မဟာနတ်ဆိုးဘုရင်အဆင့် တစ်ယောက်အား ပူးပေါင်းတိုက်ခိုက်ခြင်း
Vol. 15 Ch. 219
ချန်လွေ့နှင့်အခြားသူများကို ကာဆဲလက် ကြည့်သောအကြည့်သည် ယခင်ကကဲ့သို့ မြှောက်ပင့် ဖော်လန်ဖားမှုများ မရှိတော့ပေ။သူ၏ရက်စက်သော မျက်လုံးများထဲ၌ သတ်ဖြတ်ချင်စိတ်များသာ အပြည့်ဖြစ်နေသည်။ထိုအကြည့်သည် ဒိုဒိုအား ကြောက်လန့်သွားစေသည်။ဒိုဒိုသည် ကျောပိုးအိတ်ထဲ ပုန်းနေလိုက်၏။
ဒေလီယာနှင့် ရိုမန်တို့သည် ချန်လွေ့ လဲလှယ်ခဲ့သော ဆရာသခင်အဆင့် ဖြည့်တည်းဆေးရည်ကို သောက်သုံးပြီးပြီ ဖြစ်သည်။သူတို့၏ ဒဏ်ရာနှင့် ခွန်အားများ အလျင်အမြန် ပြန်သက်သာ ဖြည့်တင်းလာသော်လည်း တိုက်ခိုက်ရေးစွမ်းအားမှာ အချိန်တိုအတွင်း ပြန်မဖြည့်တင်းနိုင်ပေ။သေရေးရှင်ရေးအချိန် ရောက်နေပြီဖြစ်ကြောင်း သူတို့နှစ်ဦး သိကြသည်။သူတို့သည် စွမ်းအားများကို တိတ်တဆိတ်စုစည်းပြီး ချန်လွေ့၏ဘေး တစ်ဖက်တစ်ချပ်ဆီမှ ရပ်နေလိုက်သည်။
“ သူပြောတာယုံရအောင် ခင်ဗျားက တကယ့်ကို တုံးအတာပဲ။သူက ကျုပ်တို့အချင်းချင်း သတ်အောင် လုပ်နေတာ။ ”
ချန်လွေ့က သရော်ပြုံးပြုံးလိုက်သည်။
“ အကွိုင်းလည်း မန်မွန်တော်ဝင်မိသားစုကပဲ။ဒါပေမဲ့ သူက အကွိုင်းကို မညှာတာပဲ သတ်ပစ်ခဲ့တယ်။ခင်ဗျား ကျုပ်တို့ကို သတ်ပစ်ရင်တောင် ခင်ဗျားလည်း နောက်ဆုံးသေရမှာပဲ။ ”
“ မဟာမိတ်ဟောင်း တစ်ယောက်အနေနဲ့ ငါမင်းကို နောက်ဆုံးစကားပြောခွင့် နှစ်မိနစ်ပေးမယ်။ ”
ကာဆဲလက် ရက်ရက်စက်စက် ပြုံးလိုက်သည်။မဟာမိတ်ဖြစ်တော့ ဘာဖြစ်လဲ။ ခုနတုန်းက ငါ့အဖော်ကိုတောင် ကိုယ်တိုင် လက်နဲ့သတ်ပစ်ခဲ့တာ။နှစ်မိနစ်ဆိုတာကလည်း ဖြည်းတင်းဆေးရည် အသက်ဝင်လာဖို့အတွက်ပဲ။
ကာဆဲလက် သာမက ဒေလီယာနှင့်ရိုမန်တို့လည်း ပြန်လည်အားပြည့်ရန် အချိန်လိုအပ်သည်။သို့သော်လည်း လက်ရှိအခြေအနေမှာ အလွန်ကျပ်တည်းနေပြီ ဖြစ်သည်။သူတို့သည် အစွမ်းထက်ဆုံး အချိန်၌ပင် ကာဆဲလက်၏ ပြိုင်ဘက်များ မဟုတ်ကြပေ။
“ ကျွန်မရှင့်ကို တစ်ခုမေးမယ်။အဲဒီတုန်းက ရှင် ဘာဖြစ်လို့ ထွက်သွားခဲ့တာလဲ။ ”
ဒေလီယာ ရုတ်တရက် မေးလိုက်သည်။သူတို့နှစ်ယောက်သည် ထာဝရ ချစ်မြတ်နိုးရန်နှင့် သက်ဆုံးတိုင်အတူတူနေကြရန် ကတိပြုထားကြသည်။သို့သော်လည်း ရိုမန်အား ဒေလီယာ အလိုအပ်ဆုံး အချိန်၌ ရိုမန် ထွက်သွားခဲ့သည်။ထိုမေးခွန်းသည် သုံးနှစ်ကြာ ဒေလီယာ၏နှလုံးသားထဲ၌ ကွယ်ဝှက်ထားခဲ့ပြီး မုန်းတီးမှု၊ဝမ်းနည်းမှု၊စိတ်ပျက်မှုတို့၏ အရင်းအမြစ် ဖြစ်သွားခဲ့သည်။လမ်းတစ်လျှောက်၌ ဒေလီယာသည် ရိုမန်အား လျစ်လျူရှုခဲ့သော်လည်း ယခုသည် ဘဝ၏နောက်ဆုံး အခိုက်အတန့် ဖြစ်နေပြီ ဖြစ်သည်။ယခုမမေးလျှင် နောက်ထပ် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
ရိုမန် ခေါင်းငုံ့လိုက်သည်။
“ အဲဒါ ဘရော့(ခ်)ကြောင့်..... ”
ထိုနာမည်က ဒေလီယာကို တုန်လှုပ်သွားစေသည်။ရိုမန် ဆက်ပြောသည်။
