နောက်ဆုံးအဆင့်။ ပါ့(ဂ်)လီအို၏ “ အလိုအလျောက် ဖျက်ဆီးခြင်း အစီအစဉ် ”
Vol. 15 Ch. 221
“ မဖြစ်နိုင်တာ။ဒီလောက်တောင် အစွမ်းထက်တာလား။ ”
ရိုမန်က ဒေလီယာကို ကိုင်ထားရင်း လမ်းလျှောက်လာသည်။
“ မင်း ဒါကို တစ်ယောက်တည်း လုပ်ခဲ့တာလား။ ”
“ ပြောဖို့စောသေးတယ်။သူက စိတ်ပုံရိပ်တစ်ခုပဲ။အဲဒါကြောင့် သူ့ရဲ့ခန္ဓာကိုယ်အစစ်ကို တကယ်တမ်း ဘာမှထိခိုက်သွားမှာ မဟုတ်ဘူး။ ”
ချန်လွေ့ အားတင်းရင်း ရင်ဘတ်ကို အုပ်ထားလိုက်သည်။
“ ငါ့ရဲ့လျို့ဝှက်နည်းစနစ်က အချိန် အကန့်အသတ် ရှိတယ်။ဒီခွန်အားက ကြာကြာခံမှာ မဟုတ်ဘူး။နောက်ထပ်၂၄နာရီမှာ ငါက အသုံးဝင်မှာ မဟုတ်တော့ဘူး။အခု ငါတို့တွေ ရတနာသိုက်ရဲ့ တကယ့် တည်နေရာကိုရှာပြီးတော့ ဒီနေရာကနေ ထွက်သွားရမယ်။ ”
ဒေလီယာက ပြောသည်။
“ ကျွန်မရဲ့ သွေးမျိုးဆက်အာရုံခံသာ မှန်မယ်ဆိုရင် လျို့ဝှက်ရတနာသိုက်က ဒီခန်းမထဲမှာပဲ။အဲဒါကို တစ်ခုခုက ကာဆီးထားတာလို့ ထင်ရတယ်။အဲဒါကြောင့် အသေးစိတ်နေရာကိုတော့ ကျွန်မ ဘယ်လိုမှ အာရုံခံလို့မရဘူး။ ”
“ ဒီနေရာမှာလား။ ”
ချန်လွေ့ ခေါင်းညိတ်သည်။
“ ဆက်ပြီးစောင့်မနေနဲ့တော့။လူခွဲပြီး ရှာကြတာပေါ့။ ”
ဒေလီယာ၏ သွေးမျိုးဆက်အာရုံခံနှင့် ရိုမန်၏ [ မိစ္ဆာမျက်လုံး ] ရှိသော်ငြားလည်း သူတို့သုံးယောက်သည် ခန်းမတစ်ခုလုံးအား ရှာဖွေကြည့်ပြီးသည့်တိုင် မည်သည့်ရတနာသိုက် သဲလွန်စကိုမျှ ရှာမတွေ့နိုင်ခဲ့ပေ။
ရင်ဘတ်ထဲရှိ ဒဏ်ရာသည် အနည်းငယ် ခံရခက်ကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ထို့ကြောင့် ချန်လွေ့သည် မြေပေါ်သို့ လှဲချပြီး အသက်ပြင်းပြင်းရှူနေလိုက်သည်။[ အသစ်ပြန်ဖြစ်ခြင်း ] ၊ [ နက္ခတ်သဏ္ဍာန် ] နှင့် [ ထိခိုက်မှုစုပ်ယူခြင်း ] တို့၏ ပူးပေါင်းထားသောအစွမ်းများရှိသော်လည်း နှလုံးသား ကွဲကြေသွားသည့် ခံစားချက်သည် သာမန်လူများ သည်းခံနိုင်သည့်အရာ မဟုတ်ပေ။ထို့ပြင် [ မီးသင့်နဂါးဝင်စီးခြင်း ] အစွမ်း ပျောက်ကွယ်သွားပြီး ရိုမန်လွှဲပြောင်းပေးသော စွမ်းအားနှင့် ဆေးရည်အာနိသင်များလည်း ပျောက်ကွယ်သွားခဲ့လေပြီ။ထိုဒဏ်ရာအားလုံး စုပြုံသွားသကဲ့သို့ ဖြစ်သွားသည်။ကံကောင်းစွာပင် [ အသစ်ပြန်ဖြစ်ခြင်း ] သည် အလွန်အံ့ဩဖွယ်ကောင်းလှသည်။မဟာဆရာသခင်အဆင့် ဆေးရည်၏အစွမ်းနှင့်အတူ ချန်လွေ့၏ရင်ဘတ်ထဲမှ ယားကျိကျိ ခံစားချက်တစ်ခု ဖြစ်လာသည်။အသေအချာပင် ဒဏ်ရာရထားသော အတွင်းအင်္ဂါများသည် အလိုအလျောက် အသစ်လာနေပြီ ဖြစ်သည်။
“ ဟေး။မင်း အဆင်ပြေလား။ ”
ရိုမန်က ချန်လွေ့ဆီ လမ်းလျှောက်လာသည်။
