လျို့ဝှက်ဆန်းကြယ်သော ငွေသေတ္တာ။မြင်းဖြူစီးသော ထန်စန့်ကျန်း
Vol. 15 Ch. 223
ထိုအချိန်၌ ရေကန်ထဲမှ ထူးဆန်းသောအသံများ ထွက်လာသည်။ရေကန်ဆီသို့ ချဉ်းကပ်သွားသော ဒေလီယာနှင့်ရိုမန်တို့ နောက်သို့ပြန်ပြန် ဆုတ်သွားသည်ကို ချန်လွေ့ မြင်လိုက်သည်။
ချန်လွေ့က မေးသည်။
“ ဘာဖြစ်တာလဲ။ဒေလီယာ။ ”
ဒေလီယာ၏အသံသည် အလွန်စိတ်အားထက်သန်နေပုံရသည်။
“ လျို့ဝှက်ရတနာက ရေကန်ထဲက ငွေသေတ္တာ ဘေးနားမှာပဲ။ဒါပေမဲ့ အဲဒီမှာ မှော်အစီအရင် တစ်ခု ရှိနေတဲ့ပုံပဲ။ကျွန်မ ဖြတ်သွားလို့ မရဘူး။ ”
ငွေသေတ္တာ။ ချန်လွေ့၏နှလုံးသား လှုပ်ရှားသွားပြီး ရေကန်ဆီသို့ အမြန်သွားလိုက်သည်။
“ ဖြည်းဖြည်း။ ”
ဂူရာဒန်၏ခန္ဓာကိုယ်မှ အငွေ့မည်းက ချန်လွေ့ကို တားဆီးလိုက်သည်။
“ မင်း ဒီကနေ အကုန်ယူသွားလို့ရတယ်။ဒါပေမဲ့ ဒီငွေသေတ္တာကိုတော့ မရဘူး။ ”
ငွေသေတ္တာထဲ၌ ပါ့ဂ်လီအိုက ပြိုင်ဘက်နဂါးပြာ ရာနိုင်းရီအား သတ်ပြီးနောက် ရရှိလာသော လျို့ဝှက်ရတနာ ရှိသည်။ထိုသေတ္တာအတွက် ပါ့ဂ်လီအိုသည် ယာယီမဟာမိတ်ဖြစ်သော နတ်မိမယ်နဂါး လော်ရာအား သစ္စာဖောက်ခဲ့သည်။ နောက်ဆုံး၌ ၎င်းကို အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က မျက်စိကျသွားပြီး ပါ့ဂ်လီအို၏အစွမ်းများ ချိပ်ပိတ်ခံလိုက်ရတော့သည်။
ငွေသေတ္တာသည် ရှေးမှော်စာကို ချိုးဖျက်ရန်အတွက် လော်ရာအား အလဲအလှယ်ပြုလုပ်ရမည့် အရေးကြီးသော သင်္ကေတတစ်ခု ဖြစ်သည်။၎င်းသည် ယခု ယူရရှိရမည့် ရတနာနှစ်ခုထဲမှ တစ်ခု ဖြစ်သည်။သို့သော်လည်း ဂူရာဒန်သည် အကြောင်းတစ်ခုခုကြောင့် ငွေသေတ္တာအတွက် စိုးရိမ်နေသည်။ သူက အဲဒီထဲက လျို့ဝှက်ချက်ကို ရှာတွေ့သွားတာများလား။
“ ကျုပ်တို့ ကြိုတင်သဘောတူထားတယ်လေ။ကျုပ် အရယူရမယ့် ပစ္စည်းသုံးမျိုး ရှိတယ်လို့ ပြောထားပြီးသား။ပြီးတော့လည်း ခင်ဗျားက ငွေသေတ္တာအကြောင်း ဘာမှမပြောခဲ့ဘူး။ ”
ချန်လွေ့က ရှေ့သို့ ခြေလှမ်းလှမ်းလိုက်သည်။
“ ခင်ဗျားနာမည်နဲ့ ကျိန်ဆိုထားတာကို မေ့သွားပြီလား။ဒါမှမဟုတ် ကျုပ်တို့ သဘောတူထားတာက ခင်ဗျားအရင် ကတိဖျက်ရင် အကျုံးမဝင်တော့တာများလား။ ”
ဂူရာဒန်သည် ဒေါသကိုထိန်းရန်ကြိုးစားပြီး မျက်လုံးများ နီရဲသွား၏။ထို့နောက် ဘေးဘက်သို့ ဆုတ်ခွာပြီး လက်ကိုဝှေ့ရမ်းလိုက်သည်။တားဆီးထားသောစွမ်းအားများ ရုတ်တရက် ပျောက်ကွယ်သွားကြောင်း ဒေလီယာ ခံစားလိုက်ရပြီးနောက် ရေကန်ထဲသို့ အမြန်သွားကာ ထူးဆန်းသောပစ္စည်းတစ်ခုကို ကောက်ယူလိုက်သည်။၎င်းသည် အဝိုင်းသဏ္ဍာန် ပစ္စည်းတစ်မျိုးဖြစ်ပြီး ကြေးမုံခုံးနှင့်တူနေပြီး တဖိတ်ဖိတ် တောက်နေသည်။အလယ်ဗဟို၌ စူးရှသောမျက်လုံးနှင့်တူသည် ထူးဆန်းသော သင်္ကေတစ်ခု ရှိသည်။
