← Chapters

မိစ္ဆာဗိုဒို နှင့် လူစုခြင်း

Vol. 15 Ch. 212

မိစ္ဆာဗိုဒို နှင့် လူစုခြင်း

Vol. 15 Ch. 212

ချန်လွေ့သည် ဝိုင်ပုလင်းကိုဖမ်းပြီး စဉ်းစားနေလိုက်သည်။

“ ....ငါ့မိန်းမကို ဖြားယောင်းချင်တဲ့သူတစ်ယောက် ရှိတယ်လို့ ခုနကကြားလိုက်သလိုပဲ။ ”

“ မင်း နားကြားလွဲတာဖြစ်မယ်။ ”

ရိုမန်က အပြစ်မရှိဟန်နှင့် ပြောသည်။

“ အသီနာလိုမျိုး လှပပြီး ကျက်သရေရှိတဲ့ မိန်းကလေးတစ်ယောက်ကို ပိုးပန်းဖို့အတွက် မိုင်းတွင်းအရာရှိကလွဲပြီး ဘယ်သူမှာ အရည်အချင်းရှိမှာမို့လို့လဲ။ ”

“ အဓိကကတော့ အသီနာက မင်းသဘောကျတဲ့ အိမ်ထောင်ရှိ အမျိုးသမီး ဒါမှမဟုတ် မုဆိုးမ မဟုတ်လို့ မဟုတ်လား။ ”

ချန်လွေ့က ပုလင်းဖွင့်ပြီး တစ်ငုံသောက်လိုက်သည်။သူ မျက်မှောင်ကြုတ်ပြီး သိုလှောင်ခန်းမှ ဘယ်ရီဝိုင် တစ်ပုလင်းထုတ်ကာ ရိုမန်ဆီ ပစ်ပေးသည်။

ရိုမန်သည် ၎င်းကိုအနံ့ခံကြည့်ပြီး ပျော်သွားသည်။ထို့နောက် ချန်လွေ့အား ပုလင်းမြှောက်ပြရင်း တစ်ငုံအကြီးကြီး သောက်လိုက်သည်။သူသည် ချန်လွေ့အား စိတ်ဝင်တစားနှင့် စစ်ဆေးကြည့်ကာ ပြောသည်။

“ မိတ်ဆွေ။မင်းရဲ့ စွမ်းအားတိုးတက်နှုန်းက ငါတကယ် အံ့ဩမိတယ်။ အရင်တစ်ခေါက်တုန်းကဆိုရင် မင်းက အမြင့်ဆင့်နတ်ဆိုးပဲ ရှိသေးတယ်။ဒါပေမဲ့ အခုတော့ မင်းက နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်း ဖြစ်နေပြီ။အရင်တစ်ခေါက်တုန်းက အထူးအခြေအနေကြောင့် မင်းအစွမ်းကုန် မသုံးလိုက်ရတာများလား။ဒါပေမဲ့လည်း ငါအလေးစားဆုံးကတော့ အသီနာကို မင်း အရယူနိုင်တာပဲ။မင်းရဲ့ ခုနကစကားသံကို ကြည့်ရတာ သူက မင်းရဲ့မိန်းမ တကယ်ပဲဖြစ်သွားပြီလား။

“ ပြောစရာ မရှိဘူး။ ”

ချန်လွေ့သည် ထွက်မသွားခင်ညက အသီနာ၏ “ အထူးဝန်ဆောင်မှု ” ကို တွေးမိရင်း နှလုံးသား ပူလောင်သွား၏။

“ ငါ့ကို ဖုံးကွယ်ဖို့ မကြိုးစားနဲ့။ငါက ကျွမ်းကျင် ပညာရှင်တစ်ယောက်ပဲ။ငါတို့ ဒီအကြောင်း ပြောနေတုန်းက မင်းရဲ့မျက်လုံးတွေတောင် ပြုံးနေတယ်။ ”

