အရာရှိအသစ် အလုပ်စတင်ခြင်း။ချော့ချည်တစ်ခါ၊ ရိုက်ချည်တစ်လှည့်
Vol. 14 Ch. 196
နောက်တစ်နေ့နံနက်၌ အစောင့်များသည် ဆင့်ခေါ်ခြင်းအမိန့်ကို ရရှိခဲ့သည်။ ၎င်းကို ငြိမ်ဝပ်ပိပြားရေးအရာရှိအသစ် ချန်လွေ့က ထုတ်ပြန်ခြင်း ဖြစ်ရပေမည်။
ငြိမ်ဝပ်ပိပြားရေးအရာရှိ အလုပ်စလုပ်မည်ကို ရှောင်လွှဲ၍မရပေ။ သူလည်း သူ၏လုပ်ပိုင်ခွင့်ကို ကြွားဝါချင်ပေမည်။ သို့သော်လည်း ၎င်းသည် အခြားသူများ၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည်။ ဆင့်ခေါ်ခြင်းအမိန့် ထုတ်ပြန်ထားသည်မှာ ကြာပြီဖြစ်သော်လည်း လူ၂၀၀လောက်သာ ရောက်လာကြသည်။ဆယ်ပုံတစ်ပုံပင် မရှိချေ။
သူတို့သည် ငြိမ်ဝပ်ပိပြားရေး အရာရှိအသစ်အား ပညာပြချင်နေသည်မှာ သေချာနေသည်။ မင်းကို ဘယ်သူက ဘာစွမ်းအားမှမရှိဘဲ လူသားတစ်ယောက် ဖြစ်ခိုင်းလို့လဲ။
အများစုသည် အိမ်ထဲ၌သာ အေးအေးချမ်းချမ်း အိပ်စက်နေကြသည်။သို့သော်လည်း သူတို့သည် အခြေအနေကို စောင့်ကြည့်နေကြသည်။မည်သို့ပင် ဆိုစေကာမူ ပညာပြခြင်းနှင့် ပုန်ကန်ခြင်းတို့မှာ သက်သက်စီသာ ဖြစ်သည်။
ခဏအကြာ၌ စောင့်ကြည့်နေသူများသည် ထိတ်လန့်ဖွယ် သတင်းတစ်ခုကို ကြားလိုက်သည်။အစောင့်များသည် အဖွဲ့၅ဖွဲ့ ကွဲသွားသည်။ဆင့်ခေါ်ခြင်းကို လက်ခံရရှိပြီးနောက် ရှေ့တက်လာသော အဖွဲ့၂ဖွဲ့၏ ခေါင်းဆောင်များမှလွဲ၍ အခြားအဖွဲ့၃ဖွဲ့၏ ခေါင်းဆောင်များသည် ဆွဲထုတ်ခံရပြီး ခေါင်းဖြတ်ခံလိုက်ရသည်။ လက်ထောက်ခေါင်းဆောင်များကို ခေါင်းဆောင်နေရာ တာဝန်ယူစေခဲ့သည်။
တစ်နာရီအတွင်း လက်ရှိခေါင်းဆောင်များက လက်အောက်ခံများကို မဆင့်ခေါ်နိုင်လျှင် သူတို့အားလုံး ခေါင်းဖြတ်ခံရမည်ဖြစ်သည်။ပထမဆုံး စုစည်းနိုင်သည့် ခေါင်းဆောင်ငယ်ကို ခေါင်းဆောင်ကြီးရာထူး ပေးအပ်မည်ဖြစ်သည်။ငြိမ်ဝပ်ပိပြားရေး အရာရှိအသစ်၏ ရက်စက်သောနည်းလမ်းများကို သံသယမရှိသင့်ပေ။ အကြောင်းရင်းမှာ မြို့ထဲရှိ အကြီးမားဆုံး အဖွဲ့အစည်းဖြစ်သည့် ဝတ်ရုံဂိုဏ်းသည် လူသားအရာရှိအား လူသိရှင်ကြား ထောက်ပံ့ကြောင်း ဖော်ပြလိုက်၍ဖြစ်သည်။ မူလ “အဖျက်သမား” ခေါင်းဆောင်ကြီးများကို အရတ်(စ်) ကိုယ်တိုင် သတ်ပစ်ခဲ့သည်။ ယခုတွင် ဝတ်ရုံဂိုဏ်းသည် မြို့၏ဒေါင့်နေရာအသီးသီးကို ထိန်းချုပ်ထားပြီဖြစ်သည်။ သူတို့ ထွက်ပြေး၍ပင် မရနိုင်တော့ချေ။
