← Chapters

အပြစ်ဒဏ်နှင့် ကပွဲ

Vol. 14 Ch. 199

အပြစ်ဒဏ်နှင့် ကပွဲ

Vol. 14 Ch. 199

ဘေးဖက်မှ ဆရာသခင် ခမ့်(ပ်)က ဆရာသခင် တာတာအား အသာလေး ထိလိုက်ရာ အာရုံစူးစိုက်နေသော အမှောင်နတ်ဆိုးလူပု ရုတ်တရက် နိုးသွားသည်။ထို့နောက် သူသည် အစ်ဇဘယ်လာ၏ အော်ခေါ်သံကို သတိထားမိသွားပြီး ရှီရာအား ပြောလိုက်သည်။

“ ကျုပ် ထိပ်တန်း လရောင်ကျောက် တစ်တုံး လိုတယ်။မင်း ရှာပေးနိုင်မယ်ဆိုရင် ထူးကဲအဆင့်ထက် မနိမ့်တဲ့ မှော်ပစ္စည်းသုံးမျိုး လုပ်ပေးမယ်။ ”

ထိပ်တန်း လရောင်ကျောက်သည် အလွန်ရှားပါးသော ကုန်ကြမ်းပစ္စည်းတစ်မျိုး ဖြစ်သော်လည်း ဆရာသခင် တာတာ၏ မှော်အသုံးအဆောင်များသည် နတ်ဆိုးဘုံ၌ အကောင်းဆုံး အဆင့်အတန်း ရှိကြသည်။ထို့ပြင် ကတိပေးထားသော မှော်ပစ္စည်း များမှာလည်း ထူးကဲအဆင့်ထက် မနိမ့်သည့်အတွက် သေချာပေါက် ထိုက်တန်ပေသည်။

အသုံးအဆောင်ပစ္စည်းများသည် လက်နက်များ၊ချပ်ကာများနှင့် မတူညီပေ။ထုထည်ကို ပြောင်းလွယ်ပြင်လွယ်၍ရသည့်အတွက် မှော်ဂုဏ်သတ္တိများကို ကောင်းကောင်း အသုံးချ၍ ရပေသည်။ချန်လွေ့သည် ခရစ္စတီးနား၏ မှော်ပစ္စည်းအများအပြားကို မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။၎င်းတို့အားလုံးသည် အတော်ပင် အံ့အားသင့်စရာ ကောင်းလှ‌၏။

ရှီရာ မျက်မှောင်ကြုတ်သွားသည်။

“ ရှေးဟောင်း မှတ်တမ်းတွေ အရဆိုရင်တော့ အမှောင်လမြို့မှာ လွန်ခဲ့တဲ့ နှစ်ရာချီက လရောင်ကျောက်တွေ သုံးလေးတုံး ပေါ်ထွက်လာခဲ့ဖူးတယ်။ပြီးတော့လည်း အဲ့ဒီထဲမှာ ထိပ်တန်း လရောင်ကျောက် တစ်တုံးလည်းပါတယ်။ဒါပေမဲ့ ဒီနှစ်တွေမှာတော့ ဘာသတင်းမှ မကြားရဘူး။ဒီလိုလုပ်ပါလား။အမှောင်လမြို့မှာ ဆရာသခင် ခဏလောက် နေနိုင်မလား။သတင်းတွေရှာဖို့အတွက် ကျွန်မ ချက်ချင်း လူလွှတ်လိုက်မယ်။ ”

“ အများဆုံး ၇ရက်အထိပဲ။ ”

တာတာ ခဏတွေးလိုက်သည်။ထိုစကားကို ပြောပြီးနောက် တာတာသည် လက်ထဲမှ သလင်းကျောက်ကို ဆက်လက်ကစားနေပြီး မည်သူ့ကိုမှ အာရုံမစိုက်တော့ပေ။

ထိပ်တန်း လရောင်ကျောက်တဲ့လား။ “နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး”၏ ဘေးထွက် ဆိုးကျိုးကို ဖယ်ရှားရန်အတွက် လရောင်ကျောက် စွမ်းအားကို စုပ်ယူရန် မြေအောက်လောကသို့ ဂလော်ဖင်း ထိုးဖောက်ဝင်ရောက်မှုကို ချန်လွေ့ တွေးမိလိုက်သည်။ စတေးခဲ့ရသော မြေဒြပ်စင်ကောင် ဒါ့(ခ်)က ရှီလန်တောင်၏ မြေအောက်သည် အလွန်ကြီးမားလှသော ရတနာသိုက်ကြီးတစ်ခုဖြစ်ကြောင်း ပြောခဲ့ဖူးသည်။အရည်အသွေးမြင့် သံရိုင်း အဓိကကြောများအပြင် လရောင်ကျောက်၊ ကြယ်နက်သံနှင့် သွေးမျိုးဆက်ငွေ ကဲ့သို့သော ရှားပါးသတ္တုသိုက်များလည်း ရှိနေသည်။လရောင်ကျောက် သတ္တုသိုက်၏ တည်နေရာမှာ ပထဝီဘုံဧရိယာ၌ ဖြစ်သည်။