ရိုမန် ပြုံးစိစိ လုပ်လိုက်သည်။

“ ဒါဆို ငါမင်းကို သတ်လိုက်ရင် သူက မုဆိုးမ ဖြစ်သွားပြီ မဟုတ်လား။ ”

“ ဒီအကြံက တော်တော်လေး ကောင်းတယ်။ဒါပေမဲ့ ငါ့မှာ ပိုကောင်းတဲ့အကြံ တစ်ခုရှိတယ်။ ”

ချန်လွေ့က ကျိတ်ရယ်လိုက်သည်။

“ အဲဒါကတော့ ခဏနေရင် ဒေလီယာကို မင်းပြောတာတွေ တစ်ခုမကျန် ပြန်ပြောလိုက်မယ်။ ”

“ ခဏနေရင် ဒီကို ဒေလီယာ ရောက်လာမယ်ဆိုတာ မင်းဘယ်လို သိတာလဲ။ ”

ရိုမန် မျက်မှောင်ကြုတ်လိုက်သည်။

“ ငါ ဒေလီယာနဲ့ တွေ့ပြီးပြီ။ပြီးတော့ ငါက မှော်စက်ဝိုင်းတွေကို လေ့လာထားတယ်။ အဲဒါကြောင့် လာကူညီတာ။သူသာ အတင်းအကြပ် မတောင်းဆိုဘူးဆိုရင် အသီနာလည်း ဒီလိုလာမှာ။ ”

ဒေလီယာ မည်သည့်နေရာ၌ရှိနေကြောင်း ချန်လွေ့ မသိပေ။သို့သော်လည်း ဤနေရာ၌ ရိုမန် တရစ်ဝဲနေသည်ကို ဝိုင်ဗန်များထံမှ သိရပြီးနောက် ဒေလီယာလည်း ဒီလမ်းကြောင်းကို ဖြတ်သွားမည်ဟု ချန်လွေ့ ယူဆလိုက်သည်။

ချန်လွေ့သည် ဒေလီယာနှင့်ဆုံခဲ့ပြီး တမင်လာကူညီကြောင်း ကြားလိုက်ရသည့်အခါ ရိုမန်၏ စိတ်ထဲ၌ ရင်းနှီးမှု ပိုတိုးသွားသော်လည်း စိတ်ဓာတ်ကျသွားသည်။

“ ဆရာချန်လွေ့။ဆရာချန်လွေ့။အဲဒီအကြံ လုံးဝ မကောင်းဘူး။ကျွန်တော် မူးနေရင်းနဲ့ တစ်ခုခု မှားပြောမိတာပါ။ဗွေမယူပါနဲ့။ ”

ချန်လွေ့သည် အဝေးမှ ဒိုဒိုကို ခေါ်ပြီးနောက် အသိုက်‌ဆီပြန်ပြီး ဝိုင်ဗန်ဘုရင်အား ရွှေ့ပြောင်း‌နေထိုင်ခြင်း စတင်ရန် ဝိုင်ဗန်အား ညွှန်ကြားလိုက်သည်။အချိန်နှင့် လမ်းကြောင်းအတွက် အကြံပေးရန် လိုအပ်သည်မှာ အသေအချာပင် ဖြစ်သည်။ သို့မဟုတ်ပါက ဝိုင်ဗန်များ၏ အကြီးအကျယ် လှုပ်ရှားမှုတစ်ခုကို အခြားသူများ သိရှိသွားလျှင် မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်ပေသည်။

ဝိုင်ဗန်သည် ချန်လွေ့ကို ရှူးရှူးရှဲရှဲ အသံပြုပြီး ပျံသန်းသွားသည်။ထိုဝိုင်ဗန်သည် နတ်ဆိုးဘုရင်အဆင့် ဖြစ်သော်လည်း ချန်လွေ့နှင့်အလွန်ရင်းနှီးနေကြောင်း တွေ့လိုက်ရသည့်အခါ ရိုမန် အလွန် အံ့အားသင့်သွားသည်။

