မမျှော်လင့်ထားသော
Vol. 15 Ch. 224
“ မဖြစ်နိုင်ဘူး။မင်းက ဘယ်ဇီဘတ် တော်ဝင်မိသားစုဝင်ဆိုတာ သေချာတယ်။ ”
ဂူရာဒန်၏မျက်လုံးထဲရှိ အနီရောင် အလင်းများသည် သိသိသာသာ တုန်ခါနေ၏။
“ မဟုတ်ရင် မင်းက ဘယ်လိုလုပ်ပြီး နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကို သုံးနိုင်မှာလဲ။ ”
“ မျက်နှာဖုံးနဲ့လူက ဘယ်ဇီဘတ် တော်ဝင်မိသားစုဝင် ဟုတ်ချင်မှဟုတ်မယ် ဆိုသလိုပဲ ဝါးမျိုနိုင်တဲ့ စွမ်းရည်ရှိတဲ့ လျို့ဝှက်ဆန်းကြယ် မျက်နှာဖုံးတစ်ခုက နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ဖြစ်ချင်မှဖြစ်မှာ။ ”
ချန်လွေ့သည် ဂူရာဒန် ပို၍စိတ်ရှုပ်စေရန်အတွက် အဆောင်ပစ္စည်းအား ဖုံးကွယ်ပြီး ပဟေဠိဆန်ဆန် ပြောခဲ့ခြင်း ဖြစ်သည်။
ဂူရာဒန် ကမူးရှူးထိုး ပြောသည်။
“ စွမ်းအင်ရေစင်ကို မင်း ဘာလုပ်လိုက်တာလဲ။ ”
“ ကျုပ်ရေဆာလို့ အကုန်သောက်လိုက်တာ။ရှင်းရှင်းလေးပါပဲ။ ”
ချန်လွေ့က ဂူရာဒန်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။
“ ခင်ဗျားကိုယ်ခင်ဗျား စိတ်ပူနေသင့်တာ။ ”
ဂူရာဒန် သရော်ပြုံးပြုံးလိုက်သည်။
“ မင်းက ငွေသေတ္တာရဲ့စွမ်းအား သက်ရောက်မှု မခံရတော့ ဘာဖြစ်လဲ။မင်းရဲ့ လက်ရှိခွန်အားနဲ့ဆို ငါ့ကို လုံးဝထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ”
ချန်လွေ့က ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။
“ အလောင်းအောက်လမ်းပညာရှင်က ဝိညာဉ်အမြုတေကို ထည့်စရာတစ်ခုခုမှာ ဝှက်ထားတယ်လို့ ကြားဖူးတယ်။ဝိညာဉ်အမြုတေ အဖျက်ဆီးမခံရသေးသရွေ့ အသက်ပြန်ရှင်နိုင်တယ်။ကျုပ် အဲဒီထည့်စရာကို ရှာပြီးတော့ ပိုင်နက်စွမ်အားကိုသုံးပြီး ဝိညာဉ်အမြုတေကို ဝါးမျိုလိုက်ရင် ခင်ဗျား အသက်ရှင်နိုင်မှာလား။ခင်ဗျား ဒီက မထွက်သွားနိုင်ဘူး မဟုတ်လား။ဒါဆိုတော့ ထည့်စရာက ဒီရတနာတွေကြားမှာပဲဆိုတာ သေချာတယ်။ ”
ဂူရာဒန် တိတ်တဆိတ် တုန်လှုပ်သွားပြီး သရော်ပြုံးပြုံးလိုက်သည်။