“ မသေသေးဘူး။ ”
ချန်လွေ့ မျက်ခုံးပင့်လိုက်သည်။
“ အခုက လက်စားချေဖို့ အကောင်းဆုံး အချိန်ပဲ။မဟုတ်လို့ကတော့ ၂၄နာရီကျော်သွားရင် မင်းအတွက် အခွင့်အရေး ရှိတော့မှာမဟုတ်ဘူး။ ”
“ ဆာ-ရိုမန်ဆိုတဲ့ငါက အခြားသူတွေရဲ့ အခက်အခဲကို အခွင့်အရေးယူတဲ့သူ မဟုတ်ဘူး။ ”
အခွင့်အရေးမယူဟု ပြောသော်လည်း ဒေလီယာ သတိမထားစဉ်၌ ရိုမန်သည် ချန်လွေ့ကို သုံးလေးချက် ပိတ်ရိုက်လိုက်သည်။ရိုမန် တီးတိုးပြောသည်။
“ မင်းကငါ့ကို နတ်ဆိုးသားရဲဆီ ကျွေးချင်တယ် ဟုတ်လား။ငါ့ကို တွင်းဖြည့်ချင်တယ် ဟုတ်လား။အရင်ဆုံး ငါအတိုးနဲ့ ပြန်ယူမယ်။ ”
“ တော်တော်လေး အငြိုးထားတဲ့သူပဲ။ ”
ချန်လွေ့ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ရုတ်တရက် ချန်လွေ့၏လေသံ ပြောင်းသွားသည်။
“ အစကတော့ ဒေလီယာရဲ့မျက်နှာကို ငါကုပေးကြည့်မလို့ပဲ။အခုတော့ မင်းကြောင့် ငါစိတ်ပြောင်းသွားပြီ။ ”
“ မင်း ဘာပြောလိုက်တယ်။ ”
ရိုမန် သိမ့်သိမ့်တုန်သွားပြီး မျက်လုံးပြူးသွားသည်။ထို့နောက် ချန်လွေ့ပေးခဲ့သော အံ့ဖွယ်ဆေးရည်များကို သတိရလိုက်ပြီး သူ၏မျက်နှာ ရုတ်တရက် ပြုံးဖြီးဖြီး ဖြစ်သွားသည်။
“ သခင်လေး ချန်လွေ့။စိတ်အမြဲတမ်းပြောင်းလဲနေလို့ မရဘူးလေ။စိတ်တည်ငြိမ်နေရမယ်။သခင်လေးရဲ့ နောက်လိုက်ကို ဘာလို့ဗွေယူတာလဲ။သခင်လေးပြောတဲ့အတိုင်း နတ်ဆိုးသားရဲကို အစာကျွေးတာပဲဖြစ်ဖြစ်၊ တွင်းဖြည့်တာပဲဖြစ်ဖြစ် မျက်နှာတစ်ချက် မမဲ့စေရပါဘူး။ ”
ရိုမန်၏ အလျင်အမြန် မျက်နှာပြောင်းလဲမှုက ချန်လွေ့ကို အနည်းငယ် ဆွံ့အသွားစေသည်။ချန်လွေ့ ပြုံးစိစိလုပ်ရင်း သတ်မှတ်ချက်များ ထပ်ပြောမည် ပြင်လိုက်စဉ် ရိုမန်နှင့်ကွယ်နေသော ထိပ်ပိုင်းရှိ မီးအိမ်ပေါ်သို့ အကြည့်ရောက်သွားသည်။ချန်လွေ့ အပြုံး ရုတ်တရက် ရပ်တန့်သွားပြီး ပြောသည်။
“ မင်းမှာ ဖောက်ထွင်းမြင်ရတဲ့ အနက်ရောင် ကျောက်မျက်တစ်ခုခုရှိလား။ရှိရင် ငါ့ကိုအခုပေး။ ”
ရိုမန်သည် ချန်လွေ့ တည်ကြည်သော မျက်နှာကို မြင်လိုက်ပြီး ဆက်လက် မနောက်တော့ပေ။သူ ချက်ချင်းပင် သိုလှောင်လက်စွပ်ထဲမှ နက်ပြာရောင် အစတစ်ခုထုတ်ပြီး ချန်လွေ့အား ပေးလိုက်သည်။
ထိုအစသည် အလွန်ပါးလွှာပြီး မျက်မှန်ကဲ့သို့ပင် ကြည့်ရှုရန်အတွက် ကောင်းမွန်သည်။ချန်လွေ့သည် သူတွေ့ခဲ့သော ထူးဆန်းသည့် အလင်းမီး ကျောက်ကို ထိုအစမှတစ်ဆင့် စူးစမ်းကြည့်သည်။တလက်လက် တောက်ပနေသော ထိုအလင်းမီး ကျောက်သည် ထူးဆန်းသော သင်္ကေတတစ်ခုကို ရေးရေးလေး ပြသနေသည်။အကယ်၍ ချန်လွေ့သာ အရောင်ကွဲကျောက်ကို အသုံးမပြုခဲ့လျှင် ၎င်းကို လုံးဝ သတိထားမိမည် မဟုတ်ပေ။