အရသာရှိသော အကင်များကို မစားရသည်မှာ ကြာပြီဖြစ်သော ချွဲကျိကောင်သည် အမဲလိုက်တာဝန်ကို ယူလိုက်သည်။ဒိုဒိုသည် နတ်ဆိုးဘုရင်အဆင့်စွမ်းအားဖြင့် သားကောင်များကို အလျင်အမြန် ဖမ်းဆီးခဲ့သည်။ချန်လွေ့နှင့်ရိုမန်တို့သည် သစ်ပင်အောက်၌ အသားကင်ရင်း စကားပြောကာ သောက်နေလိုက်ကြသည်။ဒိုဒိုသည် ပုလင်းထဲ၌ ထူးထူးဆန်းဆန်း အနံ့ရှိသော အရည်ကို အလွန်စိတ်ဝင်စားနေခဲ့သည်။သူ တစ်ပုလင်းတောင်းပြီးနောက် ချက်ချင်းပင် မထိန်းချုပ်နိုင်တော့ပေ။သို့သော် ချွဲကျိကောင်သည် အများကြီး မသောက်နိုင်ဘဲ မြေပေါ်၌ မူးဝေနေ၏။

မြေပြင်ပေါ်၌ ပုလင်းအလွတ်များ ပိုပိုများလာသည်။ကံကောင်းစွာပင် ချန်လွေ့၏ ‌သိုလှောင်ခန်းထဲ၌ အများအပြားရှိနေပြီး လူသုံးလေးယောက်စာအတွက်ပင် လုံလောက်သည်။

“ ကျေးဇူးပါပဲ။ ”

ဒေလီယာနှင့် ချန်လွေ့တို့ ဆုံတွေ့ခဲ့ကြသည့်အကြောင်း ပြောသည်ကို ကြားပြီးသွားသည့်အခါ ရိုမန် ရုတ်တရက် ပြောသည်။၎င်းသည် သာမန်သာ ဖြစ်သော်လည်း ရိုမန် အတည်ပြောနေကြောင်း ချန်လွေ့သိသည်။

ခက်ခဲသောအချိန်များ၌ စိတ်ရင်းအမှန်ကို တွေ့ရနိုင်ပေသည်။အသံတိတ်ညစိမ့်မြေသည် ခရီးသွားနေရာ၊‌ပျော်ပွဲရွှင်ပွဲနေရာ မဟုတ်ပေ။လွန်ခဲ့သော ၃နှစ်က ရိုမန်နှင့် ဒေလီယာတို့သည် ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ပြန်လာခဲ့ရသည်။ဤနေရာသို့ ချန်လွေ့ လာရောက်ကူညီသည့်အတွက် အသီနာနှင့် ပတ်သက်မှု မရှိလျှင်ပင် ချန်လွေ့သည် မိတ်ဆွေဖြစ်ထိုက်သော လူ‌တစ်ယောက် ဖြစ်သည်။မိတ်ဆွေဟူသော စကားလုံးသည် အလှပြသက်သက်သာ မဟုတ်ပေ။

“ မင်း ကျေးဇူးတင်ရမယ့် အလှည့် မဟုတ်ဘူး။ ”

ချန်လွေ့ ပုခုံးတွန့်လိုက်သည်။

“ လူသားတစ်ယောက်ရဲ့လောဘကို အထင်မသေးနဲ့ဦး။အဲဒီမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိနေမှာပဲ။ဒီတော့ ဒေလီယာရဲ့ လျို့ဝှက်ရတနာကလွဲပြီး ကျန်တာအားလုံးက ငါ့ဟာတွေပဲ။ ”

ရိုမန် ရယ်လိုက်ပြီး အလိုက်သင့် ပြောသည်။

“ တကယ် လောဘကြီးတဲ့ကောင်ပဲ။ ”

“ ဒါနဲ့.... ”