တစ်နာရီကြာပြီးနောက် အစောင့်များအားလုံးသည် စစ်တန်းလျားရှိ ကွင်းပြင်ထဲသို့ ရောက်လာကြသည်။အများစုကို ခေါင်းဆောင်ငယ် အသစ်များက စိတ်မရှည်စွာဖြင့် ခေါ်လာခဲ့ကြသည်။အချိန်နောက်ကျသွားလျှင် သူတို့၏အသက်နှင့် ရာထူးကိုပင် ထိန်းထားနိုင်မည်မဟုတ်ပေ။၎င်းသည် အခြားသူများကို ပို၍အကျိုးရှိသွားစေသည်။
စင်မြင့်ထက်ရှိ အလံတိုင်ထိပ်တွင် သွေးရဲရဲဖြစ်နေသော နတ်ဆိုးခေါင်းတစ်လုံး ရှိနေသည်။အရာရှိအသစ် ချန်လွေ့သည် စင်မြင့်ပေါ်၌ အေးအေးဆေးဆေးထိုင်နေပြီး အောက်မှ အစောင့်များကို တိတ်တဆိတ် စစ်ဆေးကြည့်နေလိုက်သည်။ အစောင့်အများစုမှာ ပျင်းရိနေကြပြီး တန်းစီကြသည့် အနေအထားသည်ပင် ပြဿနာတစ်ခု ဖြစ်နေသည်။မဆိုးလှသော စွမ်းအားရှိသည့် အစောင့်အချို့မှာလည်း အထင်သေးသည့် အမူအရာများ ပြသနေကြသည်။
“ အာ...အဟမ်း။ ”
ချန်လွေ့သည် မှော်အသံချဲ့စက်ကိုကိုသုံးပြီး ချောင်းဟန့်လိုက်သည်။
“ ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပါရစေ။ ကျုပ်က တော်ဝင်မင်းသမီး တာဝန်ပေးအပ်ထားတဲ့ ငြိမ်ဝပ်ပိပြားရေး အရာရှိအသစ် ချန်လွေ့ပါ... ”
“ မပြည့်ဝတဲ့ လူသား ”
တစ်စုံတစ်ယောက်က စတင်ပြဿနာ ရှာတော့သည်။အောက်မှ ရယ်သံများ ထွက်လာသည်။
ချန်လွေ့ ဒေါသမထွက်ပေ။
“ အဖွဲ့ကြီး(၇)ရဲ့ ၆တန်းမြောက်၊ ပွဲဆူအောင် လုပ်ခဲ့တဲ့ ရှပ်အင်္ကျီအနီနဲ့ နွားတစ်ပိုင်း။ မင်းအခု စင်ပေါ် တက်လာခဲ့။ငါ့လက်ထဲမှာ မင်းတစ်မိနစ် အသက်ရှင်နိုင်မယ်ဆိုရင် အိမ်ပြန်ပြီးတော့ နေ့တိုင်း အိပ်လို့ရပြီ။လတိုင်းလည်း လစာပုံမှန်ရမယ်။ ”
နွားတစ်ပိုင်းက လူသား၏မျက်လုံးသည် မိမိကို မြင်နိုင်သည်အထိ စူးရှထက်မြက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ချန်လွေ့၏စကားများကို ကြားလိုက်သည့် အခါ သူ အော်ပြောသည်။
“ တကယ်ပြောတာလား။ ”
ချန်လွေ့ ခေါင်းညိတ်ပြသည်။
“ ဒီနေရာက စစ်တန်းလျားပဲ။ငါပြောတာတွေအားလုံးက တရားဝင်တယ်။မင်းတို့ အစောင့်တွေအားလုံးက မျက်မြင်သက်သေတွေပဲ။ ”
