← Chapters

ရက်စက်သော။အင်ပါယာမြို့တော်၏ အဆိပ်ပန်း

Vol. 14 Ch. 206

ရက်စက်သော။အင်ပါယာမြို့တော်၏ အဆိပ်ပန်း

Vol. 14 Ch. 206

နောက်ဆုံး၌ ထိုအရေးပေါ်ကိစ္စ အဆုံးသတ်သွားသည်။ အမှောင်လရှိ ခါရွန်မိသားစုဝင်များက အဲလန်၏ သေဆုံးမှုကို သိသွားသည့်အခါ ဖရိုဖရဲ ဖြစ်မည်မှာ အသေအချာပင် ဖြစ်သည်။ အစ်ဇဘယ်လာသည် ဆာဂီအား တော်ဝင်တည်းခိုခန်းသို့ ကုသရန် ပြန်ခေါ်သွားပြီး ထိုအဖြစ်အပျက်အား အင်ပါယာမြို့တော်သို့ ညတွင်းချင်း သတင်းပို့ခဲ့သည်။ “အပြစ်အကင်းဆုံး” ဖြစ်သော ဒုက္ခသည် ချန်လွေ့ကိုလည်း အားပြန်ပြည့် လာစေရန်အတွက် စမ်းသပ်ခန်းသို့ ပြန်ခေါ်သွားလိုက်ကြသည်။

ဤအဖြစ်အပျက်၌ မျက်မြင်သက်သေ အများအပြား ရှိသည့်အတွက် သတင်းဖုံးရန် မဖြစ်နိုင်ပေ။ နောက်တစ်နေ့၌ အဲလန်ကို အင်ပါယာမြို့မှလာသော ဆာဂီက ပြိုင်ဆိုလိုမှုနှင့် မနာလိုမှုကြောင့် သတ်ပစ်လိုက်သော သတင်းများ တစ်မြို့လုံးသို့ ပျံ့နှံ့သွားတော့သည်။လမ်းတိုင်းနီးပါး၊ လမ်းကြားတိုင်းနီးပါး၌ ထို “ ချစ်ဇောဟုန်ပြစ်မှု ” ကို ဆွေးနွေးနေကြလေသည်။

ထိုအကြောင်းကို အာရုံမထားသူမှာ ဆရာသခင် တာတာ ဖြစ်သည်။ အမှောင်နတ်ဆိုးလူပု ဆရာသခင်သည် လက်ရှိ၌ ကိစ္စတစ်ခုကိုသာ အာရုံစိုက်နေသည်။ ၎င်းမှာ လူ၏လက်ထဲရှိ ကျောက်တုံးနှစ်တုံးကိုပင် ဖြစ်သည်။ အနီရောင်မှာ မီးကျောက်ဖြစ်ပြီး အဖြူရောင်မှာ မစ်သရယ်ကျောက် ဖြစ်သည်။ ထိုနှစ်ခုမှာ သာမန်တွေ့နေကျ မှော်ကုန်ကြမ်းများ ဖြစ်သော်လည်း တာတာသည် ထိုမျှအထိ သန့်စင်မှု မြင့်မားသော မီးကျောက်နှင့် မစ်သရယ်ကျောက်တို့ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ထိုကဲ့သို့ သန့်စင်သောကုန်ကြမ်းသည် ဒဏ္ဍာရီလာအဆင့် မှော်ကိရိယာများ ပြုလုပ်ရန်အတွက်ပင် လုံလောက်နေသည်။

စစ်မှန်သော ဆရာသခင် တစ်ယောက်အတွက် ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာများ အားလုံးသည် အဆင့်အမြင့်ဆုံး ကုန်ကြမ်းပစ္စည်းများကို မလိုအပ်ပေ။ကောင်းကောင်း အသုံးပြုနေသရွေ့ သာမန်ကုန်ကြမ်းများကိုသုံးပြီး ဒဏ္ဍာရီလာအဆင့် ဖြစ်အောင် ပြုလုပ်နိုင်သည်။သို့သော်လည်း မည်သည့် ကုန်ကြမ်းပစ္စည်းမဆို အရည်အသွေး မြင့်လေလေ ပိုကောင်းလေလေပင် ဖြစ်သည်။