“ ဒါကိုသိတော့ မင်းဘာလုပ်နိုင်လဲ ဒီမှာ ရတနာတွေ အများကြီးရှိတာ။ငါဘယ်မှာ ဝှက်ထားလဲဆိုတာ မင်းဘယ်လို သိမှာလဲ။မင်း ရှာတွေ့တဲ့အချိန်ကျရင် ငါ့ရဲ့မှော်က မင်းကိုသတ်နိုင်လောက်တဲ့အထိ ပြန်ပြည့်နေလောက်ပြီ။အခု ငါတို့ အချင်းချင်း ဘာမှလုပ်လို့မရဘူး။မင်း ပါးနပ်တယ်ဆိုရင် မင်းရဲ့အဖော်တွေကိုခေါ်ပြီးတော့ ဒီကနေ ချက်ချင်း ထွက်သွားတော့။မဟုတ်လို့ကတော့.... ”
“ ခင်ဗျားပြောတာ မှားနေတယ်။ခင်ဗျား ဘယ်မှာ ဝှက်ထားလဲဆိုတာ ကျုပ်သိစရာမလိုဘူး။ အားလုံးကို ယူလိုက်ရုံပဲလေ။ ”
ချန်လွေ့ လက်ဝှေ့ရမ်းလိုက်ရာ ရေကန်အောက်ခြေမှ ပစ္စည်းအချို့ ရုတ်တရက် ပျောက်ကွယ်သွားသည်။ထို့နောက် ချန်လွေ့သည် ထိုသေတ္တာများဆီ လမ်းလျှောက်သွားပြီး လက်ဝှေ့ရမ်းလိုက်ပြန်သည်။သေတ္တာများ တစ်လုံးပြီးတစ်လုံး ပျောက်ကွယ်သွား၏။ထို့နောက် ချက်ချင်းပင် ကျောက်မျက်တောင်ကြီးများ ပျောက်ကွယ်သွားပြန်သည်။နောက်ဆုံး၌ ဂူရာဒန် သည်းမခံနိုင်တော့ပေ။ ဒီကောင်က လေဟာနယ်ကိရိယာကိုတောင် မသုံးနေဘူး။သူသုံးနေတာက ပျောက်ဆုံးသွားတဲ့ လေဟာနယ်မှော်ပညာပဲ။ပိုပြီးကြောက်စရာကောင်းတာက ဒီမှော်ပညာရဲ့ လေဟာနယ်က အဆုံးမရှိတဲ့ပုံပဲ။
ဂူရာဒန်ဟအငွေ့မည်းသည် လေကဲ့သို့ပင် ရတနာတောင်တစ်ခုအောက်သို့ အမြန်ပျံဝဲသွားပြီး ပုလင်းတစ်လုံးကို ကောက်ယူခဲ့သည်။ထိုအချိန်၌ ချန်လွေ့လည်း အမှီလိုက်လာသည်။သူ လက်ဝှေ့ရမ်းလိုက်ရာ ရတနာတောင်ကြီး အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
ခဏကြာပြီးနောက် ရတနာသိုက်တစ်ခုလုံး ပြောင်သလင်းခါသွားတော့သည်။ အလောင်းအောက်လမ်းပညာရှင်၏လက်ထဲရှိ ပုလင်းမှလွဲ၍ ဘာမျှမရှိတော့ပေ။အတော်လေး သေသပ်လှ၏။
ကွက်လပ်ဖြစ်နေသော ခန်းမကိုကြည့်ရင်း အားနည်းနေသော ရိုမန်နှင့်ဒေလီယာတို့ အံ့အားသင့်သွားပြန်သည်။သူတို့သည် အချင်းချင်းကြည့်ပြီး ခါးသက်သက်သာ ပြုံးနိုင်တော့သည်။
“ ငါ့ရတနာတွေ ”
ဂူရာဒန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။သူ၏ခြေထောက်အောက်မှ အငွေ့မည်း ဆန့်တန်းလိုက်ပြီး ချန်လွေ့ကို ရစ်ပတ်တော့သည်။
“ ခွေးကောင်။ငါမင်းကို အမျက်အဖြစ် ပြောင်းပြီး ဝိညာဉ်မီးနဲ့ တစ်သက်လုံး နှိပ်စက်ပစ်မယ်။ ”