ပွဲကြီးပွဲကောင်းတစ်ခုကို မြင်လိုက်ရသည်နှင့် ပရိတ်သတ်များသည် နွားတစ်ပိုင်းအား စင်ပေါ်တက်ရန် အလောတကြီး ပြောကြသည်။ထိုလူတစ်ပိုင်းနွားတစ်ပိုင်း စကားမပြောနိုင်ခင်မှာပင် ချန်လွေ့ လက်ကို သူ့ဆီသို့ ဝှေ့ရမ်းလိုက်သည်ကို တွေ့လိုက်ရသည်။ထိုနွားတစ်ပိုင်း ရုတ်တရက် နှေးကွေးသွားပြီး ၎င်း၏ခန္ဓာကိုယ်သည် သာမန်မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် စတင်ယိုယွင်းလာတော့သည်။သူသည် ချက်ချင်းပင် အရိုးစုဖြစ်သွားခဲ့သည်။အဆိပ်နှင့် သွေးများရောနှောနေသော အရည်များက ကြမ်းပြင်ကို ဖုံးအုပ်သွားသည်။
ထိုကဲ့သို့ သွေးပျက်ဖွယ် မြင်ကွင်းကို တွေ့ရပြီးနောက် ဆူညံသံများ ချက်ချင်း လျော့ကျသွားသည်။ထိုနွားတစ်ပိုင်းသည် ခေါင်းဆောင်ငယ် တစ်ယောက်ဖြစ်သည်။အလယ်ဆင့်နတ်ဆိုး အလတ်ပိုင်းသည် အစောင့်များကြား၌ အတော်လေး တော်နေပြီဖြစ်သည်။သို့သော်လည်း သူသည် ချက်ချင်းပင် အရိုးစုအဖြစ် ပြောင်းလဲသွားခဲ့သည်။ဤလူသားသည် ဆရာသခင် အဲဒက်(စ်)၏ အလုပ်သင်ဖြစ်ကြောင်း သူတို့သိကြသည်။ သို့သော်လည်း ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ အဆိပ်အစွမ်းကို ဤမျှလောက်မြန်မြန် သင်ယူနိုင်လိမ့်မည်ဟု သူတို့ လုံးဝမထင်ခဲ့ပေ။
“ ကျုပ်ကို ယုတ်မာတယ်လို့တော့ မပြောပါနဲ့။ ကျုပ်က ဆေးရည်ပညာရှင် တစ်ယောက်ပါပဲ။ ”
ချန်လွေ့သည် အရှက်ကင်းမဲ့စွာဖြင့် မိမိကိုယ်ကို မပြည့်ဝသော အလုပ်သင်အဖြစ်မှ ဆေးရည်ပညာရှင်အဖြစ်သို့ တိုးမြှင့်လိုက်သည်။
“ အမှန်အတိုင်းပြောရရင်တော့ ကျုပ်က ဆရာသခင် အဲဒက်(စ်)ရဲ့ သင်ကြားမှုတွေကို ရရှိထားပြီးပြီ။မကျေနပ်တဲ့သူ ရှိမယ်ဆိုရင် တစ်ယောက်ချင်း ထွက်လာခဲ့ပေးပါ။ ခင်ဗျားတို့ကို ကျုပ်နဲ့ ကျုပ်ဆရာရဲ့ စမ်းသပ်ခန်းမှာ စမ်းသပ်ပစ္စည်းအနေနဲ့ နေခိုင်းမယ်။ခင်ဗျားတို့ အသက်ဆက်ရှင်မယ်ဆိုရင် ကျုပ် ရာထူးတိုးပေးမယ်။ ”
ဆရာသခင် အဲဒက်(စ်)ရဲ့ စမ်းသပ်ခန်းကိုလား။
တစ်ကွင်းလုံး တိတ်ဆိတ်သွားကြသည်။နန်းတော် အပြင်ဝင်းရှိ စမ်းသပ်ခန်းသည် အမှောင်လမြို့၌ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး နေရာဖြစ်ကြောင်းကို လူတိုင်းသိကြသည်။ယခင်၌ ထိုနေရာမှ ရံဖန်ရံခါ အော်သံများ ထွက်လာသည်။ “စမ်းသပ်ပစ္စည်း” ဖြစ်လာရန် မပြောနှင့်။အစွမ်းထက်ဆုံး အင်ပါယာအစောင့်များပင် ထိုအနားမကပ်ရဲကြပေ။ မကြာသေးခင်အချိန်များ၌ အော်သံများ ထပ်မကြားရတော့ပေ။ သို့သော်လည်း ကောလာဟလများမှာမူ ပို၍ကြောက်မက်ဖွယ်ရာ ကောင်းလာသည်။လတ်လတ်ဆတ်ဆတ် အလောင်းကောင် စမ်းသပ်ချက်.....စသဖြင့်။၎င်းသည် လူအများအား ကြောက်လန့်တကြား ဖြစ်စေသည်။
