← Chapters

အနိုင်ရရှိခြင်း။ တစ်ယောက်တည်းကြောင့် မဟုတ်သော အောင်နိုင်မှု

Vol. 15 Ch. 220

အနိုင်ရရှိခြင်း။ တစ်ယောက်တည်းကြောင့် မဟုတ်သော အောင်နိုင်မှု

Vol. 15 Ch. 220

ကာဆဲလက် တအံ့တဩဖြစ်နေစဉ် အနီရောင် မီးတောက်များ လွှမ်းခြုံနေသောပုံရိပ်သည် သူ့အရှေ့သို့ မယုံနိုင်စရာ အမြန်နှုန်းဖြင့် ရောက်ရှိလာပြီး ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးလိုက်သည်။

ကာဆဲလက်သည် တစ်ဖက်လူထိုးသည်ကို သေသေချာချာ မြင်လိုက်ရသည်။သို့သော်လည်း သူ၏ခန္ဓာကိုယ် တုံ့ပြန်မှု အနည်းငယ် နောက်ကျသွားသည်။ထိုလက်သီးတွင် ပြင်းထန်ကြမ်းတမ်းသောစွမ်းအား ပါရှိသည်။၎င်းသည် ကာဆဲလက်၏ ဝမ်းဗိုက်ကို ဖောက်ဝင်သွားပြီး ကျောဘက်ထိ ရောက်ရှိသွားသည်။ဓားဖြင့် အလှည့်ခံရသကဲ့သို့ပင် နာကျင်သွားပြီး ကာဆဲလက် နောက်သို့ လွင့်စင်သွားတော့သည်။

သူ မြေပေါ်သို့ မကျခင်မှာပင် ချန်လွေ့၏ပုံရိပ်က သူ့ကို တားဆီးလိုက်သည်။ချန်လွေ့သည် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်‌ဆုပ်ရင်း ကာဆဲလက်ကို မြေပြင်ပေါ်သို့ ရက်ရက်စက်စက် ထိုးချလိုက်သည်။ကာဆဲလက် မြေ‌ပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျသွား၏။နာကျင်မှုမှ သူ ပြန်သက်သာလာတော့မည့်အချိန်၌ ပြိုင်ဘက်ဖြစ်သူက သူ၏မျက်လုံးအရှေ့ ပေါ်ထွက်လာပြန်သည်။“ ဖုန်း ဖုန်း ဖုန်း ” အသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

ကာဆဲလက်၏ ခဏတာ သတိလက်လွတ် ဖြစ်သွားခြင်းသည် လုံးဝအရေးနိမ့်သွားစေသည်။မည်သို့ပင်ဆိုစေကာမူ သူ့တွင် ထူးခြားသော စွမ်းအားများ ရှိသည်။သူသည် ဓားကိုဝှေ့ရမ်းပြီး ချန်လွေ့အား နောက်ဆုတ်စေလိုက်သည်။ထို့နောက် အလျင်အမြန်ပင် နောက်သို့ပြန်ခုန်ပြီး နေရာဝေးကွာအောင် ပြုလုပ်လိုက်သည်။

ဒီလိုစွမ်းအား၊ ဒီလိုအမြန်နှုန်းက...။ ကာဆဲလက် အံ့အားသင့်သွားရင်း ပင့်သက်ရှိုက်လိုက်သည်။ အားအနည်းဆုံးလို့ ငါထင်နေတဲ့ပြိုင်ဘက်ကို ကြောက်စရာအကောင်းဆုံး ဖြစ်နေတာပဲ။

ကာဆဲလက်သာမက ရိုမန်နှင့် ဒေလီယာတို့သည်လည်း ချန်လွေ့( ရစ်ချတ် )၌ ကြောက်မက်ဖွယ်ရာကောင်းသော လျို့ဝှက်နည်းစနစ် ရှိနေသည်ကို အံ့အားသင့်သွားကြသည်။ချန်လွေ့ကို ရိုမန်က စွမ်းအားများ မလွှဲပြောင်းပေးခဲ့သည့်တိုင် မူလစွမ်းအားဖြင့် ထိုလျို့ဝှက်အစွမ်းကို သုံးမည်ဆိုလျှင် ချန်လွေ့၏တိုက်ခိုက်ရေးစွမ်းအားသည် နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းထက် သာလွန်နေဦးမည် ဖြစ်ပေသည်။

