ထွက်ပြေးလွတ်မြောက်ခြင်း
Vol. 15 Ch. 225
ဘရော့ခ်၏မျက်နှာ ရှုံ့တွသွားပြီး မျက်လုံးထဲ၌ ဒေါသများ ပြည့်နှက်နေ၏။ အရင်တစ်ခေါက် ဒီအသံတိတ်ညစိမ့်မြေမှာ ငါ ကြီးကြီးမားမား အရှက်ရခဲ့တယ်။ပုရွက်ဆိတ်တစ်ကောင်ကို ငါ အကြိမ်ကြိမ် တိုက်ခိုက်မှု လွဲချော်ခဲ့တယ်။နောက်ဆုံး အဲဒီပုရွက်ဆိတ်ကြောင့် ငါ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီးတော့ မျက်နှာမှာလည်း ကုသလို့မရတဲ့ အမာရွတ် ကျန်ခဲ့တယ်။
အဲဒီပုရွက်ဆိတ်က ဒီမှာထပ်ပြီးတော့ ပေါ်လာပြန်ပြီ။ငါ့သူ့ကို အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲရမယ်။
ဘရော့ခ်၏ မူလအစီအစဉ်မှာ ထိုသူများ တောအုပ်ထဲမှ ထွက်လာသည်အထိ စောင့်ပြီးမှ သတ်ပစ်ရန် ဖြစ်သည်။သို့သော်လည်း ဒေလီယာသည် သူ့ကို ကြိုတင်အာရုံခံမိသည့် အတွက် အလှမ်းဝေး တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့သည်။မမျှော်လင့်ဘဲနှင့် ၎င်းကို ဒေလီယာ၏လက်ထဲရှိ ဒိုင်းကာက ခုခံပေးလိုက်သည်။ထို့နောက် သူ၏ရန်သူ သုံးယောက်သည် အစွမ်းထက်သော မှော်ထောင်ခြောက် အနောက်၌ ပုန်းအောင်းနေလိုက်ကြသည်။
ဒေလီယာသည် ဘရော့ခ်နှင့် ရင်းနှီးသည်။ထိုအမူအရာကို မြင်လိုက်သည့်အခါ ဒေလီယာ ထိတ်လန့်သွား၏။ဘရော့ခ်သည် ဧကရီ ကတ်သရင်းထံသို့ သူ “အလစ်တိုက်” ခံရပြီး အဆိပ်မိခဲ့ကြောင်း စာပေးပို့ခဲ့သည်။၎င်းကို ချန်လွေ့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သူ လုံးဝ မထင်ထားခဲ့ပေ။ နတ်ဆိုးဘုရင်တစ်ယောက်က တကယ်ကြီး ဘရော့ခ်ကို ကြီးကြီးမားမား ထိခိုက်အောင် လုပ်နိုင်ခဲ့တယ်။
အမှန်တကယ်တွင် ဒေလီယာ မသိခဲ့သည်မှာ ဘရော့ခ်အား ချန်လွေ့တိုက်ခိုက်စဉ်က ချန်လွေ့သည် အမြင့်ဆင့်နတ်ဆိုးသာ ရှိနေသေးခြင်းပင် ဖြစ်သည်။
“ ပုရွက်ဆိတ်။အဲဒီ တယ်လီပို့ကိရိယာကို သုံးဖို့ စဉ်းစားမနေနဲ့။ ”
ဘရော့ခ် သရော်ပြုံးပြုံးလိုက်သည်။
“ ငါ့ရဲ့ နတ်မိစ္ဆာပိုင်နက်ကို ဒီမှာချထားပြီးပြီ။မင်းတို့တွေ တစ်ယောက်မှ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။ဒေလီယာ။ငါ့ကို ထင်ယောင်မှားဒိုင်းကာပေးဖို့ တစ်မိနစ် စဉ်းစားခွင့်ပေးမယ်။ မဟုတ်လို့ကတော့ အဆောင်ပစ္စည်းရဲ့တန်ပြန်တိုက်ခိုက်မှုကို ခံရမယ်ဆိုရင်တောင် ငါမင်းတို့ သုံးယောက်လုံးကို သတ်ပစ်မယ်။ ”
အဆောင်ပစ္စည်း။တန်ပြန်တိုက်ခိုက်မှု။ထင်ယောင်မှားဒိုင်းကာ။ဟုတ်လား။ ချန်လွေ့ စိတ်ထဲ၌ တွေးမိပြီး ဘရော့ခ်အား သရော်ပြုံးပြုံးကာ ကြည့်လိုက်သည်။
“ ဘရော့ခ်။ခင်ဗျားဘာသာ လာယူလေ။ကျုပ် ဟိုအဆိပ်ကို သုံးမှာကို ကြောက်တာလား။ဒါမှမဟုတ် ကျုပ်ရှေ့က မှော်ထောင်ခြောက်ကို ကြောက်တာလား။ကျုပ် အကြံတစ်ခုပေးမယ်။အပေါ်ကနေ ပျံလာကြည့်လိုက်။ ”
