လွတ်မြောက်ခြင်းနှင့် အလောင်းရုပ်သေး
Vol. 15 Ch. 215
ရှေ့တွင် လမ်း၃လမ်းရှိသည်။ထို့နောက်တွင် ပို၍ရှုပ်ထွေးပုံရသည်။အလင်းရောင်ဖျော့ဖျော့အောက်၌ အလွန်ပင် ကျောချမ်းစရာကောင်းလှသည်။
ဤမြေအနေအထားသည် ရှီလန်တောင်ရှိ အဓိကတွင်းထက် ပို၍ပင် ရှုပ်ထွေးသည်။ဤကဲ့သို့ ထိပ်တန်းနေရာမျိုးကို ပါ့(ဂ်)လီအို မည်ကဲ့သို့ ရှာတွေ့ခဲ့ကြောင်းကို ဘုရားသာ သိပေလိမ့်မည်။
ကာဆဲလက် မျက်မှောင်ကြုတ်လိုက်သည်။
“ ဆရာသခင်။အခု ကျုပ်တို့ ဘာလုပ်သင့်လဲ။ ”
ချန်လွေ့ ခေါင်းခါသည်။
“ ကျုပ်က မှော်ထောင်ခြောက်မှာပဲ သေချာကျွမ်းကျင်တာ။ဒီလိုမျိုးဝင်္ကပါကိုတော့ ကျုပ်တကယ် မကျွမ်းဘူး။ ”
ချန်လွေ့ မကျွမ်းကျင်သည့်အတွက် သူသည် အကျိုးမရှိပေ။ကာဆဲလက်က အကွိုင်းကိုကြည့်ပြီး ပြောလိုက်သည်။
“ ဒီလိုဆိုမှာတော့ လူခွဲကြတာပေါ့။အကွိုင်း။ခင်ဗျားရဲ့စွမ်းအားက အကောင်းဆုံးပဲ။ခင်ဗျား အရင်ရွေးပါ။ ”
အကွိုင်းက ကာဆဲလက်ကို တစ်ချက်ကြည့်ပြီး ဘေးဖက်မှ ချန်လွေ့တို့အဖွဲ့အား ဖျပ်ခနဲ ကြည့်လိုက်သည်။
“ ဆရာသခင် အရင်ရွေးသင့်တယ် ထင်တယ်။ ”
ကာဆဲလက်သည် မူလက ကာဆဲလက်ကို အရင် သွားစေပြီး ချန်လွေ့နှင့်အခြားသူတို့အား ခြိမ်းခြောက်ပြီး လမ်းရှာဖွေခိုင်းချင်ခဲ့သည်။သို့ရာတွင် အကွိုင်းက ကာဆဲလက်၏အကြံကို မြင်သွားပြီး ချန်လွေ့အား အရင်ရွေးချယ်ခိုင်းရန် အကြံပြုလိုက်သည်။
ချန်လွေ့က မိမိတို့အဖွဲ့သည် အကွိုင်းနှင့် ကာဆဲလက်တို့ကို မယှဉ်နိုင်ကြောင်း သိသည့်အတွက် ခဏစဉ်းစားကာ ခေါင်းညိတ်သည်။ထို့နောက် ရိုမန်နှင့် ဒေလီယာတို့အားပြောပြီး အလယ်လမ်းသို့ သွားလိုက်သည်။
အကွာအဝေးတစ်ခုအထိ ချန်လွေ့ သွားပြီးနောက် အကွိုင်း သရော်ပြုံးပြုံးကာ အော်ပြောသည်။
“ နောက်လိုက်လာတဲ့သူ သေရမယ်။ ”
ထိုသို့ပြောပြီးနောက် အကွိုင်းသည် အလယ်လမ်းဆီသို့ လမ်းလျှောက်သွားသည်။ အခွင့်အရေးယူချင်နေကြသော လူအနည်းငယ်သည် အကွိုင်း၏ စကားကို ကြားပြီးနောက် ချက်ချင်းပင် စိတ်ပြောင်းသွားခဲ့သည်။ထိုသူများသည် မတုံးကြပေ။ဤနေရာ၌ ဆက်နေလျှင် ကာဆဲလက်၏ အစမ်းသပ်ခံဖြစ်မည်ကို သိကြသည့်အတွက် ချက်ချင်းပင် ဘယ်လမ်းနှင့် ညာလမ်းဆီသို့ သွားလိုက်ကြသည်။