ဒေလီယာ အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။သူသည် “ ကြေးမုံခုံး ” အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း တုန်လှုပ်နေကာ စကားပင် မပြောနိုင်တော့ချေ။ရိုမန်သည် ဒေလီယာအား ပုခုံးမှ ပွေ့ဖက်ကာ နှစ်သိမ့်ပေးရင်း ရေကန်ထဲမှ ခေါ်ထုတ်သွားလိုက်သည်။
ရေကန်ဆီသို့ ချန်လွေ့ချည်းကပ်လာသည့်အခါ ရေကန်အောက်တွင် ဒေလီယာ၏ မိသားစု လျို့ဝှက်ရတနာအပြင် အခြားပစ္စည်းများလည်း နစ်မြုပ်နေကြောင်း တွေ့လိုက်ရသည်။ သူ၏မျက်လုံးများသည် ပစ္စည်းတစ်ခုထံ ကျရောက်သွားသည်။၎င်းမှာ ငွေသေတ္တာပြား ဖြစ်သည်။ချန်လွေ့ ချက်ချင်းပင် ရေကန်ဆီ သွားတော့သည်။
ဒါနဲ့ ဒီရေကန်က စွမ်းအင်ရေစင်ပဲ။ဒါက စကိုင်းရဲ့ ကျိန်စာကို ဖြည်ပေးနိုင်တဲ့ ပစ္စည်းနှစ်မျိုးထဲက တစ်မျိုးပဲ။ကြည့်ရတာတော့ နည်းလမ်းတစ်လမ်း စဉ်းစားရမယ့်ပုံပဲ။
ချန်လွေ့ ရေကန်ထဲ ဆင်းတော့မည့်အချိန်၌ ဂူရာဒန်၏အသံ နောက်မှထွက်လာသည်။
“ ဂလော်ဖင်း။မင်း နောင်တရလိမ့်မယ်။ ”
“ ဂလော်ဖင်းရဲ့အဘိဓာန်မှာ နောင်တ ဆိုတာ မရှိဘူး။ ”
ချန်လွေ့က စိတ်နှလုံးမကောင်းစွာဖြင့် ပြန်ဖြေလိုက်သည်။ယခုတွင် ဂလော်ဖင်း၌ ဘာမျှ မရှိတော့ပေ။ “ အဘိဓာန် ” ကို ပြောစရာပင် မလိုတော့ချေ။ထို့ကြောင့် သူ့ထံတွင် သေချာပေါက် နောင်တမရှိပေ။
ချန်လွေ့သည် စွမ်းအင်ရေစင်ထဲသို့ တစ်လှမ်းချင်း လျှောက်သွားပြီး ခါးကိုင်းကာ ငွေသေတ္တာကို ကိုင်လိုက်သည်။၎င်းကို ချန်လွေ့က သတ္တုဟု ထင်ခဲ့သော်လည်း ကိုင်ကြည့်လိုက်သည့်အခါ သတ္တုလည်းမဟုတ် သစ်သားလည်း ဟုတ်မနေပေ။ ၎င်းအပေါ်၌ မြောက်မြားလှစွာသော လျို့ဝှက်ဆန်းကြယ်သည့် ပုံစံကွက်များ ရေးရေးလေး ပေါ်နေပြီး နက်မှောင်သော ငွေရောင် တောက်ပနေသည်။ သေတ္တာတစ်ခုလုံးသည် ပဟေဠိများဖြင့် ဖုံးလွှမ်းနေ၏။
ဒီသေတ္တာထဲမှာ သေတ္တာငယ်လေးတစ်လုံး ရှိတယ်လို့ ပါ့ဂ်လီအိုပြောတာ ငါမှတ်မိတယ်။အခုတော့ အလောင်းအောက်လမ်းပညာရှင်နဲ့ ယာယီ ငြိမ်းချမ်းရေးယူထားပေမဲ့ နောက်တစ်ခါ ပြန်တွေ့တဲ့အခါကျရင် ပြိုင်ဘက်တွေ ဖြစ်နေမှာ။ငါတစ်ခု အရွေးမှားသွားရင် အလောင်းအောက်လမ်းပညာရှင်က ကျေကျေနပ်နပ်နဲ့ ပြန်လဲပေးလောက်မှာလား။
ဘယ်လိုပဲဖြစ်ဖြစ် စစ်ကြည့်ဖို့လိုတယ်။
ဒီသေတ္တာမှာ ရိုးရှင်းတဲ့သော့ခလောက် တစ်ခုပဲ ရှိတယ်။ဘာအထူးချိပ်ပိတ်မှ မရှိဘူး။
အလောင်းအောက်လမ်းပညာရှင်သည် ချန်လွေ့၏ မျက်နှာအမူအရာကို အကဲခတ်နေပြီး ရုတ်တရက် အော်ပြောလိုက်သည်။
“ အဲဒီသေတ္တာကို မဖွင့်နဲ့။ ”
ချန်လွေ့သည် အလောင်းအောင်လမ်းပညာရှင်၏ အသံမှ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။သူစိတ်လှုပ်ရှားသွားပြီး ၎င်းကို ချက်ချင်းဖွင့်လိုက်၏။အနည်းငယ် ဖွင့်လိုက်သည်နှင့် သေတ္တာထဲ၌ ဖော်ပြ၍မရသော အငွေ့အသက် စွမ်းအားတစ်ခု ထွက်လာသည်။