နဂါးထွင်းစာစွမ်းအားသည် ပျံသန်း၍ ဖြတ်ကျော်နိုင်သောအရာ မဟုတ်ပေ။မြေမကျဘဲ ဆက်လက်ပျံသန်းမှသာ ရနိုင်သည်။သူတို့အရှေ့၌ [ ပေါက်ကွဲ ] ထွင်းစာ ရှိသည်။ဘရော့ခ် ထောင်ခြောက်ထဲ ကျသွားသည်နှင့် နတ်ဆိုးဧကရာဇ် ဖြစ်သည့်တိုင် ကြီးကြီးမားမား ထိခိုက်မည် ဖြစ်သည်။သို့သော်လည်း ထွင်းစာနေရာမှလွဲ၍ အခြားနေရာများကို နတ်မိစ္ဆာပိုင်နက်က လွှမ်းခြုံထား၏။ထို့ပြင် ဘရော့ခ်၌ ကြောက်မက်ဖွယ်ရာ အလှမ်းဝေး တိုက်ခိုက်မှု ရှိသည်။ထို့ကြောင့် ချန်လွေ့နှင့် အခြားသူများက မဆင်မခြင် မလုပ်ရဲပေ။
ဘရော့ခ် ခြေဆောင့်နင်းလိုက်ရာ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။သို့သော်လည်း ထိုတုန်ခါမှုသည် ချန်လွေ့အရှေ့၌ ပျောက်ကွယ်သွား၏။ဘရော့ခ်၏မျက်လုံးထဲရှိ အနက်ရောင် တောက်ပလာပြီး နဂါးထွင်းစာပင် အနည်းငယ် တုန်ခါလာကာ အနက်ရောင်လွှမ်းမိုးခံရမည့် လက္ခဏာပြလာသည်။လီဗျာသန် တော်ဝင်မိသားစု၏ အစွမ်းထက်ဆုံးဖြစ်သော [ နတ်မိစ္ဆာမျက်လုံး ] သည် အမှန်တကယ်ပင် ထူးခြားလှပေသည်။
ကံကောင်းစွာပင် နဂါးထွင်းစာသည် ချန်လွေ့ ပြုလုပ်ထားသော မိတ္တူမဟုတ်ဘဲ စစ်မှန်သော နဂါးတစ်ကောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ဘရော့်ခ်အတွက်ပင် ၎င်းကို အတင်းဖိနှိပ်ရန် မလွယ်ကူလှပေ။
“ ဒေလီယာ။ငါမင်းကို နောက်ဆုံး အခွင့်အရေး တစ်ခုပေးမယ်။မင်းက ငါ့ရဲ့ညီမဖြစ်ပြီးတော့... ”
ဘရော့ခ်၏မျက်လုံးထဲ၌ ရက်စက်မှု အရိပ်အယောင် လက်ခနဲဖြစ်သွားပြီး သူ၏အသံ ပို၍ပင် ကြက်သီးထစရာ ကောင်းသွားသည်။
“.... ငါ့ရဲ့မိန်းမနဲ့ကျေးကျွန်ဖြစ်တဲ့အတွက် ငါမင်းကို အသက်ရှင်ခွင့်ပေးနိုင်တယ်။ ”
ဒေလီယာ ရုတ်တရက် တုန်လှုပ်သွား၏။ဇာမျက်နှာလွှားနောက်ကွယ်ရှိ သူ၏မျက်နှာ ဖြူဖျော့သွားပြီး ထင်ယောင်မှားဒိုင်းကာကို ကိုင်ထားသော သူ၏လက်များမှာလည်း တုန်ယင်နေ၏။
ချန်လွေ့နှင့်ရိုမန်တို့ မယုံကြည်နိုင်ဖြစ်သွားသည်။ ဘရော့ခ်ရဲ့ မိန်းမတဲ့လား။သူတို့က မောင်နှမတွေ မဟုတ်လား။
“ မင်းရဲ့ ရည်းစား အဟောင်းနဲ့အသစ်က ဒီအကြောင်းကို မသိသေးဘူးနဲ့တူတယ်။ ”
ဘရော့ခ် ပြုံးဖြီးဖြီးလုပ်ရင်း တမင်တကာပင် ဒေလီယာ၏စိတ်ဓာတ်ကို နင်းခြေလိုက်သည်။
“ မင်းရဲ့ပထမဆုံးယောက်ျားက ဘယ်သူလဲဆိုတာ သူတို့ကို မပြောခဲ့ဘူးလား။ ”
ဒေလီယာ၏ခန္ဓာကိုယ် ပို၍ပင် သိမ့်သိမ့်တုန်သွားပြီး သွေးတစ်လုပ် အန်လိုက်သည်။
ချန်လွေ့သည် ဒေလီယာ ယခင်က ပြောခဲ့သည်များကို ရုတ်တရက် သဘောပေါက်သွားသည်။
သေခြင်းကပဲ ကျွန်မအတွက် သက်သာရာ ဖြစ်လိမ့်မယ်။
ကျွန်မအတွက်တော့ လွန်ခဲ့တဲ့သုံးနှစ်မှာ အသက်ရှင်ရတာက သေတာထက်ပိုပြီးတော့ ခံစားရတယ်။ကံမကောင်းစွာနဲ့ပဲ အနီးကပ်စောင့်ကြည့်တာတွေနဲ့ [ ဝိညာဉ်လက်ထိတ် ] ကြောင့် ကျွန်မမှာ သေဖို့တောင် လွတ်လပ်ခွင့် မရှိခဲ့ဘူး။
နေ့တိုင်း နောက်ဆုံး သက်သာရာရဖို့ကို စောင့်ဆိုင်းရင်းနဲ့ ကျွန်မရဲ့မျက်နှာကို တစ်ခါလှီးတယ်။
ဒါကြောင့် ဒေလီယာရဲ့မျက်လုံးထဲမှာ အဆုံးမရှိတဲ့ အမုန်းတရား ရှိနေတာကိုး။