အကွိုင်း၏ ကွယ်ပျောက်သွားသော ကျောဘက်ကိုကြည့်ရင်း ကာဆဲလက်၏မျက်လုံးထဲ၌ အေးစက်စက် အလင်းရောင် ထွက်ပေါ်လာသည်။သို့သော်လည်း သူ မလိုက်သွားခဲ့ပေ။သူသည် အဖွဲ့ကို ဦးဆောင်ကာ ဘယ်ဘက်လမ်းသို့ သွားလိုက်သည်။
“ ဆရာသခင်။ရှေ့မှာ ထောင်ခြောက်ရှိမယ်ဆိုရင် ဖြေရှင်းပေးပါ။ ”
ချန်လွေ့တို့အဖွဲ့နောက်လိုက်နေသော အကွိုင်း၏ လက်ထဲ၌ အလင်းရောင်ရှိနေ၏။၎င်းသည် အလင်းလက်စွပ်ဖြစ်ပြီး အကွိုင်း၏လှပသော မျက်နှာပေါ်ရှိ သုန်မှုန်သောအပြုံးကို မြင်ရစေသည်။
ထိုအမျိုးသမီးသည် မိမိတို့အဖွဲ့ကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ချန်လွေ့ စိတ်ထဲ၌ သိနေသည်။သို့သော်လည်း အကွိုင်း၏စွမ်းအားသည် မဟာနတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းဖြစ်သည်။သူတို့သုံးယောက် ပူးပေါင်းတိုက်ခိုက်သည့်တိုင် အကွိုင်ကို ယှဉ်နိုင်မည်မဟုတ်ပေ။ထို့ကြောင့် ချန်လွေ့သည် ဒေလီယာနှင့် ရိုမန်တို့အား မျက်လုံးဖြင့် အချက်ပြပြီး ရှေ့ဆက်သွားလိုက်သည်။
ရှေ့တွင် နောက်ထပ် လမ်းသုံးလမ်း ရှိနေသည်။ချန်လွေ့ မဆုံးဖြတ်ခင်မှာပင် နောက်ဘက်မှ အကွိုင်း၏အသံ ထွက်လာသည်။
“ ညာဘက် ”
ချန်လွေ့ တုံ့ဆိုင်းမနေဘဲ ညာဘက်သို့ လမ်းလျှောက်သွားသည်။ခဏလမ်းလျှောက်ပြီးနောက် ချန်လွေ့၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး သတိထားနေလိုက်သည်။ထို့နောက် ရိုမန်နှင့်ဒေလီယာတို့အား ရပ်ရန် အချက်ပြသည်။ထို့နောက် ချန်လွေ့ ဆောင့်ကြောင့်ထိုင်ပြီး ဓားမြှောင်တစ်လက်ထုတ်ကာ မြေပြင်ပေါ်၌ စတင်ရေးခြစ်တော့သည်။
တစ်စုံတစ်ခုဖြစ်နေကြောင်း နောက်ဘက်မှ မြင်လိုက်သည့် အကွိုင်း ရပ်တန့်လိုက်ပြီး မြေပြင်ပေါ်၌ အလင်းလက်စွပ် အရောင်တောက်လာသည်။အကွိုင်း အော်ပြောလိုက်သည်။
“ ရှင် ဘာလုပ်နေတာလဲ။ ”
“ ရှေ့မှာ ထောင်ခြောက်တစ်ခု ရှိတယ်။အဲဒါကို ဖယ်ရှားရမယ်။ ”
