အံစာတုံးလှိမ့်ခြင်း။လမ်းတစ်လျှောက် မရဏကစားပွဲ
Vol. 15 Ch. 214
ကာဆဲလက်၏လက်ထဲ၌ အံစာတုံးကဲ့သို့ ပစ္စည်းတစ်ခု ရှိသည်။ ပုံစံအရ ပစ်လှိမ့် လိုက်သည်နှင့် ၁ မှ ၁၇ အထိ နံပါတ်များ ချက်ချင်း ပေါ်ထွက်လာမည် ဖြစ်သည်။ နံပါတ်တစ်ခု ပေါ်လာသည့်အခါ တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့တစ်ဖွဲ့ဖွဲ့က ထောင်ခြောက်ကို ဖျက်ပစ်ရပေမည်။
မျှတမှုရှိစေရန်အတွက် နံပါတ်(၁)သည် အံစာတုံး စတင်လှိမ့်ရမည်။ထို့နောက် နံပါတ်(၂) လှိမ့်ရမည်။စသဖြင့်.....
ထိုမှော်အံစာတုံးသည် နံပါတ်ထပ်နိုင်သည်။ ဥပမာ နံပါတ်(၁) လှိမ့်၍ ၃ ကျသွားလျှင် နံပါတ်(၃)က ရှေ့တက်ပြီး ထောင်ခြောက်တစ်ခုကို ဖျက်ပစ်ရမည်။ထို့နောက် နံပါတ်(၂) လှိမ့်ပြီး ၃ ပြန်ကျလျှင်လည်း နံပါတ်(၃)က ထောင်ချောက် ဆက်ဖျက်ရမည်ဖြစ်သည်။သေချာသည်မှာ ကိုယ်ပိုင်နံပါတ်ကို လှိမ့်မိနိုင်ရန်လည်း ဖြစ်နိုင်သည်။ထို့ကြောင့် အရာအားလုံးသည် ကံပေါ်၌ မူတည်နေ၏။
ကံသည်လည်း အစွမ်းတစ်မျိုး ဖြစ်သည်။ဤနေရာရှိ အတွေ့အကြုံရှိသော ဝါရင့်တိုင်းက ၎င်းကို သဘောပေါက်ကြသည်။
ကာဆဲလက်တွင် ချန်လွေ့၏ မူလလောကမှ စစ်နန်နှင့် ပုံသဏ္ဍာန် ဆင်တူသော မှော်သံလိုက်အိမ်မြှောင်တစ်ခု ရှိသည်။၎င်းသည် အတားအဆီးကို ရှောင်တိမ်းနိုင်ပြီး အစွမ်းထက်ဆုံး အချက်ပြဖြင့် တည်နေရာကို ရှာဖွေနိုင်သည်။သို့သော်လည်း ၎င်းသည် ကိုယ်တိုင် ချိန်ညှိပြီး နေရာချရန် လိုအပ်သည်။
သံလိုက်အိမ်မြှောင်အတိုင်း ရှေ့ဆက်သွားရမည့် လမ်းကြောင်းကို ဆုံးဖြတ်ပြီးနောက် ကာဆဲလက်သည် လူတိုင်း၏အဖွဲ့ကို နံပါတ်စဉ် မှတ်လိုက်သည်။စုစုပေါင်း ၁၇ဖွဲ့ရှိသည်။ထို့နောက် သူသည် မှော်ပစ္စည်းကိုထုတ်ပြီး နံပါတ်၁၇ခု ထည့်သွင်းလိုက်သည်။မှော်အံစာတုံး၌ မည်သည့်ပြဿနာမှမရှိကြောင်း လူတိုင်းစစ်ဆေးပြီးသွားသည့်အခါ နံပါတ်(၁)က အံစာတုံး စတင်လှိမ့်တော့သည်။နံပါတ်(၁)မှာ ကာဆဲလက်တို့အဖွဲ့ ဖြစ်သည်။သူသည် မှော်အံစားတုံးကို ကောက်ယူပြီး လှိမ့်လိုက်သည်။၎င်းသည် (၄) သင်္ကေတနှင့် မြေပေါ်သို့ ကျသွားသည်။
နံပါတ်(၄)မှာ ချန်လွေ့တို့ သုံးယောက်သား အဖွဲ့ ဖြစ်သည်။
လူတိုင်း၏မျက်လုံးသည် ချန်လွေ့တို့အဖွဲ့ပေါ်သို့ ရောက်ရှိသွားသည်။အများစုမှာ မျက်စိစိုက်၍ စိုက်နေကြသည်။အကယ်၍ ထိုသုံးယောက်သာ ပထမဆုံး ထောင်ခြောက်ကို မဖျက်ပစ်နိုင်လျှင် မရှောင်တိမ်းနိုင်လျှင် သူတို့သည် ထိုထောင်ခြောက် အကွာအဝေးနှင့် ဂုဏ်သတ္တိကို ရှာဖွေရမည်ဖြစ်သည်။နှစ်ပေါင်းကြာအောင် များစွာသော လူများက ထောင်ခြောက်များကို ဖျက်ပစ်ရန် ကြိုးစားကြသည်။သို့သော်လည်း ထိုထောင်ခြောက်များသည် အတော်လေးအစွမ်းထက်ပြီး လုံးဝဖျက်ဆီးရန် မဖြစ်နိုင်ပေ။၎င်းတို့သည် အလိုအလျောက်ပြန်ကောင်းနိုင်ပြီး ဂုဏ်သတ္တိများ ပြောင်းလဲနိုင်ကာ မဆုံးမရှိနိုင်ဖြစ်နေသည်။၎င်းတို့ကို ဖျက်ပစ်ရန် လုံးဝမဖြစ်နိုင်ပေ။