ထိုမီးကျောက်ကို တာတာဆီသို့ အမှောင်နတ်ဆိုးလူပု ဟော်ကာမှ လွန်ခဲ့သော ၂ရက်က ရောင်းခဲ့ခြင်းဖြစ်သည်။ဈေးနှုန်းသည် အတော်လေး နည်းလှသည်။နောက်နေ့၌ ပစ္စည်းအသစ် ရှိလိမ့်မည်ဟု ဟော်ကာပြောခဲ့သည်။အညစ်အကြေး လုံးဝကင်းစင်သော မစ်သရယ်ကျောက်များကို ထိုနေရာမှ ရရှိခဲ့ခြင်း ဖြစ်သည်။ဟော်ကာပြောသည့် အတိုင်းဆိုလျှင် ပစ္စည်းအသစ်များသည် ယနေ့ နေ့လယ်၌ ရောက်ရှိလာမည် ဖြစ်သည်။သို့သော်လည်း တာတာ ကြည့်ချင်သည် ဆိုလျှင် တစ်‌ယောက်တည်းသာ လာရပေမည်။တည်နေရာမှာ အရှေ့တောင် ဘလော့ရှိ နံပါတ်(၄) လမ်းကြား၌ ဖြစ်သည်။

ဈေးဝယ်ထွက်သော တာတာသည် ၎င်းကို လုံးဝစိုးရိမ်မနေပေ။သူသည် သန္ဓေပြောင်း အမှောင်နတ်ဆိုးလူပု ဖြစ်သည်။သူ၏စွမ်းအားများမှာ အလယ်ဆင့်နတ်ဆိုး နှောင်းပိုင်း ဖြစ်သည်။သူ၏ မှော်စွမ်းအားသည်မှာ မနိမ့်လှပေ။ထို့ပြင် လက်ဝတ်ရတနာနှင့် ကိရိယာတန်ဆာပလာများ ပြုလုပ်ရာ၌ ကျွမ်းကျင်သော ယန္တရားဆရာသခင် တစ်ယောက် ဖြစ်သည့်အလျောက် သူ့တွင် ခုခံရေး ပစ္စည်းကိရိယာ အမြောက်အမြား ရှိနေသည်။

အဲလန်နှင့် ဆာဂီ ကိစ္စကိုမူ အမှောင်နတ်ဆိုးလူပု ဆရာသခင်သည် အာရုံမစိုက်နိုင်အောင် ပျင်းရိနေသည်။ သူသည် ကြယ်ကြွေတမန် အင်ပါယာမှ မဟုတ်ချေ။ ထို့ပြင် ထိုကဲ့သို့ ပျင်းစရာ ကိစ္စများကို ဂရုစိုက်ရန်အတွက်လည်း သူ့တွင် အားအင်မရှိပေ။သူသည် နေ့လယ်သို့ ရောက်ရှိရန်ကိုပင် စောင့်ဆိုင်းနေလေ၏။

အစ်ဇဘယ်လာသည် စမ်းသပ်ခန်းသို့ ရောက်လာပြီး ဒဏ်ရာရရှိနေသော ချန်လွေ့ဆီ လာလည်သည်။ အမှန်တကယ်၌ ဒဏ်ရာအများဆုံးမှာ ဆာဂီ ဖြစ်သည်။ ကံကောင်းစွာပင် ဆရာသခင် ခမ့်(ပ်)၏ ဆေးရည်များမှာ အလွန်အကျိုးရှိခဲ့သည်။ ချစ်ဇောဟုန်ပြစ်မှု၏ အဓိကဇာတ်ဆောင် (ဝါ) အဓိက တရားခံ၏ ဒဏ်ရာများ လုံးဝ တည်ငြိမ်သွားခဲ့၏။

“ ချန်လွေ့။ ရှင် အဆင်ပြေရဲ့လား။ ဘာလို့ အသီနာက ရှင့်ကို မပြုစုပေးတာလဲ။ ”

ချန်လွေ့ ခေါင်းခါသည်။

“ ကျုပ် အဆင်ပြေပါတယ်။မနေ့က သတိလစ်သွားရုံပါ။ကျုပ်ကို ဘယ်သူမှ ပြုစုပေးဖို့ မလိုပါဘူး။အသီနာက မနက်အစောကြီးပဲ စစ်တန်းလျားဆီ သွားလိုက်ပြီ။ ”

အစ်ဇဘယ်လာ မေးလိုက်ပြန်သည်။

“ ရှင့်ရဲ့ ကဝေမ အစေခံကရော။ ”