ချန်လွေ့ အမြန်ပြောသည်။အကွိုင်း ဆက်သွားကြည့်ရာ အမှန်တကယ်ပင် ရှေ့မှပုံမှန်မဟုတ်သော စွမ်းအင်အတက်အကျတစ်ခုကို ခံစားလိုက်ရသည်။အမှန်တကယ် ထောင်ခြောက်တစ်ခု ရှိနေပုံရသည်။
စကွိုင်းသည်လည်း မှော်ထောင်ခြောက်များကို လေ့လာဖူးသည်။ထို့ကြောင့် မှော်ထောင်ခြောက်များ ခင်းကျင်းရန်အတွက် အမျိုးမျိုးသော သက်ဆိုင်ရာပစ္စည်းများ ရှိရမည် ဖြစ်ကြောင်း သူသိသည်။သူ၏အရှေ့ရှိ “ဆရာသခင်”သည် ဓားမြှောင်တစ်လက်သာ ကိုင်ထားပြီး ရေးခြစ်နေသည်။ထို့ကြောင့် ပြဿနာ မရှိနိုင်လောက်ပေ။
မြေသားသည် အလွန်မာကြောပုံရသည်။အချိန်အတော်ကြာ ရေးခြစ်ပြီးနောက် ချန်လွေ့ ချွေးပြန်ရင်း မတ်တပ်ရပ်လိုက်သည်။
“ သွားကြမယ်။ ”
“ ဖြည်းဖြည်းပေါ့။ ”
အကွိုင်း ရုတ်တရက် ရှေ့ထွက်ပြီး ပြောသည်။
“ ဆရာသခင် ရစ်ချတ်။ရှင် အရင်နေပြီး အဖွဲ့သား နှစ်ယောက်ကို အရင်သွားခိုင်း။ပြီးရင် ကျွန်မတို့ အတူတူသွားမယ်။ ”
အကွိုင်း သံသယဖြစ်နေသည်မှာ သေချာနေသည်။သူသည် ချန်လွေ့တို့သုံးယောက် တစ်ခုခုလှုပ်ရှားမည်ကို သတိထားရန်အတွက် လက်ထဲ၌ အားအင်စုစည်းလိုက်သည်။
ချန်လွေ့ ခဏစဉ်းစားပြီး ဒေလီယာနှင့်ရိုမန်ကို ပြောသည်။
“ မင်းတို့နှစ်ယောက် ဒီလမ်းကြောင်းအတိုင်း ရှေ့ဆက်သွား။မြန်မြန်မသွားနဲ့။၁၀မီတာလောက် သွားရင်ရပြီ။ ”
ဒေလီယာနှင့်ရိုမန်တို့လည်း အချင်းချင်းကြည့်ပြီး ချန်လွေ့ ပြောသည့်အတိုင်း ရှေ့ဆက်သွားသည်။လမ်းတစ်လျှောက်၌ အမှန်တကယ်ပင် မည်သည့် အတားအဆီးမျှ မရှိနေပေ။
အကွိုင်း စိတ်ချသွားပြီး ချန်လွေ့အား တားကာ ရှေ့မှ အရင်သွားသည်။ဒေလီယာ၏ နည်းလမ်းအတိုင်း သူဖြတ်သန်းသည့်အခါ ခုခံ၍မရသော အစွမ်းထက်အားတစ်ခုက ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။သူ ဒေါသတကြီးသာ အော်ဟစ်လိုက်နိုင်ပြီးနောက် တစ်စွန်းတစ်စပင်မကျန်ဘဲ ပျောက်ကွယ်သွား၏။
“ ကိုယ့်ကိုယ်ကိုယ် တော်တယ်ထင်နေတဲ့ မိန်းမတစ်ယောက်ပဲ။ ”
ချန်လွေ့ ပုခုံးတွန့်ပြီး ရှေ့တည့်တည့် သွားလိုက်သည်။ထူးဆန်းစွာပင် ချန်လွေ့လမ်းလျှောက်သွားသည့်အခါ ရိုမန်နှင့်ဒေလီယာကဲ့သို့ပင် မည်သည်မှ သက်ရောက်မခံရခဲ့ပေ။
