် ရှုခင်းများသည် ပို၍ပို၍ ရင်းနှီးလာပုံရသည်။ချန်လွေ့ ခဏတာ သတိလက်လွတ်ဖြစ်သွားသည်။လေ့ကျင့်ရေးကွင်းထဲ၌ အချိန်ကုန်ဆုံးသည်မှာ ၁၀ နှစ်ကျော်ပြီဖြစ်သော်လည်း လိုင်ရာမြို့မှ အသံတိတ်ည စိမ့်မြေသို့ နောက်ဆုံးအကြိမ်သွားခဲ့သော ချန်လွေ့၏မှတ်ဉာဏ်မှာ ပူပူနွေးနွေး ဖြစ်နေဆဲပင် ဖြစ်သည်။

ချန်လွေ့သည် လက်ထဲမှ အနီရောင် ပလွေတိုလေးကို အသာအယာ ပွတ်သပ်နေလိုက်သည်။မတော်တဆတစ်ခုသာ ဖြစ်သော်လည်း ထိုအမျိုးသမီးသည် သူ၏နှလုံးသားထဲ ဖျောက်ဖျက်၍ မရသော အမှတ်အသားတစ်ခု ချန်ရစ်ခဲ့သည်။ သူရဲ့ ကြယ်လိုမျိုး မျက်လုံးတွေ၊ ပင်လယ်လို နက်ရှိုင်းတဲ့ ဉာဏ်ပညာတွေနဲ့ မီးတောက်လို သွေးတွေ.....

ကျွမ်းကျစ်က ပြောဖူးတယ်။အတူတူ ရုန်းကန်ရတာထက် တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေရတာက ပိုကောင်းတယ်တဲ့။

မိုးခေါင်လို့ ငါးနှစ်ကောင်က မြေပြင်ပေါ်မှာ အတူတူနေနေပြီးတော့ အချင်းချင်း စိုစွတ်အောင် အမြှုပ်တွေရှူထုတ်ပေးနေတယ်။ သူတို့တွေ အတူတူ ခံစားခဲ့ကြတယ်။ ရေတွေ လုံလုံလောက်လောက် ရှိတဲ့အချိန်မှာတော့ သူတိုက မြစ်တွေ၊ကန်တွေဆီကို ကူးခတ်သွားပြီးတော့ အချင်းချင်း မေ့လျော့သွားကြတယ်။ ဒါကို သတ္တဝါတွေရဲ့ မူလဥပဒေလို့ ခေါ်လို့ရနိုင်တယ်။

နှစ်တွေရာချီသွားရင် ဒီခံစားချက်ကို ချန်လွေ့မှတ်မိနေဦးမှာလား။ခရစ္စတီးနားကရော ချန်လွေ့ကို မှတ်မိနေဦးမှာလား။နာမည်ပဲ မှတ်မိပြီးတော့ သူတို့အချင်းချင်းလည်း မေ့သွားနိုင်ပါတယ်။

ဒြပ်စင်ကောင်တွေက သဘာဝဒြပ်စင်တွေ သိပ်သည်းရာကနေ ဖြစ်လာပြီးတော့ သေဆုံးခြင်းဟာလည်း အသက်ရှင်ခြင်းရဲ့ တခြားနည်းတစ်မျိုးပဲလို့ မြေဒြပ်စင်ဘုရင် ပြောခဲ့ဖူးတယ်။လူသားတွေလည်း သိပ်မကွာပါဘူး။တခြားအရာတွေလိုပဲ။စကြဝဠာရဲ့ သဘာဝဥပဒေအတိုင်းထုတ်လုပ်တယ်။သေတယ်။အသွင်ပြောင်းတယ်။ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘာမျိုးနွယ်ပဲဖြစ်ဖြစ် ဘဝတွေကတော့ အတူတူပဲ။

ဒါဆို ငါ့ရဲ့ ဘဝအဓိပ္ပာယ်က ဘာလဲ။အသက်ရှင်ဖို့ သက်သက်ပဲလား။

ဤမေးခွန်းသည် ပို၍ကျယ်ပြန့်သော နားလည်သဘောပေါက်မှု အဝန်းအဝိုင်းအထိ ရောက်ရှိနိုင်သည်။ပြဌာန်းစာအုပ်များ၌ အဖြေများစွာ ရှိနိုင်သည်။သို့သော်လည်း ချန်လွေ့၏စိတ်သည် ရှင်းပြ၍မရနိုင်အောင် ရှုပ်ထွေးနေ၏။ဝိုင်ဗန်၏ ရှူးရှူးရှဲရှဲအသံ ကြားသည့်အခါမှသာ ချန်လွေ့ နိုးသွားသည်။

ပျောက်ဆုံးနေသော ဝိုင်ဗန်အသိုက်သည် အရှေ့၌ပင် ရှိနေလေသည်။

ချန်လွေ့ ခေါင်းခါပြီး ပလွေတိုကို ဘေးဖယ်ထားလိုက်သည်။ နားမလည်ဘူးဆိုရင် မစဉ်းစားရုံပဲ။စီးစင်ကြည့်ကရတာပေါ့။