ဆရာသခင် တာတာပြုလုပ်သော မှော်ပစ္စည်းသုံးမျိုးကို သူတို့လိုချင်သည်ဆိုလျှင် ‌ပထဝီဘုံသို့ ခရီးထွက်ရမည်ဖြစ်သည်။သို့သော်လည်း အစ်ဇဘယ်လာတို့အဖွဲ့သည် အမှောင်လမြို့၌ နေရန် ပြင်ဆင်ထားပုံရသည်။အရေးကြီးဆုံး ငြိမ်ဝပ်ပိပြားရေး အရာရှိ ဖြစ်သည့်အလျောက် ချန်လွေ့သည်လည်း ထွက်သွားနိုင်လောက်မည် မဟုတ်ပေ။ ထို့ပြင် မြေအောက်လောကသို့ ခရီးသွားချိန်နှင့် မိုင်းတူးချိန်တို့မှာ ၇ရက်တည်းနှင့် မလုံလောက်နိုင်ပေ။

အစ်ဇဘယ်လာက တည်တည်ငြိမ်ငြိမ်နှင့် ပြောသည်။

“ ကောင်းပါပြီ။တော်ဝင်မင်းသမီး အရေးကြီးကိစ္စကို စပြီးဆွေးနွေးကြတာပေါ့။ တော်ဝင်ဘုရင်က ဘယ်(လ်)ဇီဘတ် တော်ဝင်မိသားစု ပေါ်ထွက်လာသည်ကို အတော်လေး အလေးထားနေတယ်။“ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ”ရဲ့ အပိုင်းအစက တော်ဝင်မင်းသမီးရဲ့လက်ထဲမှာ ပျောက်ဆုံးသွားခဲ့တယ်။အဲ့ဒါကြောင့် တော်ဝင် မင်းသမီးကိုပဲ အပြစ်တင်ရမှာပဲ။မင်းသမီးသိတဲ့အတိုင်း ကျွန်မက အင်ပါယာ မြို့တော်မှာ ကိုင်တွယ်စရာကိစ္စတွေ အများကြီးရှိတယ်။အမှောင်လမြို့မှာ ကြာကြာနေလို့ မရဘူး။ဆရာသခင် တာတာ ပြောတဲ့အတိုင်း ၇ရက်ပဲထားကြတာပေါ့။ ၇ရက်အတွင်းမှာ မင်းသမီးက ကျွန်မကို ဘုရင်ဆီပြောနိုင်ဖို့ ကျေနပ်လောက်တဲ့အဖြေ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”

ရှီရာ၏မျက်လုံးထဲ၌ အေးစက်မှု ဝင်းလက်သွားပြီး အေးစက်စက် ပြောလိုက်သည်။

“ လေဒီ အစ်ဇဘယ်လာ။ရှင်က ဒီကို စုံစမ်းရေးအတွက် လာကူညီတာလား။ဒါမှမဟုတ် ကျွန်မကို စွဲချက်တင်မလို့လား။စုံစမ်းရေးအတွက် လာကူညီတာဆိုရင်တော့ ကျွန်မ ရှင်နဲ့ပူးပေါင်းပေးမှာပါ။ဒါပေမဲ့ ကျွန်မကို အပြစ်ဒဏ်ချမှတ်ဖို့ လာတာဆိုရင်တော့ ရှင့်လို ဘဏ္ဍာရေးအကြံပေးက အရည်အချင်းမပြည့်မီဘူး။ ”

အစ်ဇဘယ်လသည် ရှီရာ၏ မေးခွန်းထုတ်ခြင်းမှ အထင်သေးခြင်းကို ဂရုမစိုက်ဘဲ ခေါင်းခါလိုက်သည်။

“ မင်းသမီးက အုပ်စိုးသူ တစ်ယောက်လည်းဖြစ်သလို တော်ဝင်မိသားစုဝင်လည်း ဖြစ်တယ်။“ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” ပြန်ကောင်းသွားတာနဲ့ ဘယ်(လ်)ဇီဘတ် မျိုးရိုးက အမှောင်လမြို့နဲ့ ကြယ်ကြွေတမန် အင်ပါယာအတွက် ဘာကိုဆိုလိုလဲ ဆိုတာ သိမှာပါ။အရှင်မင်းသမီးက “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” အပိုင်းအစကို ပျောက်သွားစေရုံသာမက ဘယ်ဇီဘတ် တော်ဝင်မိသားစု ဘယ်မှာရှိလဲဆိုတာကိုပါ ရှာမတွေ့နိုင်ခဲ့ဘူး။ဒါက အပြစ်နဲ့ မထိုက်တန်ဘူးလား။ကြိုမမြင်နိုင်တဲ့ အခြေအနေ တွေနဲ့ မင်းသမီးရှီရာက တော်ဝင်မိသားစုဝင် ဖြစ်တာတွေကြောင့် ဒါက အမှတ်သညာအပြစ်ဒဏ်ပါပဲ....။၇ရက်အတွင်း အရှင်မင်းသမီးက ကျွန်မကို ကျေနပ်လောက်တဲ့ အဖြေမပေးနိုင်ဘူးဆိုရင်တော့ နောက်လာမယ့် လေးလက စပြီးတော့ အမှောင်လမြို့အတွက် လိပ်ပြာနီနယ်မြေရဲ့ စားစရာထောက်ပံ့မှုကို ထက်ဝက်လျှော့သွားမယ်။ ”