“ ခီရာကို ပြောတာလား။သူက နဂိုကတည်းက မင်းသမီးလေးရဲ့ အစေခံပဲ။အခု ကျုပ်သူ့ကို မင်းသမီး လက်လီစတိုးမှာ ကူညီဖို့အတွက် ထားထားတာ။ ”

“ သိပြီ။ဒါကြောင့် ကျွန်မသူ့ကို မနေ့မနက်တုန်းက မင်းသမီးလက်လီစတိုးမှာ တွေ့ခဲ့တာကိုး။ ”

အစ်ဇဘယ်လာက အသာလေး ပြုံးသည်။

“ ကျွန်မ ကမ်းလှမ်းတာကို ရှင်ဘယ်လိုထင်လဲ။ ”

ချန်လွေ့ ခါးသက်သက်နှင့် ပြုံးလိုက်သည်။

“ လေဒီ ပေးတဲ့အချိန်က လောလွန်းတယ်။မနေ့ညတုန်းက တော်ဝင်တည်းခိုခန်းကနေ ကျုပ်ထွက်သွားပြီးတာနဲ့ ကျုပ်က အကွက်ဆင်ခံရတယ်။ပြီးတော့ အဲ့ဒီကတည်းက ကျုပ်စိတ်မငြိမ်သေးဘူး။ ”

“ ကျွန်မရှင့်ကို အချိန် မပေးချင်တာ မဟုတ်ပါဘူး။ကျွန်မှာ အချိန်မရှိတော့လို့ပါ။ ”

အစ်ဇဘယ်လာ ခေါင်းခါသည်။

“ မနေ့က ဖြစ်ရပ်က ဘယ်လောက် အကျိုးဆက် ကြီးမားနိုင်လဲဆိုတာကို ရှင်ခန့်မှန်းနိုင်မှာပါ။ အခုဆိုရင် အဲလန်၏အဖေက ဘုရင်ခံကို တိုင်တန်းပြီးတော့ ခါရွန်မိသားစု မျိုးဆက်ကို သတ်ပစ်တဲ့ တရားခံ ဆာဂီကိုခေါ်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးခိုင်းနေတယ်။ကျွန်မကလည်း အင်ပါယာမြို့တော်ဆီ ကြိုတင်ပြန်လာဖို့ အမိန့်ရထားတယ်။ကျွန်မ အလွန်ဆုံး မနက်ဖြန် ထွက်သွားမှာ။အဲဒါကြောင့် ရှင်ကျွန်မကို အဖြေပေးရမယ်။ဒီအဖြေက ရှင်နဲ့ကျွန်မတို့ နှစ်ယောက်စလုံးအတွက် အရေးကြီးတယ်။ ”

ခင်ဗျား မြန်မြန်ထွက်သွားလေ ပိုကောင်းလေပဲ။ ချန်လွေ့သည် စိတ်ထဲ၌ ရေရွတ်လိုက်သည်။ ယမန်နေ့က ပွဲကြီးပွဲကောင်းကို ချန်လွေ့ကိုယ်တိုင် စီစဉ်ညွှန်ကြားခဲ့ခြင်းပင် ဖြစ်သည်။အစပိုင်း၌ ဆာဂီတွေ့ခဲ့သော မြေပြင်ပေါ်၌ လဲနေသည့် ချန်လွေ့မှာ ချန်လွေ့အစစ်ပင် ဖြစ်သည်။ထို့နောက် သူသည် အဲလန်ဖြစ်သွားသည်။ ဆာဂီတွေ့ခဲ့သော “ အဲလန် ” မှာ ရုပ်ဖျက်ထားသော ချန်လွေ့ပင် ဖြစ်သည်။ ဆာဂီသည် ဓားပျံကို ပစ်လွှတ်လိုက်ကာ “ အကူအညီ ” ပေးပြီးနောက် မီးခိုးထုတ်လွှတ်ပြီး ထွက်ပြေးသွားသည်။

ပြိုင်ဘက်ဖြစ်သူမှ ကောင်းကောင်း ကူညီပေးသည့်အတွက် ချန်လွေ့သည် လက်ကျန်အချိန်ကို မလွဲစေဘဲ လှုပ်ရှားလိုက်၏။ သူသည် ဓားကို အဲလန်၏ ရင်ဘတ်ထဲသို့ ထိုးစိုက်လိုက်ပြီးနောက် လှဲချကာ သတိလစ်နေဟန်ဆောင်လိုက်သည်။