ဆေးရည်ပညာရှင်သည် တိုက်ခိုက်ရေးသမား တစ်ယောက် မဟုတ်သော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် အဆိပ်ခတ်နည်းလမ်း အမြောက်အမြားရှိသည်။ ချန်လွေ့သည် ၎င်းတို့ကို အဲဒက်(စ်)ထံမှ သင်ယူထားခဲ့သည်။သူ၏ ဆန်းပြားသော စွမ်းအားထိန်းချုပ်မှုနှင့် ပေါင်းလိုက်သည့်အခါ ချန်လွေ့သည် အတုအယောင် ဆေးရည်ပညာရှင်ဟူသော နာမည်နှင့် အခြားသူများကို စွမ်းအားမဖော်ထုတ်ပြဘဲ ခြောက်လှန့်နိုင်လေသည်။
ထိုအချိန်၌ စစ်တန်းလျားဂိတ်မှ တပ်မှူးသည် သတင်းလာပို့သည်။
“ မယ်လွန်မိသားစုနဲ့ ကတ်(စ်)မိသားစုတို့က လူတွေလွှတ်လိုက်ပါပြီ။သူတို့က စစ်တန်းလျား အပြင်ဘက်ကနေ အရာရှိကို တွေ့ခွင့်တောင်းနေကြတယ်။ ”
အစောင့်များ တီးတိုးပြောကြတော့သည်။ ခေါင်းဖြတ်ခံလိုက်သော ခေါင်းဆောင် နှစ်ယောက်မှာ မယ်လွန်မိသားစုနှင့် ကတ်(စ်)မိသားစုမှ ဖြစ်သည်။ ဒါက ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်တော့မှာပဲ။ ဒါပေမဲ့ သူတို့က ဘာလို့ “တွေ့ခွင့်တောင်း”ကြတာလဲ။
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။
“ သူတို့ကို ဝင်လာခိုင်းလိုက်။ ”
မိသားစုနှစ်ခုမှ ကိုယ်စားလှယ်များသည် စင်မြင့်သို့ရောက်လာပြီး ရိုရိုသေသေ အလေးပြုလိုက်ကြသည်။သူတို့သည် အသတ်ခံလိုက်ရသော ခေါင်းဆောင်ကြီးများ အကြောင်း တစ်ခွန်းမျှ မပြောကြပေ။သူတို့သည် မိသားစုအကြီးအကဲ ကိုယ်စား ငြိမ်ဝပ်ပိပြားရေး အရာရှိအသစ်ကို ဂုဏ်ပြုရန်အတွက် လက်ဆောင် အမြောက်အမြားသာ ယူလာခဲ့ကြသည်။
တစ်ယောက်ပြီးတစ်ယောက် ချန်လွေ့အား လာရောက်ဂုဏ်ပြုကြသည်။ စိုင်ဖူမိသားစုမှလွဲ၍ အမှောင်လမြို့မှ မိသားစုအားလုံးနီးပါး ရောက်လာကြသည်။ ထိုကဲ့သို့ဖြစ်ရပ်မျိုးကို အစောင့်များ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။သူတို့ ကြောင်တောင်တောင် ဖြစ်သွားကြသည်။လူသား ငြိမ်ဝပ်ပိပြားရေး အရာရှိ၏ စွမ်းအားသည် ထင်ထားသည်ထက် လွန်ကဲနေပုံရသည်။