ချန်လွေ့က ခရမ်းမီးတောက်နှလုံးသား လက်စွပ်ကို ထုတ်လိုက်သည်။

“ ဒီ အချစ်ရူးလက်စွပ်က ရှေးဟောင်းရတနာ တစ်ခုနဲ့ ဆက်နွှယ်နေတဲ့ပုံပဲ။ပြီးတော့ ဒါကို နာလီနီက မင်းဆီ ပေးထားတာ။ဒီတော့ ငါမယူနိုင်ဘူး။ ”

ရိုမန်သည် ချန်လွေ့ထံမှ နာလီနီ၏ အဖြစ်အပျက်ကို ကြားလိုက်ရာ မျက်လုံးထဲ၌ ဝမ်းနည်းမှု အရိပ်အယောင် ဖျပ်ခနဲ ဖြစ်သွားသည်။သူ ခေါင်းခါပြီးနောက် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင် ရယ်မောလိုက်သည်။

“ ငါက သူ့ခံစားချက်တွေကို မခံနိုင်တဲ့ တာဝန်မယူတဲ့ ပေါ့ပြက်ပြက် ယောက်ျားတစ်ယောက်ပါပဲ။သူ့ကို လက်စားချေဖို့ မင်း ကူညီပေးခဲ့တာပဲ။ဒီတော့ မင်းဒါကို ယူထားလိုက်ပါ။ ”

ချန်လွေ့ ဟန်ဆောင်မနေတော့ဘဲ ခရမ်းမီးတောက်နှလုံးသား လက်စွပ်ကို သိမ်းထားလိုက်သည်။

လူတိုင်းတွင် ဇာတ်လမ်းကိုယ်စီ ရှိကြသည်။ချန်လွေ့သည် ရိုမန်အား မေးခွန်းထပ် မမေးတော့ပေ။ယောက်ျားများတွင် နှစ်သိမ့်သောနည်းလမ်း တစ်ခုရှိသည်။ချန်လွေ့သည် ဝိုင်ပုလင်းကို ရိုမန်၏ပုလင်းနှင့်တိုက်ပြီး ပြောင်သလင်းအောင် သောက်ပစ်လိုက်သည်။ ပုံမှန်အားဖြင့် ချန်လွေ့သည် အများကြီး သောက်လေ့ မရှိသော်လည်း မသောက်နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

“ သိပ်ကောင်းတယ်။ ”

ရိုမန်သည် ချန်လွေ့အား အနည်းငယ် လေးစားစွာ ကြည့်လိုက်သည်။

“ ဒါနဲ့ မင်းကိုငါ ခုနကတွေ့တော့ နည်းနည်း ထူးဆန်းသွားတယ်။မင်းရဲ့ခန္ဓာကိုယ်ထဲက မိစ္ဆာဗိုဒိုက ဘယ်လိုဖြစ်တာလဲ။ ”

“ ဗိုဒို ဟုတ်လား။ ”

ချန်လွေ့ ကြက်သေသေသွားပြီး အစ်ဇဘယ်လာထံမှ “ မျိုးစေ့များ ” ကို တွေးမိလိုက်သည်။

“ အဲဒါက အစ်ဇဘယ်လာလို့ခေါ်တဲ့ မိန်းမတစ်ယောက်ဆီကပဲ။သူက မင်းနဲ့ မိသားစု တူလောက်တယ်။သူကလည်း မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းပဲ။ ”

“ အစ်ဇဘယ်လာ ဟုတ်လား။မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း မိန်းမတစ်ယောက်လား။သူက ဘယ်ဖီဂေါ မိသားစုကဆိုတာ သေချာလား။ ”