ဆာရာဒိုကို ချန်လွေ့သည် “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” ဖြင့် ရုပ်သေးလုပ်ထားခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး “ဝမ်းနည်းဖွယ်ရာ” သတ်သေမှုမှာလည်း ချန်လွေ့၏ ထိန်းချုပ်မှုအောက်၌ ဆောင်ရွက်ခဲ့ခြင်းပင် ဖြစ်သည်။ သေလူသည် စကား မပြောသည့်အတွက် ဆာဂီသည် ပို၍ပင် မှန်ကန်ကြောင်း ပြသ၍မရတော့ပေ။ အမှန်တကယ်တွင် ဆာဂီကိုယ်တိုင်သည်ပင် တရားခံကို အဲလန်ဟု သတ်မှတ်ထားခဲ့သည်။သို့သော်လည်း “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ”၏ စွမ်းအားသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ဆာရာဒိုသည် မတုံ့မဆိုင်းဘဲ ချက်ချင်းပင် ကိုယ့်ကိုယ်ကိုယ် သတ်ပစ်ခဲ့သည်။

ချန်လွေ့သည် ဆာဂီကို သတ်ပစ်ရန် ဆာရာဒိုကို ထိန်းချုပ်ပြီး ဆာဂီနှင့်အဲလန်အား တပြိုင်နက်တည်း သတ်ပစ်ချင်ခဲ့သည်။ သို့သော်လည်း နောက်ဆုံး၌ သူစိတ်ပြောင်းသွားသည်။ ထို့သို့ဆိုလျှင် ရု(စ်)မိသားစုနှင့် ခါရွန်မိသားစုတို့၏ ဒေါသသည် “ ပြဿနာဖြစ်စေသော ” အသီနာထံ ရောက်ရှိလာနိုင်ပြီး အမှောင်လမြို့ကို အာရုံစိုက်လာနိုင်သည်။ ဆာဂီအား အသတ်ချမ်းသာပေးခဲ့ခြင်းသည် အပြစ်ဒဏ်ကြားခံရုံအတွက်သာမက “ လူသတ်သမား အချောင်လွတ်သွားခြင်း ” သည်လည်း နှစ်ဖက်စလုံးကြား၌ မကျေနပ်မှုများ တိုးပွားလာစေနိုင်သည်။

ယခုတစ်ခေါက် အစီအစဉ်သည် အဲလန်၏ လျို့ဝှက်အကြံအစည်ကို လုံးဝ အသုံးချထားခြင်းသာ ဖြစ်သည်။ အစီအစဉ်တစ်ခုလုံးကို ခါရွန်မိသားစုကသာ ပြုလုပ်ခဲ့သည်။ အစ်ဇဘယ်လာပင် မည်သည့် ဟာကွက်ကိုမျှ မတွေ့ခဲ့ပေ။

ချန်လွေ့၏မျက်နှာ၌ စိတ်မကောင်းကြောင်း ဖော်ပြလိုက်သည်။

“ စိတ်မကောင်းပါဘူး။ မနေ့က အဖြစ်အပျက်ကြောင့် ကျုပ် ခင်ဗျားကို ကျေနပ်လောက်တဲ့ အဖြေတစ်ခု မပေးနိုင်ဘူး။ ခါရွန်မိသားစုနဲ့ ရု(စ်)မိသားစုကလည်း သေချာပေါက် အချင်းချင်း ပြဿနာတက်ကြတော့မှာ။ပြီးတော့ အင်ပါယာ မြို့တော်ဆီကို ကျုပ်သွားမယ်ဆိုရင် သူတို့ရဲ့ ဒေါသထွက်ပေါက် ဖြစ်သွားနိုင်တယ်။ အဲဒီဆာဂီကလည်း ကျုပ်ကို အလွတ်ပေးမှာ မဟုတ်ဘူး။ကျုပ်က ဘာနောက်ခံမှ ဘာစွမ်းအားမှမရှိတဲ့ လူသား တစ်ယောက်ပါ။ခင်ဗျားရဲ့ အကူအညီနဲ့ဆိုရင်တောင် ကျုပ်ရှင်သန်နိုင်ဖို့ ခက်ခဲနေမှာ။ကျုပ် အမှောင်လမြို့မှာပဲ ယာယီနေချင်တယ်။ မဖြစ်နိုင်တော့ဘူးဆိုရင် အသီနာကိုခေါ်သွားပြီးတော့ ကြယ်ကြွေတမန် အင်ပါယာကနေ ထွက်သွားမယ်။ ပြီးရင် အရိပ်နက်အင်ပါယာဖြစ်ဖြစ် သွေးရောင်အင်ပါယာဖြစ်ဖြစ် အဲဒီကို သွားမယ်။ ဒီလိုဆိုရင် သူ့ရဲ့အဖေတောင် ကျုပ်တို့ကို ခွဲနိုင်မှာ မဟုတ်တော့ဘူး။ ”