မကြာမီတွင် နောက်ထပ်အရေးကြီး ပုံရိပ်တစ်ခု ရောက်ရှိလာသည်။၎င်းမှာ ဘဏ္ဍာရေးအရာရှိ ဂျိုးဆက်(ပ်)၏ ကိုယ်စားလှယ်ဖြစ်သော ရွိုင့်(စ်)ပင် ဖြစ်သည်။ ရွိုင့်(စ်)သည် အလွန်ရိုသေနေသည်။ဂျိုးဆက်(ပ်)ကိုယ်တိုင် ရောက်မလာနိုင်သည့် အတွက် သူက တောင်းပန်စကား ဆိုလိုက်သည်။ထို့နောက် အရည်အသွေးမြင့် သားရေချပ်ကာ အစုံနှစ်ရာနှင့် လက်နက်များကို လက်ဆောင်ပေးသည်။
ရွိုင်(စ်)နှင့် မယ်လွန်မိသားစုတို့ ရောက်လာခြင်းသည် ဂျိုးဆက်(ပ်)၏ စေခိုင်းမှုကြောင့် ဖြစ်သည်။အကြောင်းရင်းမှာ ချန်လွေ့အား သူနှင့်စိုင်ဖူမိသားစုကြားရှိ ရန်စောင်မှုကို ပိုဆိုးလာစေရန်နှင့် ရှီရာ၏ သံသယကို လှုံ့ဆော်ပြီး ပို၍ကွဲကြားမှု ဖြစ်စေရန်အတွက် ကူညီပေးရန်ဖြစ်သည်။
ထို့နောက် ချက်ချင်းပင် ဝတ်ရုံဂိုဏ်း၏ လက်ထောက်ခေါင်းဆောင်အသစ်ဖြစ်သူ အရတ်(စ်)နှင့် ညွှန်ကြားရေးမှူး ဒီဒီ တို့ ရောက်လာကြသည်။သူတို့သည် ဝတ်ရုံဂိုဏ်း ခေါင်းဆောင် အက်(ဂ်)အား ကိုယ်စားပြုခြင်း ဖြစ်သည်။သူတို့သည် ချန်လွေ့အပေါ်၌ အကြီးအကျယ် ထောက်ခံကြောင်း အတိအလင်း ဖော်ပြခဲ့သည်။ ဝတ်ရုံဂိုဏ်းသားများဖြစ်ကြသော အစောင့် အများအပြားသည် ထိုလူသားအရာရှိအား ပါးစပ်အဟောင်းသားနှင့် ကြည့်နေလိုက်ကြတော့သည်။
ဧည့်သည်များအားလုံးကို ကျေးဇူးတင်ပြီးနောက် ချန်လွေ့ စကားဆက်ပြောသည်။
“ ကျုပ်က တိုက်ခိုက်ရေးသမား မဟုတ်ဘူးဆိုတာ ဝန်ခံပါတယ်။ အဲဒါကြောင့် လူတိုင်းကို လေ့ကျင့်ပေးဖို့အတွက် နည်းပြနှစ်ယောက် ခန့်ထားတယ်။သူတို့တွေက စစ်တပ်ထဲမှာရှိတဲ့ ကိစ္စအားလုံးကို အပြည့်အဝ တာဝန်ယူခွင့်ရှိတယ်။မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်။နည်းပြကို စိန်ခေါ်ပွဲမှာ အနိုင်ယူနိုင်မယ်ဆိုရင် အဲဒီနည်းပြရဲ့နေရာကို ယူနိုင်ပြီးတော့ ဆုလာဒ်တွေ မြိုးမြိုးမြက်မြက် ရနိုင်တယ်..... ”
ချန်လွေ့သည် အစောင့်များအားလုံးကို ဆွဲဆောင်ရန်အတွက် အကျိုးအမြတ်များ အားလုံးကို ပြောပြပြီးနောက် နည်းပြများနှင့် မိတ်ဆက်ပေးသည်။
“ ပထမဆုံး နည်းပြကတော့ ကျုပ်မိတ်ဆွေ အက်(ဂ်)ယောရဲ့ အစွမ်းထက်ဆုံး လက်အောက်ခံဖြစ်တဲ့ ဝတ်ရုံဂိုဏ်း လက်ထောက်ခေါင်းဆောင် အရတ်(စ်) ပဲ။ ”