ရတနာများမှာ မက်လောက်စရာဖြစ်သော်လည်း အသက်သည် ပို၍အရေးကြီးသည်။သုံးနှစ်ကြာတိုင်း မှော်ထောင်ခြောက်များ အားနည်းသွားခြင်းကြောင့်သာမဟုတ်လျှင် မည်သူမျှ သေကြောင်းကြံကြမည်မဟုတ်ပေ။
မှော်ထောင်ခြောက်များသည် အလွန်ထူးဆန်းပြီး သာမန်မျက်စိဖြင့်မမြင်နိုင်၊ စွမ်းရည်များဖြင့်လည်း အာရုံမခံနိုင်ပေ။အကျယ်အဝန်းနှင့် ဂုဏ်သတ္တိကို စမ်းသပ်ရန်အတွက် ကျောက်တုံးပစ်ထည့်ရုံဖြင့် မဖြေရှင်းနိုင်ပေ။ကိုယ်တိုင် ထောင်ခြောက်ကို အသက်ဝင်အောင် ပြုလုပ်ရပေမည်။ထို့ပြင် သေခြင်းဟူသော ရလာဒ်တစ်ခုတည်းသာ ရှိသည်။
မိမိအဖွဲ့သည် အလွန်“ကံကောင်း”ပြီး ရွေးချယ်ခံရသည့် ပထမဆုံးအဖွဲ့ဖြစ်လာမည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။ဒေလီယာသည် ရိုမန်ကို လျစ်လျူရှုထားသော်လည်း သူတို့၏ အပြန်အလှန် နားလည်မှုကို စကားဖြင့်ဖော်ပြရန် မလိုအပ်ပေ။
သုံးယောက်အဖွဲ့သည် ရှေ့သို့သွားပြီး နောက်မှလူများနှင့် ခပ်ခွာခွာနေလိုက်သည်။ နောက်မှလူများသည် ရှေ့လူများကဲ့သို့ “ မိုင်းနင်းရမည့် ” လူများ မဟုတ်ကြသော်လည်း အစွမ်းထက်ရန်သူ တစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ပင် သတိထားနေကြသည်။
ဒေလီယာက ရိုမန်ကို ဖျပ်ခနဲ ကြည့်သည်။ထို့နောက် ရိုမန်သည် ချန်လွေ့ အရှေ့မှသွားပြီး ဒေလီယာက နောက်မှလိုက်သည်။ချန်လွေ့သည် အန္တရာယ်အကင်းဆုံးဖြစ်သော အလယ်၌ဖြစ်သည်။ရိုမန်၏ [ မိစ္ဆာမျက်လုံး ] သည် အရောင်ဖျော့ဖျော့ တောက်ပနေပြီး အခြေအနေကို ထောက်လှမ်းကြည့်နေသည်။[ မိစ္ဆာမျက်လုံး ] သည် ဖောက်ထွင်းမြင်နိုင်သဖြင့် အန္တရာယ်ကို အာရုံခံရာ၌ အခွင့်သာသည်။
ထိုထောင်ခြောက်များမှာ ပါ့(ဂ်)လီအို ခင်းကျင်းထားသော နဂါးထွင်းစာများဖြစ်ကြောင်း ချန်လွေ့ သိသည်။သို့သော် သိသည်မှာ တစ်ကဏ္ဍ၊ ဖျက်ပစ်ခြင်းသည် တစ်ကဏ္ဍ ဖြစ်သည်။၎င်းသည် မိုင်းရှင်းသမားများကဲ့သို့ပင် ဖြစ်ပြီး အချိန်မရွေး ပေါက်ကွဲ သေနိုင်သည့်အန္တရာယ် ရှိနေသည်။
ထို့ပြင် ရတနာသိုက်ပတ်လည်ရှိ ထွင်းစာများမှာ ပါ့(ဂ်)လီအို အစွမ်းထက်ဆုံးအချိန်က ခင်းကျင်းထားခဲ့ခြင်းဖြစ်သည်။အဆိပ်နဂါး၏ ကြွားလုံးအရ နတ်ဆိုးအရှင်သခင်အဆင့် နဂါးတစ်ကောင် အတင်းဝင်ရောက်လာလျှင် ဒဏ်ရာကြီးကြီးမားမား ရရှိသွားပေလိမ့်မည်။ထွင်းစာစွမ်းအားသည် သုံးနှစ်ကြာတိုင်း အားနည်းသွားသော်လည်း သူအလွယ်တကူ ချိုးဖျက်နိုင်သည့်အရာ မဟုတ်ပေ။
