← Chapters

ခွေးကိုလက်ထပ်ရင် ခွေးနောက်ကိုလိုက်ရတယ်

Vol. 10 Ch. 127

ခွေးကိုလက်ထပ်ရင် ခွေးနောက်ကိုလိုက်ရတယ်

Vol. 10 Ch. 127

“ယောက်ျား အကုန်လုံး ယွင်ကျင်း အသုံးမကျတဲ့ အပြစ်တွေပါ။ ယောက်ျားကို မကူညီနိုင်တဲ့အပြင် ဆွဲချနေမိတယ်”

စူးယွင်ကျင်းမှ မိမိကိုယ်ကိုယ် ပြစ်တင်ပြောဆိုသည်။

သူမသည် ချန်ကျဲ့၏အားနည်းချက်ဖြစ်‌လာကြောင်းကို သူမ နားလည်ပါ၏။ အကယ်၍ ချောင်ကုန်သည်အဖွဲ့မှ ချန်ကျဲ့ကို ပစ်မှတ်ထားလာခဲ့ပါက သူမသည် ချန်ကျဲ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာလိမ့်မည်။

ထို့ပြင် ချောင်ကုန်သည်အဖွဲ့သည် အမှန်တကယ်ပင် အရှိန်အဝါကြီးမား၏။ ရှန်းထောင်မြို့တွင် ယွီပင်း၏ ‌မကောင်းသတင်းကျော်ဇောမှုမှာ ငိုနေသည့်ကလေးကိုပင် အငိုတိတ်စေနိုင်သည်။ စူးယွင်ကျင်းသည် ‌ယောက်ျားဖြစ်သူ၏ ဖိအားကို နားလည်ပါ၏။

ချန်ကျဲ့သည်လည်း ဇနီးဖြစ်သူ၏ ခံစားချက်ကို နားလည်ပါသည်။

“ယွင်ကျင်း အရာအားလုံးကို မင်းကြောင့်ချည်းပဲလို့ မတွေးပါနဲ့။ သာမန်ဘဝနဲ့ မနေထိုင်ချင်တာက ကိုယ်ပါ။ အဲဒါကြောင့်ပဲ ကိုယ်က ပြဿနာတွေအများကြီးထဲ ဝင်ပါနေမိတာ။ ကိုယ်တို့‌ တစ်ယောက်ယောက်ကို ဝန်ပိစေတယ်လို့ ပြောရမယ်ဆိုရင် ကိုယ်ကသာ မင်းကို ဝန်ပိစေတာ ဖြစ်လိမ့်မှာပါ”

“ဒီအသက်အရွယ်မှာ မင်းက ကိုယ်တို့ရဲ့ကလေးတွေကို သင်ကြားပေးနေသင့်တာ၊ ဟိုဟိုသည်သည် ပုန်းရှောင်နေရတဲ့ ဘဝမျိုးနဲ့ နေသင့်တာ မဟုတ်ဘူး…”

“အဲဒီလိုမဟုတ်ပါဘူး၊ ယောက်ျား ကျွန်မ ဆန္ဒရှိလို့ပါ။ ‘ကြက်ကိုလက်ထပ်ရင် ကြက်နောက်လိုက်ရတယ်၊ ခွေးကိုလက်ထပ်ရင် ခွေးနောက်လိုက်ရတယ်'တဲ့။ ရှင် ကျွန်မကို ယူဆောင်လာပေးတဲ့ ကြီးပွားချမ်းသာတဲ့ဘဝကို ကျွန်မ ပျော်မွေ့ခဲ့မှတော့ ဝန်ထုပ်ဝန်ပိုးတွေကို ကျွန်မလည်း ဝေမျှယူသင့်တာပါပဲ။ ကျွန်မရဲ့နှလုံးသားက ဆန္ဒရှိပေမဲ့ ကျွန်မရဲ့အင်အားက အားနည်းလွန်းလို့ ရှင့်ကို ဘာမှ အကူအညီမဖြစ်ပေးနိုင်တာကိုပဲ မုန်းတီးမိတာပါ”