ဒေလီယာသည် ဘရော့ခ်ကို မုန်းတီးသည်။ကိုယ့်ကိုယ်ကိုယ်လည်း မုန်းတီးသည်။ကံကြမ္မာကိုလည်း မုန်းတီးနေသည်။ရိုမန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။သူ၏လက်သည်းများ အသားထဲ စိုက်ဝင်နေပြီး သွေးများ ယိုစီးနေ၏။
“ ခင်ဗျားက တိရစ္ဆာန်တစ်ကောင်ထက် ပိုပြီးဆိုးရွားတာပဲ။ ”
ချန်လွေ့၏ဒေါသသည် အဆုံးစွန်အထိ ရောက်ရှိသွားသည်။
“ ဘရော့ခ်။ခင်ဗျားက ဒီလောကမှာနေဖို့ မထိုက်တန်ဘူး။ ”
“ နုံအတဲ့ကောင်တွေ။မင်းတို့ ဘာသိလဲ။မှော်ဒိုင်းကာရဲ့ အသိအမှတ်ပြုခြင်းကိုခံရတဲ့ သူ့ကိုယ်သူ အပြစ်တင်သင့်တာ။ငါ့ကို မဟုတ်ဘူး။အဲဒါက လီဗျာသန် တော်ဝင်မိသားစုရဲ့ အဆောင်ပစ္စည်း။ဘယ်လိုလုပ်ပြီးတော့ အပြင်လူတွေကို ချစ်တဲ့ အားနည်းတဲ့ မိန်းမတစ်ယောက်က အဲဒါကို ထိန်းချုပ်နိုင်မှာလဲ။ ”
ဘရော့ခ်က ရူးရူးမိုက်မိုက် ရယ်လိုက်သည်။
“ အခုငါ့မှာ မှော်ဒိုင်းကာရှိပြီဆိုတော့ ထင်ယောင်မှား နတ်ဆိုးဒိုင်းကာက ပြည့်စုံသွားပြီ။ငါ သူနဲ့ ကလေးရခဲ့ရင် အဲဒီကလေးက အဆောင်ပစ္စည်းနဲ့ လီဗျာသန် တော်ဝင်မိသားစုကို အနာဂတ်မှာ ဆက်ခံနိုင်မှာ။ ”
ထင်ယောင်မှားဒိုင်းကာနှင့် မှော်ဒိုင်းကာ ပေါင်းစပ်လိုက်ရင် အဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့ ထင်ယောင်မှား နတ်ဆိုးဒိုင်းကာ ဖြစ်လာတာပဲ။
ပါ့ဂ်လီအို၏ရတနာသိုက်ထဲ၌ ဒေလီယာ ရှာဖွေနေသည့်အရာမှာ ထင်ယောင်မှားဒိုင်ကာ ဖြစ်သည်။၎င်းသည် [ ဝိညာဉ်လက်ထိပ် ] ၏ သက်ရောက်မှုကို သီးခြားထားနိုင်ပြီး ဘရော့ခ်၏ ထိန်းချုပ်မှုကို ဖယ်ရှားနိုင်ကာ ထိုကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးမှ လွတ်မြောက်နိုင်ပေသည်။
ဒေလီယာ တုန်ခါမနေတော့ပေ။သူ၏ ကြောက်လန့်ပြီး ဒေါသထွက်နေသော မျက်လုံးများသည် တိတ်ဆိတ်ခြင်းနှင့် ညှိုးငယ်ခြင်းများအဖြစ် ပြန်လည်ရောက်ရှိသွားသည်။ သူသည် ဘရော့ခ်၏စကားများကြောင့် ထပ်ပြီးမတုန်လှုပ်တော့ပေ။
“ ကျွန်မ [ နတ်မိစ္ဆာမျက်လုံး ] ကို သုံးပြီးတော့ ရှင်တို့ကို နတ်မိစ္ဆာပိုင်နက်ရဲ့ ထိန်းချုပ်မှုကနေ လွတ်အောင် လုပ်ပေးမယ်။ကျွန်မ နှစ်ခါ မပြောချင်ဘူး။အချိန် စက္ကန့်၃၀ ရှိသေးတယ်။ရှင်တို့ ထွက်မသွားရင် ကျွန်မအခုပဲ သေလိုက်မယ်။ ”
ချန်လွေ့ အော်ပြောသည်။
“ မရဘူး။ဒေလီယာ။မင်းနဲ့ရိုမန် အရင်သွား။ ”
ထွင်းစာသည် မကြာမီ ဖိနှိပ်ခံရနိုင်သည်။သူတို့ကြားရှိ စွမ်းအားခြားနားချက်မှာ ကြီးမားလွန်းလှသည်။ဒေလီယာသာ ထင်ယောင်မှားဒိုင်းကာကို အသုံးမပြုခဲ့လျှင် ဘရော့ခ် အမှီလိုက်စရာပင် မလိုချေ။အလှမ်းဝေးတိုက်ခိုက်မှု၏ စွမ်းအားဖြင့်ပင် လူတိုင်းကို သတ်ပစ်ရန် လုံလောက်ပေသည်။
ဒေလီယာကို ချန်လွေ့ကဘရော့ခ်လို အန္တရာယ်ရှိတဲ့သူတစ်ယောက်နဲ့ ဘယ်လိုလုပ် ရင်ဆိုင်စေမှာလဲ။ဘရော့ခ်က ဆွေမျိုးတွေကို စွန့်ပစ်တဲ့ သွေးအေးလူတစ်ယောက်ပဲ။ မဟုတ်ရင် သူက [ ဝိညာဉ်လက်ထိပ် ] ကို ဒေလီယာဆီမှာ သုံးမှာ မဟုတ်ဘူး။ မှော်ဒိုင်းကာ လက်ထဲမှာ ရှိတာနဲ့ ဒေလီယာမသေရင်တောင် အသက်ရှင်တာက သေတာထက် ပိုဆိုးမှာပဲ။