ချန်လွေ့သည် ခေါင်းထဲရှိသမျှ နဂါးထွင်းစာ အကြောင်းအားလုံးကို “စုစည်း”ပြီး ပတ်ဝန်းကျင် လှုပ်ရှားမှုများကို အသေးစိတ် လေ့လာကြည့်ရှုကာ ခပ်မြန်မြန် စဉ်းစားလိုက်သည်။သူ၏ခြေလှမ်းများ ရုတ်တရက် ရပ်သွား၏။တစ်ချိန်တည်းမှာပင် ရိုမန်၏ ဘယ်မျက်လုံးကလည်း တစ်စုံတစ်ခုကို အာရုံခံမိသွားသည်။
ရိုမန် ရှေ့သို့သွားရန်ပြင်လိုက်စဉ် တစ်စုံတစ်ယောက်က သူ၏ပုခုံးကို ရုတ်တရက် ပုတ်လိုက်သည်။သူလှည့်ကြည့်လိုက်ရာ ချန်လွေ့ ဖြစ်နေသည်။
“ ငါလုပ်လိုက်မယ်။ ”
ရိုမန် ပုခုံးတွန့်လိုက်သည်။
“ ထောင်ခြောက်ရှိရင် ငါ့ကိုနင်းခိုင်းမယ်။တွင်းရှိရင် ငါ့ကိုဖြည့်ထည့်မယ်။ နတ်ဆိုးသားရဲရှိရင် ငါ့ကိုအစာကျွေးပစ်မယ်လို့ မင်းပြောခဲ့တာမလား။ ”
“ တော်တော် အမှတ်ကောင်းတာပဲ။ငါ အဲဒါကို သေချာမှတ်မိပါတယ်။ ”
ချန်လွေ့က ဒေလီယာကို ဖျပ်ခနဲ ကြည့်လိုက်သည်။
“ မင်းကို လွှင့်ပစ်ဖို့ အချိန်မရောက်သေးဘူး။မင်း ဝလာမှ မင်းကို အမဲဖျက်မယ်။ အခုကစပြီးတော့ ငါက အဖွဲ့ခေါင်းဆောင်ပဲ။မင်းတို့နှစ်ယောက်လုံး ငါပြောတာ နားထောင်ရမယ်။ ”
“ ဝလာရင် ဟုတ်လား။ ”
ရိုမန် မကျေမနပ် ဖြစ်သွားသည်။သူ ရှေ့ဆက်သွားရန် ပြင်လိုက်စဉ် သူ၏ပုခုံးကို ချန်လွေ့က တင်းတင်းကြပ်ကြပ် ကိုင်ထားလိုက်သည်။ရိုမန်သည် ချန်လွေ့၏မျက်လုံးထဲရှိ ပြင်းထန်သော ယုံကြည်မှုကို မြင်သွားကာ ခဏစဉ်းစားပြီးနောက် ဆက်မသွားတော့ပေ။
ချန်လွေ့က ဒေလီယာကို ခေါင်းညိတ်ပြပြီး ရှေ့ဆက်သွားသည်။ထို့နောက် သစ်ပင်ကြီးကို သေသေချာချာကြည့်ပြီး အကာအဝေးကို တွက်ချက်ကာ အန္တရာယ်မရှိဆုံး မြက်ထူသော နေရာသို့ တည့်တည့် သွားလိုက်သည်။ရိုမန်နှင့် ဒေလီယာတို့၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ချန်လွေ့သည် အန္တရာယ်အရှိဆုံး နယ်မြေကို အန္တရာယ်ကင်းကင်းနှင့် ကျော်ဖြတ်သွားနိုင်ခဲ့သည်။
ပါ့(ဂ်)လီအို ခင်းကျင်းထားသော ထွင်းစာသည် အားနည်းရာမှ တဖြည်းဖြည်း အားကောင်းလာသကဲ့သို့ ပုံမှန်စည်းမျဉ်းမရှိပေ။အပြင်ဘက်ဆုံးရှိ ထွင်းစာသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသောစွမ်းအား ရှိနေသည်။
[ ကွင်းဆက် ပေါက်ကွဲခြင်း ] ။၎င်းသည် ချိတ်ဆက်ထားသော အစီအရင်များကို အဆက်မပြတ် ပေါက်ကွဲစေနိုင်သည်။အထူးသဖြင့် ၎င်းတို့အတူတူ ပေါက်ကွဲသွားလျှင် အလွန့်အလွန် စွမ်းအားကြီးမားလှပေသည်။
ချန်လွေ့သည် ကွင်းဆက်အစီအရင်များကြားသေးသေးလေးမှ တိတိကျကျ လမ်းလျှောက်သွားလိုက်သည်။ပါ့(ဂ်)လီအိုနှင့် ဆွေးနွေးနိုင်သည်အထိ နဂါးထွင်းစာကို မရင်းနှီးခဲ့လျှင် အခြားနဂါးတစ်ကောင်ပင် အလွယ်တကူ ဖြတ်သန်းနိုင်မည် မဟုတ်ပေ။
ချန်လွေ့က ဒေလီယာနှင့်ရိုမန်တို့ကို အော်ပြောလိုက်သည်။