ဝိုင်ဗန်အသိုက်သည် ယခင်အတိုင်းပင် ဖြစ်သည်။သို့သော်လည်း အလယ်ဗဟိုရှိ အဆိပ်ပြင်းရေကန်သည် အတော်လေး ခမ်းခြောက်နေ၏။

မိတ်ဆွေ ချန်လွေ့နှင့် ဝိုင်ဗန်များ ပြန်လာသည်ကိုမြင်ရင်း ဝိုင်ဗန်ဘုရင် ဂယ်လန်သည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ချန်လွေ့သည် ဝိုင်ဗန် ကျောပေါ်မှဆင်းပြီး ဂယ်လန်ဆီသွားကာ လည်ပင်းကို အသာအယာ ပွတ်သပ်လိုက်သည်။အေးအတူပူအမျှ အတူတူတိုက်ပွဲဝင်ခဲ့ကြသော အပေါင်းအဖော်များအနေဖြင့် တခမ်းတနား မလိုအပ်ပေ။

“ ဂယ်လန်။မိတ်ဆွေ။ခင်ဗျားကို ပြန်တွေ့ရတာ ဝမ်းသာပါတယ်။ဒဏ်ရာတွေ အပြည့်အဝ ပြန်ကောင်းသွားပြီလား။ ”

ချန်လွေ့သည် ဝိုင်ဗန်ဘုရင်၏ အပြည့်အဝ ‌ပြန်ကောင်းနေသော တောင်ပံနှင့် ကြေးခွံများကိုကြည့်ရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။

“ အင်း။အရင်တစ်ခေါက်က မင်းရဲ့ ကုသမှုအတွက် ကျေးဇူးပါပဲ။ ”

[ သရုပ်ခွဲမျက်လုံး ] ၌ ဂယ်လန်၏စွမ်းအားကို [ B ] ဟု ပြသထားသည်။၎င်းမှာ နတ်ဆိုးဘုရင် အလယ်ဆင့် ဖြစ်သည်။

“ အပေါင်းအဖော်တွေကြားမှာ ဘာမှအားနာစရာ မလိုပါဘူး။မန္ဂဒါနဲ့ ခီဂူတို့ကို ကျုပ်ပြန်ခေါ်လာခဲ့တယ်။ ”

ဝိုင်ဗန်ဘုရင်သည် ကြောက်နေသော ဝိုင်ဗန်ငယ် နှစ်ကောင်ကိုကြည့်ပြီး မန္ဂဒါ၏မိဘများကို ခေါ်လာရန် ဝိုင်ဗန်တစ်ကောင်အား အမိန့်ပေးလိုက်သည်။

ပျောက်ဆုံးသွားသည်မှာ ကြာပြီဖြစ်သော ကလေးကို ပြန်တွေ့သည့်အခါ မန္ဂဒါ၏ မိဘများ အလွန်ပျော်ရွှင်သွားကြသည်။ခီဂူ၏မိဘများသည် ဟိုက်ဒြာများနှင့် တိုက်ခိုက်သော ယခင်တိုက်ပွဲ၌ ဆုံးပါးသွားခဲ့ကြသည်။ ချန်လွေ့၏ အကြံပေးချက်ကြောင့် မိဘမဲ့‌ဖြစ်နေသော ခီဂူကို မန္ဂဒါ၏မိဘများက မွေးစားလိုက်ကြသည်။

“ ဂယ်လန်။ ကျုပ်ထွက်သွားပြီးတော့ အဲဒီကြောက်စရာကောင်းတဲ့ရန်သူက ဝိုင်ဗန်အသိုက်ကို ထပ်ပြီး မနှောင့်ယှက်တော့ဘူး မဟုတ်လား။ ”

ချန်လွေ့ပြောသည့် ကြောက်စရာကောင်းသော ရန်သူဆိုသည်မှာ ဘရော့(ခ်)ကို ဆိုလိုခြင်း ဖြစ်သည်။ ဘရော့(ခ်)သည် ယခင်တစ်ခေါက်က ကြီးကြီးမားမား ဆုံးရှုံးခဲ့ရသည်။ နတ်မိစ္ဆာမျက်လုံး ဆိုးဆိုးဝါးဝါး ထိခိုက်သွားရုံသာမက ပါ့(ဂ်)လီအို၏ အဆိပ်ဖြင့်လည်း တိုက်စားခံလိုက်ရသည်။ ဘရော့(ခ်)၏ စရိုက်အရ ခရစ္စတီးနားကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည့်တိုင် လုံးဝငြိမ်ခံနေမည် မဟုတ်ပေ။

“ အဲဒီရန်သူကို မတွေ့တော့ဘူး။ ”