ဂူရာဒန် ပြင်းပြင်းထန်ထန် အော်ဟစ်သော်လည်း စိတ်ဝိညာဉ်ခန္ဓာကိုယ်သုံးကာ မတိုက်ခိုက်ရဲပေ။ဂလော်ဖင်း၏ပိုင်နက်မှ တိုင်းတာ၍မရသော ကြောက်စရာ ဝါးမျိုခြင်းစွမ်းအားကို သူထပ်ပြီး မခံစားချင်ပေ။ ပိုင်နက်ကိုကြည့်မယ်ဆိုရင် သူ့ရဲ့တကယ့်စွမ်းအားက နတ်ဆိုးအရှင်သခင် ဖြစ်နိုင်တယ်။အကြောင်းတစ်ခုခုကြောင့် သူ့ရဲ့စွမ်းအား ချိပ်ပိတ်ခံထားရတာမဟုတ်ရင် ငါသူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ပြီးတော့ ငါ့အတွက် လက်စားချေဖို့ အခွင့်အရေးကလည်း နည်းပါးလွန်းတယ်။
“ ငါမင်းကို မသတ်နိုင်ပေမဲ့ မင်းရဲ့အဖော်တွေကို သတ်ပြီးတော့ မှော်အစွမ်း ပြန်ပြည့်တဲ့အထိ မင်းနောက်ကို လိုက်နေလို့ရတယ်။ငါ.... ”
ထူးဆန်းသောအရည်တစ်ခု လောင်းချခံလိုက်ရသည့်အခါ ဂူရာဒန် အော်ဟစ်လိုက်သည်။မူလက သူသည် အငွေ့မည့် စိတ်ဝိညာဉ်ခန္ဓာကိုယ်သာ ဖြစ်သည်။သို့သော်လည်း ထိုအရည်၌ စိတ်ဝိညာဉ်ခန္ဓာကိုယ်ပင် ခံစားနိုင်သော ထူးဆန်းသည့် အငွေ့အသက်တစ်ခု ရှိသည်။၎င်းသည် အလွန်အစွမ်းထက်လှသော ဇီဝအငွေ့အသက် ဖြစ်သည်။၎င်းတွင် ပြန်လည်ရှင်သန်ခြင်းနှင့် ချမ်းသာဝပြောမှုများ ပြည့်နှက်နေသည်။၎င်းသည် သာမန်လူများအတွက် ကောင်းသည်မှာ သေချာသည်။သို့သော်လည်း မသေမျိုးတစ်ယောက်အတွက် ၎င်းသည် ကြောက်စရာအကောင်းဆုံး အဆိပ်ပင် ဖြစ်လေသည်။
ဂူရာဒန်သည် လောကကြီးတုန်ခါသွားလောက်အောင် အော်ဟစ်လိုက်သည်။ သူ၏လက်ထဲရှိ ဖီလက္ထရီလည်း ထိုအရည်များ ဖုံးလွှမ်းနေပြီး ပူလောင်နေ၏။၎င်းသည် သူ၏လက်ကို လောင်ကျွမ်းသွားပြီး မတော်တဆ လွှတ်ချမိမတတ် ဖြစ်သွားသည်။ ထိုထည့်စရာသည် ဂူရာဒန်၏အသက်နှင့် ဆက်နွှယ်နေသည့်အတွက် ထိုပုလင်းကို အငွေ့မည်းဖြင့် ဂူရာဒန် အသည်းအသန် ဆုပ်ကိုင်ထားသည်။ ရေခဲဖြင့်ပြုလုပ်ထားသောလက်ဖြင့် ပူလောင်နေသော သံလုံးကြီးကို ကိုင်နေရသကဲ့သို့ပင် ဖြစ်နေသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် ဂူရာဒန်၏ ခန္ဓာကိုယ်ပေါ်မှ အငွေ့မည်းများ ပါးလာပြီး မျက်လုံးထဲရှိ အနီရောင်လည်း အလွန်မှိန်လာသည်။သူသည် အကြီးအကျယ် ဒဏ်ရာ ရသွားပုံရသည်။