“ သူက ငါ့အဖေကို ဖမ်းထားခဲ့တယ်။ငါ မထွက်သွားရင် သူက မင်းနဲ့င့ါအဖေပေါ်မှာရှိတဲ့ [ ဝိညာဉ်လက်ထိတ် ] ကို ဖောက်ခွဲပစ်မယ်လို့ ပြောတယ်။ ”
ဘေးဖက်မှချန်လွေ့လည်း အံ့အားသင့်သွားသည်။[ ဝိညာဉ်လက်ထိတ် ]သည် လီဗျာသန် တော်ဝင်မိသားစု၏ သွေးမျိုးဆက် ပါရမီ သုံးမျိုးထဲမှ တစ်မျိုး ဖြစ်သည်။၎င်းသည် အခြားသူများကို ကျွန်ပြုနိုင်သည်။နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကဲ့သို့ အခြားသူများကို လုံးဝမထိန်းချုပ်နိုင်သော်လည်း ကျွန်ပြုသည့်ပစ်မှတ်ကို အချိန်-လေဟာနယ်မှတစ်ဆင့် တိုက်ရိုက် သတ်ပစ်နိုင်သည်။[ ဝိညာဉ်လက်ထိတ် ] ကို ညီမဖြစ်သူအပေါ်၌ ဘရော့(ခ်) အသုံးပြုထားလိမ့်မည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။
ရိုမန်က လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည်။ပြင်းထန်သောအားကြောင့် သူ၏လက်ဆစ်များ အဖြူရောင်ဖြစ်သွား၏။
“ နောက်ဆုံးတော့ ငါ့အဖေ.....သေသွားတာပါပဲ။ ”
“ စိတ်မကောင်းဘူး။ကျွန်မက ရှင့်ကို ပြဿနာ ဖြစ်စေခဲ့တာပဲ။ ”
ဒေလီယာ၏မျက်လုံးများ ပျော့ပျောင်းသွားသည်။
“ တကယ်တော့ ရှင့်ရဲ့ပြဿနာတွေကို ကျွန်မ သိပါတယ်။ဒါပေမဲ့ ကျွန်မက ကိုယ့်ခံစားချက်ကိုပဲ တွေးတတ်တဲ့ တကိုယ်ကောင်းဆန်တဲ့ မိန်းမတစ်ယောက်ပါ။သေခြင်းကပဲ ကျွန်မအတွက် သက်သာရာ ဖြစ်လိမ့်မယ်။ကျွန်မအတွက်တော့ လွန်ခဲ့တဲ့သုံးနှစ်မှာ အသက်ရှင်ရတာက သေတာထက်ပိုပြီးတော့ ခံစားရတယ်။ကံမကောင်းစွာနဲ့ပဲ အနီးကပ်စောင့်ကြည့်တာတွေနဲ့ [ ဝိညာဉ်လက်ထိပ် ] ကြောင့် ကျွန်မမှာ သေဖို့တောင် လွတ်လပ်ခွင့် မရှိခဲ့ဘူး။ ”
ထို့နောက် ဒေလီယာသည် ပိုးဇာလွှားကို ဖယ်လိုက်သည်။လှပနေရမည့် မျက်နှာ၌ ကြောက်မက်ဖွယ်ရာ အမာရွတ်များ ပြည့်နှက်နေကာ အရုပ်ဆိုးနေသည်။
“ နေ့တိုင်း နောက်ဆုံး သက်သာရာရဖို့ကို စောင့်ဆိုင်းရင်းနဲ့ ကျွန်မရဲ့မျက်နှာကို တစ်ခါလှီးတယ်။အခုတော့.... ”
ရိုမန် သိမ့်သိမ့်တုန်သွားပြီး ဒေလီယာ၏လက်ကို ကိုင်လိုက်သည်။
“ ငါမင်းနဲ့အတူ ရှိနေပါတယ်။ ”
ရိုမန်သည် အပိုလုပ်ရပ်များ၊အပို ချစ်စကားများ မလုပ်ခဲ့ မပြောခဲ့ပေ။ဒေလီယာ၏ ပျက်စီးနေသော ရုပ်ရည်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်သကဲ့သို့ပင် ဒေလီယာကိုလည်း မနှစ်သိမ့်ပေးခဲ့ပေ။ထိုကဲ့သို့ ရိုးရှင်းသော စကားတစ်ခွန်းကိုသာ ပြောခဲ့သည်။
သေမှခွဲမယ်။ဒါပဲ။
ဒေလီယာ၏မျက်လုံးထဲ၌ ညင်သာမှုများ အရောင်လက်သွားသည်။သူတို့နှစ်ယောက်၌ မြောက်မြားလှစွာသော အခက်အခဲများရှိကြပြီး ပြောစရာ အများအပြား ရှိနေကြသော်လည်း ယခုအချိန်၌ ထိုစကားတစ်ခွန်းသည် လုံလောက်နေပြီ ဖြစ်သည်။
“ မင်းတို့အားလုံး ဒီလောက်သေချင်နေမှတော့ ခုခံမနေတော့။ ”
ကာဆဲလက်၏ ရယ်သံ ထွက်လာသည်။သူ၏လက်ထဲ၌ ဓားတစ်ချောင်း ရှိနေပြီ ဖြစ်သည်။
“ မင်းတို့စုံတွဲရဲ့ ဆန္ဒကို ငါဖြည့်ဆည်းပေးနိုင်တယ်။ ”