ရုတ်တရက် ချန်လွေ့သည် အသက်စွမ်းအား အလျင်အမြန် လျော့နည်းလာကြောင်း ခံစားလိုက်မိသည်။တစ်ချိန်တည်းမှာပင် “ပုံရိပ်ယောင်”တစ်ခု ထွက်ပေါ်လာသည်။ သူသည် ကျယ်ပြောလှပြော စကြဝဠာတစ်ခုအတွင်း ရောက်ရှိနေပြီး ပတ်ပတ်လည်ရှိ အရာအားလုံးမှာ သေဆုံးကာ ပျောက်ကွယ်နေသကဲ့သို့ပင် ဖြစ်နေသည်။
သက်ရှိ၊ဂြိုလ်၊နေအဖွဲ့အစည်း စသဖြင့် နှစ်ပေါင်း ထျီလီယံချီ တည်ရှိနေခဲ့စေကာမူ၊ မည်မျှ ထာဝရရှင်သန်နေနိုင်သည်ဟု ထင်ရစေကာမူ ပျက်စီးမှုမှ မလွတ်မြောက်နိုင်ပေ။ စူပါစနစ်ထဲရှိ နက်ဗျူလာမှ နေဖြစ်ပေါ်လာခြင်း ကဲ့သို့ပင် ဖြစ်သည်။အဓိကအစဉ်၏ ကောင်းစားချိန်ပြီးနောက်တွင် ၎င်းသည် ပျက်စီးသွားပြီး နက်ဗျူလာတစ်ခုအဖြစ် ပြန်လည်ရောက်ရှိသွားသည်။
[ နက်ဗျူလာ = ညအခါ ကောင်းကင်၌ အလင်းရောင်ပျပျ မြင်ရသော အာကာသဟင်းလင်းပြင် အဝေးမှကြယ်စု။ ]
သို့သော်လည်း ထိုကဲ့သို့ပျက်စီးမှုသည် သေဆုံးခြင်းသက်သက်သာ မဟုတ်ပေ။ စူပါနိုဗာတစ်ခု၏ ပေါက်ကွဲမှုကဲ့သို့ပင် ဖြစ်သည်။၎င်းသည် ပျက်စီးမှု ဖြစ်သော်လည်း ဘဝသစ်တစ်ခု၏ အစလည်း ဖြစ်သည်။ရှင်သန်ခြင်းနှင့် ပျက်သုဉ်းခြင်း သံသရာသည် စကြဝဠာကြီး၏ မပြောင်းလဲသော နိယာမပင် ဖြစ်လေသည်။
[ စူပါနိုဗာ = ပေါက်ကွဲ၍ စူးစူးရှရှ တောက်ပနေသောကြယ်။ ]
စူပါစနစ်ထဲရှိ နေအဖွဲ့အစည်းနှင့် ပတ်သက်သော လျို့ဝှက်ဆန်းကြယ်မှုများကို ခံစားမိရင်း ချန်လွေ့သည် တစ်စုံတစ်ခုကို သိသလို မသိသလို ဖြစ်သွားသည်။ ထိုလွှမ်းမိုးမှုအောက်တွင် စူပါစနစ်ထဲရှိ နေအဖွဲ့အစည်း၏ လည်ပတ်မှုများသည် ပို၍ အဆင်ပြေချောမွေ့လာပြီး ဂြိုလ်များ၏ ကျက်သရေလည်း ပို၍ရှုပ်ထွေးပြီး အနုစိတ်လာသည်။
စကြဝဠာထဲ၌ နှစ်ပေါင်း ထျီလီယံချီ အချိန်ကုန်ဆုံးသွားသကဲ့သို့ ဖြစ်သွားသည်။ ထိုသိမြင်နားလည်မှုများသည် ခဏသာ ဖြစ်သည်။ထို့နောက် ချန်လွေ့၏ အသိစိတ်သည် ပါ့ဂ်လီအို၏ ရတနာခန်းမ အထဲသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
ခန်းမတစ်ခုလုံး တုန်ခါနေပြီး ပြိုလဲမတတ် ဖြစ်နေသည်ကို သူမြင်လိုက်ရသည်။အပေါ်မှ မြောက်မြားလှစွာသော ဖုန်မှုန့်များကျလာပြီး စွမ်းအင်ရေစင်မှ ရေများလည်း သွက်သွက်ခါနေကြသည်။ဒေလီယာနှင့် ရိုမန်တို့၏ မျက်နှာပေါ်၌ မသက်မသာသည့် အမူအရာများ ဖြစ်နေသည်။ဂူရာဒန်သည် အငွေ့မည်းများကို ပြန်ရုတ်သိမ်းလိုက်ပြီး တစ်နေရာရာ၌ ပုန်းအောင်းနေခဲ့သည်။
“ သခင်။ဒိုဒိုရဲ့အသက် ကုန်ဆုံးလာသလို ခံစားရတယ်။ကြောက်စရာကြီး။ ”
ရိုမန်၏ ကျောပိုးအိတ်ထဲမှ ဒိုဒို ခုန်ထွက်လာပြီး ကြောက်လန့်တကြား ပြောသည်။သို့သော်လည်း သူ၏ပုံစံသည် ရိုမန်နှင့်ဒေလီယာကဲ့သို့ မသက်မသာ ဖြစ်မနေပေ။
“ ငါ့ရဲ့ အသက်စွမ်းအားတင် မဟုတ်ဘူး။ ”
ရိုမန် အော်ပြောလိုက်သည်။
“ ငါ့ရဲ့ခွန်အားလည်း လုံးဝဖိနှိပ်ခံလိုက်ရတယ်။သေတ္တာကို ပိတ်လိုက်တော့။ ”