ချန်လွေ့ ခဏမျှ လေ့လာကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားဟန် တူသည်။သူသည် ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ကာ မတ်တပ်ရပ်သည်။ထို့နောက် ဒိုဒိုနားနေသော ကျောပိုးအိတ်အား စောင့်ကြပ်ပေးရန်နှင့် လျှောက်မသွားရန် ရိုမန်နှင့် ဒေလီယာတို့အား ပြောသည်။ချန်လွေ့သည် ခန်းမထဲ၌ လမ်းလျှောက်ရင်း စက်ဝန်းများကို စစ်ဆေးကြည့်နေသည်။ခြေလှမ်းတိုင်း၌ သူသည် အထူးစီးချက်တစ်ခုကို အခြေခံ၍ ကြမ်းကြမ်းနင်းသည်။
ထိုကဲ့သို့ စဉ်ဆက်မပြတ် “တီးခေါက်မှု” ကြောင့် ကြမ်းပြင်မှ အမြင့်အမျိုးမျိုးရှိသော ထောင့်မှန်စတုဂံ ကျောက်တိုင်များ တိုးထွက်လာသည်ကို တွေ့လိုက်ရာ ဒေလီယာနှင့် ရိုမန်တို့ အံ့အားသင့်သွားကြသည်။အချို့မှာ သုံးမီတာခန့် မြင့်မားပြီး အချို့မှာ ၁၀စင်တီမီတာကျော်လောက်သာ ရှိကြသည်။
ချန်လွေ့ ခြေလှမ်းလှမ်းပြီးနောက် ထိုကျောက်တုံးများ ပေါင်းစပ်သွားပြီး လှဲလျောင်းနေသော နဂါးတစ်ကောင်ကဲ့သို့ပင် ယုတ္တိရှိသောပုံရိပ်တစ်ခု ဖြစ်သွားတော့သည်။
ထိုကျောက်တုံးနဂါးမှ ထူးဆန်းသော အသံတစ်သံ ထွက်လာသည်။
“ မေးခွန်းသုံးခုမေးမယ်။အမှန် ဖြေနိုင်တဲ့သူ ဝင်လို့ရမယ်။အမှားဖြေမယ်ဆိုရင် ဆယ်မိနစ်အတွင်း ဒီလိုဏ်ဂူတစ်ခုလုံး အလိုအလျောက် ပျက်စီးသွားမယ်။ ”
လခွမ်း။ဒါက ပါ့(ဂ်)လီအိုပြောတဲ့ အလိုအလျောက်ဖျက်ဆီးခြင်း အစီအစဉ် ဖြစ်မယ်။ဒါက ဖန်တရာတေနေတဲ့ အမေးအဖြေ ကဏ္ဍတောင် ပါလိုက်သေးတယ်။
ချန်လွေ့သည် ထိုခေါင်းမာလှသော နဂါး၏အကြိုက်ကို ရွံရှာသွားသော်လည်း ၎င်း၏ ထွင်းစာ အောင်မြင်မှုကို လေးစားသွားသည်။အသံအမျိုးမျိုး ထွက်စေသော ထွင်းစာမျိုးသည် လုပ်ရအလွန်ခက်ခဲပြီး ထွင်တတ်သော ကိုက်ညီမှု လိုအပ်သည်။ထိုတစ်ခုတည်းကပင် ပါ့(ဂ်)လီအိုအား နတ်ဆိုးဘုံရှိ ထိပ်တန်းလူတစ်ယောက်ဟု သတ်မှတ်၍ရပေသည်။ မဟုတ်သေးဘူး.....။ထိပ်တန်းနဂါးပေါ့။
“ အဟွတ်... ”
ကျောက်တုံးနဂါးက ယုတ္တိရှိရှိနှင့် ချောင်းဟန့်လိုက်သည်။
“ စဉ်းစားဖို့ အချိန် တစ်မိနစ်ရမယ်။မေးခွန်း ဖြေမလား။ဒါမှမဟုတ် ဒီကနေလစ်မလား။ ”
ဒေလီယာနှင့် ရိုမန်တို့လည်း တစ်ပြိုင်နက်တည်း မျက်နှာတည်သွားကြသည်။အဆုံးသတ်၌ ဤကဲ့သို့ ထောင်ခြောက်မျိုး ရှိနေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။အလိုအလျောက် ဖျက်ဆီးသည့် အန္တရာယ်ပင် ရှိနေသည်။မေးခွန်းများမှာ မည်သည်ဖြစ်နိုင်မည်နည်း။သူတို့ တစ်ခါ မှားဖြေမိသည်နှင့်......