“ ကျုပ် သေမယ်ဆိုရင်တော့ ခင်ဗျားကို သေချာပေါက် ဆွဲခေါ်သွားမယ်။ ”
ချန်လွေ့သည် တိုးမြှင်းဆေးရည်မည်း လေးပုလင်း အတွဲလိုက် သောက်ပြီးပြီ ဖြစ်သည်။ထို့နောက် သူသည် နောက်ထပ်ရှစ်ပုလင်း လဲလှယ်လိုက်ပြီး ရိုမန်နှင့် ဒေလီယာတို့လက်ထဲ ထိုးပေးကာ ရှေ့သို့ လမ်းလျှောက်သွားသည်။
“ ပြောတာကောင်းတယ်။ ”
ရိုမန်နှင့် ဒေလီယာတို့ အချင်းချင်း ကြည့်လိုက်ကြသည်။သူတို့သည် အချင်းချင်း၏ မျက်လုံးထဲ၌ ဆုံးဖြတ်ချက် ပြတ်သားမှုများကို မြင်လိုက်ရပြီး ဆေးရည်ကို ချက်ချင်းသောက်လိုက်သည်။သူတို့၏ စွမ်းအားအမျိုးမျိုး တိုးတက်သွားသည်ဟု ခံစားလိုက်ရသည်။သူတို့ အံ့အားသင့်သွားသည်။ နေပါဦး။ဒီဆေးရည်တွေရဲ့အရောင်က......
သို့သော်လည်း ယခုအချိန်သည် ဆေးရည်အကြောင်း စုံစမ်းရန် အချိန်မဟုတ်ပေ။ကြောက်မက်ဖွယ်ရာကောင်းသော ဂူရာဒန်လည်း ရှိနေသေးသည်။လက်ရှိ၌ သူတို့သည် ကာဆဲလက်ကို အရင်ဦးစွာ ရှင်းပစ်ရမည် ဖြစ်သည်။
ကာဆဲလက် ခုန်လိုက်ပြီး ချန်လွေ့အရှေ့သို့ ရောက်ရှိသွားသည်။သူသည် အားအနည်းဆုံးသူကို အရင်စသတ်ချင်ခဲ့သည်။ချန်လွေ့ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး သူ၏နောက် ရောက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ချန်လွေ့၏ လက်သည် ဓားပုံစံဖြစ်နေပြီး အရောင်ဖျော့ဖျော့ တောက်နေကာ ကာဆဲလက်ဆီသို့ ခုတ်ပိုင်းလိုက်သည်။ကာဆဲလက် ဘေးဖက်သို့ရွှေ့ပြီး ထိုခုတ်ချက်ကို ရှောင်တိမ်းလိုက်သည်။သို့သော်လည်း မမျှော်လင့်ဘဲနှင့် ထိုလက်ဓားတွင် မမြင်နိုင်သော နောက်ပိုင်း သက်ရောက်မှုတစ်ခု ရှိနေပြီး ကာဆဲလက်၏ နံရိုးအောက်တွင် ဓားထက်ထက်ဖြင့် အဖြတ်ခံလိုက်ရသကဲ့သို့ပင် သွေးများစွန်းထင်သွားတော့သည်။
မဟုတ်ဘူး။ဒီမှော်စက်ဝိုင်းဆရာသခင်ရဲ့ စွမ်းအားက သေချာပေါက် အမြင့်ဆင့်နတ်ဆိုး မဟုတ်ဘူး။ ကာဆဲလက် ကြက်သေသေသွားသည်။ထို့နောက်တွင် ရိုမန်သည် လျှပ်စီးကဲ့သို့ ရောက်ရှိလာသည်။သူ၏လက်ထဲရှိ ဓားပြာများသည်လည်း အလင်းကွေး နှစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကာဆဲလက်၏ ပုခုံးကို ခုတ်ပိုင်းလိုက်သည်။သူ၏အမြန်နှုန်းသည် ယခင်ထက်ပင် မြန်ဆန်နေသည်။
ကာဆဲလက်သည် ဓားကို စက်ဝိုင်းပုံစံ ဝှေ့ရမ်းလိုက်သည်။အလင်းကွေးနှစ်ခုကို သူကာလိုက်သော နေရာတိုင်း၌ မီးပွင့်များ ထွက်လာသည်။သူ ပြန်တိုက်ခိုက်မည် ပြင်လိုက်စဉ် သူ၏ခြေထောက် ရုတ်တရက် အေးသွားသည်။သူ၏သွေးများ အေးခဲသွားသည်။အချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ပေါ်၌ အခြားစွမ်းအားတစ်ခု စုစည်းနေပြီး လှုပ်ရှားမှုများကို နှေးကွေးနေစေသည်။
[ အေးခဲခြင်း ] ။ [ အရှိန်လျှော့ ] ။