ရိုမန် သံသယဖြစ်နေသည်။

“ မိစ္ဆာဗိုဒိုက [ မိစ္ဆာမျက်လုံးရဲ့ ] အထူးနည်းစနစ် တစ်ခုပဲ။အဲဒါက ပစ်မှတ်ရဲ့ခန္ဓာကိုယ် ထဲကို အထူးမျိုးစေ့တစ်ခု ထည့်သွင်းနိုင်တယ်။မိစ္ဆာဗိုဒိုက ပြိုင်ဘက်ဖြစ်သူရဲ့ ဝိညာဉ်ရဲ့စွမ်းအားကို စုပ်ယူပြီးတော့ ကြီးထွားလာနိုင်တယ်။ဝိညာဉ် တဖြည်းဖြည်း ဝါးမျိုခံပြီး နောက်ဆုံးတော့ သေသွားကြရတယ်။သေတဲ့လက္ခဏာကလည်း နှလုံးရပ်သွားတာနဲ့ဆင်တူတယ်။အပြင်ပန်းကြည့်ရင်တော့ သံသယဖြစ်စရာ မရှိဘူး။ [မိစ္ဆာမျက်လုံး] ပိုင်ဆိုင်ထားတဲ့ ဘယ်ဖီဂေါ မိသားစုတွေက လွဲရင်ပေါ့။ ”

“ လိုအပ်ရင် ငါမင်းကို အခုပဲ ပယ်ဖျက်နိုင်ပါတယ်။မင်းရဲ့စွမ်းအားနဲ့ဆိုရင် မင်းဘာသာမင်း လုပ်နိုင်လောက်ပါတယ်။ ”

လက်စသတ်တော့ အစ်ဇဘယ်လာက ဒီလိုရက်စက်ပြီး တိတ်ဆိတ်တဲ့ လူသတ်နည်းကို သုံးခဲ့တာကိုး။ ချန်လွေ့ ခဏစဉ်းစားပြီး ပြုံးလိုက်သည်။

“ ဒီမိစ္ဆာဗိုဒိုက မဆိုးဘူး။အခု‌လောလောဆယ်တော့ ငါသိမ်းထားလိုက်မယ်။ ”

“ မိစ္ဆာဗိုဒိုကို အထင်မသေးနဲ့။ဒီအတိုင်း ဆက်သွားမယ်ဆိုရင် မင်းက နတ်ဆိုးဘုရင်အဆင့် ဖြစ်ရင်တောင် မင်းရဲ့ဝိညာဉ် ဖြည်းဖြည်းချင်း အားနည်းသွားမှာပဲ။ ”

ရိုမန်သည် ဝိုင်တစ်ငုံ သောက်လိုက်သည်။

“ အဲဒီစွမ်းအားကို တန်ပြန်နိုင်တဲ့ လျို့ဝှက်နည်းစနစ်တချို့ မင်းမှာမရှိရင်ပေါ့။ ”

ချန်လွေ့ အသာလေး ပြုံးလိုက်သည်။သူ့တွင် မိစ္ဆာဗိုဒိုအား ပယ်ဖျက်ရန် လျို့ဝှက်နည်းစနစ် မရှိပေ။သို့သော်လည်း နတ်ဆိုးအရှင်သခင်အဆင့် ဝိညာဉ်သည် ချေဖျက်ရန် ကြီးမားလွန်းသည်။သူ၏အသိစိတ်ပင် ပျောက်ကွယ်သွားနိုင်သည်။ထို့ကြောင့် အစ်ဇဘယ်လာ၏ အကြံအစည်သည် ကိုယ့်တပ်ကိုယ်ပြန်ရင်းသော လုပ်ရပ်ဖြစ်ပြီး ချန်လွေ့ကိုပင် အကျိုးရှိသွားစေသည်။

ချန်လွေ့ ဂရုမစိုက်ကြောင်း ရိုမန် မြင်လိုက်သည့်အခါ ဆက်မပြောတော့ပေ။ မည်သို့ပင်ဖြစ်ပါစေ သူ့တွင် [ မိစ္ဆာမျက်လုံး ] ရှိသည်။အမှန်တကယ် လိုအပ်လျှင် သူအချိန်မရွေး ကူညီနိုင်သည်။အနည်းငယ်သာ အားထုတ်ရန် လိုအပ်၏။