အသက်စွမ်းအား ဆုံးရှုံးနေခြင်းမှာ ထင်ယောင်ထင်မှား မဟုတ်ကြောင်း ချန်လွေ့ ခံစားရလိုက်သည်။သို့သော်လည်း သူ၏ခွန်အား မဆုံးရှုံးပေ။သေတ္တာထဲ၌ ရှိသည့်အရာကို ချန်လွေ့ မြင်လိုက်ရသည်။ပါ့ဂ်လီအို ပြောသည့်အတိုင်းပင် အတွင်းထဲ၌ သေတ္တာငယ် တစ်လုံးရှိသည်။သို့သော်လည်း ထိုသေတ္တာငယ်ထံမှ လွင့်ထွက်လာသော အငွေ့အသက် အရိပ်အယောင်တစ်ခုကပင် ဤကဲ့သို့ ပြင်းထန်သော မတည်မငြိမ်မှုများကို ဖြစ်စေလေသည်။
ပါ့ဂ်လီအို၏ ဖော်ပြချက်အရဖြစ်စေ၊ ထူးဆန်းသော စွမ်းအားအရဖြစ်စေ ၎င်းသည် ငွေသေတ္တာ ဖြစ်ရပေလိမ့်မည်။
ချန်လွေ့သည် ခုနက အလောင်းအောက်လမ်းပညာရှင်၏ တုံ့ပြန်မှုကို မှတ်မိသွားပြီး ထောင်ခြောက်ထဲ ကျသွားကြောင်း သဘောပေါက်လိုက်သည်။သူအမြန်စဉ်းစားပြီးနောက် မသက်မသာနှင့် အင်အားဆုံးရှုံးသွားဟန်ဆောင်လိုက်သည်။သူ ရေကန်ထဲ ကျသွားပြီးနောက် လက်ထဲမှ ငွေသေတ္တာလည်း ပိတ်သွားကာ ရေထဲကျသွား၏။
စွမ်းအင်ရေစင်ထဲသို့ သေတ္တာကျသွားပြီးနောက် မတည်မငြိမ်မှုများ ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ချန်လွေ့နှင့်အခြားသူများ အားအင်ကုန်ခမ်းပြီး လဲကျသွားသည်ကို ကြည့်ရင်း ဂူရာဒန်၏ အငွေ့မည်းထဲမှ ထိန်းမရသောရယ်သံတစ်သံ ထွက်လာတော့သည်။
“ အရူးကောင်။မင်း တကယ်ကြီး ငွေသေတ္တာကို ဖွင့်ခဲ့တာပဲ။ ”
အလောင်းအောက်လမ်းပညာရှင်သည် ခဏကြာမျှ ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ကြက်သီးထနေသော ဒိုဒိုကိုကြည့်ရင်း ဂူရာဒန် ခေါင်းညိတ်သည်။
“ ပြောပြမယ်။ဒီငွေသေတ္တာက အသက်စွမ်းအားကိုလည်း ဝါးမျိုနိုင်တယ်။ တော်ဝင်မိသားစုအပေါ်မှာလည်း ပြင်းထန်တဲ့ ဖိနှိပ်မှုရှိတယ်။၂နာရီအတွင်း မင်းတို့ရဲ့ခွန်အားတွေ၊စွမ်းရည်တွေက ကြီးကြီးမားမား လျော့ကျနေမှာပဲ။ဒါပေမဲ့ ကံမကောင်းတာက ငါက မသေမျိုးအဖြစ် ပြောင်းလဲသွားတာပဲ။အဲဒါကြောင့် ငါ့အပေါ် သက်ရောက်မှုက သိပ်ပြီး မကြီးမားတော့ဘူး။ ”
ချန်လွေ့ ကြိုးစားရုန်းကန်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ ဒီတော့ ခင်ဗျားက ကျုပ်ကို တမင်ဖွင့်အောင် မျှားခဲ့တာပေါ့။ခင်ဗျား ကျိန်ဆိုထားတာကို မေ့သွားပြီလား။ ”
“ ဘဝနဲ့ခန္ဓာကိုယ်ကိုတောင် စွန့်ခွာခဲ့တဲ့ အလောင်းအောက်လမ်းပညာရှင်တစ်ယောက် အနေနဲ့ ငါကဘာလို့ ငါ့ရဲ့နာမည်အစနဲ့အဆုံးကို ဂရုစိုက်ရမှာလဲ။ ”
အလောင်းအောက်လမ်းပညာရှင် သရော်ပြုံး ပြုံးလိုက်သည်။
“ ကျိန်ဆိုထားတာကို ချိုးဖျက်တဲ့ လျော်ကြေးအနေနဲ့ မင်းမသေခင် ငါတစ်ခုပြောပြမယ်။ ”
လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ကျော်ခန့်က ဂူရာဒန်သည် စွမ်းအင်ရေစင်ရှိသော ဤလိုဏ်ဂူကို ရှာတွေ့ခဲ့ပြီး ပိုင်ရှင်ကို သတ်ပစ်ကာ လျို့ဝှက်လေ့ကျင့်ရေးနေရာအဖြစ် အသုံးပြုခဲ့သည်။သိပ်မကြာမီတွင် ပို၍ကြမ်းတမ်းသော ပိုင်ရှင်တစ်ယောက် ရောက်လာသည်။၎င်းမှာ အလွန်အစွမ်းထက်သော နဂါးတစ်ကောင်ပင် ဖြစ်သည်။အမြဲပင် မာနကြီးနေခဲ့သော ဂူရာဒန်သည် သူ၏အရှေ့၌ ပြန်တိုက်ခိုက်ရန် လုံးဝအခွင့်အရေး မရှိခဲ့ဘဲ အသတ်ခံလိုက်ရသည်။ကံကောင်းစွာပင် ဂူရာဒန်သည် အမှောင်မှော်ပညာနှင့် အောက်လမ်းပညာ၌ ကျွမ်းကျင်သည်။အရေးကြီး အခိုက်အတန့်၌ သူသည် ဝိညာဉ်ပြောင်း လျို့ဝှက်ပညာကို အသုံးပြုခဲ့ပြီး ဝိညာဉ်ကို စွမ်းအင်ရေစင်ထဲ၌ ဝှက်ထားခဲ့သည်။ ထိုလျို့ဝှက်နည်းလမ်းသည် သက်တမ်း တစ်စိတ်တစ်ပိုင်းကို ပေးဆပ်ရသည်။ထို့ပြင် အချိန်အကန့်အသတ်လည်း ရှိသည်။အချိန်အတော်ကြာသွားလျှင် စွမ်းအင်ရေစင်၌ အထူးသက်ရောက်မှု ရှိသည့်တိုင် သူ၏ဝိညာဉ် ပျောက်ကွယ်သွားမည်ဖြစ်သည်။
ကံကောင်းစွာပင် ကြောက်စရာနဂါးသည် အလျင်လိုနေပုံရပြီး သူ၏ခန္ဓာကိုယ်ကို လုံးဝဖျက်ဆီးရန် မတွေးခဲ့ပေ။နဂါးသည် သူ့ကို ထောင့်တစ်နေရာ၌ ကန်ထုတ်ထားခဲ့သည်။သွားရည်ယိုစရာ ရတနာများ ချန်ထားပြီးနောက် ထိုနဂါး အမောတကော ထွက်သွားခဲ့သည်။( အဓိကထောင်ခြောက်များမှာ အပေါ်ထပ်နှင့်တောအုပ်ထဲ၌ အဓိက ခင်းကျင်းထားခြင်း ဖြစ်သည်။ )
ထိုအချိန်မှသာ သေချင်ယောင်ဆောင်နေသည့် ဂူရာဒန် ပြန်ထွက်လာပြီး လျို့ဝှက်ပညာဖြင့် ကံကောင်းစွာပင် ပြန်လည်ရှင်သန်ခဲ့သည်။ရတနာသိုက် တောင်ပုံရာပုံကို မြင်ပြီးနောက် ဂူရာဒန် အလွန် စိတ်လှုပ်ရှားသွားသည်။သို့သော်လည်း ထိုနေရာသည် နဂါး၏ အထူးစွမ်းအားဖြင့် ချိပ်ပိတ်ခြင်းကို ခံလိုက်ရသည့်အတွက် ဂူရာဒန်သည် ထွက်ပေါက်ကို ရှာမတွေ့တော့ပေ။
ဂူရာဒန် စိတ်ပျက်လက်ပျက် ဖြစ်သွားပြီးနောက် ဒေါသထွက်သွားပြန်သည်။ စွမ်းအင်ရေစင်သည် စွမ်းအင်နှင့်မှော်ပညာကို ပြန်ပြည့်စေနိုင်သော်လည်း စားစရာအဖြစ် စား၍မရပေ။သူသည် မှော်ပညာ ကျွမ်းကျင်သော်လည်း ကြာကြာ ခံနိုင်မည် မဟုတ်ပေ။ဂူရာဒန်၏မျက်လုံးများသည် စွမ်းအင်ရေစင်ထဲ၌ နဂါးထားခဲ့သော ငွေသေတ္တာထံသို့ ရောက်ရှိသွားသည်။ထိုနဂါး၏ သတိထားမှုကိုကြည့်လျှင် ၎င်းသည် အဖိုးတန်ရတနာတစ်ခု ဖြစ်နိုင်ပေမည်။လွတ်မြောက်ရန် နည်းလမ်းကိုပင် သူရှာတွေ့ချင် တွေ့နိုင်လောက်သည်။
ငွေသေတ္တာကို ဂူရာဒန် ဖွင့်လိုက်သည့်အခါ သေတ္တာထဲမှ ထူးဆန်းပြီးကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။၎င်းသည် သူ့ကို မလှုပ်ရှားနိုင်စေရုံသာမက သူ၏ အသက်စွမ်းအား အားလုံးကိုလည်း စုပ်ယူနေသည်။
ဂူရာဒန်၏သက်တမ်းသည် မူလကတည်းက နည်းပါးနေခဲ့သည်။ လျို့ဝှက်ပညာအသုံးပြုခြင်းနှင့် ပေါင်းလိုက်သည့်အခါ သူသည် နေရာတွင်ပင် သေလုမတတ်ဖြစ်သွားပြီး လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားသည်။ထိုငွေသေတ္တာကို ပိတ်ပြီးနောက် နေ့တစ်ဝက်နေပြီးမှသာ သူပြန်သက်သာ သွားခဲ့သည်။