“ ငါ့ခြေရာကိုနင်းပြီးတော့ ခန္ဓာကိုယ်ကို မတ်မတ်ထားပြီးသွား။ဘယ်ကိုမှ လျှောက်မသွားနဲ့။ ”
ဒေလီယာ ရှေ့ဆက်မသွားခင်မှာပင် ရိုမန် အရင်သွားလိုက်သည်။သူသည် ချန်လွေ့၏ ခြေရာအတိုင်း တည့်တည့်သွားလိုက်ရာ အမှန်တကယ်ပင် အန္တရာယ်ကင်းကင်းနှင့် ဖြတ်ကျော်နိုင်သွားသည်။နောက်ဘက်မှာ ဒေလီယာလည်း ထိုနည်းလမ်းအတိုင်း ကျော်ဖြတ်နိုင်ခဲ့သည်။
“ အနောက်ကလူတွေ မြန်မြန်လာကြ။ဒီထောင်ခြောက်က ၁၀မိနစ်တစ်ခါ ပြောင်းတယ်။ ”
နောက်မှလူများက ချန်လွေ့တို့သုံးယောက် အန္တရာယ်ကင်းကင်းနှင့် ဖြတ်သွားနိုင်ကြသည်ကို တွေ့ခဲ့သည်။ထိုစကားကို ကြားသည့်အခါ သူတို့ ချက်ချင်းပြေးလာပြီး ချန်လွေ့ပြောသည့်နည်းအတိုင်း ဖြတ်သွားနိုင်ခဲ့ကြသည်။ချန်လွေ့အား သူတို့ကြည့်သောအကြည့် ပြောင်းလဲသွားသည်။ထိုအမြင့်ဆင့်နတ်ဆိုးသည် အမှန်တကယ်ပင် မှော်ထောင်ခြောက်များ၌ ကျွမ်းကျင်လိမ့်မည်ဟု သူတို့လုံးဝ မထင်မှတ်ထားခဲ့ကြပေ။သူသည် အမှန်တကယ်ပင် အလွယ်တကူ ဖြတ်ကျော်သွားနိုင်ခဲ့သည်။
ချန်လွေ့က လူအုပ်ကြီး၏မျက်လုံးကို လျစ်လျူရှုပြီး ပြောလိုက်သည်။
“ နံပါတ်(၂) အံစာတုံး လှိမ့်ရမယ့်အချိန်ပဲ။ ”
နံပါတ်(၂) လှိမ့်လိုက်ရာ “ နံပါတ်(၁၁) ” ကျသွားသည်။နံပါတ်(၁၁)မှာ ဖာကို အမည်ရသော နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်း ဖြစ်သည်။သူသည် အဖွဲ့နှင့်အတူ ကံကောင်းပြီး ဖြတ်သွားချင်ခဲ့သည်။သို့သော်လည်း သူသည် ဒုတိယမြောက် အရွေးချယ်ခံရမည့်သူ ဖြစ်လာမည်ဟု မထင်မှတ်ထားခဲ့ပေ။သူ ရုတ်တရက် ကြက်သီးထသွား၏။
“ ခုနက အဲဒီမှာ ဘာမှမရှိပါဘူ။အဲဒီ အမြင့်ဆင့်နတ်ဆိုးက လျို့ဝှက်ဆန်းကြယ်အောင် လုပ်နေတာ အသိသာကြီး။ ”
ဖာကိုက တစ်ခုခုတွေးမိပြီး ချန်လွေ့အား လက်ညှိုး ထိုးပြသည်။
“ သူတို့တွေ ဆက်ပြီးတော့ လမ်းကြောင်းကို စူးစမ်းရှာဖွေသင့်တယ်။ ”
ထိုသို့ပြောလိုက်သည့်အခါ အချို့လူများက ချက်ချင်း ထောက်ခံကြသည်။ချန်လွေ့တို့အဖွဲ့ ပို၍စူးစမ်းရှာဖွေလေ သူတို့ပို၍ လုံခြုံလေပင် ဖြစ်သည်။အကွိုင်းနှာမှုတ်ပြီး ဖာကိုဆီသွားကာ ပါးရိုက်လိုက်သည်။ဖာကို၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် နောက်သို့ လွင့်ထွက်သွားပြီး [ ကွင်းဆက် ပေါက်ကွဲခြင်း ] အစီအရင်ပေါ်သို့ တည့်တည့်ကျသွားသည်။
“ ဘုန်း ဘုန်း ဘုန်း ”
မြေပြင်တုန်ခါသွားပြီး ပေါက်ကွဲသံများ အဆက်မပြတ် ထွက်လာသည်။ဖာကို မအော်ဟစ်နိုင်ခင်မှာပင် ထိုစွမ်းအားကြောင်း သူ၏ခန္ဓာကိုယ် အပိုင်းပိုင်းဖြစ်သွားသည်။လူတိုင်း ကြောက်လန့်သွားကြသည်။
“ ဒါက တွန့်ဆုတ်ပြီးတော့ လိမ်လည်လှည့်ဖျားတဲ့ သူတွေရဲ့ အဆုံးသတ်ပဲ။ ”