ရိုမန်က တအံ့တဩနှင့်မေးသည်။
“ အဲဒီမိန်းမကို မင်းသတ်လိုက်တာလား။မင်း ဘယ်လို လုပ်လိုက်တာလဲ။ ”
ချန်လွေ့ ခေါင်းခါသည်။
“ ဒါက လှည့်ကွက်သေးသေးလေးပါ။ဒီထောင်ခြောက်ရဲ့ အသက်ဝင်တဲ့အချိန်ကို ငါပြောင်းလဲလိုက်တာ။သူ မသေပါဘူး။စမှတ်ကို ပြန်ရောက်သွားတာ တစ်ခုပဲ။မြန်မြန်သွားရအောင်။အဲဒီမိန်းမ ဒေါသထွက်နေမှာပဲ။သူ ချက်ချင်း လိုက်မှီလာလိမ့်မယ်။ ”
“ တော်တယ်။မင်းက သူသံသယဝင်နေတာကိုတောင် ကြိုမြင်ခဲ့တယ်။ ”
ရိုမန်က ချန်လွေ့၏ပုခုံးကို ပုတ်လိုက်သည်။ဒေလီယာ၏ မျက်လုံးထဲ၌လည်း လေးစားမှု ပြသနေသည်။သို့သော်လည်း သူ ဘာမှ မမေးခဲ့ပေ။သူတို့သုံးယောက်သည် အကွိုင်းကို ဖယ်ရှားနိုင်ခဲ့ပြီး ရှေ့သို့ အမြန်သွားတော့သည်။
အမှန်တကယ်၌ ၎င်းသည် သေစေနိုင်သည် မဟုတ်သော [ အိမ်ပြန် ] ထွင်းစာ ဖြစ်သည်။ချန်လွေ့ မြေပေါ်၌ ရေးခြစ်နေသည်မှာ အချိန်ထောက်ပံ့ထွင်းစာ ဖြစ်သည်။ဒေလီယာနှင့် ရိုမန်သို့ ဖြတ်လျှောက်သွားသည့်အခါ ၎င်းသည် နှောင့်နှေးသောအခြေအနေ ဖြစ်သည်။အကွိုင်း ဖြတ်သန်းသွားသည့်အခါ ချန်လွေ့၏ အကြံအစည်အတိုင်း ချက်ချင်းပင် အစီအရင် အသက်ဝင်သွားသည်။ထို့နောက် အကွိုင်းသည် စတင်မှတ်သို့ အပို့ခံလိုက်ရလေသည်။
ကံမကောင်းစွာပင် ချန်လွေ့နှင့်ပါ့(ဂ်)လီအိုတို့၏ စွမ်းအားခြားနားမှုကြောင့် ချန်လွေ့သည် လက်ရှိတွင် တယ်လီပို့နှင့်သက်ဆိုင်သော ထွင်းစာ အသေးလေးများကိုသာ အသုံးချနိုင်သေးသည်။ထို့ပြင် ၎င်းသည် အလွန်အချိန်ကုန်သည်။သေစေနိုင်သော ထွင်းစာများကိုမူ မပြုပြင်နိုင်ပေ။သို့မဟုတ်ပါက အကွိုင်းသည် “ မြို့သို့ပြန်ပို့ခံရခြင်း ” ကဲ့သို့ ရိုးရှင်းမည် မဟုတ်ပေ။
သူတို့သုံးယောက်သ သွားနေရင်း ချန်လွေ့သည် လမ်းတစ်လျှောက်ရှိ ထွင်းစာထောင်ခြောက်များကို ဖျက်ပစ်သည်။ဝင်္ကပါသည် ထင်ထားသည်ထက် ပို၍ကျယ်နေသောလည်း ထွင်းစာအရေအတွက်မှာ တောကဲ့သို့ မများလှပေ။မြေအနေအထား ထူးဆန်းပြီး ရှုပ်ထွေးနေခြင်းသာ ဖြစ်သည်။၎င်းသည် အလိုအလျောက် ပြောင်းလဲနေပုံရသည်။သုံးလေးနာရီ လမ်းလျှောက်ပြီးနောက် သူတို့သည် အမှန်တကယ်ပင် အဝိုင်းပတ် ပတ်နေခြင်း ဖြစ်နေသည်။