ဂူရာဒန်၌ ရွေးစရာမရှိတော့ဘဲ အရဲစွန့်ကာ အလောင်းအောက်လမ်းပညာရှင် လမ်းကြောင်းကို ရွေးချယ်ခဲ့ရသည်။ကြီးမားသောအန္တရာယ်တစ်ခုကို ဖြတ်ကျော်ပြီးနောက် သူသည် မသေမျိုး မကောင်းဆိုးရွားအဖြစ် အောင်အောင်မြင်မြင် အသွင်ပြောင်းနိုင်ခဲ့သည်။အလောင်းအောက်လမ်းပညာရှင် ဖြစ်လာပြီးနောက် ဂူရာဒန်သည် စားစရာနဲ့သက်တမ်းကို စိုးရိမ်စရာမလိုတော့ပေ။ထို့ကြောင့်သူသည် ဤနေရာမှ မည်ကဲ့သို့ ထွက်သွားရမည်ကို စတင်စဉ်းစားတော့သည်။
နှစ်ပေါင်း၂၀၀၀ကျော်အောင် သူသည် အဆက်မပြတ် လေ့လာနေခဲ့ပြီး နည်းအမျိုးမျိုးဖြင့် သုတေသနပြုကာ ငွေသေတ္တာကိုပင် စမ်းသပ်ပြီး အရဲစွန့်ခဲ့သည်။ငွေသေတ္တာသည် အသက်ကို ဝါးမျိုနိုင်ရုံသာမက ကြောက်မက်ဖွယ်ရာ ဖျက်ဆီးမှု စွမ်းအားကိုလည်း ထုတ်လွှတ်သည်။ထိုဖျက်ဆီးမှု စွမ်းအားကြောင့် ဂူရာဒန်၏ မသေမျိုးခန္ဓာကိုယ် ပျက်စီးသွားခဲ့ကာ သန့်စင်သော စိတ်ဝိညာဉ်ခန္ဓာကိုယ်သာ ကျန်ရစ်ခဲ့သည်။သေတ္တာငယ် အတွင်းပိုင်းသည် ပို၍ပင် ကြောက်စရာကောင်းလှသည်။ထိုအတွင်းထဲ၌ မည်သည့် အရာရှိသည်ကို ဂူရာဒန် ယခုအချိန်အထိ မသေချာသေးပေ။
နောက်ဆုံး၌ ဂူရာဒန်သည် ကံကောင်းပြီး မြေပေါ်၌ စိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းကို စိတ်ပုံရိပ်အသွင်ဖြင့် အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့သည်။ထိုစိတ်ပုံရိပ်နှင့် ခန္ဓာကိုယ်အစစ်အမှန်သည် ဖြည့်ဖက်ဖြစ်သည့်အတွက် ဝေးကွာ၍မရပေ။ ကံမကောင်းစွာပင် ထိုစိတ်ပုံရိပ်သည် အပြင်ဘက်မှနေ၍ ထွက်ပေါက်ကို မဖွင့်နိုင်ပေ။ထို့ကြောင့် သူ အခြားအကြံတစ်ခုကို ပြောလိုက်သည်။၎င်းမှာ စိတ်ပုံရိပ်ကူးပြောင်းခြင်းပင် ဖြစ်သည်။
ထိုစိတ်ပုံရိပ်သည် သက်ရှိဝိညာဉ် လုံလုံလောက်လောက်ကို စုပ်ယူပြီး ခန္ဓာကိုယ်အစစ်အမှန် အဖြစ် ကူးပြောင်းခြင်းကို ပြီးစီးရန်သာ လိုအပ်သည်။ထိုအချိန်၌ မြေအောက် ရတနာသိုက်ခန်းမ ထဲရှိ ခန္ဓာကိုယ်သည် စွန့်ပစ်၍ရသော စိတ်ပုံရိပ် ဖြစ်သွားမည် ဖြစ်သည်။
မြောက်မြားလှစွာသော အလောင်းများကို စတေးပြီးနောက် ဂူရာဒန်သည် တဖြည်းဖြည်းနှင့် နဂါးထောင်ခြောက်များ၌ စည်းမျဉ်းအချို့ကို သဘောပေါက်လာသည်။စိတ်ပုံရိပ်၌ အတော်အတန် စွမ်းအားရှိလာသည့်အခါ သူသည် ရတနာမုဆိုးများကို မျှားရန်အတွက် မှော်ပိုင်နက်တစ်ခု ခင်းကျင်းခဲ့သည်။
လမ်းတစ်လျှောက်၌ ချန်လွေ့ တွေ့ခဲ့သော အပင်များ၏ ထူးဆန်းမှုများသည် ထိုပိုင်နက်၏ လွှမ်းမိုးမှုကြောင့်ပင် ဖြစ်သည်။ချန်လွေ့တို့အဖွဲ့ကို မျှားခေါ်ရန် အလောင်းရုပ်သေး ဟာ့ထ် အသုံးပြုခဲ့သော ရွှေသလင်းကျောက်သည် ယခင် ရတနာမုဆိုးထံမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။