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ကိုယ်တို့ အိပ်ရာမဝင်ခင်မှာ မင်းကိုယ့်ကို ကူညီပေးတယ် မဟုတ်ဘူးလား”

ချန်ကျဲ့ စနောက်လိုက်သည်။

စူးယွင်ကျင်း၏မျက်နှာမှာ ရုတ်ချည်း ရှက်သွေးဖြာသွား၏။

“အဲဒီလိုစကားတွေ မပြောစမ်းပါနဲ့… ကျွန်မ ပြောနေတာက သခင်ကြီးယွီနဲ့ ရင်ဆိုင်ဖို့ကိစ္စကိုလေ၊ မဟုတ်ဘူး ယွီပင်း”

“အဲဒီယွီပင်းက အရမ်းအင်အားကြီးတယ်မဟုတ်လား”

စူးယွင်ကျင်းသည် ချန်ကျဲ့၏နောက်ကျောကို မှီထားလျက် စိုးရိမ်ပူပန်စွာ မေးမြန်းသည်။

ချန်ကျဲ့ နောက်ပြန်လှည့်လိုက်ပြီး ဇနီးဖြစ်သူ၏ပခုံးနှစ်ဖက်ကို လက်ဖြင့်ဆုပ်ကိုင်လိုက်သည်။

“ဇနီးလေး ကိုယ့်ကိုယုံကြည်ပါ၊ ကိုယ် ကိုင်တွယ်နိုင်ပါတယ်”

ချန်ကျဲ့၏အကြည့်များသည် သူမကို နှစ်သိမ့်မှုဖြစ်စေသည်။ သူမ ညင်သာစွာ‌ ခေါင်းညိတ်လိုက်၏။

ချန်ကျဲ့ သူမကို နောက်တစ်ကြိမ် နမ်းလိုက်သည်။

“ယောကျာ်း လေ့ကျင့်ဖို့ သွားတော့မယ်နော်”

စူးယွင်ကျင်း ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

ချန်ကျဲ့ တံခါးနား‌သို့ ရောက်သောအခါ စူးယွင်ကျင်းမှ ပြောလာသည်။

“ယောက်ျား”

“ဟင်”

ချန်ကျဲ့ နောက်လှည့်ကြည့်လိုက်သည်။ စူးယွင်ကျင်းမှ ခိုင်မာပြတ်သားစွာဖြင့် ပြောသည်။

“ယောက်ျား တစ်နေ့နေ့ကျ ရှင့်ရဲ့ရန်သူတွေ ကျွန်မကို ဒါမှမဟုတ် ရွေ့ရွေ့ကို ဖမ်းသွားခဲ့ရင် ရှင် ကျွန်မတို့အတွက် မစိုးရိမ်ဘူးလို့ ကျွန်မကို ကတိပေးပါ။ ရှင်ကတော့ တခြားအရာတွေအားလုံးထက် ရှင့်ရဲ့ဘဝကို ဦးစားပေးရမယ်”

“ငတုံးမလေး ဘာလို့ အဲဒီလိုပရမ်းပတာအတွေးတွေ လျှောက်တွေးနေရတာလဲ”

ချန်ကျဲ့သည် ကြောင်အစွာဖြင့် ထိုနေရာတွင် ရပ်နေမိလျက် ကြင်နာယုယစွာဖြင့် ပြန်ပြောလိုက်သည်။

“ကျွန်မ ပရမ်းပတာအတွေးတွေ တွေးနေတာ မဟုတ်ပါဘူး၊ ယောက်ျား ရှင် ကျွန်မကို ကတိပေးပါ…”