အကွိုင်းက အေးစက်စက်နှင့်ပြောသည်။ထိုအမျိုးသမီးသည် အလွန်လှပပြီး ဆွဲဆောင်မှုအားကောင်းသော်လည်း နှလုံးသားမှာမူ ရက်စက်ပြီး အေးစက်လှသည်။ကာဆဲလက်လည်း ထောက်ခံသည်။ခုနက ကန့်ကွက်ကြသူများ စကားမပြောရဲကြတော့ပေ။
ကာဆဲလက်၏ မှော်အံစာတုံးပေါ်ရှိ နံပါတ်(၁၁) ပျောက်ကွယ်သွားပြီး နံပါတ်(၃) လှိမ့်ရမည့်အလှည့် ရောက်ရှိလာသည်။နံပါတ်(၃) လှည့်၍ နံပါတ်(၇) ကျသွားသည့်အခါ နှစ်ယောက်အဖွဲ့က ရှေ့သို့ လျှောက်သွားသည်။
၎င်းသည် မရဏကစားပွဲ ကဲ့သို့ပင် ဖြစ်သည်။ရွေးချယ်ခံရသူသည် မရဏစမ်းသပ်ချက်ကို ကျော်ဖြတ်ရမည်ဖြစ်သည်။အသက်တစ်သက် ပေးဆပ်ပြီးနောက် နံပါတ်(၇)၌ တစ်ယောက်သာ ကျန်တော့သည်။သူက အန္တရာယ်ကိုကျော်ဖြတ်သွားနိုင်ပြီအထင်နှင့် စိတ်အေးသွားသည်။သို့သော်လည်း ကပ်လျက်၌ ထွင်းစာထောင်ခြောက်အသစ် ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။သုံးလေးလှမ်း သွားပြီးနောင် သူ အပိုင်းပိုင်းဖြစ်သွားတော့သည်။
ထိုနှစ်ယောက်၏ သေဆုံးခြင်းသည် ထိုထောင်ခြောက်များ၏ အချက်အလက်များကို ပြသပေးခဲ့သည်။ထို့နောက် နောက်ထပ် အံစာတုံးလှိမ့်ပြီး ရက်ရက်စက်စက်ပင် စကားပွဲအသစ် စတင်တော့သည်။
ဤနေရာသို့ ရောက်လာကြသော ရတနာမုဆိုးများမှာ မရိုးရှင်းကြပေ။သူတို့သည် မှော်စက်ဝန်းနှင့် မှော်ထောင်ခြောက်များ၌ ဗဟုသုတ အချို့ ရှိကြသည်။သို့သော်လည်း နဂါးထွင်းစာများကို သာမန် မှော်ထောင်ခြောက်များနှင့် လုံးဝယှဉ်၍မရပေ။ထို့ပြင် ၎င်းတို့သည် ပါ့(ဂ်)လီအို၏ အစွမ်းထက်ဆုံး အချိန်၌ ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။လမ်းတစ်လျှောက်၌ အဖွဲ့ဝင် တဖြည်းဖြည်း လျော့ကျလာပြီး မှော်အံစာတုံးပေါ်ရှိ နံပါတ်များမှာလည်းအဆက်မပြတ် ပျောက်ကွယ်သွားနေသည်။ကာဆဲလက်၏ အဖွဲ့ဝင်များပင် လျှော့ကျလာသည်။စိတ်ဖိအား မခံနိုင်၍ ထွက်ပြေးရန် ကြိုးစားသူအချို့လည်း ရှိသည်။သို့သော်လည်း သူတို့သည် တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရသည်။
လမ်းတစ်လျှောက်၌ အလောင်းအတော်များများကို မြင်တွေ့နိုင်သည်။အချို့မှာ အရိုးစုများဖြစ်ပြီး အချို့မှာ “ လတ်ဆတ် ” နေသည်။သူတို့သည် လွန်ခဲ့သောနှစ်များက ထောင်ခြောက်ထဲ၌ သေသွားခဲ့ကြသော ရတနာမုဆိုးများ ဖြစ်ရပေမည်။အချို့သူများသည် ဤရက်ပိုင်းအတွင်း၌ သေဆုံးသွားခြင်း ဖြစ်ရပေမည်။
ထူးဆန်းစွာပင် ဟာ့(ထ်) အမည်ရှိ အလောင်းရုပ်သေးမှာ အလွန်ကံကောင်းနေသည်။ သူသည် တစ်ခါမျှ အရွေးမခံရသေးပေ။ ကာဆဲလက်က အံစာတုံးကို ထိန်းချုပ်ထားတာများလား။သူက အလောင်းရုပ်သေးရဲ့ ပိုင်ရှင်အစစ် ဖြစ်နေမလား။တစ်နည်းအားဖြင့်ပြောရရင်တော့ သူက လူတိုင်း တိုက်ခိုက်ပြီးမှ အကျိုးအမြတ်ရဖို့အတွက် နောက်ကွယ်မှာ ပုန်းအောင်နေတဲ့သူများလား။