ဒေလီယာက ချန်လွေ့ကို တည်တည်ငြိမ်ငြိမ်နှင့် ကြည့်လိုက်သည်။
“ ကျွန်မ အလကား သေသွားမှာကို ရှင်မြင်ချင်တာလား။ ”
“ အလကားသေမယ် ဟုတ်လား။မင်း နားမလည်သေးဘူးလား။ဒေလီယာ။ ”
ချန်လွေ့က ပြောသည်။
“ လွန်ခဲ့တဲ့သုံးနှစ်မှာ ဒီကောင်က ဝိညာဉ်မရှိတဲ့ အသေကောင်လိုမျိုး ဖြစ်နေခဲ့တယ်။မင်း ဒီတစ်ခေါက် ထွက်သွားရင် သူ့ရဲ့ဘဝက တစ်သက်လုံး တန်ဖိုးရှိတော့မှာ မဟုတ်ဘူး။ ”
အလွန်အမင်း ဒေါသထွက်နေသော ရိုမန်လည်း စိတ်တည်ငြိမ်သွားပြီး ချန်လွေ့အာ လေးလေးနက်နက် ပြောသည်။
“ ဒေလီယာက မိန်းမကောင်းတစ်ယောက်ပါ။ငါ့အစား သူ့ကို ဂရုစိုက်ထားပေး။ ”
ချန်လွေ့သည် ရိုမန်၏မျက်လုံးထဲမှ ပြတ်သားမှုကိုမြင်ပြီး ငြင်းပယ်လိုက်သည်။
“ မင်းတို့က အရူးနှစ်ယောက်ပဲ။ရိုမန်။ငါမင်းကို ပိုက်ဆံတွေ၊ပစ္စည်းတွေ၊အရှုပ်ထုပ်တွေကို ယူနိုင်တယ်။ဒါပေမဲ့ မင်းရဲ့မိန်းမကိုတော့ ယူမှာ မဟုတ်ဘူး။ဒေလီယာ။[ နတ်မိစ္ဆာမျက်လုံး ] ကိုသုံးပြီးတော့ ဒိုဒိုနဲ့ရိုမန်ကို လမ်းကွေ့နားက ဒုတိယထွင်းစာဆီ ခေါ်သွားပြိး ငါ့ကိုစောင့်နေ။ ဘယ်လိုဖြတ်သွားရမလဲဆိုတာ မင်းသိမှာပါ။ထွင်းစာရဲ့ ဂုဏ်သတ္တိက မပြောင်းလောက်သေးဘူး။ ”
“ မသွားဘူး။ ”
ဒေလီယာနှင့် ရိုမန်တို့ တစ်ပြိုင်နက်တည်း ပြောသည်။
“ မင်းတို့တွေ သွားကြတော့။ ”
“ အချိန်ဆွဲမနေနဲ့။ငါက ခေါင်းဆောင်ဆိုတာ မင်းတို့ မမေ့နဲ့ဦး။ ”
ချန်လွေ့ အော်ပြောသည်။
“ မင်းတို့အားလုံးသတ်သေပြီးတော့ ငါ့ကိုသေအောင် ဆွဲချချင်တယ်ဆိုရင်တော့ ဒီမှာနေနေ။ ”
ဒေလီယာနှင့်ရိုမန်တို့ အချင်းချင်း ကြည့်လိုက်ကြပြီး အတင်းအကျပ် မပြောတော့ပေ။[ နတ်မိစ္ဆာမျက်လုံး ]၏ အကူအညီနှင့်အတူ သူတို့သည် ခက်ခက်ခဲခဲနှင့် ချန်လွေ့ပြောသည့်နေရာသို့ ဒိုဒိုနှင့်အတူ သွားတော့သည်။
ဒေလီယာ မနေနေဘဲ ထင်ယောင်မှားဒိုင်းကာနှင့်အတူ ထွက်သွားကြောင်း တွေ့လိုက်ရာ ဘရော့ခ်သည် ချန်လွေ့ကို ပို၍ပင် မုန်းတီးသွား၏။ထို့နောက် ဘရော့ခ်အော်ဟစ်ပြီး ချန်လွေ့ကို လက်သီးပစ်ထိုးလိုက်သည်။
သို့သော်လည်း ချန်လွေ့၏တည်နေရာနှင့် ပုံစံမှာ အလွန်ထူးဆန်းနေသည်။မြေပြင်မှ မသဲမကွဲ အသံများ ထွက်လာ၏။ထို့နောက် ထိုလက်သီးချက်သည် မြေပြင်မှ “ထောင်ခြောက်”၏ ပေါက်ကွဲမှုနှင့်အတူ ပျောက်ကွယ်သွားပြီး ချန်လွေ့ကို မထိခိုက်နိုင်ခဲ့ပေ။၎င်းသည် ထွင်းစာကို အသုံးပြုပုံဖြစ်သည်။ထိုရိုက်ခတ်မှုအတွင်း၌ ဒေလီယာနှင့်ရိုမန်တို့ ထွက်ပြေးပြီးသွားလေပြီ။
ဘရော့ခ်၏မျက်လုံးများ အနက်ရောင် ပြောင်းသွားပြီး မြေပြင်သည် ဆက်လက် တုန်ခါနေသည်။ခြေလှမ်းဖိနပ်ကို ချန်လွေ့ အသက်သွင်းလိုက်သည့်အခါ ထွင်းစာသည် အလျင်အမြန် ပေါက်ကွဲနေကြောင်း ခံစားလိုက်မိသည်။၎င်းကို နတ်မိစ္ဆာပိုင်နက်က အတင်းဖောက်ခွဲနေခြင်း ဖြစ်သည်။ချန်လွေ့သည် ချက်ချင်းပင် ကျောပိုးအိတ်ထဲမှ ငွေသေတ္တာကိုထုတ်ပြီး ရှေ့သို့ချိန်ကာ ဖွင့်လိုက်သည်။