သူတို့နှစ်ယောက်သည် သောက်ရင်း စကားပြောရင်းနှင့် အချင်းချင်း လက်ခံသွားကြသည်။ ရိုမန်သည် ဘယ်ဖီဂေါ မိသားစုဝင်ဖြစ်သော အစ်ဇဘယ်လာကို အလွန်စိတ်ဝင်စားသွားပြီး မေးခွန်းအများအပြား မေးသည်။ချန်လွေ့သည် အထင်အမြင်သေးစွာဖြင့် ထိုသူ၏ ခေါင်းစီးများဖြစ်သော “ အမူးသမား ” နှင့် “ လောင်းကစားရူး ” ရှေ့တွင် “ မုဆိုးမ နှစ်သက်သူ ”ကို ထားလိုက်သည်။

စကားပြောနေရင်း ရိုမန် ရုတ်တရက် ရပ်ပြီး ရှေ့ကို ငေးငိုင်ကာ စိုက်ကြည့်လိုက်သည်။ ချန်လွေ့လည်း ကြည့်လိုက်ရာ ရေကန်အဝေး၌ ပေါ်ထွက်လာသော အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရသည်။

အကွာအဝေးနှင့် ရေကန်မှမြူများကြောင့် ချန်လွေ့သည် ဝတ်ရုံနှင့် အမျိုးသမီး တစ်ယောက်ကိုသာ မြင်ရပြီး မျက်နှာကို သေသေချာချာ မတွေ့ပေ။၎င်းသည် ဒေလီယာ ဟုတ်မဟုတ် ချန်လွေ့ မသေချာသေးပေ။သို့သော်လည်း ရိုမန်သည် မတ်တပ်ရပ်ပြီး ထိုပုံရိပ် တင်းတင်းကြပ်ကြပ် စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

“ ဒေလီယာ ”

ထိုအမျိုးသမီးသည် ဒေလီယာဖြစ်ကြောင်း ချန်လွေ့ အတည်ပြုလိုက်နိုင်သည်။ အကြောင်းရင်းမှာ သူ့ကို ရိုမန်ထက်ပို၍ နက်ရှိုင်းသော အထင်အမြင် မရှိသောကြောင့်ပင် ဖြစ်သည်။

“ ငါတို့ သဘောတူထားတာကို မမေ့နဲ့။မင်းငါ့ကို ဖော်ရဲရင် မင်း အသီနာနဲ့ရှုပ်ဖို့ ကြံထားတာတွေ အပါအဝင် မင်းရဲ့မကောင်းတာတွေအကုန် ဒေလီယာကို ငါပြောပြလိုက်မယ်။ ”

ချန်လွေ့ မတ်တပ်ရပ်ပြီး မျက်နှာကို “ရစ်ချတ်” အဖြစ် ပြောင်းလိုက်သည်။ အပြင်ရောက်သည့်အခါ မမှတ်မိစေရန်နှင့် မလိုအပ်သောပြဿနာများကိ ရှောင်ရှားရန်အတွက် ထိုမျက်နှာကို အမြဲအသုံးပြုရန် ချန်လွေ့ ဆုံးဖြတ်ခဲ့သည်။

“ ဒေလီယာ ”

ချန်လွေ့ အော်ခေါ်ပြီး ထိုအမျိုးသမီးကို လက်ဝှေ့ရမ်းပြလိုက်သည်။ထိုအမျိုးသမီးသည် ဤကဲ့သို့နေရာနှင့် ဤကဲ့သို့ အကွာအဝေး၌ နာမည်အခေါ်ခံရမည်ဟု မထင်မှတ်ထားခဲ့ပေ။ ခဏရပ်တန့်ပြီးနောက် ဒေလီယာသည် ချန်လွေ့တို့ထံ အမြန်လမ်းလျှောက်လာသည်။

ဒေလီယာ၏ပုံရိပ် နီးကပ်လာသည်။၎င်းသည် ချန်လွေ့ ယခင်တစ်ယောက် တွေ့ခဲ့သော မျက်နှာဖုံးနှင့် ဝတ်စုံပင်ဖြစ်သည်။အပြာရင့်ရောင် မျက်လုံးများသာ ပေါ်လွင်နေသည်။ သူ၏သွယ်လျ‌သော ခန္ဓာကိုယ်ကို ဝတ်ရုံဖြင့် လွှမ်းခြုံထား၏။