စူးယွင်ကျင်းသည် ချန်ကျဲ့၏မျက်လုံးများထဲမှ တိကျပြတ်သားသည့်အဖြေကို ရှာဖွေနေခဲ့သည်။

ချန်ကျဲ့ ပြုံးလိုက်ပြီး သူမကို စိတ်‌ချသက်သာစေသည်။

“မင်း တကယ်ကို စိုးရိမ်ဖို့မလိုပါဘူး။ မင်းယောက်ျား ကိုယ်ရှိနေသ၍ အဲဒီလိုနေ့မျိုး ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး။ အိပ်တော့နော်”

ချန်ကျဲ့ အပြုံးဖြင့် ထွက်ခွာလာခဲ့ပြီး တံခါးပိတ်လိုက်သည်။ ထို့နောက် လက်သီးတင်းတင်းဆုပ်လျက် တံခါးကိုမှီလိုက်သည်။

သူ၏မျက်နှာအမူအရာမှာ ဖော်ပြရန်ခက်ခဲသည့် အမူအရာတစ်မျိုး ထင်ဟပ်နေခဲ့သည်။

ငါအခုထိ လုံလုံလောက်လောက် မသန်မာသေးဘူး။ ငါဒီထက်ပိုပြီး သန်မာလာမှ ငါ့မိသားစုကို ကာကွယ်ပေးနိုင်မှာ။ ယွင်ကျင်းပြောတာမှန်တယ်။ တကယ်ပဲ တစ်နေ့နေ့မှာ တစ်ယောက်ယောက်က သူတို့ကို ဖမ်းသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။

ပိုသန်မာလာပြီး ဘယ်သူမှ ငါ့ကို မိသားစုနဲ့ မခြိမ်းခြောက်ရဲတဲ့အထိ အရမ်းအရှိန်အဝါကြီးမားတဲ့သူတစ်ယောက် ဖြစ်လာဖို့လိုအပ်တယ်!

ချန်ကျဲ့ လက်သီးတင်းတင်းဆုပ်လိုက်ပြီး သိုင်းလေ့ကျင့်ရန်အတွက် ခြံဝင်းထဲသို့ ထွက်လာခဲ့သည်။ လက်သီးထိုးချက်များ၊ လက်ဝါးရိုက်ချက်များကို လေ့ကျင့်ပြီး ကြွက်သားများ၊ အရိုးများကို သန်မာလာစေသည်။

ထိုစဉ် အိမ်ထဲ၌ စူးယွင်ကျင်းသည် အိပ်ရာမှထကာ ပြတင်းပေါက်ဖွင့်ကာ ချန်ကျဲ့ သိုင်းလေ့ကျင့်ခြင်းအား ကြည့်၍ သက်ပြင်းချနေခဲ့သည်။

သူ၏ခင်ပွန်းသည် ရွေးချယ်ထားသော လမ်းကြောင်းသည် သူမကို သူ၏အားနည်းချက် ဖြစ်လာစေနိုင်‌သည်။ စူးယွင်ကျင်းသည် မိမိမှာ ခင်ပွန်းဖြစ်သူ၏ ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်လိုသကဲ့သို့ သူမအတွက် အနစ်နာခံရ‌ခြင်းမျိုးလည်း မဖြစ်စေလိုပါ။

ငါဘာလုပ်ရမလဲ၊ ငါဘာလုပ်ရမလဲ။

စူးယွင်ကျင်းမှာ တွေးတောနေရင်းဖြင့် သူမ၏အကြည့်များမှာ ပြတ်သားခိုင်မာလာခဲ့သည်။

ခင်ပွန်းဖြစ်သူ၏ ဝန်ထုပ်ဝန်ပိုးဖြစ်ရခြင်းမှ ရှောင်ကြဉ်ရန်အတွက် သူမအတွက် ပြင်ပမှ ကာကွယ်မှုအပေါ် မှီခိုမနေဘဲ မိမိကိုယ်တိုင် သန်မာသူတစ်ဦး ဖြစ်လာရပေမည်။

စူးယွင်ကျင်းသည် သူမလည်း သိုင်းပညာသင်ယူရမည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။