ကာဆဲလက် ရုတ်တရက် နှေးကွေးသွားပြီး ရိုမန်၏ အကြိမ်ပေါင်းများစွာ ခုတ်ပိုင်းချက်များကို ခံလိုက်ရသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ခုခံရေး စွမ်းအားများက ဖုံးလွှမ်းထားသော်လည်း ထိုဓားပြာနှစ်လက်၏ ထက်မြက်မှုကို လုံးဝ မတိမ်းရှောင်နိုင်ပေ။ချက်ချင်းပင် သူ၏သွေးများ နေရာအနှံ့ ပန်းထွက်သွားတော့သည်။
[ အေးခဲခြင်း ] အသုံးပြုလိုက်သူမှာ ရေမှော်ပညာကို ကျွမ်းကျင်သော ဒေလီယာပင် ဖြစ်သည်။[ အရှိန်လျှော့ ] သည် မြေမှော်ပညာကို ကူးယူ ကျွမ်းကျင်ထားသော ချန်လွေ့ထံမှ ဖြစ်သည်။
ပထမတစ်ချီ၌ သူတို့သုံးယောက်၏ ပူးပေါင်းမှုနှင့်အတူ ကာဆဲလက်ကဲ့သို့ မဟာနတ်ဆိုးဘုရင်အဆင့် တစ်ယောက်ကို အမှန်တကယ်ပင် ဒဏ်ရာရအောင် ပြုလုပ်နိုင်ခဲ့သည်။
သို့သော်လည်း ၎င်းသည် တစ်ဖက်သူ၏ ပေါ့ဆမှုကြောင့်သာဖြစ်ကြောင်း သူတို့သုံးယောက်စလုံး သိကြသည်။အဆင့်ခြားနားမှုမှာ အတော်လေး သိသာလှသည်။ဆေးရည်ကဲ့သို့သော အားဖြည့် ပစ္စည်းများ အသုံပြုရုံဖြင့် လုံးဝ တန်းညှိနိုင်သည် မဟုတ်ပေ။
ကာဆဲလက် ဒေါသတကြီး အော်ဟစ်လိုက်သည်။သူ၏အငွေ့အသက်များ ရုတ်တရက် ထုတ်လွှတ်လိုက်သည်။အနီးအနားမှ ရိုမန်နှင့် နောက်မှ အလစ်တိုက်ရန် ချောင်းနေသော ချန်လွေ့တို့ တစ်ပြိုင်နက်တည်း လွင့်စင်သွားကြသည်။ကာဆဲလက်က လက်နှစ်ဖက်ဝှေ့ရမ်းလိုက်ရာ [ အေးခဲခြင်း ] နှင့် [ အရှိန်လျှော့ ] တို့ လုံးဝနီးပါး ပျောက်ကွယ်သွားသည်။၎င်းသည် အက်(စ်)မိုဒက်(စ်) တော်ဝင်မိသားစု၏ သွေးမျိုးဆက် ပါရမီဖြစ်သော [ ဒြပ်စင်အားနည်းခြင်း ] ပင် ဖြစ်သည်။
ထိုသွေးမျိုးဆက်ပါရမီသည် မိသားစုတိုင်း၏ မှော်ကျွမ်းကျင်မှုကို တန်ပြန်နိုင်သည်။
ကာဆဲလက်၏ခန္ဓာကိုယ်မှ ထူးဆန်းသော အဝါရောင်အလင်း ထွက်လာပြီး သူ၏ပတ်ပတ်လည်၌ ဖရဲသီးအရွယ် စွမ်းအင်အလင်းလုံးများ ပေါ်ထွက်လာသည်။သူသည် ချန်လွေ့နှင့် အခြားသူများကို လက်ညှိုးထိုးလိုက်ပြီး အနီးပစ်သေနတ်ကဲ့သို့ ပစ်ထည့်လိုက်သည်။
ပါ့(ဂ်)လီအို ပြောသည့်အတိုင်းပင် နတ်ဆိုးဘုရင်အဆင့်နှင့် အထက်အဆင့်များသည် စွမ်းအားဥပဒေသအချို့ကို နားလည်သဘောပေါက်ကြသည်။သူတို့သည် အမျိုးမျိုးသော စွမ်းအင်တိုက်ခိုက်မှုများကို ပြုလုပ်နိုင်ကြသည်။
ဒေလီယာ၏ အပြာရောင် ညာဘက်မျက်လုံး ရုတ်တရက် နက်မှောင်သွား၏။ထိုအလင်းလုံးများ အချိန်အတော်ကြာ ရပ်တန့်သွားပုံရပြီး စုစည်းသွားကာ ဆက်လက်ပျံသန်းလာသည်။[ နတ်မိစ္ဆာမျက်လုံး ]၏ မှော်အစီအရင်စွမ်းအားသည် ထိုအလင်းလုံးများကို တစ်စက္ကန့် နှစ်စက္ကန့်သာ ရပ်တန့်ပေးနိုင်သော်လည်း ရှောင်တိမ်းရန် အချိန်လုံလောက်ပေသည်။ရိုမန်သည် ဒေလီယာကို ပွေ့ဖက်ပြီး အန္တရာယ်ကင်းသောနေရာသို့ အထင်ကြီးလောက်စရာ အမြန်နှုန်းဖြင့် ရှောင်တိမ်းလိုက်သည်။