ထိုစကားထွက်လာသည်နှင့် အမှောင်လမြို့ရှိ လူအားလုံး၏မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး တီးတိုးပြောကြတော့သည်။ အမှောင်လမြို့၏ မြေသည် ကျက်တီးခေါင်ပါးပြီး အစားအစာ စိုက်ပျိုးရန် ခက်ခဲသည်။နှစ်ထောင်ချီအထိ အစားအစာပြတ်လပ်မှုသည် ဖြေဆေးမရှိသော ရောဂါကဲ့သို့ ဖြစ်နေသည်။ အမှောင်လမြို့၏ အကြွယ်ဝဆုံးအချိန်များ၌ပင် စားစရာအရင်းအမြစ်ကို “ သွင်းကုန်များ ”ပေါ်၌ မှီခိုခဲ့ရသည်။

လိပ်ပြာနီနယ်မြေက ၎င်းကိုသိသည်။ထို့ကြောင့် “ထောက်ပံ့မှု”ဟူသော နာမည်ဖြင့် သူတို့သည် အမှောင်လမြို့၏ အသက်သွေးကြောကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားခဲ့သည်။ ယခုတွင် မင်းသားအိုဆိုင်ဒန်သည် အစားအစာ ထောက်ပံ့မှုကို စကားတစ်ခွန်းတည်းနှင့် ဖြတ်တောက်ခဲ့သည်။ထို့ကြောင့် အမှောင်လမြို့၏ ခေါင်းကိုက်စရာ စားစရာ ပြဿနာသည် ပို၍ကြီးမားလာမည်ဖြစ်ပြီး ငတ်မွတ် ခေါင်းပါးမှု ကြီးကြီးမားမား ဖြစ်လာနိုင်သည်။ ဒီလိုရက်စက်တဲ့အမိန့်က “အမှတ်သညာ” အပြစ်ဒဏ်တဲ့လား။

ရှီရာ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်၏။သူ၏ အေးစက်စက် မျက်လုံးထဲတွင် ဒေါသများ လောင်ကျွမ်းနေသည်။မောက်မာသော ဆာဂီပင် ရှီရာထံမှ ကြောက်မက်ဖွယ်ရာ အေးစက်မှုကို ခံစားမိလိုက်ပြီး မလှုပ်ရဲတော့ပေ။

မဆုတ်သာ မတိုးသာသော အခြေအနေသို့ ရောက်နေစဉ် ကိုးရိုးကားရားအသံတစ်သံ ထွက်လာ၏။

“ လေဒီ....မေးကြည့်တာပါ။၇ရက်အတွင်း တော်ဝင်မင်းသမီးက ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးနိုင်မယ်ဆိုရင် အစားအစာ ထောက်ပံ့မှုက မလျော့တော့ဘူးလား။ ”

စကားပြောလိုက်သူမှာ မတ်တပ်ရပ်လိုက်သော ချန်လွေ့ ဖြစ်သည်။ချန်လွေ့၏အသံ ကြားသည့်အခါ ရှီရာ ထုတ်လွှတ်နေသော အေးစက်မှုများ ချက်ချင်း ရပ်တန့်သွား၏။အစ်ဇဘယ်လာ၏ မျက်လုံး အနည်းငယ် လှုပ်ရှားသွားသည်။သူသည် အားနည်းသော လူသားအရာရှိအား စိတ်ဝင်တစားနှင့် ကြည့်လိုက်၏။

“ ငြိမ်ဝပ်ပိပြားရေးအရာရှိ။ကျွန်မ စိတ်ရင်းနဲ့အကြံပေးတာကို နားထောင်ပေးပါ။ရှင် ပြန်ပြီးတော့ ကျင့်ဝတ်ထုံးတမ်းတွေကို လေ့လာသင့်တယ်။ရှင့်ရဲ့ လက်ရှိ ပြောစကားတွေက မိန်းမလှ တစ်ယောက်ကို ရဲတင်းလွန်းတယ်။ဒါပေမဲ့လည်း ရှင်မေးတာကို ကျွန်မဖြေနိုင်တယ်။မလျှော့တော့ဘူး။ ”

“ ရိုင်းပြမှုအတွက် တောင်းပန်ပါတယ်။ကျုပ်က အခုမှ အလုပ်စဝင်တာပါ။အဲ့ဒါကြောင့် ဘာမှမသိသေးပါဘူး။ ”

ချန်လွေ့က မယဉ်မကျေးနှင့် ခေါင်းကို ဆက်လက် ကုတ်နေခဲ့သည်။

“ ဒီတော့ လေဒီပြောတဲ့အတိုင်းဆိုရင် မင်းသမီးက အပြစ်ဒဏ်ကို လက်ခံတာနဲ့ ဘယ်ဇီဘတ် ကိစ္စကို ကျုပ်တို့ ဂရုစိုက်စရာ မလိုတော့ဘူးပေါ့။ ”

“ နေဦး။ ”

စိုင်ဖူမိသားစုမှ ဖို့(ဒ်)ကြီး ရုတ်တရက် မတ်တပ်ရပ်ကာ အေးစက်စက် ပြောလိုက်သည်။

“ ချန်လွေ့။မင်းက အပြင်လူပဲ။အမှောင်လမြို့အတွက် စားစရာကို ဘယ်လောက် အရေးကြီးလဲဆိုတာကိုတောင် မင်းမသိဘူး။လူတွေ ငတ်မွတ် ခေါင်ပါးကြရင် မင်း တာဝန်ယူနိုင်လား။