“ နေဦး။မသွားနဲ့။ ”
ချန်လွေ့သည် အရွေးချယ်ခံရသော နံပါတ်(၈)ကို ရုတ်တရက် တားလိုက်သည်။ ခရီးတစ်လျှောက်၌ ချန်လွေ့တို့ နံပါတ်(၄)သည် သုံးကြိမ်အရွေးခံရပြီး မည်သည့်အဆုံးအရှုံးမျှမရှိဘဲ ဖြတ်ကျော်သွားနိုင် ခဲ့ကြသည်။လူအုပ်ကြီးသည် “ အားအနည်းဆုံး ” ဖြစ်သော အမြင့်ဆင့်နတ်ဆိုးကို အထင်မသေးရဲတော့ပေ။သူတို့သည် ချန်လွေ့အား ဤနယ်ပယ်၌ ဆရာသခင်တစ်ယောက်အဖြစ် မသိမသာ သတ်မှတ်ထားလိုက်ကြသည်။
မှော်စက်ဝိုင်း၌ ကျွမ်းကျင်ကြောင်း ချန်လွေ့ပြောခဲ့သည်ကို ဒေလီာယာ ပထမဆုံးကြားခဲ့စဉ်က အာရုံမစိုက်ထားခဲ့ပေ။ချန်လွေ့သည် လိမ်နေခြင်းမဟုတ်ဘဲ အမှန်တကယ် ကျွမ်းကျင်လိမ့်မည်ဟု ဒေလီယာ လုံးဝမထင်ခဲ့ပေ။လမ်းတစ်လျှောက်၌ ရိုမန်နှင့် ဒေလီယာတို့ ဘာမျှမလုပ်ခဲ့ရပေ။ချန်လွေ့တစ်ယောက်တည်းသာ အားလုံးလုပ်ခဲ့သည်။
နံပါတ်(၈)မှ အမျိုးသမီး၏နာမည်မှာ ဆိုလန် ဖြစ်သည်။ထိုစကားကိုကြားသည့်အခါ သူ ရုတ်တရက် စိတ်သက်သာရာ ရသွားသည်။ယခင်စွန့်စားခန်းပြီးနောက် နံပါတ်(၈)အဖွဲ့ထဲ၌ ဆိုလန် တစ်ယောက်သာ ချန်တော့သည်။
“ အားလုံးပဲ။ကျုပ်တို့က ရှေ့ဆက်သွားနေတယ်လို့ ထင်ရတယ်။ဒါပေမဲ့ တကယ်တော့ ကျုပ်တို့က အဝိုင်းပတ်သွားနေကြတာ။ပတ်ဝန်းကျင်မြင်ကွင်းက အဆက်မပြတ် ပြောင်းလဲနေပြီးတော့ ကျုပ်တို့ကို ထင်ယောင်ထင်မှား ဖြစ်စေတာ။ကာဆဲလက်ရဲ့ မှော်သံလိုက်အိမ်မြှောင်သာ မမှားဘူးဆိုရင် တုံ့ပြန်မှုအားအကောင်းဆုံး နေရာက ဒီနားတစ်ဝိုက်မှာပဲ ဖြစ်ရမယ်။ ”
အားလုံး အံ့အားသင့်သွားကြသည်။ တုံ့ပြန်မှု အားအကောင်းဆုံးတဲ့လား။အဲဒါက ရတနာသိုက်ရဲ့ တည်နေရာ ဖြစ်ရမယ်။
ချက်ချင်းပင် လူအများသည် တိတ်တဆိတ် အားအင်စုစည်းပြီး အချိန်မရွေး ဦးဆောင်ရန် ပြင်ဆင်နေလိုက်သည်။ရတနာမှာ မြေအောက်လိုဏ်ဂူ၌ ရှိသည်ဟု ပါ့(ဂ်)လီအို ပြောထားသည့် အတွက် ချန်လွေ့ မလောနေပေ။လက်ရှိ၌ သူတို့သည် မြေပေါ်၌သာ ရှိနေသေးသည်။ထို့ပြင် လိုဏ်ဂူထဲ၌လည်း ပိုမိုအစွမ်းထက်သော ထောင်ခြောက်များ ရှိနေနိုင်ပေသည်။
ချန်လွေ့သည် ပတ်ပတ်လည်သို့ သေသေချာချာကြည့်ပြီး တစ်ဖက်ရှိ သစ်တောထဲသို့ လမ်းလျှောက်သွားကာ စတင် စစ်ဆေးကြည့်ရှုတော့သည်။အခြားအချိန်၌ဆိုလျှင် ထိုသူများသည် အမြင့်ဆင့်နတ်ဆိုးတစ်ယောက်ကို စောင့်နေရန် မပြောနှင့်။ကြည့်ပင် ကြည့်နေမည် မဟုတ်ပေ။သို့သော်လည်း သူတို့၏မျက်လုံးများသည် ယခုတွင် ထို“ဆရာသခင်”အပေါ်၌ ရှိနေကြသည်။သူတို့သည် ချန်လွေ့၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြသည်။
ချန်လွေ့သည် ရေကန်တစ်ကန်သို့ လမ်းလျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်ကာ မြေကြီးလက်တစ်ဆုပ်စာ ယူပြီးနောက် အနံ့ခံကြည့်သည်။နောက်ဆုံး၌ ချန်လွေ့ ပြုံးလိုက်သည်။