“ မေးခွန်းဖြေမယ်။ ”
ချန်လွေ့ ပင့်သက်ရှိုက်ပြီး ရွေးချယ်မှု ပြုလုပ်လိုက်သည်။ လိုချင်တာရဖို့အတွက် ဘဝမှာ ဘယ်လောက်တောင် တိုက်ခိုက်ပြီးပြီပဲ။ဒါက နောက်ဆုံးအဆင့်ဆိုတော့ ငါအရှုံးပေးလို့မဖြစ်ဘူး။
“ လောကမှာ ကြောက်စရာအကောင်းဆုံး အရူးမရဲ့ နာမည်ကဘာလဲ။၁၀လုံးထက် မကျော်ရဘူး။၁၀မိနစ်အတွင်း ဖြေရမယ်။ ”
ဒေလီယာနှင့် ရိုမန်တို့သည် မေးခွန်းဖြေရန်အတွက် အမျိုးမျိုးသော “စွယ်စုံကျမ်း”များကို ပြင်ဆင်ထားပြီးလေပြီ။ထို့ကြောင့် ထိုမေးခွန်းကို ကြားသည့်အခါ သူတို့ ထိတ်လန့်သွားသည်။ ဒီလို ထူးဆန်းတဲ့မေးခွန်းမျိုးကို ဘယ်သူသိမှာလဲ။
တစ်ဖက်တွင်တော့ ချန်လွေ့ စိတ်သက်သာရာ ရသွားပြီး ချက်ချင်း ဖြေလိုက်သည်။
“ နတ်မိမယ်နဂါး ဇိုလာ။ ”
“ နတ်မိနယ်နဂါး မှန်တယ်။ဇိုလာ မှန်တယ်။ပထမမေးခွန်း အဖြေမှန်တယ်။ ”
၎င်းသည် ချန်လွေ့ နားလည်သကဲ့သို့ပင် အဓိကစကားလုံး၏ စာလုံးပေါင်းကို စစ်ဆေးသော အသံထွင်းစာ စမ်းသပ်မှုတစ်ခု ဖြစ်သည်။အဓိက စကားလုံး မှန်သည်နှင့် အောင်ပြီဖြစ်သည်။အဆက်အပြတ် ခန့်မှန်းခြင်းနှင့် ကံကောင်းပြီး အဖြေမှန်သွားခြင်း မဖြစ်စေရန်အတွက် စကားလုံးကန့်သတ်ချက်မှာ ၁၀ လုံးသာဖြစ်သည်။
“ နဂါးမတွေ အကြွေဆုံးဖြစ်တဲ့ အချောမောဆုံး အတော်ဆုံး နဂါးရဲ့နာမည်က ဘာလဲ။၁၀လုံးထက် မကျော်ရဘူး။၁၀မိနစ်အတွင်း ဖြေရမယ်။ ”
တကယ့်ကို ပျင်းစရာကောင်းတဲ့ ပေါတောတော မေးခွန်းပဲ။ချန်လွေ့သည် အဆိပ်နဂါးကို စိတ်ထဲ၌ ရွံရှာသွားပြီး “ အတ္တပေမ ” ဟူသော ဂုဏ်ပုဒ်တစ်ခု ထပ်တပ်ကာ စိတ်ရှုပ်ရှုပ်နှင့် ပြန်ဖြေလိုက်သည်။။
“ ခွေးမျိုး ပါ့(ဂ်)လီအို ”
“ ခွေးမျိုး မှားတယ်။ပါ့(ဂ်)လီအို မှန်တယ်။ဒုတိယမေးခွန်းရဲ့အဖြေ မှန်တယ်။ ”
ထိုအချိန်၌ ဒေလီယာနှင့် ရိုမန်တို့ သံသယ မရှိကြတော့ပေ။ချန်လွေ့ပြောသည့်အတိုင်းပင် သူသည် ဤရတနာသိုက်၏ “ တရားဝင် ” ဆက်ခံသူပင် ဖြစ်လေသည်။ ပိုင်ရှင်ဖြစ်တဲ့ “နဂါး”နဲ့ ရင်းနှီးတဲ့သူကလွဲရင် ဒီမေးခွန်းတွေကို ဘယ်သူ ဖြေနိုင်မှာလဲ။
ကျောက်တုံးနဂါး၏ အသံ ထွက်လာပြန်သည်။
“ နောက်ဆုံးမေးခွန်း။ပါ့(ဂ်)လီအို မွေးတုန်းက သူ ပထမဆုံး မြင်ခဲ့တာ အဖေလား။အမေလား။၁၀လုံးထက် မကျော်ရဘူး။၁၀မိနစ်အတွင်း ဖြေရမယ်။ ”
ထို ၅၀/၅၀ မေးခွန်းမျိုးသည် မခက်ခဲလှပေ။ပုံမှန်အားဖြင့် ကလေးတစ်ယောက်မွေးဖွားပြီး ပထမဆုံး မြင်သည့်အရာမှာ မိခင်ဖြစ်သူသာ ဖြစ်သည်။
သို့သော်လည်း ထိုကဲ့သို့ အရိုးရှင်းဆုံး မေးခွန်းကို ဖြေရာ၌ ချန်လွေ့ အနည်းငယ် တုံ့ဆိုင်းနေသည်။၁၀စက္ကန့်လည်း ကုန်ဆုံးတော့မည် ဖြစ်သည်။ရိုမန် သည်းမခံနိုင်တော့ဘဲ အမြန်ဖြေရန်ပြင်လိုက်စဉ် ချန်လွေ့ ဖြေလိုက်သည်။