အစ်ဇဘယ်လာသည် စိတ်ပျက်မှုကို ပြသလိုက်သည်။သို့သော်လည်း သူ၏စိတ်ထဲ၌ ဒေါသထွက်သွားသည်။ ယမန်ညက ဖြစ်ပျက်ခဲ့သည်များသည် ထိုလူသားကို အင်ပါယာမြို့တော်သို့ မသွားရန် ဆုံးဖြတ်စေခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ခါရွန်မိသားစုနှင့် အဲလန်သည် သေခြင်းထက် ပို၍ခံစားသင့်သည်။အစ်ဇဘယ်လာသည် အဲလန်လွှတ်လိုက်သော ခါရွန်မိသားစုလူယုံများကို တိတ်တဆိတ်ဖမ်းဆီးပြီး စစ်မေးကြည့်သည်။သူတို့၏ ထွက်ဆိုမှုများမှာ တညီတညွတ်တည်းပင် ဖြစ်သည်။ ထို့ကြောင့် ထိုကိစ္စသည် အခြေခံအားဖြင့် အဆုံးသတ်သွားလေပြီ။

ပို၍မမျှော်လင့်ထားသည်မှာ ထိုချန်လွေ့၌ အသီနာနှင့် ခိုးရာလိုက်ပြေးရန် အကြံရှိနေခြင်းပင် ဖြစ်သည်။ ချန်လွေ့အား ဆာဂီက မှော်ဆရာခံတပ်သို့ သတင်းလွှင့်နေချင်နေကြောင်း ပြောခဲ့ခြင်းသည် အစ်ဇဘယ်လာအတွက် မရဲဘဲ ကျွဲပြဲစီးနေခြင်းပင် ဖြစ်နေသည်။

ချန်လွေ့ သက်ပြင်းချသည်။

“ စိတ်မကောင်းပါဘူး။လေဒီ။ခင်ဗျားရဲ့ စေတနာတွေကို ကျုပ်သတိရနေမှာပါ။ အခွင့်အရေးရမယ်ဆိုရင် အင်ပါယာမြို့တော်မှာ ခင်ဗျားကိုကျုပ် လာတွေ့ပါ့မယ်။ ”

“ ကျွန်မရှင့်ကို အပြစ်မတင်ပါဘူး။ကိစ္စတွေက အပြောင်းအလဲ မြန်တယ်လေ။ ”

အစ်ဇဘယ်လာ သက်ပြင်းချပြီး မတ်တပ်ရပ်သည်။သူ၏ ဘယ်မျက်လုံး လက်ခနဲ ဖြစ်သွားပြီးနောက် ဆံပင်ရှည်ရှည်ကို အဆုံးထိ ဖီးလိုက်၏။

“ ကောင်းကောင်းနားပါ။ကျွန်မ အရင် သွားလိုက်ဦးမယ်။ ”

ထိုကဲ့သို့ အစ်ဇဘယ်လာ အနည်းငယ် လှုပ်ရှားလိုက်သည့်အခါ ချန်လွေ့ ရုတ်တရက် သတိရှိသွားသည်။ သေးငယ်သော အားအနည်းငယ်က သူ၏ခန္ဓာကိုယ်ဆီသို့ ချဉ်းကပ်လာကြောင်း ချန်လွေ့ ခံစားလိုက်မိသည်။ ထိုအားသည် သတိမထားမိ လောက်သည်အထိ အားပျော့သည်။အကယ်၍ ချန်လွေ့သာ “အလီယော့(သ်)” နယ်ပယ်သို့ မရောက်ခဲ့လျှင် သတိထားမိရန် မဖြစ်နိုင်ပေ။အမြန်စဉ်းစားပြီးနောက် ချန်လွေ့သည် ထိုအားကို မခုခံဘဲ ခန္ဓာကိုယ်ထဲသို့ ပေးဝင်လိုက်၏။