နှစ်ထပ်ဒြပ်ပေါင်း ထွင်းစာပဲ။
[ တယ်လီပို့ခုန်ခြင်း ] နဲ့ [ ကြေးမုံရိပ် ] ကြားထဲမှာ [ ပုံရိပ်ယောင် ] နဲ့ [ ဖုံးကွယ်ခြင်း ] ထားထားတယ်။ဒါကြောင့် ငါတို့က ဒီနေရာတစ်ဝိုက်မှာပဲ ပတ်ပတ်လည်နေတာကိုး။ ပါ့(ဂ်)လီအိုရဲ့စရိုက်ကို ငါမရင်းနှီးဘူးဆိုရင် တကယ်အရူးလုပ်ခံလိုက်ရမှာ။ဒါပေမဲ့ ဒီနှစ်ထပ်ထွင်းစာက တော်တော်လေး ယုတ်မာတယ်။တစ်စုံတစ်ယောက်က [ ဖုံးကွယ်ခြင်း ] ထွင်းစာကို သတိထားမိသွားရင်တောင် နောက်က [ တယ်လီပို့ခုန်ခြင်း ] ကို သတိမထားမိခဲ့ရင်တော့ ဂုဏ်ယူပါတယ်။သူက တကယ့်ကို ရတနာနဲ့နီးကပ်နေပေမဲ့ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေက အရာမထင်တော့ဘူး။သူက ထူးဆန်းတဲ့ ကျွန်းတွေဆီ ပို့ခံလိုက်ရမှာ။
ဒါက အဲဒီခေါင်းမာတဲ့နဂါးရဲ့ စတိုင်ပဲ။အင်း။ဒီလိုဆိုမှတော့ ဒီနေရာက မြေအောက် လိုဏ်ဂူနဲ့ တော်တော်လေး နီးကပ်နေလောက်ပြီ။
ဒီလူတွေကို တယ်လီပို့ခံရအောင် လုပ်လိုက်သင့်လား။ဒါမှမဟုတ် သူတို့ကို ခေါ်သွားလိုက်ရမလား။
ဒါက ပါ့(ဂ်)လီအိုရဲ့ ပုံစံဆိုတော့ ဒါတွေက အမြည်းသဘောပဲ ရှိဦးမှာပဲ.....။ ချန်လွေ့ အမြန်စဉ်းစားပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
ချန်လွေ့သည် ရေကန်ဆီသို့ လမ်းလျှောက်သွားသည်။ထူးဆန်းသည်မှာ သူ၏တစ်ကိုယ်လုံး ရေကန်ထဲသို့ ပျောက်ကွယ်သွားခြင်းပင်။၎င်းကို မြင်လိုက်သူများက တစ်ခုခုလွဲနေကြောင်း သိလိုက်ပြီး ထိုနေရာသို့ အပြေးသွားတော့သည်။
ရတနာဝှက်ထားရာ နေရာသို့ ချန်လွေ့တစ်ယောက်တည်း သွားတော့မည်ဟု ထိုသူများ ထင်လိုက်သည့်အခါ ချန်လွေ့ ပြန်ပေါ်လာသည်။သူသည် ရေကန်ထဲမှ ရေတစ်ဝက်မှမစိုဘဲ ပြန်တက်လာခဲ့လေသည်။
“ အားလုံး အချင်းချင်း လက်ကိုင်ပြီးတော့ နောက်ကနေ လိုက်ခဲ့ပါ။အရင်က နည်းလမ်းအတိုင်း သွားပါ။ပြီးတော့ ညင်ညင်သာသာလေး လမ်းလျှောက်ဖို့ မမေ့နဲ့။ ”
ဒေလီယာသည် ချက်ချင်းပင် ချန်လွေ့၏ လက်မောင်းကို ကိုင်လိုက်ပြီး ရိုမန်က နောက်မှ လိုက်လာသည်။ထို့နောက် လူအားလုံးလည်း အချင်းချင်း လက်ကိုင်လိုက်ကြသည်။ ဒေလီယာ၏ အသားအရေသည် အလွန်ချောမွေ့ပြီး သူ၏ခန္ဓာကိုယ်၌ မွှေးရနံ့အချို့ ရှိနေသည်။သို့သော် ချန်လွေ့တွင် အခြားအတွေးများ မရှိပေ။ဒေလီယာသည် အလွန်အမင်း အေးစက်ပြီး ရိုမန်အား မုန်းနေသော်လည်း ဒေလီယာ၏နှလုံးသားထဲ၌ ရိုမန်ရှိနေသေးကြောင်း ချန်လွေ့ သိသည်။
လက်ကိုင်ကာ ရေကန်အား ဖြတ်သန်းသွားသူများသည် အံ့ဩစရာခံစားချက်တစ်ခုကို ခံစားရလိုက်သည်။၎င်းမှာ ကျောက်တုံးကိုနင်းပြီး မြစ်ကိုဖြတ်သန်းသကဲ့သို့ဖြစ်ပြီး ရေစီးဒဏ်ကို ခံနေရသကဲ့သို့ ဖြစ်နေသည်။သူတို့သည် ဤလမ်းကြောင်းအတိုင်း မလိုက်ဘဲ လွဲချော်သွားလျှင် ရေစီးနှင့်အတူ သေချာပေါက် ပါသွားမည် ဖြစ်သည်။