ကာဆဲလက်သည် အတွေ့အကြုံရှိသည်။တစ်ဖက်လူသည် ဤကဲ့သို့အဆင့်အထိ ရောက်ရှိရန် လျို့ဝှက်နည်းစနစ်အချို့ အသုံးပြုခဲ့ကြောင်း သိသည်။ထို့နောက် သူ၏ခန္ဓာကိုယ်၌ အဝါရောင်အလင်း တောက်ပလာပြီး ဖရဲသီးအရွယ် အလင်းလုံးများ ပေါ်ထွက်လာသည်။၎င်းသည် ယခင်က သူအသုံးပြုခဲ့သော အလှမ်းဝေး စွမ်းအင်တိုက်ခိုက်မှု ဖြစ်သည်။

ကာဆဲလက်သည် ချန်လွေ့ထံသို့ လက်ဝှေ့ရမ်းလိုက်ပြီး အလင်းလုံးများကို တစ်လုံးပြီးတစ်လုံး ပစ်လွှတ်လိုက်သည်။သူသည် ဤတိုက်ခိုက်မှုကို အသုံးပြုပြီး အချိန်ဆွဲချင်နေသည်။သူသည် လျို့ဝှက်နည်းစနစ်၏ သက်ရောက်မှု ပျောက်ကွယ်သွားမည်ကို စောင့်နေပြီး ပြိုင်ဘက်ဖြစ်သူကို အမြန်ဆုံး သတ်ပစ်ချင်နေသည်။

ချန်လွေ့သည် ထိုကဲ့သို့အကြံမျိုးကို အလုပ်ဖြစ်ခွင့် ပေးမည်မဟုတ်ပေ။သူသည် ကာဆဲလက်ထံသို့ တည့်တည့်ပြေးသွားပြီး ဝင်ရောက်လာသော အလင်းလုံးများကို ရိုက်ထုတ်ပစ်လိုက်သည်။ဤကဲ့သို့ ခုခံရေးအစွမ်းကို ယခင်ရန်သူများထံမှ ချန်လွေ့ အတော်များများ မြင်ခဲ့ဖူးသည်။စွမ်းအားနှင့်သတ္တိလိုအပ်သည့်အတွင် အချိန်ကိုက်ရန်လည်း အလွန်အရေးကြီးသည်။ပြိုင်ဘက်ဖြစ်သူ ပစ်လွှတ်လိုက်သော လက်ပစ်ဗုံးကို ကန်ထုတ်‌နေသကဲ့သို့ပင် ဖြစ်သည်။ယခုတွင် သူသည် “ လက်ပစ်ဗုံး ” များကို ရင်ဆိုင်နေရသည်။

ဆေးရည်မည်း၊ရိုမန်ထံမှရရှိသောစွမ်းအင်နှင့် [ မီးသင့်နဂါးဝင်စီးခြင်း ] တို့မှ တိုးမြှင့်မှုများသည် ချန်လွေ့ကို အဆင့်ကျော်လွန်သည့် တိုက်ခိုက်ရေး စွမ်းအားများ ပေးနိုင်သော်လည်း မည်သို့ပင် ဆိုစေကာမူ အချိန်အကန့်အသတ် ရှိလေသည်။သူသည် ကာဆဲလက်အား အမြန်ဆုံး အနိုင်ယူရမည် ဖြစ်သည်။အကြောင်းရင်းမှာ အခြားရန်သူတစ်ယောက် ရှိသေး၍ဖြစ်သည်။နောက်မှလိုက်နေသော လျို့ဝှက်ဆန်းကြယ်သည့် အလောင်းအောက်လမ်းပညာရှင်တစ်ယောက် ရှိနေသည်။

ချန်လွေ့ အလျင်အမြန် ချဉ်းကပ်လာသည်ကိုမြင်ရင်း အတွေ့အကြုံရင့်ကျက်သော ကာဆဲလက်က နောက်သို့ဆုတ်သွားကာ ပြောက်ကျားစနစ်ကို ရွေးချယ်လိုက်သည်။ယခုအချိန်သည် သူ၏ တိုက်ခိုက်ရေးစွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းအားသည် အနိမ့်ဆုံးရောက်နေပြီး ပြိုင်ဘက်ဖြစ်သူသည် လျို့ဝှက်နည်းစနစ်တစ်ခုကြောင့် စွမ်းအားကြီးမားနေသည်။ထို့ကြောင့် ရှောင်တိမ်းခြင်းသည်သာ အကောင်းဆုံး ဖြစ်လေသည်။