လမ်းကြောင်း၏ အဝေးတစ်နေရာ၌ အော်သံတစ်ခု ရှိနေပုံရသည်။သူတို့သုံးယောက်သည် အကြားအာရုံ ကောင်းကြသည်။ထို့ကြောင့် သူတို့အရှိန်လျှော့ပြီး ပြောင်းလဲမှုများကို အချိန်မရွေး ကာကွယ်ရန်အတွက် တြိဂံပုံစံ ဖွဲ့စည်းလိုက်သည်။
ရှေ့မှ ခြေသံများ ချဉ်းကပ်လာသည်။သူတို့သုံးယောက်သည် တစ်ပြိုင်နက်တည်းပင် ရှေ့သို့ အလင်းကိရိယာများဖြင့် ချိန်လိုက်သည်။
ချန်လွေ့တို့သုံးယောက်မှ အလင်းရောင်များကို ခံစားမိရင်း ခြေလှမ်းများ ပိုပို၍ နီးကပ်လာပြီး ၎င်းသည် ပျာယာခတ်နေသည်။သူတို့၏မြင်ကွင်းထဲသို့ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
ထိုလူ၏အသံသည် အလန့်တကြား ဖြစ်နေပုံရသည်။
“ ကျုပ်ကို မသတ်ပါနဲ့။ကျုပ်က ဟာ့(ထ်)ပါ။ ”
ဟာ့(ထ်)လား။
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ရိုမန်နှင့် ဒေလီယာတို့က တစ်ခါမှ အရွေးမခံခဲ့ရသော ကံကောင်းသူတစ်ယောက်ကို တွေးမိလိုက်သည်။ဒေလီယာ အော်ပြောသည်။
“ ရှေ့မှာ ဘာဖြစ်နေတာလဲ။ ”
ဟာ့(ထ်)က ပြောသည်။
“ ရတနာတွေအများကြီးရှိတဲ့ ခန်းမတစ်ခုကို ကျုပ်တို့ ရှာတွေ့ခဲ့တယ်။ကာဆဲလက်က လူတွေအများကြီးကိုသတ်ပြီးတော့ ရတနာတွေကို အပိုင်စီးချင်ခဲ့တယ်။သူက လူလွှတ်ပြီး ကျုပ်ကို လိုက်ဖမ်းခိုင်းတယ်။ကျုပ်သူ့ကို မယှဉ်နိုင်ဘူး။အဲဒါကြောင့် လွတ်အောင် ထွက်ပြေးခဲ့ရတယ်။ ”
ထိုသူ၏အသံသည် ထူးဆန်းနေသည်။ထိုသူ စကားအများကြီး ပြောသည်မှာ ရှားသည်။သူ၏လေသံသည် တစ်ချက်တစ်ချက် နှေးကွေးနေပုံရပြီး အနည်းငယ် ကြက်သီးထစရာကောင်းလှသည်။
ဒေလီယာက ခပ်မြန်မြန် မေးလိုက်သည်။
“ ရတနာက ဘယ်မှာလဲ။ ”
“ ကျုပ်တစ်ခုပဲ အရယူနိုင်ခဲ့တယ်။ ”
ဟာ့(ထ်)က ရွှေရောင်ကျောက်မျက်တစ်ခုကို ထုတ်ပြလိုက်ငည်။
“ ကျုပ် ခင်ဗျားတို့ကို ဒါပေးပြီးတော့ ခန်းမဆီကို ခေါ်သွားလို့ရတယ်။သတ်မှတ်ချက် တစ်ခုပဲ ရှိတယ်။ကျုပ်ကို ဒီကြောက်စရာနေရာကနေ ဘာမှမထိခိုက်ဘဲ ခေါ်ထုတ်သွားပေးပါ။ ”
ဒေလီယာပ ကျောက်မျက်ကိုယူပြီး အလင်းလက်စွပ်အောက်၌ သေသေချာချာကြည့်ကာ တအံတဩနှင့် ပြောသည်။