အမှန်တကယ်၌ [ တယ်လီပို့ခုန်ခြင်း ] အသက်ဝင်သွားလျှင် ၎င်းသည် “ မြစ် ” မဟုတ်ဘဲ သေချာပေါက် “ ပင်လယ်၏အား” ဖြစ်နေပေလိမ့်မည်။
ရေကန်ကို ဖြတ်သွားပြီးနောက် လူတိုင်းသည် တောက်ပသော အလင်းရောင်တစ်ခုကို မြင်လိုက်ရသည်။ထို့နောပ် ၎င်းသည် မြင်ကွင်းအသစ်စက်စက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
အရှေ့တွင် အလွန်ကြီးမားပြီး နက်မှောင်သော လိုဏ်ဂူတစ်ခု ရှိနေသည်။လိုဏ်ဂူတစ်ဝိုက် မြေသားများမှာ မည်းနက်နေပြီး အနီးအနားရှိ တောအုပ်ကဲ့သို့ အစိမ်းရောင် ရှိမနေပေ။
တစ်စုံတစ်ယောက်သည် မထိန်းနိုင်တော့ဘဲ ဂူထဲသို့ အရင်ပြေးဝင်သွားလိုက်သည်။ ဤခံစားချက်က လူများကိုပို၍ လှုံ့ဆော်လိုက်သည်။ကာဆဲလက်၊အကွိုင်းနှင့် အခြားသူ အနည်းငယ်တို့သာ မလှုပ်ရှားကြပေ။ထိုထူးဆန်းသော ဟာ့(ထ်)မှာမူ လုံးဝမလှုပ်ပေ။
လမ်းတစ်လျှောက်၌ မည်သည့်ထောင်ခြောက်များ ရှိနေဟန်မတူပေ။ထိုသူများသည် လိုဏ်ဂူအတွင်းသို့ အောင်အောင်မြင်မြင်နှင့် ဝင်သွားကြသည်။ကာဆဲလက်သည် ချန်လွေ့ကို ဖျပ်ခနဲကြည့်ပြီး မေးလိုက်သည်။
“ ဆရာသခင်။ကျုပ်တို့ အတူတူ သွားကြည့်ကြမလား။ ”
ထိုကဲ့သို့အခေါ်အဝေါ်ကို ကြားသည့်အခါ ချန်လွေ့ ပြုံးလိုက်သည်။
“ လူကြီးမင်းက စိတ်ရင်းနဲ့ဖိတ်ခေါ်မှတော့ ကျုပ်လည်း မငြင်းတော့ပါဘူး။ ”
ဂူထဲသို့သွားရာလမ်း၌ အမှန်တကယ်ပင် မည်သည့် ထောင်ခြောက်များ မရှိပေ။သို့သော်လည်း ဂူအကြီးကြီးထဲ၌ မည်သည်မှ ရှိမနေပေ။မြေအောက်သို့ သွားရာလမ်းတစ်ခုသာ ရှိသည်။
ထိုလမ်းသည် ၂၀မီတာရှည်ပြီး ၁၀မီတာခန့် ကျယ်သည်။နဂါးများ သွားလာရန်အတွက် အဆင်ပြေသည်။ဘေးနှစ်ဖက်စလုံး၌ မှော်အလင်း ဖျော့ဖျော့များကို မြင်တွေ့နိုင်သည်။၎င်းသည် ရှီလန်တောင်ရှိ အဓိကတွင်း အဆင်အပြင်နှင့် လုံးဝယှဉ်၍ရသည်။မည်သို့ပင်ဆိုစေကာမူ ၎င်းသည် ရတနာများ ဝှက်ထားရန်အတွက်သာဖြစ်သည်။ပါ့(ဂ်)လီအိုသည် လမ်းကြောင်းကိုလှပရန်အတွက် လက်မှုပညာကို ဂရုစိုက်သော အမှောင်နတ်ဆိုးလူပု မဟုတ်ပေ။လင်းနေလျှင် ရပြီဖြစ်သည်။အရေးကြီးသည်မှာ ထိုကဲ့သို့ အလင်းရောင်ဖျော့ဖျော့အောက်၌ ကြောက်စရာ ထောင်ခြောက်များ မည်မျှရှိနေခြင်းပင် ဖြစ်လေသည်။
ရှေ့မှလူများသည် ဂူထဲသို့ဝင်သွားကြသော်လည်း မည်သည့်အသံမှ ထွက်မလာပေ။ချန်လွေ့နှင့် အခြားသူများက လမ်းရှည်မှတစ်ဆင့် ပါ့(ဂ်)လီအိုပြောသည့် “ အတော်လေးကြီးသော ” လိုဏ်ခေါင်းထဲသို့ သေသေချာချာ သွားကြည့်သည့်အခါ မှသာ ၎င်းသည် လိုဏ်ခေါင်းမဟုတ်ဘဲ အလွန်ကြီးမားသော မြေအောက်ဝင်္ကပါတစ်ခု ဖြစ်ကြောင်း သိရှိသွားသည်။