ခြေလှမ်းဖိနပ်၏ အမြန်နှုန်းတိုးမြှင့်မှုနှင့်အတူ ချန်လွေ့သည် ကာဆဲလက်ကို ဒဏ်ရာအများအပြားရအောင် ပြုလုပ်နိုင်ခဲ့သည်။သို့သော်လည်း ကာဆဲလက်သည် အလွန်အမင်း စိတ်ခိုင်မာလှသည်။ မင်းငါ့ကို ကြိုက်သလိုတိုက်။ငါ ရှောင်မယ်။ငါမင်းကို သေစေနိုင်လောက်တဲ့တိုက်ကွက် ထိခွင့်မပေးဘူး။အနှေးနဲ့အမြန် ငါမင်းကို အနိုင်ရမှာပဲ။

အကြံအစည် အောင်မြင်သည်ဟု ကာဆဲလက် တွေးနေစဉ်မှာပင် သူ၏ခြေထောက်အောက်ရှိ မြေကြီး ရုတ်တရက် တုန်ခါသွားပြီး ဧရာမလက်တံကဲ့သို့ နွယ်ပင်များ ထိုးထောင်ထွက်လာသည်။၎င်းတို့သည် ချက်ချင်းပင် ကာဆဲလက်ကို ရစ်ပတ်လိုက်သည်။[ အစားကြူးနွယ်ပင် ] ပေတည်း။

ချန်လွေ့သည် ကာဆဲလက် နောက်လိုက်နေရင်း အစားကြူးနွယ် မျိုးစေ့များကို တိတ်တဆိတ် မြှုပ်နှံထားခဲ့ခြင်း ဖြစ်သည်။သူသည် ကာဆဲလက်ကို အစားကြူးနွယ်ပင်များ ရှိရာနေရာသို့ တမင်တွန်းပို့ခဲ့ပြီးနောက် တစ်ခါတည်း အသက်သွင်းကာ ကာဆဲလက်ကို ပိတ်မိအောင် ပြုလုပ်နိုင်ခဲ့သည်။

ကာဆဲလက် အလျင်အမြန် တုံ့ပြန်ပြီး ဟန်ချက် ပြန်ထိန်းလိုက်သည်။သူ၏ခြေထောက် တုန်ခါသွားပြီး ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော အစားကြူးနွယ်များ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။သို့သော်လည်း အစားကြူးနွယ်များ၏ တားဆီးခြင်းကို ခံလိုက်ရသောအချိန်တွင် နဖူးပေါ်၌ ကြောက်မက်ဖွယ်ရာ အန္တရာယ်တစ်ခူ ရုတ်တရက် ခံစားလိုက်ရသည်။ချန်လွေ့၏တိုက်ခိုက်မှု ရောက်ရှိနေပြီ ဖြစ်သည်။

အစားကြူးနွယ်ပင်များရှိရာသို့ ကာဆဲလက် မဆုတ်ခွာခင်မှာပင် ချန်လွေ့သည် စွမ်းအား စုစည်းထားခဲ့သည်။ထိုတိုက်ခိုက်မှုသည် သူ့စွမ်းအား အားလုံး၏ ပေါက်ကွဲခြင်းဖြစ်ပြီး ရန်သူအား တစ်ချက်တည်းဖြင့် တမင်ဖိနှိပ်ခြင်း ဖြစ်သည်။

ကာဆဲလက်သည် တစ်ဖက်လူ၏ တိုက်ခိုက်မှု၌ ကြီးမားသော စွမ်းအားစုစည်း‌ထားကြောင်း ချက်ချင်း ခံစားလိုက်ရသည်။သူ၏ မဟာနတ်ဆိုးဘုရင်အဆင့် ခန္ဓာကိုယ်ဖြင့်ပင် ၎င်းကို တိုက်ရိုက် ခုခံနိုင်မည်မဟုတ်ပေ။ယခုတွင် ၎င်းကို ရှောင်တိမ်းရန် နောက်ကျသွားလေပြီ။ရွေးချယ်စရာ တစ်ခုသာ ကျန်တော့သည်။၎င်းမှာ ရန်သူ၏ အဓိကနေရာများကို တိုက်ခိုက်ခြင်းပင် ဖြစ်သည်။