စင်အောက်မှ အရတ်(စ်)သည် ရုတ်တရက် ဖျပ်ခနဲပျောက်သွားပြီး ချန်လွေ့ဘေးမှ ပြန်ပေါ်လာသည်။သူသည် ချန်လွေ့အား အသာလေး ဦးညွှတ်လိုက်သည်။ အစောင့်များအား မျက်နှာချင်းဆိုင်သည့်အခါ သူ၏လက်ထဲ၌ ဓားသွားနှစ်ဖက် ကောက်ရိတ်ဓား ရုတ်တရက် ထွက်ပေါ်လာသည်။
မှော်အသံချဲ့စက်မပါဘဲ ကွင်းထဲ၌ ရွှေရောင်သံမဏိအသံ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။
“ မကျေနပ်တဲ့သူတွေ ရှေ့တက်လာခဲ့။ ”
အရတ်(စ်)သည် အက်(ဂ်)အား ရှုံးနိမ့်သွားခဲ့သော်လည်း ထိုတိုကိပွဲ၌ သူ၏စွမ်းအားကို ထုတ်ပြခဲ့ပြီးပြီဖြစ်သည်။အက်(ဂ်)ယောထက် နိမ့်ကျသော်လည်း သူသည် အမှောင်လမြို့ရှိ အခမ်းနားဆုံး အမြင့်ဆင့်နတ်ဆိုးများထဲမှ တစ်ယောက် ဖြစ်နေသေးသည်။
သူ့ရဲ့ ကြမ်းတမ်းရက်စက်တဲ့ ဂုဏ်သတင်းနဲ့ဆိုရင် ဘယ်သူက သူ့ကို စိန်ခေါ်ရဲမှာလဲ။
ထို့သို့ပြောလိုက်သည်နှင့် အစောင့်များအားလုံးနီးပါး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ “ရှေ့ရောက်”နေသောသူများသည် သေးပေါက်ချမိမတတ် ကြောက်လန့်သွားသည်။
အရတ်(စ်)သည် ၎င်းကို ဂရုမစိုက်ဘဲ လှောင်ပြုံးပြုံးလိုက်သည်။
“ ငကြောက်တွေ။အချိန်ကျလာရင် ငါမင်းတို့ကို သန်မာလာအောင် လုပ်ပေးမယ်။အခု နောက်ဆုတ်တဲ့သူတွေအားလုံး နောက်လည်းနောက်ဆုတ်နေ။ထွက်ပြေးရဲတဲ့သူ သေရမယ်။ ”
ထိုအချိန်၌ သေးထွက်ကျသူများမှာ နောက်ဆုတ်လိုက်သောသူများ ဖြစ်သည်။ အရတ်(စ်)၏ နောက်ဆုံးစကားကို မည်သူမှ သံသယ မဝင်ရဲပေ။ပြိုင်ကွင်းထဲ၌ အရတ်(စ်)လက်ထဲတွင် သေခဲ့ရသော ထွက်ပြေးသူများမှာ မရေတွက်နိုင်အောင်ပင် ဖြစ်သည်။
ချန်လွေ့၏လေသံအရ သူနှင့် အစွမ်းအထက်ဆုံး အက်(ဂ်)ယောတို့သည် မိတ်ဆွေကောင်းများ ဖြစ်ကြဟန်တူသည်။ထို့ကြောင့်ပင် အက်(ဂ်)သည် ချန်လွေ့အား အပြည့်အဝထောက်ခံပြီး အရတ်(စ်)ကိုပင် နည်းပြအဖြစ် ငှားပေးခဲ့ခြင်း ဖြစ်ရပေမည်။
“ ဒုတိယ နည်းပြကတော့ အမှောင်လမြို့ရဲ့ အတော်ဆုံး အမျိုးသမီး ဓားသမ၊ ပထမဗိုလ်ချုပ် ဂျော့(ခ်ျ)ဝေး(လ်)(စ်)ရဲ့သမီးဖြစ်တဲ့ မစ်-အသီနာ ဖြစ်ပါတယ်။ ”