“ ရွှေသလင်းကျောက်ပဲ။ ”
ရွေသလင်းကျောက်သည် သွေးသလင်းကျောက်အပြင် နတ်ဆိုးဘုံ၌ အရှားပါးဆုံး ရတနာများထဲမှ တစ်ခုဖြစ်သည်။သလင်းကျောက်မည်း၊ ခရမ်းသလင်းကျောက်နှင့် သလင်းကျောက်ဖြူများ ကဲ့သို့ပင် နတ်ဆိုးဘုံ၌ ငွေကြေးအဖြစ် အသုံးပြုကြသည်။ ချန်လွေ့သည် ခရစ္စတီးနား၏ ရွှေသလင်းကျောက် မှော်လက်ထိပ်ကို စုပ်ယူခဲ့ဖူးသည်။ သို့သော်လည်း ယခုတွင် ကြယ်စင်စုဥယျာဉ်ထဲ၌ အရှိန်အဝါသစ်သီးများ ရှိနေပြီဖြစ်သည့်အတွက် ချန်လွေ့သည် ထိုကဲ့သို့ ထိပ်တန်းကုန်ကြမ်းပစ္စည်းများကို စုပ်ယူစရာ မလိုအပ်တော့ပေ။
ဒေလီယာက ရွှေသလင်းကျောက်ကို တစ်ချက်ကြည့်ပြီး ချန်လွေ့ထံ ပစ်ပေးလိုက်သည်။
“ ဒါက ရှင့်ဟာပဲ။အရင်ကပြောခဲ့သလိုပဲ ကျွန်မက အဲဒီပစ္စည်းကိုပဲ လိုချင်တာ။ ပြီးတော့လည်း ဒါက ခေါင်းဆောင် သဘောအတိုင်းပါပဲ။ ”
ဒေလီယာက ချန်လွေ့၏စွမ်းအားသည် နတ်ဆိုးဘုရင်အဆင့် ရှိမည်ဟု စိတ်ထဲ၌ မှန်းဆပြီးသား ဖြစ်သည်။ချန်လွေ့သည် မှော်စက်ဝန်း၌ သူ့ထက် သာရုံသာမက ဉာဏ်လည်းကောင်းသည်။အကွိုင်းကဲ့သို့ မဟာနတ်ဆိုးဘုရင်အဆင့်သည်ပင် ချန်လွေ့၏ လှည့်စားမှုကို ခံခဲ့ရသည်။ထို့ကြောင့် ဒေလီယာသည် ချန်လွေ့၏စွမ်းရည်ကို အသိအမှတ်ပြုခဲ့ပြီး စိတ်ထဲ၌ “ ယာယီအဖွဲ့ခေါင်းဆောင် ” အဖြစ် သတ်မှတ်ထားခဲ့ပြီး ဖြစ်သည်။
ချန်လွေ့လည်း မတုံ့ဆိုင်းဘဲ ၎င်းကို သိမ်းဆည်းလိုက်သည်။ထို့နောက် ဟာ့(ထ်)ကို ပြောသည်။
“ ခင်ဗျားရဲ့ သတ်မှတ်ချက်ကို ကျုပ်ကတိပေးပါတယ်။ခင်ဗျားအရှေ့ကနေသွား။ကျုပ်တို့ နောက်ကနေ လိုက်လာမယ်။ဒါပေမဲ့ လိုရမည်ရ ကျုပ်တို့အန္တရာယ်ကင်းတဲ့ အကွာအဝေးကနေ နေမယ်။ ”
ဟာ့(ထ်) တုံ့ဆိုင်းသွားပြီးနောက် လှည့်ကာ ရှေ့မှသွားလိုက်သည်။
“ ရိုမန်။အလောင်းရုပ်သေးက ဘာလဲဆိုတာ မင်းသိလား။ ”
ချန်လွေ့က တိုးတိုးလေး ပြောသည်။
ရိုမန် မျက်မှောင်ကြုတ်လိုက်သည်။
“ အလောင်းရုပ်သေးက အလောင်းကို အမှောင်မှော်ပညာနဲ့ ရုပ်သေးအဖြစ် လုပ်ထားတာလေ။ ဘာလို့ မေးတာလဲ။ ”
“ အလောင်းရုပ်သေးအကြောင်း မင်းသိထားတာ ငါ့ကို အကုန်ပြောပြ။အရေးကြီးတယ်။ ”