ကာဆဲလက်သည် အခြားသူတစ်ယောက်ကို သူ၏စိတ်နှင့် တိုင်းတာလိုက်သည်။သူ၏စိတ်ထဲ၌ ချန်လွေ့သည် ဘယ်ဖီဂေါ တော်ဝင်မိသားစုဝင်ထံမှ စွမ်းအားကို အောင်အောင်မြင်မြင် “ ခိုးယူ ” နိုင်ခဲ့ပြီး လီဗျာသန်တော်ဝင်မိသားစုမှ မိန်းမနှင့် နတ်ဆိုးသားရဲကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေခဲ့သည်။သူသည် မိမိအား သတ်ပစ်ပြီးတော့ စွမ်းအားမဲ့နေသော ထိုအဖော်သုံးယောက်ကို သတ်ပစ်မည် ဖြစ်သည်။ထို့နောက် သူသည် နောက်ဆုံး ရှင်ကျန်သူ ဖြစ်လာမည် ဖြစ်သည်။ထို့ကြောင့် ချန်လွေ့သည် မိမိအား အရဲစွန့် တိုက်ခိုက်ရဲမည် မဟုတ်ပေ။ကာဆဲလက်သည် ထိုကဲ့သို့ အလျင်အမြန် စဉ်းစားပြီး လက်ထဲမှဓားကို ဆွဲထုတ်ကာ ချန်လွေ့၏နှလုံးသားကို ထိုးစိုက်လိုက်သည်။

ထိုဓားသည် နောက်ကျသော်လည်း ချန်လွေ့ မရှောင်လျှင် သို့မဟုတ် မခုခံလျှင် အမှန်တကယ် နှလုံးသားကို ထိုး‌စိုက်သွားမည် ဖြစ်သည်။

တစ်ဖက်လူက ရှောင်သည်ဖြစ်စေ၊ကာကွယ်လိုက်သည်ဖြစ်စေ ဤတစ်ခေါက်ကို ကျော်ဖြတ်သွားနိုင်ပြီဟု သတ်မှတ်၍ရသည်။သို့သော်လည်း တစ်ဖက်လူက မရှောင်သည့်အခါ ကာဆဲလက် ထိတ်လန့်သွားသည်။ချန်လွေ့၏လက်သီးသည် ကာဆဲလက်၏မျက်နှာကို ထိသွားပြီး ကြမ်းတမ်းပြင်းထန်သောအားက ချက်ချင်းပင် ခုခံမှုအားကို ပျက်စီးသွားစေခဲ့သည်။

ကာဆဲလက်သည် မိမိမျက်နှာရှိ အရိုးကျိုးသံကို သေသေချာချာ ကြားလိုက်ရပြီးနောက် စိတ်ထဲ၌ ကွက်လပ်ဖြစ်သွားသည်။သူ၏လည်ပင်းသည် ထိုကဲ့သို့အားကို မခံနိုင်ဘဲ ‌ပုံမှန်မဟုတ်သော ဒေါင့်အနေအထားအတိုင်း ဂွတ်ခနဲ လိမ်သွားတော့သည်။သို့သော်လည်း သူ၏ဓားသည် ပြိုင်ဘက်ဖြစ်သူ၏ နှလုံးသားကို မြဲမြဲမြံမြံထိုးစိုက်သွားခဲ့သည်။

ထိုမြင်ကွင်းသည် ချန်လွေ့နှင့် ဒေလီယာတို့ကို အံ့အားသင့်သွားစေခဲ့သည်။ကာဆဲလက်၏ ခန္ဓာကိုယ်သည် မြေပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားသည်။ချန်လွေ့ နောက်သို့ ခြေနှစ်လမ်းဆုတ်ပြီး ရင်ဘတ်ကို ဖုံးထားပြီး မတည်မငြိမ် မတ်တပ်ရပ်နေလိုက်သည်။ကာဆဲလက်၏ဓားသည် လက်ကျန်စွမ်းအားအကုန်ကို စုစည်းထားခြင်း ဖြစ်သည်။ထိုဓားရှည်၏ ထက်မြက်မှုကို မပြောနှင့်။ဖျက်ဆီးမှုစွမ်းအား တစ်ခုတည်းကပင် ချန်လွေ့၏နှလုံးသားကို ကွဲကြေသွားစေခဲ့သည်။