ချန်လွေ့သည် ဖို့(ဒ်)အား စကားကောင်းကောင်း မပြောပေ။

“ ဆာ-ဖို့(ဒ်)က အသက်ကြီးလို့ မေ့တတ်နေပြီ ထင်တယ်။အစည်းအဝေးတုန်းက ဂျိုးဆက်(ပ်)ပြောခဲ့တယ် မဟုတ်လား။ဘဏ္ဍာရေးအရာရှိအဖြစ် ပြန်အရွေးခံရရင် အစားအစာ ထောက်ပံ့မှုကို ၃၀% တိုးပေးမယ်လို့လေ။ဒီတော့ ၈၀%ပေါ့။ပြီးတော့လည်း အရိပ်နက်အင်ပါယာက ဝယ်ယူထားတဲ့ အစားအစာလည်း ရှိသေးတယ်။ဒါက လုံလောက်တာထက်ကို ပိုတယ်။ ”

“ တိတ်စမ်း။ ”

ရှီရာသည် ချန်လွေ့အား စိုက်ကြည့်ရင်း အရေးကြီးသတင်းကို ဖော်ပြမိသည့်အတွက် အပြစ်တင်လိုက်ပုံရသည်။သို့သော်လည်း သူ၏အကြည့် တည်ကြည်ခိုင်မာသွားသည်။

“ ဒီလိုဆိုမှတော့ ဘယ်ဇီဘတ် ကိစ္စအတွက် လုပ်ပိုင်ခွင့်အပြည့်အဝကို အင်ပါယာမြို့တော်ရဲ့ အထူးအေးဂျင့်တွေဆီ လွှဲပြောင်းပေးပါ့မယ်။အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်တယ်။ရှင်တို့က အင်ပါယာရဲ့ အကြီးမားဆုံး လျို့ဝှက်အန္တရာယ်တွေကို သေချာပေါက် ရှင်းပစ်နိုင်မှာပါ။ရှင်တို့မြင်တဲ့အတိုင်းပဲ အမှောင်လမြို့က တော်တော်လေး အလုပ်များနေတယ်။အဲ့ဒါကြောင့် ကျွန်မ ရှင်တို့ကို အကြာကြီး ဧည့်ခံနိုင်မှာ မဟုတ်ဘူး။ဒါဆိုရင် နောက်၇ရက်ကြာတဲ့အခါ ရှင့်ရဲ့အဖြေကို စောင့်နေပါ့မယ်။လေဒီ အစ်ဇဘယ်လာ။ကျေနပ်လောက်တဲ့ အဖြေမပေးနိုင်ဘူး ဆိုရင်တော့ အမှတ်သညာ အပြစ်ဒဏ်လို့ ခေါ်တဲ့ဟာကို ရုပ်သိမ်းဖို့အတွက် ကျွန်မမှာ တောင်းဆိုပိုင်ခွင့် ရှိတယ်။ ”

အမှောင်လမြို့သူ/သားတိုင်း စိတ်ငြိမ်သွားပြီး “ ဒီလိုကိုး ” ဟူသော အမူအရာများ ဖြစ်နေကြသည်။ချန်လွေ့နှင့် “စကားများ”ခဲ့သော ဖို့(ဒ်) တစ်ယောက်တည်းပင် မကျေမနပ်ဖြစ်နေသည်။ သို့သော်လည်း သူ့သားကို ကယ်တင်ခဲ့သော ငြိမ်ဝပ်ပိပြားရေးအရာရှိ၏ ဉာဏ်ပြေးပုံကို သူအမှန်တကယ် လေးစားသွားခဲ့သည်။ ဂျိုးဆက်(ပ်)သည် ၃၀% ထုတ်ပေးနိုင်သော်လည်း အစားအစာစုစုပေါင်းမှာ အမှန်တကယ်၌ ၈၀%ထက် နည်းပါးသည်။အရိပ်နက်အင်ပါယာမှ အစားအစာ ဝယ်ယူခြင်းမှာမူ လုံးဝမမှန်ပေ။

သို့သော်လည်း စိုင်ဖူမိသားစုသည် နှစ်ပေါင်းများစွာအတွင်း အသားထုတ်လုပ်ရေး၌ အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့ပေ။ရှီရာ၏ အစားအစာ အစီအစဉ်ကို ...... ဖို့(ဒ်) အနည်းငယ် သိသည်။အမှောင်လမြို့၏ လက်ရှိစားစရာသည် မမျှော်လင့် ထားလောက်အောင် များပြားနေသည့်အတွက် အင်ပါယာမြို့တော်မှ ထိုကဲ့သို့ ခွင့်ပြုမိန့်မျိုးကို ကြောက်စရာ မလိုပေ။သို့သော်လည်း ၎င်းတို့မှာ ယခုအချိန်၌ မထုတ်ဖော်သင့်သော “ လျို့ဝှက်လက်နက်များ ” ဖြစ်ကြပေသည်။