“ ကျွန်မ ပြောပြမယ်။ ”
ဒေလီယာ စကားဖြတ်ပြောလိုက်သည်။
“ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်မ ဒီလူထက် ပိုပြီးတော့ သေချာသိတယ်။ ”
“ မင်းတို့နှစ်ယောက်က ကောင်းကောင်း သိနေတဲ့ပုံပဲ။ ”
ချန်လွေ့ ပြုံးဖြီးဖြီး လုပ်နေသည်။
ဒေလီယာ နှာမှုတ်လိုက်သော်လည်း စတင်ရှင်းပြနေ၏။
မှော်ပညာကို အလင်း၊အမှောင်၊မြေ၊ရေ၊မီး၊လေ ဟူသော ဒြပ်စင်(၆)မျိုးအဖြစ် ပိုင်းခြားထားသည်။အမှောင်ဒြပ်စင်သည် နတ်ဆိုးဘုံ၌ အပေါများဆုံးဖြစ်ပြီး အမှောင်မှော်ပညာကို ကျွမ်းကျင်သူများစွာ ရှိကြသည်။အထူးသဖြင့် အောက်လမ်းပညာရှင်များ ဖြစ်သည်။
မူရင်းအမှောင်မှော်ပညာ၌ အလောင်းများကို ထိန်းချုပ်ပြီး တိုက်ခိုက်နိုင်သော [ မသေမျိုးထိန်းချုပ်ခြင်း ] မှော်ပညာ တစ်ခုသာ ရှိခဲ့သည်။လွန်ခဲ့သော နှစ်ပေါင်း၁၆၀၀၀ခန့်၌ ဆိုင်ပရက် အမည်ရှိ ပါရမီရှင် အောက်လမ်းပညာရှင် တစ်ယောက်က အမှောင်မှော်ပညာကို အခြေခံအဖြစ် အသုံးချကာ ထိုမှော်ကို တိုးတက်အောင်ပြုလုပ်နိုင်ခဲ့ပြီးနောက် မသေမျိုးများကို ဖန်တီးနိုင်သော မှော်ပညာအတွဲလိုက်ကို တီထွင်နိုင်ခဲ့သည်။၎င်းကို အောက်လမ်းပညာဟုခေါ်ပြီး အမှောင်မှော်ပညာ၏ အခွဲတစ်ခုလည်း ဖြစ်သည်။
[ အလောင်းရုပ်သေးပညာ ] လည်း ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။၎င်းသည် အလောင်းများကို အသက်ပြန်သွင်းပြီး ထိန်းချုပ်၍ရသော ရုပ်သေးအနေဖြင့် တိုက်ခိုက်၍ရသည်။အပေါ်ယံ၌ ၎င်းသည် သာမန်လူများနှင့် သိပ်မကွာခြားပေ။သို့သော်လည်း ကြာရှည်မခံပေ။အချိန်ကြာလာသည်နှင့်အမျှ အလောင်း၏လက္ခဏာများ ပိုမိုသိသာလာသည်။မှော်အစွမ်းအာနိသင် ကုန်သွားသည့်အခါ အလောင်းရုပ်သေးသည် အလျင်အမြန် ယိုယွင်းပျက်စီးသွားမည်ဖြစ်ပြီး ထပ်မံအသုံးပြု၍ မရနိုင်တော့ပေ။
၎င်းအပြင် အောက်လမ်းပညာ၌ [ အရိုးခြောက် ဆင့်ခေါ်ခြင်း ] ၊ [ ဖုတ်ကောင်ပြုလုပ်ခြင်း ] ၊ [ အလောင်းဖောက်ခွဲခြင်း ] အစရှိသည်တို့လည်း ရှိသည်။၎င်းတို့သည် အလွန်ပင် ကြက်သီးထစရာ ကောင်းလှပေသည်။