ချန်လွေ့ အံကြိတ်ပြီး ရင်ဘတ်ထဲမှ ပြင်းထန်သော နာကျင်မှုကို သန်မာသော စိတ်စွမ်းအားဖြင့် ခုခံထားလိုက်သည်။သူ၏လက်ထဲ၌ ဓားတစ်လက် ပေါ်ထွက်လာသည်။၎င်းသည် ကြယ်နက်သံဖြင့် ပြုလုပ်ထားသော ဓားရှည်ဖြစ်သည်။သူသည် ချက်ချင်းပင် ကာဆဲလက်အား အစွမ်းကုန် ခုတ်ပိုင်းပစ်လိုက်သည်။လည်ပင်းကျိုးနေသော ကာဆဲလက်သည် အချိန်မီ မတုံ့ပြန်နိုင်တော့ဘဲ ခေါင်းဖြတ်ခံလိုက်ရတော့သည်။

ကာဆဲလက်၏ခေါင်းကို ဖြတ်ပြီးနောက် ချန်လွေ့သည် ရင်ဘတ်ထဲမှဓားကို အားကုန်ဆွဲထုတ်သည်။ချက်ချင်းပင် သွေးများပန်းထွက်လာ၏။ကံကောင်းစွာပင် သူသောက်လိုက်သော ဆရာသခင်အဆင့် ကုသဆေးရည်သည် အတော်လေး အစွမ်းထက်လှသည်။အချိန်မီ သွေးတိတ်သွားလေသည်။

ရိုမန်နှင့် ဒေလီယာတို့ အပြေးရောက်လာပြီး ချန်လွေ့၏ တုန်လှုပ်နေသော ခန္ဓာကိုယ်ကို တစ်ဖက်တစ်ချပ်ဆီ ကိုင်ထားပေးလိုက်သည်။

“ ရစ်ချတ် ”

ဒေလီယာ ထိတ်လန့်စွာ ပြောလိုက်သည်။

“ ရှင်..... ”

ချန်လွေ့ ပင့်သက်ရှိုက်ရင်း အားတင်းပြုံးလိုက်သည်။သူသည် ဒဏ်ရာပြင်းထန်စွာ ရထားသော်လည်း [ မီးသင့်နဂါးဝင်စီးခြင်း ] ၏ စွမ်းအင်နှင့်တုံ့ပြန်မှု ပိုမိုထက်မြက်စေသော အစွမ်းသတ္တိကြောင့် နာကျင်မှု အတော်များများ လျော့နည်းသွားသည်။ဆေးရည်အာနိသင်နှင့် အစွမ်း ကုန်ဆုံးသွားသည့်အခါ၌ သူသည် ဆိုးဆိုးရွားရွား ဖြစ်သွားမည် ဖြစ်သည်။

“ စိတ်အေးအေးထားပါ။ဒီကောင်က မွန်းစတားပဲ။သူ ဒီလောက်မြန်မြန် မသေပါဘူး။ ”

ချန်လွေ့သည် အသက်အန္တရာယ်မရှိကြောင်း ရိုမန် ပြောနိုင်သည်။

“ သူက နှလုံးဖောက်ခံရတာတောင် မသေတာ။ဒါမှမဟုတ် သူ့နှလုံးသားက ညာဘက်မှာ ရှိတာဖြစ်မယ်။ ”