“ ဂလော်ဖင်း ” မှာ ဒီလိုမျိုး အနှိုင်းမဲ့တိုက်ကွက် တကယ်ကြီး ရှိနေတာပဲ။ဒါက ဘယ်လိုအရည်မျိုးလဲ။ကြောက်စရာကောင်းလိုက်တာ။ ဂူရာဒန် ဆက်မနေရဲတော့ပေ။ သူသည် ပူလောင်နေသော ဖီလက္ထရီအား အသည်းအသန် ကောက်ယူရင်း တံခါးမှအမြန်ထွက်သွားလိုက်သည်။
“ ဂလော်ဖင်း ဘယ်ဇီဘတ်။ငါမင်းကို ဘယ်တော့မှ အလွတ်မပေးဘူး။ငါ မင်းရဲ့ဝိညာဉ်ကို အရက်စက်ဆုံး ကျိန်စာတိုက်ပစ်မယ်။ ”
အလောင်းအောက်လမ်းပညာရှင်၏အော်သံသည် ထွက်ပြေးရာလမ်းတစ်လျှောက်၌ ပဲ့တင်ထပ်သွားခဲ့သည်။
ချန်လွေ့သည် လက်ထဲရှိ ဆေးပုလင်းအလွတ်ကို ကြည့်ရင်း နောင်တရစွာဖြင့် ခေါင်းခါလိုက်သည်။ အရှိန်အဝါ ဆယ်သိန်း ကုန်သွားပြီ။
သို့သော်လည်း အဆင့်အမြင့်ဆုံးဖြစ်သော မဟာဆရာသခင်အဆင့် ပြန်လည်ရှင်သန်ခြင်း ဆေးရည်ကို မသေမျိုးတစ်ယောက်ထံသို့ ပက်ခြင်းသည် ကလေးတစ်ယောက်အား ဆာလဖျူရစ်အက်စစ်ဖြင့် ပက်ခြင်းကဲ့သို့ပင်ဖြစ်သည်။၎င်းမှာ အလွန်ပင် ရက်စက်လှသည်။
အလောင်းအောက်လမ်းပညာရှင်အပေါ် ပြန်လည်ရှင်သန်ခြင်းဆေးရည်၏ ထိခိုက်မှု ပြင်းထန်သော်လည်း ဂူရာဒန် မှော်အစွမ်းပြန်ပြည့်လာလျှင် မိမိကိုသတ်မသတ် ချန်လွေ့ သေချာမသိပေ။ထို့ကြောင့် သူတို့သည် ဤနေရာ၌ ကြာကြာမနေသင့်တော့ပေ။ လိုချင်သည်များလည်း ရပြီးပြီ ဖြစ်သည့်အတွက် ချက်ချင်းထွက်သွားခြင်းသည် ပိုကောင်းပေသည်။
ချန်လွေ့သည် ရိုမန်ဘက်သို့လာပြီး ဆွဲထူပေးလိုက်သည်။ဒိုဒိုလည်း ခန္ဓာကိုယ်ကို ဆွဲဆန့်ပြီး ဒေလီယာအား ဆွဲထူပေးသည်။
“ ငါမင်းကို ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး။ ”
ရိုမန်က ခါးသက်သက်နှင့် ပြုံးလိုက်သည်။
“ ကြည့်ရတာ ငါက နောက်လိုက် ဖြစ်ဖို့တောင် မထိုက်တန်တဲ့ပုံပဲ။မင်းပဲ တွင်းဖြည့်နေတာ။ ”
ချန်လွေ့ စကားမပြောခင်မှာပင် ဒေလီယာ ပြောသည်။
“ ရှင်က လူသားလား ဒါမှမဟုတ် ဘယ်ဇီဘတ် တော်ဝင်မိသားစုဝင်လား။ရှင်က ဂလော်ဖင်းလား ဒါမှမဟုတ် ရစ်ချတ်လား။ ”
“ ငါက လူသားပါ။နာမည်အရင်းက ချန်လွေ့။ ”