အလင်းလုံးနှစ်လုံးကို ရှောင်တိမ်းလိုက်စဉ်က ချန်လွေ့သည် ရုတ်တရက် အန္တရာယ်တစ်ခုခုကို အာရုံခံလိုက်မိသည်။သူ၏အရှေ့၌ ကာဆဲလက် ရုတ်တရက် ရောက်ရှိလာပြီး အလျင်အမြန်ပင် ဓားနှင့်ပိုင်းလိုက်သည်။ချန်လွေ့သည် တိုးမြှင့်ဆေးရည်မည်း သောက်ထားသော်လည်း ထိုခွန်အားနှင့် အမြန်နှုန်းကို လိုက်မမှီသေးပေ။ချန်လွေ့ တယ်လီပို့ ခုန်လိုက်ပြီး အဝေးသို့သွားလိုက်သည်။ထို့နောက် လက်ဖြန့်ပြီး ကာဆဲလက်အား [ အရုဏ်ဦးပစ်ချက် ] ဖြင့် ပစ်ထည့်လိုက်၏။
“ရစ်ချတ်”သည် နတ်ဆိုးဘုရင်အဆင့်ဖြစ်ပြီး နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းဖြစ်ကြသော ရိုမန်နှင့် ဒေလီယာတို့ထက် အနည်းငယ် နိမ့်ကျသည်။သူသည် ချန်လွေ့အား အရင်ဦးစွာ ရှင်းပစ်ချင်ခဲ့သည်။သို့သော်လည်း သူ၏ခုတ်ပိုင်းချက် လွဲချော်သွားလိမ့်ဦးမည်ဟု မထင်ထားခဲ့ပေ။အနားကပ်လာသည့် အလင်းဖြူလုံးကိုမြင်ပြီး ကာဆဲလက် အော်ဟစ်ကာ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။[ အရုဏ်ဦးပစ်ချက် ] သည် ထက်မြက်လှသောအားကြောင့် နှစ်ပိုင်းပြတ်ထွက်သွားသည်။သူ အသက်မရှူနိုင်သေးခင်မှာပင် ရိုမန်၏ပုံရိပ် ပြန်ပေါ်လာပြန်သည်။
ရိုမန်၏ [ လျှပ်တပြတ် ] ပါရမီသည် မဟာနတ်ဆိုးဘုရင်အဆင့်တစ်ယောက်ကဲ့သို့ မြန်ဆန်သည်။ဆေးရည်မည်းများကိုသောက်ပြီးနောက် သူ၏အမြန်နှုန်းသည် ကာဆဲလက်ထက် သာလွန်သွား၏။သို့သော်လည်း အခြားနေရာများသည် အမြန်နှုန်းကို မကိုက်ညီသေးပေ။သူ ကာဆဲလက်ကို ထိအောင် တိုက်ခိုက်နိုင်သော်လည်း သေစေနိုင်လောက်သော ထိခိုက်မှု မပြုလုပ်နိုင်ပေ။
ကာဆဲလက်သည် တစ်ခါတည်းဖြင့် သုံးလေးချက် ခုတ်ပိုင်းမှုများကို တားဆီးလိုက်သည်။သူဖျပ်ခနဲပျောက်ကွယ်သွားရန် ပြင်လိုက်စဉ် သူ၏ခြေထောက် ရုတ်တရက် တောင့်တင်းသွားပြီး ခလုတ်တိုက်လုမတတ် ဖြစ်သွားသည်။ဒိုဒိုသည် သူ၏ခြေထောက်အောက်သို့ တိတ်တဆိတ်ရောက်ရှိလာခဲ့ပြီး တိုက်ကြိုးဖြစ်သွားခြင်း ဖြစါသည်။ကာဆဲလက် ဒေါသထွက်သွား၏။သူသည် ရိုမန်၏ ထက်မြက်လှသောဓားကို ခုခံရင်း ဒိုဒိုကို တိုက်ခိုက်ရန် ပြင်လိုက်စဉ် ဉာဏ်များသော ချွဲကျိကောင်သည် ချန်လွေ့၏ပုခုံးပေါ်သို့ ပြန်ခုန်တက်လိုက်သည်။
ချန်လွေ့တို့အဖွဲ့သည် ကောင်းမွန်စွာ ပူးပေါင်းတိုက်ခိုက်နေသော်လည်း စွမ်းအားခြားနားမှုမှာ သိသာလှသည်။ထို့ပြင် အက်မိုဒက်(စ်) တော်ဝင်မိသားစု၏ [ ဒြပ်စင်အားနည်းခြင်း ] ပါရမီသည် မှော်ကျွမ်းကျင်မှုများအတွက် တန်ပြန်တစ်ခု ဖြစ်နေခဲ့ပြီး သူတို့သုံးယောက် မှော်အသုံးပြုရန် မဖြစ်နိုင် ဖြစ်နေစေသည်။သုံးလေးခေါက် တိုက်ခိုက်ပြီးနောက် တစ်ယောက်စီတိုင်းတွင် ဒဏ်ရာများ ရလာသည်။အထူးသဖြင့် ရိုမန်နှင့်ဒေလီယာတို့၏ ဒဏ်ရာများမှာ ပိုမိုပြင်းထန်လှသည်။
ကာဆဲလက်လည်း မသက်သာပေ။သူ၏သက်လုံ ကြီးကြီးမားမား ကုန်ဆုံးသွားခဲ့ပြီး ယခုတွင် ပို၍ ကုန်ခမ်းသွားသည်။ထိုပြိုင်ဘက်များသည် သူ့ထက် အားနည်းသည်။သို့သော်လည်း တစ်ယောက်ကိုမှ မရှင်းပစ်နိုင်ခဲ့ပေ။သူ သတိမထားလျှင် ရှုံးနိမ့်သွားလိမ့်မည် ဖြစ်သည်။