ဘရော့ခ်သည် ထွင်းစာအား နတ်မိစ္ဆာပိုင်နက်ဖြင့် အတင်းဖောက်ခွဲလိုက်သည့်အတွက် စွမ်းအင်အတော်များများ ကုန်ဆုံးသွားခဲ့သည်။သူ ချန်လွေ့ကိုသတ်ပြီး ဒေလီယာနောက်လိုက်ရန် ပြင်လိုက်စဉ် ကြောက်မက်ဖွယ်ရာကောင်းပြီး ထူးဆန်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရကာ ကြက်သီးထမိသွားသည်။ချက်ချင်းပင် သူ၏ အသက်စွမ်းအား ထိန်းချုပ်မရဘဲ လျော့ကျလာသည်ဟု ခံစားလိုက်ရသည်။ထို့ပြင် သူ၏ခန္ဓာကိုယ်ပေါ်မှ ခွန်အားသည်လည်း အတော်များများ အားနည်းသွားသည်။ လေပေါ်သို့ ခုန်လွှားနေသော သူ၏ခန္ဓာကိုယ်သည် မြေပေါ်သို့ ပြင်းပြင်းထန်ထန် ကျသွားတော့သည်။
ယခုတစ်ကြိမ် ငွေသေတ္တာကို ဖွင့်သည့်အခါတွင် ချန်လွေ့သည် အသက်စွမ်းအား အလျင်အမြန် ဝါးမျိုခံရသည်ကိုသာ ခံစားရသည်။ပထမအကြိမ်ကဲ့သို့ လျို့ဝှက်ဆန်းကြယ်သော နားလည်မှုများ ရှိမလာပေ။မူလက ချန်လွေ့သည် ငွေသေတ္တာအား အသုံးပြုပြီး ဘရော့ခ်အား အသက်ရင်းတိုက်ခိုက်ချင်ခဲ့သည်။သူသည် ပါ့ဂ်လီအိုနှင့် အသက်ဆက်နွှယ်နေခြင်းကြောင့် သက်တမ်း အနှစ်တစ်ထောင်သည် ထိုကြောက်မက်ဖွယ်ရာ အကောင်းဆုံး ရန်သူကို အဆုံးသတ်နိုင်လောက်ပေသည်။
သို့သော်လည်း သေတ္တာကို ဒုတိယတစ်ကြိမ် ဖွင့်ကြည့်လိုက်သည့်အခါ ရင်ဘတ်ထဲ၌ ဒေါသတစ်မျိုးကို ခံစားရပြီး အသိစိတ် ပြိုလဲတော့မည့် အရိပ်အယောင်များ ပြသလာသည်။ငွေသေတ္တာကို ရိုးရိုးရှင်းရှင်း ဖွင့်၍မရနိုင်ပုံရသည်။ထိုသို့တွေးမိပြီး ချန်လွေ့သည် သေတ္တာကို အမြန်ပိတ်လိုက်သည်။အနီးအနားရှိ နတ်မိစ္ဆာပိုင်နက်လည်း အကြီးအကျယ် အားနည်းသွားသည်။ရင်ဘတ်ထဲမှ မသက်မသာခံစားချက်ကို ဖိနှိပ်ပြီးနောက် ချန်လွေ့သည် လှည့်ထွက်ကာ ပြေးသွားတော့သည်။
နောက်ဆုံး၌ ဘရော့ခ်သည် ထိုကြောက်စရာခံစားချက်မှ နိုးထသွားခဲ့ပြီး သူ၏စွမ်းအားသည် အတော်လေးနိမ့်သောအဆင့်အထိ ဖိနှိပ်ခံလိုက်ရကြောင်း ခံစားမိသွားသည်။သူ၏ လှုပ်ရှားနှုန်းပင် ကြီးကြီးမားမား လျော့ကျသွားသည်။ သူထိတ်လန့်သွားသော်လည်း ချက်ချင်းပင် မတ်တပ်ရပ်ပြီး လိုက်ဖမ်းတော့သည်။
ဘရော့ခ်၏စွမ်းအားသည် အတော်လေး နိမ့်ကျနေသော်လည်း ယခုလက်ရှိချန်လွေ့ ကိုင်တွယ်နိုင်သည့်အရာ မဟုတ်ပေ။အလှမ်းဝေးတိုက်ခိုက်မှုသည် ချန်လွေ့၏ ကျောဘက်ကို ထိသွားပြီး ထူးဆန်းသော အသံတစ်သံ ထွက်လာသည်။၎င်းသည် ကျောပိုးအိတ်ထဲရှိ ငွေသေတ္တာကို ထိသွားခဲ့ခြင်း ဖြစ်သည်။ထိုငွေသေတ္တာသည် အလွန်ပင် အံ့ဩဖွယ်ကောင်းလှသည်။နတ်ဆိုးဧကရာဇ်၏ စွမ်းအားသည် ၎င်းကို မဖောက်ထွင်းနိုင်ပေ။ ကျောပိုးအိတ်ပင် မထိခိုက်သွားပေ။သို့သော်လည်း အခြားနေရာများရှိ နောက်ကျန်လှိုင်းများကြောင့် ချန်လွေ့ သွေးအန်သွားသည်။ ပြန်မကောင်းသေးသော သူ၏ရက်ဘတ်ရှိ ဒဏ်ရာမှလည်း မခံမရပ်နိုင်အောင် နာကျင်လာသည်။