ချန်လွေ့၏နှလုံးသည် ညာဘက်၌ ရှိနေခြင်း မဟုတ်ပေ။[ အသစ်ပြန်ဖြစ်ခြင်း ] ၏ အလိုအလျောက်အစွမ်းကြောင့်သာ ဖြစ်သည်။သူ၏ခန္ဓာကိုယ် ဆုံးရှုံးသွားသည့်တိုင် ဦးခေါင်းရှိနေသေးသရွေ့ ချန်လွေ့သည် အသစ်ပြန်ဖြစ်နိုင်ဦးမည် ဖြစ်သည်။သို့သော်လည်း အသစ်ပြန်ဖြစ်ရမည့် အစိတ်အပိုင်း ပိုများလေလေ အချိန် ပိုကြာလေလေပင် ဖြစ်သည်။ပြောရမည်ဆိုလျှင် သူသည် သာမန်လူသားတစ်ယောက် မဟုတ်တော့ဘဲ အမှန်တကယ်ပင် “ မွန်းစတား ” တစ်ကောင် ဖြစ်နေပြီ ဖြစ်သည်။

“ နောက်ထပ်အသက်တစ်သက် ကုန်ဆုံးသွားပြန်ပြီ။တကယ့်ကို အံ့ဩစရာကောင်းတဲ့ ဝိညာဉ်အရသာပဲ။ ”

ဂူရာဒန်၏အသံ ထွက်လာသည်။

“ ငါမင်းကို သဘောမကျပေမဲ့ ချီးတော့ချီးကျူးရမယ်။မင်းက တကယ့်ကို အံ့ဖွယ်ပဲ။မဟာနတ်ဆိုးဘုရင်တစ်ယောက်ကိုတောင် သတ်ပစ်နိုင်ခဲ့တယ်။မင်းရဲ့စွမ်းအားတွေက ရှိနေတုန်းပဲ။ကျန်တဲ့သုံးယောက်ကို သတ်ပစ်ဖို့က အလွယ်လေး။နောက်ဆုံး အသက်ရှင်ကျန်တဲ့သူက မင်းပဲ ဖြစ်မယ့်ထင်တယ်။ ”

ချန်လွေ့သည် ဒေလီယာနှင့် ရိုမန်တို့ကိုကြည့်ပြီး အသာလေး ရုန်းထွက်လိုက်သည်။

“ ခင်ဗျားပြောတာ မှန်တယ်။တကယ်တော့ ကျုပ်ရဲ့ အဖော်နှစ်ယောက်က စုံတွဲတွေ။နောက်ဆုံးမှာ တစ်ယောက်ပဲကျန်ရင်တောင် အတူတူ သေကြမှာ။ကျန်တဲ့ နတ်ဆိုးသားရဲက ကျုပ်ရဲ့ အစေခံပဲ။ကျုပ်ကို တကယ်ကံကောင်းတဲ့သူတစ်ယောက်လို့ သတ်မှတ်လို့ရတယ်။ဒါပေမဲ့ ခင်ဗျား နားမလည်တာ တစ်ခုရှိတယ်။ ”

“ ဘာလဲ။ ”

“ ကျုပ်က အဖော်ဖြစ်သူကို ဆန္ဒရှိသလို သတ်ပစ်တဲ့သူမျိုး မဟုတ်ဘူး။အဲဒါကြောင့် ကျုပ်သူ့ကို အနိုင်ယူနိုင်ခဲ့တာ။ ”

ချန်လွေ့သည် ဂူရာဒန်ဆီသို့ တစ်လှမ်းချင်း လမ်းလျှောက်သွားသည်။

“ ဒီအခြေခံသဘောတရားကို ခင်ဗျား အသက်ရှင်တုန်းက နားမလည်ခဲ့ဘူး။အခု ခင်ဗျားက ဒီလိုမျိုးမကောင်းဆိုးရွား ဖြစ်နေပြီဆိုတော့ ပိုဆိုးပေါ့။ ”

ရိုမန်၏ မတုံ့မဆိုင်းသော ယုံကြည်မှု၊ ဒေလီယာနှင့် ဒိုဒိုတို့၏ အသည်းအသန် တားဆီးမှုတို့ကြောင့်သာ မဟုတ်လျှင် ချန်လွေ့သည် [ မီးသင့်နဂါးဝင်စီးခြင်း ] သက်သက်ဖြင့် ကာဆဲလက်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ဤအောင်နိုင်မှုသည် သူတစ်ယောက်တည်းကြောင့် မဟုတ်ပေ။