ချန်လွေ့က မျက်စိနောက်စရာကောင်းအောင် ပြန်ဖြေလိုက်သည်။သူသည် ကုလုံရေးသော စာအုပ်ထားထဲမှ ယဲ့ခိုင်ကဲ့သို့ ခံစားလိုက်ရသည်။
“ သနားစရာ ဂလော်ဖင်းကိုတော့ ဂူရာဒန် ကြိုက်သလို ဆဲပါစေ။ ”
“ ချန်လွေ့.... ”
ဒေလီယာက ချန်လွေ့အား တည်တည်တံ့တံ့ဖြင့် ကြည့်လိုက်သည်။
“ ကျွန်မ ရှင့်ကို ဘာလို့ သေသေချာချာ မေးလဲဆိုတာ သိလား။ ”
ရိုမန်သာ ထိုကဲ့သို့ မေးမည်ဆိုလျှင် ချန်လွေ့ နောက်ပြောင်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့အမူအရာမျိုးလုပ်မည်ဆိုပါက ၎င်းသည် နောက်ပြောင်ခြင်း မဟုတ်ဘဲ ပရောပရည်လုပ်ခြင်း ဖြစ်သွားပေလိမ့်မည်။ထို့ကြောင့် ချန်လွေ့သည် အမှန်အတိုင်းခေါင်းခါလိုက်သည်။
ဒေလီယာ၏မျက်လုံးထဲ၌ နွေးထွေးမှု အရိပ်အယောင်တစ်ခု ရှိနေသည်။
“ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အဖွဲ့ခေါင်းဆောင်နာမည်အမှန်ကို သိချင်ရုံပါ။ ”
ချန်လွေ့ ပြုံးလိုက်သည်။ဤ အသံတိတ်ညစိမ့်မြေ ခရီး၌ ရရှိခဲ့မှုများမှာ အလွန်ပင် ကြီးမားပြီး ရတနာများသာ မဟုတ်ပေ။
ထိုငွေသေတ္တာသည် အလွန်ထူးဆန်းလှသည်။၎င်းသည် ယခင်က နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ကဲ့သို့ပင် ဖြစ်သည်။သိုလှောင်ခန်းထဲ၌ သိုလှောင်၍ မရပေ။ချန်လွေ့သည် ၎င်းကို ဒိုဒိုနေခဲ့သော ကျောပိုးအိတ်ထဲ၌ ထုတ်ပိုးကာ သိမ်းထားရသည်။ဒေလီယာ၏ “ ကြေးမုံဝိုင်း ” လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။၎င်းကို လေဟာနယ် ကိရိယာထဲ၌ သိမ်းထား၍မရပေ။ထို့ကြောင့် အိတ်တစ်လုံးထဲ၌သာ သိမ်းထားရသည်။
ချန်လွေ့တို့အဖွဲ့သည် ရတနာခန်းမမှ ထွက်ပြီး အပေါ်ထပ်သို့ လှေကားထစ် များမှတစ်ဆင့် တက်သွားသည်။လမ်းတစ်လျှောက်၌ ချန်လွေ့သည် နဂါးထွင်းစာ အကြောင်း သိထားသမျှကို အသုံးချပြီး ထောင်ခြောက်များကို ရှောင်တိမ်းခဲ့သည်။[ စမှတ်သို့ပြန် ] ၏ လုပ်ဆောင်ချက်ဖြင့် သူတို့သုံးယောက်သည် ပထမထပ်သို့ အမြန်ပြန်လည်ရောက်ရှိသွားသည်။မြေအောက်လိုဏ်ဂူ၏ ပထမထပ်မှ လမ်းလျှောက်ထွက်လာပြီးနောက် သူတို့၏ မျက်လုံးရှေ့၌ ရင်းနှီးပြီးသားတောအုပ်ကို မြင်လိုက်ကြရသည်။