“ ဥခွံ ”
၎င်းသည် ရိုးရှင်းသော ၅၀/၅၀ မေးခွန်းတစ်ခု ဖြစ်ဟန်တူသည်။သို့သော်လည်း အမှန်တကယ်၌ ၎င်းမှာ ကောက်ကျစ်ပြီး လှည့်စားထားခြင်း ဖြစ်သည်။အကြောင်းမှာ အဖြေနှစ်ခုစလုံး မှားနေ၍ ဖြစ်သည်။ချန်လွေ့သည် စကားဝိုင်းတစ်ခု၌ ပါ့(ဂ်)လီအို ပြောခဲ့သည်ကို သတိရလိုက်သည်။
“ ငါမွေးတုန်းက ဥခွံကလွဲပြီး ဘာမှ မတွေ့ခဲ့ဘူး။ ”
“ အရင်နှစ်တွေတုန်းက င့ါမှာ ရင်းနှီးတဲ့သူတွေ မရှိခဲ့ဘူး။ရန်သူတွေပဲ အများကြီး ရခဲ့တယ်။ ”
“ နဂါးတွေက မိတ်ဆွေတွေ မလိုအပ်ဘူး။အထူးသဖြင့် အဆိပ်နဂါးတွေပေါ့။ဘုရားသခင်မှာ မိတ်ဆွေတွေရှိတာ မင်းမြင်ဖူးလား။သူတို့က လေးစားအားကျမှုနဲ့ အကြောက်တရားပဲ လိုအပ်တယ်။သူတို့က အပိုဂရုစိုက်မှုတွေနဲ့ နားလည်မှုတွေ မလိုအပ်ဘူး။ ”
အရှေ့မှမေးခွန်းများသည် ပျင်းစရာကောင်းပြီး အတ္တပေမဝါဒ ဆန်သည်ဆိုလျှင် နောက်ဆုံးမေးခွန်းမှာ အထီးကျန်ခြင်း အငွေ့အသက် ရှိလေသည်။
ဒါပေမဲ့ အခုတော့ သူ ပိုပြီး သက်သာလောက်ပါပြီ။ဒီတစ်ခေါက် ငါပြန်တဲ့အခါ သူ့ကိုထိန်းချုပ်ထားတဲ့ [ အလင်းအမှောင်သော့ခလောက် ] ကို ဖျက်ပြီးတော့ လွတ်လပ်မှု လက်ဆောင်ပေးမယ်။အဲဒါဆို သူ ရေကန်ပြာကနေ ထွက်လို့ရပြီ။“ အခုဆို ငါ့ဖင်မှာတောင် အသားမာတွေ ဖြစ်နေပြီ ” ဆိုပြီး အမြဲ တကျည်ကျည် လုပ်နေမှာ မဟုတ်တော့ဘူး။
ကျောက်တုံးနဂါး၏အသံ ထွက်လာပြီး ချန်လွေ့၏ အတွေးများကို နှောင့်ယှက်လိုက်သည်။
“ ဥခွံ မှန်တယ်။ ”
ရိုမန် အနည်းငယ် ထိတ်လန့်သွားသည်။ကံကောင်းစွာပင် သူမဖြေခဲ့ပေ။သို့မဟုတ်ပါက အားလုံး ပြီးဆုံးသွားပေလိမ့်မည်။
ကျောက်တိုင်များ စတင်ပြောင်းလဲလာသည်။မူလ နဂါးပုံစံပေါင်းစပ်မှုသည် လိုဏ်ဂူဝင်ပေါက်အဖြစ် ပြောင်းလဲသွားသည်။အောက်ဆင်းမည့် ကျောက်လှေကားများ ရှိနေသည်။လမ်းတစ်လျှောက်၌ အလင်းရောင်တောက်နေသော မှော်ကျောက်တုံးများ ရှိနေသည်။ရတနာသိုက်၏ တည်နေရာအမှန်သည် ဤခန်းမအောက်ရှိ “ တတိယထပ် ” ၌ ဖြစ်နေပုံရသည်။
“ သွားရအောင်။ ”
ချန်လွေ့က ရိုမန်နှင့် ဒေလီယာတို့ကို ပြောသည်။
“ ဂူရာဒန်ရဲ့ ခန္ဓာကိုယ်အစစ်အမှန်က မပေါ်ထွက်လာသေးဘူး။သူက အနီးအနားမှာ ရှိနေနိုင်တယ်။အောက်ဘက်မှာလည်း ရှိနိုင်တယ်။ငါတို့ သတိထားမှ ဖြစ်မယ်။ ”
ရိုမန် ခေါင်းညိတ်လိုက်သည်။သူသည် ဒိုဒိုရှိသော ကျောပိုးအိတ်ကို သယ်ပြီး လှေကားအတိုင်း သုံးယောက်သား ဆင်းသွားကြတော့သည်။