ချန်လွေ့၏ အရမ်းမဲ့ဖျန်ဖြေမှုသည် လူအများ၏ စိတ်ကို တည်ငြိမ်သွားစေရုံသာမက တော်ဝင်မင်းသမီးကိုလည်း အသာစီးရစေခဲ့သည်။

အစ်ဇဘယ်လာ၏ မြစိမ်းရောင်မျက်လုံးများက ရှီရာနောက်၌ ပုန်းနေသော ချန်လွေ့အား ဖျပ်ခနဲ ကြည့်လိုက်သည်။သူ တိတ်တဆိတ် အံ့အားသင့်သွားခဲ့သည်။ သူသည် အမှောင်လမြို့၏ စိတ်ဓာတ်အား ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ပြီး ရှီရာအတွက် ဝန်ထုတ်ဝန်ပိုး ကြီးကြီးမားမား ချပေးနိုင်ခဲ့သည်။သို့သော်လည်း မည်သည်မျှ နားမလည်သော ငြိမ်ဝပ်ပိပြားရေးအရာရှိက ထိုကဲ့သို့ ပြက်လုံးမျိုးကို အရှက်မရှိ ပြောလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ရှီရာသည် အခွင့်အရေးကို အရယူပြီး အစ်ဇဘယ်လာအား ကိုယ်ရှူးကိုယ်ပတ်စေကာ ဝန်ထုတ်ဝန်ပိုး ပြန်ပေးလိုက်၏။

“ ဒါဆိုရင်တော့ ကျွန်မရဲ့ ယဉ်ကျေးမှုတွေကို စွန့်လွှတ်ပြီးတော့ မင်းသမီးကို ‘မေးခွန်းမေးချင်’ ပါတယ်။ ”

အစ်ဇဘယ်လာ မတ်တပ်ရပ်လိုက်၏။စော်ကားသည့် စကားမျိုး အစ်ဇဘယ်လာ ပြောလိမ့်မည်ဟု လူတိုင်းထင်နေစဉ် စွဲဆောင်မှုရှိသော အပြုံးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

“ အမှောင်လမြို့ရဲ့ ဖော်ရွေမှုတွေကို ကြားဖူးတယ်။ကျွန်မတို့ စောင့်နေတာကြာပြီ။ ဘာလို့ ဂုဏ်ပြုကပွဲ မပြင်ဆင်ရသေးတာလဲ။

ထိုစကားက အခြေအနေကို ချက်ချင်း ပြေလျော့သွားစေခဲ့သည်။အားလုံး ပြုံးလိုက်ကြသည်။ထိုမိန်းမသည် ပါးနပ်လှသည်ဟု ချန်လွေ့ စိတ်ထဲ၌ ပြောလိုက်၏။သူသည် စကားလမ်းကြောင်းပြောင်းရန်အတွက် ဟာသတစ်ခုကို အသုံးပြုခဲ့ပြီး မည်သူမှ မသိလိုက်ဘဲ အခြားတစ်ခုကို စတင်ခဲ့သည်။

ရှီရာလည်း ခုနက ပါးကိုက်နားကိုက်ကို မေ့လျော့သွားဟန်တူသည်။သူသည် ညစာနှင့် ကပွဲကိစ္စအား ယဉ်ယဉ်ကျေးကျေးနှင့် ဆွေးနွေးလိုက်သည်။

ညစာစားပြီးသည့်အခါ ဂုဏ်ပြုကပွဲအချိန် ရောက်လာလေပြီ။ယခင်နှစ်ရက်၌ အသီနာသည် စွမ်းအားများကို ပို၍ထိုးထွင်းသိမြင်လာပုံရသည်။ထို့ကြောင့် သူသည် ပြိုင်ကွင်း၏ အနိမ့်ဆုံးအဆင့်၌ တံခါးပိတ်လေ့ကျင့်နေခဲ့သည်။အစောင့်များကို လေ့ကျင့်ရန်အတွက် အရတ်(စ်)ဆီသို့ လွှဲပြောင်းပေးခဲ့ပြီဖြစ်သောကြောင့် အသီနာသည် ယနေ့ညကပွဲကို မတက်ရောက်ခဲ့ပေ။

ယခင်တစ်ခေါက် ဆရာသခင် စိန်ခေါ်ပွဲနှင့် မတူတော့ပေ။ချန်လွေ့သည် စွမ်းအားမဲ့လူသားတစ်ယောက် ဖြစ်နေသေးသော်လည်း ဒေါင့်နားရှိ ကိုယ်ပျောက်လူသား မဟုတ်တော့ပေ။အမျိုးသမီး သုံးလေးယောက်က သူ့ကိုကရန်ဖိတ်ခေါ်ကြသည်။အကြောင်းရင်းမှာ ချန်လွေ့၏ ငြိမ်ဝပ်ပိပြားရေး အရာရှိ ဂုဏ်ပုဒ်ကြောင့်ပင် ဖြစ်သည်။ကံမကောင်းစွာပင် ချန်လွေ့သည် ထိုကဲ့သို့ကိစ္စများကို စိတ်မဝင်စားပေ။ထို့ကြောင့် ချန်လွေ့က ယဉ်ယဉ်ကျေးကျေးနှင့် ငြင်းပယ်ခဲ့သည်။