အသီနာသည် သားရေချပ်ကာဝတ်ဆင်ထားပြီး မဟာဓားကြီးသယ်ဆောင်ကာ စင်မြင့်ပေါ်သို့ တက်လာသည်။အမှောင်လမြို့၏ အတော်ဆုံး အမျိုးသမီး ဓားသမားသည် အရတ်(စ်)ထက်ပို၍ နာမည်ကြီးသည်။သူ၏ လှပသောမျက်နှာနှင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်တို့ကြောင့် လူအများသည် မျက်လုံးများတောက်ပရင်း လက်ခုပ် တီးလိုက်ကြသည်။လူအများအပြားသည် အသီနာ၏ နာမည်ကိုသာ ကြားဖူးပြီး သူ၏စွမ်းအားကို မမြင်ဖူးချေ။အချို့သည် အသီနာအား စိန်ခေါ်ရန် ကြိုးစားချင်နေကြသည်။
သို့သော်လည်း အသီနာ၏ နောက်ထပ် လုပ်ရပ်သည် ပရိတ်သတ်များကို ထိတ်လန့်သွားစေသည်။လူအုပ်ကြီး၏ အမြင်အာရုံ ဝေဝါးသွားသည်။အသီနာသည် မဟာဓားကြီးကို လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် ဆွဲထုတ်ပြီး တစ်ဖက်သို့ ခုတ်ပိုင်းလိုက်ရာ မြေကြီး သိမ့်သိမ့်တုန်သွားသည်။ကျောက်ဖြင့်လုပ်ထားသော စင်မြင့်တစ်ခုလုံးလည်း နှစ်ပိုင်းပြတ်သွားသည်။ထို့ပြင် သူ၏နောက်ဘက်တွင်လည်း ဆယ်မီတာခန့် ရှည်လျားပြီး သုံးလေးမီတာမျှ နက်ရှိုင်းသော ကြောက်မက်ဖွယ်ရာ အက်ကြောင်းကြီးတစ်ခု ဖြစ်သွားသည်။
အသီနာ၏ အေးစက်စက်အသံ ထွက်လာသည်။
“ စိန်ခေါ်သူဆိုတာက သေဖို့အတွက် ပြင်ဆင်ထားရမယ်။ ”
တစ်ကွင်းလုံး တိတ်ဆိတ်သွားသည်။ဖုန်ကြောင့်ဖြစ်သော ချောင်းဆိုးသံများပင် တိတ်သွားသည်။အောက်ဘက်မှလူများ ပင့်သက်ရှိုက်လိုက်ကြသည်။ ထိုဓား၏ စွမ်းအားသည် အရတ်(စ်)ထက် မနိမ့်ကျပေ။ပထမဗိုလ်ချုပ်၏သမီး ဆိုသည့်အတိုင်းပင် ဖြစ်လေသည်။
အမှန်တကယ်၌ ထိုသူများသည် အသီနာအား အထင်သေးနေဆဲပင် ဖြစ်သည်။ အသီနာသည် စွမ်းအားအကုန်မသုံးခဲ့ကြောင်းကို အရတ်(စ်) ကိုယ်တိုင် သေသေချာချာသိသည်။အကယ်၍ အသီနာသာ ထိုဓားဖြင့် အားကုန်ခုတ်ပိုင်းခဲ့လျှင် သူခံနိုင်မည်မဟုတ်ပေ။“သခင်မ”၏ စွမ်းအားသည် နတ်ဆိုးဘုရင်အဆင့် နှောင်းပိုင်းနား ကပ်နေပြီဟု သခင်ပြောခဲ့ခြင်းသည် အံ့ဩစရာမရှိတော့ပေ။
“ နှမြောစရာပဲ.... ”
ချန်လွေ့သည် တစ်ဝက်ပြိုကျနေသော စင်မြင့်ကိုကြည့်ရင်း ခေါင်းခါလိုက်သည်။ ထို့နောက် ဆက်ပြောသည်။