ပါ့ဂ်လီအို၏ နဂါးထွင်းစာ စွမ်းအားများမှာလည်း ပေါ့သေးသေး မဟုတ်ပေ။ သုံးနှစ်ကြာတိုင်း ငွေသေတ္တာစွမ်းအား တစ်ပိုင်းတစ်စ ရောနှောနေသော ဂူရာဒန် စုဆောင်းထားသည့် ပိုင်နက်-အတုသည် ထွင်းစာများ၏ သက်ရောက်မှုကို အတိုင်းအတာ တစ်ခုအထိ အားနည်းသွားစေသည်။
ဤသို့ဖြင့် ဂူရာဒန်သည် နဂါးထွင်းစာများကို ဖိနှိပ်ပြီး အလောင်းရုပ်သေးကို အသုံးပြုကာ ရတနာမုဆိုးများကို မျှားခေါ်ခဲ့သည်။ထို့နောက် သူသည် သေသူများ၏ဝိညာဉ်ကို စုပ်ယူပြီး စိတ်ပုံရိပ်ကို တိုးမြှင့်သည်။အလောင်းရုပ်သေး၏ ထိန်းချုပ်မှု အကန့်အသတ်နှင့် အသံတိတ်ညစိမ့်မြေ၏ ခေါင်သောနေရာ ဖြစ်နေခြင်းကြောင့် သူသည် စိတ်ပုံရိပ်ကူးပြောင်းရန် ဝိညာဉ် လုံလုံလောက်လောက် မစုဆောင်းနိုင်ခဲ့ပေ။ခန်းမထဲ၌ ဝိညာဉ်၆ခုကိုသာ လိုသည်ဟု သူပြောခဲ့ခြင်းမှာ အလိမ်အညာသာ ဖြစ်သည်။ရည်ရွယ်ချက်မှာ ထိုနည်းလမ်းကို အသုံးပြုပြီး အချင်ချင်း သတ်ဖြတ်စေရန် ဖြစ်သည်။ထိုစဉ် သူသည် အလွန်တကူ အကျိုးအမြတ် ရနိုင်ပေမည်။
ချန်လွေ့သည် အဆောင်ပစ္စည်းဖြင့် ဂူရာဒန် ၃နှစ်ကြာ စုဆောင်းထားသော ပိုင်နက်စွမ်းအားကို ဝါးမျိုခဲ့သည်။သူသည် ထောင်ခြောက်ထဲ မကျရောက်သွားခဲ့ဘဲ ဂူရာဒန်၏ စိတ်ပုံရိပ်ကို ဖျက်ဆီးခဲ့သည်။ဂူရာဒန်၏ နှစ်ပေါင်း၂၀၀၀ကျော် ကြိုးစားအားထုတ်မှုများ သဲထဲရေသွန် ဖြစ်သွားခဲ့ခြင်းကြောင့် နှလုံးသားထဲရှိ အမုန်းတရားမှာ မကုန်ခမ်းနိုင်တော့ပေ။
သို့သော်လည်း အဖြစ်အပျက်များမှာ မမျှော်လင့်ထားသည်များပင် ဖြစ်သည်။ထိုသူသည် နဂါး၏ ချိပ်ပိတ်ကို ချိုးဖျက်နိုင်ခဲ့ပြီး ရတနာသိုက် တံခါးပေါက်ကို ဖွင့်နိုင်ခဲ့သည်။၎င်းသည် ဂူရာဒန် ကြိုးစားနေခဲ့သည့် အသက်လမ်းကြောင်းကို ဖွင့်ပေးခြင်းနှင့် တူညီပေသည်။သူသည် နှစ်၂၀၀၀ကျော် ပိတ်မိနေခဲ့သော ဤနေရာ၌ လွတ်မြောက်နိုင်ရုံသာက ထိုရတနာများကိုလည်း ယူသွားနိုင်ပြီ ဖြစ်သည်။
မမျှော်လင့်ဘဲနှင့် ထိုရန်သူ“ဂလော်ဖင်း”၌ ပိုင်နက်စွမ်းအား ရှိနေသည်။သူသည် ဂူရာဒန်၏ ဝိညာဉ် အမြုတေကို ဝါးမျိုလုနီးပါး ဖြစ်ခဲ့သည်။ဂူရာဒန်က အပေါ်ယံ၌ ယာယီ ကတိပေးခဲ့သော်လည်း စိတ်ထဲ၌ ထိုသူများကို မည်သို့သတ်ပြီး ရတနာများကို လုယက်ရန်သာ စဉ်းစားနေခဲ့သည်။ရတနာများသာမက ထိုငွေသေတ္တာလည်း ပါသည်။ငွေသေတ္တာမှ ဖျက်ဆီးမှုအငွေ့အသက်သည် လျို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ် ကောင်းရုံသာမက တော်ဝင်မိသားစုများကို ချုပ်တည်းနိုင်သည်။ထိုပဟေဠိကို သူနားလည်သွားသည်နှင့် နတ်ဆိုးဘုံရှိ တော်ဝင်မိသားစုအားလုံးသည် သူ၏ ခြေထောက်အောက်၌ ခစားရမည် ဖြစ်သည်။
ဤသို့ဖြင့် “ ဂလော်ဖင်း ” ထောင်ခြောက်ထဲ ရောက်ရှိသွားခဲ့သည်။ငွေသေတ္တာကို ဂလော်ဖင်း ဖွင့်လိုက်သည့်အခါ အောင်နိုင်မှုသော့ချက်သည် ဂူရာဒန်လက်ထဲသို့ ရောက်ရှိလာခဲ့ပြန်သည်။