နတ်ဆိုးဘုံကပွဲသည် လူသားကပွဲထက် စည်းကမ်း နည်းပါးပြီး သက်တောင့် သက်သာရှိသည်။ချန်လွေ့သည် မထင်မရှားဒေါင့်တစ်နေရာသို့ ဖြည်းဖြည်းချင်း ရွေ့သွားပြီး သစ်သီးဝိုင်နီတစ်ခွက် ‌ကောက်ယူကာ ကပွဲစောစောပြီးဆုံးသွားရန် စောင့်ဆိုင်းနေလိုက်သည်။ကပွဲထဲ၌ အထင်ရှားဆုံးမှာ အစ်ဇဘယ်လာ ဖြစ်သည်။ သူသည် အနက်ရောင် ဂါဝန်ရှည် ဝတ်ဆင်ထားသည်။သူ၏လှပကြော့ရှင်းသော အမူအကျင့်များက ဆွဲဆောင်မှုရှိသော ညှို့ဓာတ်များကို ထုတ်ပေးနေ၏။ဆာဂီနှင့်အတူ ကပြီးနောက်တွင် အစ်ဇဘယ်လာ၏ လိပ်ပြာကဲ့သို့ ကဟန်များက လူအများစု၏ အာရုံကို ဖမ်းစားသွားခဲ့သည်။လူအများက အစ်ဇဘယ်လာအား ကရန်အတွက် ဆက်လက် ဖိတ်ခေါ်နေကြတော့သည်။

ရှီရာမှာ လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။သူ့ကို မည်သူမှ အာရုံမထားဟူ၍ပင် ပြော၍ရသည်။အမှန်တကယ်၌ ရှီရာ၏အလှသည် အစ်ဇဘယ်လာထက် မနိမ့်ကျပေ။သို့သော်လည်း ရှီရာသည် မည့်သည့် ဖိတ်ခေါ်မှုကိုမှ လက်မခံကြောင်း လူတိုင်းသိနေကြပြီ ဖြစ်သည့်အတွက် မည်သူမျှ အငြင်းမခံချင်ကြတော့ပေ။

“ ဟွန့်။နန့်တန့်တန့်မိန်းမပဲ။ ”

ချန်လွေ့ဘေးမှ အဲလစ်၏ မကျေမနပ် အသံ ထွက်လာသည်။လိုလီလေးသည် ချန်လွေ့အား အာရုံစိုက်နေခဲ့ခြင်းဖြစ်သည်။နောက်ဆုံး၌ သူသည် အစ်မဖြစ်သူထံမှ လွတ်မြောက်ခဲ့ပြီး ဆန္ဒရှိသည့်အတိုင်း ချန်လွေ့ဆီသို့ ရောက်လာခဲ့သည်။ သူ၏လက်ထဲ၌လည်း တိတ်တဆိတ် ယူထားသော ဝိုင်တစ်ခွက် ရှိနေသည်။

“ အဲလစ် ”

ချန်လွေ့သည် လိုလီလေးလက်ထဲမှ ဖန်ခွကို လုယူလိုက်သည်။

“ မင်း အရက်သောက်လို့ရဘူး။ ”

အဲလစ်က ချန်လွေ့ကို စူးစိုက်ကြည့်လိုက်သည်။

“ ဟမ့်... ”

လိုလီလေး ရုတ်တရက် တစ်ခုခု တွေးမိလိုက်၏။သူ၏အမူအရာ ချက်ချင်း ပြောင်းသွားပြီး ငတုံးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်သွားကာ မျက်လုံးမှ အရောင်များ တောက်နေတော့သည်။အဲလစ် သိမ်သိမ်မွေ့မွေ့ ပြောလိုက်သည်။

“ အစ်ကိုပြောတာကို နားထောင်ပါ့မယ်။အဲလစ်နဲ့အတူတူ ကနိုင်မလား။ ”

ချန်လွေ့ အလျင်အမြန် ခေါင်းခါလိုက်သည်။

“ ငါတစ်ခါမှ မကဖူးဘူး။ဘယ်လိုကရလဲဆိုတာ တကယ်မသိဘူး။ ”

သူ၏ ယခင်ဘဝ မပါပေ။သူသည် ပြန်လည်မွေးဖွားပြီးကတည်းက အမှန်တကယ်ပင် တစ်ခါမျှ မကဖူးခဲ့ပေ။ထို့ပြင် ထိုတော်ဝင်အကသည် အလွန်ရှုပ်ထွေး၏။သူ တကယ် မကတတ်ပေ။

“ တစ်ခါမှ မကဖူးဘူးလား။ ”

လိုလီလေး၏မျက်လုံးများ အရောင်တောက်သွားပြီး အနားကပ်လာကာ တီးတိုးပြောလိုက်သည်။

“ ဒါဆိုလည်း အဲလစ်ကို အစ်ကို့ရဲ့ ပထမဆုံးအကြိမ် ပေးလေ။ ”

“ ထွီး ”

ချန်လွေ့သည် ဝိုင်တစ်လုတ် ထွေးထုတ်မိလိုက်၏။ထိုစကားလုံးသည်အလွန်ပင် ဒွိဟဖြစ်စေသည်။

အဲလစ် အော်ဟစ်လိုက်ပြီး ဝိုင်နီ စင်သွားသော ဂါဝန်ကို ကြည့်လိုက်သည်။သူသည် အလွန်ပင် မကျေမနပ်နှင့် ငိုတော့မလို ဖြစ်သွားသည်။