လှေကားသည် အလွန်ရှည်လှသည်။အောက်ခြေ ရောက်ရန်အတွက် နာရီဝက်ပင်ကြာသည်။သို့သော်လည်း လမ်းတစ်လျှောက်၌ မည်သည့် ထွင်းစာမျှ မရှိပေ။သူတို့၏အရှေ့၌ ဧရာမတံခါးကြီး တစ်ခု ရှိနေသည်။ရိုမန်က ထိုတံခါးကို တွန်းဖွင့်လိုက်သည့်အခါ တံခါးကြားမှ အလင်းရောင်သည် သူတို့သုံးယောက်စလုံးကို မျက်စိကန်းလုနီးပါး ဖြစ်သွားစေခဲ့သည်။
ပိုမြင့်သည့်ငွေတောင်ကြီးရှိသော ပိုကြီးသည့် ခန်းမတစ်ခု ရှိနေသည်။သူတို့၏အရှေ့ရှိ မြင်ကွင်းနှင့်ယှဉ်လျှင် အပေါ်ထပ်မှ ပုံရိပ်ယောင်သည် တောင်ငယ်လေးတစ်ခု အဖြစ်သာ သတ်မှတ်၍ရသည်။
ချန်လွေ့သည် သိုလှောင်ခန်းကိုစမ်းကြည့်ရာ ထည့်သိမ်း၍ရသည်။၎င်းသည် အမှန်တကယ်ပင် ရတနာပုံကြီး ဖြစ်သည်။
ဤနေရာရှိ ပတ်ဝန်းကျင်သည် အပေါ်ထပ်နှင့် အနည်းငယ် ကွဲပြားသည်။အတွင်းပိုင်းဆုံးတွင် ရေကန်တစ်ကန်ရှိပြီး ဧရာမသေတ္တာများကို အစဉ်လိုက်စီရီထားသည်။ထို့နောက်တွင် ကျောက်မျက်များ၊သတ္တုရိုင်းများရှိပြီး အပြင်ဘက်ဆုံး၌ တအိအိလှုပ်နေသော သလင်းကျောက်နက် ဒင်္ဂါး တောင်ပုံကြီး ရှိနေသည်။အစီအစဉ်မှာ ထင်ထင်ရှားရှားပင် ဖြစ်သည်။
ချန်လွေ့၏မျက်လုံးများ အနည်းငယ် ပူလောင်နေပြီး ဒေလီယာနှင့် ရိုမန်တို့၏ မျက်လုံးများမှာလည်း တောက်ပနေသေည်။ဤကဲ့သို့ ပမာဏများပြားသော ငွေကို ဂရုစိုက်ဟု ပြောသူများသည် ကြောင်သူတော်များပင် ဖြစ်သည်။
“ မင်းမှာအခု ဘာခွန်အားမှ မရှိဘူးဆိုတော့ မင်းကို ရှင်းပစ်ချင်စိတ် ပေါ်လာတယ်။ ”
ရိုမန်က နှာခေါင်းပွတ်နေလိုက်သည်။
“ ပြီးရင် ငါ ဒေလီယာကို ခေါ်သွားပြီးတော့ ငွေကို ရေလိုဖြုန်းမယ်။နှစ်ပေါင်းရာချီလောက်တော့ လူချမ်းသာလိုမျိုး နေနိုင်မှာပဲ။ ”
“ ကျွန်မလည်း အဲလိုပဲ ခံစားမိတယ်။ ”
ဇာမျက်နှာလွှားကာထားသော ဒေလီယာက ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။
“ ဒါပေမဲ့ အရင်ဆုံးတော့ ကျွန်မ အလိုအပ်ဆုံးအရာကို အရင်ရှာချင်တယ်။ ”
ရိုမန်နှင့် အထင်လွဲမှုကို ဖြေရှင်းပြီးနောက် ဒေလီယာ၏ မျက်လုံးထဲမှ စိတ်အားငယ်မှုများ အတော်များများ လျော့ကျသွားသည်။ထိုအချိန်၌ သူသည် ချန်လွေ့တို့နှစ်ယောက်ကို လျစ်လျူရှုပြီး မိသားစု လျို့ဝှက်ရတနာကို ရှာဖွေရန် [ နတ်မိစ္ဆာမျက်လုံး ] ကို အသက်သွင်းလိုက်သည်။ထင်ထင်ရှားရှား တုံ့ပြန်မှုရှိသည့်အတွက် ဒေလီယာသည် အလျင်အမြန်ပင် အရှေ့သို့ သွားလိုက်သည်။
“ ငါ မိတ်ဆွေရွေးမှားခဲ့တဲ့ပုံပဲ။ ”
ချန်လွေ့ စိတ်သောကရောက်နေပုံပေါ်သော်လည်း အမှန်တကယ်၌ စိတ်အေးလက်အေး ဖြစ်နေသည်။
“ ငါမင်းတို့ကို အပေါ်ထပ်မှာ သတ်ခဲ့ရမှာ။ ”
အခက်အခဲများနှင့် ကြံတွေ့စဉ်၌ မိတ်ဆွေစစ်များကို မြင်တွေ့နိုင်သည်။ယခင်တိုက်ပွဲများသည် စကားလုံးများထက် ပို၍စိတ်ချရသော အရာအများအပြားကို သက်သေပြခဲ့ပြီးလေပြီ။