“ ခင်ဗျားကို လိုက်ပို့ပါရစေ။လေဒီ။ ”

“ ရပါတယ်။ ”

အစ်ဇဘယ်လာသည် ချန်လွေ့အား ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားသည်။

အစ်ဇဘယ်လာ မရှိတော့သည်နှင့် ချန်လွေ့သည် ချက်ချင်းက ခုနက မူမမှန်မှုကို ရှာ‌ဖွေလိုက်သည်။အလွန်သေးငယ်သော အားအမျှင်အချို့သည် “မျိုးစေ့များ”ကို မြှုပ်နှံနေသည်။၎င်းကို အသက်သွင်းရန်အတွက် အထူးအားတစ်ခုကိုသာ လိုအပ်လေသည်။

“အလီယော့သ်” နယ်ပယ်သို့ ရောက်ရှိနေသည့် ချန်လွေ့အဖို့ ထိုစွမ်းအားသည် ထိခိုက်မှု များများစားစား မရှိသော်လည်း သူသာ အမှန်တကယ် စွမ်းအားမဲ့လူသား တစ်ယောက်သာဆိုလျှင် ထို “မျိုးစေ့”ကို အသက်သွင်းလိုက်သည်နှင့် သေချာပေါက် သေသွားမည်ဖြစ်သည်။

ချန်လွေ့‌သည် ဤကဲ့သို့ “ မရသည့်အဆုံး ” အခြေအနေ၌ အင်ပါယာမြို့တော်သို့ သွားရန် ဖိတ်ကြားခဲ့ခြင်းကို ငြင်းပယ်ခြင်းနှင့် အသီနာအား ခေါ်ကာ အမှောင်လမှထွက်သွားရန် ရည်ရွယ်ချက်ကို တွေးဆနေလိုက်သည်။ မိမိသည် အစ်ဇဘယ်လာ၏ လူသတ်အကြံအစည်အတွင်း၌ ပါဝင်နေလိမ့်မည်ဟု ချန်လွေ့ လုံးဝ မထင်မှတ်ထားခဲ့ပေ။

အသုံးမချနိုင်ရင် သတ်ပစ်မယ်တဲ့လား။ သူက တကယ့်ကို ရက်စက်ပြီးတော့ ပြတ်သားတဲ့မိန်းမပဲ။ တကယ့် မိစ္ဆာထောင်ခြောက် ပန်းတစ်ပွင့်ပဲ။

ထို“ မျိုးစေ့များ ” သည် အစ်ဇဘယ်လာ၏ ထိန်းချုပ်မှုအောက်၌ ရှိနေပြီး အမှောင်လမြို့မှ ထွက်ခွာပြီးသည့်အခါ အသက်ဝင်လာမည်ဖြစ်သည်။သတိပေးချက် တမျိုးမျိုး ရှိနေပုံရသည်။ ထို့ကြောင့် ချန်လွေ့သည် “ မျိုးစေ့များ ”ကို ဖယ်ရှားရန် မကြိုးစားခဲ့ပေ။ သူသည် အလျင်အမြန်ပင် အက်(ဂ်)ယောအဖြစ် အသွင်ပြောင်းပြီး ရှေးဟောင်း လှေကားထစ်အိမ်သို့ ဦးတည်သွား၏။ ထိုနေရာ၌ ဆရာသခင်တစ်ယောက် ငါးစာလာဟပ်မည်ဖြစ်သည်။

ရှေးဟောင်း လှေကားထစ်အိမ်သို့ ရောက်သည့်အခါ နတ်ဆိုးလူပုအိုကြီး ဒီဒီက ချန်လွေ့အား ချက်ချင်း နှုတ်ဆက်သည်။

“ သခင် ”

“ အခြေအနေ ဘယ်လိုရှိလဲ။ ”

“ အဲဒီဆရာသခင်က အခုနောက်ဖေးမှာ။ဒါ‌ပင်မဲ့..... ”

“ ကျုပ်က တစ်ခုခု လုပ်စရာရှိလို့ နောက်ကျသွားတာ။ဆရာသခင် တာတာက စောင့်နေရင်းနဲ့ စိတ်မရှည်ဖြစ်နေတာလား။ ”

နတ်ဆိုးလူပုအိုကြီး ဒီဒီက ထူးဆန်းသော မျက်နှာပုံစံ ပြသလိုက်သည်။

“ မဟုတ်ပါဘူး.... ”