“ ဒါက ငါ့အကြိုက်ဆုံး ဂါဝန်ရှည်ကြီး။ ”

“ တောင်းပန်ပါတယ်။ ”

ချန်လွေ့သည် ကပျာကယာနှင့် ဖန်ခွက်ကို ချထားလိုက်သည်။ ထင်ထားသည့်အတိုင်းပင် အဲလစ်၏ အဝါရောင်ဂါဝန်၌ အနီကွက်ကြီးတစ်ခု ဖြစ်နေပြီး မည်မျှသုတ်စေကာမူ မပျောက်သွားတော့ပေ။

ဆယ်မိနစ်ကြာပြီးနောက် ငိုချင်ဟန်ဆောင်သော လိုလီလေး အနိုင်ရရှိသွား၏။ ချန်လွေ့သည် မိမိမှားကြောင်း သိသွားပြီး အရှုံးပေးကာ ကခွင်သို့ လိုက်သွားသည်။

နတ်ဆိုးဘုံ၏ တော်ဝင်အကသည် ၁၅ရာစု ဥရောပ စုံတွဲအကနှင့် ဆင်တူသည်။ ပွေ့ဖက်သော ကကွက်များမရှိဘဲ နှေးကွေးလေးလံနေသည်။စည်းကမ်းချက်များလည်း အများအပြားရှိသည်။ချန်လွေ့သည် နေရာ အကြိမ်ကြိမ် ပြောင်းလဲပြီးနောက် ပျာယာခတ်သွားသည်။ထိုအချိန်၌ အစ်ဇဘယ်လာနှင့် ဆာဂီတို့သည် ဒုတိယမြောက် ကကွက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဆာဂီသည် ထိုအက၌ ကျွမ်းကျင်သည်မှာ အသေအချာပင်ဖြစ်ပြီး လှုပ်ရှားမှုများနှင့် အကခြေလှမ်းများကို ကျွမ်းကျွမ်းကျင်ကျင် ပြောင်းလဲနေခဲ့သည်။သူ၏ တင့်တယ်သော ကိုယ်ဟန်နှင့် ခန့်ညားသော အသွင်အပြင်တို့က အနီးအားရှိ နတ်ဆိုးမများ၏ အာရုံကိုဖမ်းစားလိုက်သည်။ဆွဲဆောင်မှု အရှိဆုံးမှာတော့ စွဲမက်စရာကောင်းသော အစ်ဇဘယ်လာပင် ဖြစ်နေသေးသည်။သူတို့နှစ်ယောက်သည် ပြီးပြည့်စုံသော အတွဲဖြစ်နေပြီး ကပွဲတစ်ခုလုံး၏ အာရုံစိုက်မှု ဖြစ်နေသည်မှာ သေချာပေသညိ။

ဘေးဘက်မှ ချန်လွေ့နှင့်အဲလစ်တို့မှာ ဆန့်ကျင်ဘက်ဖြစ်နေသည်။အစပိုင်း၌ အဲလစ်သည် ကောင်းကောင်းကနေသည်။သို့ရာတွင် သူသည် ချန်လွေ့အား ပူးပေါင်းပြီး လမ်းညွှန်ပေးရမည် ဖြစ်သောကြောင့် ကမောက်ကမ ဖြစ်သွားရ၏။သို့သော်လည်း လိုလီလေး ဒေါသမထွက်ဘဲ ချန်လွေ့အား စိတ်ရှည်ရှည်နှင့် သင်ပေးခဲ့သည်။

ချန်လွေ့သည် အနေအထားပြောင်းနေရင်း နောက်မှလူနှင့် မတော်တဆ တိုက်မိသွားကာ အလျင်အမြန် တောင်းပန်လိုက်သည်။သူသည် နောက်လာသည့် လှုပ်ရှားမှုများအတိုင်း လိုက်မနိုင်တော့ပေ။ဆာဂီသည် ၎င်းကို သတိထားမိသွားပြီး အစ်ဇဘယ်လာအား တမင်တကာပင် သူ့နားကပ်ကာ အထင်သေးလျက် ရယ်လိုက်၏။

“ တောသားလူနုံ။ဘေးဖယ်နေ။ကခွင်က မင်းလို အလကားလူအတွက် နေရာ မဟုတ်ဘူး။ ”

ချန်လွေ့ မပြောနိုင်ခင်မှာပင် အဲလစ်က ဒေါသတကြီး ပြောလိုက်သည်။

“ စိတ်ရှုပ်စရာပဲ။ဒါက ရှင့်အလုပ်မဟုတ်ဘူး။ ”

“ အမှောင်လမြို့ရဲ့ မင်းသမီးလေးလည်း သူနဲ့ သိပ်မကွာပါဘူး။ကောင်းကောင်း မကတတ်ဘူး။ ”

ဆာဂီသည် ချန်လွေ့အား အထင်သေးစွာကြည့်ပြီးနောက် ရုတ်တရက် မလိုမုန်းထား ထပ်ပြောသည်။

“ ဒါဟာ ငယ်ငယ်တုန်းက ဆုံးမမယ့်သူ မရှိလို့ပဲ ဖြစ်မယ်။ ”