အလွန်တရာ အင်အားကြီးမားသူတစ်ဦးဖြစ်လာရန် မလိုအပ်ပေ။ သို့သော် အနည်းဆုံးတော့ မိမိကိုယ်ကိုယ်ကာကွယ်နိုင်ပြီး ခင်ပွန်းသည်အား အနှောင့်အယှက်မဖြစ်စေသည်အထိမျှ တတ်မြောက်ရန်လိုအပ်သည်။

ဒါပေမဲ့ ငါက သိုင်းပညာအကြောင်း ဘာမှမသိဘူးလေ။ ယောက်ျားကို သင်ပေးဖို့ ပြောလိုက်ရမလား။

မဖြစ်သေးဘူး။ ငါသူ့ကို အခုအချိန်မှာ အာရုံများစေလို့ မဖြစ်ဘူး။

နေပါဦး၊ သူငါ့ကို တစ်ခုခု သင်ပေးခဲ့ဖူးပါတယ်။

ဟုတ်တယ်၊ အသက်ရှူနည်း သင်ပေးဖူးတယ်။ ချန်မိသားစုရဲ့ ချွေးမတွေပဲ သင်ပေးတယ်ဆိုတဲ့ဟာ။

စူးယွင်ကျင်းသည် ၎င်းကို ရံဖန်ရံခါ လေ့ကျင့်တတ်ပြီး သူမ၏ သက်လုံစွမ်းအင်နှင့် ကျန်းမာရေးတို့ကို များစွာတိုးတက်ကောင်းမွန်စေကြောင်း သိရှိခဲ့ရသည်။

အဲဒါများလား၊ အဲဒါလည်း သိုင်းပညာပုံစံတစ်မျိုး ဖြစ်နေမလား။

စူးယွင်ကျင်း၏မျက်လုံးများ တောက်ပသွားခဲ့သည်။

ဟုတ်တယ်၊ ငါ ဒီအသက်ရှူလေ့ကျင့်ခန်းကို ကျွမ်းကျင်တတ်မြောက်တဲ့အထိ လေ့ကျင့်ပြီး ဒုတိယမြောက် သဘာဝအလျောက် အသက်ရှူနည်းဖြစ်အောင် လေ့ကျင့်ရမယ်။

စူးယွင်ကျင်း အံကိုတင်းတင်းကြိတ်၍ စိတ်ဆုံးဖြတ်လိုက်သည်။

သူမသည် ထက်မြက်ပြီး ဖိစီးမှုဒဏ်ခံနိုင်သော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ တစ်ချိန်က စာလေ့လာရာတွင် သူမ၏ဖခင်ကို စိတ်ပျက်စေခဲ့ဖူးသည်။ ထိုအချိန်က သူမသည် နှစ်ရက်၊နှစ်ည နိုးကြားနေခဲ့ပြီး ကျမ်းစာတစ်ဝက်ကို နားလည်မှတ်သားနိုင်ခဲ့သည်။

ထို့နောက် သူမ၏ဖခင် သတ်မှတ်ပေးသည့် အရာမှန်သမျှကို မည်သည့်အရာပင်ဖြစ်စေ မှတ်သားနိုင်ခဲ့သည်။

နောက်ဆုံး၌ သူမသည် ဖခင်၏စာဖတ်ခန်းထဲရှိ စာအုပ်အားလုံးကို အလွတ်ရွတ်နိုင်ခဲ့သည်။ သူမ၏ဖခင်သည် အကယ်၍ တော်ဝင်စာမေးပွဲများတွင် အမျိုးသမီးများဖြေဆိုခွင့်ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါက သူမသည် ပထမဆုံးသော အမျိုးသမီးစာပေပညာရှင်တစ်ယောက်ဖြစ်လိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။

၎င်းသည် စူးယွင်ကျင်းမှာ မည်မျှ စိတ်ဓာတ်မာကြောသည့် အမျိုးသမီးဖြစ်ကြောင်း ပြသနေပေသည်။