နောက်ဆုံး၌ သူတို့သည် အန္တရာယ်များကို ကြိုးပမ်းအားထုတ်၍ ရှောင်ရှားပြီးနောက် တောအုပ်အဝင်ဝဆီသို့ လမ်းလျှောက်သွားသည်။
ဒေလီယာနှင့် ရိုမန်တို့သည် ငွေသေတ္တာ၏ လွှမ်းမိုးမှုအောက်မှ ဖြည်းဖြည်းချင်း ပြန်ကောင်းလာသည်။သို့သော်လည်း လက်ရှိ၌ ချန်လွေ့တို့သုံးယောက်နှင့် ဒိုဒိုတို့သည် ဒဏ်ရာများရနေပြီး မောပန်းနေကြသည်။
ဒေလီယာ ရုတ်တရက် နိုးကြားသွားသည်။သူ၏ခန္ဓာကိုယ် ရပ်တန့်လိုက်ပြီး ချန်လွေ့နှင့် ရိုမန်တို့ရှေ့၌ ကာထားလိုက်သည်။ထိုအချိန်၌ သူတို့ဆီသို့ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ရောက်ရှိလာသည်။ထိုစွမ်းအားသည် ခန်းမထဲရှိ ဂူရာဒန်၏ မှော်ပိုင်နက်ထက် ပို၍အစွမ်းထက်သည်။တည့်တည့် ထိမည်ဆိုလျှင် ရိုမန်မပြောနှင့်။[ အသစ်ပြန်ဖြစ်ခြင်း ] နှင့် [ နက္ခတ်သဏ္ဍာန် ] ဝိသေသ လက္ခဏာများရှိသော ချန်လွေ့သည်ပင် အပိုင်းပိုင်း ဖြစ်သွားလောက်ပေမည်။
“ ဘုန်း ”
ထိုကြောက်မက်ဖွယ်ရာစွမ်းအားသည် ပစ္စည်းတစ်ခုကို ရိုက်ခတ်မိသွားသည်။၎င်းမှာ ဒေလီယာရခဲ့သော ကြေးမုံဝိုင်းပင် ဖြစ်သည်။သူ မည်သည့် နည်းလမ်းသုံးလိုက်သည်မသိ။ ထို ကြေးမုံသည် ဒိုင်းကာဝိုင်း အသေးလေးတစ်ခုအဖြစ် ပြောင်းလဲသွားကို ထိုတိုက်ခိုက်မှုကို အမှန်တကယ် ခုခံနိုင်ခဲ့သည်။သို့သော်လည်း ထိုစွမ်းအားသည် ပြင်းထန်လွန်းလှသည်။၎င်းကို ခုခံရန်အတွက် ဒေလီယာသည် ဒိုင်းကာကို အသုံးချခဲ့သော်လည်း မတ်မတ် မရပ်နိုင်သေးပေ။ဒေလီယာ နောက်သို့ ခြေသုံးလေးလှမ်း ဆုတ်ခွာသွားရပြီး သွေးအန်ကာ ဇာမျက်နှာလွှားကို အနီရောင်လွှမ်းသွားစေသည်။
“ ဘယ်သူလဲ။ ”
ရိုမန်သည် ဒေလီယာကို ဖက်ထားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ သွားရအောင်.... ”
ဒေလီယာ ပြင်းထန်သောဒဏ်ရာကို လျစ်လျူရှုထားလိုက်သည်။
“ အဲဒါ ဘရော့ခ်.... ”
ချန်လွေ့နှင့် ရိုမန်တို့ ထိတ်လန့်သွားကြသည်။ ဘရော့ခ်တဲ့လား။
ဒီလိုအရေးကြီးတဲ့အချိန်မှာမှ ဘရော့ခ် ထွက်လာတယ်။ဒါက တကယ့်ကို [ ကြမ္မာဆိုး ] ပဲ။
အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်လာသည်။ရှေ့ဘက်ရှိ မြူနှင်းများမှ ယောက်ျားတစ်ယောက်၏ပုံရိပ် ဖြည်းဖြည်းချင်း ကြည်လင်လာသည်။အနက်ရောင် စွမ်းအားသည် မြေပြင်တစ်လျှောက် ဧရာမလက်ကြီးကဲ့သို့ ပျံ့နှံ့သွားပြီး ထိုသူ၏နေရာမှစ၍ မြေကြီး နက်မှောင်သွား၏။
ချန်လွေ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ဒေလီယာနှင့် ရိုမန်တို့ကို သူ၏အနောက်ရှိ ထွင်းစာတစ်ခုကို ဆွဲခေါ်လိုက်သည်။သူတို့ ထွက်ပြေးရန်ပြင်လိုက်စဉ် နောက်ဘက်မှ မြေကြီးများ အလျက်အမြန် ထိုးထွက်လာပြီး သူတို့သုံးယောက်ကို ဝိုင်းရံလိုက်သည်။ခြေထောက်များ အလွန်လေးလံလာသည်ဟု သူတို့ခံစားလိုက်ရသည်။၎င်းသည် မြေဆွဲအားသာမဟုတ်ဘဲ ချန်လွေ့နှင့်အခြားသူများအား မလှုပ်ရှားစေနိုင်သော ထူးဆန်းသည့် စွမ်းအားတစ်မျိုး ဖြစ်သည်။
ထိုစွမ်းအားသည် ယခင်ပိုင်နက်စွမ်းအားထက် ပို၍ပင်အစွမ်းထက်ကြောင်း ချန်လွေ့ ခံစားရသည်။
ထိုသူသည် အရပ်မြင့်ပြီး ခန့်ညားသည်။ငွေချပ်ကာဝတ်ဆင်ထားပြီး အပြာရောင်ဆံပင်ရှည်နှင့် အဖြူရောင် ဝတ်ရုံတို့မှာ လေထဲလွင့်မျောနေ၏။သူသည် အလွန်ကြမ်းတမ်းပုံပေါ်သည်။သို့သော် အနီးကပ်ကြည့်သည့်အခါ သူ၏မျက်နှာ၌ ကျောက်ပေါက်မာကဲ့သို့ အစက်အပြောက်များ ထူထူထဲထဲ ရှိနေသည်။
ချန်လွေ့နှင့် ဘရော့ခ်တို့၏ “ပတ်သက်မှု”မှာ အတော်လေး“ရင်းနှီး”ပြီး သူနှင့်ခရစ္စတီးနားတို့၏ ရင်းနှီးမှုမှာ ထိုနေရာမှ စတင်ခြင်းဖြစ်သည်။ခရစ္စတီးနား၏ အချိန်ကိုက် ပေါ်ထွက်လာခြင်းနှင့် နိဗ္ဗာန်သွေး အသုံးပြုခဲ့ခြင့်ကြောင့်သာမဟုတ်လျှင် ချန်လွေ့သည် ထိုရက်စက်သောလူ၏လက်ထဲ၌ သေသွားခဲ့လေပြီ။ဘရော့ခ်သည်လည်း မိမိ၏ အစွန်းထွက်ဆုံးသော [ နတ်မိစ္ဆာမျက်လုံး ] ကို တန်ပြန်တိုက်ခိုက်ခဲ့ပြီး မိမိကို အဆိပ်ဖြင့် ဒဏ်ရာ အပြင်းအထန်ရစေခဲ့သော ပုရွက်ဆိတ်ကို သေသေချာချာ မှတ်မိသည်။