အဲလစ်၏အဖေ အိမ်ရှေ့မင်းသားဂါရမ်းသည် အစောကြီး သေဆုံးသွားခဲ့ရသည်။ ၎င်းသည် လိုလီလေး၏ ဒဏ်ရာကို ထိသွားသည်။အဲလစ်၏။မျက်လုံးများ ရုတ်တရက် အနီရောင်ပြောင်းသွားပြီး ချန်လွေ့၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် ထားလိုက်ည်။

အစ်ဇဘယ်လာသည် မျက်ခုံးပင့်ပြီး ဆာဂီအား မသိမသာ ကြည့်လိုက်သည်။ လိုလီလေး၏ ဝမ်းနည်းနေသောမျက်လုံးကိုကြည့်ရင်း ဆာဂီ၏ စက်ဆုပ်စရာ ကောင်းမှုကို ချန်လွေ့ ဒေါသထွက်သွားသည်။ချန်လွေ့ ချက်ချင်းပင် ထေ့ငေါ့ပြီး ပြန်ဖြေလိုက်၏။

“ ရု(စ်)မိသားစုက ဝေး(စ်) မိသားစုထက် အမြဲတမ်း နိမ့်ကျနေတယ်ဆိုတာ ဒါကြောင့်ကိုး။လက်စသတ်တော့ သူတို့က မိန်းကလေးတွေကိုအနိုင်ကျင့်ဖို့တစ်ခုပဲ သိတာပဲ။ ”

“ မင်းဘာပြောလိုက်တယ်။ ”

ဆာဂီ၏အဖေ ဒိုရန်ရု(စ်)သည် အသီနာ၏အဖေ ဗိုလ်ချုပ် ဂျော့(ခ်ျ)ထက် အမြဲပင် တစ်ဆင့်နိမ့်နေခဲ့ပြီး ဒုတိယဗိုလ်ချုပ်ဟု လူသိများကြသည်။ဆာဂီသည် အခြားသူများ ထိုသို့ပြောခြင်းကို အလွန်ဂရုစိုက်တတ်သည်။သူ ရုတ်တရက် ဒေါသထွက်သွားပြီး မျက်လုံးမှ သတ်ဖြတ်ချင်သည့် အငွေ့အသက်များ ထုတ်လွှတ်နေ၏။

“ အခုတော့ ခင်ဗျားက ကျုပ်လိုမျိုး စွမ်းအားမဲ့လူသားတစ်ယောက်ကို တိုက်ခိုက်ချင်နေပြီပေါ့။ ”

ချန်လွေ့ လုံးဝမကြောက်ပေ။

“ မမေ့နဲ့ဦး။ဒီနေရာက ကခွင်။မကချင်ဘူးဆိုရင် ထွက်သွားပေးပါ။ ”

“ မင်းလို တောသားလူနုံက ‘အက’ဆိုတဲ့ စကားလုံးကို ပြောဖို့ ထိုက်တန်လို့လား။ ”

ဆာဂီသည် ရက်စက်သည့်အမူအရာ ပြသလိုက်သည်။သူ အကြံတစ်ခုရသွားပြီး ဆက်မကတော့ဘဲ စွမ်းအားကိုထုတ်လွှတ်ကာ အသံကျယ်ကျယ် ပြောလိုက်သည်။

“ အားလုံးပဲ။ခဏလောက် ရပ်ပေးကြပါ။ ”

လူအုပ်ကြီး ချက်ချင်း ရပ်တန့်သွားပြီး တီးဝိုင်သံများလည်း ရပ်သွား၏။

“ ဂုဏ်သရေရှိ ငြိမ်ဝပ်ပိပြားရေး အရာရှိက ကျုပ်ကို စစ်မှန်တဲ့ တော်ဝင်စုံတွဲအက ပြသမယ်လို့ ခုနကပြောတယ်။ကျုပ် အဲ့ဒါကို ကြည့်ချင်နေပြီ။ ”

ဆာဂီက ချန်လွေ့ကို လက်ညှိုးထိုးရင်း ပြောသည်။

“ ဂုဏ်သရေရှိ ငြိမ်ဝပ်ပိပြားရေးအရာရှိနဲ့ အမှောင်လမြို့ရဲ့ မင်းသမီးလေးတို့ရဲ့ လှပတဲ့အလူပုကို အတူတူ ကြည့်လိုက်ကြရအောင်။ ”

လူအုပ်ကြီးထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။လူတိုင်းသည် ချန်လွေ့၏အဆင့်ကို ခုနက မြင်တွေ့ပြီးပြီ ဖြစ်သည်။ထို့ကြောင့် ဆာဂီ တမင်လုပ်ကြောင်း သူတို့ ယူဆလိုက်သည်။အစ်ဇဘယ်လာ ပြုံးနေဆဲ ဖြစ်သည်။အားလည်းမပေး၊ တားလည်း မတားပေ။ဆာဂီ၏ လုပ်ရပ်သည် အနည်းငယ် စက်ဆုပ်စရာကောင်းသော်လည်း ဤအခွင့်အရေးကို အသုံးချပြီး အမှောင်လမြို့ကို အရှက်ခွဲခြင်းမှာ ကောင်းလှပေသည်။

All Chapters