ချန်လွေ့ ခပ်မြန်မြန် တုံ့ပြန်သည်။သူ အံကြိတ်ပြီး ထိုအားနှင့်အတူ ရှေ့သို့ ခုန်လွှားလိုက်သည်။မြေပေါ်သို့ ပြတ်ကျပြီးသည့်အခါ သူသည် ထောင့်ချိုးကွေ့လိုက်သည်။ ရှေ့တွင် [ လျှပ်စီး ] ထွင်းစာ ရှိနေသည်။ချန်လွေ့သည် ခန္ဓာကိုယ် အနေအထားကို ထူးထူးဆန်းဆန်းလုပ်ရင်း သေသေချာချာ ဖြတ်သွားလိုက်သည်။ရှေ့ဘက် မနီးမဝေးတွင် ဒေလီယာနှင့်ရိုမန်တို့ စောင့်နေသော ဒုတိယ ထွင်းစားရှိနေသည်။
ရှေ့တွင် ထောင်ခြောက်တစ်ခုရှိကြောင့် ဘရော့ခ်သိသော်လည်း ဂရုမစိုက်နိုင်တော့ပေ။သူသည် ဝတ်ရုံနောက်မှ ဒိုင်းကာကြီးကိုထုတ်ပြီး ရှေ့သို့ အမြန်သွားလိုက်သည်။တိုက်မိသည့်အခါ ထွင်းစာမှ ပြင်းထန်သော မိုးကြိုးတစ်ခု ထွက်ပေါ်လာသည်။လျှပ်စီးသံများသည် ဆယ်မီတာပတ်လည်၌ ပဲ့တင်ထပ်သွားတော့သည်။သို့သော်လည်း ထိုမိုးကြိုးသွားများကို အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ဒိုင်းကာကြီးက တားဆီးပေးလိုက်သည်။
ဒေလီယာ၏ ညာမျက်လုံး အရောင်တောက်သွားရာ ဘရော့ခ်သည် လက်ထဲရှိ ဒိုင်းကာကြီး တုန်ခါလာပြီး လက်မှလွတ်တော့မည်ဖြစ်ကြောင်း ခံစားလိုက်ရသည်။“ ခွေးမ ” ဟု သူအော်ဟစ်လိုက်ပြီး သူ၏မျက်လုံးနှစ်လုံး အနက်ရောင်ပြောင်းသွားကာ ဒိုင်းကာကြီး၏ လှုပ်ရှားမှုကို အတင်းဖိနှိပ်လိုက်သည်။
၎င်းကို အခွင့်အရေးယူပြီး ချန်လွေ့သည် ခြေထောက်အောက်ရှိ အနက်ရောင် ပိုင်နက်ကို အတတ်နိုင်ဆုံးခုခံကာ ဒေလီယာရှိရာနေရာသို့ အမြန်ပြေးသွားတော့သည်။[ လျှပ်စီး ] ထွင်းစာကို ဘရော့ခ် ကျော်ဖြတ်ပြီးသည့်အခါ ခြေထောက်အောက်၌ ဧရာမနွယ်ပင် အမြောက်အမြား ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ကို ရစ်ပတ်ထားလိုက်သည်။
ဘရော့ခ်၏လက်ထဲ၌ အနီရောင် ဓားရှည်တစ်လက် ပေါ်ထွက်လာသည်။ အရောင်များလက်သွားပြီးနောက် နွယ်ပင်များ အပိုင်းပိုင်း ဖြစ်သွားတော့သည်။ထိုကဲ့သို့ ကြန့်ကြာနေရင်း ချန်လွေ့သည် ရိုမန်နှင့် ဒေလီယာတို့ဆီ ရောက်လုနီးပါး ဖြစ်နေခဲ့သည်။ဘရော့ခ် ဒေါသထွက်သွားပြီး ဓားကို ဝှေ့ရမ်းလိုက်ရာ ထက်မြက်လှသော အားတစ်ခုက လေထုကို ဖောက်ထွက်သွား၏။ဒေလီယာသည် ထင်ယောင်မှားဒိုင်းကာကိုမြှောက်ပြီး ခုခံလိုက်သည်။မီးပွင့်များ နေရာအနှံ့ ပျံ့နှံ့သွားပြီး သေစေနိုင်လောက်သည့် ထိုတိုက်ကွက်ကို ဒေလီယာ ခုခံနိုင်ခဲ့လေသည်။
ဘရော့ခ်၏စွမ်းအား တော်တော်များများ အားနည်းသွားသော်လည်း ဒေလီယာသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့်အတွက် ကြီးမားသောလှိုင်းကို ခံစားခဲ့ရသည်။ သူ၏ဇာမျက်နှာလွှား၌ နောက်ထပ် အနီရောင်တစ်ကွက် ဖြစ်ပေါ်လာသည်။ဘရော့ခ် ကိုယ်တိုင်ပင် ထင်ယောင်မှားဒိုင်းကာ၏ ထူးခြားတဲ့ တန်ပြန်တိုက်ခိုက်မှုကို အံ့အားသင့်သွားခဲ့သည်။
ထိုအချိန်၌ ချန်လွေ့သည် ဒေလီယာနှင့် ရိုမန်တို့၏ လက်မောင်းများကို ကိုင်ထားရင်း နောက်ဘက်မှ ထွင်းစာဆီသို့ ခုန်ဝင်သွားပြီဖြစ်သည်။သူတို့၏ ခန္ဓာကိုယ်များ ရုတ်တရက် တွန့်လိမ်သွား၏။တစ်ခုခုလွဲနေကြာင်း ဘရော့ခ် သိလိုက်ပြီး [ နတ်မိစ္ဆာမျက်လုံး ] ဖြင့် စူးစမ်းရှာဖွေကာ ပတ်ဝန်းကျင်ကို အနက်ရောင်ပိုင်နက်ဖြင့် ဖုံးလွှမ်းလိုက်လေသည်။