ဘရော့ခ်၏ အပြာရောင်မျက်လုံးများသည် [ နတ်မိစ္ဆာမျက်လုံး ] အနက်ရောင်ဖြစ်နေပြီး ၎င်းမှာ မြေပေါ်ရှိ အနက်ရောင်ပိုင်နက် အရင်းအမြစ် ဖြစ်သည်။ သတ်ဖြတ်ချင်စိတ်များ ပြည့်နေသော ထိုမျက်လုံးများသည် ရှေးဦးစွာ ချန်လွေ့ကို ကြည့်လိုက်သည်။ မမြင်နိုင်သော ဖိအားသည် ချန်လွေ့အား ဖားတစ်ကောင်ကို အဆိပ်ပြင်းမြွေတစ်ကောင် စိုက်ကြည့်နေသည့်ခံစားချက်မျိုး ပေးနေသည်။ချန်လွေ့သည် အလျင်အမြန်ပင် စိတ်တည်ငြိမ်ခြင်း ဖော်မြူလာကို တိတ်တဆိတ် သုံးကာ စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီး အကြောက်တရားကို ဖိနှိပ်လိုက်သည်။
“ မင်းရဲ့အစ်ကိုကို လေးစားရမှာ မဟုတ်လား။ဒေလီယာ။ ”
ဘရော့ခ်၏ မျက်လုံးများသည် ချန်လွေ့ဆီသို့ ခဏရောက်သွားပြီးနောက် ရိုမန်ကို ဖြတ်သွားကာ ဒေလီယာ၏လက်ထဲရှိ ဒိုင်းကာဝိုင်းပေါ်သို့ အာရုံစိုက်လိုက်သည်။သူ စိတ်လှုပ်ရှားသွား၏။
“ တိုက်ခိုက်မှု တစ်စိတ်တစ်ပိုင်း တန်ပြန်ခံလိုက်ရတာ ဒါကြောင့်ကိုး။မင်းက ထင်ယောင်မှားဒိုင်းကာကို မင်းရသွားပြီပဲ။ဒီတော့ မင်းငါ့ သခင်ဖြစ်တဲ့ငါ့ရဲ့ [ ဝိညာဉ်လက်ထိပ် ] ကို ဖယ်ရှားဖို့ စဉ်းစားပြီးလောက်ပြီပေါ့။ ”
နောက်ဘက်မှ “ သခင် ” ဟူသော စကားလုံးကို ကြားပြီးနောက် ရိုမန်နှင့်ချန်လွေ့တို့ တစ်ပြိုင်နက်တည်း ဒေါသထွက်သွားကြသည်။ ဒီ ဘရော့ခ်က သူ့ရဲ့ညီမကိုတောင် ကျွန်ပြုဖို့အတွက် [ ဝိညာဉ်လက်ထိပ် ] သုံးခဲ့တယ်။ပြီးတော့ ရိုမန်ရဲ့အဖေကလည်း ဘရော့ခ်ရဲ့လက်ထဲမှာ သေသွားခဲ့တယ်။ရန်ကြွေးအသစ်ရော၊အဟောင်းရော ရှိတယ်။
“ ရှင်တို့နှစ်ယောက် အရင်ထွက်သွားကြ။ ”
ဘရော့ခ်ကို ဒေလီယာ လျစ်လျူရှုထားလိုက်သည်။
“ တစ်မိနစ်။ရှင်တို့ ဒီမှာပဲ ရှိနေသေးရင် ကျွန်မကိုယ်ကျွန်မ သတ်သေပစ်မယ်။ ”
“ ရင်ထဲထိလိုက်တာ။ညီမလေး ဒေလီယာ။မင်းက ယောက်ျားတွေကို အမုန်းဆုံး မဟုတ်လား။မပြည့်ဝတဲ့ ဘယ်ဖီဂေါ တစ်ယောက်အပြင် ပုရွက်ဆိတ် တစ်ကောင်နဲ့ မင်းဘာလို့ တွဲနေရတာလဲ။ ”
“ ဘရော့ခ်။ခင်ဗျားရဲ့မျက်နှာက ဘာဖြစ်လို့ အဖုအထစ်တွေ ဖြစ်နေတာလဲ။အဆိပ်မိတာ ပြန်မကောင်းသေးဘူးလား။ ”
ချန်လွေ့က ရုတ်တရက် စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။သို့သော်လည်း ဘရော့ခ်၏မျက်နှာ ပြောင်းလဲသွား၏။