“ ဟုတ်ပြီ။ ”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ထို့နောက် ရှေ့တွင် ရပ်တန့်နေသော ဟာ့(ထ်)ကို ကြည့်ရင်း အသာလေး ပြုံးသည်။
“ ကြားရဲ့လား။မစ္စတာ အလောင်းရုပ်သေး။ ”
ထိုသို့ပြောလိုက်သည်နှင့် ရိုမန်နှင့် ဒေလီယာတို့ တပြိုင်နက်တည်း ထိတ်လန့်သွားကြသည်။ရိုမန်၏ ဘယ်မျက်လုံး၌ အလင်းရောင်ဖျော့ဖျော့ တောက်ပလာကာ ဟာ့(ထ်)ကို ကြည့်လိုက်သည်။သူ၏မျက်နှာ တုန်လှုပ်သွား၏။
“ သူ့မှာ တကယ်ပဲ မသေမျိုးအငွေ့အသက် ရှိတယ်။ဒါပေမဲ့ သူက အောက်လမ်းပညာကို လေ့ကျင့်နေတဲ့ အောက်လမ်းပညာရှင်လို့ပဲ ငါထင်ထားခဲ့တာ။သူက အလောင်းရုပ်သေးဆိုတာ မင်းဘာလို့ သေချာနေရတာလဲ။ ”
ရိုမန်၏ [ မိစ္ဆာမျက်လုံး ] သည် အတော်လေး အားကုန်သည့် အစွမ်းဖြစ်သည်။ထို့ကြောင့် ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ] ကဲ့သို့ အချိန်အကြာကြီး အသုံးပြု၍မရပေ။
“ ငါက ခေါင်းဆောင်မို့လို့ပေါ့။ရှင်းရှင်းလေးပါ။ ”
ချန်လွေ့က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
“ သူ့ရဲ့လက်ရှိစွမ်းအားက နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းပဲ။အခုက မင်း တွင်းဖြည့်ရမယ့် အလှည့်ပဲ။ ”
သရုပ်မှန်ကို အမြင်ခံလိုက်ရသည့်အတွက် ဟာ့(ထ်)သည် ကြောက်စရာကောင်းအောင် အာခေါင်ခြစ်အော်ဟစ်လိုက်ပြီး ချက်ချင်းပင် မဟာနတ်ဆိုး၏ တိုက်ခိုက်ရေးအသွင်အဖြစ် ပြောင်းလဲသွားသည်။ထို့ပြင် မဟာနတ်ဆိုး၏ ခန္ဓာကိုယ် ဆက်လက်ပြောင်းလဲနေသည်။ သူ၏မျက်တွင်း ချောင်ကျလာပြီး ခန္ဓာကိုယ် ရောင်ကိုင်းလာသည်။လက်သည်းများလည်း ရှည်လာ၏။အရိုးသည် ကျောဘက်ကို ဖောက်ထွင်းသွားသည်။သူသည် ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါး အကောင်ကြီး ဖြစ်လာသည်။
“ ဒါကပြောင်းလဲနိုင်တဲ့ အလောင်းရုပ်သေးပဲ။သတိထားကြ။အဲဒါက အဆင့်မြင့် [ အလောင်းရုပ်သေးပညာ ] ပဲ။ ”
ဒေလီယာ အော်ပြောပြီးနောက် ချန်လွေ့အရှေ့၌ ကာလိုက်သည်။
[ သရုပ်ခွဲမျက်လုံး ] ၌ ဟာ့(ထ်)၏ တိုက်ခိုက်ရေး စွမ်းအားသည် [ C+ ] အထိ တိုးသွား၏။