“ ဟီးဟီး။ငါ့ကို ဝိုင်တစ်ပုလင်းပေး။ ”
ရိုမန် ပြုံးလိုက်သည်။
“ နောက်ကျရင် ငါ ဖြည်းဖြည်းလေး လုပ်မှာပါ။ ”
ချန်လွေ့သည် ရိုမန်အား ဝိုင်တစ်ပုလင်း ပစ်ပေးလိုက်သည်။သူတို့နှစ်ယောက်သည် တလက်လက် တောက်ပနေသော ရတနာများကို ကြည့်ရင်း ဒေလီယာနောက်မှ လိုက်သွားသည်။ရုတ်တရက်ပင် [ မိစ္ဆာမျက်လုံး ] အသက်သွင်းထားသော ရိုမန်သည် ဒေလီယာအား အော်ပြောလိုက်သည်။
“ နေဦး။ဒေလီယာ။မြန်မြန် ပြန်လာခဲ့။ ”
ဒေလီယာ ချက်ချင်း ပြန်ဆုတ်ခိုက်သည်။ထိုအချိန်တွင် ရေကန်ထဲမှ အငွေ့မည်းများ အလျင်အမြန် ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဒေလီယာကို ဝိုင်းရံတော့သည်။ဒေလီယာလည်း အမြန် တုံ့ပြန်ပြီး [ နတ်မိစ္ဆာမျက်လုံး ] ကို ချက်ချင်း အသက်သွင်းလိုက်သည်။သို့သော်လည်း အငွေ့မည်းသည် အတော်လေး အစွမ်းထက်လှသည့်အတွက် [ နတ်မိစ္ဆာမျက်လုံး ] သည် ချက်ချင်းပင် အားနည်းသွားခဲ့သည်။သို့သော်လည်း ၎င်းသည် အချိန်ဆွဲပေးနိုင်ခဲ့သည်။[ လျှပ်တပြက် ] အစွမ်းသုံးထားသော ရိုမန် အမြန်ရောက်လာပြီး ဒေလီယာကို ပွေ့ချီကာ နောက်ဆုတ်သွားသည်။
ကပ်ဘေးမှာ မပြီးဆုံးသေးပေ။အငွေ့မည်းသည် ဖြန့်ကျက်နေဆဲ၊ဖုံးလွှမ်းနေဆဲပင် ဖြစ်သည်။ရိုမန်သည် နေရာအမျိုးမျိုး ပြောင်းကြည့်သည်။သို့သော်လည်း ပိတ်ဆို့ခံနေရဆဲပင် ဖြစ်သည်။သူတို့နှစ်ယောက်သည် အကွိုင်း၏ ခြေလှမ်းအတိုင်း လိုက်ရတော့မည့်ပုံစံ ပေါက်နေ၏။
“ ဂူရာဒန်။ခင်ဗျား ဒီကထွက်သွားချင်ရင် သူတို့ကို ထိခိုက်အောင် မလုပ်နဲ့။ ”
ချန်လွေ့၏ ကျယ်လောင်သောအော်သံကြောင့် အငွေ့မည်း၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ရိုမန်သည် ၎င်းကို အခွင့်အရေးယူပြီး ဒေလီယာအား ပွေ့ချီကာ လွတ်မြောက်သွားနိုင်ခဲ့သည်။သူတို့ နှစ်ယောက်သည် စိတ်ဓာတ်ခိုင်မာသော်လည်း ထိုအဖြစ်အပျက်ကြောင့် အလွန်ထိတ်လန့်သွားကြသည်။
မည်သို့ပင်ဆိုစေကာမူ မည်သူမှ အရိုးခြောက် မဖြစ်ချင်ကြပေ။
ယခုတွင် ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ] အပါအဝင် မည်သည့်အစွမ်းကိုမျှ အသုံးမပြုနိုင်တော့ပေ။သို့သော်လည်း ဂူရာဒန်၏ အငွေ့အသက်သည် အပေါ်ထပ်ကထက် ပို၍အစွမ်းထက်သည်ဟု ခံစားမိသည်။ ဒါက သူ့ရဲ့ ခန္ဓာကိုယ် အစစ်အမှန် ဖြစ်ရမယ်။
ဒီရတနာသိုက်ထဲက အန္တရာယ်အများဆုံးဘော့စ် လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀၀ကျော်တုန်းက အောက်လမ်းဆရာသခင်က နောက်ဆုံးတော့ ထွက်လာပြီပဲ။သူက တကယ်ပဲ ရတနာတွေ ပြည့်နေတဲ့ ဒီခန်းမထဲမှာ ရှိနေတာပဲ။