ချန်လွေ့သည် နတ်ဆိုးလူပုအိုကြီးနှင့် အချိန်ဖြုန်းမနေတော့ဘဲ နောက်ဖေးသို့ တည့်တည့်သွားလိုက်၏။

နောက်ဖေးသို့ မရောက်ခင် ချန်လွေ့သည် တစ်စုံတစ်ယောက် စကားပြောပြီး အားပေးနေသည်ကို ကြားလိုက်ရသည်။

“ ဒါက အရောင်ပြောင်းဝတ်ရုံ။ဒါပင်မဲ့ ကုန်ကြမ်းနဲ့ ပညာရပ်အခက်အခဲတွေကြောင့် ပတ်ဝန်းကျင် အရောင်ကို လိုက်ပြီးတော့ပဲ အရောင်ပြောင်းနိုင်တယ်။ မဟာနတ်ဆိုးဘုရင်အဆင့် အာရုံခံမှုကနေတော့ မကွယ်ဝှက်နိုင်ဘူး။ ”

လက်ခုပ်သံများ ထွက်လာသည်။

“ မစ်-ဆာဆာ။အဲ့ဒါကို ကိုင်လို့မရဘူး။ပေါက်ကွဲသွားလိမ့်မယ်။ ”

“…”

ဝင်းထဲသို့ ရောက်သည့်အခါ ဆရာသခင် တာတာသည် ဝတ်ရုံတစ်ခုခြုံထားပြီး ပစ္စည်းအမြောက်အမြား ကိုင်ထားသည်ကို ချန်လွေ့ တွေ့လိုက်ရသည်။သူ၏ဘေးတွင် စကိုင်း၏ သမီးနှစ်ယောက်ဖြစ်သော အိ(ဗ်)နှင့်အလျန်အပြင် နတ်ဆိုးလူပုအိုကြီး၏ သမီး ဆာဆာလည်း ရှိနေသည်။

ဆရာသခင် တာတာ သရုပ်ပြသည့်အခါတိုင်း ကောင်မလေး သုံးယောက် လက်ခုပ်တီးကြသည်။အဝေးတစ်နေရာမှ ပက်လက်ကုလားထိုင်ပေါ်၌ နေမကောင်းသော စကိုင်း ရှိနေသည်။သူသည် အိပ်ပျော်နေပုံရပြီး ထိုနေရာမှ အ‌ခြေအနေကို အာရုံစိုက်မနေပေ။

မှော်ကုန်ကြမ်းတွေကိုပဲ အာရုံစိုက်တဲ့ ဆရာသခင်က ဘယ်အချိန်ကနေစပြီးတော့ မျက်လှည့်ဆရာ ဖြစ်သွားတာလဲ။

သရုပ်ပြမှုများသည် သာမန်ပစ္စည်းများသာ မဟုတ်ပေ။အနည်းဆုံး ထူးကဲအဆင့်ရှိသည့် မှော်ပစ္စည်းများ ဖြစ်ကြသည်။

သို့သော်လည်း ဆရာသခင် တာတာ၏ အာရုံစိုက်မှုသည် မစ်-ဆာဆာ အပေါ်၌သာ ရှိနေကြောင်း ချန်လွေ့ ပြောနိုင်သည်။ သူသည် ကြွားလုံးထုတ်နေခြင်းသာ ဖြစ်ပုံရသည်။

“ ဆာ-အက်(ဂ်)ယော ”

မျက်လုံးစူးရှသော အလျန်က ချန်လွေ့ကို တွေ့သွားပြီး ပျော်ရွှင်စွာ ပြေးလာ၏။

အမှောင်နတ်သူငယ်မ‌လေး၏ ခန္ဓာကိုယ်သည် ကျိန်စာတိုက် ခံထားရသော်လည်း သူသည် အမြဲယုံကြည်မှုရှိနေသည်။ ညှိုးမှိုင်နေသော အိ(ဗ်)နှင့် တခြားစီပင် ဖြစ်သည်။ ချန်လွေ့သည် ထိုကောင်မလေးကို ညီမလေးတစ်ယောက်သဖွယ် သဘောကျသည်။ ချန်လွေ့သည် ထိုကောင်မလေးအား ရံဖန်ရံခါ အရုပ်များ ယူလာပေးတတ်သည်။

“ မင်းရဲ့ခန္ဓာကိုယ် ပိုသက်သာလား။ ”