“ အားလုံးကို ပြောပြစရာ သတင်းကောင်းရှိတယ်။တော်ဝင်မင်းသမီးရဲ့ အထူးအတည်ပြုမှုကို လက်ခံရရှိခဲ့ပြီးပြီ။မင်းတို့ရဲ့ လေ့ကျင့်ရေးရလာဒ်တွေက နည်းပြနှစ်ယောက်ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမယ်ဆိုရင် မင်းတို့တွေက အင်ပါယာအစောင့်တွေအတိုင်း စစ်တပ်အထောက်အပံ့တွေနဲ့ လက်နက်တွေ ရရှိနိုင်တယ်။ပြီးတော့လည်း လတိုင်းမှာ ထပ်တိုးအပိုဆုတွေ ရရှိနိုင်မယ်။ ”
ထိုသို့ မက်လုံးပေးခြင်းက အစောင့်အားလုံး၏ မျက်လုံးများကို အရောင်တောက် သွားစေသည်။ အင်ပါယာအစောင့်ဆိုတာက ဘာလဲ။တော်ဝင်မင်းသမီးရဲ့ အစွမ်းထက်ဆုံး အစောင့်လေ။ ကိရိယာတန်ဆာပလာပဲဖြစ်ဖြစ်၊ လစာပဲဖြစ်ဖြစ် သာမန်အစောင့်တွေထက် အမြဲတမ်း အဆင့်ပိုမြင့်တယ်။ အစောင့်များသည် သွားရည်များပင် ကျနေသည်။ အခုဆို သူတို့လည်း ဒီလိုအခွင့်အရေးမျိုး ခံစားနိုင်ပြီ။သူတို့တွေ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေမှာလဲ။
အပြုအစုပိုကောင်းရင် ဘယ်သူ တာဝန်ယူယူကိစ္စမရှိဘူး။ ငြိမ်ဝပ်ပိပြားရေး အရာရှိဟောင်း အဲလန်လည်း အလယ်ဆင့်နတ်ဆိုးပဲဆိုတာ မမေ့နဲ့။ သူက ခါရွန်မိသားစုရဲ့ အင်အားကို မှီခိုတာပဲ မဟုတ်လား။
“ ဘယ်သူမှ ပြောစရာမရှိဘူးဆိုရင်တော့ မနက်ဖြန်ကစပြီးတော့ သီးသန့်လေ့ကျင့်ရေး တရားဝင်စတင်ပြီ။ ”
ထို့နောက် ချန်လွေ့သည် အသံကျယ်ကျယ်နှင့် မေးလိုက်သည်။
“ နားလည်လား။ ”
“ နားလည်ပါတယ်။ ”
အဖြေသည် တညီတညာတည်း မဟုတ်သေးသော်လည်း ပထမဆုံးအကြိမ်အနေဖြင့် တက်တက်ကြွကြွ ရှိလေသည်။
ချန်လွေ့သည် ထိုသူများ၏ပုံစံကိုကြည့်ပြီး အနည်းငယ် ပြုံးမိသွားသည်။ အင်ပါယာအစောင့်များ၏ ဆက်ဆံပုံမှာ မမှားပေ။သို့သော်လည်း အဓိကသော့ချက်မှာ ‘ လေ့ကျင့်ရေးရလာဒ်က နည်းပြနှစ်ယောက်ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီမယ်ဆိုရင် ’ ဟူသော စကားပင်ဖြစ်သည်။ထိုသူများသည် မနက်ဖြန်၌ ‘အဖေရေ၊အမေရေ’ အော်ခေါ်သည်အထိ လေ့ကျင့်ကြရနိုင်ပေသည်။
ကျန်ရှိသည့်ကိစ္စများကို နည်းပြနှစ်ယောက်ဖြစ်သော အသီနာနှင့်အရတ်(စ်)တို့ထံ လွှဲအပ်ထားလိုက်မည်ဖြစ်သည်။ သို့သော်လည်း ချန်လွေ့ စိတ်အေးလက်အေး မနေနိုင်သေးပေ။ မြို့တွင်းရှိ အကြီးမားဆုံးအင်အားစုဖြစ်သော ဝတ်ရုံဂိုဏ်း ခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အလျောက် “အက်(ဂ်)ယော”တွင် ပို၍ အရေးကြီးသောကိစ္စများ ရှိနေလေသည်။