ဒေလီယာသည် ချန်လွေ့နောက်ရှိ ရိုမန်ကို ဖျပ်ခနဲ ကြည့်ပြီး မျက်နှာသေ ဖြစ်သွားသည်။ထို့နောက် သူ၏မျက်လုံးများသည် ပြုံးဖြီးဖြီးလုပ်နေသော ချန်လွေ့ထံသို့ ရောက်ရှိသွားသည်။

“ ရှင်က ရစ်ချတ်ပဲ။ရှင်ဘာလို့ ဒီကိုရောက်နေတာလဲ။ ”

ဒေလီယာ အံ့အားသင့်သွားသည်။

ချန်လွေ့ ရယ်သည်။

“ သိပ်လှတဲ့ မဒမ် ဘလက်ဝစ်ဒိုး။ငါတို့ ပြန်ဆုံကြပြန်ပြီနော်။ ငါပြောခဲ့တယ်လေ။ နောက်၃လနေရင် ငါမင်းနဲ့အတူ ရတနာသွားရှာပြီးတော့ ဝေစုခွဲမယ်လို့။ ”

“ ရှင့်ကို သတိမပေးဘူးဆိုပြီး ကျွန်မကို အပြစ်မတင်နဲ့။လွန်ခဲ့တဲ့၃နှစ်တုန်းက ရတနာရဲ့အစွန်းကိုတောင် မထိရဘဲ သေတော့မလို ဖြစ်သွားခဲ့တယ်။တကယ်လို့ ရှင်က ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တယ်ဆိုရင်တော့ သဘောပါပဲ။ ”

ဒေလီယာ ညည်းလိုက်သည်။

“ ရှင်သေသွားရင် အသီနာက ပိုကောင်းတဲ့သူတစ်ယောက် ရှာလိုက်ရုံပဲ။ ”

“ ဒီကျိန်စာက တော်တော်ဆိုးတယ်။ ”

ချန်လွေ့ ခေါင်းခါသည်။

“ ငါရှင်းအောင် ပြောထားမယ်။ငါက လောဘကြီးတယ်။ငါ့ကို ဘယ်လောက်ပေးဖို့ စီစဉ်ထားလဲ။ ”

ဒေလီယာက သရော်ပြုံးပြုံးလိုက်သည်။

“ အဲဒီမှာ တခြား ဘာရတနာတွေ ရှိလဲဆိုတာကို မသိပေမဲ့ ကျွန်မက လျို့ဝှက်ရတနာကိုပဲ လိုချင်တယ်။ကျန်တာတွေကိုတော့ ရှင်မသေဘူးဆိုရင် အကုန်ယူသွားလည်း ကိစ္စမရှိဘူး။ ”

“ သဘောတူတယ်။ ”

ချန်လွေ့ ပုခုံးတွန့်လိုက်သည်။ထို့နောက် ဘေးနားမှ အသံတိတ်နေသော ရိုမန်ကိုကြည့်ပြီး ပြောသည်။

“ ဟေး။ခုနက မင်းကိုငါ လေလုံးထွားတဲ့နေရာမှာ တော်တယ်ထင်နေတာ။အခုဘာလို့ တိတ်ဆိတ်သွားရတာလဲ။ ”

ရိုမန်က ခါးသက်သက်နှင့် ပြုံးလိုက်သည်။သူ မပြောနိုင်ခင်မှာပင် ဒေလီယာက အေးစက်စက်နှင့် ပြောသည်။

“ သူက ဘယ်သူလဲ။ရှင်ဘာလို့ ဒီနေရာကို မသက်ဆိုင်တဲ့ စိတ်ရှုပ်စရာလူကို ခေါ်လာတာလဲ။ ”