ချန်လွေ့သည် အလျန်၏ခေါင်းကို ထိလိုက်သည်။

သူတို့သားအဖ သုံးယောက်ကို ချန်လွေ့ကယ်တင်ခဲ့ပြီးတော့ မျက်နှာဖုံးနှင့်လူအပေါ် အလျန်၏ ချစ်ခင်မှု ပို၍တိုးလာသည်။အလျန်သည် ချန်လွေ့ကို ယခင်ကကဲ့သို့ ကြောက်မနေတော့ပေ။ သူ ခေါင်းညိတ်လိုက်ပြီး အပြစ်ကင်းသောမျက်လုံးများမှ ချစ်စရာကောင်းမှုနှင့် ပျော်ရွှင်မှုများ ထုတ်ဖော်ပြသနေသည်။

“ ပိုကောင်းလာပါတယ်။ဆာရဲ့ ဆေးရည်အတွက် ကျေးဇူးပါပဲ။ ”

ထိုကောင်မလေး၏ အပြစ်‌ကင်းသော မျက်လုံးများကိုကြည့်ရင်း ချန်လွေ့ ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရသည်။သူသည် အလျန်အား ကုသပေးနိုင်သော်လည်း ကိုယ်ကျိုးအတွက် အချိန်ဆွဲထားခဲ့သည်။ သူ ချက်ချင်းပင် စိတ်ထဲ၌ ဆုံးဖြတ်ချက် ချလိုက်သည်။

“ မင်း အလိုအပ်ဆုံးကို ငါယူလာခဲ့တယ်။အခုကစပြီးတော့ မင်းနဲ့အိ(ဗ်)တို့က ကျိန်စာဒဏ်ကို မခံစားရတော့ဘူး။ ”

အလျန်၏ မျက်လုံးဝိုင်းဝိုင်း၌ အံ့အားသင့်မှု အလင်းရောင် ထွက်ပေါ်လာသည်။ အိ(ဗ်)လည်း ထိုစကားများကို ကြားလိုက်သည်။သူ ဖြည်းဖြည်းချင်းထပြီး မျက်လုံးထဲ၌ မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။ အိပ်ချင်ယောင်ဆောင်နေသော အမှောင်နတ်သူငယ် စကိုင်းလည်း မျက်လုံးဖွင့်လိုက်ပြီး အ‌လင်းရောင်များ ပြည့်လျှံသွား၏။ သူသည် ချန်လွေ့ အရှေ့၌ ချက်ချင်း ပေါ်ထွက်လာသည်။သူ၏အသံ အနည်းငယ် တုန်ခါနေသည်။

“ မင်း တကယ် ရခဲ့တာလား။ ”

ချန်လွေ့၏လက်ထဲ၌ ပုလင်းတစ်လုံး ပေါ်ထွက်လာသည်။၎င်းမှာ စကိုင်းပေးထားသော မှော်ပုလင်း ဖြစ်သည်။ထိုအထဲ၌ ဖောက်ထွင်းမြင်ရသော အရည်များ ပြည့်နေ၏။

စကိုင်းသည် ပုလင်းကိုဖွင့်ပြီး သေသေချာချာ အနံ့ခံသည်။ထို့နောက် ကောက်ရိုး တစ်ချောင်း နှစ်ကာ ဝင်းထဲရှိ မြက်ပေါ်၌ တစ်စက် နှစ်စက် ချလိုက်သည်။ နွမ်းခြောက်နေသော မြက်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အစိမ်းရောင်အစို့ အသစ်များ စတင်ထွက်လာပြီး အသက်ဓာတ် ပြန်လည်ရရှိလာသည်။

ချန်လွေ့ ကိုယ်တိုင်ပင် အနည်းငယ် အံ့ဩသွားသည်။အသက်ဓာတ်ရေစင်၌ ထိုကဲ့သို့ အာနိသင်မျိုးလည်း ရှိလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။

“ အမှန်ပဲ။ဒါက အဲဒီလို အသက်ဓာတ်ရေစင်ပဲ။ ”

စကိုင်းက စိတ်လှုပ်တရှား အော်ဟစ်လိုက်၏။

ဘေးမှ ဆရာသခင် နတ်ဆိုးလူပုလည်း စိတ်ဝင်စားသွားသည်။ သူသည် နွမ်းခြောက်နေသော မြက်ပင်ကို သေသေချာချာကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာ ပြောသည်။

“ အသက်ဓာတ်ရေစင်လား။ ”

All Chapters