နှစ်ဖက်စလုံးသည် အချင်းချင်းခွာလိုက်ပြီး သေသေချာချာ ရင်ဆိုင်ကြသည်။ချန်လွေ့သည် စိတ်ထဲ၌ စိုးရိမ်နေ၏။အခြေအနေသည် အတော်လေး ကျပ်တည်းနေသည်။စစ်မှန်ဆေးရည်အတွဲမှာလည်း မိနစ်၂၀သာ အာနိသင်ရှိသည်။ထို့ပြင် အချိန်တစ်ဝက်နီးပါးလည်း ကုန်ဆုံးနေပြီ ဖြစ်သည်။သူတို့သုံးယောက်၏ စုပေါင်းစွမ်းအားသည် ကာဆဲလက်အား ယှဉ်နိုင်ရုံသာရှိသည်။အနိုင်ယူရန် မဖြစ်နိုင်သေးပေ။
အစွမ်းသက်ရောက်မှုအချိန် ကုန်ဆုံးသွားသည်နှင့် သူတို့သေချာပေါက် ရှုံးနိမ့်သွားမည် ဖြစ်သည်။
ချန်လွေ့သည် အသီနာကို ပြန်တွေ့ချင်ပြီး အဆိပ်နဂါးကို ချိပ်ပိတ် ဖြုတ်ပေးချင်သေးသည်။လုပ်စရာ အများကြီး ကျန်နေသေးသည်။ဤနေရာ၌ သူလုံးဝ သေသွား၍မဖြစ်ပေ။
ပြဿနာမှာ သူနှင့် ကာဆဲလက်ကြားရှိ စွမ်းအားခြားနားမှုအရ နောက်ဆုံး အနှိုင်းမဲ့အစွမ်းဖြစ်သော [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ကို အသုံးပြုလျှင်ပင် ပြိုင်ဘက်ဖြစ်ဦးမည် မဟုတ်ပေ။ထို့ပြင် [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] အသုံးပြုပြီးနောက် သူသည် ၂၄နာရီကြာ မည်သည့်အစွမ်းကိုမှ အသုံးမပြုနိုင်ပေ။
“ ရိုမန်။မင်းရဲ့စွမ်းအား ငါ့ကိုပေး။ ”
ချန်လွေ့ ခေါင်းလှည့်ကာ ပြောသည်။
“ မြန်မြန်လုပ်။အစွမ်းပိုများလေ ပိုကောင်းလေပဲ။အချိန်ပိုကြာလေ ပိုကောင်းလေပဲ။ ”
[ မိစ္ဆာမျက်လုံး ] တွင် စွမ်းအားကို ယာယီလွှဲပြောင်းနိုင်သော စွမ်းရည်ရှိသည်။ချန်လွေ့သည် ၎င်းကို တိုက်ခိုက်နေစဉ် မြင်တွေ့ခဲ့ရသည်။သူ ယခု လိုအပ်သည်မှာ ရိုမန်၏ ယုံကြည်မှုပင် ဖြစ်သည်။
ရိုမန် မတုံ့ဆိုင်းခဲ့ပေ။သူ၏ဘယ်မျက်လုံး၌ အဖြူရောင် အလင်း စုစည်းသွားပြီး ချန်လွေ့ထံသို့ ကျရောက်သွားသည်။ရိုမန်၏ ယုံကြည်မှုမှာ အသီနာ ကြောင့်သာမဟုတ်ဘဲ တိုက်ပွဲအတွင်း အချင်းချင်း နားလည်မှု၊ကယ်တင်မှုများကြောင့်လည်း ဖြစ်သည်။၎င်းသည် အလိုလိုသိစိတ်နှင့် ပိုတူသည်။ဒေလီယာလည်း ဤကဲ့သို့ပင် ဖြစ်သည်။သူသည် ဒိုဒိုအား ကာဆဲလက်ထံသို့ မဆင်မခြင် ဦးဆောင်သွားလိုက်သည်။
ကာဆဲလက်သည် ရိုမန်ကို တားဆီးရန် ကြိုးစားသော်လည်း ဒေလီယာနှင့် ဒိုဒိုတို့က သူ့ကို အသည်းအသန် နှောင့်ယှက်ကြသည်။သူ ဒေလီယာကို နောက်သို့လွင့်အောင်လုပ်ပြီး ဒိုဒိုကို ချေမွပြီးသည့်အခါ ရိုမန်သည် စွမ်းအင်အားလုံးကို ကူးပြောင်းပြီး၍ မြေပေါ်သို့ လဲကျသွားသည်။
ချန်လွေ့ အကျယ်ကြီး အော်ဟစ်ပစ်လိုက်ပြီး သူ၏ခန္ဓာကိုယ် အငွေ့အသက် ရုတ်တရင် ခိုင်မာတောင့်တင်းသွားသည်။ကာဆဲလက် မထိတ်လန့်သွားဘဲ ပျော်ရွှင်သွားသည်။ချန်လွေ့၏ သတ်ဖြတ်ကွက်သည် မည်သို့ပင် ဖြစ်စေကာမူ ယခုတွင် နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းတစ်ယောက်သည် အပြင်းအထန် ဒဏ်ရာရနေပြီး ကျန်တစ်ယောက်မှာ စွမ်းအားများ ယာယီဆုံးရှုံးသွားသည်။သတ်ဖြတ်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။