သူ၏ နတ်မိစ္ဆာပိုင်နက်သည် “အမှောင်ဆန္ဒ” ကဲ့သို့ တယ်လီပို့ပစ္စည်းများကို အမှန်ပင် တားဆီးနိုင်သည်။သို့သော်လည်း ၎င်းသည် အစွမ်းထက်သော နတ်ဆိုးဧကရာဇ်အဆင့် နဂါးတစ်ကောင် ထွင်းထားသည့် ထွင်းစာစွမ်းအားကို မတားဆီးနိုင်ပေ။အထူးသဖြင့် သူ၏စွမ်းအားသည် အနိမ့်ဆုံးအထိ ဖိနှိပ်ခံထားရလေသည်။ထိုထွင်းစာမှာ [ ကျပမ်း တယ်လီပို့ခုန်ခြင်း ] ဖြစ်သည်။
လေဟာနယ်ပျက်ယွင်းမှု ပိုပြင်းထန်လာကြောင်း ဘရော့ခ် ခံစားရလိုက်သည်။၎င်းကို နတ်မိစ္ဆာပိုင်နက်ဖြင့် မထိန်းထားနိုင်တော့ပေ။သူစိုးရိမ်သွားပြီး ဓားကိုဝှေ့ရမ်းလိုက်ရာ လွှဲချော်သွားပြန်သည်။ထိုသုံးယောက်၏ပုံရိပ် ပျောက်ကွယ်သွားလေပြီ။
ဘရော့ခ်သည် အခွင့်အရေးကို အသုံးချပြီး ထွင်းစာဆီသို့ အမြန်သွားသည်။ခဏကြာ တယ်လီပို့ခုန်ပြီးနောက် သူသည် မီးလောင်ကျွမ်းနေသော သစ်တောအတစ်ခုဆီ ရောက်ရှိသွား၏။သူသည် အမှန်တကယ်ပင် တောနှင့် အဝေးသို့ ရောက်သွားခဲ့သည်။သူ၏ပတ်လည်၌ မည်သူမှ မရှိပေ။
ချန်လွေ့တို့အဖွဲ့နှင့် ဘရော့ခ်တို့သည် တစ်နေရာစီသို့ ကျပမ်းပို့ဆောင်ခံလိုက်ရခြင်း ဖြစ်သည်။ထို့ကြောင့် တယ်လီပို့ခံရသော နေရာသည် တူညီခြင်း မရှိပေ။နဂါးထွင်းစာ၏ [ တယ်လီပို့ခုန်ခြင်း ] စွမ်းရည်သည် အတော်လေး အစွမ်းထက်လှသည်။ ချန်လွေ့တို့အဖွဲ့သည် ယခုအချိန်၌ အခြားသော အဝေးတစ်နေရာသို့ ရောက်ရှိနေရပေလိမ့်မည်။
ဘရော့ခ် ကျရှုံးသွားခဲ့သည်။သူသည် လက်ထဲ ရောက်လုနီးပါးဖြစ်နေသော ထင်ယောင်မှားဒိုင်းကာ ပျောက်ဆုံးသွားပြန်သည်ကို ကြည့်နေလိုက်ရသည်။ သူ၏ရင်ဘတ်ထဲရှိ ဒေါသကို ဖော်ပြ၍ပင် မရတော့ချေ။သူသည် ဓားကို ကြမ်းကြမ်းတမ်းတမ်း ဝှေ့ရမ်းလိုက်၏။မြေပြင်တုန်ခါသွားပြီး သစ်တုံးများ လွင့်ထွက်သွားသည်။သစ်တောတစ်ခုလုံး၌ မခံမရပ်နိုင်သော ဒေါသဟိန်းသံတစ်ခု ပဲ့တင်ထပ်နေတော့သည်။
[ ကြမ္မာဆိုး ] ၂၄နာရီပြည့်သွား၍ ဖြစ်ပေမည်။ထို့ကြောင့် ချန်လွေ့နှင့် အခြားသူများ၏ ကံသည် ဘရော့ခ်အနီး၌ ပေါ်ထွက်လာသည်အထိ မဆိုးရွားတော့ပေ။သူတို့သည် အတော်လေး ဝေးကွာသောအခြားတစ်နေရာသို့ ရောက်ရှိသွားကြသည်။
ဘရော့ခ်၏ [ နတ်မိစ္ဆာမျက်လုံး ] ၌ အမှတ်အသား စွမ်းရည်ရှိသည်။သို့သော် ဒေလီယာ၌လည်း [ နတ်မိစ္ဆာမျက်လုံး ] ရှိသည်။၎င်းသည် အစွမ်းမထက်လှသော်လည်း ထိုအမှတ်အသားကို ဖြေရှင်းရန်အတွက် ပြဿနာ မဟုတ်ပေ။
သုံးယောက်သားသည် ဒိုဒိုကိုခေါ်ပြီး လမ်းတစ်လျှောက် သတိနှင့်သွားသည်။ မှော်မြေပုံပေါ်ရှိ တားဆီးမှုအဆင့်အရ သူတို့သည် ရတနာသိုက်နယ်မြေမှ တဖြည်းဖြည်းချင်း ဝေးကွာလာနေသည်။မှော်မြေပုံကို ပြန်အသုံးပြု၍ရသည့်အခါ ချန်လွေ့သည် သဘောတူထားသောနေရာ၌ ဝိုင်ဗန်နှစ်ကောင် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။ထိုဝိုင်ဗန်နှစ်ကောင်မှာ နတ်ဆိုးဘုရင်အဆင့်များ ဖြစ်ကြပြီး ရှီလန်တောင်၌ ဝိုင်ဗန်ဘုရင်နှင့် ဆွေးနွေးပြီးမှ ချန်ရစ်ထားခဲ့ခြင်း ဖြစ်သည်။