ဒေလီယာနှင့် ရိုမန်တို့တွင် တစ်ယောက်က ရက်စက်ပြီး တစ်ယောက်က ပျင်းရိသည်။သူတို့ နှစ်ယောက်စလုံးသည် တသီးတခြား ဖြစ်သည်။ယခုအချိန်၌ သူတို့၏မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု တစ်ပြိုနက်တည်း တောက်ပနေသည်။ဤလူသည် အမှန်တကယ် ထူးခြားသည်။ယခင်က သူတို့၏ပတ်သက်မှုမှာ အသီနာကြောင့်သာဆိုလျှင် ယခုတွင် သူသည် “ မိတ်ဆွေ ” ဟူသော စကားလုံးနှင့် ထိုက်တန်ပေသည်။

သို့မဟုတ် သူ့ကို “ အပေါင်းအဖော်” ဟုခေါ်ရန် ခြေတစ်လှမ်းတိုးသွားပြီ ဖြစ်သည်။

အလောင်းအောက်လမ်းပညာရှင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ ငတုံးကောင်။မင်းရဲ့အသက်ကို လက်လျှော့လိုက်တော့။ ”

ချန်လွေ့ ပင့်သက်ရှိုက်ပြီး ရင်ဘတ်ထဲမှ ပြင်းထန်သော နာကျင်မှုကို ထိန်းချုပ်ထားလိုက်ကာ အထင်သေးစွာ ပြောလိုက်သည်။

“ ခင်ဗျားက တကယ်တမ်း တုံးတာလို့ ကျုပ်ထင်တယ်။ကျုပ်က တုံးတယ်လို့ ခင်ဗျား ထင်နေတာလား။တကယ်တော့ အလောင်းအောက်လမ်းပညာရှင်က.....စိတ်ပုံရိပ်တစ်ခုပဲ။ ”

“ မင်း ”

အလောင်းအောက်လမ်းပညာရှင်၏အသံတွင် ဖုံးကွယ်၍မရသော ကြောက်ရွံ့မှု ပေါ်လွင်နေသည်။

“ ငါက စိတ်ပုံရိပ်တစ်ခုဆိုတာ မင်းဘယ်လိုသိတာလဲ။ ”

“ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀၀ကျော်တုန်းက ဂူရာဒန်ရဲ့စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့်ပဲ။အခုတော့ ခင်ဗျားက နတ်ဆိုးဘုရင်အဆင့်ပဲ ရှိတယ်။ ”

ချန်လွေ့ လက်ဖြန့်ပြီး ပုံမှန်အတိုင်း ပြောသည်။

“ ခင်ဗျားရဲ့ တကယ့်ခန္ဓာကိုယ်က နဂါးတစ်ကောင်ကြောင့် ဒီမှာပိတ်မိနေတာလို့ ကျုပ်ရဲရဲကြီး ပြောရဲတယ်။ဒီလိုမျိုး စိတ်ပုံရိပ် ဖွဲ့စည်းဖို့အတွက် ခင်ဗျားက မှော်ပညာကို သုံးရုံပဲ သုံးနိုင်တယ်။ပြီးတော့ ခင်ဗျားအလိုအပ်ဆုံးက ဒီပိတ်မိနေတာကနေ လွတ်မြောက်ဖို့အတွက် ဝိညာဉ်တွေရဲ့စွမ်းအား ဖြစ်မယ်။ဟာ့(ထ်)ကလည်း ခင်ဗျားလုပ်ထားတဲ့ အလောင်းရုပ်သေး ဖြစ်ရမယ်။ခင်ဗျားက ကျုပ်တို့ကို ဒီနေရာဆီ မျှားခေါ်လာပြီးတော့ အချင်းချင်း သတ်ဖြတ်အောင် လုပ်ခဲ့တယ်။ဝိညာဉ်တွေ ရအောင်လို့ပေါ့။ ”