မြေပေါ်သို့ လဲကျနေသော ဒေလီယာကို ကာဆဲလက် သတ်ရန်ပြင်လိုက်စဉ် မျက်နှာချင်းဆိုင်မှ အားအနည်းဆုံးသူသည် အနက်ရောင်မီးတောက် တောက်လောင်သွားသည်။ပြင်းထန်သောလှိုင်းမှာ ဘာမျှမဟုတ်ပေ။ကာဆဲလက်အား အမှန်တကယ် အံ့အားသင့်သွားစေသည်မှာ မီးတောက်နှင့်အတူ ပါလာသော ရင်းနှီးသည့် အငွေ့အသက်ပင် ဖြစ်လေသည်။
ထိုအငွေ့အသက်ကို ဤနေရာ၌ သူ့ထက် ပိုသိသူ မရှိပေ။ ဒါက နိဗ္ဗာန်အစွမ်းပဲ။တော်တော်လေးကို အစွမ်းထက်တယ်။ဒါက နိဗ္ဗာန် တစ်ကြိမ် နှစ်ကြိမ်တည်းနဲ့ ရနိုင်တာမျိုး မဟုတ်ဘူး။
ဘယ်ဇီဘတ် တော်ဝင်မိသားစုဝင်တစ်ယောက်မှာ ဘယ်လိုလုပ်ပြီးတော့ အက်မိုဒက်(စ်) တော်ဝင်မိသားစုအတွက် သီးသန့်ဖြစ်တဲ့ နိဗ္ဗာန်စွမ်းအား ရှိနေရတာလဲ။ပြီးတော့လည်း နိဗ္ဗာန်မီးတောက်က ပြာကနေ ဇာမဏီပြန်ရှင်သန်လာတဲ့အခါမှပဲ ပေါ်ထွက်လာတာ။အဲဒါက ဘယ်လိုလုပ်ပြီး မဟာနတ်ဆိုးတစ်ယောက် ပိုင်ဆိုင်တဲ့ အဆင့်နိမ့် မီးတောက်တစ်ခု ဖြစ်သွားတာလဲ။
ဒီလောက်သန့်စင်တဲ့ နိဗ္ဗာန်စွမ်းအား.........ဒီ “ရစ်ချတ်”က ဘယ်သူများလဲ။
အသက်စွမ်းအား ထုတ်လွှတ်နေသော အနက်ရောင်မီးတောက်သည် အလောင်းအောက်လမ်းပညာရှင်အား အလွန်အမင်း မသက်မသာ ခံစားရစေသည်။သူ အော်ပြောလိုက်သည်။
“ သူ့ကို မြန်မြန်သတ်လိုက်။ ”
မူလက အေးစက်နေသော လေထုသည် ပူလောင်ခြင်းအဖြစ် ပြောင်းလဲသွားသည်။ချန်လွေ့၏ကိုယ်ပေါ်ရှိ အနက်ရောင်မီးတောက်သည် အနီရောင်အလင်း အနည်းငယ်သာ ထုတ်လွှတ်ပြီး ကြမ်းတမ်းပြင်းထန်သော အငွေ့အသက်များ သူ့ဆီသို့ ပြေးဝင်လာသည်။ကာဆဲလက်၏စိတ်ထဲ၌ အေးစက်သွားသည်။သူ ချက်ချင်းပင် ရှိသမျှ စွမ်းအားအကုန်သုံးပြီး ထိုကြောက်မက်ဖွယ်ရာ အငွေ့အသက်ကို ခုခံနေလိုက်သည်။
ဒဏ်ရာအပြင်းအထန် ရနေသော ဒေလီယာသည် စွမ်းအား ကုန်ခမ်းသွားသော ရိုမန်ကို ချန်လွေ့နောက်ရှိ အန္တရာယ်ကင်းရာနေရာသို့ ဆွဲခေါ်သွားသည်။သူလည်း အလွန် အံ့အားသင့်သွားသည်။ထိုစွမ်းအင်အငွေ့အသက် အဆင့်သည် သူတို့၏ နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းကို ကျော်လွန်သွားပြီဖြစ်သည်။
“ [ မီးသင့်နဂါး သတ်ဖြတ်ခြင်း ] ”
ချန်လွေ့၏ အော်သံနှင့်အတူ ခန်းမ၏ကြမ်းပြင် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ဧရာမ အနီရောင် နဂါးကြီးသည် ချန်လွေ့၏လက်ထဲရှိ အနီရောင်အလင်းမှ ပျံဝဲတက်လာသည်။နဂါးဟိန်းသံနှင့်အတူ ၎င်းသည် အစွယ်များထုတ်ကာ ခြေသည်းလက်သည်း ဆန့်တန်းပြီး ကာဆဲလက်ထံသို့ အရှိန်ပြင်းစွာ ပြေးဝင်သွားသည်။
ထိုကဲ့သို့ စွမ်းအားသည် ကာဆဲလက်ကို ကြောက်ရွံ့သွားစေသည်။အနီရောင်နဂါး သူ့ကို ဖြတ်သန်းသွားသည့်အခါ ကာဆဲလက်၏ခန္ဓာကိုယ်သည် သလင်းကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။