ဂူရာဒန်၏စကားများကို နားထောင်ပြီးနောက် ချန်လွေ့ အံကြိတ်ကာ ပြောသည်။
“ ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့။ကျုပ်မှာ ပိုင်နက်စွမ်းအားရှိတယ်။ခင်ဗျားရဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ် ဝါးမျိုခြင်းနည်းလမ်းက ကျုပ်ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ”
ဂူရာဒန် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
“ မမေ့နဲ့ဦး။စွမ်းအင်ရေစင်က မေးရဲ့ခြေထောက်အောက်မှာပဲ။ရေစင်ရဲ့စွမ်းအားနဲ့ဆိုဂင် ငါ့ရဲ့စွမ်းအားနဲ့စိတ်ဝိညာဉ် အမြန် ပြန်ပြည့်လာမှာ။ငါ့ရဲ့မှော်ပညာတွေ ပြန်ပြည့်ဖို့အတွက် ၂နာရီဆို လုံလောက်ပြီ။ငါ မှော်ပညာ အသုံးပြုနိုင်တာနဲ့ မင်းလိုမျိုး ငပျော့လေးကို သတ်ပစ်တာက အလွယ်လေးပါ။ ”
စိတ်ဝိညာဉ်သည် ကျည်ဆန်နှင့်တူညီပြီး မှော်စွမ်းအားသည် သေနတ်နှင့်တူသည်။ သေနတ်မရှိလျှင် ကျည်ဆန်သည် လူများကို ပစ်ပေါက်ရန်သာ အသုံးပြု၍ရသည်။ ဂူရာဒန်၏ အကွက်မှာ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို အသုံးပြု၍ အသားကို ဝါးမျိုရန် ဖြစ်သည်။သူ မှော်စွမ်းအား ပြန်ပြည့်သည်နှင့် ထိုသုံးယောက်ကို အသေသတ်ရန် နည်းလမ်း အမြောက်အမြား ရှိနေသည်။
စွမ်းအင်ရေစင်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အမြန်လျော့ကျလာသည့်အခါ ဂူရာဒန်၏ရယ်သံ ရုတ်ချည်း ရပ်ဆိုင်းသွားလေသည်။
“ စွမ်းအင်ရေစင်..... ”
ဂူရာဒန် အော်ဟစ်လိုက်သည်။နှစ်ပေါင်း ၂၀၀၀ကျော်အောင် စွမ်းအင်ရေစင်သည် တစ်ခါမျှ မခမ်းခြောက်သွားခဲ့ပေ။ဂူရာဒန်၏ မျက်လုံးသည် ချန်လွေ့၏ လက်ထဲမှထွက်လာသော မြူနှင်းယဲ့ယဲ့လေးဆီသို့ ရောက်ရှိသွားသည်။
စက္ကန့်ပိုင်းမျှ အာရုံလွင့်သွားပြီးနောက် စွမ်းအင်ရေစင်သည် အစအနမကျန်ဘဲ ပျောက်ကွယ်သွားသည်။ဂူရာဒန်၏ မှော်ပညာ ပြန်ပြည့်လာခြင်းသည်လည်း ရုတ်တရက် နှေးကွေးသွားသည်။
ထို့နောက် ဂူရာဒန်၏ မယုံနိုင်သည့်မျက်လုံးထဲ၌ မြူနှင်းစုစည်းခဲ့သော ချန်လွေ့သည် စွမ်းအားဖြည့်တင်းလာပြီး မတ်တပ်ရပ်လိုက်သည်။ချန်လွေ့သည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ဒေလီယာနှင့် ရိုမန်တို့လည်း ကြက်သေသေသွားကြသည်။ ဒိုဒိုတစ်ယောက်တည်းသာ ပျော်ရွှင်သွားပြီး ချန်လွေ့၏ပုခုံးပေါ် ခုန်တက်လိုက်သည်။
“ ပုံပြင်ထဲကအတိုင်း မြင်းဖြူစီးလာတဲ့သူက မင်းသား ဟုတ်ချင်မှဟုတ်မယ်။ ထန်စန့်ကျန်းလည်း ဖြစ်နိုင်တာပဲ။ ”
ချန်လွေ့ အသာအယာ ပြုံးလိုက်သည်။
“ ကျုပ်အနေနဲ့ ပြောရရင်တော့ မျက်နှာဖုံးနဲ့လူက ဘယ်ဇီဘတ် တော်ဝင်မိသားစုဝင် ဟုတ်ချင်မှဟုတ်မယ်ပေါ့။ခင်ဗျားရဲ့လှည့်ကွက် ကျရှုံးသွားပြီ။ဂူရာဒန်။ ”