ရိုမန် ရုတ်တရက် ကြောင်သွားပြီး ဆက်မပြောတော့ဘဲ ဝိုင်ပုလင်းကိုသာ အသည်းအသန် မော့သောက်နေလိုက်သည်။

ချန်လွေ့သည် တိတ်တဆိတ် ခေါင်းခါလိုက်သည်။ထို့နောက် တစ်ခုခုတွေးမိပြီး ပြောသည်။

“ သူက စိတ်ရှုပ်စရာ ကောင်းရုံတင်မကဘူး။အရှက်လည်းမရှိဘူး။တကယ်တော့ ငါသူ့ကို သိပ်ပြီး မသိပါဘူး။အသံတိတ်ည စိမ့်မြေရဲ့ အပြင်ဘက်ဧရိယာမှာ သူနဲ့တွေ့ခဲ့တာ။သူက ၃နှစ်၊၇ရက်နဲ့ ၄နာရီကြာ ကွဲကွာခဲ့ရတဲ့ မိန်းမလှလေး တစ်ယောက်နဲ့ တွေ့မယ်လို့ ပြောခဲ့တယ်။ သူက လမ်းသိပ်မကျွမ်းတဲ့အတွက် ငါ့ကို ဒီနေရာ ခေါ်သွားဖို့ တောင်းပန်ခဲ့တယ်။ အစကတော့ သူက ဝန်ထုတ်ဝန်ပိုး ဖြစ်မယ်ထင်လို့ ငြင်းခဲ့တယ်။ ဒါပေမဲ့ သူက မြေပေါ်လှိမ့်ပြီး အော်ငိုနေလိုက်တယ်။ပြီးတော့ ငါ့နောက်လိုက်ဖို့ မျက်နှာပြောင်နဲ့ ပြောတယ်။သူက အလကားကူညီပေးတယ်။ပြီးတော့လည်း လမ်းမှာ ငါ့ကို ဝိုင်ဝယ်တိုက်ဖို့ ပိုက်ဆံရှာပေးတယ်။ငါ အကြာကြီး စဉ်းစားပြီးတော့ စိတ်နှလုံး ကောင်းကောင်းနဲ့ သူတောင်းဆိုတာကို လက်ခံပေးလိုက်တယ်။ငါတို့ ရတနာ သွားရှာတဲ့အါ ထောင်ခြောက်ရှိရင် သူ့ကို အရင်နင်းခိုင်းမယ်။အပေါက်ရှိရင် သူ့ကိုဖြည့်ခိုင်းမယ်။နတ်ဆိုးသားရဲ ရှိရင် သူ့ကိုကျွေးမယ်။ဒါဆို ငါတို့တွေ အလုပ်ရှုပ်နည်းနည်း သက်သာသွားမယ်။ ”

တရစပ်ပြောနေသော ချန်လွေ့ကို စိုက်ကြည့်ရင်း ရိုမန် ကြောင်တောင်တောင် ဖြစ်သွားသည်။“ အရှက်မရှိသော ” ဂုဏ်ပုဒ်သည် ထိုသူအတွက် ပို၍သင့်တော်နေသည်ဟု သူခံစားလိုက်ရသည်။

ဒေလီယာ ခဏတိတ်ဆိတ်သွားပြီး စကားတစ်ခွန်းတည်း ပြောသည်။

“ ဘာပဲဖြစ်ဖြစ်ပါ။ ”

ထိုသို့ဖြင့် ချန်လွေ့သည် ဒေလီယာနောက် လိုက်သွားသည်။သူသည် ကျောပိုးအိတ် တစ်လုံးထုတ်ပြီး မူးနေသော ဒိုဒိုအား ထိုးထည့်ကာ “ဘာပဲဖြစ်ဖြစ်ပါ”ဟု နာမည်ပြောင်ရထားသူတစ်ယောက်နှင့်အတူ စန္ဒာကန်တစ်ဝိုက် လမ်းလျှောက်ပြီး ရှေ့တက်သွားတော့သည်။

All Chapters