သို့သော်လည်း ကာဆဲလက် မသေခဲ့ပေ။သူ၏ခန္ဓာကိုယ် အစစ်အမှန်သည် အခြားတစ်ဖက်၌ ပေါ်ထွက်လာသည်။ခါးပတ်၌ ထည့်သွင်းထားသော ကျောက်မျက်များသာ ကွဲကြေသွားခဲ့သည်။ထိုထူးကဲအဆင့် ခါးပတ်သည် ကာဆဲလက်၏ အသက်ကယ်ပစ္စည်း ဖြစ်သည်။[ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် ကာဆဲလက်သည် ၎င်းကို ကြိုတင်အသုံးပြုလိုက်ရသည်။
အရာအားလုံး ပုံအပ်ထားသော [ မီးသင့်နဂါး သတ်ဖြတ်ခြင်း ] လွဲချော်သွားခဲ့သည်။သို့သော်လည်း ချန်လွေ့၏မျက်လုံးများသည် စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်သည်။သူ လက်နှစ်ဖက်ကို လွှဲရမ်းလိုက်ရာ လွဲချော်သွားသော မီးသင့်နဂါးသည် ရုတ်တရက်ပင် လှည့်သွားပြီး အလောင်းအောက်လမ်းပညာရှင် ဂူရာဒန်ဆီသို့ ပြေးဝင်သွားတော့သည်။
ဂူရာဒန် တအံ့တဩနှင့် အော်ဟစ်လိုက်သည်။ရှေ့မှကာကွယ်ပေးနေသော အလောင်းများလည်း ၎င်းကို မတားဆီးနိုင်တော့ပေ။
မီးသင့်နဂါး ဖြတ်သွားသည့် နေရာတိုင်း လျော့ပါးလွင့်ပျောက်သွားသည်။အရိုးခြောက်အားလုံး ကြေမွသွားသည်။မီးသင့်နဂါးသည် ဂူရာဒန်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းထားပြီး အလောင်းအောက်လမ်းပညာရှင် သိမ်းပိုက်ထားသော အကွိုင်း၏အရိုးခြောက် ချက်ချင်းပင် ကြေမွသွားသည်။နိဗ္ဗာန်၏ နူးညံ့သောစွမ်းအားကြောင့် ဂူရာဒန် အော်ဟစ်လိုက်သည်။ခန်းမထဲရှိ အငွေ့မည်းများလည်း ရုတ်တရက် လျော့ပါးသွားသည်။
ခဏအကြာ၌ အငွေ့မည်း ပြန်ထူလာပြီး ဂူရာဒန်၏ ဒေါသတကြီးဖြစ်နေသောပုံရိပ် ထွက်ပေါ်လာသည်။
“ သောက်ခွေးကောင် ”
မီးသင့်နဂါး၏ အဓိကစွမ်းအားမှာ ဖျက်ဆီးခြင်း ဖြစ်သည်။၎င်းသယ်ဆောင်လာသော နိဗ္ဗာန်စွမ်းအားသည် အလွန်မကြီးမားပေ။အလောင်း အောက်လမ်းပညာရှင် ထိခိုက်သွားသော်လည်း သတ်ပစ်ရန်အထိ မလုံလောက်ပေ။သူ၏ ခက်ထန်သောအသံကိုသာ အနည်းငယ် တုန်ခါသွားစေသည်။
ချန်လွေ့၏ ထိန်းချုပ်မှုအောက်၌ ဂူရာဒန်ကို မီးသင့်နဂါး ထိုးဖောက်သွားပြီးနောက် တစ်ပတ်ပြန်လှည့်ကာ သူ့ဆီသို့ ပြေးဝင်လာ၏။
ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတာလား။ ကာဆဲလက်၏ စိတ်ထဲ၌ သံသယများရှိနေသည်။သို့သော်လည်း မဖြစ်နိုင်ဟု တွေးလိုက်သည်။
ခဏအကြာ၌ အဖြေပေါ်လာသည်။မီးသင့်နဂါးသည် ချန်လွေ့ကိုထိသွားပြီး ချက်ချင်းပင် ဝါးမျိုပစ်လိုက်သည်။မာကြောခြင်း နဂါးထွင်းစာများဖြင့် တိုးမြှင့်ထားသော ကြမ်းပြင်ပင် အက်ကွဲသွားသည်။ပြင်းထန်သော လေလှိုင်းများ အဘက်ဘက်သို့ ပျံ့နှံ့ကုန်သည်။နောက်ဘက်ရှိ ဒေလီယာနှင့် ရိုမန်တို့လည်း မတ်မတ်ရပ်မနေနိုင်တော့ဘဲ လွင့်ထွက်သွားသည်။
အနီရောင်အလင်းသည် ထူးဆန်းစွာပင် ပုံပျက်သွားပြီး ပိုးအိမ်ကွဲထွက်တော့မည့်ပုံစံ ဖြစ်သွားသည်။ခဏအကြာ၌ နိဗ္ဗာန် အနက်ရောင်မီးသည် သွေးနီရောင်ဖြစ်သွားသည်။ချန်လွေ့၏ မျက်လုံးများမှာလည်း အနီနှင့်အနက် တစ်လှည့်စီဖြစ်နေသော ထူးခြားသော အခြေအနေတစ်ခု အဖြစ် ပြောင်းလဲသွားသည်။
[ မီးသင့်နဂါး ဝင်စီးခြင်း ] ပေတည်း။