ဂယ်လန် ပြန်ဖြေသည်။

“ ဟိုက်ဒြာတွေ သုတ်သင်ခံလိုက်ရတော့ ဝိုင်ဗန်အသိုက်က ထူးထူးခြားခြား ငြိမ်းချမ်းသွားခဲ့တယ်။ဒါပေမဲ့ ငါတို့မှာ တခြားပြဿနာတစ်ခု ရှိနေတယ်။အဲဒါကတော့ ရေကန်က ဟိုက်ဒြာအသိုက်လိုမျိုး တဖြည်းဖြည်း ကျုံ့လာတာပဲ။ဒီအတိုင်းသာ ဆိုရင်တော့ ဝိုင်ဗန်အသိုက်လည်း အသက်ရှင်ဖို့ ခက်ခဲလာမှာလဲ။ ”

ရေကန်ပြဿနာကို ချန်လွေ့ရောက်လာသည့်အခါ၌လည်း သတိထားမိခဲ့သည်။ ချန်လွေ့က မေးသည်။

“ အရင်ကရော ရေကန်မှာ ဒီလိုမျိုး ပြောင်းလဲမှုတွေ ဖြစ်ခဲ့ဖူးလား။ ”

ဝိုင်ဗန်ဘုရင် ခဏစဉ်းစားပြီး ပြန်ဖြေသည်။

“ ဒီလိုအခြေအနေမျိုးက သုံးနှစ်တစ်ကြိမ် ဖြစ်တတ်တယ်။ဒါပေမဲ့ ဒီတစ်ခေါက်လိုမျိုး မပြင်းထန်ဘူး။ခဏကြာပြီးရင် ပုံမှန်ပြန်ဖြစ်သွားတတ်တယ်။ဒါပေမဲ့ အခုတော့ ငါလည်း မသိတော့ဘူး။ရေကန်သေလာတာက တဖြည်းဖြည်းပိုပြင်းထန်လာတယ်။ ဟိုက်ဒြာအသိုက်က အဆိပ်ရေကန်လိုမျိုးပဲ။အဲဒါကြောင့်ပဲ သူတို့က ဝိုင်ဗန်အသိုက်ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တာ။အရင်ကတော့ ငါတို့ ဝိုင်ဗန်တွေက ဟိုက်ဒြာနဲ့ ပြဿနာတွေ မရှိခဲ့ဘူး။ဒီအတိုင်းသာ ဆက်သွားရင်တော့ ငါတို့တွေ နေရာပြောင်းပြီးတော့ အသိုက်အသစ် ရှာရမှာပဲ။

“ သုံးနှစ်တိုင်းလား။ ”

ချန်လွေ့သည် တစ်စုံတစ်ခုကို တွေးမိသွားဟန်တူသည်။ ဒေလီယာလည်း ဒါကိုပြောဖူးတယ် မဟုတ်လား။သုံးနှစ်ကြာပြီးတိုင်း အသံတိတ်ညစိမ့်မြေထဲက ရတနာတစ်မျိုးရဲ့ “မှော်စက်ဝိုင်း” စွမ်းအားက အားနည်းသွားတယ်။ဒါနဲ့များ သက်‌ဆိုင်နေမလား။

ချန်လွေ့ ခဏစဉ်းစားပြီးနောက် ဝိုင်ဗန်ဘုရင်အား ပြောလိုက်သည်။

“ တကယ်တော့ အဆိပ်ကန်ပြဿနာ မရှိရင်တောင် ကျုပ်လည်း ခင်ဗျားတို့ကို ပြောင်းရွှေ့ဖို့ အကြံပေးချင်နေတာပါ။အဲဒီကြောက်စရာကောင်းတဲ့ရန်သူက အချိန်မရွေး ပြန်လာပြီးတော့ လက်စားချေနိုင်တယ်။ခင်ဗျားတို့တွေ အန္တရာယ်ကင်းတဲ့ နေရာကို ပြောင်းရွှေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”

“ ဝိုင်ဗန်တွေမှာ အားကောင်းတဲ့ ရှင်သန်ရေး စွမ်းရည်ရှိတယ်။ငါတို့က ကြမ်းတမ်းတဲ့ပတ်ဝန်းကျင် အမျိုးမျိုးမှာ လိုက်လျောညီထွေ နေနိုင်တယ်။ဒါပေမဲ့ မျိုးဆက်သစ်တွေ မွေးထုတ်ဖို့နဲ့ သားပေါက်တွေကို မွေးမြူဖို့အတွက် အဆိပ်ကန် လိုအပ်တယ်။မိတ်ဆွေ။မင်းမှာ သင့်တော်တဲ့ နေရာတစ်ခုရှိလား။ ”

ဒီလိုနေရာမျိုးက ရှာရမလွယ်ဘူး။ဒါပေမဲ့ ဒီကန်ကိုတော့ ကျုပ်ရွှေ့ပြောင်းလို့ ရနိုင်တယ်။ ”

ချန်လွေ့သည် ရေကန်ဆီသို့လာပြီး ကြည့်လိုက်သည်။ သူ၏လက်ထဲမှ မြူနှင်းဖျော့ဖျော့များ ထွက်လာသည်။

All Chapters