ချန်လွေ့က ဒေလီယာနှင့် ရိုမန်တို့ကို မေးသည်။
“ မင်းတို့ ဘာတွေစီစဉ်ထားလဲ။ ”
ယခု အန္တရာယ်ကင်းသောနေရာသို့ ရောက်သွားသည့်အခါ ဒေလီယာ စိတ်ဓာတ်ကျနေပြီး တိတ်ဆိတ်နေ၏။
ဒေလီယာသည် ကံမကောင်းမှုများစွာကို ကြုံတွေ့ခဲ့ရကြောင်း ချန်လွေ့နားလည်သည်။ သူသည် ဒေလီယာ၏ ခံစားချက်ကို အပြည့်အဝ သဘောပေါက်သည့်အတွက်ကြောင့် ပြောလိုက်သည်။
“ အရိပ်နက်အင်ပါယာဆီကို ပြန်လို့မရတာတော့ သေချာတယ်။ငါ့နဲ့ အမှောင်လကို လိုက်ခဲ့လေ။အသီနာလည်း အဲဒီမှာ ရှိနေတယ်။ ”
ဒေလီယာ အသာလေး ခေါင်းညိတ်လိုက်ပြီး တိတ်ဆိတ်နေဆဲ ဖြစ်သည်။
“ သွားရအောင်။ ”
ဒေလီယာ၏လက်ကိုကိုင်ရင်း ရိုမန် ပြောသည်။
“ အတူတူ သွားရအောင်။ ”
ဒေလီယာ ရုန်းကန်ချင်သော်လည်း သူ၏လက်ကို ရိုမန်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။သူ၏ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်။သို့သော်လည်း သူသည် ခေါင်းကိုသာ ခါနေ၏။
ချန်လွေ့သည် ၎င်းကို မြင်ပြီး ပြုံးသည်။
“ အသီနာနဲ့ငါ့အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်မှာကို စိုးရိမ်နေတာ သိပါတယ်။စိတ်ချပါ။ ဘရော့ခ် မင်းကို ရှာတွေ့မှာ မဟုတ်ဘူး။သူ တွေ့ရင်တောင် ငါကိုင်တွယ်နိုင်တယ်။ ငါပြောတာ ယုံပါ။ ငါက ခေါင်းဆောင်ဆိုတာ မင်းသိပါတယ်။ ”
[ အလင်းအမှောင် သော့ခလောက် ] ကို ပယ်ဖျက်ပြီးသည်နှင့် ပါ့ဂ်လီအို လွတ်လပ်မှု ရရှိမည်ဖြစ်ပြီး နတ်ဆိုးဧကရာဇ်စွမ်းအားကိုပါ ပြန်လည် ရရှိနိုင်မည် ဖြစ်သည်။၎င်းသည် ချန်လွေ့အတွက် အကြီးမားဆုံး အထောက်အပံ့ပင် ဖြစ်လေသည်။
“ ခေါင်းဆောင်ပြောတာ မှန်တယ်။ ”
ရိုမန်က ဒေလီယာ၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
“ အတိတ်က နာကျင်မှုတွေ ဝမ်းနည်းမှုတွေကို လေနဲ့အတူ လွင့်စင်သွားပါစေတော့။ ဒီနေရာကနေ ငါတို့ အသစ်ပြန်စမယ်။ဒီတစ်ခေါက် သေမယ်ဆိုရင်တောင် ငါမင်းကို ချန်သွားမှာ မဟုတ်ဘူး။ ”
“ ငါတို့လူသားလောကမှာ ဆောင်းရာသီ နှင်းကျတယ်။အဲဒီအချိန် အရမ်းအေးတယ်။ ဒါပေမဲ့ နှင်းတွေ အရည်ပျော်သွားရင်တော့ နွေးထွေးတဲ့နွေဦးကို ရောက်လာတယ်။မင်း ရှေ့ဆက်သွားမယ်ဆိုရင် နွေဦးက ရှေ့တည့်တည့်မှာပဲ။သွားရအောင်။ငါတို့သုံးယောက် အမှောင်လဆီ အတူတူပြန်ကြမယ်။ ”
ဒိုဒိုသည် အသည်းအသန်ပင် သူရှိသေးကြောင်း လက်ထောင်ပြသည်ကို ချန်လွေ့ တွေ့လိုက်သည်။ထို့နောက် ချန်လွေ့လည်း ပြုံးရင်း ပြောသည်။
“ ငါတို့ လေးယောက်ပေါ့။ ”
ဒေလီယာ၏မျက်လုံးများ ချက်ချင်း နီရဲသွားပြီး ဇာမျက်နှာလွှား၌ မျက်ရည်များ စိုရွှဲသွား၏။သူ ထပ်ပြီး ခေါင်းမမာတော့ဘဲ ခေါင်းညိတ်လိုက်သည်။
ဒဏ်ရာမည်မျှပင် နက်ရှိုင်းစေကာမူ ချစ်သူနှင့်မိတ်ဆွေတို့၏ အတွဲအဖက်နှင့်အတူ ဖြည်းဖြည်းချင်း ကုသနိုင်ပေသည်။