ယခု၌ စူးယွင်ကျင်း ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။ သူမသည် ထိုအသက်ရှူနည်းလမ်းအား သက်သောင့်သက်သာဖြစ်သည့် သဘာဝနည်းလမ်းတစ်ခုအဖြစ် ပြောင်းလဲရန် ရည်ရွယ်ထားလိုက်သည်။

ထိုအတွေးဖြင့် စူးယွင်ကျင်းသည် တိတ်တဆိတ် စတင်လေ့ကျင့်တော့သည်။

ချန်ကျဲ့သည် အပြင်ဘက်၌ သိုင်းပညာလေ့ကျင့်နေကာ အတွင်းဘက်၌ ယန်ချွမ်ကျင့်စဉ်ကို လေ့ကျင့်နေခဲ့ပြီး အတွင်း၊အပြင်ကျင့်စဉ်တို့အား ပေါင်းစည်းနေခဲ့သည်။

အိမ်ထဲ၌ သူ၏ဇနီးသည် စကြဝဠာ၏စွမ်းအင်နှင့် ပေါင်းစည်း၍ အသက်ရှူနည်းလမ်းအား အောင်မြင်စွာကျင့်ကြံ‌နိုင်ရေးကို ရည်မှန်းချက်ထား‌၍ လေ့ကျင့်နေသည်။ ထိုကျင့်စဉ်၏ ရည်ရွယ်ချက်အပြည့်အဝကို မသိသော်ငြား သူမ၏ကျင့်ကြံမှုကို မနှောင့်နှေးစေပေ။

သို့ဖြင့် အိမ်အပြင်ဘက်နှင့် အတွင်းဘက်၌ လူနှစ်ဦးသည် ကိုယ်စီ စိတ်အားထက်သန်စွာဖြင့် ကြိုးစားနေကြသည်။

ထိုစဉ် ပိုင်မိသားစုသည်လည်း အပြင်ဘက်မှ ချန်ကျဲ့၏သိုင်းလေ့ကျင့်သံများ၏ နှိုးဆော်ခံလိုက်ရသည်။

သမားတော်ပိုင်သည် ပြတင်းပေါက်ကိုဖွင့်၍ ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် အသိအမှတ်ပြုလေးစားမှုများ ထင်ဟပ်နေ၏။ ထို့နောက် သစ်သားပြတင်းပေါက်ကို ပြန်ပိတ်လိုက်တော့သည်။

သခင်မပိုင်သည် ဝူကျုံးကို လှောင်ရယ်ဟန်ဖြင့် ပြော၏။

“ကျိုစစ်က ညသန်းခေါင်ကြီးမှာ ကြိုးကြိုးစားစားလေ့ကျင့်နေတာ။ ရှင်သာ အရင်တုန်းက အဲဒီလိုလုံ့လဝီရိယရှိခဲ့ရင် ဒီလောက်ဆိုးဆိုးရွားရွား အရိုက်ခံခဲ့ရမှာ မဟုတ်ဘူး”

ဝူကျုံး ရယ်မောလိုက်သည်။

“အရင်တုန်းက ငါ့ဘေးမှာ အလှလေးရှိနေတာလေ။ အဲဒါကို ဘယ်သူကများ ညဘက်ကြီး သိုင်းလေ့ကျင့်နိုင်မှာတဲ့လဲ။ နွေဦးည‌‌တစ်ညက ရွေစသောင်းချီ တန်ဖိုးရှိတယ်ဆိုတာကို လူငယ်တွေက မသိကြဘူးရယ်”

“ရှင်က‌ေတာ့ အမြဲ ဉာဏ်ထက်ပြီး အရိုက်ခံချင်နေတာပဲ!”

“အိုက်ယိုး ရင်ဘတ်နာလိုက်တာ”

“ရှင် အဆင်ပြေရဲ့လား”

“ဟား နောက်တာပါ…”

All Chapters