တစ်ဖက်လူ၏ အထင်များ တိကျနေလိမ့်မည်ဟု အလောင်းအောက်လမ်းပညာရှင် မထင်မှတ်ထားခဲ့ပေ။သူ ချက်ချင်း ထိတ်လန့်သွားသည်။ချန်လွေ့၏ လက်ဝါးမှ အလင်းဖြူလုံးတစ်လုံး အရှိန်ပြင်းစွာ ထွက်လာသည်ကို သူမြင်လိုက်ရသည်။အလောင်းအောက်လမ်းပညာရှင်သည် ထူထဲသော အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားပြီး [ အရုဏ်ဦးပစ်ချက် ] ကို လွှမ်းခြုံလိုက်သည်။သူသည် ၎င်းကို ဝါးမျိုရန် ကြိုးစားနေခြင်း ဖြစ်သည်။၎င်းသည် သာမန်စွမ်းအင်‌တိုက်ခိုက်မှုများနှင့် ခြားနားသည်ကို သူမသိခဲ့ပေ။၎င်းသည် ဝိညာဉ်ကို ထိခိုက်နိုင်သော စွမ်းအားရှိသည်။၎င်းကြောင့်ပင် ချန်လွေ့သည် ဒိုဒိုကို အနိုင်ယူနိုင်ခဲ့သည်။‌အလောင်းအောက်လမ်းပညာရှင်က နာကျင်စွာ အော်ဟစ်လိုက်ပြီး တားဆီးမှုကို အမြန်လွှတ်လိုက်ကာ [ အရုဏ်ဦးပစ်ချက် ] ဖြတ်သွားစေလိုက်သည်။သို့သော်လည်း အငွေ့မည်း၌ ကျန်ရှိနေသော စွမ်းအားသည် ဝိညာဉ်ကို ဆက်လက် နာကျင်နေစေသည်။

ချန်လွေ့၏ ခန္ဓာကိုယ်သည် အလောင်းအောက်လမ်းပညာရှင် အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။သူသည် လက်နှစ်ဖက်ဖြင့် တိုက်ခိုက်သည်။သို့သော်လည်း ဂူရာဒန်သည် အထည်မရှိသော စိတ်ဝိညာဉ်ခန္ဓာကဲ့သို့ ဖြစ်နေသည်။ကွယ်ပျောက်သွားပြီးနောက် တဖြည်းဖြည်း စုစည်းကာ ပြန်ဖြစ်ပေါ်လာသည်။ထိုကဲ့သို့ တိုက်ခိုက်မှုသည် လုံးဝအကျိုးမရှိပေ။

“ ဟမ့်။ကိုယ့်နေရာကိုယ် မသိဘူး။ ”

အလောင်းအောက်လမ်းပညာရှင်သည် [ အရုဏ်ဦးပစ်ချက် ] ၏ လက်ကျန်စွမ်းအားမှ ပြန်ကောင်းလာပြီ ဖြစ်သည်။ချက်ချင်းပင် ချန်လွေ့ကို အငွေ့မည်းများ လွှမ်းခြုံသွားသည်။သူသည် ချန်လွေ့၏ အသားနှင့်ခန္ဓာကိုယ်ကို ဝါးမျိုပြီး အကွိုင်းကဲ့သို့ပင် အရိုးခြောက်အဖြစ် ပြောင်းလဲချင်နေပုံရသည်။

ချန်လွေ့ သေသေချာချာ ပြင်ဆင်ထားသည်။သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်သည် ချက်ချင်းပင် အနက်ရောင် ပြောင်းသွားသည်။နိဗ္ဗာန်စွမ်းအားသည် မီးသင့်နဂါးထက် ပို၍အစွမ်းထက်ပြီး ပို၍သန့်စင်ကာ အလောင်းအောက်လမ်းပညာရှင် ထင်ထားသည်ထက် ကျော်လွန်နေသည်။

ပြိုင်ဘက်ကင်း အငွေ့မည်းသည် ထိုစွမ်းအင်ပြည့်ဝနေသော မီးတောက်၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။ဂူရာဒန်သည် ကြက်သီးထစရာ ကောင်းလောက်အောင် ‌အော်ဟစ်သည်။သူလောင်ကျွမ်းနေရင်း ကြောက်လန့်ဖွယ်ကောင်းသော “ စူးစူးဝါးဝါး ” အသံများ ထွက်လာသည်။

“ သောက်ခွေးကောင်။ငါမင်းကို ခွင့်မလွှတ်.... ”

ထိုအော်သံတွင် မမေ့နိုင်သောမုန်းတီးမှုများ ပြည့်နှက်နေသည်။စကား‌မဆုံးသေးခင်မှာပင် သူပျောက်ကွယ်သွား၏။

All Chapters