အငွေ့မည်းများသည် လူသားအသွင်အဖြစ် စုစည်းသွားပြီး ချန်လွေ့အရှေ့၌ ရပ်နေသည်။၎င်း၏မျက်လုံးများသည် ထူးဆန်းသော အနီရောင်များ တောက်နေပြီး ခါသီးသောအသံ ထွက်လာသည်။
“ ဒီရတနာသိုက်ရဲ့တံခါးကို မဖွင့်ခဲ့ရင် မင်းငါ့ကို ခြိမ်းခြောက်ကောင်း ခြိမ်းခြောက်နိုင်မယ်။အခုတော့ မင်းက သေလမ်းရှာနေတာပဲ။မင်း ငါ့ရဲ့ စိတ်ပုံရိပ်ကို ဖျက်ဆီးခဲ့တုန်းက မင်းကို အရိုးတခြား အသားတခြား လုပ်ပစ်မယ်လို့ ငါကျိန်ဆိုခဲ့တယ်။ငါ့ရဲ့ဆန္ဒတွေ ဒီလောက်မြန်မြန် ပြည့်လာမယ်လို့ မထင်ထားခဲ့ဘူး။ ”
“ ခင်ဗျားရဲ့ စိတ်ပုံရိပ် ဘယ်လိုရှုံးသွားလဲဆိုတာ မေ့သွားပြီလား။ခင်ဗျားရဲ့ ခန္ဓာကိုယ် အစစ်အမှန်ရော အဖျက်ဆီးခံချင်လို့လား။ ”
အလောင်းအောက်လမ်းပညာရှင်က အထင်သေးစွာ ပြောလိုက်သည်။
“ နိဗ္ဗာန်လိုမျိုး အဲဒီအစွမ်းက သက်ရောက်မှု နည်းနည်းရှိပေမဲ့ အဲဒါက ငါ့ရဲ့စိတ်ပုံရိပ်ကိုပဲ ထိခိုက်နိုင်တယ်။မင်း နတ်ဆိုးအရှင်သခင်အဆင့် မရောက်ရင် ငါ့ရဲ့တကယ့် ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ပြီးတော့လည်း အခု မင်းမှာ ဘာခွန်အားမှ မရှိတော့ဘူး။ ”
ချန်လွေ့ မတွန့်သွားခဲ့ပေ။သူ၏အမူအရာ မပြောင်းလဲဘဲ ရှိနေ၏။
“ ကျုပ်မှာ ခွန်အားမရှိတော့တာ ခင်ဗျားဘယ်လို သိတာလဲ။ ”
အလောင်းအောက်လမ်းပညာရှင် သရော်ပြုံး ပြုံးလိုက်သည်။
“ မင်းပြောတာတွေ ငါမကြားရင်တောင် မင်းရဲ့ လက်ရှိအခြေအနေကိုကြည့်ပြီးတော့ ငါပြောနိုင်တယ်။အကြွင်းမဲ့စွမ်းအားအရှေ့မှာ ဟန်ဆောင်လိမ်ညာတာလိုမျိုး နည်းဗျူဟာတွေက အသုံးမဝင်ဘူး။ ”
ဤအလောင်းအောက်လမ်းပညာရှင်သည် အမှန်တကယ်ပင် လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ခန့်က ဂူရာဒန်ဖြစ်ခဲ့လျှင် ထိုအစွမ်းကို ချန်လွေ့ ယခုအသုံးပြုသည့်တိုင် အနိုင်ရနိုင်ချေ မရှိပေ။ချန်လွေ့ အလျင်အမြန်တွေးပြီး ပုခုံးတွန့်လိုက်သည်။
“ အကြွင်းမဲ့စွမ်းအားအရှေ့မှာ နည်းဗျူဟာတွေက အသုံးမဝင်ဘူးဆိုတော့ ခင်ဗျားရဲ့အစွမ်းနဲ့ဆိုရင် ကျုပ်ကို ခြောက်လှန့်စရာ မလိုပါဘူး။ကျုပ်တို့ စကားပြောကြမလား။ ”
“ ဘာပြောစရာရှိလဲ။ ”
ဂူရာဒန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ မင်းတို့ကို တစ်ယောက်ချင်း အရိုးခြောက်အဖြစ် ပြောင်းပြီးတော့မှ စကားပြောမယ်။ ”
“ ကျုပ်တို့ စကားပြောလို့ရတာတွေ အများကြီး ရှိသေးတယ်။ဥပမာ....ခင်ဗျား ဒီမှာ အကျဉ်းကျနေရတဲ့အကြောင်း....။ဒါမှမဟုတ် နတ်ဆိုးအရှင်သခင်အဆင့် နဂါးတစ်ကောင် အကြောင်းပေါ့။ ”
ဂူရာဒန် အနည်းငယ် တုန်လှုပ်သွားပြီး ပျံ့နှံ့နေသော အငွေ့မည်းများ ရုတ်တရက် နှေးကွေးသွားသည်။